BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, August 4, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၄)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၄ ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ စာမျက်နှာ ၁၆/၁၇)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၄)
အောင်ဒင်

#အရေးယူခြင်းနှင့် ဖြေလျှော့ခြင်း

တကယ်တော့ အမေရိကန်အစိုးရရဲ့ နံမည်ပျက်စာရင်းသွင်းပြီး စီးပွါးရေးအရ အရေးယူခံရသူများအဖို့ နံမည်ပျက်စာရင်းထဲက ဖယ်ရှားပေးဖို့ (Delist) အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကို တင်ပြလျှောက်ထားခွင့်ရှိပါတယ်။ အဲဒီ လုပ်ငန်းစဉ် (Procedure) က ဒီလိုပါ။

(၁) နံမည်ပျက်စာရင်းဝင်တစ်ဦးဟာ နံမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဋ္ဌာန (OFAC)၊ ညွှန်ကြားရေးမှူးထံ လိပ်စာတပ်ပြီး စာဖြင့်ရေးသား လျှောက်ထားရပါမယ်။ လိပ်စာက The Director, Office of Foreign Assets Control, U.S. Department of Treasury, 1500 Pennsylvania Avenue, NW- Annex, Washington, DC 20220, United States of America ဖြစ်ပါတယ်။ အဲဒီစာမှာ သက်ဆိုင်ရာပုဂ္ဂိုလ်ကိုယ်တိုင်က သူသည် နံမည်ပျက်စာရင်းမှာ မပါဝင်သင့်ကြောင်း၊ သို့မဟုတ် နံမည်ပျက်စာရင်းသွင်းစဉ်က စွပ်စွဲခံခဲ့ရတဲ့ အကြောင်း အရာတွေသည် မဟုတ်မမှန်သည့်အတွက် သူ့အား နံမည်ပျက်စာရင်းမှ ဖယ်ရှားသင့်ကြောင်း၊ သို့မဟုတ် နံမည်ပျက်စာရင်းသွင်းခံရခြင်းကို ဖြစ်စေသည့် အကြောင်း အရာများကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် သူ့အား နံမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုကြောင်း စတဲ့ အရေးဆိုမှုတွေကို အထောက်အထားအပြည့်အစုံနဲ့ တင်ပြရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သူဟာ မခိုင်လုံသော အကြောင်းများဖြင့် မမှန်မကန်စွပ်စွဲခံရတာဖြစ်တယ်ဆိုရင် စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း သက်သေပြရပါမယ်။ ဒါမှမဟုတ် သူဟာ အခုအချိန်မှာ အရင်စွပ်စွဲချက်တွေအတိုင်းမဟုတ်တော့ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီဆိုတာကို သက်သေအထောက်အထားတွေ တင်ပြရပါမယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုမှာ ပါဝင်သူ၊ ပူးတွဲပိုင်ဆိုင်သူတစ်ဦးကြောင့် အဲဒီစီးပွါးရေးလုပ်ငန်းဟာ နံမည်ပျက်စာရင်းအသွင်းခံရတယ်ဆိုရင်လည်း အခုအချိန်မှာ အဲဒီ ပုဂ္ဂိုလ်ဟာ ဒီစီးပွါးရေးလုပ်ငန်းနဲ့ မပါတ်သက်တော့ကြောင်း၊ မပိုင်ဆိုင်တော့ကြောင်း သက်သေပြရပါမယ်။

(၂) အဲဒီစာကို အိုဖက်အရာရှိများက လေ့လာသုံးသပ်ပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင် လျှောက်လွှာတင်သွင်းသူကို အချက်အလက်တွေ ထပ်မံတောင်းခံတာ၊ မရှင်းတဲ့အချက်တွေကို ဖြေရှင်းခိုင်းတာ၊ သူတို့သိချင်တာတွေကို မေးမြန်းတာတွေ ပြုလုပ်ပါလိမ့်မယ်။ အိုဖက်အရာရှိများရဲ့  အဓိကတာဝန်က လျှောက်လွှာမှာ ဖော်ပြထားတဲ့ သက်သေအထောက်အထားတွေဟာ မှန်ကန်ခြင်းရှိ၊ မရှိ စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးတာဖြစ်ပါတယ်။

(၃) နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ လျှောက်လွှာတင်သွင်းသူက အိုဖက်အရာရှိများနဲ့  လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခွင့် တောင်းခံနိုင်ပါတယ်။ ဒါပေမည့် အဲဒီလို တွေ့ဆုံမှုမျိုး မလိုအပ်နိုင်လောက်ပါ။ အိုဖက်အရာရှိများကလည်း သူတို့ရဲ့  စုံစမ်းစစ်ဆေးမှုမပြီးမချင်း လျှောက်လွှာ တင်သွင်းသူနဲ့ တွေ့ဆုံဖို့ ငြင်းဆန်နိုင်ပါတယ်။

(၄) အိုဖက်အရာရှိများက လျှောက်ထားသူရဲ့  အမှုကို စုံစမ်းစစ်ဆေးပြီးတဲ့နောက် လျှောက်ထားသူထံ အိုဖက်ရဲ့  ဆုံးဖြတ်ချက်ကို စာနဲ့ ရေးသားအကြောင်းပြန်ပါလိမ့်မယ်။ လျှောက်လွှာတင်သွင်းချိန်ကနေ ဆုံးဖြတ်ချက်ချချိန်အထိ အချိန်ကာလ ဘယ်လောက်ကြာမလဲဆိုတာကတော့ အမှုတစ်မှုချင်းနဲ့ သက်ဆိုင်ပါတယ်။ ကျွမ်းကျင်သူ ဥပဒေအကျိုးဆောင်များက ကိုယ်စားပြု လိုက်ပါဆောင်ရွက်ပြီး အမှန်တကယ်ရှင်းရှင်းလင်းလင်းရှိတဲ့၊ သက်သေအထောက်အထားများကိုလည်း အလွယ်တကူစစ်ဆေးအတည်ပြုနိုင်တဲ့ အမှုကိစ္စမျိုးမှာ ခြောက်လလောက် ကြာတတ်ပြီး အဲဒီလိုမဟုတ်ရင်တော့ နှစ်နဲ့ချီပြီးကြာတတ်ပါတယ်။

#မြန်မာခရိုနီများ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့

မြန်မာနိုင်ငံက ခရိုနီစီးပွါးရေးသမားများကို အမေရိကန်အစိုးရက နံမည်ပျက်စာရင်းထဲ ထည့်သွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူထားတဲ့ အကြောင်းပြချက်က (၁) မြန်မာစစ်ခေါင်းဆောင်များကို စီးပွါးရေး၊ နိုင်ငံရေး ထောက်ခံအားပေးခြင်းနဲ့ (၂) ၎င်းတို့၏ စီးပွါးရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာခရိုနီများဟာ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ (၁) သူတို့ဟာ စစ်ခေါင်းဆောင်များနဲ့ စီးပွါးရေး၊ နိုင်ငံရေးပါတ်သက်မှုများ မရှိကြောင်း သက်သေပြဖို့လိုအပ်ပါတယ်။ (၂) သူတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုများမရှိကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် (၃) သူတို့ဟာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို ဦးစားပေးတဲ့၊ အဂတိလိုက်စားမှုကင်းရှင်းပြီး အဂတိလိုက်စားမှုကို အားမပေးတဲ့ ကျင့်ဝတ်သိက္ခာရှိသော စီးပွါးရေးလုပ်ငန်းရှင်များဖြစ်ကြောင်း သက်သေပြဖို့လိုအပ်ပါတယ်။ 

ပထမအချက်ဖြစ်တဲ့ စစ်ခေါင်းဆောင်များနဲ့ ကင်းရှင်းကြောင်းသက်သေပြတဲ့နေရာမှာ နဝတ၊ နအဖစစ်အစိုးရများနဲ့ စစ်အစိုးရခေါင်းဆောင်များဟာ အခုအချိန်မှာ အငြိမ်းစားယူသွားကြပြီမို့ သူတို့နဲ့ ပါတ်သက်ခဲ့တဲ့ စီးပွါးရေးသမားများကို အရေးမယူသင့်တော့ကြောင်း တောင်းဆိုလို့ မရနိုင်ပါ။ စစ်အစိုးရခေါင်းဆောင်များ အနားယူသွားခဲ့ပေမည့် သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများက ဒီကနေ့ထိအောင် ဆက်လက်ရှင်သန်နေဆဲပါ။ ဒါကြောင့်မို့ စစ်အစိုးရခေါင်းဆောင်များရဲ့  သူကောင်းပြုမှုနဲ့ ချမ်းသာကြွယ်ဝပြီး စစ်ခေါင်းဆောင်များကို နိုင်ငံရေးအရ၊ စီးပွါးရေးအရ ထောက်ပံ့ကူညီခဲ့ကြတဲ့ ခရိုနီစီးပွါးရေးသမားများဟာ မြန်မာနိုင်ငံရဲ့  လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့  ဆင်းရဲနွမ်းပါးမှု၊ စီးပွါးရေးချွတ်ခြုံကျမှု၊ အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝပါတ်ဝန်းကျင်ပျက်စီးမှုများအတွက် တာဝန်ရှိနေဆဲပါ။

ဒါကြောင့်မို့ ခရိုနီစီးပွါးရေးသမားများက သူတို့သည် စစ်ခေါင်းဆောင်များနဲ့ ကင်းရှင်းနေပြီဖြစ်ကြောင်း သက်သေပြဖို့ဆိုရင် သူတို့ပိုင် စီးပွါးရေးလုပ်ငန်းများမှာ စစ်ခေါင်းဆောင်ဟောင်းများ၊ စစ်ခေါင်းဆောင်အသစ်များ၊ ၎င်းစစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့  မိသားစုဝင်များ တစ်နည်းနည်းနဲ့ ပါဝင်တယ်ဆိုရင် ၎င်းပါဝင်မှုများကို ဖယ်ရှားပစ်ရပါမယ်။ ဥပမာအားဖြင့် စစ်ခေါင်းဆောင်ဟောင်းများ၊ စစ်ခေါင်းဆောင်အသစ်များ၊ ၎င်းစစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့  မိသားစုဝင်များ က ခရိုနီများရဲ့ ကုမ္ပဏီမှာ အစုရှယ်ယာပိုင်ဆိုင်မှုတွေရှိနေရင်၊ ကုမ္ပဏီရဲ့  ဘုတ်အဖွဲ့မှာပါဝင်နေရင်၊ ကုမ္ပဏီရဲ့  ထိပ်တန်းရာထူးများကို ရရှိထားရင်၊ ၎င်းပုဂ္ဂိုလ်များပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံ၊ ခြံဝင်းများကို ကုမ္ပဏီက ငှါးရမ်းအသုံးပြုနေရင်၊ ၎င်းပုဂ္ဂိုလ်များ အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ပိုင်ဆိုင်တဲ့ စီးပွါးရေးလုပ်ငန်းများနဲ့ ကုမ္ပဏီက ဖက်စပ်လုပ်ငန်းများလုပ်နေရင်၊ ၎င်းပုဂ္ဂိုလ်များကို တစ်နည်းနည်းနဲ့ ငွေရေးကြေးရေးသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ထောက်ပံ့ကူညီနေရင်၊ စတဲ့ အားလုံးသော ပါတ်သက်မှုများကို ရပ်ဆိုင်းပစ်ရမှာပါ။ စစ်တပ်ပိုင်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာပိုင် စီးပွါးရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပါတ်သက်မှု၊ စစ်တပ်နဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက် လုပ်ငန်းဆောင်ရွက်ပေးမှုတွေကို ရပ်စိုင်းရပါမယ်။ အဲဒီလို ပါတ်သက်မှုများအားလုံး ရပ်ဆိုင်းပြီးဖြစ်ကြောင်း သက်သေအခိုင်အမာပြနိုင်ဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပါတ်သက်ပြီး ခရိုနီများက ကင်းရှင်းကြောင်းကြွေးကြော်နိုင်ဖို့ဆိုရင် ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများအားလုံးကို မှန်မှန်ကန်ကန် ပြန်လည်လေ့လာဖို့လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများတည်ဆောက်ဖို့ အတွက် အာဏာပိုင်နဲ့ ပေါင်းပြီး လယ်သမားတွေ၊ ဆင်းရဲသားတွေရဲ့  မြေယာတွေကို လျော်ကြေးမပေးပဲသော်လည်းကောင်း၊ လျော်ကြေးအနည်းငယ်သာ ပေး၍သော်လည်းကောင်း၊ လိမ်လည်လှည့်ဖျား၍လည်းကောင်း သိမ်းယူခဲ့တယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ၎င်းတို့ရဲ့  စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားများကို အနည်းဆုံးလုပ်ခမျှနဲ့ သတ်မှတ်ချိန်ထက်ပိုပြီး ခိုင်းစေနေတယ်ဆိုရင်၊ အလုပ်သမားများရဲ့  ကျန်းမာရေး၊ လုံခြုံရေး၊ နေရေးထိုင်ရေးတွေကို ဂရုမစိုက်ရင် လူ့အခွင့်အရေးချိုးဖောက်မှုပါ။ စက်မှုဇုံတည်ဆောက်ဖို့ ဆိုပြီး မြေကွက်တွေကို သိမ်းယူပြီး အကွက်ရိုက်၊ လျှပ်စစ်မီးသွယ်တန်း၊ ခြံဖွဲ့ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားတာလည်း လူ့အခွင့်အရေးချိုးဖောက်တာပါပဲ။ 

အလုပ်သမားတွေရဲ့  ဘွဲ့လက်မှတ်မူရင်းတွေ၊ အခြားအရေးကြီးတဲ့ သက်သေခံအထောက်အထားတွေကို သိမ်းယူထားတာ၊ အလုပ်ကထွက်တော့လည်း ပြန်မပေးတာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ အစိုးရနဲ့ ပေါင်းပြီး စပါးစိုက်ပျိုးရေးစီမံကိန်းကြီးတွေ ဟန်ရေးပြလုပ်ကိုင်လို့ ထောင်နဲ့ သောင်းနဲ့ချီတဲ့ လယ်သမားတွေကို လယ်ယာမဲ့၊ အလုပ်လက်မဲ့ ဖြစ်စေတာဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ လယ်သမားတွေကို အရည်အသွေးမမီတဲ့၊ မကောင်းတဲ့ ဓာတ်မြေဩဇာတွေကို မဝယ်မနေရ အတင်းအဓမ္မရောင်းချတာဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ တစ်တိုင်းတစ်ပြည်လုံးက မှီခိုအားထားရတဲ့ သစ်တောကြီးတွေကို ခုတ်ထွင်ရှင်းလင်းပစ်တာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ သတ္တုတူးဖော်ဖို့ တောင်ကြီးတွေကို ဖြိုချ၊ မြေပြန့်လွင်ပြင်တွေကို ချိုင့်ဝှမ်းနက်နက်ကြီးတွေ ဖြစ်စေတာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ရွှေထုတ်လုပ်ဖို့ ရေတွေကို အဆိပ်သင့်စေတာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ စစ်တပ်အတွက် လက်နက်ဝယ်ပေးတာ၊ အကြမ်းဖက်သမားတွေကို လက်နက်၊ လစာထောက်ပံ့တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးက ပိုင်ဆိုင်တဲ့၊ နောင်မျိုးဆက်များအတွက်လည်း အင်မတန်အရေးကြီးတဲ့ နိုင်ငံရဲ့  သဘာဝပါတ်ဝန်းကျင်ကို ကိုယ်ပိုင်အကျိုးစီးပွါးအတွက် ဖျက်ဆီးပစ်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ အကြမ်းဖက်အုပ်ချုပ်သူတွေကို နိုင်ငံရေး၊ စီးပွါးရေး၊ ဝါဒဖြန့်ချီရေး အားပေးထောက်ပံ့တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ 

ဒါကြောင့်မို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းရှင်းကြောင်း၊ ဒါမှမဟုတ် မရှိတော့ကြောင်း သက်သေပြနိုင်ဖို့ ဆိုရင် ခရိုနီစီးပွါးရေးသမားများဟာ ၎င်းတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူများကို တောင်းပန်ပြီး ထိုက်သင့်တဲ့ နစ်နာကြေးပေးဖို့ လိုအပ်ပါတယ်။ သိမ်းပိုက်ထားတဲ့ မြေတွေကို ပြန်ပေး၊ ဒါမှမဟုတ်ရင်လည်း ခေတ်နဲ့လျော်ညီတဲ့ လျော်ကြေးပေးရမှာပါ။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများကို မျှမျှတတဆက်ဆံ၊ ထိုက်တန်တဲ့ လစာပေး၊ ဝန်ထမ်းများရဲ့  လူမှုရေး၊ ကျန်းမာရေး၊ အလုပ်ခွင်အန္တရာယ်ကင်းရှင်းရေးတွေကို ဂရုတစိုက်ဖြည့်ဆည်း၊ အလုပ်သမားများရဲ့  အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အပါအဝင် အခွင့်အရေးများကို အာမခံပေးရမှာပါ။ ၎င်းတို့ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သစ်တောကြီးတွေကို အစားထိုးပြန်လည်စိုက်ပျိုးဖို့၊ အဆိပ်သင့်ခဲ့တဲ့ မြစ်တွေ၊ ချောင်းတွေကို ပြန်လည်သန့်ရှင်းဖို့၊ သဘာဝပါတ်ဝန်းကျင်ကို ပြန်လည်ကုစားဖို့ လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ ကလေးအလုပ်သမားကင်းရှင်းဖို့၊ အဓမ္မလုပ်အားပေးခိုင်းစေတာတွေ မရှိဖို့ လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ ကျား/မ၊ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အသားအရောင်၊ အသက်အရွယ်ကိုလိုက်ပြီး ခွဲခြားဆက်ဆံတာတွေ မရှိဖို့လိုအပ်ပါတယ်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အနိုင်ကျင့်မှုတွေ မရှိဖို့လိုအပ်ပါတယ်။ စီးပွါးရေးလုပ်ငန်းများကို ချဲ့ထွင်ရာ၊ သို့မဟုတ် အသစ်တည်ဆောက်ရာမှာ အများနည်းတူ မျှမျှတတယှဉ်ပြိုင်ပြီး မှန်မှန်ကန်ကန်ရရှိဖို့ လိုအပ်ပါတယ်။ အခွင့်ထူးခံဘဝနဲ့ လာဘ်ပေးမှုတွေကို ရှောင်ကြဉ်ရမှာပါ။ စီးပွါးရေးအခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကန်ထရိုက်တွေကို အများဆုံးရပြီး ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်စတဲ့ တာဝန်ရှိတဲ့အခွန်အကောက်တွေကို အနည်းဆုံးပေးဆောင်သူများ မဖြစ်ဖို့၊ အခွန်ရှောင်သူများ၊ ငွေကြေးခဝါချသူများမဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးဆောင်ရွက်မှုများဟာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။

#တာဝန်သိစီးပွါးရေးလုပ်ငန်းရှင်များအတွက် မူဝါဒ (၁၀) ချက် (The Ten Principles)


တတိယအချက်၊ ကျင့်ဝတ်သိက္ခာရှိသော စီးပွါးရေးသမားများဖြစ်ကြောင်း သက်သေပြဖို့ကတော့ တာဝန်သိစီးပွါးရေးလုပ်ငန်းရှင်များအတွက် ကုလသမဂ္ဂရဲ့  လမ်းညွှန်ဖြစ်တဲ့ မူဝါဒ (၁၀) ချက်ကို လိုက်နာဖို့ပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာတစ်ဝှမ်းက စီးပွါးရေးကော်ပိုရေးရှင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများပါဝင်တဲ့ UN Global Compact         အဖွဲ့ကြီးကို ၂၀၀၀ ခုနှစ်မှာ တည်ထောင်ပြီး စီးပွါးရေးလုပ်ငန်းများဆိုင်ရာ မူဝါဒ (၁၀) ချက်ကို ချမှတ်ပါတယ်။ အဲဒီ မူဝါဒတွေကို လက်ခံနိုင်တဲ့ မည်သည့်စီးပွါးရေးလုပ်ငန်းမဆို UN Global Compact မှာ ပါဝင်ခွင့်ရှိပြီး ၎င်းတို့ရဲ့ မူဝါဒ (၁၀) ချက်အကောင်အထည်ဖော်မှုများကို  နှစ်စဉ် အစီရင်ခံစာတင်ရပါတယ်။ မူဝါဒ (၁၀) ချက်ကို ဆီလျော်သလို ဘာသာပြန်ထားတာက ဒီလိုပါ။

လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ
(၁) စီးပွါးရေးလုပ်ငန်းများသည် နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို လေးစား၍ ထောက်ခံရမည်။
(၂) စီးပွါးရေးလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပါတ်သက်ခြင်းမရှိရန် ရှောင်ကြဉ်ရမည်။

အလုပ်သမားရေးရာမူဝါဒများ
(၃) စီးပွါးရေးလုပ်ငန်းများသည် အလုပ်သမားများ၏ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ခွင့်ပြုရမည်။ အလုပ်သမားများ၌ စုပေါင်းတောင်းဆိုညှိနှိုင်းခွင့်ရှိသည်ကို အသိအမှတ်ပြုရမည်။
(၄) စီးပွါးရေးလုပ်ငန်းများသည် အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ မဖြစ်မနေဆောင်ရွက်စေခိုင်းမှုများ အားလုံးကို ဖျက်သိမ်းရမည်။
(၅) စီးပွါးရေးလုပ်ငန်းများသည် ကလေးလုပ်သားများခိုင်းစေခြင်းကို ထိရောက်စွာ ဖျက်သိမ်းရမည်။
(၆) စီးပွါးရေးလုပ်ငန်းများသည် အလုပ်ရာထူးခန့်အပ်ခြင်းနှင့် ရာထူးတိုးခြင်းများနှင့်ပါတ်သက်၍ (အသားအရောင်၊ ကျား/မ၊ အသက်အရွယ်၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး) ခွဲခြားဆက်ဆံမှုများကို ဖျက်သိမ်းရမည်။  

သဘာဝပါတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ
(၇) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သည့် စိန်ခေါ်မှုများကို သတိကြီးစွာချဉ်းကပ်ရမည်။
(၈) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု၊ လှုပ်ရှားမှုများကို တာဝန်ယူဆောင်ရွက်ရမည်။
(၉) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပျံ့နှံ့မှုများကို အားပေးရမည်။

အဂတိလိုက်စားမှုဆိုင်ရာမူဝါဒများ
(၁၀) စီးပွါးရေးလုပ်ငန်းများသည် လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ ငွေညှစ်ခြင်းအပါအဝင် အဂတိလိုက်စားမှုအားလုံးကို ဆန့်ကျင်ရမည်။


အထက်ဖော်ပြပါ မူဝါဒ (၁၀) ချက်ဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့၊ ကိုယ်ကျိုးစီးပွါးနဲ့ အများအကျိုးကို မျှမျှတတပေါင်းစပ်ဆောင်ရွက်ချင်တဲ့၊ ကောင်းသောအသက်မွေးဝမ်းကျောင်းမှုနဲ့ ရပ်တည်ချင်တဲ့ စီးပွါးရေးသမားများအတွက် မလိုက်နာနိုင်စရာ အကြောင်းမရှိတဲ့ မူဝါဒတွေပါ။ မြန်မာနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်တွေ ဒီမူဝါဒ (၁၀) ချက်ကို လက်ခံကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာပြီး UN Global Contact  ကို ဆက်သွယ်ဝင်ရောက်ကြဖို့ မျှော်လင့်ပါတယ်။ အခုကိုပဲ Global Contact ကို ဆက်သွယ်ဝင်ရောက်တဲ့ မြန်မာစီးပွါးရေးလုပ်ငန်းအချို့ ရှိနေပြီလို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ "ကာကွယ်၊ လေးစား၊ ပြုပြင်" ဆိုတဲ့ မူဘောင်တွေကို အကောင်အထည်ဖော်ဖို့ ရေးဆွဲပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်မှာ အတည်ပြုထားတဲ့ "စီးပွါးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်မူဝါဒများ" (UN Guiding Principles on Business and Human Rights) ဆိုတာ ရှိပါသေးတယ်။ နောက်မှ ဆောင်းပါးတစ်ပုဒ် သတ်သတ်ရေးပြီး ဆွေးနွေးပါ့မယ်။
 



0 comments: