မြစ်တစ်စင်းနှင့်ခရီးသွားခြင်း
အောင်ဒင်
ဂျူလိုင် ၁၉၈၇
မြစ်ရဲ့ သန်မာခြင်းက
ငါ့ကိုတက်ကြွစေတယ်။
ခရီးထွက်မယ်
မြစ်တစ်စင်းကိုအဖော်ပြုလို့
အသည်းကွဲခဲ့ဖူးတဲ့လူတစ်ယောက်
လောကရဲ့ ပြတင်းပေါက်စက်ဝိုင်းများဆီ
နက်ရှိုင်းခြင်းရဲ့ အထိမ်းအမှတ်တောင်တန်းများဆီ
အိပ်မက်ရဲ့ စည်းသပ်မျဉ်းကွေးဆီ
ဘ၀ကိုတော့ချန်ထားရစ်ခဲ့..။
နာကျည်းချက်တွေက
ရင်တွင်းမှာလောက်မြိုက်နေဆဲ
ဒါဏ်ရာတွေကတော့သံချေးထုတက်လို့
မနက်ဖြန်ကိုအကောင်းမမြင်တတ်တော့ပြီမို့
မျှော်လင့်ချက်ကိုခဲဖျက်နဲ့ဖျက်ခဲ့
မြစ်ရေစီးသံဟာ
ငါ့အသက်ရှုသံနဲ့ပေါင်းစပ်ပြီး
မေ့တတ်သူတို့ပျော်ဝင်ရာကမ္ဘာကြီးအတွက်
ကိုယ်စားပင့်သက်ချလေရဲ့ …။
အမှားပြင်ဆင်ချက်တွေနဲ့
ဘ၀ကိုယက်လုပ်ခဲ့
ငါးပါးသီလစောင့်ပြီး
အကုသိုလ်ကိုခေါင်းအုံးအိပ်ခဲ့
မြတ်နိုးမှုကိုစော်ကားလို့
မေတ္တာတရားကိုဆဲရေးခဲ့
ဒီလိုနဲ့
ငါ့မြစ်ရေတွေညစ်ထေးခဲ့ရတယ်..။
ကျိန်စာသင့်ဖူးလား
မလုံလောက်သောအင်အားနည်းနည်းဖြင့်
ကျေးဇူးတော်ကိုခေါင်းပေါ်ရွက်ဖူးသလား
နာရီပတ်ဖူးသလား
စက်ရုပ်လိုသရုပ်ဆောင်ဖူးသလား
အဲဒီလိုမေးခွန်းများစွာနဲ့
ငါ့မြစ်ရေတွေညစ်ထေးခဲ့ရတယ်……။
ဒါဟာဖြင့်
ကိုယ့်ကိုကိုယ်အပြစ်တင်ဖို့
အခွင့်အရေးတစ်ရပ်ပေပဲ….
မြစ်ရေကတော့စီးဆင်းနေဆဲ
ငါနေရစ်ခဲ့ရတယ်…။ ။
1 comments:
အရမ်းကောင်းတဲ့ ကဗျာပါပဲ။
ဒါကြောင့်လဲ ကိုရွှေဘုန်းက သူ့အကိုရဲ့ ကဗျာတွေ စာတွေအကြောင်း အမြဲလိုလို တခုတ်တရ ပြောတတ်တာကိုး။ သူ့ရဲ့ ကလောင်နံမည်တောင် အရင်က အကို့ကလောင်နံမည်ဆိုလား သူပြောဖူးတယ်။
အဲဒီပုံလေးတွေ ဘယ်ကရလဲ အကို။ ချစ်စရာကောင်းလိုက်တာ။
Post a Comment