BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, November 23, 2015

နိုဝင်ဘာ ၈ ရွေးကောက်ပွဲ။ နိုင်သူများ၊ ရှုံးသူများနှင့် မြန်မာနိုင်ငံ၏ အနာဂတ်





နိုဝင်ဘာ ၈ ရွေးကောက်ပွဲ။ နိုင်သူများ၊ ရှုံးသူများနှင့်
မြန်မာနိုင်ငံ၏ အနာဂတ်

အောင်ဒင်

ရွေးကောက်ပွဲကြီး မတိုင်ခင်မှာ ကျနော်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) ဟာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရလိမ့်မယ်။ ဒါပေမယ့် အစိုးရဖွဲ့နိုင်လောက်တဲ့အထိတော့ နိုင်မှာမဟုတ်ဘူးလို့ ခန့်မှန်းခဲ့ပါတယ်။ ပြီးတော့ တိုင်းရင်းသားပါတီတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာပြည်နယ်တွေမှာ နေရာအများစုအနိုင်ရပြီး နိုင်ငံတော်သမ္မတရာထူးအတွက် ယှဉ်ပြိုင်ကြမယ့် ပါတီကြီးများကို အရေးဆို၊ အခွင့်အရေးတောင်းနိုင်တဲ့ အနေအထားမျိုးရှိလာလိမ့်မယ်လို့လည်း ခန့်မှန်းခဲ့ပါတယ်။ အခုတော့ ရွေးကောက်ပွဲကြီး ပြီးခဲ့ပါပြီ။ ကျနော်ခန့်မှန်းချက်တွေ မှားကြောင်း ဝန်ခံပါတယ်။ ပြည်သူလူထုရဲ့ ရင်ထဲ၊ အသည်းနှလုံးထဲမှာ နှစ်ပေါင်းများစွာ တိတ်တိတ်ဆိတ်ဆိတ် သိမ်းဆည်းထားတဲ့ စစ်အာဏာရှင်များနဲ့ ဗိုလ်ချုပ်ဟောင်းများရဲ့ နိုင်ငံရေးပါတီအပေါ် မုန်းတီးမှုနဲ့ ဒေါသတွေရဲ့ အတိုင်းအတာ ပမာဏကို ကျနော် လျှော့တွက်ခဲ့မိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြည်သူလူထုအပေါ် လွှမ်းမိုးနိုင်စွမ်းကို ကျနော် လျှော့တွက်ခဲ့မိပါတယ်။ ဒီချုပ်က ပြည်ထောင်စုအစိုးရဖွဲ့နိုင်ရုံမက ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၊ ဝန်ကြီးချုပ်များကိုပါ ခန့်အပ်နိုင်တဲ့အထိ အနိုင်ရခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုသာမက ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှ အပ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်အားလုံးကို စိုးမိုးနိုင်တဲ့အထိ အနိုင်ရခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီကလွဲလို့ ကျန်တဲ့ တိုင်းရင်းသားပါတီများကတော့ အရေးနိမ့်ခဲ့ကြပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ဟာ ပြည်သူလူထုက ဆယ်စုနှစ်ပေါင်းများစွာ သူတို့ကို စစ်ဖိနပ်အောက်မှာ ဖိနှိပ်ချုပ်ချယ်ခဲ့တဲ့၊ သူတို့ရဲ့ လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ကန့်သတ်ခဲ့တဲ့ စစ်အာဏာရှင်များကို လှလှပပ ဂလဲ့စားချေလိုက်တာပါပဲ။

ဒီရွေးကောက်ပွဲကြီးက အဆုံးအဖြတ်ပေးလိုက်တဲ့ အနိုင်ရသူများကတော့ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မြန်မာပြည်သူတစ်ရပ်လုံး ဖြစ်ကြပါတယ်။ အရှုံးသမားများကတော့ တပ်မတော်၊ သမ္မတဦးသိန်းစိန်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) နဲ့ တိုင်းရင်းသားပါတီများ ဖြစ်ပါတယ်။ ရှေ့လာမယ့် ငါးနှစ်တာကာလအတွင်း မြန်မာနိုင်ငံရဲ့ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ ကိုယ်စားပြုထားတဲ့ ဒီချုပ်ပါတီနဲ့ တပ်မတော်တို့က ပုံသွင်းကြမှာ ဖြစ်ပါတယ်။

နိုင်သူများ

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီရွေးကောက်ပွဲကြီးရဲ့ အငြင်းပွါးစရာမရှိတဲ့ အကြီးမားဆုံး အောင်မြင်သူပါ။ ဒီချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ အားလုံးက သူမရဲ့ ရုပ်ပုံကို ကိုင်ဆောင်ပြီး၊ သူမရဲ့ မိန့်ခွန်းတွေကို ရွတ်ဖတ်ပြီး၊ သူမကို ချီးကျူးဂုဏ်ပြုပြီး သူတို့ကို မဲဆန္ဒရှင်များက ထောက်ခံမဲပေးအောင် စည်းရုံးခဲ့ကြတာပါ။ တကယ်တော့ ဒီရွေးကောက်ပွဲကြီးမှာ ဒေါ်အောင်ဆန်းစုကြည် တစ်ဦးတည်းက မဲဆန္ဒနယ်အားလုံးမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး ပြိုင်ဖက်ကိုယ်စားလှယ်လောင်းအားလုံးကို တစ်ဦးတည်း အနိုင်ယူခဲ့တယ်လို့ ပြော
လို့ရနိုင်ပါတယ်။ တကယ်တော့ ဒီရွေးကောက်ပွဲကြီးဟာ ပြည်သူလူထုက ဒေါ်အောင်ဆန်းစုကြည်အပေါ် တိုင်းပြည်အုပ်ချုပ်တဲ့ အာဏာကို ပေးနိုင်တဲ့အထိ ယုံကြည်ထောက်ခံမှု ရှိ၊ မရှိ သဘောထားခံယူတဲ့ ပြည်သူ့ဆန္ဒခံယူပွဲလည်း ဖြစ်ပါတယ်။

မြန်မာပြည်သူများဟာလည်း အနိုင်ရသူတွေပါ။ သူတို့ရဲ့ တိုင်းပြည်ကို နှစ်ပေါင်းများစွာ ပြည်သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး အဓမ္မအုပ်ချုပ်ခဲ့တဲ့၊ သူတို့ ဘဝတွေ၊ သူတို့ရဲ့ မိသားစုတွေ၊ သူတို့ရဲ့ လွတ်လပ်ခွင့်တွေကို ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေကို အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ သူတို့ရဲ့ ဆန္ဒမဲတွေကို အသုံးချပြီး ပြန်လှန်တိုက်ခိုက် အနိုင်ယူလိုက်ကြပါပြီ။

လွန်ခဲ့တဲ့ ၂၅ နှစ်လုံးမှာ စစ်အစိုးရအဆက်ဆက်ရဲ့ ဖိနှိပ်မှု၊ ချုပ်ချယ်မှု၊ အနိုင်ကျင့်မှုတွေကို ခါးစည်းခံစားခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလည်း ဒီရွေးကောက်ပွဲကြီးရဲ့ အဓိက အောင်မြင်သူပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အာဏာမရခဲ့တဲ့ ဒီချုပ်ပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရပြီး နိုင်ငံတော်အာဏာကို ဆက်ခံရတော့မှာပါ။ ဒီတစ်ကြိမ် အောင်မြင်မှုက ပိုပြီးကြီးမားပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်များပါဝင်တဲ့ ပြည်ထောင်စုဥပဒေပြုအဖွဲ့အစည်းကို ဦးဆောင်နိုင်ရုံတင်မကပဲ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှအပ ကျန် ပြည်နယ်/တိုင်းဒေသကြီး လွှတ်တော်များကိုပါ ဦးဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒီချုပ်အဖွဲ့ဝင်တစ်ဦးက နိုင်ငံတော်သမ္မတ ဖြစ်လာပြီး အဲဒီ သမ္မတက ပြည်နယ်/တိုင်းဒေသကြီး အစိုးရများ၊ ဝန်ကြီးချုပ်များကို ခန့်အပ်နိုင်မှာ ဖြစ်ပါတယ်။ တရားစီရင်ရေးအာဏာအတွက် ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ ပြည်ထောင်စုတရားသူကြီးများ၊ ပြည်နယ်/တိုင်း တရားလွှတ်တော်များကို ဒီချုပ်ပါတီကပဲ ရွေးချယ်ခန့်အပ် တာဝန်ပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီအချိန်၊ ဒီကာလဟာ ဒီချုပ်ပါတီအတွက် အကောင်းဆုံး၊ အပျော်ရွှင်ရဆုံး အချိန်ဖြစ်သလို နိုင်ငံတော်ကို အုပ်ချုပ်နိုင်စွမ်းရှိကြောင်း သက်သေပြရမယ့် အချိန်လည်း ဖြစ်ပါတယ်။

အရှုံးသမားများ

မြန်မာ့တပ်မတော်ဟာ ဒီရွေးကောက်ပွဲရဲ့ အကြီးမားဆုံး ရှုံးနိမ့်သူပါ။ စစ်အစိုးရအဖြစ်နဲ့ တိုင်းပြည်ကို တစ်သက်လုံးအုပ်ချုပ်လို့ မဖြစ်နိုင်မှန်းသိတဲ့ စစ်အာဏာရှင်များက တပ်မတော်ကို တိုင်းပြည်အရေးဆုံးဖြတ်နိုင်တဲ့ အခွင့်အာဏာတွေ အပ်နှင်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖန်တီးပြီး တိုင်းပြည်ကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီ လက်တွဲလို့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ အစိုးရအဖြစ် နောက်ထပ် နှစ်ပေါင်း ၅၀ လောက် ဆက်လက်အုပ်ချုပ်နိုင်ဖို့ စီစဉ်ခဲ့ကြပါတယ်။ အခုတော့ စစ်အာဏာရှင်များရဲ့ အိပ်မက် ၅ နှစ်နဲ့တင် ပြိုကွဲသွားခဲ့ပါပြီ။ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီအကြား ညီညွတ်မှုတွေ အားနည်းသွားသလို ရွေးကောက်ပွဲအလွန်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ အခန်းကဏ္ဍဟာ အလွန်သေးငယ်သွားပါပြီ။ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ကိုင်ထားတာတောင်မှ တပ်မတော်ဟာ ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အာဏာတွေကို ဒီချုပ်ပါတီနဲ့ ညှိနှိုင်းခြင်းမပြုပဲ အပြည့်အဝ အသုံးချနိုင်မှာ မဟုတ်တော့ပါ။

ရှုံးနိမ့်သူများထဲမှာ သမ္မတဦးသိန်းစိန်ကိုလည်း ထည့်သွင်းရမှာပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေက သမ္မတကို သူကိုယ်တိုင်ပြန်လည်အရွေးခံရဖို့အတွက်မှ အပ နိုင်ငံရေးပါတီအတွက် မဲဆွယ်စည်းရုံးမှုမပြုရလို့ တားမြစ်ထားပါတယ်။ ဒီကန့်သတ်ချက်တွေကို သမ္မတက ချိုးဖောက်ခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာ သမ္မတက တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လိုက်ပါပြီး နိုင်ငံတဝှမ်းကို သွားရောက်ခဲ့ပါတယ်။ သမ္မတတစ်ဦးအနေနဲ့ တာဝန်အရ ပြည်သူလူထုနဲ့ တွေ့ဆုံဆက်ဆံခြင်းဖြစ်တယ်လို့ အကြောင်းပြပေမယ့် ဒီခရီးစဉ်တွေဟာ ပြည်ခိုင်ဖြိုးပါတီအတွက် မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ဆောင်ရွက်သလို ဖြစ်နေပါတယ်။ သူ့ရဲ့ ဦးဆောင်မှုအောက်က ပြည်ခိုင်ဖြိုးပါတီ၊ တပ်မတော်ရဲ့ ထောက်ခံမှုအပြည့်အဝရထားတဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူလူထုတစ်ရပ်လုံးအတွက် အကောင်းဆုံး ရွေးချယ်စရာဖြစ်တယ်လို့ နိုင်ငံလှည့်ပြီး စည်းရုံးနေသလိုပါ။ သမ္မတရဲ့ လစဉ် ရေဒီယိုမိန့်ခွန်းတစ်ခုမှာလည်း သူ့ရဲ့ နောက်ငါးနှစ်သက်တမ်းမှာ မြို့နယ်တွေကို ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ခန့်အပ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးများအစား ပြည်သူလူထုက ရွေးချယ်တင်မြှောက်တဲ့ ပြည်သူ့ကောင်စီများနဲ့ အုပ်ချုပ်နိုင်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေး ကြိုးစားမယ်လို့ ကတိပြု စည်းရုံးခဲ့ပါသေးတယ်။ အခုတော့ အဲဒီ ကတိတွေကို သူ ဆက်လက်အကောင်အထည်ဖော်နိုင်မှာ မဟုတ်တော့ပါ။

ပြည်ခိုင်ဖြိုးပါတီကိုလည်း အရှုံးသမားများ စာရင်းထဲမှာ ရှေ့ဆုံးက ထည့်ရမှာပါ။ ဒီချုပ်ပါတီက "ပြောင်းလဲချိန်တန်ပြီ" လို့ ကြွေးကြော်စည်းရုံးတဲ့အချိန်မှာ ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်များက အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အပြောင်းအလဲကို သူတို့ပါတီက စခဲ့တယ်။ အပြောင်းအလဲတွေကို သူတို့ပါတီကပဲ ဆက်လုပ်နေတယ်လို့ တန်ပြန်ကြွေးကြော်ခဲ့ကြပါတယ်။ အခုတော့ မဲဆန္ဒရှင်ပြည်သူများက သူတို့လိုချင်တဲ့ အပြောင်းအလဲက နိုင်ငံရေးစနစ်အပြောင်းအလဲတင်မကပဲ အုပ်ချုပ်သူအပြောင်းအလဲကိုပါ လိုချင်တာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ပြောလိုက်ကြပါပြီ။
ဝမ်းနည်းစရာကောင်းတာက တိုင်းရင်းသားပါတီများကိုလည်း အရှုံးသမားစာရင်းမှာ ထည့်သွင်းရတာကိုပါ။ ရခိုင်ပြည်နယ်မှာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုကို အနိုင်ရခဲ့တဲ့ “ရခိုင်အမျိုးသားပါတီ” ကလွဲရင် ကျန်တဲ့ တိုင်းရင်းသားပါတီများဟာ သူတို့ရဲ့ ပြည်နယ်များမှာ အရေးနိမ့်ခဲ့ကြပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာ သက်ဆိုင်ရာတိုင်းရင်းသားပါတီများက အများစုအနိုင်ရပြီး သက်ဆိုင်ရာ ပြည်နယ်လွှတ်တော်များ၊ ပြည်နယ်အစိုးရများကို ဦးဆောင်နိုင်လိမ့်မယ်လို့ ကျနော် ခန့်မှန်းခဲ့ပေမယ့် ဒီခန့်မှန်းချက်ဟာ ရခိုင်ပြည်နယ်တစ်ခုတည်းအတွက်သာ မှန်ခဲ့ပါတယ်။ တိုင်းရင်းသားပါတီများမှာ ပါတီခေါင်းဆောင်ပိုင်းမှာ ပြိုကွဲမှု၊ အားပြိုင်မှုတွေ၊ ကိုယ်ကျိုးစီးပွါးဦးစားပေးမှုတွေနဲ့ မွန်းကြပ်နေပြီး သက်ဆိုင်ရာ တိုင်းရင်းသားများကိုတောင် သူတို့ကို ထောက်ခံအားပေးဖို့ စည်းရုံးနိုင်စွမ်းမရှိကြတာကို ဝမ်းနည်းစွာ တွေ့မြင်လိုက်ရပါတယ်။

မြန်မာနိုင်ငံ၏ အနာဂတ်

မြန်မာနိုင်ငံရဲ့ အနာဂတ်ပုံသဏ္ဍန်ကို တပ်မတော်နဲ့ ဒီချုပ်၊ ဒါမှမဟုတ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့က အနည်းဆုံး လာမယ့် ငါးနှစ်မှာ ပုံသွင်းတည်ဆောက်ကြမှာပါ။ ဒီချုပ်ပါတီက လွှတ်တော်အားလုံးကို ဦးဆောင်နိုင်တယ်ဆိုပေမယ့် တပ်မတော်ကိုယ်စားလှယ်များက လွှတ်တော်များရဲ့ ၂၅ % ကို ကိုင်တွယ်ထားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကြိုးပမ်းမှုတွေကို ဟန့်တားနိုင်ပါတယ်။ ဒီချုပ် သမ္မတဟာလည်း တပ်ချုပ်က ခန့်အပ်တဲ့ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးများကို သူ့ရဲ့ အစိုးရအဖွဲ့ထဲမှာ လက်ခံပြီး အလုပ်လုပ်ရမှာပါ။

လက်ရှိဖွဲ့စည်းပုံအရ ဒေသန္တရအုပ်ချုပ်ရေးကို ပြည်ထဲရေးဝန်ကြီးက ကိုင်တွယ်နေတာကိုလည်း လက်ခံရမှာပါ။ တရားစီရင်ရေးမှာလည်း တပ်မတော်သားများကို အရပ်ဖက် တရားစီရင်ရေးနဲ့ မစီရင်နိုင်ပဲ တပ်ချုပ်ကဖွဲ့စည်းတဲ့ စစ်ခုံရုံးများကသာ တရားစီရင်ခွင့်ရှိမှာပါ။ တိုင်းပြည်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်နိုင်တဲ့ အာဏာရှိတဲ့ "အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ" (ကာလုံ) မှာလည်း သမ္မတက ဦးဆောင်တယ်ဆိုပေမယ့် အဖွဲ့ဝင် (၁၁) ဦးမှာ တပ်ချုပ်ဘက်က (၆) ဦးရှိပြီး အများစုမဲနဲ့ သမ္မတရဲ့ အာဏာကို ကန့်သတ်နိုင်ပါတယ်။ အဲဒီလို နိုင်ငံတော်အာဏာကို ရွေးကောက်ပွဲအနိုင်ရ ဒီချုပ်ပါတီနဲ့ ရွေးကောက်ခံမဟုတ်တဲ့ တပ်မတော်တို့ ခွဲဝေအုပ်ချုပ်ရမယ့် အနေအထားမှာ တိုင်းပြည်ရဲ့ အနာဂတ်ဟာ ကောင်းတာတွေဖြစ်နိုင်သလို ဆိုးတာတွေလည်း ဖြစ်နိုင်ပါတယ်။

ကျနော်ကတော့ အဓိက ခေါင်းဆောင်များဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တစ်ယောက်နဲ့ တစ်ယောက်၊ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် လက်ခံနိုင်ကြအောင် သူတို့ရဲ့ အတွေးအခေါ်တွေ၊ စိတ်နေသဘောထားတွေကို ပြင်ဆင်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဒါမှလည်း တိုင်းပြည်ရဲ့ အနာဂတ်ဟာ အကောင်းဖက်ကို ဦးတည်နိုင်ပါလိမ့်မယ်။
တကယ်လို့များ ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှုကနေ ဖယ်ရှားနိုင်ရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဦးစားပေးဆောင်ရွက်မယ်ဆိုရင် ဒီချုပ်ပါတီနဲ့ တပ်မတော်အကြား တင်းမာမှုတွေ၊ မယုံကြည်မှုတွေ၊ ထိပ်တိုက်ရင်ဆိုင်တွေ့မှုတွေနဲ့ တိုင်းပြည်မှာ မတည်ငြိမ်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ တကယ်လို့ တပ်မတော်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအပေါ် မယုံကြည်ပဲ၊ ပြည်ခိုင်ဖြိုးမဟုတ်တော့တဲ့ အရပ်သားပါတီအစိုးရကို လက်မခံပဲ စစ်အာဏာရှင်စနစ်ကို ပြန်လည်တည်ဆောက်ရေးကြိုးပမ်းမယ်ဆိုရင်လည်း တိုင်းပြည်ရဲ့ အခြေအနေဟာ အင်မတန် အန္တရာယ်ကြီးမားမှာပါ။ အစွန်းရောက်ခြင်းများရဲ့ အန္တရာယ်ကို နှစ်ဖက်ခေါင်းဆောင်များ ကောင်းကောင်းနားလည်ကြမယ် ထင်ပါတယ်။ အနည်းဆုံး ဒေါ်အောင်ဆန်းစုကြည်ကတော့ အသေအချာ နားလည်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းတို့နဲ့ နောက်လွှတ်တော်သက်တမ်းမစခင် တွေ့ဆုံဆွေးနွေးကြဖို့ ကမ်းလှမ်းဖိတ်ခေါ်လိုက်တာပါ။ ဒီဖိတ်ခေါ်မှုဟာ နိုင်ငံရေးအရ ရင့်ကျက်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး တိုင်းပြည်အတွက်လည်း အပြောင်းအလဲကာလမှာ မသေချာမှုများကို ကြိုတင် ညှိနှိုင်းဖြေရှင်းရေးအတွက် အထူးလိုအပ်ပါတယ်။ အဲဒီ ဆွေးနွေးပွဲတွေ သိပ်မကြာခင် အချိန်အတွင်းမှာ အမှန်တကယ် ဖြစ်ပေါ်လာပြီး ဆွေးနွေးပွဲများက တဆင့် အပြန်အလှန် နားလည်မှုများ၊ ယုံကြည်မှုများ တည်ဆောက်နိုင်ကြဖို့ မျှော်လင့်ပါတယ်။

(နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၅၊ ရန်ကုန်)
(7Day ဂျာနယ်၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၅)

0 comments: