(မဇ္ဇျိမနေ့စဉ်သတင်းစာ၊ ဇွန် ၁၃၊ ၂၀၁၄၊ သောကြာနေ့၊
စာမျက်နှာ ၁၇)
“မြန်မာ့လူ့အဖွဲ့အစည်းနှင့်
ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၄)
အောင်ဒင်
#လူမျိုးကွဲပြားမှုအရ
ခွဲခြားဆက်ဆံခြင်း
လူမျိုးကြီးဝါဒဆိုတာ နိုင်ငံအတော်များများမှာ ယနေ့အချိန်အထိ
တည်ရှိနေဆဲဖြစ်ပါတယ်။ မိမိတို့ရဲ့ လူမျိုးက
အခြားလူမျိုးထက် မြင့်မြတ်တယ်ဆိုတဲ့ အတွေးအခေါ်နဲ့
အာဏာရှင်များက လက်နက်နိုင်ငံတွေ တည်ဆောက်ခဲ့ကြပါတယ်။ နိုင်ငံငယ်များ၊ လူမျိုးစုငယ်များကို
အင်အားနဲ့ တိုက်ခိုက်အနိုင်ယူခဲ့ကြပါတယ်။ မြန်မာ့သမိုင်းမှာလည်း မြန်မာဘုရင်တွေ အားကောင်းတဲ့အခါ
ရှမ်း၊ မွန်၊ ရခိုင်ဒေသတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ကြပြီး မြန်မာဘုရင်ထက် အင်အားကြီးတဲ့
တရုတ်၊ မွန်ဂိုဘုရင်များကိုတော့ လက်ဆောင်ဆက်၊ သစ္စာခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။
၁၉၃၀ နောက်ပိုင်းနှစ်များမှာ ဂျာမဏီနိုင်ငံမှာ အာဏာရှင်
ဟစ်တလာက မဟာဂျာမန်ဝါဒကို ထူထောင်လှုံ့ဆော်ပြီး တိုင်းပြည်တည်ဆောက်ခဲ့ပါတယ်။ ဂျာမန်လူမျိုးတွေသာ
အမြင့်မြတ်ဆုံးဆိုတဲ့ ကြွေးကြော်သံနဲ့အတူ တစ်နိုင်ငံတည်းမှာ နှစ်ပေါင်းများစွာကတည်းက
အတူနေထိုင်ခဲ့ကြတဲ့ ဂျူးလူမျိုးတွေကို နိမ့်ကျတဲ့ လူမျိုးများ၊ အရိုင်းအစိုင်းများအဖြစ်
ခွဲခြားဆက်ဆံခဲ့ပါတယ်။ ခွဲခြားဆက်ဆံမှု (Discrimination) ရဲ့ အစမှာ ဂျူးတွေကို အစိုးရဋ္ဌာန၊ စစ်တပ်တွေမှာ တာဝန်ထမ်းဆောင်ခွင့်မပြုရာက
စပြီး နောက်တော့ ဂျူးလူမျိုးများ ဝင်ရောက်ခွင့်မရှိတဲ့ နေရာများသတ်မှတ်ခြင်း၊ ဂျူးလူမျိုးမှန်သမျှ
သီးခြားမှတ်ပုံတင် ကိုင်ဆောင်ရခြင်း (Humiliation)၊ ဂျူးများအားလုံးကို လေးဘက်လေးတန်
သံဆူးကြိုးခတ်ကာရံထားတဲ့ ရပ်ကွက်တွေမှာပဲ စုဝေးနေထိုင်စေခြင်း (Isolation)၊ အစာရေစာမကျွေးပဲ
အငတ်ထားခြင်း (Starvation )၊ အလုပ်စခန်းတွေမှာ အဓမ္မအလုပ်ခိုင်းစေခြင်း (Forced
Labor) ကနေ နောက်ဆုံးတော့ ဂျူးတွေကို ဓာတ်ငွေ့ခန်းတွေထဲမှာ အစုလိုက်အပြုံလိုက် သတ်ပစ်တဲ့အထိ
(Extra-judicial Killing) ကြမ်းတမ်းဆိုးဝါးခဲ့ပါတယ်။ ဂျူးလူမျိုး (၆) သိန်းကျော် သေဆုံးခဲ့ရတဲ့
လူအချင်းချင်း ခွဲခြားဆက်ဆံခြင်းရဲ့ အဆိုးဝါးဆုံး
အနိဋ္ဌာရုံအဖြစ်အပျက်တွေ ဟစ်တလာရဲ့ နာဇီအကျဉ်းစခန်းတွေမှာ
အမှန်တကယ်ဖြစ်ပျက်ခဲ့ပါတယ်။
#မြန်မာနိုင်ငံမှ
လူမျိုးကြီးဝါဒ
တိုင်းရင်းသားတွေက ကျနော်တို့ ဗမာတွေဟာ တိုင်းရင်းသားလူမျိုးစုတွေအပေါ်မှာ
လူမျိုးကြီးဝါဒကို ကျင့်သုံးတယ်လို့ စွပ်စွဲကြပါတယ်။ မှန်သင့်သလောက် မှန်ပါတယ်။ ကျနော်တို့
ဗမာလူများစုက တိုင်းရင်းသားတွေကို ကရင်မ၊ ရှမ်းမ၊ မွန်မ စသဖြင့် ခေါ်ဝေါ်တတ်ကြတာ၊ အိန္ဒိယနွယ်ဖွားတွေကို
"ကုလား" လို့၊ ဗမာအချင်းချင်းတောင်မှ အသားနည်းနည်းညိုသူ၊ မည်းသူကို
"ကုလား" လို့၊ အသားဖြူသူကို "တရုတ်" လို့ အားရပါးရ ခေါ်တတ်ကြတာက
သက်သေပြနေပါတယ်။ လူမျိုးကြီးဝါဒကျင့်သုံးပြီး တိုင်းရင်းသားလူမျိုးစုများကို ခွဲခြားဆက်ဆံတာက
နှစ်ပေါင်း (၆၀) ကျော် သက်တမ်းရှိတဲ့ ပြည်တွင်းစစ်ကြီး ဖြစ်ပွါးရခြင်းရဲ့ အကြောင်းရင်းတစ်ရပ်ဖြစ်ပါတယ်။ နိုင်ငံခြားသွေးစပ်သူများကို
ခွဲခြားဆက်ဆံတာက ဒီကနေ့ ဖြစ်ပေါ်နေတဲ့ လူမျိုးရေးပဋိပက္ခများရဲ့ အကြောင်းရင်းတစ်ရပ် ဖြစ်ပါတယ်။
စစ်အစိုးရလက်ထက်မှာ တိုင်းရင်းသားလူမျိုးစုများ ရဲ့ လူဦးရေကို နည်းသထက်နည်းအောင်၊ ဗမာလူမျိုးအရေအတွက်ကို
များသထက်များအောင် ပြုလုပ်ခဲ့တာတွေ ရှိပါတယ်။ တောင်တန်းသာသနာပြုဆိုပြီး တိုင်းရင်းသား
ခရစ်ယန်တွေ ၊ နတ်ကိုးကွယ်သူတွေကို ဗုဒ္ဓဘာသာထဲ အစုလိုက်အပြုံလိုက် သွပ်သွင်းတာ၊
လူဝင်မှုကြီးကြပ်ရေးက မှတ်ပုံတင် သို့မဟုတ် နိုင်ငံသားကဒ်လုပ်ပေးရာမှာ တိုင်းရင်းသားဖြစ်ပါလျက်နဲ့
ဗမာ၊ ဗုဒ္ဓလို့ အလွယ်တကူ အသိအမှတ်ပြုလိုက်တာ၊ ဗမာစစ်ဗိုလ်တွေ တပ်စခန်းချတဲ့ ပြည်နယ်တွေမှာ
ကြွယ်ဝချမ်းသာတဲ့ တိုင်းရင်းသူအမျိုးသမီးကို လက်ထပ်ယူနိုင်တဲ့ စစ်ဗိုလ်ကို အထက်အရာရှိတွေက
ဆုချတာ၊ တိုင်းရင်းသားဘာသာစကားတွေကို ရှင်သန်ခွင့်မပေးပဲ မြန်မာစာ၊ မြန်မာစကားကိုသာ
ဦးစားပေးသုံးစွဲတာ၊ တိုင်းရင်းသားဒေသတွေမှာ ဗမာစစ်တပ်တွေ အလုံးအရင်းနဲ့ တပ်စွဲအခြေချနေထိုင်တာ၊
စတာတွေပြုလုပ်ခဲ့လို့ "ဗမာပြု ခြင်း" “ဗမာလွှမ်းခြုံခြင်း” (Burmanization)
ဆိုပြီး တိုင်းရင်းသားများက နာကျည်းကြပါတယ်။
တကယ်တော့ လူမျိုးကြီးဝါဒဆိုတာလည်း ဒေသအလိုက် ဆင့်ကဲဆင့်ကဲဖြစ်ပေါ်နေတာပါ။
တိုင်းရင်းသားတွေက ဗမာလူမျိုးကြီးဝါဒကို ရှုတ်ချသလို ရှမ်းပြည်နယ်ထဲက ပအို့ဝ်၊ ပလောင်၊
ဓနု၊ အင်းသားစတဲ့ လူမျိုးစုငယ်များကလည်း ရှမ်းလူမျိုးကြီးဝါဒကို လက်မခံကြပါ။ ကချင်ပြည်နယ်ထဲက
ရှမ်းနီလူမျိုးများကလည်း ကချင်လူမျိုးကြီးဝါဒကို လက်မခံကြပါ။ ရှမ်းပြည်နယ်ထဲက
"ဝ" လူမျိုးတွေက "ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း" အဆင့်ရရှိထားရက်နဲ့
"ပြည်နယ်" အဆင့်ကို တောင်းဆိုနေကြတာလည်း ရှမ်းလူမျိုးကြီးဝါဒကို စိုးရိမ်လို့
ဖြစ်ပါလိမ့်မယ်။
သေချာတာကတော့ တစ်နိုင်ငံတည်းမှာ အတူတကွနေထိုင်ကြသူချင်း
မတူကွဲပြားသော လူမျိုးများ၏ တန်းတူညီမျှတည်ရှိမှုကို အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုမရှိပဲ
လူမျိုးကြီးဝါဒကို ဆင့်ကဲဆင့်ကဲကျင့်သုံးပြီး ခွဲခြားဆက်ဆံနေကြမယ်ဆိုရင် ပြည်တွင်းစစ်ကို
မရပ်စဲနိုင်ပါ၊ လူမျိုးရေးပဋိပက္ခများကို မတားဆီးနိုင်ပါ။ ငြိမ်းချမ်းရေးမရနိုင်ပါ။
#အရင်ခေတ်က
တို့ဗမာ ဝါဒ
မြန်မာနိုင်ငံ သူ့ကျွန်ဘဝရောက်ရှိနေချိန်တုန်းက ဆရာကြီး
သခင်ဘသောင်းတို့၊ သခင်ဗဟိန်းတို့က "တို့ဗမာ" ဝါဒကို တည်ထောင်ခဲ့ပါတယ်။ မြန်မာတွေဟာ
ကျွန်တွေမဟုတ်၊ သခင်ဖြစ်တယ်ဆိုပြီး အမည်ရှေ့မှာ "သခင်" တပ်လို့ ခေါ်ဝေါ်သုံးစွဲခဲ့ကြပါတယ်။
အင်္ဂလိပ်အရာရှိကို "ဘုရား" ထူး ဖို့၊ "ဆရာ" ခေါ်ဖို့ ငြင်းဆန်ခဲ့ကြပါတယ်။
မလွတ်လပ်တဲ့ ဘဝမှာ "တို့ဗမာ" ဝါဒဟာ ခေတ်ရဲ့ လိုအပ်ချက်အရ ပေါ်ပေါက်လာတာဖြစ်ပြီး
သူ့ကျွန်ဘဝက လွတ်မြောက်ရေးလှုပ်ရှားမှုကို အထောက်အကူပြုနိုင်ခဲ့ပါတယ်။
ဒီနေ့ခေတ် လွတ်လပ်တဲ့ မြန်မာနိုင်ငံမှာ သခင်လည်းမရှိ၊ ကျွန်လည်းမရှိသင့်တော့ပါ။
နိုင်ငံသားအားလုံးဟာ ကျား၊ မ မရွေး၊ လူမျိုးမရွေး၊ ဘာသာမရွေး၊ အသားအရောင်မရွေး၊ အဆင့်အတန်းမရွေး၊
အားလုံး တန်းတူဖြစ်ရပါမယ်။ လူသားတစ်ယောက်ခံစားရမည့်၊ နိုင်ငံသားတစ်ယောက် ခံစားထိုက်တဲ့
အခွင့်အရေးတွေကို အားလုံး တန်းတူညီမျှ ခံစားကြရမှာဖြစ်ပြီး နိုင်ငံသားတို့ ထမ်းဆောင်ရမည့်
တာဝန် ဝတ္တရားတွေကိုလည်း အားလုံးက တန်းတူညီမျှ ထမ်းဆောင်ကြရမှာ ဖြစ်ပါတယ်။ လူများစုဖြစ်လို့
ဆိုပြီး အခွင့်အရေးပိုမရသင့်သလို လူနည်းစုဖြစ်လို့ဆိုပြီး နှိမ့်ချမခံစေရပါ။ တစ်နိုင်ငံတည်းအတွင်းမှာ
တည်ရှိနေတဲ့ မတူညီတဲ့ လူမျိုးစုတွေ၊ မတူညီတဲ့ ကိုးကွယ်ရာဘာသာတရားတွေ၊ မတူညီတဲ့ ယဉ်ကျေးမှုတွေ၊
မတူကွဲပြားမှုတွေအားလုံးကို အပြန်အလှန်တန်ဘိုးထားလေးစားပြီး စုစည်းညီညွတ်စေမှ တည်ငြိမ်အေးချမ်းပြီး
တိုးတက်ဖွံ့ဖြိုးတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကို ကျနော်တို့ တည်ဆောက်နိုင်မှာပါ။
#လူမျိုးကြီးဝါဒနှင့်
ပြည်တွင်းစစ်၊ လူမျိုးခြားဆန့်ကျင်ရေးဝါဒနှင့် လူမျိုးရေးပဋိပက္ခ
အင်္ဂလိပ်နယ်ချဲ့ရဲ့လက်အောက်မှာ နှစ်ပေါင်း (၁၀၀) ကျော်၊
ဖက်ဆစ်ဂျပန်လက်အောက်မှာ (၃) နှစ်ကျော် လွတ်လပ်ရေးဆုံးရှုံးပြီး လူမျိုးခြားတွေရဲ့ အနိုင်ကျင့်အုပ်ချုပ်တာ
ခံခဲ့ရတာမို့ ကျနော်တို့ မြန်မာလူမျိုးတွေမှာ လူမျိုးခြားဆန့်ကျင်ရေးစိတ်ဓာတ်တွေ ခိုင်ခိုင်မာမာတည်ရှိခဲ့ပါတယ်။
ဒီကနေ့တိုင်အောင်လည်း လူထုကြားမှာ အနည်းနဲ့အများဆိုသလို နိုင်ငံခြားသားတွေအပေါ် ဆန့်ကျင်စိတ်၊
သံသယတွေ ရှိနေကြဆဲဖြစ်ပါတယ်။ ဒါပေမည့် ကျနော်တို့ကို ကျေးကျွန်ပြုခဲ့ပြီး အခုအချိန်မှာ
အင်မတန်ချမ်းသာကြွယ်ဝနေတဲ့ အင်္ဂလိပ်တွေ၊ ဂျပန်တွေအပေါ်မှာတော့ မကောင်းမြင်စိတ်သိပ်မရှိတော့ပဲ
အိမ်နီးချင်းဖြစ်တဲ့ အိန္ဒိယလူမျိုးတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ၊ တရုတ်လူမျိုးတွေအပေါ်မှာ
မကောင်းမြင်စိတ်ကြီးမားတာ၊ ခွဲခြားဆက်ဆံတာကတော့ ဆိုးဝါးလှပါတယ်။ လူမျိုးကြီးဝါဒနဲ့
တိုင်းရင်းသားလူနည်းစုများကို ခွဲခြားဆက်ဆံတာက ပြည်တွင်းစစ်ကို ဖြစ်စေပြီး လူမျိုးခြားဆန့်ကျင်ရေးဝါဒနဲ့
အိန္ဒိယနွယ်ဖွား၊ တရုတ်နွယ်ဖွားများကို ခွဲခြားဆက်ဆံတာက လူမျိုးရေးပဋိပက္ခများကို ဖြစ်ပေါ်စေပါတယ်။
ဒီကနေ့ ကမ္ဘာကြီးဟာ ရွာကြီးတစ်ရွာပါ။ ဆက်သွယ်ရေးတွေ လျင်မြန်လွယ်ကူပြီး
ကမ္ဘာသူ၊ ကမ္ဘာသားတွေဟာ နိုင်ငံတစ်ခုရဲ့ နယ်နမိတ်တစ်ခုအတွင်းမှာ
သီးခြားကန့်သတ်နေထိုင်ကြတာ မဟုတ်တော့ပဲ နယ်နမိတ်တွေကိုကျော်ဖြတ်လို့ ရွှေ့ပြောင်းနေထိုင်နေကြတာပါ။
ကိုယ့်နိုင်ငံထဲက လူတွေက အခြားနိုင်ငံများကို ရွှေ့ပြောင်းနေထိုင်ကြသလို အခြားနိုင်ငံများမှ
လူများကလည်း ကိုယ့်နိုင်ငံထဲကို ရေကြည်ရာ၊ မြက်နုရာ လာရောက်နေထိုင်ကြတာပါ။ စီးပွါးရေးအကြောင်းပြချက်နဲ့
ပြည်ပနိုင်ငံများကို ရွှေ့ပြောင်းသွားကြတဲ့ မြန်မာနိုင်ငံသားတွေ ရှိသလို နိုင်ငံရေးအရ
ဖိနှိပ်ခံရလို့၊ လူ့အခွင့်အရေးတွေချိုးဖောက်ခံရလို့ မတရားမှုတွေကနေ လွတ်ရာလွတ်ကြောင်း
ပြည်ပနိုင်ငံများထံ ထွက်ပြေတိမ်းရှောင်ကြရသူ မြန်မာနိုင်ငံသားများလည်း သိန်းနဲ့ချီပြီး
ရှိကြပါတယ်။ အဲဒီလိုပဲ ကျနော်တို့နိုင်ငံထဲကို လာရောက်ခိုလှုံတဲ့ အခြားနိုင်ငံများက နိုင်ငံရေး၊ စီးပွါးရေး ဒုက္ခသည်များလည်း
ရှိကြမှာပါ။ ဘယ်နိုင်ငံကနေ ဘယ်လိုအကြောင်းနဲ့ ရောက်လာသည်ဖြစ်စေ ကိုယ့်နိုင်ငံထဲ ရောက်ရှိလာကြသူတွေဟာလည်း
လူသားတွေပဲဖြစ်လို့ လူသားအချင်းချင်း ရိုင်းပင်းကူညီသင့်ပါတယ်။ လူသားအချင်းချင်း တန်းတူညီမျှ
ဆက်ဆံသင့်ပါတယ်။ တရားဥပဒေကို ချိုးဖောက်ရင် တရားဥပဒေအရ အရေးယူတာကလွဲလို့ ခွဲခြားဆက်ဆံမှု
မရှိသင့်ပါ။ ကိုယ့်နိုင်ငံသားတွေ အခြားနိုင်ငံတစ်ခုမှာ "နိုင်ငံမဲ့လူသား"
တွေ မဖြစ်စေချင်သလို ကိုယ့်နိုင်ငံထဲမှာလည်း မည်သူ့ကိုမျှ "နိုင်ငံမဲ့" မဖြစ်စေသင့်ပါ။
#
ဘာသာရေးကို လူမျိုးရေးအဖြစ်
အသုံးချခြင်း
လူမျိုးရေးပဋိပက္ခများကို ဖြစ်စေတဲ့ နောက်အကြောင်းတစ်ခုက
ဘာသာနဲ့ လူမျိုးမကွဲပြားမှုဖြစ်ပါတယ်။ တနည်းအားဖြင့် ဘာသာကိုးကွယ်သူအားလုံးကို လူမျိုးတစ်မျိုးအဖြစ်
သတ်မှတ်တောင်းဆိုတာဖြစ်ပါတယ်။ ဗုဒ္ဓဘာသာကိုးကွယ်သူများဟာ လူမျိုးပေါင်းစုံဖြစ်နိုင်ပါတယ်။
ဒါပေမည့် ဗုဒ္ဓဘာသာလူမျိုးဆိုတာ မရှိပါ။ အစ္စလမ်ဘာသာကိုးကွယ်သူ လူမျိုးပေါင်းစုံ ရှိနိုင်ပါတယ်။
ဒါပေမည့် အစ္စလမ်ဘာသာကိုးကွယ်သူများလို့ အဓိပ္ပာယ်ရတဲ့ "မွတ်ဆလင်" ဆိုတာ လူမျိုးစုတစ်စုမဟုတ်ပါ။
ခရစ်ယန်ဘာသာကိုလည်း လူမျိုးပေါင်းစုံကိုးကွယ်ကြပြီး ခရစ်ယန်လူမျိုးဆိုတာ မရှိပါ။ ကိုးကွယ်ရာဘာသာတရားကို
အခြေခံပြီး လူမျိုးစုတစ်စုတည်း တည်ရှိတာမဟုတ်လို့ ဘာသာတရားအခြေခံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်
တောင်းခံတာမျိုးကို ဘယ်လိုမှ လက်မခံသင့်ပါ။ တရုတ်နိုင်ငံ၊ စင်ကျန်ပြည်နယ်နဲ့ ဝီဂွါဒေသမှာ
မွတ်ဆလင်များက အစ္စလမ်ဘာသာကိုးကွယ်သူများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုနေတာ၊
ထိုင်းနိုင်ငံ တောင်ပိုင်းမှာ မွတ်ဆလင်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်တိုက်ခိုက်နေတာ၊
ဖိလစ်ပိုင်မှာ မိုရိုအစ္စလမ်မစ်သူပုန်များက ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတွက် လက်နက်ကိုင်နေကြတာ၊
မြန်မာနိုင်ငံမှာလည်း ရခိုင်ပြည်နယ်အတွင်းမှာ
အစ္စလမ်ဘာသာကိုးကွယ်သူများအတွက် သီးခြားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တောင်းဆိုနေတာမျိုးကို
ဘယ်လိုမှ လက်မခံသင့်ပါ။ ဘာသာတရားဆိုတာ လူတစ်ဦးချင်းစီရဲ့ ကိုယ်ပိုင် ကိုးကွယ်ယုံကြည်မှုပဲဖြစ်ပါတယ်။
ဘာသာတရားကိုးကွယ်သူများ တူရာစုဝေးလို့ လူမျိုးစုအသစ်တစ်ခု မဖြစ်လာနိုင်ပါ။ လူမျိုးစုမဟုတ်တဲ့အတွက်
လူမျိုးစုဆိုင်ရာ အခွင့်အရေးများ မရရှိသင့်ပါ။ ဘာသာတစ်ခုကိုးကွယ်သူများက သူတို့ကိုယ်သူတို့
သီးခြားအသွင်လက္ခဏာများရှိတာမို့ သီးခြားနေထိုင်ခွင့်ရှိရမယ် ဆိုပြီး အခြားဘာသာကိုးကွယ်သူများကို
ခွဲခြားဆက်ဆံခြင်းကိုလည်း ဆန့်ကျင်ရပါမယ်။
အထက်မှာ တင်ပြခဲ့တဲ့ လူမျိုးရေးအရ ခွဲခြားဆက်ဆံမှုတွေက ကမ္ဘာ့နိုင်ငံအများအပြားမှာ
တည်ရှိနေသလို မြန်မာနိုင်ငံမှာလည်း တည်ရှိနေပါတယ်။ အဲဒီ ခွဲခြားဆက်ဆံမှုတွေကို အဆုံးမသတ်နိုင်သ၍
ကမ္ဘာကြီး မငြိမ်းချမ်းပါ။ မြန်မာနိုင်ငံမှာလည်း လူမျိုးကြီးဝါဒနဲ့ တိုင်းရင်းသားလူမျိုးစုတွေကို
ခွဲခြားဆက်ဆံနေသ၍ ပြည်တွင်းစစ်ကြီးကို ရပ်စဲနိုင်မှာ မဟုတ်ပါ။ လူမျိုးခြားဆန့်ကျင်ရေးစိတ်ဓာတ်နဲ့
လူမျိုးခြားအနွယ်ဝင်တွေကို ခွဲခြားဆက်ဆံနေသ၍ လူမျိုးစုပဋိပက္ခတွေ အဆုံးမသတ်နိုင်ပါ။
ဘာသာရေးကို လူမျိုးရေးနဲ့ ရောထွေးပြီး လူမျိုးစုသာ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို
ဘာသာရေးအခြေပြု တောင်းဆိုတာတွေ ရှိနေသ၍ လူမျိုးစုပဋိပက္ခတွေ ပပျောက်မှာ မဟုတ်ပါ။ ကျနော်တို့နိုင်ငံရဲ့ မငြိမ်းချမ်းတဲ့ နှစ်တွေ၊ လတွေ၊ နေ့ရက်တွေကို ကျနော်တို့ရဲ့ နောက် မျိုးဆက်များလက်ထက်အထိ သယ်ဆောင်မသွားသင့်တော့ပါ။
(မေ ၂၇၊ ၂၀၁၄)
0 comments:
Post a Comment