BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, August 1, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၂)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၁ ရက်၊ ၂၀၁၄၊ သောကြာနေ့၊ စာမျက်နှာ ၁၈)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၂)
အောင်ဒင်

#ထိတွေ့ဆက်ဆံမှုများ တိုးမြှင့်ခြင်း

တစ်ချိန်တုံးကတော့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ချမှတ်ရာမှာ ကွန်ဂရက်လွှတ်တော်က ဦးဆောင်ပြီး အမေရိကန်အစိုးရက ကွန်ဂရက်လွှတ်တော်က ပြဋ္ဌန်းတဲ့ စီးပွါးရေးပိတ်ဆို့မှုဥပဒေတွေကို အကောင်အထည်ဖော်ပေးခဲ့ရတာပါ။ ဒါကြောင့်မို့ အစိုးရနဲ့ လွှတ်တော်ကြား မြန်မာနိုင်ငံဆိုင်ရာမူဝါဒမှာ ကွဲပြားမှု မရှိခဲ့ပါ။ နောက်ပိုင်းမှာတော့ ရီပတ်ဘလီကန်ပါတီက လူများစုပါတီဖြစ်နေတဲ့ အမေရိကန် အောက်လွှတ်တော်နဲ့ ဒီမိုကရက်တစ်ပါတီသမ္မတကြား မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကွဲပြားမှုတွေ ဖြစ်လာပါတယ်။ 

ရီပတ်ဘလီကန်ပါတီဦးဆောင်တဲ့ အောက်လွှတ်တော်အမတ်များက မြန်မာနိုင်ငံရဲ့  ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ၊ စစ်တပ်ရဲ့  လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာအမြင့်ဆုံးအပ်နှင်းထားပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခွင့်မရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ စတာတွေကို ထောက်ပြပြီး မြန်မာနိုင်ငံရဲ့အခြေအနေဟာ ဒီမိုကရေစီစနစ်နဲ့ အလှမ်းဝေးနေဆဲမို့ သမ္မတအိုဘားမားအနေနဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒကို ပြန်လည်သုံးသပ်ဖို့၊ အကောင်းမြင်လွန်းတာတွေ လျှော့ချဖို့၊ ဖိအားပေးအရေးယူမှုတွေ ပြန်လုပ်ဖို့ တိုက်တွန်းလာကြပါတယ်။ အဲဒီလို ကွန်ဂရက်လွှတ်တော်နဲ့ သဘောထားကွဲပြားမှုများရှိနေပေမည့် သမ္မတအိုဘားမားက မြန်မာနိုင်ငံနဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒ (Engagement Policy) ကို လျှော့ချဖို့ မရှိပဲ ဆက်လက်တိုးမြှင့်နေပါတယ်။ သမ္မတအိုဘားမားအနေနဲ့ မြန်မာအာဏာပိုင်များကို ရန်သူအဖြစ်အသိအမှတ်ပြုပြီး ဖိအားပေးပြစ်တင်ခြင်းထက် မိတ်ဆွေအဖြစ်ဆက်ဆံပြီး အပြောင်းအလဲလုပ်ဖို့ စည်းရုံးတာက ပိုပြီးတော့ မျှော်လင့်တဲ့ရလဒ်ကို ရနိုင်တယ်လို့ ခံယူထားတာ ထင်ရှားပါတယ်။

သမ္မတအိုဘားမားရဲ့  ဒုတိယအကြိမ် သမ္မတသက်တမ်းအစ (၂၀၁၃-၂၀၁၄) ကာလအတွင်း အမေရိကန်အောက်လွှတ်တော် (House of Representatives) ကို ရီပတ်ဘလီကန်ပါတီက လူများစုပါတီအဖြစ်နဲ့ စိုးမိုးထားတာမို့ ကွန်ဂရက်လွှတ်တော်နဲ့ အိမ်ဖြူတော်ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်ခြင်းမရှိခဲ့ပါ။ (ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော်မှာ လူများစုပါတီဖြစ်ပါတယ်။) ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလမှာ ကျင်းပမည့် ရွေးကောက်ပွဲများက တစ်ဆင့် ရီပတ်ဘလီကန်ပါတီက အောက်လွှတ်တော်လူများစုပါတီအဖြစ် ဆက်လက်ထိန်းသိမ်းထားနိုင်မည့်အပြင် အထက်လွှတ်တော် (Senate) မှာပါ လူများစုဖြစ်လာပြီး လွှတ်တော်နှစ်ရပ်စလုံးကို ဦးဆောင်နိုင်တော့မည့် လက္ခဏာရှိနေတာမို့ သမ္မတအိုဘားမားရဲ့  သမ္မတသက်တမ်းနောက်ဆုံး နှစ်နှစ်ကာလ (၂၀၁၅-၂၀၁၆) ဟာဖြင့် ရီပါတ်ဘလီကန်ပါတီစိုးမိုးတဲ့ ကွန်ဂရက်လွှတ်တော်နဲ့ ဒီမိုကရက်တစ်ပါတီ သမ္မတကြား ဆက်ဆံရေးအဆိုးဝါးဆုံးနှစ်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့်လည်း သမ္မတအိုဘားမားက ဒီနှစ်ကစလို့ သူဆောင်ရွက်ချင်တဲ့ အရေးကိစ္စတွေကို ကွန်ဂရက်လွှတ်တော်ရဲ့  သဘောတူညီချက်မပါပဲ သူ့ရဲ့ သမ္မတအာဏာနဲ့ ဖြစ်အောင်ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့လည်း ကွန်ဂရက်လွှတ်တော်က ကန့်ကွက်နေတဲ့ကြားက ထိတွေ့ဆက်ဆံမှုတွေကို လျှော့မချတဲ့အပြင် ပိုပြီးတော့တောင် တိုးမြှင့်ဆက်ဆံဖို့ ဆုံးဖြတ်ထားပုံရပါတယ်။

#ကျန်ရှိနေသေးသော အရေးယူမှုများ

ဒီနေရာမှာ အမေရိကန်ပြည်ထောင်စုရဲ့ ကျန်ရှိနေသေးတဲ့  မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရှင်းပြချင်ပါတယ်။ အများကြီးတော့ မဟုတ်ပါ။ လေးခုတည်းဖြစ်ပါတယ်။

ပထမတစ်ခုက မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပါတယ်။ အမေရိကန်ပြည်ထောင်စုက မြန်မာ့တပ်မတော်ကို လက်နက်ရောင်းချခြင်း၊ စစ်သင်တန်းပေးခြင်း၊ စစ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ခြင်းတွေကို ပိတ်ပင်ထားပါတယ်။ အမေရိကန်ဘဏ်များ၊ ငွေကြေးအဖွဲ့အစည်းများဟာ မြန်မာ့တပ်မတော်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ စစ်တပ်က ၅၀ ရာခိုင်နှုံးနဲ့ အထက်ပိုင်ဆိုင်သော စီးပွါးရေးလုပ်ငန်းများနဲ့ ငွေရေးကြေးရေး ဆက်ဆံခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်မရှိပါ။ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်များဟာ မြန်မာ့တပ်မတော်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ စစ်တပ်က ၅၀ ရာခိုင်နှုံးနဲ့အထက်ပိုင်ဆိုင်တဲ့ ဘဏ်များ၊ စီးပွါးရေးလုပ်ငန်းများမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်ခွင့်မရှိပါ။ ဒီအရေးယူမှုဟာ မြန်မာနိုင်ငံက ပြည်သူ့စစ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များအပေါ်လည်း သက်ရောက်ပါတယ်။

ဒုတိယတစ်ခုက မြန်မာနိုင်ငံက စစ်တပ်နဲ့ ခရိုနီသူဋ္ဌေးကြီးများက အများစုချုပ်ကိုင်ထားတဲ့ သတ္တုတွင်းများနဲ့ပတ်သက်ပါတယ်။ မြန်မာနိုင်ငံက ကျောက်စိမ်း၊ ပတ္တမြားနဲ့ အဖိုးတန်ကျောက်မျက်ရတနာတွေကို ကျောက်ရိုင်းအနေနဲ့ဖြစ်စေ၊ အချောကိုင်မွမ်းမံထားပြီးဖြစ်စေ၊ လက်ဝတ်ရတနာအဖြစ်ပြုပြင်၍ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ တတိယနိုင်ငံတစ်ခုမှ တဆင့်ဖြစ်စေ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းခွင့်မပြုပါ။

တတိယကျန်နေသေးတာက မြန်မာနိုင်ငံကို အမေရိကန်ပြည်ထောင်စုရဲ့  ကုန်သွယ်ရေးအထူးအခွင့်အရေးပေးနိုင်ငံ (Generalized System of Preference) (GSP) အဆင့်က လျှော့ချထားခြင်းပဲ ဖြစ်ပါတယ်။ ဒီအရေးယူမှုကြောင့် အခုအချိန်မှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စုကို တင်ပို့ရောင်းချနိုင်ပြီဖြစ်ပေမည့် မြန်မာ့ပို့ကုန်တွေအပေါ်မှာ အမေရိကန်အကောက်ခွန်ဋ္ဌာနက ကုန်သွယ်မှုအထူးအခွင့်အရေးရနိုင်ငံများထက် အခွန်ပိုပြီးကောက်ခံပါတယ်။ ဒါ့ကြောင့် အမေရိကန်ဈေးကွက်မှာ မြန်မာနိုင်ငံက တင်ပို့တဲ့ ကုန်ပစ္စည်းများဟာ အထူးအခွင့်အရေးရနိုင်ငံများကတင်ပို့တဲ့ ကုန်ပစ္စည်းများထက် ဈေးပိုကြီးပြီး ထိထိရောက်ရောက် ယှဉ်ပြိုင်ရောင်းချနိုင်ခြင်း မရှိသေးပါ။ 

စတုတ္ထကျန်နေသေးတဲ့ အရေးယူမှုက ခရိုနီစီးပွါးရေးသမားများနဲ့ ၎င်းတို့ပိုင်ဆိုင်တဲ့ စီးပွါးရေးလုပ်ငန်းများနဲ့ ပတ်သက်ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့  ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနမှာ ပြည်ပပိုင်ဆိုင်မှုများထိန်းချုပ်ရေးဋ္ဌာန (Office of Foreign Assets Control) ဆိုတာ ရှိပါတယ်။ အိုဖက် (OFAC) လို့ အတိုကောက်ခေါ်ပြီး အမေရိကန်အစိုးရက  ပြည်ပနိုင်ငံများ၊ ပြည်ပနိုင်ငံသားများကို ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှု၊ အကြမ်းဖက်သမားများကို အားပေးကူညီမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေကြောင့် စီးပွါးရေး၊ ငွေရေးကြေးရေးပိတ်ဆို့ အရေးယူတာတွေကို တာဝန်ခံအကောင်အထည်ဖော်ရလို့ အင်မတန်ဩဇာကြီးပါတယ်။ 

အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံသားများ၊ ပြည်ပအဖွဲ့အစည်းများကို ပစ်မှတ်ထားအရေးယူရာမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးတို့က ပူးတွဲသဘောတူတင်ပြတဲ့ အရေးယူသင့်သူ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများကို "အထူးရည်ရွယ်သော ပိတ်ဆို့ဟန့်တားရမည့်ပုဂ္ဂိလ်များစာရင်း" (Specially Designated Nationals and Blocked Persons List) မှာ မှတ်တမ်းတင်ထားပါတယ်။ အဲဒီ နံမည်ပျက်စာရင်းကို SDN List လို့ အတိုကောက်ခေါ်ဝေါ်ပါတယ်။ ဥပဒေအရ အမေရိကန်နိုင်ငံသားများ၊ ဘဏ်များ၊ အဖွဲ့အစည်းများအားလုံးဟာ SDN စာရင်းမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များ၊ စီးပွါးရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများနဲ့ စီးပွါးရေး၊ ငွေရေးကြေးရေးဆက်ဆံခွင့်မရှိပါ။ ၎င်းစာရင်းဝင် ပုဂ္ဂိုလ်များက ၅၀ ရာခိုင်နှုံးနဲ့အထက်ပိုင်ဆိုင်တဲ့ လုပ်ငန်းများနဲ့လည်း (၎င်းလုပ်ငန်းများက SDN စာရင်းထဲမှာ မပါဝင်တောင်မှ) စီးပွါးရေး၊ ငွေရေးကြေးရေးဆက်ဆံခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်မရှိပါ။ ၎င်းစာရင်းဝင်များနဲ့ မိသားစုဝင်များကို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်မပေးပါ။ SDN စာရင်းမှာ ပါဝင်သူများရဲ့  ပိုင်ဆိုင်မှုများ၊ ငွေကြေးအပ်နှံမှုများ အမေရိကန်ပြည်ထောင်စုအတွင်းမှာ ရှိနေရင် အဲဒီပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေကို အမေရိကန်အစိုးရက ထိန်းချုပ်ထားပါတယ်။ အဲဒီ SDN စာရင်းမှာပါတဲ့ လူပုဂ္ဂိုလ်များ၊ လုပ်ငန်းများကို စောင့်ကြည့် အရေးယူတဲ့ တာဝန်ကိုလည်း အိုဖက်ကပဲ တာဝန်ယူဆောင်ရွက်ပါတယ်။ အမေရိကန်အစိုးရက နံမည်ပျက်စာရင်းသွင်း အရေးယူထားသူများကို ငွေကြေးလွှဲပြောင်းပေးတဲ့ ဘဏ်တွေ၊ ငွေစာရင်းအပ်နှံခွင့်ပြုတဲ့ ဘဏ်တွေ၊ နံမည်ပျက်စာရင်းဝင်များနဲ့ စီးပွါးရေး၊ ငွေရေးကြေးရေးပါတ်သက်သူ အမေရိကန်နိုင်ငံသားများအဖို့ ရာဇဝတ်မှုနဲ့ တရားစွဲဆိုခံရပြီး ကြီးမားတဲ့ ပြစ်ဒဏ်များကို ခံစားရမှာပါ။ ပြစ်ဒဏ်က အနည်းဆုံး ဒဏ်ငွေ ဒေါ်လာ တစ်သန်းကနေ ထောင်ဒဏ် နှစ်နှစ်ဆယ်အထိ ရှိပါတယ်။

SDN စာရင်းမှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များ၊ လုပ်ငန်းများနဲ့ ပါတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စတစ်ခုခုရှိလာတဲ့အခါ သက်ဆိုင်သူများက အိုဖက်ကို ကင်းလွတ်ခွင့် (License) ချပေးဖို့ အချက်အလက်အပြည့်အစုံနဲ့ တင်ပြလျှောက်ထားရပြီး အိုဖက်က ခွင့်ပြုချက် လိုင်စင်ထုတ်ပေးမှ ဆောင်ရွက်ခွင့်ရှိပါတယ်။ ဥပမာအားဖြင့် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်မှာ ပုဂံလေကြောင်းလိုင်း (Air Bagan) က ခရီးသည်တင်လေယဉ်တစ်စီး လေဆိပ်အဆင်းမှာ ပျက်ကျပါတယ်။ လေယဉ်ပေါ်မှာပါလာတဲ့ ခရီးသည်နဲ့ လေယဉ်အဖွဲ့သားစုစုပေါင်း (၇၁) ဦးထဲက နှစ်ဦးသေဆုံးပြီး (၁၁) ဦး ဒဏ်ရာရပါတယ်။ ဒဏ်ရာရသူများထဲမှာ နှစ်ဦးက အမေရိကန်လူမျိုးများဖြစ်ကြပြီး အဲဒီနှစ်ဦးထဲက တစ်ဦးက ပြင်းပြင်းထန်ထန်မီးလောင်ခံရပါတယ်။ ခန္ဓာကိုယ်ရဲ့  သုံးပုံတစ်ပုံလောက် မီးလောင်ကျွမ်းခံရပြီး သေလုနီးပါးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီ အမေရိကန်နှစ်ဦးက ပုဂံလေကြောင်းလိုင်းရဲ့  ပင်မကုမ္ပဏီဖြစ်တဲ့ ဦးတေဇပိုင် ထူးကုမ္ပဏီများ (Htoo Group of Companies) နဲ့ ပုဂံလေကြောင်းလိုင်းရဲ့ အာမခံကုမ္ပဏီ ကို လျော်ကြေးရဖို့ တရားစွဲတဲ့အခါ အမေရိကန်နှစ်ဦးအတွက် ကိုယ်စားပြုပေးတဲ့ အမေရိကန် ရှေ့နေများက တိုက်ရိုက်ကိုယ်စားပြုလို့ မရပါ။ ဦးတေဇရော၊ ထူးကုမ္ပဏီများပါ SDN စာရင်းဝင်များဖြစ်တာမို့ ဒီအမှုမှာ လိုက်ပါအကျိုးဆောင်ခွင့်ကို အိုဖက်ကို လျှောက်ထားရပါတယ်။ အိုဖက်က ခွင့်ပြုချက်လိုင်စင်ထုတ်ပေးမှ ကိုယ်စားပြုခွင့်ရပါတယ်။ တစ်ခါ ဦးတေဇက အမေရိကန်ရှေ့နေများငှါးရမ်းပြီး တရားစွဲဆိုမှုကို ခုခံကာကွယ်တော့လည်း ဦးတေဇရဲ့  ရှေ့နေများဟာ အိုဖက်ထံ ခွင့်ပြုချက်လိုင်စင်တောင်းခံရပါတယ်။

#(SDN) နံမည်ပျက်စာရင်းဝင် မြန်မာ့ခရိုနီများ

အိုဖက်က ကိုင်တွယ်ထားတဲ့ နံမည်ပျက်စာရင်း (SDN List) ထဲမှာ မြန်မာနိုင်ငံက ခရိုနီစီးပွါးရေးသမား (၁၀) ယောက်နဲ့ ၎င်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းများပါဝင်ပါတယ်။ မူးယစ်ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးမှုကြောင့် အမေရိကန်အစိုးရက အလိုရှိသည်ဆိုပြီး ဆုငွေထုတ်ထားတဲ့ ဝေရှောက်ကန်အပါအဝင် "ဝ" ခေါင်းဆောင်များနဲ့ ၎င်းတို့ရဲ့ မိတ်ဖက်စီးပွါးရေးသမားများလည်း နံမည်ပျက်စာရင်းမှာ ပါဝင်ပေမည့် ဒီဆောင်းပါးမှာ ထည့်ဆွေးနွေးမှာ မဟုတ်ပါ။

အမေရိကန်ပြည်ထောင်စုက နံမည်ပျက်စာရင်း (SDN) သွင်းပြီး ငွေရေးကြေးရေး၊ စီးပွါးရေးပိတ်ဆို့အရေးယူထားဆဲဖြစ်တဲ့ မြန်မာစီးပွါးရေးသမား (၁၀) ယောက်ရဲ့ အမည်ကို အောက်မှာကြည့်ပါ။ ကွယ်လွန်သွားပြီဖြစ်တဲ့ လောစစ်ဟန်နဲ့ သက်ရှိထင်ရှားရှိသေးပေမည့် စင်္ကာပူနိုင်ငံသူဖြစ်တဲ့ စစ်စလီယာလော (Cecilia Law) (ဦးထွန်းမြင့်နိုင်ရဲ့ဇနီး) တို့ကိုတော့ ဒီစာရင်းမှာ ချန်ထားခဲ့ပါတယ်။

၁။ ဦးအောင်သက်မန်း (ဧရာရွှေဝါကုမ္ပဏီ) (ပြည်ထောင်စုလွှတ်တော် နာယက ဦးရွှေမန်း၏သား)
၂။ ဦးဝင်းအောင် (ဒဂုန် နိုင်ငံတကာလီမိတက်) (ပြည်ထောင်စုမြန်မာနိုင်ငံကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် ဥက္ကဋ္ဌ) (UMFCCI)
၃။ ဦးထွန်းမြင့်နိုင် (ခေါ်) စတီဗင်လော (အေးရှားဝေါလ်)
၎။ ဦးဋ္ဌေးမြင့် (ယုဇန) (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)
၅။ ဦးခင်ရွှေ (ဇေကမ္ဘာ) (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)
၆။ ဦးတေဇ (ထူးကုမ္ပဏီအုပ်စု)
၇။ ဦးသီဟ (ထူးကုမ္ပဏီအုပ်စု) (ဦးတေဇ၏အကို)
၈။ ပြည့်ဖြိုးတေဇ (ထူးကုမ္ပဏီအုပ်စု) (ဦးတေဇ၏ သား)
၉။ ဒေါ်သီတာဇော် (ထူးကုမ္ပဏီအုပ်စု) (ဦးတေဇ၏ ဇနီး)
၁၀။ ဦးဇော်ဇော် (မက်စ်မြန်မာ) (Max Myanmar)

ဒီစာရင်းပါ ပုဂ္ဂိုလ်များအားလုံးနီးပါးက အမေရိကန်အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ရန်ကုန်မြို့၊ အမေရိကန်သံရုံးမှာ သီးခြားစီ (မိသားစုအရင်းအချာတစ်စုက ပူးတွဲတွေ့ဆုံတာကလွဲလို့) တွေ့ဆုံခဲ့ကြပါတယ်လို့ သိရပါတယ်။





 




0 comments: