BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, August 3, 2014

Burma's Parliament Watch Part 72

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၂၀၇၊ ဇူလိုင်လ ၃၁ ရက်နေ့၊ ၂၀၁၄၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၇၂) လွှတ်တော်၊ မီဒီယာနှင့် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (ခ)

#လွှတ်တော်မှာလည်း မဆွေးနွေး၊ ဥပဒေကိုလည်း အရေးမယူ

သတင်းမီဒီယာများ ခြိမ်းခြောက်ဖိနှိပ်ခံနေရတာကို ကျင်းပနေဆဲ ပြည်ထောင်စုအဆင့် လွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးမေးမြန်းကြတာမရှိသေးလို့ ဒါဆိုရင် လွှတ်တော်ကိုယ်စားလှယ်များမှာ ဗြိတိသျှကိုလိုနီအစိုးရရဲ့  လက်ကျန်အမွေအနှစ်ဖြစ်တဲ့ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" ကို ခေတ်နဲ့လျော်ညီအောင် ပြင်ဆင်ရေးဆွဲဖို့၊ ဒါမှမဟုတ် ဖျက်သိမ်းဖို့ အစီအစဉ်ရှိသလားလို့ လေ့လာကြည့်မိပါတယ်။ မရှိပါ။

၂၀၁၄ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်၊ ဥပဒေကြမ်းပူးပေါင်းကော်မတီက "တည်ဆဲဥပဒေများအနက်မှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးဆွဲရန် ဆောင်ရွက်ရန်သင့်သည့် ဥပဒေများနှင့် စပ်လျင်းသည့်အစီရင်ခံစာ" ကို အများပြည်သူသိအောင် အစိုးရသတင်းစာများကတဆင့် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ယနေ့အထိ စီမံခန့်ခွဲလျက်ရှိသည့် တည်ဆဲဥပဒေပေါင်း (၄၀၀) ရှိတယ်လို့ သိရပါတယ်။ ပြည်ထောင်စုလွှတ်တော်အကြီးအကဲများနဲ့ ပြည်ထောင်စုတရားသူကြီးချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ညွှန်ကြားရေးမှူးချုပ်များပါဝင်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ၂၀၁၄ ခုနှစ်၊ မေလ ၁၄ ရက်နေ့မှာ ကျင်းပပြီး တည်ဆဲဥပဒေများနဲ့ ပတ်သက်ပြီး ဆောင်ရွက်ရန်ကိစ္စများကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို ဥပဒေပြုလွှတ်တော်၊ အစိုးရအဖွဲ့၊ တရားစီရင်ရေးအဖွဲ့တို့ရဲ့  ပူးပေါင်းညှိနှိုင်းအစည်းအဝေးကနေ တည်ဆဲဥပဒေ (၄၀၀) အနက်မှ ရုပ်သိမ်းရန် (၉) ခု၊ ပြင်ဆင်ရန် (၆၇) ခု၊ ရုပ်သိမ်း၍အသစ်ရေးဆွဲရန် (၄၁) ခု၊ အသစ်ရေးဆွဲရန် (၁၉) ခု၊ စုစုပေါင်း (၁၃၆) ခု ဆောင်ရွက်ရန်ရှိကြောင်း သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီလို ရုပ်သိမ်း/ပြင်ဆင်/အသစ်ရေး စသဖြင့် ဆောင်ရွက်ရန် ဥပဒေကြမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဋ္ဌာနများက လိုအပ်သလို ဆောင်ရွက်ပြီး လွှတ်တော်သို့ တင်သွင်းရန်နှင့် လွှတ်တော်က ယင်းဥပဒေကြမ်းများကို ကျန်ရှိနေသည့်လွှတ်တော် သက်တမ်းကာလအတွင်း (၂၀၁၆ ခုနှစ်၊ မတ်လအထိ) ဆွေးနွေး၊ အတည်ပြုပြဋ္ဌန်းနိုင်ရန်ဆိုပြီး အစီရင်ခံစာမှာ တင်ပြထားပါတယ်။

အဲဒီ "ပြည်ထောင်စုအစိုးရ အုပ်ချုပ်ရေးဆိုင်ရာဋ္ဌာန/အဖွဲ့အစည်းများနှင့် သက်ဆိုင်သည့် တည်ဆဲဥပဒေများမှ ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်နှင့် အသစ်ရေးရန် ဥပဒေ (၁၃၆) ခုစာရင်း" ကို လေ့လာရှာဖွေကြည့်ပါတယ်။ အဲဒီ စာရင်းထဲမှာ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" မပါဝင်ပါ။ "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" သည် ရုပ်သိမ်းရန်၊ ပြင်ဆင်ရန်၊ အသစ်ရေးဆွဲရန်မလိုပဲ လတ်ရှိပြဋ္ဌန်းချက်များအတိုင်း ဆက်လက်ကိုင်တွယ်ကျင့်ရန် လိုအပ်သည်လို့ အစိုးရ၊ လွှတ်တော်နဲ့ တရားစီရင်ရေး အာဏာပိုင်အဖွဲ့အစည်း သုံးခုက တညီတညွတ်တည်း သဘောထားကြတယ်လို့ ယူဆရမှာပါ။ ဒါဆိုရင်ဖြင့် မြန်မာသတင်းသမားများအတွက် ရှေ့မှာလည်း ဘေးအန္တရာယ်တွေ ဆက်လက်ကြုံတွေ့ရဦးမည့် အခြေအနေပါ။

#နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ (The Burma Official Secrets Act 1923)

ဒီဥပဒေကို ဗြိတိသျှအစိုးရက သူကိုလိုနီပြုထားတဲ့ အိန္ဒိယ၊ မြန်မာစတဲ့ လက်အောက်ခံနယ်မြေများမှာ ကျင့်သုံးဖို့ ၁၉၂၃ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့မှာ ပြဋ္ဌန်းခဲ့ပါတယ်။ လွတ်လပ်ရေးရပြီး မြန်မာအစိုးရက ၁၉၄၈ ခုနှစ်မှာ "ပြည်ထောင်စုမြန်မာနိုင်ငံ" (Union of Burma) ဆိုတဲ့ စကားလုံးကို "နိုင်ငံအမည်" မှာ အစားထိုးပြီး ဆက်လက်ကျင့်သုံးခဲ့တာ ဒီကနေ့အထိပါပဲ။
ပထမကမ္ဘာစစ်ကြီးအပြီး (၅) နှစ်အကြာမှာ ပြဋ္ဌန်းခဲ့တာမို့ အဓိကရည်ရွယ်ချက်က စစ်ပြိုင်နိုင်ငံများ၊ ရန်ဖက်နိုင်ငံများထံ  ဗြိတိသျှအစိုးရရဲ့  စစ်ရေးလျှို့ဝှက်ချက်တွေ မပေါက်ကြားစေဖို့ ရည်ရွယ်ပါတယ်။ လက်အောက်ခံနိုင်ငံများက နိုင်ငံသားများရဲ့  ပုန်ကန်ထကြွရန် ကြိုးပမ်းမှုတွေ၊ ရန်သူနဲ့ ပူးပေါင်းမှုတွေကို တားဆီးဖို့လည်းရည်ရွယ်ပါတယ်။ ဒါကြောင့်မို့ ဒီဥပဒေဟာ ကျယ်ပြန့်ပြီး ရက်စက်တဲ့ ဥပဒေပါ။ နယ်ချဲ့အစိုးရက သူ့ရဲ့ ကျေးကျွန်တွေကို ဖိနှိပ်ဖို့ ဒီလိုဥပဒေမျိုး ပြဋ္ဌန်းခဲ့တာ သဘာဝကျပေမည့် လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံသားများကို ကိုယ်စားပြုပါတယ်ဆိုတဲ့ အစိုးရက ဒီဥပဒေကို ဆက်လက်ကိုင်တွယ်ကျင့်သုံးနေတာ အံ့ဩစရာပါ။   

အင်္ဂလိပ်ဘာသာနဲ့ ပြဋ္ဌာန်းထားတဲ့ ဒီဥပဒေမှာ ပုဒ်မပေါင်း (၁၅) ခုရှိပါတယ်။ ပုဒ်မတစ်ခုချင်းမှာလည်း ပုဒ်မခွဲတွေ အများကြီးပါဝင်ပါတယ်။ အနှစ်ချုပ်ကတော့ "မည်သူမဆိုအစိုးရက တားမြစ်ကန့်သတ်ထားတဲ့ နေရာ/ စစ်ဖက်ဆိုင်ရာနေရာ/အဆောက်အအုံတစ်ခုကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်ပြီး ဓာတ်ပုံရိုက်ခြင်း၊ မှတ်တမ်းပြုခြင်း၊ ပုံကြမ်းရေးဆွဲခြင်း စသဖြင့် ဆောင်ရွက်တာကို နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်များပေါက်ကြားစေခြင်းဖြစ်တယ်လို့ သတ်မှတ်ပြီး ကျူးလွန်သူကို ရာဇဝတ်ကြောင်းနဲ့ တရားစွဲ၊ ပြစ်ဒဏ်ချမှတ်ခြင်း" လို့ အတိုကောက် ပြောနိုင်ပါတယ်။ ပုဒ်မ (၁၃) အရ အုပ်ချုပ်သူအစိုးရက တိုင်ကြားမှသာ တရားရုံးက "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" အရ အမှုကို လက်ခံစီရင်ခွင့်ရှိပြီး အထူးအာဏာအပ်နှင်းထားတဲ့ ခရိုင်တရားသူကြီးအဆင့်ထက်မနိမ့်တဲ့ တရားရုံးကသာ အမှုကို စီရင်ခွင့်ရှိပါတယ်။ ဒီဥပဒေရဲ့  ပြစ်ဒဏ်ချမှတ်ခြင်းဆိုင်ရာ ပုဒ်မများက ၃၊ ၅၊ ၆၊ ၇၊ ၈၊ ၉ နဲ့ ၁၀ တို့ဖြစ်ပါတယ်။ ယူနတီဂျာနယ် သတင်းထောက်များကို ပုဒ်မ (၃) နဲ့ ပြစ်ဒဏ်ချမှတ်ပါတယ်။ ပုဒ်မ (၃) ကို ဘာသာပြန်ပြီး ဖော်ပြပါ့မယ်။

ပုဒ်မ (၃)
ပုဒ်မခွဲ (၁)။ နိုင်ငံတော်လုံခြုံရေးနှင့် နိုင်ငံတော် (အစိုးရ) ၏အကျိုးစီးပွါးကို ထိခိုက်စေရန်ရည်ရွယ်ချက် တစ်စုံတစ်ရာဖြင့် မည်သူမဆို-
(က) တားမြစ်ထားသော နေရာတစ်ခုခုကို ချဉ်းကပ်ခြင်း၊ စစ်ဆေးခြင်း၊ ဖြတ်သန်းကျော်လွှားခြင်း၊ ဝင်ရောက်ခြင်း၊ အနီးအနားပတ်ဝန်းကျင်တွင် နေထိုင်ခြင်း ပြုလျင်၊
(ခ) ရန်သူအတွက်အကျိုးရှိစေနိုင်သော၊ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရန်သူအတွက်အကျိုးဖြစ်စေရန် ရည်ရွယ်သော ပုံကြမ်းများ၊ အစီအစဉ်များ၊ စံပြပုံစံများ၊ မှတ်တမ်းများ ရေးဆွဲပြုစုလျင်၊
(ဂ) အစိုးရ၏ လျှို့ဝှက်သင်္ကေတ သို့မဟုတ် စကားဝှက်များ၊ သို့မဟုတ် ရန်သူအတွက်အကျိုးရှိစေနိုင်သော၊ သို့မဟုတ် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရန်သူအတွက်အကျိုးဖြစ်စေရန် ရည်ရွယ်သော ပုံကြမ်းများ၊ အစီအစဉ်များ၊ စံပြပုံစံများ၊ ပစ္စည်းများ၊ မှတ်တမ်းများ၊ အခြားစာရွက်စာတမ်းအထောက်အထားများ၊ သတင်းများကို ပိုင်ဆိုင်ခြင်း၊ စုဆောင်းခြင်း၊ မှတ်တမ်းတင်ခြင်း သို့မဟုတ် ပုံနှိပ်ဖြန့်ချီခြင်း သို့မဟုတ် အခြားတစ်ဦးတစ်ယောက်အား ဆက်သွယ်အကြောင်းကြားခြင်းပြုလုပ်လျင်၊
ထိုသူသည် အပြစ်ရှိ၍ ပြစ်ဒဏ်ကျခံ ရမည်ဖြစ်ပြီး ယင်းကျူးလွန်မှုသည် စစ်ဖက်ဆိုင်ရာလုပ်ငန်းများ (စစ်လက်နက်စက်ရုံ၊ လက်နက်တိုက်၊ ကြည်း၊ ရေ၊ လေ တပ်စခန်းများ၊ မြေမြုပ်မိုင်းကွင်းများ၊ သင်္ဘောကျင်း များ၊ သင်္ဘောများ၊ လေယဉ်များ) နှင့် သော်လည်းကောင်း၊ စစ်ရေးစစ်ရာများနှင့် သော်လည်းကောင်း၊ လျှို့ဝှက်ရုံးလုပ်ငန်းများနှင့်သော်လည်းကောင်း ပတ်သက်လျင် ထောင်ဒဏ် ၁၄ နှစ်အထိနှင့်၊ အခြားကိစ္စများအတွက် ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။       

ပုဒ်မ (၃)၊ ပုဒ်မခွဲ (၂) မှာတော့ ထောင်ဒဏ် (၁၄) နှစ်အထိကျခံစေနိုင်သည့် ပြစ်မှုဖြင့် တရားစွဲဆိုရာတွင် စွပ်စွဲခံရသူ တရားခံသည် နိုင်ငံတော်နှင့် အစိုးရကို ထိခိုက်နစ်နာစေလိုသည့်ဆန္ဒဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်းကို တရားလိုက အထူးသက်သေပြစရာမလိုပဲ အခွင့်မရှိပဲ တားမြစ်ထားသောနေရာကို ဖြတ်သန်းသွားလာခြင်း၊ သတင်းအချက်အလက်များစုဆောင်းခြင်း၊ ပုံကြမ်းများရေးဆွဲမှတ်သားခြင်းတို့သည် နိုင်ငံတော်၏ လုံခြုံရေးနှင့် အကျိုးစီးပွါးကို ထိခိုက်နစ်နာစေသည့်ရည်ရွယ်ချက်ရှိကြောင်း မှတ်ယူရမည်လို့ ပြဋ္ဌာန်းထားပါတယ်။

ဒီဥပဒေရဲ့  ပြဿနာက စွပ်စွဲခံရသူအတွက် မျှတတဲ့ ဖြေရှင်းခွင့်ပေးမထားတာပါ၊ ပုဒ်မ (၃) မှာ ဖော်ပြတဲ့ "တားမြစ်ထားသောနေရာ" ဆိုတာကို ပုဒ်မ (၂)၊ ပုဒ်မခွဲ (၈) မှာ အလွန်ကျယ်ပြန့်စွာ အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ အဲဒီကျယ်ပြန့်တဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ မြန်မာတစ်နိုင်ငံလုံးမှာ အစိုးရ (သို့မဟုတ်) စစ်တပ်က ခြံစည်းရိုးခတ်ထားတဲ့ နေရာမှန်သမျှ "တားမြစ်ထားသောနေရာ" တွေ ဖြစ်နေပါတယ်။ ယူနတီသတင်းထောက်များ သတင်းရေးသားတဲ့ ပေါက်မြို့နယ်က ကာကွယ်ရေးပစ္စည်းစက်ရုံ အမှတ် (၂၄) မှာ သတင်းထောက်များ ဝင်ရောက်စဉ်အခါက "တားမြစ်နယ်မြေ၊ မဝင်ရ" ဆိုတဲ့ သတိပေးကြေညာချက် စိုက်ထူထားခြင်းမရှိပဲ သတင်းထောက်များကို ဖမ်းဆီးပြီးမှသာ အဲဒီကြေညာချက်ကို ခြံစည်းရိုးမှာ စိုက်ထူတာလို့ သိရပါတယ်။ နောက်တစ်ခါ ယူနတီဂျာနယ် သတင်းထောက်များမှာ သတင်းထူးတစ်ခုကို ရယူပြီး အများပြည်သူသိအောင်ဖော်ထုတ်လိုစိတ်၊ သူတို့ရဲ့  သတင်းဂျာနယ်ရောင်းကောင်းလိုစိတ်တွေပဲ ရှိပြီး နိုင်ငံတော်နဲ့ အစိုးရကို ထိခိုက်ပျက်စီးစေလိုတဲ့ စိတ်တွေ လုံးဝမရှိတာ ထင်ရှားပါတယ်။ ဒါပေမည့် သူတို့မှာ နိုင်ငံတော်နှင့် အစိုးရကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒတွေရှိကြောင်း အစိုးရနဲ့ တရားလိုက သက်သေပြစရာမလိုပဲ၊ တရားခံက ဖြေရှင်းခွင့်မရှိပဲ ကန့်သတ်နယ်မြေကို ဖြတ်သွားရုံ၊ ဓာတ်ပုံရိုက်ပြီး သတင်းရေးရုံနဲ့ ဒီသတင်းသမားတွေမှာ  နိုင်ငံတော်နှင့် အစိုးရကို ထိခိုက်နစ်နာစေလိုတဲ့ ဆန္ဒတွေရှိကြောင်း တရားသူကြီးက မှတ်ယူရမည်ဆိုတာ အလွန်မတရား တာပါ။

အခြားပုဒ်မတွေမှာလည်း သတင်းဆက်သွယ်ပေါက်ကြားမှု၊ အခွင့်မရှိပဲ အစိုးရဝန်ထမ်း သို့မဟုတ် တပ်မတော်ဝန်ထမ်းဝတ်စုံများ ဝတ်ဆင်ခြင်း၊ လိမ်လည်ခြင်း၊ အတုအပပြုခြင်း၊ အယောင်ဆောင်ခြင်းများ၊ ရဲ သို့မဟုတ် တပ်မတော်အရာရှိများကို နှောက်ယှက်ခြင်း၊ သတင်းပေးရန်ပျက်ကွက်ခြင်း၊ အားပေးအားမြှောက်ခြင်း၊ အားထုတ်ခြင်းများနဲ့ ပတ်သက်တဲ့ ပြစ်ဒဏ်များကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ (၁၄) အရ ဒီဥပဒေနဲ့ တရားစီရင်ရာမှာ သက်သေများ၏ ထွက်ဆိုချက်များသည် နိုင်ငံတော်လုံခြုံရေးနှင့် အကျိုးစီးပွါးကို ထိခိုက်နိုင်ပါက တရားသူကြီး၏ ဆုံးဖြတ်ချက်ဖြင့် တရားစီရင်မှုကို အများမျက်ကွယ်တွင် ပြုလုပ်နိုင်ပါတယ်။ တရားစီရင်ချက်ကိုတော့ အများပြည်သူ့ရှေ့မှောက်တွင် ချမှတ်ရမှာဖြစ်ပါတယ်။

#မတရားတဲ့ ဥပဒေမို့ ဖျက်သိမ်းရန်လိုအပ်ပါသည်

"၁၉၂၃ ခုနှစ် နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေ" ဟာ "၁၉၀၈ ခုနှစ်၊ မတရားအသင်းများ အက်ဥပဒေ" လိုပဲ ဗြိတိသျှနယ်ချဲ့အစိုးရရဲ့  အကျိုးစီးပွါးကို ကာကွယ်ဖို့၊ ကိုလိုနီနိုင်ငံများက ပြည်သူများကို ဖိနှိပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပြဋ္ဌာန်းထားတဲ့ ဥပဒေဖြစ်ပါတယ်။ လွတ်လပ်ပြီး မြန်မာနိုင်ငံမှာ ဆက်လက်ကိုင်တွယ်ကျင့်သုံးဖို့ မသင့်ပါ။

နိုင်ငံသားတစ်ယောက်ကို ဒီဥပဒေနဲ့ အလွယ်တကူ ပြစ်တင်အရေးယူနိုင်ဖို့ "တားမြစ်ထားသောနေရာ" ဆိုတာကို "အစိုးရရုံးမှန်သမျှ၊ စစ်တပ်အဆောက်အအုံမှန်သမျှ၊ အစိုးရနဲ့ စစ်တပ်က ခြံစည်းရိုးခတ်ထားတဲ့နေရာမှန်သမျှ၊ ရထားသံလမ်းအားလုံး၊ လေဆိပ်အားလုံး၊ ဆိပ်ကမ်းအားလုံး၊ အစိုးရထံက ကန်ထရိုက်ရပြီး လုပ်ကိုင်နေတဲ့ ကန်ထရိုက်တာများရဲ့  အလုပ်ဋ္ဌာနများ၊ ရေအရင်းအမြစ်၊ လျှပ်စစ်ဖြန့်ဖြူးရေးနဲ့ ထုတ်လုပ်ရေး၊ ဓာတ်ငွေ့သိုလှောင်ရုံများ၊" စသဖြင့် နေရာအားလုံးပါဝင်အောင် အလွန်ကျယ်ပြန့်စွာအဓိပ္ပာယ်ဖွင့်ဆိုထားပြီး "နိုင်ငံတော်လုံခြုံရေးနှင့် အစိုးရ၏ အကျိုးစီးပွါးကို ထိခိုက်နစ်နာစေသောရည်ရွယ်ချက်" ဆိုတာကို သက်သေပြစရာမလိုပဲ တားမြစ်ထားတယ်ဆိုတဲ့ နေရာတစ်ခုကို အခွင့်မရှိပဲ ဖြတ်သန်းသွားရုံ၊ သတင်းအချက်အလက်စုဆောင်းရေးသားရုံနဲ့ "နိုင်ငံတော်လုံခြုံရေးနှင့် အစိုးရ၏အကျိုးစီးပွါးကို ထိခိုက်နစ်နာစေရန်ရည်ရွယ်ချက်ရှိသည်" လို့ တရားစွဲဆိုသူ အစိုးရနဲ့ တရားစီရင်တဲ့ တရားသူကြီးက မှတ်ယူရမည်ဆိုတာ တရားခံအတွက် အများကြီး နစ်နာနေပါတယ်။

တကယ်တော့ အစကတည်းက ဒီလိုပြင်းထန်တဲ့ ဥပဒေမျိုးကို မဖျက်သိမ်းသေးရင်တောင် အသုံးမပြုသင့်ပါ။ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးသို့ ဦးတည်နေတယ်ဆိုတဲ့ ပြုပြင်ပြောင်းလဲရေးကာလမှာ နိုင်ငံတော်သမ္မတကိုယ်တိုင်က တိုင်းပြည်ရဲ့  စတုတ္ထမဏ္ဍိုင်အဖြစ် အသိအမှတ်ပြု အရေးပေးထားတဲ့ သတင်းမီဒီယာသမားတွေကို ပြင်းထန်ရက်စက်တဲ့ တည်ဆဲဥပဒေများနဲ့ အစိုးရကိုယ်တိုင်က တရားစွဲတာ မဖြစ်သင့်ပါ။ မြန်မာနိုင်ငံရဲ့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက တည်ဆဲဥပဒေကို အလွန်အကျွံအသုံးပြုတဲ့ အစိုးရအဖွဲ့ကို ထိထိရောက်ရောက်ဝေဘန်သင့်ပြီး "နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ" အပါအဝင် ပြည်သူလူထုရဲ့  အကျိုးစီးပွါးကို နစ်နာစေတဲ့ တည်ဆဲဥပဒေများကို အမြန်ဆုံးရုပ်သိမ်းဖို့ လိုအပ်နေပါပြီ။

(ဇူလိုင် ၁၉၊ ၂၀၁၄)


0 comments: