နှုတ်ဆက်ခဲ့ခြင်း(၁)
အောင်ဒင်
၂၀၀၈ အောက်တိုဘာ ၁၇
ရှည်လျားလွန်းတဲ့ည
အိပ်မက်တွေများလှတယ် …
ဖြစ်ချင်တာနဲ့
ဖြစ်နေတာတွေရဲ့ အကွာအဝေးး
တဟုန်ထိုးပြေးနေတဲ့ ရထားတစ်စင်း
ဘဝဆိုတာ …ပျောက်ဆုံးနေတဲ့ ဟင်းလင်းပြင်
နောင်တနဲ့ နောက်ကျမှုတွေသာ
မှတ်မှတ်သားသား .. ခြေရာထင်ထင် …
တခါက
ကြိုးပြတ်သွားတဲ့ စွန်ကလေး
မျှော်ငေးရင်း လွမ်းဆွတ်ကြေကွဲ
ငါကိုယ်တိုင်လည်း၊ ဘဝထဲမှာ
ကြေကွဲရ၊ ကြိုးပြတ်ရ
လွင့်မျောရ .. အခါခါ …
ကံကြမ္မာ .. တဲ့
မမြင်ရတဲ့ အတိတ်ကာလကိုပုံချ
ကိုယ့်ဘဝ ကိုယ်မပိုင်ကြသလို
မနေ့က၊ ဒီကနေ့၊ မနက်ဖြန်
အချိန်တန်ပါရက်နဲ့
အိမ် မပြန်နိုင်ကြသူများ ….
နွေဦးကိုကြိုတဲ့ ပန်းတွေ
နွေထဲမှာပဲ ကြွေနွမ်းသွားကြ
အလွမ်းနဲ့စတဲ့ ညတွေ
အလွမ်းမဲ့ ကုန်လွန်ရပါစေသား …
ညီမလေးရေ
အချစ် ဆိုတာ ခါးတယ်
အရက် ဆိုတာ ခါးတယ်
အချစ် နဲ့ အရက်၊ ရောယှက်ချေမွ
ဘဝ ဆိုတာလည်း ခါးတယ်ကွယ့် …။
2 comments:
ဘ၀ထဲက အရက်ကို နှုတ်လိုက်ရင်တော့ သိပ်မခါးတော့ဘူးထင်တာပဲ :)
အချိန်တန်ရင်တော့ အိမ်ပြန်ချင်တာပါပဲ။
ဝမ်းသာအားရပဲ သတင်းရရခြင်း လာလည်တယ်ဗျာ။ ဒီကာလတကြောကြီးထဲ ကျနော်တို့ဘ၀တွေ ချိုးကွေ့ပြောင်းလဲ အလှုပ်အယမ်းများခဲ့ပေမယ့် ကဗျာနဲ့ ကျနော်တို့တွေကြားက ချစ်စကတော့ ကြာလေ ခိုင်မြဲလေဆိုတာ တစိမ့်စိမ့် သိလာရတယ်။
ဒတ္ထကဗျာတွေ ငတ်မွတ်မိပါတယ်ဗျာ။ အဆင်ပြေရင် အဟောင်းလေးတွေဖြစ်ဖြစ် အလွမ်းပြေ ပြန်တင်ပေးပါလား။
ပျော်ရွှင်ပါစေ
Post a Comment