မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၇၃) လွှတ်တော်နှင့် အသင်းအဖွဲ့များမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ
၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ထုတ် အစိုးရသတင်းစာများမှာ
ပြည်ထောင်စုလွှတ်တော်က ဥပဒေအမှတ် ၃၁/၂၀၁၄ အဖြစ် အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ "အသင်းအဖွဲ့များ
မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ" (သင်းဖွဲ့ဥပဒေ) ကို သမ္မတဦးသိန်းစိန်ရဲ့ လက်မှတ်နဲ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခန့်က
၂၀၁၃ ခုနှစ် ဇူလိုင်လထဲမှာ ထုတ်ပြန်ခဲ့တဲ့ "အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း"
ထက်တော့ အများကြီးပိုကောင်းပါတယ်။
ဒါပေမည့်လည်း ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများရဲ့ တောင်းဆိုချက်တွေကို ပစ်ပယ်ပြီး ကန့်သတ်ချုပ်ချယ်မှုလို့
ယူဆရမည့် အချက်တွေကို ထည့်သွင်းပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။ အခု နောက်ဆုံးအတည်ပြုလိုက်တဲ့
သင်းဖွဲ့ဥပဒေဟာ ဆိုးဝါးတဲ့ ဥပဒေတစ်ခုမဟုတ်ပေမည့် ကောင်းမွန်ပြည့်စုံသော ဥပဒေတစ်ခုလည်း
မဟုတ်ပြန်ပါ။ ပြင်ဆင်သင့်တဲ့အချက်၊ ဖြည့်စွက်သင့်တဲ့အချက်များကို ဒီဆောင်းပါးနဲ့ အကြံပြုဆွေးနွေးချင်ပါတယ်။
(က)
ပြည်ထဲရေးဝန်ကြီးဋ္ဌာနနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့၏ ထိန်းချုပ်မှု
ဒီဥပဒေအရ အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းနဲ့ပါတ်သက်ပြီး
ခွင့်ပြုချက်ပေးရန်အာဏာရှိတဲ့ အဖွဲ့များကို ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်၊
နေပြည်တော်ကောင်စီအဆင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသအဆင့်၊ ခရိုင်အဆင့်၊
မြို့နယ်အဆင့် ဆိုပြီး အဆင့်ဆင့်ဖွဲ့စည်းထားပါတယ်။ ပြည်ထောင်စုအဆင့်မှာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန
ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌဖြစ်ပြီး ညွှန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက
အတွင်းရေးမှူးဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ
တိုင်း/ဒေသအဆင့်တွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးများ က အတွင်းရေးမှူးများဖြစ်ကြပါတယ်။
ခရိုင်အဆင့်နဲ့ မြို့နယ်အဆင့်မှာတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာန (ထွေ/အုပ်) ခရိုင်အုပ်ချုပ်ရေးမှူးများနဲ့
မြို့နယ်အုပ်ချုပ်ရေးမှူးများက ဥက္ကဋ္ဌများဖြစ်ကြပြီး လက်ထောက်ညွှန်ကြားရေးမှူးများနဲ့ မြို့နယ်ဦးစီးအရာရှိများက
အတွင်းရေးမှူးများ အသီးသီးဖြစ်ကြပါတယ်။ ဒီဖွဲ့စည်းပုံအရ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးနဲ့
ပါတ်သက်ပြီး အဓိကအာဏာအပ်နှင်းထားတာက ပြည်ထဲရေးဝန်ကြီးနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနတို့
ဖြစ်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဟာ နိုင်ငံတော်သမ္မတက
ရွေးချယ်တာဝန်ပေးသူမဟုတ်ပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တာဝန်ပေးသူဖြစ်ပါတယ်။
ထွေ/အုပ်ဋ္ဌာနဟာ ပြည်ထဲရေးဝန်ကြီးဋ္ဌာန လက်အောက်ခံဖြစ်ပြီး တစ်နိုင်ငံလုံးရဲ့ ဒေသန္တရအုပ်ချုပ်ရေးကို လက်တွေ့ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။
ဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်က ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက တဆင့် တစ်နိုင်ငံလုံးကို
သွယ်ဝိုက်အုပ်ချုပ်နေတယ်လို့ ပြောကြပါတယ်။ အခုလည်း ဒီဥပဒေအရ ကာကွယ်ရေးဦးစီးချုပ်ဟာ
ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်ဋ္ဌာနက တဆင့် မြန်မာနိုင်ငံရဲ့ အရပ်ဘက်အဖွဲ့အစည်းများကို သွယ်ဝိုက်ပြီး ထိန်းချုပ်ခွင့်ရှိသလို
ဖြစ်နေပါတယ်။
အသင်းအဖွဲ့များဟာ အစိုးရအဖွဲ့အစည်းများ မဟုတ်ကြသလို အစိုးရလက်အောက်ခံအဖွဲ့အစည်းများလည်း
မဟုတ်ကြပါ။ အသင်းအဖွဲ့များ မှတ်ပုံတင်ရေးကို ကြီးကြပ်ဖို့ အဖွဲ့များဖွဲ့မယ်ဆိုရင် ပြည်ထောင်စုအဆင့်မှာ
သမ္မတက ရွေးချယ်တာဝန်ပေးတဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင်များ၊ တိုင်းဒေသကြီး/ပြည်နယ်၊ နေပြည်တော်ကောင်စီ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ အဆင့်တွေမှာ သက်ဆိုင်ရာ ဒေသအစိုးရများက ရွေးချယ်တာဝန်ပေးတဲ့
လေးစားလောက်သော အရပ်သားများ၊ ခရိုင်နဲ့ မြို့နယ်အဆင့်တွေမှာလည်း သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများက
ရွေးချယ်တာဝန်ပေးတဲ့ အရပ်သားများနဲ့ ဖွဲ့စည်းသင့်ပါတယ်။ တကယ်လို့ အစိုးရဝန်ကြီးဋ္ဌာနတစ်ခုခုက
တာဝန်ယူမှ ဖြစ်မယ်ဆိုရင်လည်း ပြည်ထဲရေးဝန်ကြီးနဲ့ ထွေအုပ်အစား နိုင်ငံတော်သမ္မတက ခန့်အပ်တာဝန်ပေးတဲ့
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်)
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး (သို့မဟုတ်)
ပညာရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ၎င်းဝန်ကြီးဋ္ဌာနလက်အောက်ခံ ဦးစီးဋ္ဌာနတစ်ခုခုကို
တာဝန်ပေးသင့်ပါတယ်။
(ခ)
စည်းကမ်းချက်ဖြင့် ခွင့်ပြုခြင်း
ဒီဥပဒေ အခန်း (၄)၊ ပုဒ်မ (၈)၊ ပုဒ်မခွဲ (က) မှာ "နိုင်ငံတော်၏
တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးကို ထိခိုက်နိုင်ရန်အကြောင်းမရှိပါက အသင်းအဖွဲ့အဖြစ်
မှတ်ပုံတင်ခြင်းကို စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်။" ဆိုပြီး ဖော်ပြထားပါတယ်။
အလားတူပဲ၊ အခန်း (၅)၊ ပုဒ်မ (၁၇)၊ ပုဒ်မခွဲ (က) မှာလည်း အစိုးရမဟုတ်သော နိုင်ငံတကာအသင်းအဖွဲ့များကို
"စည်းကမ်းချက်များသတ်မှတ်၍ ခွင့်ပြုနိုင်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒီနေရာမှာ
"စည်းကမ်းချက်များ သတ်မှတ်၍" ဆိုတဲ့ ပြဋ္ဌာန်းချက်အပေါ်မှာ စိုးရိမ်ပူပန်စရာဖြစ်လာပါတယ်။
ပြီးခဲ့တဲ့ စစ်အစိုးရလက်ထက်မှာ အသင်းအဖွဲ့များကို "နိုင်ငံရေးကင်းရှင်းရမည်"
"ဦးဆောင်နာယကအဖွဲ့တွင် ရဟန်းသံဃာများ မပါဝင်ရ" စတဲ့ မတရားတဲ့ စည်းကမ်းချက်တွေ
သတ်မှတ်ခဲ့တာကို ပြန်သတိရမိပါတယ်။ အသေးစိတ်ရှင်းလင်းချက်မပါဝင်တာမို့ အဲဒီ "စည်းကမ်းချက်များ"
ဆိုတာ မှတ်ပုံတင်ရေးအဖွဲ့ကို ခေါင်းဆောင်တဲ့ ပြည်ထဲရေးဝန်ကြီးနဲ့ ထွေ/အုပ်အရာရှိများရဲ့ ဆန္ဒ၊ ဒေါသ၊ အာဃာတတွေအပေါ် မူတည်ပြီး အတိုင်းအဆမရှိ
ကျယ်ပြန့်နိုင်ပါတယ်။ ဒါကြောင့် ဒီဥပဒေပါ "စည်းကမ်းချက်များဖြင့်" ဆိုတဲ့
စကားလုံးကို လုံးဝ ဖြုတ်ဖို့၊ ဒါမှမဟုတ် "စည်းကမ်းချက်များ" ဆိုတာကို ဒီဥပဒေထဲမှာတင်
အသေးစိတ်ရှင်းလင်းဖွဲ့ဆိုဖို့ လိုအပ်ပါတယ်။
(ဂ)
မှတ်ပုံတင်ခွင့်လျှောက်ထားရန်မလိုသော အသင်းအဖွဲ့များ
အခန်း (၆)၊ ပုဒ်မ (၁၉) မှာ ဒီဥပဒေအရ မှတ်ပုံတင်ခွင့်လျှောက်ထားရန်မလိုသော
အသင်းအဖွဲ့ ၃ မျိုးကို ပြဋ္ဌာန်းထားပါတယ်။ (က) ဘာသာရေး၊ သာသနာရေးနှင့် စီးပွါးရေးသက်သက်ကိုသာ
ကျင့်သုံးဆောင်ရွက်သော အဖွဲ့များ၊ (ခ) နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့
လျှောက်ထားရမည့် နိုင်ငံရေးအသင်းအဖွဲ့များ၊ (ဂ) တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ဖွဲ့စည်းထားသော
အသင်းအဖွဲ့များ တို့ဖြစ်ကြပါတယ်။ မလုံလောက်ပါ။ မြန်မာနိုင်ငံအတွင်းက အခြေခံပညာကျောင်းများ၊
အထက်တန်းပညာနဲ့ အသက်မွေးဝမ်းကြောင်းပညာ တက္ကသိုလ်၊ ကောလိပ်များမှာ ဖွဲ့စည်းထားတဲ့၊ ဖွဲ့စည်းကြမည့်
ကျောင်းသားအဖွဲ့အစည်းများအားလုံးဟာလည်း ဒီဥပဒေအရ မှတ်ပုံတင်လျှောက်ရန် မလိုအပ်ကြောင်း
ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။ နာရေးကူညီမှုအသင်းတွေလို၊ ပညာဒါနကျောင်းတွေလို ဒုက္ခရောက်နေသူများ၊
ချို့တဲ့နွမ်းပါးသူများကို ကူညီစောင့်ရှောက်ကြတဲ့ ပရဟိတအသင်းအဖွဲ့များ၊ စာဖတ်အသင်းများ၊
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့အစည်းများ ဟာလည်း ဒီဥပဒေအရ မှတ်ပုံတင်လျှောက်ရန်
မလိုအပ်သင့်ပါ။
ကျောင်းသားအဖွဲ့အစည်းများနှင့် ပါတ်သက်ပြီး နောက်ပေါ်ပေါက်လာမည့်
အခြေခံပညာရေးဥပဒေ၊ အဆင့်မြင့်ပညာရေးဥပဒေများမှာ ပြဋ္ဌာန်းဖို့ရှိပါတယ်လို့ လွှတ်တော်ကိုယ်စားလှယ်များက
ပြောကြတယ်လို့ ကြားရပါတယ်။ သက်ဆိုင်ရာပညာရေးဥပဒေများ ပေါ်ပေါက်လာဖို့ အချိန်အတော်ကြာဦးမယ်
ထင်ပါတယ်။ အဲဒီ ဥပဒေတွေ မပေါ်ပေါက်သေးသ၍ ကနေ့ ကျောင်းသားများရဲ့ ကျောင်းသားသမဂ္ဂများဖွဲ့စည်းမှု၊ လှုပ်ရှားမှုများမှာ
အခက်အခဲရှိနေတာမို့ ဒီအသင်းအဖွဲ့ဥပဒေမှာတင် ကျောင်းသားအဖွဲ့အစည်းများ မှတ်ပုံတင်ခွင့်လျှောက်ထားရန်
မလိုအပ်ကြောင်း ထည့်သွင်းပြဋ္ဌာန်းပေးဖို့ လိုအပ်ပါတယ်။
(ဃ)
အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့် အကျိုးခံစားခွင့်
ဒီဥပဒေ အခန်း (၄)၊ ပုဒ်မ (၇) အရ ပြည်တွင်းအသင်းအဖွဲ့များ
မှတ်ပုံတင်လျှောက်ထားခြင်းဟာ ၎င်းအဖွဲ့များရဲ့
ဆန္ဒအလျောက်ဖြစ်ပါတယ်။ အဖွဲ့တိုင်း မဖြစ်မနေမှတ်ပုံတင်ရမယ်လို့ ပြဋ္ဌာန်းမထားပါ။
ဒါကြောင့် အသင်းအဖွဲ့များဟာ မှတ်ပုံတင်လျှောက်မထားပဲ လွတ်လပ်စွာရပ်တည်ခွင့်၊ လှုပ်ရှားခွင့်ရှိပါတယ်။
ဒီနေရာမှာ မှတ်ပုံတင်တဲ့ အသင်းအဖွဲ့များကို နိုင်ငံတော်က ဘာတွေပြန်လည်ကူညီသလဲ၊ မှတ်ပုံတင်အဖွဲ့များရဲ့ အကျိုးခံစားခွင့်တွေက ဘာတွေလဲဆိုတာ အရေးကြီးပါတယ်။
အသင်းအဖွဲ့များကို မှတ်ပုံတင်ခြင်းဖြင့် နိုင်ငံတော်ရဲ့ အကာအကွယ်နဲ့ အကူအညီကို ထိထိရောက်ရောက်ရရှိမယ်၊ သိသာထင်ရှားတဲ့
အကျိုးခံစားခွင့်တွေရှိမယ်ဆိုရင် အသင်းအဖွဲ့များက မှတ်ပုံတင်ဖို့ ရွေးချယ်ကြမှာပါ။
အခန်း (၈) မှာ "အသင်းအဖွဲ့များအား အကာအကွယ်ပေးခြင်းနှင့်
အကျိုးခံစားခွင့်" များကို ပြဋ္ဌာန်းထားပါတယ်။ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို
ဝန်ကြီးဋ္ဌာနများ၊ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများက ဥပဒေနဲ့အညီ ကူညီခြင်း၊ အကာအကွယ်ပေးခြင်း၊
နိုင်ငံတော်မှ ပေးအပ်သည့် အထောက်အပံ့များကို လက်ခံနိုင်ခြင်း၊ နိုင်ငံတကာအစိုးရများ၊
နိုင်ငံတကာအဖွဲ့အစည်းများ၊ ပြည်တွင်းအလှူရှင်များ၊ ပြည်တွင်းအဖွဲ့အစည်းများမှ အထောက်အပံ့ကို
ရယူနိုင်ခြင်း၊ အသင်းအဖွဲ့အနေဖြင့် တရားစွဲဆိုနိုင်ခြင်း၊ တရားစွဲဆိုခံနိုင်ခြင်း၊
ရန်ပုံငွေထူထောင်ခြင်း၊ ဘဏ်ငွေစာရင်းဖွင့်နိုင်ခြင်း၊ အလှူငွေကောက်ခံနိုင်ခြင်း၊ ရွှေ့ပြောင်းနိုင်သောပစ္စည်းများနှင့်
မရွှေ့ပြောင်းနိုင်သော ပစ္စည်းများပိုင်ဆိုင်ခွင့်ရှိခြင်း၊ အဖွဲ့အစည်း၏ ကိုယ်ပိုင်တံဆိပ်၊
ကိုယ်ပိုင်အမှတ်အသား၊ ကိုယ်ပိုင်ဝတ်စုံဒီဇိုင်းများ မူပိုင်ခွင့်ရှိခြင်း၊ စတဲ့ အကျိုးခံစားခွင့်တွေ
ပြဋ္ဌာန်းထားပါတယ်။
အဲဒီ အကျိုးခံစားခွင့်မှာ မပါဝင်တာက ဝင်ငွေခွန်ကင်းလွတ်ခွင့်ဖြစ်ပါတယ်။
အင်မတန်အရေးကြီးတဲ့ အချက်ပါ။ မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို လှူဒါန်းတဲ့ လူပုဂ္ဂိုလ်များ၊
အဖွဲ့အစည်းများအနေနဲ့ သူတို့လှူဒါန်းတဲ့ ငွေပမာဏအပေါ်မှာ ဝင်ငွေခွန်သက်သာခွင့်ရှိရပါမယ်။
ဒါမှပဲ လှူချင်သူတွေ လှူရဲကြမှာပါ။ မှတ်ပုံတင်ထားတဲ့အသင်းအဖွဲ့က ထုတ်ပေးတဲ့ အလှူငွေ မည်၍မည်မျှရရှိကြောင်း
အသိအမှတ်ပြုကျေးဇူးတင်လွှာဟာ သက်ဆိုင်ရာလှူဒါန်းသူအတွက် ဝင်ငွေခွန်ကောက်ခံတဲ့ ဋ္ဌာနကို
တင်ပြစရာ ခိုင်လုံတဲ့ သက်သေအထောက်အထားဖြစ်ရပါမယ်။ အလားတူပဲ မှတ်ပုံတင်အသင်းအဖွဲ့များဟာ
၎င်းတို့ရရှိတဲ့ ဝင်ငွေအပေါ်မှာ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိရပါမယ်။ အဆိုပါ အသင်းအဖွဲ့များဟာ
စီးပွါးရေးအကျိုးအမြတ်အတွက် တည်ရှိတဲ့အသင်းအဖွဲ့များ မဟုတ်ကြတာကြောင့် ၎င်းမှတ်ပုံတင်
အဖွဲ့အစည်းများရဲ့ နှစ်စဉ်ဝင်ငွေအပေါ် ဝင်ငွေခွန် မကောက်ခံသင့်ပါ။ တစ်ဖက်မှာလည်း မှတ်ပုံတင်မထားတဲ့
အသင်းအဖွဲ့များအနေနဲ့ နှစ်စဉ်ဝင်ငွေအပေါ် ဝင်ငွေခွန်ဆောင်ရန် တာဝန်ရှိသင့်ပါတယ်။ မှတ်ပုံတင်မထားတဲ့
အဖွဲ့များကို လှူဒါန်းသူများအားလည်း ဝင်ငွေခွန်သက်သာခွင့်ပေးရန် မလိုအပ်ပါ။
ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၁၅/၂၀၁၄ ဖြစ်တဲ့ "ဝင်ငွေခွန်ဥပဒေကို
ပြင်ဆင်သည့်ဥပဒေ" ကို လေ့လာကြည့်မိပါတယ်။ ပုဒ်မ (၅)၊ ပုဒ်မခွဲ (က) မှာ ပြဋ္ဌာန်းထားတဲ့
ဝင်ငွေခွန်ကင်းလွတ်ခွင့်ရှိတဲ့ စာရင်းမှာ "ဒီသင်းဖွဲ့ဥပဒေအရ မှတ်ပုံတင်မည့် အသင်းအဖွဲ့များ"
မပါဝင်ပါ။ ပုဒ်မ (၅)၊ ပုဒ်မခွဲ (ခ/၂) မှာတော့ "ပြည်ထောင်စုအစိုးရသည် (ကက) ပြည်တွင်း/ပြည်ပအလှူရှင်များ၊
နိုင်ငံတကာအဖွဲ့အစည်းများမှ နိုင်ငံတော်အတွင်း လူမှုရေး၊ ဘာသာရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များအတွက်
လှူဒါန်းခြင်းမှ ရသည့်ဝင်ငွေ၊ (ဃဃ) သဘာဝဘေးအန္တရာယ်များကျရောက်ချိန်တွင် ပြည်တွင်းပြည်ပအဖွဲ့အစည်းများမှ
ထောက်ပံ့လှူဒါန်းသည့် ပစ္စည်း သို့မဟုတ် အလှူငွေ" များနှင့် စပ်လျင်း၍ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပေးခြင်း၊
သို့မဟုတ် သက်သာခွင့်ပေးခြင်း၊ သို့မဟုတ် အခွန်နှင့်စပ်လျင်းသည့် အခြားခံစားခွင့်ပေးခြင်းတို့ကို
ပြုလုပ်နိုင်သည်" ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒါဟာဖြင့် မှတ်ပုံတင်အသင်းအဖွဲ့များ
ဝင်ငွေခွန်ကင်းလွတ်ခွင့်နဲ့ ပါတ်သက်ပြီး ဥပဒေပြုလွှတ်တော်က အုပ်ချုပ်ရေးအဖွဲ့ကို သင့်တော်သလို
ဆောင်ရွက်ဖို့ အာဏာလွှဲလိုက်သလို ဖြစ်နေပါတယ်။ ဖြစ်သင့်တာက ဥပဒေပြုလွှတ်တော်ကိုယ်တိုင်က
မှတ်ပုံတင်ထားတဲ့ အသင်းအဖွဲ့များကို ဝင်ငွေခွန်မကောက်ခံဖို့ ဥပဒေထဲမှာ ရေးဆွဲပြဋ္ဌာန်းပြီး
အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားရမှာပါ။
"ဝင်ငွေခွန်ဥပဒေကို ပြင်ဆင်သည့်ဥပဒေ" ပုဒ်မ
(၅)၊ ပုဒ်မခွဲ (ဃ) မှာ "တည်ဆဲအခြားဥပဒေ တစ်ရပ်ရပ်တွင် ဝင်ငွေခွန်နှင့် စပ်လျင်းသည့်
အကျိုးခံစားခွင့်များ ပြဋ္ဌာန်းပါရှိလျင် ယင်းပြဋ္ဌာန်းချက်များနှင့် အညီ ခံစားခွင့်ရှိစေရမည်"
လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့ တည်ဆဲဖြစ်တော့မည့် "အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ"
မှာ "မှတ်ပုံတင်အသင်းအဖွဲ့များအား နှစ်စဉ်ဝင်ငွေပေါ်တွင် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
မှတ်ပုံတင်အသင်းအဖွဲ့များအား လှူဒါန်းသူများအတွက် လှူဒါန်းငွေအပေါ်တွင် ဝင်ငွေခွန်သက်သာခွင့်
စတဲ့ အကျိုးခံစားခွင့်များ" ကို ဥပဒေပြုလွှတ်တော်က ထည့်သွင်းပြဋ္ဌာန်းပြီး မှတ်ပုံတင်အသင်းအဖွဲ့များကို
အထောက်အပံ့ပြုသင့်ပါတယ်။
(င)
နဝတရဲ့ နည်းဥပဒေ
သင်းဖွဲ့ဥပဒေရဲ့
ပုဒ်မ (၄၁) မှာ "အသင်းအဖွဲ့များဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ (နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၊
ဥပဒေ အမှတ် ၆/၈၈) (သင်းဖွဲ့ ၆) အရ ထုတ်ပြန်ခဲ့သော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊
အမိန့်နှင့်ညွှန်ကြားချက်များကို ဤဥပဒေနှင့် မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးဆောင်ရွက်ခွင့်ရှိသည်"
လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာလည်း စိတ်မသက်သာစရာပါ။ နဝတစစ်အစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တဲ့
(သင်းဖွဲ့ ၆) ဆိုတဲ့ ဥပဒေဟာ အင်မတန်ရက်စက်ကြမ်းကြုတ်တဲ့ ဥပဒေတစ်ခုဖြစ်ပြီး ဒီမိုကရေစီအင်အားစုများ၊
အလုပ်သမားအဖွဲ့အစည်းများ၊ ကျောင်းသားသမဂ္ဂများကို ဖိနှိပ်ဖို့ ရည်ရွယ်ပြဋ္ဌာန်းခဲ့တာပါ။
မူရင်းဥပဒေက ကြမ်းကြုတ်သလို လက်အောက်ခံနည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များဟာလည်း
ကြမ်းကြုတ်ပါတယ်။ မူရင်းဥပဒေကို ပုဒ်မ (၄၃) နဲ့ ရုပ်သိမ်းလိုက်ပေမည့် နည်းဥပဒေနဲ့ အမိန့်ညွှန်ကြားချက်တွေကို
ဆက်လက်သုံးစွဲနိုင်တယ်ဆိုတာ ရှေ့မှာဖော်ပြထားတဲ့ "စည်းကမ်းချက်များ သတ်မှတ်၍ ခွင့်ပြုနိုင်သည်"
ဆိုတဲ့ ပြဋ္ဌာန်းချက်နဲ့ ပေါင်းပြီးစဉ်းစားရင် ကြောက်စရာကောင်းလှပါတယ်။ ဒါကြောင့် နဝတဥပဒေ
သင်းဖွဲ့ (၆) ရဲ့ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်များကိုပါ ရုပ်သိမ်းပြီး နည်းဥပဒေအသစ်ကို
အရပ်ဘက်အဖွဲ့အစည်းများ၊ လူ့အခွင့်အရေးရှေ့နေများနဲ့ ညှိနှိုင်းတိုင်ပင်ပြီး ရေးဆွဲသင့်ပါတယ်။
အောင်ဒင်
ဇူလိုင် ၃၀၊ ၂၀၁၄
ဇူလိုင် ၃၀၊ ၂၀၁၄
0 comments:
Post a Comment