BLOGGER TEMPLATES AND TWITTER BACKGROUNDS

Monday, November 23, 2015

၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း (ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)


၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း

အောင်ဒင်
(ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)

#ပါတီအင်အားနှိုင်းယှဉ်ချက်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီ ၉၃ ခုမှ ကိုယ်စားလှယ်လောင်းများနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စုစုပေါင်း ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်တို့ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၇၃ နေရာ၊ စုစုပေါင်း ၁၁၇၁ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအရေအတွက်က များလွန်းတယ်လို့ ထင်ရပေမယ့် ပါတီအသီးသီးက ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းများရဲ့ အရေအတွက်နဲ့ မဲဆန္ဒနယ်အရေအတွက်ကို လေ့လာကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြမယ့် အဓိကပါတီကြီးနှစ်ခုပဲ ရှိတာတွေ့ရပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ကိုယ်စားလှယ်လောင်း ၁၁၃၄ ယောက်နဲ့ ထိပ်ဆုံးမှာရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) က ကိုယ်စားလှယ်လောင်း ၁၁၃၀ နဲ့ ဒုတိယလိုက်ပါတယ်။ ဒီပါတီကြီး နှစ်ခုရဲ့နောက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ်လောင်း ၇၆၃ ဦးနဲ့ တတိယလိုက်ပြီး အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၃၅၄ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုက ကိုယ်စားလှယ်လောင်း ၂၇၄ ဦး၊ မြန်မာလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၆၈ ဦးနဲ့ ခပ်လှမ်းလှမ်းက စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ နေရာများမှာ ရှိနေကြပါတယ်။ တိုင်းရင်းသားပါတီများထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က  ကိုယ်စားလှယ်လောင်း ၂၁၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က  ကိုယ်စားလှယ်လောင်း ၁၅၆ ဦး၊ ကရင်ပြည်သူ့ပါတီ (KPP) က  ကိုယ်စားလှယ်လောင်း ၁၂၂ ဦးရှိပြီး သတ္တမ၊ အဋ္ဌမ၊ နဝမ နေရာများမှာ ရှိပါတယ်။ ဒီပါတီကြီး ကိုးခုက လွဲရင် ကျန်တဲ့ပါတီများက  ကိုယ်စားလှယ်လောင်း အရေအတွက် ၁၀၀ အောက်မှာသာ ယှဉ်ပြိုင်နိုင်ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲဆိုတာ တစ်နိုင်ငံလုံးအနှံ့မှာ အင်တိုက်အားတိုက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးများရဲ့ နိုင်ငံရေးတိုက်ပွဲကြီးဖြစ်တာမို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပါတီကြီးနှစ်ခုကပဲ နိုင်ငံလုံးဆိုင်ရာ အာဏာများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတရာထူးနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များရဲ့ ဥက္ကဋ္ဌရာထူးများ ရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

ပါတီကြီးများက ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်အာဏာများ ရရှိရေးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်သလို တိုင်းရင်းသားပါတီအများစုကလည်း သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်လွှတ်တော်ကို အင်အားအများစုနဲ့ ဦးဆောင်နိုင်ရေးအတွက် ရည်ရွယ်ယှဉ်ပြိုင်ကြမှာပါ။ ဒါပေမယ့်လည်း တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်နဲ့ မဲဆန္ဒနယ်မြေများကို လေ့လာကြည့်တဲ့အခါ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာများအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ၉ ပါတီပဲရှိတာ တွေ့ရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၁၈ နေရာ၊ စုစုပေါင်း ၃၉ နေရာရှိပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) က ချင်းပြည်နယ် တစ်ခုလုံးအပြင် အခြားဒေသအချို့အပါအဝင် စုစုပေါင်း ၅၇ နေရာ ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ချင်းပြည်နယ်အတွင်း ၂၉ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာ၊ စုစုပေါင်း ၃၆ နေရာရှိပါတယ်။ ကရင်ပြည်သူ့ပါတီက ကရင်ပြည်နယ် နေရာအားလုံးအပြင် အခြားဒေသများမှာပါ စုစုပေါင်း ၁၂၂ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကလည်း ကရင်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၄၆ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၃ နေရာ၊ စုစုပေါင်း ၄၅ နေရာရှိပြီး မွန်အမျိုးသားပါတီ (MNP) က မွန်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာ၊ စုစုပေါင်း ၆၄ နေရာရှိပြီး ရခိုင်အမျိုးသားပါတီ (ANP) က ၎င်းနေရာအားလုံးအပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၇၈ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၁၇ နေရာ၊ စုစုပေါင်း ၁၈၄ နေရာရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာပါ စုစုပေါင်း ၂၁၁ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာ စုစုပေါင်း ၁၅၆ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၄၀ နေရာ၊ စုစုပေါင်း ၇၀ နေရာရှိပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) က ကချင်ပြည်နယ်အတွင်း စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားပါတီ ၉ ခုကလွဲရင် ကျန်တဲ့ တိုင်းရင်းသားပါတီများဟာ နေရာအနည်းငယ်မှာသာ ယှဉ်ပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အထက်ပါ ပါတီအင်အားနှိုင်းယှဉ်လေ့လာချက်များအရ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ၉၀ ကျော်ထဲမှာ နိုင်ငံတစ်ဝှမ်းအတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုအဆင့်ပါတီကြီး နှစ်ခုနဲ့ ပြည်နယ်အဆင့် အားကောင်းမောင်းသန်ယှဉ်ပြိုင်နိုင်မယ့် တိုင်းရင်းသားပါတီကြီး ၉ ခုသာ ရှိပြီး ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးရလဒ်များဟာ ၎င်းပါတီ ၁၁ ခုရဲ့ စည်းရုံးလှုံ့ဆော်နိုင်စွမ်းများရဲ့ သက်ရောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ် ပါတီကြီးနှစ်ခုရဲ့ ပြည်ထောင်စုအဆင့်အာဏာရရှိရေး ယှဉ်ပြိုင်ပွဲကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုံးကို ပိုင်ဆိုင်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲမှာ (အနည်းဆုံး ပြည်နယ်များမှာ) အရွေးခံရနိုင်တဲ့ တိုင်းရင်းသားပါတီများက အရေးပါတဲ့အခန်းကဏ္ဏမှာ တည်ရှိနေပါတယ်။ ဒီပါတီကြီး ၁၁ ခုရဲ့ စည်းရုံးလှုပ်ရှားပုံတွေကို ဒေသအလိုက် လေ့လာသုံးသပ်ပြီး ရွေးကောက်ပွဲရလဒ်ကို အောက်ပါအတိုင်း ပုံစံ (၄) မျိုး ခန့်မှန်းကြည့်မိပါတယ်။   

#ခန့်မှန်းချက် (၁)

ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ဒီချုပ်က အခြားပါတီများထက်စာရင် နေရာအများစုရပေမယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိ၊ ဒုသမ္မတလောင်းတစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိတော့ အများစုနေရာမရပါ။ ဒါကြောင့်မို့ ဒီချုပ်က ပြည်သူ့လွှတ်တော်ကပဲ ဒုသမ္မတလောင်းတစ်ယောက်တည်း ရွေးချယ်တင်သွင်းနိင်ပါတယ်။

ပြည်ခိုင်ဖြိုးက အနိုင်ကြီးမနိုင်သလို အရှုံးကြီးလည်း မရှုံးပါ။ ဒါပေမည့် ဒုသမ္မတလောင်း တစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်တင်မြှောက်နိုင်စွမ်းမရှိပဲ တပ်မတော်နဲ့ ညှိနှိုင်းပြီး တပ်မတော်အစုအဖွဲ့ကနေပဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ကို ပူးတွဲကိုယ်စားပြုမယ့် ဒုသမ္မတလောင်းတစ်ယောက်ကို ရွေးချယ်တင်သွင်းနိုင်ပါတယ်။ တပ်မတော်ကိုယ်စားလှယ်များအပြင် တိုင်းရင်းသားပါတီအချို့နဲ့ မဟာမိတ်ဖွဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရာထူးကို ရရှိပါတယ်။ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများက တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ကြပါတယ်။

သမ္မတရွေးကောက်ပွဲမှာတော့ တပ်မတော်အစုအဖွဲ့က တင်သွင်းတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကို ကိုယ်စားပြုသူ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က မဲအများဆုံးရလို့ သမ္မတအဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒီချုပ်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်က တင်သွင်းတဲ့ တိုင်းရင်းသားခေါင်းဆောင်က ဒုသမ္မတများ ဖြစ်လာကြပါတယ်။ ပြည်ခိုင်ဖြိုးသမ္မတက ရွေးချယ်ခန့်အပ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဝန်ကြီးချုပ်အများစုဟာ ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်ပြီး ပြည်နယ်အချို့မှာတော့ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်အချို့က ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်လာပါတယ်။
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များမှာတော့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းလွှတ်တော်များမှာ ဒီချုပ်က အင်အားအများစုနဲ့ ဦးဆောင်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက တပ်မတော်၊ တိုင်းရင်းသားမဟာမိတ်များရဲ့ ပူးပေါင်းမှုနဲ့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်များ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်လွှတ်တော်များကို ဦးဆောင်နိုင်ပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်များကိုတော့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများက ပါတီပေါင်းစုဖွဲ့ပြီး ဦးဆောင်နိုင်ကြပါတယ်။

#ခန့်မှန်းချက် (၂)

ဒီချုပ်က လွှတ်တော် နှစ်ရပ်စလုံးမှာ အင်အားအကြီးမားဆုံးပါတီ ဖြစ်လာပါတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုသမ္မတလောင်းများကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်သွင်းနိုင်တဲ့ အထိတော့ အများစုနေရာမရပဲ လွှတ်တော်တွင်း အဓိက အတိုက်အခံပါတီသာ ဖြစ်လာပါတယ်။

ပြည်ခိုင်ဖြိုးက တပ်မတော်ကိုယ်စားလှယ်များ၊ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီများရဲ့ အထောက်အကူပြုမှုနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ လူများစုပါတီဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်တင်မြှောက်နိုင်ပြီး ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုရဲ့ ခေါင်းဆောင်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများစုပေါင်းပြီး ပြည်သူ့လွှတ်တော်ကနေ ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို၊ အမျိုးသားလွှတ်တော်ကနေ ပြည်ခိုင်ဖြိုးရဲ့ မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို၊  ဒုသမ္မတလောင်းများအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က သမ္မတဖြစ်လာပြီး အမျိုးသားလွှတ်တော်က တင်သွင်းသူ တိုင်းရင်းသားခေါင်းဆောင်နဲ့ တပ်မတော်မှ အမည်တင်သွင်းသူက ဒုသမ္မတများ ဖြစ်လာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များရွေးချယ်တင်မြှောက်မှုက အထက်ပါ ခန့်မှန်းချက် (၁) အတိုင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကလည်း ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။    

#ခန့်မှန်းချက် (၃)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီခေါင်းဆောင်တစ်ဦးကိုလည်း ဒုသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ဒီချုပ်က နေရာအများစုအနိုင်ရပေမယ့် ပြည်ခိုင်ဖြိုး၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီအချို့ပေါင်းစုပြီး တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ယောက်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီအချို့ ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိကအတိုက်အခံပါတီ ဖြစ်လာပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဒီချုပ်ကိုယ်စားလှယ်က မဲအများဆုံးရပြီး သမ္မတဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နဲ့ တပ်မတော်ကိုယ်စားလှယ်က ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများရဲ့ ဝန်ကြီးချုပ်များဟာလည်း ဒီချုပ်ပါတီကပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ခန့်မှန်းချက် (၄)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်၊ ဒီချုပ်ပါတီဝင် တိုင်းရင်းသားတစ်ဦးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီဝင်နှစ်ယောက်ကို ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ အဓိကအတိုက်အခံပါတီ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲအတွက် ဒီချုပ်ကိုယ်စားလှယ်နှစ်ဦးနဲ့ တပ်မတော်မှ အမည်တင်သွင်းသူတစ်ဦးတို့ ယှဉ်ပြိုင်ရာမှာ ဒီချုပ်ကိုယ်စားလှယ်တစ်ဦးက သမ္မတအဖြစ် ရွေးချယ်ခံရပြီး ကျန်နှစ်ဦးက ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ရွေးချယ်ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကလည်း ဒီချုပ်ပါတီဝင်များပဲ ဖြစ်ကြပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ဖြစ်နိုင်ချေ အနိမ့်အမြင့် နှင့် အဆုံးအဖြတ်မဲများ

အထက်ပါ ခန့်မှန်းချက် (၄) ခုဟာ စာရေးသူရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်များသာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်တွေကို ထပ်မံခွဲခြားရရင် ခန့်မှန်းချက် (၁) ကို ဖြစ်နိုင်ချေ အများဆုံးနဲ့ နံပါတ်စဉ်အတိုင်း ခန့်မှန်းချက် (၄) ကို ဖြစ်နိုင်ချေအနည်းဆုံးလို့ သတ်မှတ်ပါတယ်။ လွဲမှားခဲ့ရင်လည်း စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီ ဆိုပြီး နိုင်ငံရေးပါတီကြီး နှစ်ခုသာရှိပြီး အဲဒီ ပါတီနှစ်ခုရဲ့ ပါတီဝင်အင်အားက အတူတူလောက်စီ ရှိကြပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ အနိုင်အရှုံးကို မဲဆန္ဒရှင်အားလုံးရဲ့ ၅ ရာခိုင်နှုံးလောက်သာရှိတဲ့၊ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ မဲဆန္ဒရှင်များက အဆုံးအဖြတ်ပေးကြတာပါ။ အဲဒီ ဘယ်ပါတီမှ မဝင်တဲ့၊ ဘယ်ပါတီအတွက်မှ စည်းရုံးလှုပ်ရှားတာမလုပ်တဲ့ မဲဆန္ဒရှင်များကို ခန့်မှန်းရခက်သည့် အဆုံးအဖြတ်မဲများ (Swing Votes) လို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး အခြေအနေကို စောင့်ကြည့်သုံးသပ်နေတဲ့ မဲဆန္ဒရှင်တွေ အများကြီးရှိကြပါတယ်။ ကျနော်နားလည်မိသလောက် မြန်မာနိုင်ငံက ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ လွတ်လပ်စွာရပ်တည်တဲ့၊ ခန့်မှန်းရခက်တဲ့ မဲဆန္ဒရှင်များ (Swing Votes) က နိုင်ငံတဝှမ်း မဲပေးနိုင်သူအားလုံးရဲ့ ၃၀ ရာခိုင်နှုံးလောက်ရှိမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက Swing Votes များထက် အများကြီး ပိုများပါတယ်။ သူတို့တွေကို ပါတီအလံများ၊ ပါတီနဖူးစည်းများ၊ ပါတီဝတ်စုံများနဲ့ ပါတီတစ်ခုခုအတွက် မဲဆွယ်စည်းရုံးနေတဲ့အထဲမှာ တွေ့ရမှာ မဟုတ်ပါ။ သူတို့ရဲ့ ဆန္ဒကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာမှပဲ သူတို့နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို၊ သူတို့နှစ်သက်တဲ့ ပါတီကို လွတ်လပ်စွာ ဆန္ဒမဲပေးခြင်းဖြင့် ဖြစ်စေ၊ ဒါမှမဟုတ် ဆန္ဒမဲ လုံးဝမပေးခြင်းဖြင့် ဖြစ်စေ ဖော်ထုတ်ပြသပါလိမ့်မယ်။ သူတို့ကပဲ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

(အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၅)

0 comments: