BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, January 26, 2016

အစိုးရသစ်နှင့် ငြိမ်းချမ်းရေး



(7 Day Daily နေ့စဉ်သတင်းစာ၊ ဇန်နဝါရီလ ၂၆ ရက်၊ ၂၀၁၆၊ http://www.7daydaily.com/story/56522)

အစိုးရသစ်နှင့် ငြိမ်းချမ်းရေး
အောင်ဒင်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ်ဟာ သမ္မတဦးသိန်းစိန် လက်ထက်မှာ စတင်အကောင်အထည်ဖော်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးတည်ဆောက်မှုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ပြီးဆုံးခဲ့တဲ့ "ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ" ပထမအကြိမ်အစည်းအဝေးကတော့ ရည်ရွယ်ချက်များကောင်းမွန်ပေမယ့် အချိန်တိုအတွင်း တက်သုတ်ရိုက်ကျင်းပတာ၊ ပွင့်လင်းမြင်သာမှုမရှိတာ၊ အရပ်ဘက် လူထုအဖွဲ့အစည်းကိုယ်စားလှယ်များနဲ့ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ အမျိုးသမီးများ ပါဝင်မှုနည်းပါးတာကြောင့် ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုတဲ့ ညီလာခံမဟုတ်ပဲ လက်နက်နဲ့ အာဏာရှိသူများက ဦးဆောင်လွှမ်းမိုးထားတဲ့ ညီလာခံသာဖြစ်ခဲ့ပါတယ်။

# သမ္မတဦးသိန်းစိန်လက်ထက် ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်အကျဉ်းချုပ်

၂၀၁၁ ခုနှစ်မှာ သမ္မတဦးသိန်းစိန် စတင်တာဝန်ထမ်းဆောင်စဉ်ကတည်းက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးအတွက် နှစ်ပေါင်း ၇၀ နီးပါးရှိပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်ဖို့ လိုအပ်ကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီလို နားလည်မှုနဲ့ သမ္မတဦးသိန်းစိန်က ၂၀၁၁ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများထံ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီနောက် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သီးခြားစီသော်လည်းကောင်း၊ တပ်ပေါင်းစု ဖွဲ့စည်း၍လည်းကောင်း အကြိမ်ပေါင်းများစွာ စေ့စပ်ဆွေးနွေးကြပြီး ၂၀၁၅ ခုနှစ်၊  ဩဂုတ်လ ၇ ရက်နေ့မှာ NCA လို့ အတိုကောက်ခေါ်ကြတဲ့ "တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်" (Nationwide Ceasefire Agreement)     နောက်ဆုံးမူကို ဆွေးနွေးဖက်များအားလုံးက အတည်ပြုနိုင်ခဲ့ပါတယ်။ 

ဒါပေမယ့်လည်း ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ နေပြည်တော်မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ NCA ကို လက်မှတ်ရေးထိုးကြတဲ့အခါ ဆွေးနွေးဖက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါ။ ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့များထဲက အင်အားအကြီးမားဆုံးဖြစ်တဲ့ ကေအန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံးအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့သာ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသအခြေစိုက် အင်အားကြီးမားတဲ့ ကေအိုင်အေ ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ UWSP ခေါ် “ဝ” ပြည် သွေးစည်းညီညွတ်ရေးပါတီ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အတော်များများက လက်မှတ်မရေးထိုးကြပါ။ NCA  ကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးခဲ့ပါတယ်။ ခေတ်သစ်မြန်မာ့သမိုင်းမှာ အခုလို ပြည်တွင်းစစ်ကြီးမှာ ပါဝင်တိုက်ခိုက်နေတဲ့ စစ်ပြိုင်အင်အားစုများအားလုံး နီးပါး ပါဝင်ဆွေးနွေးပြီး သဘောတူကြတဲ့ "တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်" ပေါ်ပေါက်လာတာ အင်မတန် ဝမ်းသာစရာကောင်းပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုအားလုံး ပါဝင်လက်မှတ်ရေးထိုးခြင်းမရှိတာကတော့ ဝမ်းနည်းစရာကောင်းလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့က စလို့ စာချုပ်က အသက်ဝင်လာပြီဖြစ်တာမို့ ဦးသိန်းစိန်အစိုးရက စာချုပ်ပါ သဘောတူညီချက်တွေကို စာချုပ်ပါ အချိန်ဇယားအတိုင်း ဆက်လက်အကောင်အထည်ဖော်တဲ့ အနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်ကနေ ၁၆ ရက်နေ့အထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

#ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၏ အားနည်းချက်များ

(၁) မူဘောင်ရေးဆွဲရာတွင် သက်ဆိုင်သူအားလုံးပါဝင်ခွင့်မရှိခြင်း

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ကို ရရှိဖို့ စစ်မက်ဖြစ်ပွါးနေတဲ့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ နှစ်ဖွဲ့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရ အစုအဖွဲ့မှာ အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်တို့ ပါဝင်ကြပါတယ်။ NCA ကို လက်မှတ်ရေးထိုးပြီးတဲ့နောက် ရက်ပေါင်း ၃၀ အတွင်းဖြစ်တဲ့ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလအတွင်းမှာ ကျင်းပတဲ့ "NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး" ကနေ "ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်မှု ပူးတွဲကော်မတီ"  (Union Peace Dialogue Joint Committee- UPDJC)     ကို ဖွဲ့စည်းတဲ့အခါ အစိုးရ အစုအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်များအစုအဖွဲ့အပြင် နိုင်ငံရေးပါတီများပါ အစုအဖွဲ့တစ်စုအနေနဲ့ ပါဝင်လာပြီး UPDJC ကို  အစုအဖွဲ့တစ်ဖွဲ့စီက ကိုယ်စားလှယ် ၁၆ ဦးစီ၊ စုစုပေါင်း အဖွဲ့ဝင် ၄၈ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ အဲဒီနောက် UPDJC က ဦးဆောင်ပြီး နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များရေးဆွဲရေး  ဆွေးနွေးခဲ့ကြပါတယ်။ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၄-၁၅ ရက်နေ့မှာ UPDJC က "နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ" ကို အပြီးသတ်ရေးဆွဲအတည်ပြုပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့မှာ သမ္မတဦးသိန်းစိန်ထံ လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ နိုင်ငံတော်သမ္မတက ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပဖို့ ကြေညာခဲ့ပါတယ်။

အဆိုပါ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို ရေးဆွဲကြရာမှာ အရပ်ဘက်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လက်နက်မဲ့တိုင်းရင်းသားများနဲ့ တတ်သိပညာရှင်များ ပါဝင်ဆွေးနွေးခွင့်မရခဲ့ပါ။ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများဆိုတဲ့ အစုအဖွဲ့ သုံးဖွဲ့ကပဲ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ၊ နိုင်ငံရေးဆွေးနွေးပွဲများတွင် ပါဝင်ရမည့် အခန်းကဏ္ဍများ၊ နိုင်ငံရေးဆွေးနွေးမှု လုပ်ငန်းစဉ်များ၊ ပါဝင်သင့်ပါဝင်သင့်သူအရေအတွက်နဲ့ အချိုးအစားတွေကို ဆုံးဖြတ်ခဲ့ကြပါတယ်။

(၂) ပွင့်လင်းမြင်သာမှုမရှိခြင်း

နိုင်ငံရေးဆွေးနွေးမှုများဆိုင်ရာ မူဘောင်များကို ရေးဆွဲအတည်ပြုပြီးပြီဆိုပေမယ့် အဲဒီ မူဘောင်တွေကို အခုအချိန်အထိ အများပြည်သူ သိခွင့်မရပါ။ UPDJC က ဦးဆောင်ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲများမှာလည်း မူဘောင်များကို အသေးစိတ်ရှင်းပြခြင်း၊ မူဘောင်အပြည့်အစုံကို သတင်းစာဆရာများထံ ဖြန့်ဝေခြင်း၊ အစိုးရသတင်းစာများမှာ ထည့်သွင်းဖော်ပြခြင်းမရှိပဲ ယေဘူယျအချက်အလက်များကိုသာ ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲများက တဆင့် အများပြည်သူသိခွင့်ရတာက အချက် နှစ်ချက်ပဲ ရှိပါတယ်။ အဲဒီအချက်တွေက (၁) နိုင်ငံရေးဆွေးနွေးပွဲများမှာ နိုင်ငံရေး ၊ လူမှုရေး ၊ စီးပွါးရေး ၊ လုံခြုံရေး ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒကိစ္စရပ်များ ၊ အထွေထွေ စတဲ့ ကဏ္ဍ ၆ ခုကို ဆွေးနွေးကြမယ်။ (၂) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို အစိုးရကိုယ်စားလှယ် ၇၅ ဦး၊ လွှတ်တော်ကိုယ်စားလှယ် ၇၅ ဦး၊ တပ်မတော်ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး၊ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦး နဲ့ အခြားပါဝင်သင့် ပါဝင်ထိုက်သူ ၅၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၇၀၀ ဦးဖြင့် ကျင်းပမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။ ဒီကနေ့အထိ နိဒါန်း နဲ့ အခန်းပေါင်း ၁၀ ခန်း၊ စာမျက်နှာ ၁၅ မျက်နှာရှိတဲ့ "နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်" ဟာ သက်ဆိုင်သူများအတွက်သာ အကန့်အသတ်နဲ့ ဖြန့်ချိပြီး အများပြည်သူသိအောင် ထုတ်ပြန်ကြေညာခြင်းမရှိတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်ခု ဖြစ်နေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို နိုင်ငံတကာအစိုးရကိုယ်စားလှယ်များ၊ အထူးဧည့်သည်တော်များပါ ဖိတ်ကြားပြီး ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား ကျင်းပခဲ့ပေမယ့် ကိုယ်စားလှယ် ၇၀၀ ဦးရဲ့ အမည်စာရင်းကို ညီလာခံမကျင်းပခင်မှာရော၊ အခုအချိန်အထိရော တရားဝင် ထုတ်ပြန်ကြေညာခြင်း မပြုပါ။ ညီလာခံမှာ အဖွဲအစည်းအသီးသီး၊ ကိုယ်စားလှယ်အသီးသီးရဲ့ ဆွေးနွေးတင်ပြချက်များကိုလည်း ညီလာခံကျင်းပနေစဉ်မှာ အများပြည်သူ သိအောင် အပြည့်အစုံဖော်ပြခြင်း မရှိပါ။ မြန်မာငြိမ်းချမ်းရေးဗဟိုဋ္ဌာန (MPC) ရဲ့  Face Book စာမျက်နှာမှာ ညီလာခံနောက်ဆုံးနေ့မှာ အစုအဖွဲ့အလိုက်တင်ပြတဲ့ ကဏ္ဍအလိုက် ဆွေးနွေးမှုအကျဉ်းချုပ်တွေကို ဖော်ပြပေမယ့် လုံလောက်တဲ့ သတင်းထုတ်ပြန်မှု၊ ပြည့်စုံတဲ့ ပွင့်လင်းမြင်သာမှု မဟုတ်ပါ။ ညီလာခံအတွင်း ဆွေးနွေးချက်တွေကို စုစည်းပြီး စာအုပ်အဖြစ်ထုတ်ဝေဖြန့်ချီမယ်လို့ ဆိုပေမယ့် တိုင်းပြည်ရဲ့ ကံကြမ္မာအတွက် ဒီကိုယ်စားလှယ် ၇၀၀ ရဲ့ ဆွေးနွေးချက်တွေကို နောက်လအတော်ကြာမှ ပြည်သူလူထုက သိခွင့်ရရမယ့်အစား ညီလာခံကျင်းပနေစဉ်မှာပဲ အချိန်နဲ့ တပြေးညီ အစိုးရသတင်းစာများမှာ အချပ်ပိုနဲ့ ထည့်သွင်းဖော်ပြတာမျိုး ဖြစ်သင့်ပါတယ်။ ညီလာခံတက်ရောက်ခွင့်ရတဲ့ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကလည်း ၎င်းတို့ရဲ့ ဆွေးနွေးတင်ပြချက်များ၊ ရပ်တည်ချက်များကို အများပြည်သူသိရှိအောင် သီးခြားစီ ထုတ်ပြန်ကြေညာခြင်း၊ ပြန်လည်ရှင်းပြခြင်း မရှိကြတာလည်း အံ့ဩစရာတစ်ခု ဖြစ်ပါတယ်။

(၃) ကိုယ်စားလှယ်အရေအတွက် သတ်မှတ်မှု မမျှတခြင်း

ညီလာခံကိုယ်စားလှယ်အရေအတွက်ကို သတ်မှတ်ရာမှာလည်း အစိုးရ အစုအဖွဲ့အတွက် ၁၅၀ ဦး (အစိုးရ ၇၅ ဦး၊ လွှတ်တော် ၇၅ ဦး)၊ တပ်မတော် အစုအဖွဲ့အတွက် ၁၅၀ ဦး၊ တိုင်းရင်းသားလက်နက်ကိုင်များ အစုအဖွဲ့အတွက် ၁၅၀ ဦး၊ နိုင်ငံရေးပါတီများ အစုအဖွဲ့အတွက် ၁၅၀ ဦး သတ်မှတ်ပြီး လက်နက်မဲ့တိုင်းရင်းသားကိုယ်စားလှယ်အရေအတွက်ကို ၅၀ ဦးပဲ သတ်မှတ်တာ၊ အခြားပါဝင်သင့်ပါဝင်ထိုက်သူများအရေအတွက်ကို ၅၀ ဦးပဲ သတ်မှတ်တာ လုံးဝမမျှတပါ။ နိုင်ငံရေးဆွေးနွေးပွဲများဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့၊ နိုင်ငံတော်တစ်ခုလုံးရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲများ ဖြစ်တာကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၊ လက်နက်မဲ့တိုင်းရင်းသားများနဲ့ တတ်သိပညာရှင်များဟာ လက်နက်၊ အာဏာရှိသူများနဲ့ တန်းတူပါဝင်ခွင့်ရရှိရမှာ ဖြစ်ပါတယ်။

(၄) ကိုယ်စားလှယ်ရွေးချယ်မှု မမျှတခြင်း

အစုအဖွဲ့ငယ်များအဖြစ် သတ်မှတ်ထားတဲ့ တိုင်းရင်းသားကိုယ်စားလှယ် ၅၀ ဦး နဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများကိုယ်စားလှယ် ၅၀ ဦးကို ဘယ်လိုဘယ်ပုံရွေးချယ်မလဲ ဆိုတာကို မူဘောင်ထဲမှာ ပုဒ်မ ၄.၂.၁၀ အဖြစ် ရေးဆွဲပြဋ္ဌာန်းထားပေမယ့် တရားဝင်ထုတ်ပြန်ကြေညာခြင်း မရှိပါ။ အဲဒီပြဋ္ဌာန်းချက်အရ အဲဒီ ကိုယ်စားလှယ် ၁၀၀ ဦးကို အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ နိုင်ငံရေးပါတီများ ဆိုတဲ့ အစုအဖွဲ့ ၄ ဖွဲ့က ခွဲတမ်းချပြီး အဆိုပြု ရွေးချယ်ကြတယ်လို့ သိရပါတယ်။ ဆိုလိုတာက အစုအဖွဲ့ကြီး ၄ ဖွဲ့ရဲ့ ခေါင်းဆောင်များက တစ်စုတစ်ဖွဲ့ကို ၂၅ ယောက်နှုံး ခွဲတမ်းချပြီး ၎င်းတို့နဲ့ နီးစပ်ရာပုဂ္ဂိုလ်များကို လက်သိပ်ထိုးရွေးချယ်ကြတာဖြစ်ပါတယ်။ အရပ်ဘက်အဖွဲအစည်းများနဲ့ တတ်သိပညာရှင်များ၊ လက်နက်မဲ့တိုင်းရင်းသားများဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာ တက်ရောက်ဆွေးနွေးမယ့် ကိုယ်စားလှယ်အနည်းငယ်ကိုတောင်မှ ကိုယ်တိုင်ရွေးချယ်ခွင့် မရရှိကြပါ။

# အစိုးရသစ်အတွက် အကြံပြုချက်များ

(က) အစိုးရသစ်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို တာဝန်ခံဆောင်ရွက်ရတဲ့အခါမှာ "နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များ" ကို ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်သင့်ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ရေးဆွဲအတည်ပြုထားတဲ့ မူဘောင်များကို အများပြည်သူ သိရှိအောင် ထုတ်ပြန်ကြေညာပြီး ပြည်သူလူထုထံမှ အကြံပြုချက်များ၊ အရပ်ဘက်အဖွဲ့အစည်းများရဲ့ အကြံပြုချက်များကို ဖိတ်ခေါ်သင့်ပါတယ်။ အကြံပြုချက်များနဲ့ လိုအပ်သလို ပြင်ဆင်ရေးဆွဲထားတဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်များကို အများပြည်သူသိရှိအောင် အစိုးရသတင်းစာများတွင် အပြည့်အစုံဖော်ပြသင့်ပါတယ်။

(ခ) ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ကိုယ်စားလှယ်အရေအတွက် သတ်မှတ်ရာမှာ လက်နက်မဲ့ တိုင်းရင်းသားကိုယ်စားလှယ်ဦးရေကို ၁၅၀ ဦးအထိ၊ ပါဝင်သင့်ပါဝင်ထိုက်သူများအစုအဖွဲ့ကိုလည်း အရပ်ဘက်အဖွဲ့အစည်းများ၊ ပညာရှင်အဖွဲအစည်းများ၊ စီးပွါးရေးအဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများ၊ လယ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ အမျိုးသမီးအဖွဲ့အစည်းများ၊ သတင်းမီဒီယာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များဖြင့် ၁၅၀ ဦးအထိ တိုးမြှင့်သင့်ပါတယ်။

(ဂ) တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ ပါဝင်သင့်ပါဝင်ထိုက်သူများကို ရွေးချယ်ရာမှာ လက်ရှိမူဘောင်မှာ ပြဋ္ဌာန်းထားတဲ့ အစုအဖွဲ့ ၄ ဖွဲ့က အချိုးကျရွေးချယ်မှုကို ပယ်ဖျက်ပြီး သက်ဆိုင်ရာ တိုင်းရင်းသားအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများကိုယ်တိုင်က ရွေးချယ်ပေးဖို့ ပြဋ္ဌာန်းသင့်ပါတယ်။ အဲဒီလို ရွေး ချယ်ရာမှာလည်း အမျိုးသမီးကိုယ်စားလှယ်များ ပိုမိုရွေးချယ်ရေး အားပေးတိုက်တွန်းသင့်ပါတယ်။

(ဃ) တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးခြင်းမပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံးကိုလည်း ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို ကိုယ်စားလှယ်အဖြစ် တက်ရောက်ဆွေးနွေးဖို့ ဖိတ်ကြားသင့်ပါတယ်။ ဦးသိန်းစိန်အစိုးရက ဖိတ်သလို လေ့လာသူအဆင့်နဲ့ မဟုတ်ပဲ တရားဝင် ကိုယ်စားလှယ်အဖြစ်နဲ့ပါ။ အဲဒီ ကိုယ်စားလှယ်အသစ်များအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့အတွက် သတ်မှတ်ထားတဲ့ ၁၅၀ ဦးထဲမှာ နေရာပေးရမှာ ဖြစ်ပါတယ်။

(င) ညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှ ဆွေးနွေးချက်များ၊ တင်ပြချက်များအားလုံးကို အချိန်နဲ့ တပြေးညီ အစိုးရသတင်းစာများမှာ အပြည့်အစုံ ထုတ်ပြန်ကြေညာသင့်ပါတယ်။ ကိုယ်စားလှယ်များအားလုံးရဲ့ အမည်စာရင်းကိုလည်း ထုတ်ပြန်ကြေညာပေးသင့်ပါတယ်။

(စ) ညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရာမှာ ပါဝင်ဆွေးနွေးသူများအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အချိန်အလုံအလောက် ပေးသင့်ပါတယ်။ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ  ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံစတင်ကျင်းပဖို့ သမ္မတဦးသိန်းစိန်က ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အဖွဲ့အစည်းအလိုက် ကိုယ်စားလှယ်များ ရွေးချယ်ဖို့နဲ့ ဆွေးနွေးရန်မူဝါဒသဘောထားများ ပြင်ဆင်ဖို့ အချိန် ၂၄ ရက်ပဲ ရှိပါတယ်။ မလုံလောက်ပါ။ နောက်အစည်းအဝေးများ ကျင်းပမယ်အချိန်ကို အနည်းဆုံး တစ်လလောက် ကြိုတင်ကြေညာသင့်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်ဟာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှာ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံးပါဝင်ပြီး ပွင့်လင်းမြင်သာစွာ ဦးဆောင်ကျင်းပလို့ ငြိမ်းချမ်းရေးကို အမှန်တကယ်ဖော်ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

(ဇန်နဝါရီလ ၂၃ ရက်၊ ၂၀၁၆)

Sunday, January 24, 2016

အစိုးရသစ်နှင့် တရားစီရင်ရေး (၂)




(7 Day Daily နေ့စဉ်သတင်းစာ၊ ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၁၆, http://www.7daydaily.com/story/56398)
အစိုးရသစ်နှင့် တရားစီရင်ရေး (၂)
အောင်ဒင်

# ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန်လိုအပ်ခြင်း

အဂတိလိုက်စားမှုတွေ လွှမ်းမိုးနေဆဲဖြစ်တဲ့ တရားရေးမဏ္ဍိုင်ကို ဖြောင့်မတ်ခိုင်မာအောင် ပြင်ဆင်ဖွဲ့စည်းဖို့အတွက် အဓိကလိုအပ်ချက်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရမှာ ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတက အဆိုပြုသူများကို သတ်မှတ်ထားတဲ့အရည်အချင်းများနဲ့ ကိုက်ညီရင် ပြည်ထောင်စုလွှတ်တော်က ငြင်းပယ်ခွင့်မရှိတဲ့ ပြဋ္ဌာန်းချက်တွေကို ဖျက်သိမ်းရမှာ ဖြစ်ပါတယ်။ ပြီးတော့ သမ္မတက ပြည်ထောင်စုအဆင့်ရာထူးများမှာ ခန့်အပ်ဖို့ အဆိုပြုသူတွေကို အများပြည်သူ လေ့လာသိရှိနိုင်အောင် အချက်အလက်
အပြည့်အစုံ၊ ကိုယ်ရေးရာဇဝင်အပြည့်အစုံနဲ့ ကြိုတင်ထုတ်ပြန်ကြေငြာဖို့၊ ပြည်ထောင်စုလွှတ်တော်ကလည်း သက်ဆိုင်ရာ ရေးရာကော်မတီများကို သင့်တော်တဲ့ အချိန်ကာလတစ်ခုအတွင်းမှာ အဆိုပြုခံရသူရဲ့ နောက်ကြောင်းရာဇဝင်ကို စနစ်တကျ စုံစမ်းစစ်ဆေးရန် တာဝန်ပေးဖို့၊ ပြည်သူလူထုရဲ့ အကြံပြုချက်များကို လက်ခံဖို့၊ သတင်းမီဒီယာများရဲ့ ဖော်ထုတ်ချက်များကို ထည့်သွင်းစဉ်းစားဖို့၊ အဆိုပြုခံရသူကိုယ်တိုင်ရဲ့ ရှင်းလင်းချက်ကို ကြားနာပွဲများမှ တဆင့် နားထောင်ဖို့၊ ပထမ ကော်မတီအဆင့်၊ ဒုတိယ လွှတ်တော်တစ်ခုလုံးအဆင့် မဲခွဲဆုံးဖြတ်ဖို့၊ စတဲ့ အချက်အလက်တွေကို ထည့်သွင်းပြဋ္ဌာန်းဖို့ လိုအပ်ပါတယ်။

ဒါပေမယ့်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကိုယ်စားလှယ်အားလုံး စိတ်တူကိုယ်တူ ပြင်ဆင်နိုင်ကြဖို့ အချိန်တစ်ခု စောင့်ရဦးမယ် ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်နိုင်သေးခင်မှာ တရားစီရင်ရေးစနစ်ကို လွတ်လပ်မှန်ကန်အောင် တည်ဆောက်ဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲကနေ ဆောင်ရွက်သင့်တာကတော့ ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ခြင်းပဲ ဖြစ်ပါတယ်။  

# ပြည်ထောင်စုရှေ့နေချုပ်ရုံး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

တရားစီရင်ရေးစနစ်တစ်ခုကို ကြည့်မယ်ဆိုရင် (က) တရားလို သို့မဟုတ် တရားစွဲအဖွဲ့အစည်းနဲ့ တရားလိုရှေ့နေ၊ (ခ) တရားခံနဲ့ တရားခံရှေ့နေ၊ (ဂ) အဆုံးအဖြတ်ပေးမယ့် တရားသူကြီး ဆိုပြီး သုံးပွင့်ဆိုင် ပါဝင်နေတာ တွေ့ရမှာပါ။ ကာယကံရှင်တစ်ဦး သို့မဟုတ် တစ်ဖွဲ့က တရားစွဲဆိုတဲ့ အမှုများကလွဲရင် ကျန်တဲ့အမှုအတော်များများမှာ နိုင်ငံတော်အစိုးရက တရားလိုအဖြစ် ပါဝင်ပါတယ်။ နိုင်ငံတော်က တရားလိုဖြစ်တဲ့အမှုတွေမှာ နိုင်ငံတော်ရဲ့ တရားစွဲအဖွဲ့အစည်းများဖြစ်ကြတဲ့ ပြည်သူ့ရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး
ဦးစီးဋ္ဌာန၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် စတဲ့ အစိုးရကိုယ်စားပြုအဖွဲ့များက တရားလိုများ ဖြစ်ကြပါတယ်။ အဲဒီ အမှုတွေအတွက် ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့အဆင့်ဆင့်သော ဥပဒေရုံးများမှ အစိုးရရှေ့နေများက တရားလို ရှေ့နေများအဖြစ် ဆောင်ရွက်ကြပါတယ်။ နိုင်ငံတော်က တရားခံဖြစ်ရင်လည်း အစိုးရရှေ့နေများက နိုင်ငံတော်ဘက်က ခုခံကာကွယ်တဲ့ တရားခံရှေ့နေများ ဖြစ်ကြပါတယ်။

ဒီတရားစီရင်ရေးစနစ်မှာ တရားစွဲဆိုတဲ့ သို့မဟုတ် တရားစွဲခံရတဲ့ အစိုးရဋ္ဌာနများနဲ့ အစိုးရရှေ့နေများဟာ နိုင်ငံတော်အစိုးရကို ကိုယ်စားပြုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတက ပြည်ထောင်စုရှေ့နေချုပ်ကို ပြည်ထောင်စုလွှတ်တော်ရဲ့ သဘောတူညီမှုနဲ့ ခန့်အပ်တာဝန်ပေးပြီး ဒုတိယရှေ့နေချုပ်ကိုတော့ သမ္မတက ပြည်ထောင်စုလွှတ်တော်ကို တင်ပြစရာမလိုပဲ စိတ်ကြိုက်ခန့်အပ်နိုင်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဖြစ်ပါတယ်။ ပြည်ထောင်စုရှေ့နေချုပ်ဟာ နိုင်ငံတော်သမ္မတကို တာဝန်ခံပါတယ်။ သမ္မတသက်တမ်းအတိုင်း တာဝန်ထမ်းဆောင်ရပါတယ်။ ပြည်ထောင်စုတရားသူကြီးချုပ်ကို တာဝန်မခံပါ။ အလားတူပဲ ပြည်ထောင်စုရှေ့နေချုပ်ရုံး လက်အောက်ခံ အဆင့်ဆင့်သော အစိုးရရှေ့နေများဟာ တရားသူကြီးများရဲ့ လက်အောက်ခံဝန်ထမ်းများ မဟုတ်ကြပါ။ တရားစီရင်ရေးကိစ္စတွေမှာ အစိုးရရှေ့နေများ၊ ဥပဒေဝန်ထမ်းများဟာ ရှေ့နေချုပ်ကို ကိုယ်စားပြုပါတယ်။ တာဝန်ခံပါတယ်။ ရှေ့နေချုပ်က တဆင့် နိုင်ငံတော်သမ္မတကို တာဝန်ခံရပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ တရားစီရင်ရေးစနစ်မှာတော့ အဆင့်ဆင့်သော အစိုးရရှေ့နေများဟာ တစ်ခါတစ်ရံမှာ အဆင့်ဆင့်သော တရားသူကြီးများရဲ့ လက်အောက်ခံများသဖွယ် ပြုမူဆောင်ရွက်နေကြပါတယ်။ တရားသူကြီးများရဲ့ မတော်မတရားမှုများကို ထောက်ပြဝေဘန်ရဲခြင်း မရှိပဲ တရားသူကြီးများနဲ့ ပူးပေါင်းပြီး အကျိုးစီးပွါးရှာနေကြသလို ဖြစ်နေပါတယ်။ ဦးနေဝင်းရဲ့ မဆလပါတီအစိုးရလက်ထက်မှာ အစိုးရရှေ့နေများဟာ တရားသူကြီးများကို အကြံပေးရတဲ့ ဥပဒေဝန်ထမ်းများအဖြစ်သာ အဆင့်လျှော့ချခံခဲ့ရတဲ့ ဘဝကနေ အခုထိ မလွတ်မြောက်ကြသေးသလို ဖြစ်နေပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ တရားစီရင်ရေးစနစ်မှာလည်း တရားလိုနဲ့ တရားလိုရှေ့နေ၊ တရားခံနဲ့ တရားခံရှေ့နေ၊ တရားသူကြီး ဆိုတဲ့ သုံးပွင့်ဆိုင်ပုံသဏ္ဍန်ကို တွေ့ရမှာပါ။ နိုင်ငံတော်က ပြည်သူ့ကိုယ်စား တရားစွဲဆိုတဲ့ အမှုတွေမှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့က တရားလို ဖြစ်ပြီး သက်ဆိုင်ရာအစိုးရရှေ့နေများက ပြည်သူဘက်က လိုက်တဲ့ ရှေ့နေများ ဖြစ်ကြတာလည်း အတူတူပါပဲ။

မတူတာက အမေရိကန်အစိုးရရှေ့နေများဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့်ကို အပြည့်အဝအသုံးချပြီး အထောက်အထားမခိုင်လုံတဲ့ အမှုများ၊ သက်သေမပြည့်စုံတဲ့အမှုများ၊ ညှင်းပန်းနှိပ်စက်လို့ ဖြောင့်ချက်ပေးရတဲ့အမှုများ၊ မတော်မတရား လုပ်ကြံဖန်တီးတဲ့အမှုများ၊ ရဲများက ကျင့်ဝတ်နဲ့ လုပ်ပိုင်ခွင့်ကို ချိုးဖောက်ပြီး ဖန်တီးတည်ဆောက်တဲ့အမှုများကို တရားရုံးကို တင်ခွင့်မပေးပဲ ပယ်ချရဲကြတာပါ။ တရားခံအဖြစ် အစွပ်စွဲခံရသူကိုလည်း သံသယအကျိုးအပြည့်အဝ ခံစားခွင့်ပြုကြပါတယ်။ တရားခံမှာ အပြစ်ရှိကြောင်း သက်သေခိုင်လုံတာတောင်မှ ကျူးလွန်တဲ့ ပြစ်မှုဟာ မပြောပလောက်တဲ့ အမှု၊ တိုင်းပြည်အကျိုးစီးပွါးနဲ့ယှဉ်ပြီး ကြီးမားတာမျိုး မဟုတ်ရင်လည်း တရားရုံးတင်ဖို့ သဘောမတူကြပါ။ တရားဆွဲချင်တဲ့ ရဲတပ်ဖွဲ့က ဘယ်လောက်ပဲ အတိုက်အခံပြုပြီး တောင်းဆိုပစေ အစိုးရရှေ့နေများဟာ သူတို့ရဲ့ အမိန့်အာဏာနဲ့ အမှုအတော်များများကို ပယ်ချရဲကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုရှေ့နေချုပ်ဥပဒေမှာလည်း အလားတူ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၂ (စ) မှာ "ပြစ်မှုဆိုင်ရာအမှုများကို တရားရုံးသို့ ဥပဒေနှင့်အညီ တရားစွဲဆို တင်ပို့ရမည်" ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။ ဒီပြဋ္ဌာန်းချက်အရ ရဲတပ်ဖွဲ့ သို့မဟုတ် အစိုးရဋ္ဌာနတစ်ခုခုက တရားစွဲဆိုဖို့ ပြင်ဆင်တင်ပြလာတဲ့ ပြစ်မှုဆိုင်ရာအမှုတွေကို ဥပဒေနဲ့ ညီ၊မညီ စစ်ဆေးဖို့၊ တရားရုံးသို့ တင်သင့်၊ မတင်သင့် ဆုံးဖြတ်ဖို့ဆိုတာ ပြည်ထောင်စုရှေ့နေချုပ်နဲ့ အဆင့်ဆင့်သော အစိုးရရှေ့နေများရဲ့ တာဝန်ဖြစ်ပါတယ်။ ပုဒ်မ ၁၃ (ခ) မှာ "တရားရုံးတွင် တရားစွဲဆိုထားသော ပြစ်မှုဆိုင်ရာအမှုတွင် အမှုတစ်ရပ်လုံးကို ဖြစ်စေ၊ စွဲချက်တစ်ရပ်ရပ်ကို ဖြစ်စေ၊ တရားခံတစ်ဦးဦးကို ဖြစ်စေ ရုပ်သိမ်းရန်လိုအပ်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်ရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ ၁၃ (ဂ) မှာ “တရားစွဲဆိုတင်ပို့ခြင်းမပြုနိုင်သော ပြစ်မှုဆိုင်ရာအမှုများနှင့် စပ်လျင်း၍ ပိတ်သိမ်းရန် ဆုံးဖြတ်ရမည်" လို့ ပြဋ္ဌာန်းထားပါသေးတယ်။

မြန်မာနိုင်ငံက အစိုးရရှေ့နေတွေ အဲဒီ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အမှန်တကယ် ကျေကျေပွန်ပွန်ထမ်းဆောင်ကြမယ်ဆိုရင် အခုတွေ့မြင်နေရတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူများကို အစိုးရက တရားလိုအဖြစ်နဲ့ အကြိမ်ကြိမ် အခါခါ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်တာတွေ၊ ကျောင်းသားခေါင်းဆောင်လေးတွေကို ပုဒ်မပေါင်း မြောက်များစွာနဲ့ တရားစွဲဆိုထားတာတွေ ရှိမှာမဟုတ်ပါ။ အလားတူပဲ တရားစွဲအဖွဲ့များက မထိမတွေ့ရဲလို့ မသိချင်ယောင်ဆောင်နေတတ်ကြတဲ့၊ ဒါမှမဟုတ် ဝတ္တရားကျေ အဖမ်းပြပြီး သက်သေမခိုင်လုံလို့ဆိုပြီး ပြန်လွှတ်ပေးတတ်ကြတဲ့ မျက်နှာကြီးရာဇဝတ်မှုတွေကို တရားရုံးသို့ မပို့ပဲ ထိန်ချန်ထားကြတာလဲ ရှိမှာမဟုတ်ပါ။ ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ အဆင့်ဆင့်သောအစိုးရရှေ့နေများကသာ အမှုဖွင့်ဖမ်းဆီးတဲ့ ရဲတပ်ဖွဲ့နဲ့ ပြစ်ဒဏ်စီရင်ချက်ချမယ့် တရားသူကြီးတို့ရဲ့ ကြားက မိမိတို့ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍ၊ တာဝန်နဲ့ လုပ်ပိုင်ခွင့်တွေကို ပြတ်ပြတ်သားသား ရဲရဲရင့်ရင့် ဆောင်ရွက်နိုင်ကြမယ်ဆိုရင် တရားစီရင်ရေးစနစ်ဟာ အတိုင်းအတာတစ်ခုအထိ ဖြောင့်မတ်လာနိုင်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရသစ်ဟာ ပြည်ထောင်စုတရားသူကြီးချုပ်နဲ့ တရားသူကြီးများကို အစားထိုးခန့်အပ်နိုင်မှာ မဟုတ်ပေမယ့် ပြည်ထောင်စုရှေ့နေချုပ်ကိုတော့ အသစ်ခန့်အပ်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ကို အသစ်ပြင်ဆင်ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

အစိုးရသစ်အနေနဲ့ ပြည်သူ့လွှတ်တော်ကော်မတီရဲ့ တရားစီရင်ရေးဆိုင်ရာ အစီရင်ခံစာမှာ အစိုးရကို ကိုယ်စားပြုတဲ့ ဥပဒေဝန်ထမ်းအဆင့်ဆင့်မှာလည်း ကွင်းဆက်တွေရှိနေပြီး နားလည်မှုဖြင့် ဆောင်ရွက်နေကြကြောင်း ထောက်ပြဝေဘန်တာကို သတိပြုသင့်ပါတယ်။ ဒီအချက်ကို အထူးအလေးအနက်ပြုပြီး အစိုးရသစ်က ပြည်ထောင်စုရှေ့နေချုပ်ရုံးနဲ့ ဥပဒေရုံးအဆင့်ဆင့်ကို ပြန်လည်ဖွဲ့စည်းရာမှာ အရည်အချင်းအမှန်တကယ်ပြည့်ဝပြီး တရားဥပဒေစိုးမိုးရေးကို ရဲရဲရင့်ရင့် တာဝန်ခံဆောင်ရွက်မယ့် ပြည်ထောင်စုရှေ့နေချုပ်၊ ဒုတိယ ရှေ့နေချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များနဲ့ အဆင့်ဆင့်သော အစိုးရရှေ့နေများ၊ ဥပဒေဝန်ထမ်းများကို ရွေးချယ်တာဝန်ပေးသင့်ကြောင်း တင်ပြအပ်ပါတယ်။ တကယ်လို့ အစိုးရသစ်က ခန့်အပ်တဲ့ ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် အစိုးရရှေ့နေများရဲ့ မမှန်မကန်ပြုမှုများ၊ ဥပဒေအလွဲသုံးစားလုပ်မှုများ၊ တာဝန်မကျေပွန်မှုများကို စစ်ဆေးဖော်ထုတ်တွေ့ရှိရင်လည်း  ကျောသားရင်သား မခွဲခြားပဲ ပြတ်ပြတ်သားသား အရေးယူသင့်ပါတယ်။

(ဇန်နဝါရီလ ၁၈ ရက်၊ ၂၀၁၆)