BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, October 31, 2008

Coffee



ကော်ဖီ

အောင်ဒင်
အောက်တိုဘာ ၃၀၊ ၂၀၀၈

ချစ်သူရေ
မင်းကိုငါ နံမည်တခုပေးမယ် …. ကော်ဖီ
မင်းကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ
မင်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ
မင်းရဲ့နာမည်အသစ်ဟာ …. ကော်ဖီ။

မင်းကိုသတိရလိုက်ရုံနဲ့
ညတွေဟာအဆုံးမဲ့၊ အစမဲ့ရှည်လျား
တဟုန်ထိုး တိုက်ခတ်လာတဲ့ အလွမ်းလှိုင်းလုံးတွေကြား
အိပ်ပျက်ညတွေ များသထက်များ …။

ဘယ်တော့များမှ
တို့ဆုံဆည်းကြမှာလဲ
မချင့်မရဲ ပူပန်မှုတွေ
ရင်ထဲထိုးဖောက် နှောက်ယှက်သွား
စိတ်ကိုမှန်တဲ့မြှားချက်များ …။

မင်းအချစ်ဟာ ခါးသက်သက်
ကော်ဖီတခွက်လို စွဲမက်ဖွယ်
ကြေကွဲမှုတွေပေးတယ်
သတိရခြင်းတွေပေးတယ်
အလွမ်းနဲ့ပူပင်သောကတွေပေးတယ်
အတူတူနေရဖို့ တောင့်တခြင်းတွေပေးတယ် ….။

မိန်းကလေး ရယ်
မင်းရဲ့နာမည်အသစ်ဟာ … ကော်ဖီ … ။

Missing









တမ်းတခြင်း

အောင်ဒင်/ ဒတ္ထ
(၁၉၈၆ ခုနှစ်လောက်က ချယ်ရီမဂ္ဂဇင်းမှာ ဖေါ်ပြခဲ့)

မိန်းကလေး … ရဲ့
စွန့်ပစ်ခြင်းခံရတဲ့ နှင်းဆီပွင့်ငယ်က
ချေမွမယ့် လက်ချောင်းများကို တမ်းတသလိုမျိုး
ငါ … မင်းကိုတမ်းတမိရဲ့ … ။

ဟိုး … ခပ်ဝေးဝေး နေ့ရက်တွေတုံးက
ကြေကွဲအေးစက်ဖွယ်မင့်အပြုံးဟာ
ငါ့ အသည်းနှလုံးရဲ့ အနက်ရှိုင်းဆုံးတနေရာထိ
ထိုးဖောက်ဝင်ရောက်ခဲ့ဖူးတာကို … ။

အိပ်မက်ကိုတံခါးပိတ်လိုက် ပ
သတိရခြင်းမှန်သမျှ
မေ့ခြင်းရဲ့ညမှာထားခဲ့ကြ … တဲ့
ဘ၀နာရီတွေက ပြောနေပါပကော … ။

ခွင့်လွှတ်ကြတော့ …
နွေညရဲ့ခြောက်အိပ်မက်တွေမှာ
ခြေသံဖွဖွပါလာတတ်ရဲ့ …
တိုးသဲ့သဲ့ လေညှင်းရဲ့အနမ်းမှာ
ဆံတမျှင်၊ ပန်းတပွင့်၊ လွင့်သက်ကြေကွဲ
ငါ … ဘယ်လိုမေ့ရမှာလဲ … ။

အချစ်တွေဆုံးသွားမှာ စိုးလွန်းလို့
အချစ်ဆုံးလို့တောင် မခေါ်ရက်ခဲ့တဲ့
ငါ့ရဲ့မိန်းကလေးရယ် … ။

ချစ်သူကိုချစ်ခြင်းမှာ
ဘယ်အရာက ကာဆီးသလဲ
နှလုံးသွေးထဲက၊ လတ်ဆတ်ဆဲအလွမ်း
ခွဲခွာခြင်းခြေလှမ်းများရဲ့ ငိုသံ
ဆန့်ကျင်ဘက်မှာ လေထန်နေကြ
ငါ … ဘယ်လိုမေ့ရမှာလဲ … ။

အို …
ကောင်းကင်ကြီးကလည်း
မျက်ရည်ကျလို့ပါလား … ။ ။

Wednesday, October 22, 2008

Of Ms. Sunday and Her Friends

တနင်္ဂနွေနှင့် သူ့မိတ်ဆွေများအကြောင်း

အောင်ဒင်/ဒတ္ထ
(ရန်ကုန်တက္ကသိုလ်ပေါင်းစုံမှ ကဗျာရှင်များ ၁၉၉၄ တွင် စုပေါင်းထုတ်ဝေသော "တမိုးတည်းအောက်မှာ" ကဗျာစာအုပ်မှ)

တနင်္ဂနွေဟာ
သူ့ဘဝသူကျေနပ်နေပုံမျိုးနဲ့
ပြိုးပြက်ဝင်းလက် ချယ်သ
မှန်ရှေ့က ထလာတယ်….။

ပြီးတော့
အသစ်ဟန်ဆောင်ထားတဲ့
နံနက်ခင်းကို နှုတ်ဆက်
အလင်းတစ်ဝက်၊ အိပ်မက်တစ်ခြမ်း
မနေ့ကထိ ငုံဆဲပန်းတို့
ပွင့်လင်းဖို့ အချိန်တန်ပြီတဲ့
မာန်ဝင့် ကြွေးကျော်လိုက်တယ်….။

သူ့ရဲ့ကြည်နူးပီတိတွေဟာ
အရပ်ဆယ်မျက်နှာ မျောလွင့်
ကတ္တီပါကားလိပ်ကို ဖွင့်တယ်
ပန်းခြံဝင်းပေါက်ကို ဖွင့်တယ်….။

နီယွန်မီးခလုတ်ကို ဖွင့်တယ်
ဘီယာပုလင်းကို ဖွင့်တယ်
ကာရာအိုကေကက်ဆက်ကို ဖွင့်တယ်
မင်္ဂလာခန်း
မ ကို ဖွင့်တယ်
သူကိုယ်ပိုင် လက်ချောင်းတွေနဲ့ပေါ့….။


သူ့လက်ထဲက ကပ်ကျေးနဲ့
ဖဲကြိုးကိုဖြတ်အပြီး
ကောင်းကင် ခရီးသွား
မိုးပျံပူဖောင်းများကို ကြည့်လို့
တနင်္ဂနွေဟာ အားပါးတရ ရယ်မောလေရဲ့
တနင်္ဂနွေဖြစ်ရတာ အမြင့်မြတ်ဆုံး ဆိုပဲ….။

ဒါပေါ့…
သူ့လောက ကျဉ်းကျဉ်းကလေးထဲ
သူသိခွင့်ရသမျှကလည်း
ပေါက်ကွဲ ဂီတ
ရင်ခုန်ညရဲ့ နှင်းဆီ
ယစ်မူးရီဝေ စက်ကဖြစ်တဲ့လေနဲ့
အပျော်ကျူးတတ်တဲ့ နာရီတွေကိုး….။

တကယ်လို့များ
တနင်္ဂနွေဟာ
လောကကြီးက ဒီထက်ကျယ်ပြန့်ပြီး

သူမသိတာတွေ အများကြီးရှိသေးတဲ့အကြောင်း
သူသိသွားပြီး

အဲဒီ သူမသိသေးတာတွေကိုပါ

ထပ်ပြီးသိသွားဦးမယ် ဆိုရင်လေ….။


Departing

ခွဲခွာခြင်း

အောင်ဒင်/ဒတ္ထ
(စပယ်ဖြူ မဂ္ဂဇင်း၊ ၁၉၈၆)

ငါတို့တွေ့ဆုံချိန်မှာ

အမြဲတမ်းပွင့်အာနေကျ
ညနေခင်းလှလှတွေလည်း
အရောင်အသွေးမဲ့ခဲ့ပြီ..

ငါတို့တွေ့ဆုံချိန်မှာ

အမြဲတမ်းမွှေးမြနေကျ
စပါယ်ပွင့်ဖြူလွလွတွေလည်း
အနံ့အဆင်းမဲ့ခဲ့ပြီ

ငါတို့တွေ့ဆုံချိန်မှာ

အမြဲတမ်းတိုက်ခတ်နေကျ
လေပြည်ရဲ့ ယုယမှုနဲ့လည်း
ဘ၀တစ်ခုခြားခဲ့ပြီ

ငါတို့တွေ့ဆုံချိန်မှာ

အမြဲတမ်းနားမလည်နိုင်နေကျ
စိတ်ကူးယဉ်ပီတိရသတွေလည်း
ပြန်မရနိုင်ခြင်းထဲခုန်ဆင်းခဲ့ပြီ

ငါတို့တွေ့ဆုံချိန်မှာ

နာရီရဲ့ လက်တံများကသာ
ငါ့ကိုစိတ်မရှည်စွာနှစ်သိမ့်ကျန်နေခဲ့

ဘာကြောင်လဲ

နှလုံးသားကိုငါမေးတယ်
ဘာကြောင့်လဲ

မဖြစ်နိုင်ပါဘူးတဲ့

မေ့လိုက်ပါတော့တဲ့
ဘယ်လိုပြောလိုက်တာလဲ

ဘယ်လိုများပြောနိုင်စွမ်းရတာလဲ
ငါတို့နှလုံးသားနက်ရှိုင်းမှုထဲက အချစ်
ငါတို့အသွေးအသားထဲပျော်ဝင်နေတဲ့ အချစ်
ငါတို့အသက်ရှုသံတွေထဲက အချစ
ဘယ်သူကတားမြစ်သလဲ
ဘယ်သူတွေကတားမြစ်ကြသလဲ
ခွဲခွာခြင်းကိုငါမုန်းတယ်

မင်းဆံပင်ရှည်နူးညံ့တွေထဲက ငါ့အချစ်

ငါ့ရင်ခုန်သံပြင်းပြင်းတွေထဲက မင်းအချစ်
ဘယ်သူကတားမြစ်သလဲ
စွန့်ရခြင်းကိုငါမုန်းတယ်

မျှော်လင့်ချက်ဟာ
မျက်ရည်စက်တွေကိုသောက်လို့
ကြေကွဲဖို့ ခြေလှမ်းပြင်နေလေရဲ့ …။ ။

Ocean







သမုဒ္ဒရာ

အောင်ဒင်/ဒတ္ထ
(မိုးဝေမဂ္ဂဇင်း၊ ဩဂုတ်လ၊ ၁၉၈၈)

(၁)
သူ့ရင်ခွင်ထဲမှာ
ကမ္ဘာကြီး တခုလုံး ရှိသတဲ့
သမုဒ္ဒရာက ဆိုတယ်။

(၂)
လှိုင်းရယ် လေရယ်
မုန်တိုင်းနဲ့ မိုးကောင်းကင်ရယ်
အသက်ရှင်လိုစိတ်နဲ့ တိတ်ဆိတ်ခြင်းရယ်
ပေါင်းစုဖွဲ့စည်းလိုက်တဲ့အခါ
သမုဒ္ဒရာ ဖြစ်လာတယ်
ရေနဲ့ကျယ်ပြန့် နက်ရှိုင်းခြင်းကတော့
မပါမဖြစ် ပါသပေါ့။

ပြီးတော့
ပဲ့တင်သံ အထောင်အသောင်းနဲ့
နွမ်းဟောင်း ပန်းချီကားတချပ်လည်း
အစွဲအလန်းကြီးမှုများနဲ့ နစ်မြှုပ်
သမုဒ္ဒရာအောက်မှာ အိပ်စက်နေရဲ့။


ပြီးတော့
အကုသိုလ်အတွက် ပက်ဆိုးဒင့်သွားတိုက်ဆေးရယ်
အိပ်မက်အတွက် မျက်နှာသုတ်ပ၀ါရယ်
အလိုမပြည့်ခြင်းရဲ့ ရေမြှုပ်ပူပေါင်းတွေရယ်
သမုဒ္ဒရာထဲမှာရှိတယ်

ဒေါသအတွက် ကြမ်းတမ်းမှုတွေရှိတယ်
အကြင်နာအတွက် နူးညံ့မှုတွေ ရှိတယ်
ဣနြေ္ဒနဲ့ အချိန်အခါလည်း ရှိတယ်
တောင့်တခြင်းနဲ့
ပေးဆပ်နိုင်ခွင့်လည်းရှိတယ်။

ဒါ့ပြင် ယင်မနားတဲ့ ရိုးသားမှုတွေ ရှိတယ်
ဘယ်သူမှမသိတဲ့ ရှာဖွေတွေ့ရှိမှုတွေရှိတယ်
ကိုယ့်ကိုယ်ကို မပိုင်တဲ့ စိုးရိမ်သောကတွေရှိတယ်
မနိုင်၍ သည်းခံရခြင်းများလည်းရှိတယ်

ငှက်တွေတောင် ပျံနေရင်း လမ်းပျောက် တဲ့
ခပ်နွမ်းနွမ်း ကောင်းကင်ကြီးအောက်က
မြေသားထု ပလက်ဖောင်းပေါ်မှာ
ကျွန်တော်တို့ မပြည့်ဝနိုင်တဲ့ အလိုဆန္ဒမှန်သမျှ
သမုဒ္ဒရာထဲမှာရှိတယ်။

(၃)
ငါ့အတွက်တော့ သမုဒ္ဒရာဆိုတာ
မသောက်ကောင်းတဲ့ ရေတခွက်မျှသာ ဖြစ်ရဲ့။



Sunday, October 19, 2008

Saying Good Bye (1)

နှုတ်ဆက်ခဲ့ခြင်း(၁)

အောင်ဒင်
၂၀၀၈ အောက်တိုဘာ ၁၇


ရှည်လျားလွန်းတဲ့ည
အိပ်မက်တွေများလှတယ် …

ဖြစ်ချင်တာနဲ့
ဖြစ်နေတာတွေရဲ့ အကွာအဝေးး
တဟုန်ထိုးပြေးနေတဲ့ ရထားတစ်စင်း
ဘဝဆိုတာ …ပျောက်ဆုံးနေတဲ့ ဟင်းလင်းပြင်
နောင်တနဲ့ နောက်ကျမှုတွေသာ
မှတ်မှတ်သားသား .. ခြေရာထင်ထင် …


တခါက
ကြိုးပြတ်သွားတဲ့ စွန်ကလေး
မျှော်ငေးရင်း လွမ်းဆွတ်ကြေကွဲ
ငါကိုယ်တိုင်လည်း၊ ဘဝထဲမှာ
ကြေကွဲရ၊ ကြိုးပြတ်ရ
လွင့်မျောရ .. အခါခါ …


ကံကြမ္မာ .. တဲ့
မမြင်ရတဲ့ အတိတ်ကာလကိုပုံချ
ကိုယ့်ဘဝ ကိုယ်မပိုင်ကြသလို
မနေ့က၊ ဒီကနေ့၊ မနက်ဖြန်
အချိန်တန်ပါရက်နဲ့
အိမ် မပြန်နိုင်ကြသူများ ….


နွေဦးကိုကြိုတဲ့ ပန်းတွေ
နွေထဲမှာပဲ ကြွေနွမ်းသွားကြ
အလွမ်းနဲ့စတဲ့ ညတွေ
အလွမ်းမဲ့ ကုန်လွန်ရပါစေသား …


ညီမလေးရေ
အချစ် ဆိုတာ ခါးတယ်
အရက် ဆိုတာ ခါးတယ်
အချစ် နဲ့ အရက်၊ ရောယှက်ချေမွ
ဘဝ ဆိုတာလည်း ခါးတယ်ကွယ့် …။