BLOGGER TEMPLATES AND TWITTER BACKGROUNDS

Tuesday, June 17, 2014

Burmese Society and Discrimination, Part (5)

(မဇ္ဇျိမနေ့စဉ်သတင်းစာ၊ ဇွန် ၁၈၊ ၂၀၁၄၊ ဗုဒ္ဓဟူးနေ့၊ စာမျက်နှာ ၁၇)

“မြန်မာ့လူ့အဖွဲ့အစည်းနှင့် ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၅)

အောင်ဒင်

#ခွဲခြားဆက်ဆံခြင်း (၃) ခု ပေါင်းစုမိကြတဲ့အခါ

ရှေ့ပိုင်းမှာ အမျိုးသမီးများကို ခွဲခြားဆက်ဆံခြင်း၊ ဘာသာကွဲပြားမှုအရ ခွဲခြားဆက်ဆံခြင်း ၊ လူမျိုးကွဲပြားမှုအရ ခွဲခြားဆက်ဆံခြင်းများနဲ့ ၎င်းခွဲခြားဆက်ဆံခြင်းများရဲ့  တစ်ခုချင်းအလိုက် တိုင်းပြည်အပေါ် အန္တရာယ်ကြီးပုံများကို ဆွေးနွေးခဲ့ပါတယ်။ တစ်ခုချင်းစီတောင်မှ အန္တရာယ်ကြီးမားလှတဲ့ ခွဲခြားဆက်ဆံခြင်း (၃) မျိုးကို စုပေါင်းကျင့်သုံးတဲ့ အခါ ပို၍ပို၍ကြီးမားတဲ့ အန္တရာယ်ထုကြီး ဖြစ်လာပြီး တိုင်းပြည်ရဲ့  ပစ္စုပ္ပန်နဲ့ အနာဂတ်ကို ဖျက်ဆီးနိုင်စွမ်း ကြီးမားလာပါတယ်။ ဒီကနေ့ မြန်မာနိုင်ငံတဝှမ်းမှာ ဗုဒ္ဓဘာသာ ရဟန်းသံဃာအချို့ဦးဆောင်ပြီး ဗုဒ္ဓဘာသာဝင် လူသာမာန်တွေ အလုံးအရင်းနဲ့ ပါဝင်ထောက်ခံကြတဲ့ အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ကာကွယ်ရေးလှုပ်ရှားမှုကြီးဟာ လက်တွေ့မှာတော့ အမျိုးသမီးများကို ခွဲခြားဆက်ဆံတဲ့၊ ဘာသာခြားများကို ခွဲခြားဆက်ဆံတဲ့၊ လူမျိုးခြားများကို ခွဲခြားဆက်ဆံတဲ့ ဗုဒ္ဓဘာသာမပီသဆုံး လှုပ်ရှားမှုကြီး ဖြစ်နေပါတယ်။ မတူကွဲပြားတဲ့ ဘာသာတရားများ၊ မတူကွဲပြားတဲ့ လူမျိုးစုများ၊ မတူကွဲပြားတဲ့လူသားများ အပြန်အလှန်လေးစားလို့ မတူကွဲပြားမှုများကို စုစည်းညီညွတ်စေပြီး ငြိမ်းခြမ်းတည်ငြိမ်တိုးတက်တဲ့ နိုင်ငံတော်သစ် တည်ဆောက်ရမည့်အချိန်မှာ ဘာသာတစ်ခု၊ လူမျိုးတစ်စုထဲကို မြှင့်တင်ဖို့ ရည်ရွယ်လှုပ်ရှားကြတာဟာ စစ်အာဏာရှင်များကြောင့် ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေးများကို ပြန်လည်ရရှိဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှရေးအတွက် စိုက်လိုက်မတ်တတ် ကြိုးစားနေ ကြတဲ့ မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူများအတွက် ကြီးမားတဲ့ အဟန့်အတား၊ အနှောက်အယှက်ကြီးဖြစ်ပါတယ်။

အမျိုးဘာသာစောင့်ရှောက်သူများက ပြဋ္ဌန်းဖို့ တောင်းဆိုနေတဲ့ မျိုးစောင့်ဥပဒေ (၄) ရပ်မှာ "တစ်လင်တစ်မယားစနစ်ကျင့်သုံးရေးဥပဒေ" ကလွဲရင် ကျန်ဥပဒေ (၃) ခုဟာ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးများကို အကြီးအကျယ်ခြိမ်းခြောက်ထိန်းချုပ်မည့် ဥပဒေများ ဖြစ်ကြပါတယ်။ "ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ" ဟာဆိုရင် နိုင်ငံသားများရဲ့  လွတ်လပ်စွာကိုးကွယ်ခွင့်ကို ကန့်သတ်ထိန်းချုပ်မည့် ဥပဒေဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ ရဟန်းသံဃာများနဲ့ ဗုဒ္ဓဘာသာဝင်များက တောင်းဆိုတာကို ဗုဒ္ဓဘာသာဝင်များ အများစုဖြစ်တဲ့ အစိုးရက ရေးဆွဲတာမို့ အခြားကိုးကွယ်ရာ ဘာသာများ၊ အခြားဘာသာကိုးကွယ်သူများ ၊ တိုင်းရင်းသားများကို တရားဝင် ခွဲခြားဆက်ဆံမည့် ဥပဒေဖြစ်ပါတယ်။ "လူဦးရေတိုးပွါးမှုနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ" ဆိုရင်လည်း မိသားစုတစ်စုမှာ ကလေးဘယ်နှစ်ယောက်ယူမယ်ဆိုတဲ့ မိသားစုတစ်စုရဲ့  ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကို အစိုးရအာဏာနဲ့ ထိန်းချုပ်ကန့်သတ်တာဖြစ်ပါတယ်။ "လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ ဥပဒေ" ဟာလည်း အမျိုးသမီးများရဲ့  လွတ်လပ်ခွင့်ကို ထိန်းချုပ်ပြီး အမျိုးသမီးများကို ခွဲခြားဆက်ဆံတာ ဖြစ်ပါတယ်။ ကျနော် မကန့်ကွက်တဲ့ "တစ်လင်တစ်မယားစနစ်ကျင့်သုံးရေးဥပဒေ" တောင်မှ လူ့ဘောင်နဲ့ ဝေးအောင်နေရမည့်၊ လူတွေရဲ့  အနေအထိုင်အပြုအမူတွေကို ရှောင်ကြဉ်ရမည့် ဗုဒ္ဓဘာသာ ရဟန်းသံဃာတွေက တောင်းဆိုတာ၊ ဖိအားပေးတာ မဖြစ်သင့်ပဲ ပြည်သူများက လွှတ်တော်ကိုယ်စားလှယ်များကို အကြံပြုတာမျိုးပဲ ဖြစ်သင့်ပါတယ်။

#ကမ္ဘာတဝှမ်းတွင် ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ခြင်း

ခွဲခြားဆက်ဆံခြင်းများဟာ တိုင်းပြည်နဲ့ နိုင်ငံသားများအပေါ် ကြီးမားတဲ့ ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်စေတာမို့ ကမ္ဘာ့နိုင်ငံအတော်များများမှာ ခွဲခြားဆက်ဆံခြင်းများကို တိုက်ဖျက်ဖို့၊ တားမြစ်ပိတ်ပင်ဖို့ ဥပဒေများ ပြဋ္ဌန်းကြပါတယ်။ ဥပမာအချို့ကို တင်ပြပါမယ်။
အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၇ ခုနှစ်မှာ ပြဋ္ဌန်းအတည်ပြုခဲ့ပြီး (၄) နှစ်အကြာ ၁၇၉၁ ခုနှစ်မှာ "နိုင်ငံသားများ၏ မွေးရာပါ ရပိုင်ခွင့်များ" (Bill of Rights) လို့ ကြော်ကြားတဲ့ ပြင်ဆင်ချက် (၁၀) ခုကို ပြဋ္ဌန်းအတည်ပြုခဲ့ပါတယ်။ ပထမဆုံးပြင်ဆင်ချက် (First Amendment) သို့မဟုတ် ပထမဆုံးသတ်မှတ်တဲ့ အခွင့်အရေးများက "လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ အစိုးရထံ နစ်နာမှုများဖြေရှင်းပေးရန်တောင်းဆိုခွင့်များ" ဖြစ်ကြပါတယ်။ အဲဒီ ပထမပြင်ဆင်ချက်က ကွန်ဂရက်လွှတ်တော်က အဆိုပါ အခြေခံအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်မည့် ဘယ်လိုဥပဒေကိုမှ မပြဋ္ဌန်းရလို့ ပိတ်ပင်ထားပါတယ်။ ၁၉၆၄ ခုနှစ်၊ ဇူလိုင်လ ၂၈ ရက်နေ့မှာ အတည်ပြုတဲ့ "နိုင်ငံသားအခွင့်အရေးများဥပဒေ" (Civil Rights Act of 1964) က အသားအရောင်၊ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျားမလိင်ကွဲပြားမှု၊ ဇာတိ စတာတွေပေါ်အခြေခံပြီး ခွဲခြားဆက်ဆံမှုများအားလုံးကို ရာဇဝတ်မှုမြောက်တယ်လို့ သတ်မှတ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ ပြဋ္ဌန်းတဲ့ "တူညီသော လစာပေးခြင်းဥပဒေ" (Equal Pay Act of 1963) က မိန်းမ၊ ယောင်္ကျားခွဲခြားပြီး မိန်းမများကို ယောင်္ကျားများထက် လစာနဲ့ အခွင့်အရေးလျှော့ပေးတာကို တားမြစ်ပါတယ်။

ဩစတြေးလျ (Australia) နိုင်ငံမှာ ၁၉၇၅ ခုနှစ်မှာ "လူမျိုးရေးဆိုင်ရာ ခွဲခြားဆက်ဆံခြင်းဥပဒေ" (Racial Discrimination Act 1975) ကို ပြဋ္ဌန်းခဲ့ပါတယ်။ ဒီဥပဒေအရ မည်သူ့ကိုမဆို အသားရောင်၊ လူမျိုး၊ ကျားမလိင်ကွဲပြားမှု၊ ကိုးကွယ်ရာဘာသာ၊ မူလဇာတိဒေသ စတာတွေပေါ် အခြေခံပြီး အလုပ်အကိုင်ခန့်အပ်ရာမှာ၊ လစာပေးရာမှာ၊ အိမ်ယာအဆောက်အအုံငှါးရမ်းရာမှာ သို့မဟုတ် ဝယ်ယူရာမှာ သို့မဟုတ် နေရာချပေးရာမှာ၊ အများပြည်သူနှင့် သက်ဆိုင်သော နေရာများသို့ ဝင်ရောက်ရာမှာ၊ အသင်းအဖွဲ့အစည်းများမှာ ပါဝင်ရာမှာ၊ ဘဏ်မှငွေချေးရာမှာ၊ အစိုးရ၏ အထောက်အပံ့တောင်းခံရာမှာ၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာမှာ၊ ခွဲခြားဆက်ဆံမှုများ မပြုလုပ်ရလို့ အတိအလင်းတားမြစ်ပြီး တားမြစ်ချက်ကို ချိုးဖောက်ရင် ရာဇဝတ်မှုမြောက်ပါတယ်။ ဒါတင်မကသေးပဲ လူတစ်ယောက်ကို အခြားတစ်ယောက်က အသားရောင်၊ လူမျိုး၊ ကျားမလိင်ကွဲပြားမှု၊ ကိုးကွယ်ရာဘာသာ၊ မူလဇာတိဒေသ စတာတွေပေါ် အခြေခံပြီး ချိုးချိုးနှိမ်နှိမ် ခေါ်ဝေါ်ဆက်ဆံရင်လည်း ရာဇဝတ်မှုဖြစ်ပါတယ်။
ဥရောပသမဂ္ဂ (European Union) က ၂၀၀၀ ခုနှစ်မှာ အဖွဲ့ဝင်နိုင်ငံများအားလုံး လိုက်နာရမည့် "လူမျိုးစုဆိုင်ရာ တန်းတူညီမျှမှု ညွှန်ကြားချက်" (Racial Equality Directive-2000/43/EC) ကို ထုတ်ပြန်ထားပါတယ်။ ဒီညွှန်ကြားချက်အရ ဥရောပသမဂ္ဂနိုင်ငံများအားလုံးဟာ လူအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားပဲ တန်းတူညီမျှ ဆက်ဆံရမှာဖြစ်ပါတယ်။ အလားတူ ကျား၊မလိင်ကွဲပြားမှု၊ အသက်အရွယ်၊ မသန်မစွမ်းဖြစ်မှုတွေကို အခြေခံပြီး ခွဲခြားဆက်ဆံတာကို တားမြစ်တဲ့ ဥပဒေတွေကိုလည်း ဥရောပသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

၁၉၇၉ ခုနှစ်မှာ ကုလသမဂ္ဂအထွေထွေညီလာခံက "အမျိုးသမီးများ ခွဲခြားဆက်ဆံမှု ပုံစံအားလုံးပပျောက်ရေး နိုင်ငံတကာသဘောတူစာချုပ်" (Convention on the Elimination of All Forms of Discrimination against Women) (CEDAW) ကို အတည်ပြုခဲ့ပြီး အဲဒီ စာချုပ်ကို နိုင်ငံပေါင်း (၁၈၈) နိုင်ငံပေါင်း လက်မှတ်ရေးထိုးပြီးတဲ့နောက် ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်နေ့မှာ အသက်ဝင်တည်ရှိလာပါတယ်။ ဒီသဘောတူညီမှုအရ အဖွဲ့ဝင်နိုင်ငံတိုင်းဟာ အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများအားလုံးကို ပပျောက်အောင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပုံစံအားလုံးလို့ ဆိုတဲ့အတိုင်း အလုပ်ခန့်ရာမှာ၊ လစာနဲ့ အခွင့်အရေးပေးရာမှာ၊ နိုင်ငံရေးတာဝန်ယူရာမှာ၊ စသဖြင့် နေရာတိုင်းမှာ အမျိုးသမီးများကို ခွဲခြားဆက်ဆံမှုတွေ မရှိရပဲ ယောင်္ကျား၊ မိန်းမ တန်းတူညီမျှမှုကို အားပေးရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံက ဒီစာချုပ်ကို ၁၉၉၇ ခုနှစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ 

ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ၁၉၆၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ "လူမျိုးရေးဆိုင်ရာ အားလုံးသော ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး နိုင်ငံတကာသဘောတူစာချုပ်" (International Convention on the Elimination of All Forms of Racial Discrimination)  (ICERD) ကို အတည်ပြုခဲ့ပြီး ၁၉၆၉ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့မှာ အဖွဲ့ဝင် (၈၇) နိုင်ငံနဲ့ အဖွဲ့အစည်း (၁၇၇) ဖွဲ့က ထောက်ခံလက်မှတ်ရေးထိုးပြီး အသက်ဝင်တည်ရှိခဲ့ပါတယ်။ ဒီနိုင်ငံတကာစာချုပ်အရ အဖွဲ့ဝင်နိုင်ငံများအားလုံးဟာ သက်ဆိုင်ရာနိုင်ငံများအတွင်းမှာ အသားအရောင်ခွဲခြားမှုများ၊ လူမျိုးရေးရာ ခွဲခြားဆက်ဆံမှုများ ပပျောက်အောင် ဆောင်ရွက်ရမှာဖြစ်ပြီး မတူကွဲပြားတဲ့ လူမျိုးစုများအကြား အပြန်အလှန်နားလည်မှုများကို အားပေးတည်ဆောက်ရမှာဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံများဟာ အမုန်းတရားပြန့်ပွါးရေးလှုံ့ဆော်မှုများကို ထိထိရောက်ရောက် တားမြစ်ပိတ်ပင်ရမှာဖြစ်ပြီး လူမျိုးရေးအစွန်းရောက်အဖွဲ့အစည်းများကိုလည်း ရာဇဝတ်ဥပဒေနဲ့ အရေးယူရမှာဖြစ်ပါတယ်။ ဒီစာချုပ်အတိုင်း နိုင်ငံများရဲ့  ဆောင်ရွက်မှုတွေကို "လူမျိုးရေုးဆိုင်ရာ အားလုံးသော ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးကော်မီတီ" (Committee on the Elimination of Racial Discrimination) (CERD) က ကြီးကြပ်ပါတယ်။ မြန်မာနိုင်ငံက ဒီစာချုပ်ကို အခုထိ လက်မှတ်မထိုးသေးပါ။

#မြန်မာနိုင်ငံမှ ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်ခြင်း

ခွဲခြားဆက်ဆံခြင်းတွေက မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ နက်နက်ရှိုင်းရှိုင်းခိုင်ခိုင်မာမာ တည်ရှိနေတာမို့ ပပျောက်အောင် ဆောင်ရွက်ဖို့ဆိုတာ အင်မတန်ခက်ခဲလှတဲ့ တာဝန်ကြီးတစ်ခုဖြစ်ပါတယ်။ ပြီးတော့ အင်မတန်ရန်လိုတဲ့ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်သူများနဲ့ ရင်ဆိုင်ရမှာမို့ အင်မတန်အန္တရာယ်များတဲ့ အလုပ်လည်းဖြစ်ပါတယ်။ ဒါပေမည့် ဒီခွဲခြားဆက်ဆံမှုတွေကို အချိန်မီမဟန့်တားနိုင်ရင် ပဋိပက္ခတွေမြင့်မား၊ အကြမ်းဖက်မှုတွေအားကောင်းပြီး ကျနော်တို့နိုင်ငံ ဘယ်လိုမှ ငြိမ်းချမ်းမှာမဟုတ်ပါ။ ပြည်တွင်းစစ်ကို ရပ်စဲနိုင်မှာ မဟုတ်တဲ့အပြင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ထပ်မံပေါင်းစပ်လို့ တိုင်းပြည် ပြိုကွဲကျဆုံးနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့ရဲ့ နောက်မျိုးဆက်များ ငြိမ်းချမ်းတည်ငြိမ်နိုင်ဖို့ ကျနော်တို့ စွန့်စားကြရမှာပါ။ 

ခွဲခြားဆက်ဆံမှုများကို အဆုံးသတ်နိုင်ဖို့ရာ တိုင်းပြည်အာဏာရအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများအားလုံးမှာ တာဝန်ရှိပါတယ်။
အစိုးရဆိုတာ တရားဥပဒေစိုးမိုးရေးအတွက် အဓိကတာဝန်ရှိသူပါ။ အစိုးရအာဏာနဲ့ လူများစုက လူနည်းစုကို အနိုင်ကျင့်တိုက်ခိုက်တာတွေ၊ ဘာသာရေးအလံထောင်ပြီး အကြမ်းဖက်တာတွေ၊ အမုန်းတရားဖြန့်ချီတာတွေ၊ အမုန်းတရားရဲ့  လှုံ့ဆော်မှုကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် အရေးယူရမှာပါ။ လူနည်းစုကို အကာအကွယ်ပေး စောင့်ရှောက်ရမှာပါ။ လူများစုကိုးကွယ်ရာ ဘာသာကို အလွန်အကျွံဦးစားပေးတာ မလုပ်သင့်ပါ။ 

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများရဲ့ အခွင့်အရေးနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဥပဒေကြမ်းများ ရေးဆွဲဖို့ တောင်းဆိုတာမျိုးကို မလိုက်လျောသင့်ပါ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ "လူမျိုးစုဆိုင်ရာ အားလုံးသော ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး နိုင်ငံတကာသဘောတူစာချုပ်" ကို အမြန်ဆုံး လက်မှတ်ရေးထိုးသင့်ပါတယ်။ မြန်မာနိုင်ငံဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ရာ နိုင်ငံဖြစ်တယ်ဆိုတဲ့ အသိတရားကို ပြည်သူများကြား လှုံ့ဆော်ပညာပေးပြီး မတူကွဲပြားအင်အားစုများ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးသဘောတရားကို အားပေးသင့်ပါတယ်။ အခြေခံပညာရေးစနစ်ရဲ့  သင်ရိုးညွှန်းတမ်းမှာ မတူကွဲပြားအင်အားစုများ ငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေးပညာပေးမှုများ ထည့်သွင်းသင်ကြားစေသင့်ပါတယ်။ 
လွှတ်တော်အနေနဲ့ မတရားတဲ့ ဥပဒေများကို မပြဋ္ဌန်းဖို့နဲ့ တရားတဲ့ ဥပဒေများကို ပြဋ္ဌန်းဖို့ အထူးတာဝန်ရှိပါတယ်။ ခွဲခြားဆက်ဆံမှုများကို တားမြစ်တဲ့ ဥပဒေတွေ ရေးဆွဲပြဋ္ဌန်းသင့်ပါတယ်။ 

တိုင်းရင်းသားလူမျိုးစုများရဲ့  တန်းတူညီမျှမှုကို အာမခံဖို့နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေပေးဖို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲသင့်ပါတယ်။ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ပြည်ထောင်စုကို အလည်လာတုန်းက "အမုန်းတရား ဖြန့်ချီဟောပြောစည်းရုံးမှုများကို တားမြစ်ဖို့" ဥပဒေတွေ ပြဋ္ဌန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီကနေ့အထိတော့ အမုန်းတရားဟောပြောမှုများကို ဥပဒေပြု တားဆီးတာ မတွေ့ရသေးပါ။ အမုန်းတရားဟောပြောမှုကို တားဆီးအရေးယူတဲ့ ဥပဒေမရှိသေးပေမည့်၊ ခွဲခြားဆက်ဆံမှုများကို ဟန့်တား၊ တားမြစ်တဲ့ ဥပဒေတွေ မရှိသေးပေမည့် ခွဲခြားဆက်ဆံမှုတွေကို တရားဝင်ဖြစ်စေမည့် ဥပဒေတွေ ပြဋ္ဌန်းဖို့ တောင်းဆိုတာကိုတော့ အလွယ်တကူ သဘောတူလိုက်တာကို ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။

နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများအတွက် အရေးကြီးဆုံးက ဘာသာရေးနဲ့ နိုင်ငံရေးကို မရောထွေးဖို့ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့  နိုင်ငံရေးလှုပ်ရှားမှုများမှာ ဘာသာရေးကို ခုတုံးမလုပ်ဖို့ ဖြစ်ပါတယ်။ ၎င်းတို့ရဲ့  ရွေးကောက်ပွဲမှာ မဲအနိုင်ရရေးအတွက် ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်များရဲ့ အသုံးချမှုကို မခံဖို့ အထူးလိုအပ်ပါတယ်။

ကျနော်တို့တိုင်းပြည်မှာ "နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့" (မဟန) အပေါ် ပြည်သူများနဲ့ သံဃာများက အစိုးရခန့်အဖွဲ့အစည်းတစ်ခုအဖြစ်ပဲ မြင်ကြပါတယ်။ ဒါကြောင့် မဟန ရဲ့ ဩဇာဟာ သံဃာထုအပေါ် သက်ရောက်မှု သိပ်မရှိလှပါ။ သံဃာထုအပေါ် ဩဇာသက်ရောက်မှုရှိတာက သံဃာ့ဂိုဏ်းအသီးသီးရဲ့ အကြီးအကဲများ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာ ၁၉၈၀ ခုနှစ်ကစလို့ သုဓမ္မာ၊ ရွှေကျင်၊ ငှက်တွင်း စသဖြင့် သံဃာ့ဂိုဏ်းကြီး ကိုးဂိုဏ်းပဲ ရှိပါတယ်။ အဲဒီ ဂိုဏ်းအသီးသီးမှာ သာသနာပိုင်တွေ၊ ဂိုဏ်းချုပ်ဆရာတော်တွေ၊ မဟာနာယကဆရာတော်တွေရှိကြပါတယ်။ အဲဒီ ဂိုဏ်းအလိုက် သံဃာအကြီးအကဲများကို သမ္မတကိုယ်တိုင်ကဖြစ်စေ၊ သမ္မတရဲ့ လက်ထောက်များကဖြစ်စေ ချဉ်းကပ်ပြီး သက်ဆိုင်ရာ ဂိုဏ်းအလိုက် ဂိုဏ်းဝင်သံဃာများကို စည်းကမ်းထိန်းသိမ်းကြဖို့ လျှောက်ထားသင့်ပါတယ်။ အမုန်းတရားကို ဟောပြောနေတဲ့ သံဃာအချို့ရဲ့ ဟောပြောချက်တွေနဲ့ပါတ်သက်ပြီး သက်သေအထောက်အထားတွေရှိပါတယ်။ သူတို့ဟောတဲ့ စီဒီခွေတွေ၊ ဗီဒီယိုတွေ၊ စာရွက်စာတမ်းတွေ၊ အဲဒီအထောက်အထားတွေကို ဂိုဏ်းချုပ်ဆရာတော်ကြီးများကို ပြပြီး သက်ဆိုင်ရာဂိုဏ်းအလိုက် စည်းကမ်းများနဲ့ အရေးယူဖို့ လျှောက်ထားသင့်ပါတယ်။ အဲဒီလို လျှောက်ထားတာကို ပြည်သူတွေသိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်၊

တစ်ချိန်တည်းမှာပဲ အစ္စလမ်ဘာသာရေးအဖွဲ့အစည်းခေါင်းဆောင်များကလည်း သူတို့ရဲ့ ဘာသာဝင်များအနေနဲ့ ဗုဒ္ဓဘာသာကို စော်ကားတဲ့ အပြုအမူ၊ အပြောအဆိုတွေ မလုပ်ကြဖို့ တိုက်တွန်းစေသင့်ပါတယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလထဲမှာ သံတွဲမြို့၊ သဗြုချိုင်ရွာမှာဖြစ်ခဲ့တဲ့ ပဋ္ဋိပက္ခမှာ အစ္စလမ်ဘာသာဝင် ကမန်လူမျိုးတစ်ယောက်က ဗုဒ္ဓဘာသာဝင်တစ်ယောက်ကို ဆဲဆိုကြိမ်းမောင်းရာကစတင်တယ်လို့ သိရပါတယ်။ အစ္စလမ်ဘာသာရေးအဖွဲ့အစည်း ခေါင်းဆောင်များကိုယ်တိုင်မှာလည်း သူတို့ဘာသာဝင်တွေကို ဒေါသကို ဒေါသနဲ့ မတုန့်ပြန်အောင်ထိန်းသိမ်းဖို့၊ သူတို့ကိုယ်တိုင်က ပဋ္ဋိပက္ခကို မစမိအောင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။ အထူးသဖြင့် ဗလီတွေထဲမှာ လက်နက်တွေ စုဆောင်းသိုလှောင်တာမျိုးတွေမလုပ်ကြဖို့၊ အကြမ်းမဘက်ကြဖို့ ၊ အစ္စလမ်ဘာသာရေးကျောင်းတွေမှာ ရခိုင်မုန်းတီးရေး၊ ဗုဒ္ဓဘာသာမုန်းတီးရေးတွေ မသင်ကြားကြဖို့၊ မွတ်ဆလင်အစွန်းရောက်များနဲ့ မဆက်သွယ်ကြအောင်ထိန်းသိမ်းဖို့ တာဝန်ရှိပါတယ်။

အစိုးရ၊ လွှတ်တော်နဲ့ နိုင်ငံရေးပါတီများ ကိုယ်တိုင်က ခွဲခြားဆက်ဆံမှုများ အဆုံးသတ်ရေး အားနည်းလှတဲ့အပြင် အမျိုး၊ ဘာသာ၊ သာသနာလှိုင်းကို မကျော်လွှားရဲသလို တွေ့နေရတော့ ခွဲခြားဆက်ဆံမှုများအဆုံးသတ်ရေး ကြိုးစားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းများအတွက် အင်မတန် မြင့်မားမတ်စောက်တဲ့ တောင်ကြီးကို လုံလောက်တဲ့ အောက်စီဂျင်မရှိပဲ တက်နေရသလို ဖြစ်နေပါလိမ့်မယ်။ အားမလျှော့ကြစေချင်ပါ။ မြန်မာနိုင်ငံဟာ တစ်ချိန်ကလို တံခါးပိတ်ထားတဲ့ တိုင်းပြည်မဟုတ်တော့ပါ။ မြန်မာနိုင်ငံရဲ့  အပြောင်းအလဲတွေကို စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ကမ္ဘာ့နိုင်ငံများ၊ ကမ္ဘာ့အဖွဲ့အစည်းများက ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် ရှေ့တိုးရွေ့လျားတဲ့ ခြေလှမ်းများကိုသာ အားပေးကူညီကြမှာဖြစ်ပြီး အမှောင်ခေတ်ကြီး နောက်ပြန်သွားမည့် ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို ဝိုင်းဝန်းကန့်ကွက်ကြမှာပါ။ ပြီးတော့ မြန်မာနိုင်ငံ လူဦးရေရဲ့  ၅၀ ရာခိုင်နှုန်းကျော်က အမျိုးသမီးနဲ့ မိန်းကလေးတွေပါ၊ လူဦးရေရဲ့  တစ်ဝက်ကျော်လောက်က အသက် ၁၄ နှစ်နဲ့ အသက် ၅၀ ကြား ခေတ်မီတိုးတက်မှုကို မြတ်နိုးကြတဲ့၊ ငြိမ်းချမ်းတည်ငြိမ်မှုကို လိုလားတဲ့ လူငယ်၊ လူရွယ်တွေပါ။ ဒီအင်အားစုကြီးဟာ ခွဲခြားဆက်ဆံမှုများကို လက်မခံမည့်၊ အမှောင်ခေတ်ကြီးထဲ ပြန်သွားမည့် ဘယ်လိုလှုပ်ရှားမှုမျိုးကိုမဆို လက်မခံမည့် ပြည်သူတွေပါ။ ခွဲခြားဆက်ဆံမှုကို ဆန့်ကျင်တဲ့ အရပ်ဘက်အဖွဲ့အစည်းများအဖို့ အဲဒီ အမျိုးသမီးနဲ့ လူငယ်အင်အားစုကြီးကို ပညာပေးစည်းရုံးပြီး မြန်မာနိုင်ငံကို ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာစုဝေးနေထိုင်ကြတဲ့ နိုင်ငံဖြစ်အောင် တည်ဆောက်ကြရမှာပါ။

မြန်မာနိုင်ငံမှာ၊ မြန်မာ့လူ့အဖွဲ့အစည်းအတွင်းမှာ ခွဲခြားဆက်ဆံမှုများအားလုံး ကျဆုံးပါစေ။

လေးစားစွာ၊

အောင်ဒင်
မေ ၂၈၊ ၂၀၁၄
 


0 comments: