BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, November 23, 2015

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း (7 Day Daily)

‘‘အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတော့ ဖြစ်လာနိုင်တယ်’’

နိုင်ငံရေးအကျဉ်းသားဟောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားခဲ့သူနှင့် မြန်မာ့နိုင်ငံရေး လေ့လာသူ ကိုအောင်ဒင်နှင့်တွေ့ဆုံခြင်း
http://www.7daydaily.com/story/50118

ရွေးကောက်ပွဲပြီးတဲ့အချိန်မှာ ဖြစ် လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခြေ အနေကို ဘယ်လိုခန့်မှန်းထားပါသလဲ။

ကျွန်တော်အခုကြည့်တာ ခန့်မှန်းခြေလေးမျိုးရှိတယ်။ ပထမခန့်မှန်းခြေကတော့ ပြည်သူ့လွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နေရာအများစုအနိုင်ရမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့
လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကပဲ ပြည်သူ့လွှတ်တော်ကိုယ်စားပြုတဲ့ ဒုတိယသမ္မတလောင်းတစ်ယောက်ကို တင်သွင်းနိုင်မယ်။ ကြံ့ခိုင်ရေးကကျတော့ လွှတ်တော်
နှစ်ရပ်စလုံးမှာ အများစုမရဘူး။ အမျိုးသားလွှတ်တော်မှာ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ နောက်တစ်ခါ ကြံ့ခိုင်ရေးနှင့် မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတွေပေါင်းပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ နေရာကိုရမယ်။
ဒါပေမဲ့ ဒုသမ္မတလောင်းတစ်ယောက်ကိုတော့ တိုင်းရင်းသားပါတီတွေက ရွေးချယ်နိုင်လိမ့်မယ်ထင်တယ်။ ကြံ့ခိုင်ရေးရဲ့သမ္မတလောင်းက သီးခြားမဟုတ်ဘဲ တပ်နဲ့တွဲပြီး တပ်ရဲ့ကိုယ်စား လှယ်အဖြစ် တင်ရမယ့်သဘော ဖြစ်သွားမယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကတော့ ဒေါ်အောင်ဆန်းစုကြည်ပေါ့ဗျာ။ သမ္မတလောင်းအနေနဲ့ကတော့ NLD က သမ္မတလောင်းတစ်ယောက်။ တိုင်းရင်းသားပါတီတွေက သမ္မတလောင်းတစ်ယောက်နဲ့ ကြံ့ခိုင်ရေးနဲ့ တပ်နဲ့ပေါင်းပြီး သမ္မတလောင်း တစ်ယောက်ပေါ့။ အဲဒီ သမ္မတလောင်းတစ်ယောက် ရွေးတဲ့အခါမှာတော့ ပြည်ခိုင်ဖြိုးနဲ့ တပ်နဲ့ပေါင်းထားတဲ့ သမ္မတလောင်းက
သမ္မတနေရာကို ရလိမ့်မယ်လို့ထင်တယ်။ ဒါကတော့ ပထမခန့်မှန်းချက်ပေါ့။

ဒုတိယခန့်မှန်းချက်က NLD က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုရမယ်။ ဒါပေမဲ့လည်း သမ္မတလောင်းတင်နိုင်တဲ့ အနေအထားတို့၊ လွှတ်တော်ဥက္ကဋ္ဌနေရာရနိုင်တဲ့ အနေအထားမရှိဘူး။ ဒီချုပ်က
လွှတ်တော်နှစ်ရပ်မှာ နေရာအများစုရမယ်။ သို့သော်လည်း လွှတ်တော်ဥက္ကဋ္ဌဖြစ်နိုင်တဲ့ အရေအတွက်လည်း မဟုတ်ဘူး။သမ္မတလောင်းတင်နိုင်တဲ့ အရေအတွက်လည်းမဟုတ်ဘူး။ ကြံ့ခိုင်ရေးကပဲသမ္မတရာထူးရမယ်။ လွှတ်တော်နှစ်ရပ်မှာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးကရမယ်။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကိုတော့ ကြံ့ခိုင်ရေးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုခုက ရမယ်။ ဒါဒုတိယခန့်မှန်းချက်ပေါ့။

တတိယခန့်မှန်းချက်ကကျတော့ဒီချုပ်အားကောင်းမယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာမယ်။ နောက်ဒီချုပ်ခေါင်းဆောင် တစ်ယောက်ကိုလည်း ပြည်သူ့လွှတ်တော်ကဒုသမ္မတလောင်း တစ်ယောက်အဖြစ် တင်သွင်းနိုင်မယ်။ အမျိုးသား လွှတ်တော်မှာကျတော့ ဒီချုပ်က နေရာအများစုရမယ်။ ဒါပေမဲ့ ကြံ့ခိုင်ရေး၊ တပ်နဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ တိုင်းရင်းသား ခေါင်းဆောင်တစ်ယောက်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရမယ်။ ကြံ့ခိုင်ရေးနဲ့ တိုင်းရင်းသားပါတီတွေ ပေါင်းပြီးတော့ပဲ ကြံ့ခိုင်ရေးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ် တင်မြှောက်ခံရမယ်။
အဲဒီတော့ ကြံ့ခိုင်ရေးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိက အတိုက်အခံပါတီဖြစ်လာမယ်ပေါ့။ သမ္မတရွေးကောက်ပွဲမှာတော့ ဒီချုပ်သမ္မတလောင်းက မဲအများဆုံးနဲ့ သမ္မတဖြစ်လာနိုင်တယ်။ ကြံ့ခိုင်ရေးနဲ့
တိုင်းရင်းသား ကိုယ်စားလှယ်က ဒုသမ္မတဖြစ်လာနိုင်တယ်။

ခန့်မှန်းချက်လေးကတော့ ဒီချုပ်အတွက် အကောင်း ဆုံးပေါ့။ လွှတ်တော်နှစ်ရပ်စလုံး ဥက္ကဋ္ဌရာထူးကိုလည်း ဒီချုပ်ကရမယ်။ သမ္မတရာထူးကိုလည်း ဒီချုပ်ကရမယ်ဆိုတော့ လွှတ်တော် ဥက္ကဋ္ဌအာဏာတွေရော၊ သမ္မတအာဏာတွေရော ဒီချုပ်ကလွှမ်းမိုးပိုင်ဆိုင်နိုင်မယ့် အနေအထားပေါ့။

ခန့်မှန်းချက် (၁)ကနေ (၄)အထိ မှာ(၁)ကဖြစ်နိုင်ခြေအရှိဆုံးပေါ့။ (၄)က ဖြစ်နိုင်ခြေအနည်းဆုံးပေါ့။

ဘယ်လိုအချက်တွေအပေါ် အခြေခံပြီး အဲဒီလိုခန့်မှန်းချက်တွေ ရလာတာလဲခင်ဗျ။

နိုင်ငံရေးပါတီပေါင်း ကိုးဆယ်ကျော်ရှိတယ်။ အဲဒီအထဲမှာ မဲဆန္ဒနယ် အားလုံးနီးပါးကို ဝင်ပြိုင်တဲ့ ပါတီကြီးကနှစ်ခုပဲရှိတယ်။  ကြံ့ခိုင်ရေးနဲ့ဒီချုပ်ပေါ့။ သူတို့ နောက်မှာ တတိယလိုက်တာက တိုင်းရင်းသား
စည်းလုံးညီညွတ်ရေး ပါတီ၊တစညပေါ့။ ဒါတောင်မှ သူက လွှတ်တော်ကိုယ်စားလှယ်လောင်း ခုနစ်ရာကျော်ပဲ ဝင်ပြိုင်တာ။ ပြိုင်ရမယ့် နေရာပေါင်း ၁,၁၇၁ နေရာရှိတာမှာ ကြံ့ခိုင်ရေးနဲ့ ဒီချုပ်ကသာလျှင်
နေရာပေါင်း ၁,၁၃၀ ကျော် ၄၀ နီးပါး ပြိုင်နိုင်ကြတယ်ပေါ့။ ဒီပါတီနှစ်ခုရဲ့ ပြည်နယ်နဲ့တိုင်း ၁၄ ခုမှာ သူတို့ဘယ်လောက် အထိ စွမ်းဆောင်နိုင်လဲဆိုတာ ကြည့်တာပေါ့။ အဲဒီအခါမှာ တစ်က လွှတ်တော်
ကိုယ်စားလှယ် အရေအတွက်၊ မဲပေးနိုင်မယ့် လူဦးရေ အရေအတွက်၊ ပါတီကြီးနှစ်ခုရဲ့ အင်အား အဲဒါတွေကို ကြည့်တယ်။ နောက်တစ်ခုကကျတော့ သက်ဆိုင်ရာဒေသတွေမှာ တပ် မြေတွေရှိတယ်။ စစ်တပ်အား ကောင်းတဲ့နေရာတွေရှိတယ်။ နောက် စစ်တပ်နဲ့မဟာမိတ်ဖွဲ့ထားတဲ့ ပြည်သူ့စစ်တို့၊ နယ်ခြားစောင့်တပ်တို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကနေ အမည်ပြောင်းပြီး စစ်တပ်နဲ့ မဟာမိတ်
လုပ်ထားတဲ့ အဖွဲ့တွေရှိတယ်။ အဲဒါတွေပါ ထည့်တွက်တာပေါ့။ နောက်တစ်ခုက တပ်က နဂိုရှိပြီးသား ၂၅ ရာ ခိုင်နှုန်း အဲဒါတွေလည်း ထည့်တွက်တာပေါ့။ အဲဒီအချက်အလက်တွေကို ကျွန်တော်အခြေခံပြီး
စဉ်းစားတယ်။ နောက်တစ်ခုကကျတော့ ဒီပါတီကြီးနှစ်ခုစလုံး ဘယ်လောက်ပဲ အားကောင်းသည် ဖြစ်စေ ပြည်နယ်ခုနစ်ခုမှာ ဒီပါတီကြီး နှစ်ခုရဲ့ အခန်းကဏ္ဍက အတော်နည်းလိမ့်မယ်။ ပြည်နယ်တွေမှာ
တိုင်းရင်းသားပါတီတွေက တတ်နိုင်သလောက် အားကောင်းမောင်းသန်ပြိုင်ကြမှာကို။ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ကိုးဆယ်ကျော်မှာလည်း တိုင်းရင်းသားပါတီက ခြောက်ဆယ်ကျော်ရှိတယ်။

အဲဒီအထဲမှာမှ သက်ဆိုင်ရာ ပြည်နယ်တစ်ခုလုံးကို ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ကိုးပါတီပဲရှိ တယ်။ ကျန်တဲ့ပါတီတွေက နေရာနည်းနည်းပဲ ပြိုင်နိုင်ကြတာ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆို ပါတီကြီးနှစ်ခုကိုပဲ ကြည့်တော့တယ်။ ပြည်နယ်တွေအတွက်ဆို ခုနက ပါတီကိုးခုကိုပဲ ကြည့်တော့တယ်။ အဲဒီအခါမှာ ခုနက ခန့်မှန်းချက်တွေ ထွက်လာတာပေါ့။

တကယ်လို့ ခန့်မှန်းတဲ့ထဲက ပြည်ခိုင်ဖြိုးအားကောင်းတဲ့ အခြေအနေအတိုင်းဖြစ်သွားရင် မြန်မာ့နိုင်ငံရေးအခြေအနေက ဘယ်လိုဖြစ်သွားနိုင်မလဲ။

ကျွန်တော်ထင်တာကတော့ ဘယ်ပါတီနိုင်နိုင်ကောင်းဖို့ပဲရှိပါတယ်။ ပြည်ခိုင်ဖြိုးနိုင်တယ်ဆိုရင်လည်း လက်ရှိပေးထားတဲ့ ကတိအတိုင်း ပြောင်းလဲမှုတွေ ဆက်လုပ်မယ်ဆိုတဲ့ ကတိတွေ ဆက်ပြီး
အကောင်အထည်ဖော်မှာပဲ။ ဖော်အောင်လည်း လူထုနဲ့မဲဆန္ဒရှင်တွေ၊ မီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေက ဆက်ပြီးတွန်းအားပေးနေကြရမှာပဲ။ အလားတူ ဒီချုပ်နိုင်ရင်လည်း တစ်လျှောက်လုံးမတရားမှုတွေကို ဆန့်ကျင်ခဲ့တဲ့ ပါတီအနေနဲ့ သူအာဏာရရင်လည်း မတရားမှုတွေ ချုပ်ငြိမ်းဖို့ ကြိုးစားမှာပဲ။ အဲဒီအခါကျရင်လည်း အကောင်းဘက်ကို ဦးတည်မှာပဲ။

တကယ်လို့ ရလဒ်တစ်ခုခုပေါ် ပါတီတွေကို ထောက်ခံတဲ့သူတွေ နဲ့ ပါတီအောက်ခြေက လူတွေက မကျေနပ်လို့ အုံကြွမယ်ဆိုရင်ဘာ တွေဖြစ်လာမလဲ။

အဲဒါတော့ ကျွန်တော်စိတ်ပူတယ်။ အဲဒါက အများကြီးဖြစ်နိုင်တယ်။ အောက်ခြေမှာ အလံထောင်ပြီး စည်းရုံးနေကြတဲ့ ဘက်နှစ်ဖက်ပေါ့။ သူတို့ ထိပ်တိုက်တွေ့တာမျိုးဖြစ်သွားနိုင်တယ်။ တစ်ခုတော့
ရှိတာပေါ့။ ရွေးကောက်ပွဲပြီးမှာက နိုဝင်ဘာ ၈ ရက်။ တစ်နိုင်ငံလုံးရဲ့ ရလဒ်တွေသိရဖို့က တစ်ပတ်နဲ့ နှစ်ပတ်ကြား ကြာဦးမယ်။ ရလဒ်ကိုသိပြီးတာတောင် လွှတ်တော်ဥက္ကဋ္ဌဖြစ်ခြင်း၊ မဖြစ်ခြင်း၊ သမ္မတဖြစ်ခြင်း၊မဖြစ်ခြင်းက တစ်လ၊ နှစ်လလောက်ကြာဦးမယ်။ ကြားထဲမှာ လူထုကို cool down ဖြစ်အောင် လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ အဲဒါကတော့ ပါတီခေါင်းဆောင်တွေအပေါ် မူတည်တယ်။ ပါတီခေါင်းဆောင်တွေကရတဲ့ရလဒ်ကို လက်ခံပြီး သူတို့ ပါတီဝင်တွေကို ဖျောင်းဖျပေးနိုင်မယ်ဆိုရင်တော့ ပဋိပက္ခတွေကို ရှောင်လွှဲနိုင်မယ်။

တကယ်လို့ ပြည်ခိုင်ဖြိုး အပြည့်အဝပြန်နိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုဖြစ်သွားနိုင်ပါလဲ။

ကျွန်တော်ထင်တယ်ဗျ။ ပြည်ခိုင်ဖြိုးက အပြည့်အဝတော့ မနိုင်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည် အနည်းဆုံးတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်လာနိုင်တယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ဆိုရင် လေးရာ့လေးဆယ်
ရှိတဲ့ လွှတ်တော်မှာ အနည်းဆုံး နှစ်ရာ့နှစ်ဆယ်တော့ ရှိဖို့လိုတယ်။ အဲဒီတော့ ခုနက တိုင်းလေးခုမှာ အားကောင်းတယ်၊ တိုင်းလေးခုပေါင်းရင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ရာသုံးဆယ့်ငါးနေရာရှိတယ်။ မန္တလေး တစ်ဝက်လောက် ထည့်တွက်လိုက်၊ ဧရာဝတီတို့၊ တနင်္သာရီတို့လည်း အားမကောင်းဦးတော့ တချို့တစ်ဝက်နိုင်မှာပဲ။ ဆိုတော့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာကို ရနိုင်တဲ့ မဲနှစ်ရာကျော် လောက်ကတော့ ဒီချုပ်ကရနိုင်တယ်။ အဲဒီအခါကျတော့ ဖြစ်နိုင်တဲ့ အလားအလာက ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဖြစ်မယ်။ ဒုတိယသမ္မတ တစ်နေရာတင်နိုင်မယ်။ ဒီအဆင့်လောက်တော့ ဖြစ်မယ်ထင်တယ်။ အဲဒီလောက်ကိုတော့ ကြံ့ခိုင်ရေးနဲ့ တပ်က လက်ခံလိမ့်မယ်ထင်တယ်။

ဒေါ်အောင်ဆန်းစုကြည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဖြစ်သွားရင် တစ်ချိန်မှာ သူက ပြည်ထောင်စု လွှတ်တော်နာယကဖြစ်လာမှာပဲ။ အဲဒီအချိန်မှာ အစိုးရနဲ့ လွှတ်တော် ထိပ်တိုက်တွေ့မှုတွေ ပိုဖြစ်လာနိုင်မလား။

ဖြစ်တော့ဖြစ်မှာပဲ။ အဲဒါမှပဲ တကယ့်ပါလီမန်ဖြစ်လာမှာပဲ။ လက်ရှိလွှတ်တော်မှာ အတိုက်အခံမရှိဘူး။ အတိုက်အခံရှိခြင်းဟာ ပါလီမန်စနစ်မှာ ကျန်းမာရေးကောင်းတဲ့ အခြေအနေပါ။ လွှတ်တော်ထဲမှာ အာဏာရနဲ့ အတိုက်အခံကြားမှာ ထိပ်တိုက်တွေ့ဆုံ ခြင်းတွေဖြစ်လာနိုင်တယ်။ ဖြစ်လာတာက ကောင်းတယ်လို့ ယူဆရမယ်။ ဒါမှလည်း ပါတီစုံဒီမိုက ရေစီစနစ်က ပိုပြီးတော့ အသက်ဝင်လာမယ်။

တကယ်လို့ ဒီချုပ်နိုင်သွားပြီး အစိုးရဖွဲ့နိုင်ခဲ့ရင် ဒီချုပ်မဲဆွယ်သလောက် လုပ်နိုင်ပါ့မလား။

အဲဒါကတော့ ရိုးရိုးသားသားပြောရင် သံသယရှိတယ်။ အဲဒီမှာဗျာ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားတစ်ခု ကျွန်တော်သဘောမကျဘူး။ ပါတီအလံကိုပဲကြည့်ပြီး မဲပေး၊ သူ့လူတွေမကောင်းရင်
သူတာဝန်ယူတယ်လို့ ပြောခဲ့တယ်။ တကယ့် လက်တွေ့ကျတော့ ကိုယ်စားလှယ်တစ်ယောက်စည်းကမ်းဖောက်ရင် ပါတီကနေပဲ ထုတ်ပစ်လို့ရတယ်။ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ကနေ ဖယ်ရှားလို့မရဘူး။
အခုပြဿနာက ဒီလူတွေကို လူထုက ပါတီအလံ ကြည့်ပြီး မဲပေးလိုက်မယ်။ လူမကောင်းမှန်းသိရက်နဲ့၊ မယုံကြည်ရ မှန်းသိရက်နဲ့ မဲပေးလိုက်မယ်။ တစ်ချိန် ဒီလူတွေက ပိုဖောက်လာရင် ပါတီရဲ့ လုပ်နိုင်စွမ်းက
ပါတီက ထုတ်ပစ်ရုံပဲ။ အဲဒီအခါကျတော့ လူထုက မကောင်းတဲ့လွှတ်တော်ကိုယ်စားလှယ်ကို ငါးနှစ် ဒဏ်ခံရမှာပေါ့။ အဲဒါတော့ ကျွန်တော်မကြိုက်ဘူး။ လက်တွေ့မှာလည်း အဲဒါမျိုးရှိနိုင်တယ်။

ထပ်ဖြည့်ပြောချင်တာများ ရှိပါသေးလား။

ကျွန်တော်က အပြင်လူပါ။ အခုပြောတာအားလုံးက အပြင်လူတစ်ယောက်အနေနဲ့ ကြည့်ပြီး ပြောတာပါ။ တတ်နိုင်သလောက် အချက်အလက်တွေကို လေ့လာပြီးပြောတာပါ။ ကျွန်တော်တို့က အဆိုးတွေ တော်တော်များများကို ဖြတ်ခဲ့ပြီးပြီ။ ဒါကြောင့် နောက် လာမယ့်အခြေအနေမှာ အကောင်းတွေပဲဖြစ်စေချင်တယ်။ ပြည်သူလူထုအတွက်ကတော့ နောက်ဘယ်ပါတီအစိုးရပဲဖြစ်ဖြစ်
ကောင်းအောင်လုပ်မှာပဲ။ သူတို့တာဝန်ကျေလိမ့်မယ်။ အဲဒီလိုမဟုတ်ရင်တော့ ပြည်သူက ဒဏ်ခတ်မှာပဲ။

ကျေးဇူးတင်ပါတယ်။






0 comments: