BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 17, 2014

American Poet Maya Angelou


(စုံနံ့သာ စာပေ၊အနုပညာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၆၊ ဇွန်လ၊ ၂၀၁၄)



လှောင်အိမ်ထဲကငှက် (သို့မဟုတ်) အမေရိကန်ကဗျာဆရာမကြီး မာယာအိန်ဂျလို (Maya Angelou)

အောင်ဒင်

၂၀၁၄ ခုနှစ်၊ မေလ (၂၈) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့  ထင်ရှားတဲ့ ကဗျာဆရာမကြီး မာယာအိန်ဂျလို (Maya Andelou) ကွယ်လွန်သွားပါတယ်။ ၁၉၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ မွေးဖွားသူမို့ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပါပြီ။ သူကွယ်လွန်တာနဲ့ ပါတ်သက်ပြီး သမ္မတ ဘားရက်အိုဘားမားက ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်မှာ အိုဘားမားက "မစ်ရှယ်လ် (သူ့ဇနီး) နဲ့ ကျနော်ဟာ ဒီကနေ့မှာ ကျနော်တို့ခေတ်ရဲ့ အတောက်ပဆုံး အလင်းရောင်တစ်ခုကို သတိရလွမ်းဆွတ်နေကြတဲ့ သန်းပေါင်းများစွာသော ကမ္ဘာပြည်သူများနဲ့ အတူတကွရှိနေပါတယ်" လို့ ဆိုပါတယ်။ အိုဘားမားက မာယာအိန်ဂျလိုကို “အထူးချွန်ဆုံး စာရေးဆရာမကြီး၊ အခိုင်မာဆုံးသော မိတ်ဆွေ၊ အမှန်တကယ်ကို အံ့ဩစရာကောင်းတဲ့ အမျိုးသမီးကြီး" လို့ ချီးကျူးပြီး မာယာအိန်ဂျလိုရဲ့ လွှမ်းမိုးမှုကြောင့် အိုဘားမားရဲ့  အမေက သူ့သမီး၊ အိုဘားမားရဲ့  အမကို မာယာလို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မာယာအိန်ဂျလိုဟာ အမေရိကန်ပြည်ထောင်စုရဲ့  အလွန်ကြီးမြတ်သော အမျိုးသမီးကြီးဖြစ်ပါတယ်။ သူ့ဟာ ကဗျာဆရာမကြီးအဖြစ်သာမက စာရေးဆရာ၊ အဆိုတော်၊ သမိုင်းပညာရှင်၊ သီချင်းရေးစပ်သူ၊ ပြဇာတ်ရေးသူ၊ တက္ကသိုလ်ပါမောက္ခ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ကချေသည်၊ ပြဇာတ်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ (Civil Rights Activist) လည်း ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ ကာလဟာ အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို လူဖြူတွေက နှိမ့်ချဆက်ဆံတဲ့ ကာလဆိုးကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမည်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ မာယာအိန်ဂျလို ဟာ ဒေါက်တာမာတင်လူသာကင်းဦးဆောင်တဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) မှာ ဦးဆောင်မှုအခန်းကဏ္ဏက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဖန်တီးထုတ်လုပ်တဲ့ အနုပညာပစ္စည်းတွေမှာလည်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ၊ တရားမျှတမှုကို တောင်းဆိုတာတွေ၊ ခွဲခြားနှိမ့်ချခံကြရသူများရဲ့ ငိုကျွေးသံတွေကို ကိုယ်စားပြု တင်ပြခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတ ကလင်တန်ရဲ့  ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကလင်တန်ရဲ့  မေတ္တာရပ်ခံချက်အရ "မနက်ခင်းရဲ့  သွေးခုန်သံအကြောင်း" (On the Pulse of the Morning) ဆိုတဲ့ ကဗျာကို ရွတ်ဖတ်ခဲ့ပါတယ်။ 


၂၀၁၀ ခုနှစ်မှာ သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုမှာ အရပ်သားများကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ "သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်" (Presidential Medal of Freedom) ကို မာယာအိန်ဂျလိုကို သမ္မတအိမ်ဖြူတော်မှာ အခန်းအနားနဲ့ ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။


 မာယာအိန်ဂျလိုရဲ့  ၁၉၆၉ ခုနှစ်မှာ ထုတ်ဝေတဲ့ "လှောင်အိမ်ထဲက ငှက် ဘာကြောင့်သီချင်းဆိုသလဲဆိုတာ ငါသိပြီ" (I Know Why the Caged Bird Sings) ဆိုတဲ့ စာအုပ်ဟာ အထူးထင်ရှားပါတယ်။ ၂၀ ရာစုနှစ်များရဲ့ လူမည်းအမျိုးသမီးတစ်ယောက်အဖြစ် သူ့ဘဝဖြတ်သန်းမှုကို သီချင်းဆန်ဆန်ဖွဲ့ထားတဲ့ ကဗျာတွေပါဝင် မှတ်တမ်းတင်ထားတဲ့ ကိုယ်ရေးအထုပ္ပတ္တိစာအုပ်ဖြစ်ပြီး ကျောင်းတွေမှာ အမေရိကန်စာပေနဲ့ ပါတ်သက်တဲ့ သင်ရိုးညွှန်းတမ်းမှာ သင်ကြားရတဲ့ စာအုပ်တစ်အုပ်ဖြစ်လာပါတယ်။ မာယာအိန်ဂျလိုဟာ အာဖရိကန် ကဗျာဆရာကြီး ပေါလ်လောရဲန်စ် ဒမ်ဘာ (Paul Laurence Dunbar) ကို ကြည်ညိုသူဖြစ်ပြီး သူ့စာအုပ်ရဲ့ ခေါင်းစဉ် (I Know Why the Caged Bird Sings) ဟာ ပေါလ်ရဲ့  ကဗျာတစ်ပုဒ်ထဲက စာသားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှု ပြင်းထန်ချိန်၊ အသားအရောင်ခွဲခြားဆက်ဆံရာမှာ အဆိုးဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့ရသူမို့ သူ့ရဲ့  အနုပညာပစ္စည်းတွေမှာ လူ့အသိုင်းအဝိုင်းများမှာ ကျား၊ မလိင်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်းနဲ့ အသားအရောင်အပေါ်ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ဝေဘန်တာတွေ အမြဲတွေ့ရမှာပါ။ 

ဒီဆောင်းပါးမှာ သူ့ရဲ့  ကဗျာ (၃) ပုဒ်ကို ဘာသာပြန်ပြီး တင်ပြပါမယ်။ ကျေနပ်ဖွယ်ရာမဟုတ်ရင် ဘာသာပြန်သူရဲ့  အားနည်းချက်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

အောက်ပါ "လှောင်အိမ်ထဲက ငှက်" ကဗျာဟာ ၁၉၆၉ ခုနှစ်မှာ ထုတ်ဝေတဲ့ မာယာအိန်ဂျလိုရဲ့ "လှောင်အိမ်ထဲက ငှက် ဘာကြောင့်သီချင်းဆိုသလဲဆိုတာ ငါသိပြီ" စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

# လှောင်အိမ်ထဲက ငှက် (Caged Bird)

မာယာအိန်ဂျလို

လွတ်လပ်တဲ့ ငှက်တစ်ကောင်ဟာ
လေကို ဆန်ပြီး ကျော်လွှားပျံသန်းတယ်
စမ်းချောင်းကလေးထဲမှာ
လှိုင်းတွေရဲ့အဆုံးအထိ မျောပါတယ်
နေရဲ့ လိမ္မော်ရောင် အလင်းတန်းတွေထဲ
အတောင်ပံတွေကို နှစ်မြုတ်ပြီး
ကောင်းကင်ကြီးကို သူပိုင်ဆိုင်တယ်လို့ ကြွေးကြော်ရဲတယ်။

ဒါပေမည့်
ကျဉ်းမြောင်းသေးငယ်တဲ့ လှောင်အိမ်တစ်ခုထဲ
ခက်ခက်ခဲခဲ လမ်းလျှောက်နေရတဲ့ ငှက်တစ်ကောင်ကိုတော့
ဒေါသသံတိုင်များကို ဖောက်ထွင်းပြီး
ထင်ထင်ရှားရှားမြင်တွေ့နိုင်ဖို့ ခက်ပါလိမ့်မယ်
သူ့ရဲ့ တောင်ပံတွေ ဖြတ်တောက်ခံရ
သူရဲ့ ခြေအစုံဟာ ချည်နှောင်ခံရ
ဒါကြောင့်ပဲ သီချင်းဆိုဖို့ သူ့လည်ချောင်းကို ဖွင့်ဟလိုက်တယ်။

မသိနိုင်တဲ့အရာတွေကို
ကြောက်ရွံ့တဲ့ သံစဉ်နဲ့
လှောင်အိမ်ထဲကငှက် တေးသီဖွဲ့တယ်
မလှုပ်မယှက်နဲ့ လွမ်းတယ်
သူ့သီချင်းသံကို
အဝေး တောင်တန်းကြီးတွေကတောင် ကြားရတယ်
လှောင်အိမ်ထဲက ငှက်မို့
သူဆိုတဲ့တေးဟာ လွတ်လပ်ရေးပေါ့။

လွတ်လပ်တဲ့ငှက်က
နောက်ထပ် လေပြေလေညှင်းအကြောင်းကို တွေးတယ်
သစ်ပင်တွေကြား နူးနူးညံ့ညံ့ဖြတ်သန်းလာတဲ့ ကုန်သည်လေကို တွေးတယ်
အာရုဏ်ဦးရဲ့  တောက်ပမှုနဲ့အတူ
မြက်ခင်းပြင်ပေါ်မှာ စောင့်ဆိုင်းနေမည့် ပိုးကောင်
ဝဝလေးတွေကို တွေးတယ်
ကောင်းကင်ကြီးကို သူပိုင်တယ်တဲ့။

လှောင်အိမ်ထဲက ငှက်ကတော့
အိပ်မက်တွေ ကုန်ဆုံးမြှုပ်နှံရာ အရပ်မှာ
ညနက်သန်းခေါင် ခြောက်လှန့်မှုတွေကြောင့်
သူ့အရိပ်ကတောင် အော်ဟစ်ငိုကျွေးမိ
ဒါကြောင့်ပဲ သီချင်းဆိုဖို့ သူ့လည်ချောင်းကို ဖွင့်ဟလိုက်တယ်။

မသိနိုင်တဲ့အရာတွေကို
ကြောက်ရွံ့တဲ့ သံစဉ်နဲ့
လှောင်အိမ်ထဲကငှက် တေးသီဖွဲ့တယ်
မလှုပ်မယှက်နဲ့ လွမ်းတယ်
သူ့သီချင်းသံကို
အဝေး တောင်တန်းကြီးတွေကတောင် ကြားရတယ်
လှောင်အိမ်ထဲက ငှက်မို့
သူဆိုတဲ့တေးဟာ လွတ်လပ်ရေးပေါ့။

အောက်ပါကဗျာက ၁၉၇၈ ခုနှစ်မှာ ရန်ဒန်ဟောက်စ် (Random House) စာအုပ်တိုက်က ထုတ်ဝေတဲ့ မာယာအိန်ဂျလိုရဲ့  တတိယမြောက် ကဗျာစာအုပ် (And Still I Rise) မှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

#ငါ…ရှင်သန်နေ တယ် (Still I Rise)
 
မာယာအိန်ဂျလို

မင်းရဲ့ ခါးသီးလှည့်ဖျားမှုတွေ၊ အလိမ်အညာတွေနဲ့
ငါ့သမိုင်းကို မကောင်းရေးဖွဲ့နိုင်တယ်၊
ညစ်ပတ်မှုတွေထဲမှာ ငါ့ကို နင်းခြေနိုင်တယ်၊
ဒါပေမည့်
၊ ဖုံမှုံ့ကလေးတစ်ခုလို ပဲ၊ ငါ…ရှင်သန်နေမယ်။

ငါ့ရဲ့  ရိုင်းပြမှုက မင်းကို ဒေါသဖြစ်စေသလား?
မင်းဟာ ဘာလို့များ မပီဝိုးတဝါးအတွေးများနဲ့ အနှောက်အယှက်ဖြစ်နေရတာလဲ?
ငါက ငါ့ရဲ့ ဧည့်ခန်းထဲ ရေနံတွင်းကြီးတွေရှိနေသလို
လမ်းလျှောက်နေတာကြောင့်လား? 

နေတွေ လတွေကြောင့်
လှိုင်းတွေရှိတာ သေချာသလိုမျိုး
မျှော်လင့်ချက်တွေ အမြင့်ကို ခုန်တက်သွားသလိုမျိုး
ငါ…ရှင်သန်နေမယ်။
ငါ… ကျိုးပဲ့ပျက်စီးသွားတာ မင်းမြင်ချင်သလား?
 
ခေါင်းကို ငုံ့လို့၊ မျက်လွှာချလို့?
ငါ့ရဲ့ ဝမ်းနည်းကြေကွဲ အော်မြည်ခြင်းတွေက လှိုက်စားလို့
ငါ့ပုခုန်းနှစ်ဖက်က မျက်ရည်စတွေလို လျောကျလို့?
ငါ့ရဲ့  မထီလေးစားနေတတ်မှုက မင်းကို စော်ကားရာရောက်သလား?
 
မင်း အလွန်အကျွံတွေးရာ ရောက်မနေဘူးလား?
ငါက ငါ့ရဲ့ ခြံနောက်ဖက်မှာ တူးဆွရင်း ရွှေတွင်းကြီးတွေ့သလို
ရီမောနေတာကြောင့်လား?။

မင်းရဲ့  စကားလုံးတွေနဲ့ ငါ့ကို ပစ်နိုင်ပါတယ်၊
မင်းရဲ့  မျက်လုံးတွေနဲ့ ငါ့ကို အပိုင်းပိုင်းဖြတ်နိုင်ပါတယ်၊
မင်းရဲ့  အမုန်းတွေအပြည့်နဲ့ ငါ့ကို သတ်နိုင်ပါတယ်၊
ဒါပေမည့်၊ လေလိုပဲ၊ ငါ…ရှင်သန်နေမယ်။

ငါ့ရဲ့  လိင်ဆွဲဆောင်မှုက မင်းကို ခါးသီးစေသလား?
ငါက ငါ့ပေါင်နှစ်ချောင်းဆုံရာအရပ်မှာ စိန်တစ်ပွင့်ရှိနေသလို ကနေတာကို
အံ့ဩစရာလို့ မင်းထင်နေတာလား?။

သမိုင်းရဲ့  အရှက်အကြောက်တွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်ရဲ့အပြင်ဘက်မှာ
ငါ… ရှင်သန်တယ်၊
နာကျင်မှုတွေထဲမှာ အမြစ်တွယ်နေတဲ့ အတိတ်ကာလရဲ့  အထက်မှာ
ငါ… ရှင်သန်တယ်၊
ငါဟာ အကျယ်ပြန့်ဆုံး စီးဆင်းနေတဲ့ အနက်ရောင် သမုဒ္ဒရာဖြစ်တယ်၊
လှိုင်းတွေကို ပွေ့ပိုက်ရင်း နက်ရှိုင်းလိုက်၊ ယောင်ကိုင်းလိုက်နဲ့

အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေအပြည့်နဲ့ ညတွေကို နောက်မှာချန်ထားပြီး
ငါ… ရှင်သန်တယ်၊
အံ့ဩစရာကောင်းလောက်အောင် ကြည်လင်ရှင်းသန့်တဲ့ နေ့သစ်တစ်ခုထဲ
ငါ… ရှင်သန်တယ်၊
ငါ့မျိုးနွယ်ရဲ့  ရှေ့ဦးအဘိုး၊ အဘွားတွေက ပေးခဲ့တဲ့ လက်ဆောင်တွေကို သယ်ဆောင်ရင်း
ငါဟာ ကျေးကျွန်များရဲ့  အိပ်မက်နဲ့ မျှော်လင့်ချက်အဖြစ်
ငါ… ရှင်သန်တယ်၊
ငါ… ရှင်သန်တယ်၊
ငါ… ရှင်သန်တယ်…၊။။။

အောက်ပါကဗျာက ၁၉၇၅ ခုနှစ်မှာ ရန်ဒန်ဟောက်စ်စာအုပ်တိုက်က ထုတ်ဝေတဲ့ “Oh Pray My Wings Are Gonna Fit Me Well” ကဗျာစာအုပ်မှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

#တစ်ယောက်ထဲ (Alone)
 
မာယာအိန်ဂျလို

မနေ့ညက
လဲလျောင်းလိုက်၊ တွေးလိုက်နဲ့
ငါ့စိတ်တွေကို တည်ငြိမ်အောင် ဘယ်မှာ နေရာချရမလဲ?
 
ရေကို ဆာလောင်စရာမလိုတဲ့ နေရာ
ပေါင်မုန့်လွှာတွေက ကျောက်တုံးမဟုတ်တဲ့ နေရာ
နောက်ဆုံးတော့ ငါတစ်ခုသိလိုက်တယ်
ငါ မမှားဘူးဆိုတာလည်း သေချာတယ်
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။
 တစ်ယောက်တည်း၊ တကယ့်ကို တစ်ယောက်ထဲ
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

သုံးစွဲလို့ မကုန်နိုင်တဲ့ ပိုက်ဆံတွေနဲ့
သန်းကြွယ်သူဋ္ဌေးတွေ
သူတို့ရဲ့ ဇနီးတွေက နတ်သမီးလေးတွေလို ပြေးလွှားနေကြ
သူတို့ရဲ့  သားသမီးတွေက အပြာရောင်သီချင်းတွေ ဆိုကြ
သူတို့မှာ
သူတို့ရဲ့ ကျောက်တုံးနဲ့လုပ်တဲ့ နှလုံးသားတွေကို ကုသဖို့
ဈေးအကြီးဆုံး ဆရာဝန်တွေ ရှိတယ်
ဒါပေမည့်၊ ဘယ်သူမှ
မဟုတ်သေးဘူး၊ ဘယ်သူမှ
ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

တစ်ယောက်တည်း၊ တကယ့်ကို တစ်ယောက်ထဲ
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

ဒီမှာ
မင်းသာ ဂရုတစိုက်နားထောင်မယ်ဆိုရင်
ငါသိတာတွေ မင်းကိုပြောပြမယ်
မုန်တိုင်းကို ဖန်တီးမည့် တိမ်တွေ စုဝေးနေကြပြီ
မကြာခင်မှာ လေပြင်းတွေ တိုက်တော့မယ်
လူသားအားလုံး ခံစားနေကြရ
နာကျည်းအော်ညီးသံတွေ ငါကြားနေရ
ဘာကြောင့်ဆိုတော့ ဘယ်သူမှ
ဒါပေမည့် ဘယ်သူမှ
ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

မာယာအိန်ဂျလို သေဆုံးခဲ့ပေမည့် သူ့ကဗျာတွေ၊ သူ့အနုပညာတွေကတော့ ရှင်သန်ဆဲဖြစ်ပါတယ်။ သူ့ကဗျာတွေကလည်း အမေရိကန်ပြည်ထောင်စုနယ်နမိတ်ကို ကျော်လွန်ပြီး ကမ္ဘာတဝှမ်းက အနုပညာမြတ်နိုးသူတွေကို လှောင်အိမ်ထဲက ငှက် ဘာကြောင့်တေးသီရသလဲဆိုတာကို နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြောပြနေပါလိမ့်မယ်။

လေးစားစွာ

အောင်ဒင်
ဇွန်လ ၂၊ ၂၀၁၄

ပုံစာများ။
(၁) အမေရိကန်သမ္မတ အိုဘားမားက မာယာအိန်ဂျလိုအား သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်ချီးမြှင့်နေစဉ်၊ ၂၀၁၀ ခုနှစ်
(၂)
အမေရိကန်သမ္မတ ဘီလ်ကလင်တန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ မာယာအိန်ဂျလို ကဗျာရွတ်ဖတ်နေစဉ်၊ ၁၉၉၃ ခုနှစ်
(၃)
အမေရိကန်သမ္မတ အိုဘားမားက မာယာအိန်ဂျလိုအား သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်ချီးမြှင့်နေစဉ်၊ ၂၀၁၀ ခုနှစ်
(၄) မာယာအိန်ဂျလို၏ “I Know Why the Caged Bird Sings” စာအုပ် မျက်နှာဖုံး၊

 


0 comments: