BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, October 17, 2008

For Better Changes


မိုးမခသို့ပေးစာများ၊ အပိုင်း(၂၀)
http://www.moemaka.blogspot.com/

အောက်တိုဘာ ၁၆၊ ၂၀၀၈

ပို၍ကောင်းသောအပြောင်းအလဲများသို့

၁။

သမီးလေးရေ …..

အမေရိကန်သမ္မတရွေးကောက်ပွဲကြီးက နီးသထက်နီးလာပြီ …. ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဆီနိတ်တာအိုဘားမားနဲ့ ရီပတ်ဘလီကန်ပါတီရဲ့သမ္မတလောင်း ဆီနိတ်တာမက်ကိန်းတို့ရဲ့ တယ်လီဗေးရှင်းကင်မရာရှေ့က စကားစစ်ထိုးပွဲတွေလည်း ပြီးဆုံးသွားခဲ့ပြီ …. အမေရိကန်ပြည်ထောင်စု အနှံ့အပြားမှာလည်း ပါတီ၂ခုစလုံးက စည်းရုံးရေးမှူးတွေက သူတို့ပါတီရဲ့သမ္မတအနိုင်ရရေးအတွက် တအိမ်တက်ဆင်းစည်းရုံးနေကြ၊ သမ္မတလောင်းတွေနဲ့ ဒု-သမ္မတလောင်းတွေဟာလည်း သူတို့အနိုင်ရရေး၊ သူတို့ကိုအများစုကထောက်ခံရေးအတွက် ကတိတွေပေး၊ သူတို့ရဲ့စီမံချက်တွေကို ရှင်းလင်းတင်ပြ၊ တယောက်ရဲ့စီမံချက်ကိုတယောက်ကဝေဖန်၊ တယောက်ရဲ့အားနည်းချက်တွေကို တယောက်ကရှုတ်ချရင်း လာမယ့် နိုဝင်ဘာ ရွေးကောက်ပွဲမှာ မဲအများနဲ့ အနိုင်ရရေး ကြိုးပမ်းနေကြချိန်ပေါ့။

ဒီနှစ်မှာတော့ သမ္မတလောင်းတွေမကဘူး၊ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်တခုလုံးက လွှတ်တော်ကိုယ်စားလှယ် ၄၃၅ယောက်နဲ့ ဆီးနိတ်အထက်လွှတ်တော်က အထက်လွှတ်တော်အမတ် ၃၅ဦးတို့ဟာ ပြန်လည်အရွေးခံရရေးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်တယ်။ ဒါ့ကြောင့်မို့လို့ ဒီ နိုဝင်ဘာ (၄) ရက်နေ့ ရွေးကောက်ပွဲအပြီးမှာတော့ အမေရိကန်ပြည်ထောင်စုမှာ သမ္မတအပြောင်းအလဲ၊ လွှတ်တော်အပြောင်းအလဲတွေဖြစ်လာပြီး အမေရိကန်ပြည်ထောင်စုရဲ့ ပြည်တွင်းရေးမူဝါဒများမှာရော၊ နိုင်ငံခြားရေးရာမူဝါဒများမှာပါ အပြောင်းအလဲတွေဖြစ်လာတော့မှာ … သမီးလေးရဲ့ …။

သမီးလေးသိတဲ့အတိုင်း၊ အမေရိကန်ပြည်ထောင်စုက ကမ္ဘာပေါ်မှာ ဥစ္စာဓနအကြွယ်ဝဆုံးနဲ့ အင်အားအကြီးဆုံး နိုင်ငံဖြစ်လေတော့ အဲ့ဒီနိုင်ငံကြီးရဲ့ သမ္မတအပြောင်းအလဲ၊ ကွန်ဂယက်လွှတ်တော်အပြောင်းအလဲနဲ့ နိုင်ငံခြားရေးမူဝါဒအပြောင်းအလဲတွေဟာ တကမ္ဘာလုံးကို ရိုက်ခတ်တော့တာပေါ့။ အဲ့ဒီလို ရိုက်ခတ်ခံရတဲ့အထဲမှာ ဖေဖေတို့ မြန်မာနိုင်ငံလည်းပါတာပေါ့ကွယ် ….။

၂။

သမီးလေးရေ …

ဒီကနေ့ မြန်မာ့ဒီမိုကရေစီအင်အားစုများကြား၊ မြန်မာ့အရေးစိတ်ဝင်စားသူများကြား၊ အာရှနိုင်ငံများနဲ့ မြန်မာပြည်ရဲ့အိမ်နီးချင်းနိုင်ငံများကြားမှာ အထူးစိတ်ဝင်တစားရှိနေကြတဲ့ မေးခွန်းကတော့ `နောက်တက်လာမယ့်သမ္မတဟာ မြန်မာနိုင်ငံအရေးကို ကိုင်တွယ်ရာမှာ သမ္မတ ဘွတ်ရှ်လိုပဲ ခိုင်မာပြတ်သားမှာလား၊ ဒါမှမဟုတ် သဘောထားပျော့ပြောင်းမှာလား´ ဆိုတဲ့မေးခွန်းပါပဲ၊ ပြီးတော့ `အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတအသစ်နဲ့ နိုင်ငံခြားရေးဝါဒအသစ်မှာ မြန်မာနိုင်ငံအရေးကိစ္စဟာ အရင်ကလိုပဲ ထိပ်တန်းဦးစားပေးအဆင့်မှာ ဆက်ရှိနေမှာလား၊ ဒါမှမဟုတ် မထင်မရှားချောင်ထိုးထားလိုက်မှာလား´ ဆိုတာကိုလည်း စိတ်ဝင်တစားစောင့်ကြည့်အကဲခတ်နေကြတာပေါ့ …

သမီးလေးသိတဲ့အတိုင်း သမ္မတဘွတ်ရှ်ရဲ့ သက်တမ်းအတွင်းမှာ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အမေရိကန်ပြည်ထောင်စုရဲ့ အားပေးထောက်ခံမှုဟာ အမြင့်ဆုံးကိုရောက်လာခဲ့တယ်။ အမေရိကန် ကွန်ဂယက်လွှတ်တော်က မြန်မာစစ်အစိုးရကို စီးပွားရေးအရ ပြစ်ဒဏ်ခတ်အရေးယူတဲ့ဥပဒေတွေကို တခဲနက်ထောက်ခံအတည်ပြုခဲ့ကြပြီး သမ္မတဘွတ်ရှ်က လက်မှတ်ရေးထိုးသဘောတူခဲ့တယ်၊ အမေရိကန်အစိုးရရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာနိုင်ငံဟာ ထိပ်ဆုံးတနေရာမှာရှိလာပြီး အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်၊ အိန္ဒိယ၊ အာဆီယံနိုင်ငံများရဲ့ ဆက်ဆံရေးမှာ မကြာခဏထည့်သွင်းဆွေးနွေးရတဲ့ အနေအထားကိုရောက်လာခဲ့တယ်၊ အမေရိကန်ပြည်ထောင်စုဟာ မြန်မာ့နိုင်ငံရေးကိစ္စကို အလေးအနက်ပူပန်နေတယ်ဆိုတာကို သိနားလည်လာရတဲ့ တရုတ်၊ အိန္ဒိယနဲ့ အာဆီယံနိုင်ငံများဟာလည်း မြန်မာနိုင်ငံမှာဖြစ်ပျက်နေတဲ့ မတရားမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရင်လိုမသိချင်ယောင်ဆောင်နေလို့မရတော့တဲ့အခြေအနေကိုရောက်ခဲ့တယ်။ ၂၀၀၆ ခုနှစ်မှာတော့ သမ္မတဘွတ်ရှ်နဲ့နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်တို့ရဲ့ ကြိုးပမ်းအားထုတ်မှုနဲ့ မြန်မာ့နိုင်ငံရေးပြသနာတွေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းရမယ့် ပြသနာတခုအဖြစ်ကို ရောက်လာခဲ့တယ်။

ဆိုတော့၊ အခုလို အမေရိကန်ပြည်ထောင်စုက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို အမြင့်မားဆုံးထောက်ခံပံ့ပိုးပေးနေချိန်မှာ သမ္မတသစ်၊ အစိုးရအဖွဲ့သစ်လက်ထက်မှာ အခြေအနေ တမျိုးတဖုံ ပြောင်းလဲသွားမှာကို စိတ်ပူပန်ကြတာ သဘာဝကျပါတယ် သမီးလေးရယ် …

၃။
ဖေဖေကတော့ ယုံကြည်တယ် သမီးရဲ့၊

သမ္မတသစ်တက်လာလဲ၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုအပေါ် ထောက်ခံပံ့ပိုးမှုက ယုတ်လျော့သွားမှာ မဟုတ်ဘူး၊ ပြောင်းလဲသွားမှာ မဟုတ်ဘူး၊ အရေးမပါတဲ့နေရာတခုကို နိမ့်ကျသွားမှာ မဟုတ်ဘူး။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးဟာ အမေရိကန်ပြည်ထောင်စုရဲ့ အဓိကနိုင်ငံရေးပါတီကြီး၂ခုစလုံးက စိတ်ဝင်စား၊ ထောက်ခံအားပေးရတဲ့ လှုပ်ရှားမှုကြီးကွဲ့၊ ဒီမိုကရက်တစ်ပါတီကရော၊ ရီပတ်ဘလစ်ကန်ပါတီကပါ ဖေဖေတို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်မြတ်နိုးကြတယ်၊ သူဦးဆောင်တဲ့ ဒီမိုကရေစီရေး အကြမ်းမဖက်လှုပ်ရှားမှုကြီးကို လေးစား၊ တန်ဘိုးထားကြတယ်၊ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲမှုတွေဖြစ်ပေါ်လာဖို့၊ နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်လာဖို့၊ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာဖို့အတွက်၊ မြန်မာစစ်အုပ်စုကို စီးပွားရေး၊ နိုင်ငံရေး၊ သံတမန်ရေးဖိအားတွေပေးရမယ်လို့ ဒီပါတီကြီး ၂ခုစလုံးက ထိပ်တန်းခေါင်းဆောင်ကြီးတွေက သဘောတူထားကြတာပါ၊ ဒါ့ကြောင့်လည်း ကွန်ဂယက်လွှတ်တော်ကနေ မြန်မာစစ်အုပ်စုကို အရေးယူတဲ့ ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှု ဥပဒေကို ၂၀၀၃ ခုနှစ်မှာ တခဲနက်ထောက်ခံအတည်ပြုပြီး နောက်ပိုင်းနှစ်တွေမှာလည်း ပုံမှန်သက်တမ်းတိုးပေးခဲ့တယ် ၊ ၂၀၀၇ ခုနှစ် . ရွှေဝါရောင်တော်လှန်ရေးကြီး အပြီးမှာတော့ မြန်မာစစ်အစိုးရအပေါ် အရေးယူမှုတွေဟာ မလုံလောက်ဘူးဆိုပြီး မြန်မာနိုင်ငံက ကျောက် စိမ်းနဲ့ကျောက်မျက်ရတနာတွေတင်သွင်းတာကိုပိတ်ပင်တဲ့ ၊ မြန်မာနိုင်ငံက နအဖ စစ်အုပ်စုရဲ့အပေါင်းပါ စီးပွားရေးသမားတွေကို အရေးယူတဲ့ဥပဒေတရပ်ကို ထပ်မံပြဌာန်း အတည်ပြုခဲ့သေးတယ် ၊ ဒါတင်မကသေးဘူး၊ ဖေဖေတို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၇ ခုနှစ်မှာ ကွန်ဂယက်လွှတ် တော်က အမြင့်မားဆုံး ရွှေတံဆိပ်ဂုဏ်ပြုချီးမြှင့်ဖို့ ဆုံးဖြတ်ခဲ့ကြသေးတယ်..။

ဝါရှင်တန်မှာ ပြောလေ့ရှိတဲ့စကားက ဒီလိုကွဲ့ …“မြန်မာ့အရေးဟာ အမေရိကန်က ပါတီကြီး ၂ခု ရှားရှားပါးပါး သဘောတူတဲ့ အရေးကိစ္စ…”တဲ့။ ဟုတ်လည်းဟုတ်တယ်၊ နိုင်ငံရေးအာဏာကိုတလှည့်စီ၊ တပြန်စီရယူ နေကြတဲ့၊ ရယူဖို့အမြဲကြိုးစားနေကြတဲ့ ဒီပါတီကြီး ၂ ခုဟာ သဘောထားကွဲလွဲမှုတွေအများကြီးပါပဲ၊ အရှေ့အလယ်ပိုင်းပြဿနာဖြေရှင်းရာမှာ သဘောမတူကြဘူး၊ အမေရိကန်နိုင်ငံတွင်း ပြည်ပကလာရောက် နေထိုင်သူတွေနဲ့ ပါတ်သက်လို့ ၊ တခြားနိုင်ငံများနဲ့ လွတ်လပ်သောကုန်သွယ်ရေးစာချုပ် ချုပ်ဆိုရာမှာရော ၊ အီရတ်နိုင်ငံကိုဝင်ရောက် တိုက်ခိုက်ရာမှာ ၊ အကြမ်းဖက်သမားတွေကို နှိမ်နှင်းရာမှာ၊ အခွန်ကောက်ခံရာမှာ၊ အိုကွယ်… အရေးကိစ္စအားလုံးနီးပါးမှာ ပါတီကြီး ၂ ခု သဘောထားမတူညီကြဘူး၊ ဒါပေမယ့် ရှားရှားပါးပါး၊ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ထောက်ခံရာမှာတော့ ပါတီကြီး ၂ ခုစလုံး သဘောထားတူကြတယ်ကွယ်…

အခုသမ္မတအဖြစ် အနိုင်ရဖို့ ကြိုးစာနေကြတဲ့ ဆီနိတ်တာ မက်ကိန်းရော၊ ဆီနိတ်တာ အိုဘားမားရော၊ ၂ဦးစလုံးဟာ အထက်လွှတ်တော်က ထင်ရှားတဲ့ ခေါင်းဆောင်တွေပါ၊ ပြီးတော့ မြန်မာနိုင်ငံနဲ့ပတ်သတ်တဲ့ဥပဒေတွေကို အတည်ပြုရာမှာ ဦးဆောင်ပါဝင်ကြတဲ့ ပုဂ္ဂိုလ်တွေပါ၊ ပြီးခဲ့တဲ့ မေ ၂၇၊ ၂၀၀၈ နေ့က နအဖစစ်အုပ်စုက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်အကျယ်ချုပ်သက်တမ်းကို နောက်တနှစ်ထပ်တိုးဖို့ ဆုံးဖြတ်တော့ မက်ကိန်းရော၊ အိုဘားမားရော သူတို့ရဲ့ရွေးကောက်ပွဲအနိုင်ရရေးလှုပ်ရှားမှုတွေထဲကနေ ပြင်းထန်တဲ့ကြေငြာချက်တွေထုတ်ပြီး နအဖစစ်အုပ်စုကို ရှုံ့ချဝေဘန်ခဲ့ကြတယ်။ ပြီးတော့ သူတို့၂ဦးစလုံးဟာ အခြားသောကွန်ဂရက်ခေါင်းဆောင်များနဲ့အတူ မကြာခဏ သမ္မတ ဘွတ်ရှ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ရိုက်စ် ဆီ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဆီ၊ စာတွေပေးပို့ပြီး မြန်မာနိုင်ငံအရေးကိစ္စကို ဒီ့ထက်မက အရှိန်မြှင့်ပြီး ဆောင်ရွက်ပေးကြဖို့ တောင်းဆိုခဲ့ကြသူတွေဖြစ်တယ်။

ဒါ့ကြောင့်ကွယ် … ဖေဖေကတော့ယုံတယ်. သမ္မတအသစ်တက်လဲ၊ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာ့အရေးထောက်ခံမှုတွေက ပြောင်းလဲလျော့ကျသွားမှာမဟုတ်ဘူး …

၎။
နောက်ထပ် ခိုင်လုံတဲ့အကြောင်းပြချက်တခုရှိသေးတယ် … သမီးရဲ့၊

အဲ့ဒါကတော့ အမေရိကန်ပြည်ထောင်စုတ၀ှမ်းက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနဲ့ ထောက်ခံသူများရဲ့ ညီညွတ်မှုနဲ့ အင်အားပါပဲ ….

လွန်ခဲ့တဲ့ ၅ နှစ်လောက်ကိုပြန်ကြည့်ရင် မြန်မာနိုင်ငံအကြာင်းကို မသိကြတဲ့ အမေရိကန်ပြည်သူတွေ အများကြီးပါပဲ၊ ဖေဖေတို့ ပြည်ပရောက် မြန်မာ့လူ့အခွင့်အရေးလှုပ်ရှားသူတွေက အမေရိကန်တက္ကသိုလ် ကျောင်းများဆီသွားရောက်ပြီး ကျောင်းသားတွေကို ရှင်းပြစည်းရုံး ၊ နောက် ဒီအမေရိကန်ကျောင်းသားလေး တွေနဲ့ အခြားသော လူ့အခွင့်အရေးအဖွဲ့အစည်းများရဲ့အကူအညီနဲ့ အမေရိကန်ပြည်သူတွေကို မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးကို နားလည်လာအောင်၊ စာနာလာအောင်၊ ထောက်ခံလာအောင် စည်းရုံးခဲ့ကြပါတယ်။

အဲ့ဒီလိုစည်းရုံးနိုင်ပြီးမှပဲ ဒီအမေရိကန်ပြည်သူတွေက သူတို့ရဲ့သက်ဆိုင်ရာ နယ်မြေဒေသက အောက်လွှတ်တော်အမတ်တွေ၊ အထက်လွှတ်တောအမတ်တွေကို ဆက်သွယ်ပြီး မြန်မာနိုင်ငံအရေးမှာ ဝင်ရောက်ကူညီဖို့ တိုက်တွန်းကြတာပေါ့။ ဒီနိုင်ငံမှာက ကွန်ဂရက်လွှတ်တော်အမတ်တွေက သူတို့ကိုရွေးချယ်တင်မြောက်လိုက်တဲ့ မဲဆန္ဒရှင်တွေရဲ့ဆန္ဒကို လိုက်နာဖြည့်တင်းကြတယ်။ ဒီတော့ အမေရိကန်တဝှမ်းက ပြည်သူတွေရဲ့တိုက်တွန်းမှု၊ ဖိအားပေးမှုတွေနဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေက မြန်မာ့ဒီမိုကရေစီရေး ပိုပြီးစိတ်ဝင်တစားရှိလာ၊ အားပေးလာကြတာပါ၊

အခုဆိုရင် မြန်မာနိုင်ငံအကြောင်းကို သိရှိနားလည်ကြတဲ့ အမေရိကန်ပြည်သူတွေ အရင် ၅ နှစ်ကထက်စာရင် အဆပေါင်းများစွာ များပြားလာခဲ့ပြီး၊ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုကြီးကို စိတ်ရောကိုပါ ထောက်ခံအားပေးကြတဲ့ အမေရိကန်ကျောင်းသားတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေ ပို၍ပို၍များပြားလာခဲ့ပြီး၊ မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို ထောက်ခံပံ့ပိုးရမယ်လို့ နားလည်ယုံကြည်ထားတဲ့ လွှတ်တော် အမတ်တွေ များသထက်များလာခဲ့ပြီ၊ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးကြီးမှာ အမေရိကန်ပြည်သူတွေဟာ ကမ္ဘာပေါ်မှာ အကြမ်းကြုတ်ဆုံး စစ်အုပ်စုကို မျက်ဝန်းထင်ထင် တွေ့မြင် လိုက်ကြပြီး မြန်မာပြည်က သံဃာတော်တွေ၊ ပြည်သူတွေရဲ့ သူရဲကောင်းပီသမှုကို တအံ့တဩ သိမြင်လိုက် ကြပြီ။

ဒီအင်အားစုကြီးက အမေရိကန်ပြည်ထောင်စုကြီးရဲ့ မြန်မာ့ဒီမိုကရေစီရေး ထောက်ခံအားပေးမှုကြီးကို လျှော့နည်းမသွားအောင်၊ ပြောင်းလဲမသွားအောင် ထိန်းသိမ်းထားမယ့် အင်အားစုကြီးပေါ့သမီးရဲ့၊ ဒီအင်အားစုကြီးထဲမှာ သမီးလေးလည်းပါတယ်၊ ဖေဖေလည်းပါတယ် ၊ သမီးလေးသူငယ်ချင်းတွေလည်းပါ တယ်၊ ဖေဖေတို့သူငယ်ချင်းတွေလည်းပါတယ်၊ နီးနီးလေးကလူတွေပါတယ်၊ ဝေးဝေးကလူတွေပါတယ်၊ မြန်မာနိုင်ငံတွင်းမှာ သူရဲကောင်းပြည်သူတွေက စစ်အုပ်စုကို ကြံ့ကြံ့ခံ ရင်ဆိုင်နေသ၍ ၊ ဖေဖေတို့အားလုံးက လည်း နောက်ထပ်လာမယ့် အမေရိကန် သမ္မတသစ်လက်ထက်မှာ မြန်မာ့အရေးကို ဒီထက်မက ထောက်ခံ အားပေးဖို့၊ စည်းရုံးလှုံ့ဆော်ကြရမှာပေါ့ကွယ်… အပြောင်းအလဲတွေတော့ဖြစ်မှာပေါ့၊ ဒါပေမယ့် ပို၍ကောင်းသောပြောင်းလဲခြင်းများဖြစ်မှာ…အသေအချာပါကွယ်…။ ယုံကြည်နော်…။

ငြိမ်းချမ်းပါစေ

အောင်ဒင်

0 comments: