(မဇ္ဇျိမနေ့စဉ်သတင်းစာ၊ ဇွန် ၁၂၊ ၂၀၁၄၊ ကြာသပတေးနေ့၊ စာမျက်နှာ ၁၇)
“မြန်မာ့လူ့အဖွဲ့အစည်းနှင့်
ခွဲခြားဆက်ဆံခြင်းများ”၊ အပိုင်း (၃)
အောင်ဒင်
#ဘာသာ
ကွဲပြားမှုအရ ခွဲခြားဆက်ဆံခြင်း
လူသားတိုင်းဟာ ကိုယ်ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိပါတယ်။
ဘယ်ဘာသာတရားကိုမှ မကိုးကွယ်ပဲ နေထိုင်ခွင့်လည်း ရှိပါတယ်။ ကိုယ်ယုံကြည်ကိုးကွယ်ရာ ဘာသာတရားကို
အကောင်းဆုံး၊ အမွန်မြတ်ဆုံးလို့လည်း ယုံကြည်နိုင်ပါတယ်။ သို့သော်လည်း အခြားကိုးကွယ်ရာ
ဘာသာတရားများကို အထင်သေးခွင့်၊ နှိမ့်ချစော်ကားခွင့်တော့ မရှိပါ။ ကိုယ့်ဘာသာကို အမွန်မြတ်ဆုံးလို့
သတ်မှတ်ပြီး အခြားဘာသာတရားများကို အထင်အမြင်သေးတဲ့အခါ၊ အခြားဘာသာ ကိုးကွယ်သူများကို
နှိမ့်ချဆက်ဆံတဲ့ အခါ အင်မတန်ကြီးမားတဲ့ ပဋိပက္ခတွေ ဖြစ်ပေါ်တတ်ပါတယ်။ မြန်မာနိုင်ငံမှာ
ဘာသာရေးအခြေပြု ပဋိပက္ခများ မကြာခဏဖြစ်ပွါးနေတာ ဘာသာရေးအခြေပြု ခွဲခြားဆက်ဆံခြင်းများကြောင့်
ဖြစ်ပါတယ်။
#ဘာသာရေးဖြင့်
တိုင်းပြည်တည်ဆောက်ကြခြင်း
တစ်ချိန်တုံးက သက်ဦးဆံပိုင် ပဒေသရာဇ်တွေက ဘာသာရေးကို တိုင်းပြည်အုပ်ချုပ်ရေးအတွက်
အကောင်းဆုံးလက်နက်အဖြစ် အသုံးချခဲ့ကြပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင် ဂျပန်လူမျိုးတွေဟာ
နေနတ်မင်းကြီးက ဆင်းသက်လာတယ်။ ဂျပန်ဧကရာဇ်ဟာ နေနတ်မင်းကြီးရဲ့ ကိုယ်စားလှယ်ဖြစ်တယ်။ ဒါကြောင့်မို့ ဂျပန်နိုင်ငံသားများအနေနဲ့
ဧကရာဇ်ကို ကာကွယ်ခြင်း၊ ဧကရာဇ်ရဲ့ အမိန့်နာခံခြင်းဟာ နေနတ်မင်းကြီးကို ကာကွယ်ခြင်း၊
နာခံခြင်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်အယူအဆတွေနဲ့ ဂျပန်ဧကရာဇ်တွေက တိုင်းပြည်ကို ငြိမ်ဝပ်ပိပြားအောင်
အုပ်ချုပ်ခဲ့ကြတာပါ။ မြန်မာနိုင်ငံမှာလည်း ဘုရင်တွေက သူတို့ကိုယ်သူတို့ သာသနာပြုမင်းများ၊
ဘုရားဒါယကာများ၊ ဗုဒ္ဓသာသနာကို စောင့်ရှောက်ကာကွယ်သူများအဖြစ် ဖန်တီးပြီး တိုင်းသူပြည်သားတွေကို
ဘာသာရေးလက်နက်နဲ့ အုပ်ချုပ်ခဲ့ကြတာပါ။ ဘုရင်ဟာ ဗုဒ္ဓသာသနာတော်ကို ဖွံ့ဖြိုးတိုးတက်စေသူ၊
ကာကွယ်စောင့်ရှောက်သူ၊ ရဟန်းသံဃာများကို ချီးမြှင့်ပူဇော်သူဖြစ်လို့ ဘုရင်ကို ဆန့်ကျင်ရင်
ငရဲကြီးမယ်၊ ငရဲကျမယ်ဆိုတဲ့ အတွေးအခေါ်တွေနဲ့ မြန်မာဘုရင်တွေက ပြည်သူတွေကို အုပ်ချုပ်ခဲ့ကြတာပါ၊
ရှင်ဘုရင်ချီးမြှောက်ခံရတဲ့ ဆရာတော်ကြီးတွေကိုယ်တိုင်က "မင်း" ဆိုတာ မပြစ်မှားသင့်ဘူးလို့
ပြည်သူလူထုကို ဟောပြောဆုံးမခဲ့ကြတာပါ။
မြန်မာဘုရင်တွေတင် မကပါဘူး။ လွတ်လပ်ရေးရပြီးနောက်ပိုင်း
ဝန်ကြီးချုပ်ဦးနုလက်ထက်နဲ့ စစ်အာဏာရှင်အဆက်ဆက်ကလည်း ဘာသာတရားကို အုပ်ချုပ်ရေးအတွက်
အသုံးချခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ဦးနုက ဆဋ္ဌသင်္ဃာယနာတင်ခဲ့တဲ့အပြင် ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ်
သတ်မှတ်ကြေညာဖို့တောင် ကြံစည်ခဲ့ပါသေးတယ်။ မဆလခေါင်းဆောင်ကြီး ဦးနေဝင်းဟာ ဗုဒ္ဓသာသနာတော်
သန့်ရှင်း၊ တည်တံ့၊ ပြန့်ပွါးရေးဆိုပြီး ပထမအကြိမ် ဂိုဏ်းပေါင်းစုံသံဃာ့အစည်းအဝေးကြီး
ကျင်းပလို့ လူထုကြိုက်အောင် ကြိုးစားခဲ့ဘူးပါတယ်။ ရွှေတိဂုံစေတီတော်အနီးမှာ "မဟာဝိဇယစေတီ"
တည်ပြီး ဘုရားဒကာ ဘွဲ့ခံခဲ့ပါသေးတယ်။ နဝတ၊ နအဖ စစ်ခေါင်းဆောင်တွေ ဟာလည်း
မြန်မာနိုင်ငံအနှံ့ တိုင်းခန်းလှည့်ပြီး ဘုရားစေတီတွေကို ပူဇော်။ ဘုရားအသစ်တွေတည်ပြီး
ထီးတော်တင်၊ စိန်ဖူးတော်တင် အခန်းအနားတွေကို စည်စည်ကားကားကျင်းပ။ ဆရာတော်ကြီးတွေကို
လှူဒါန်း။ အဲဒီလို စစ်ခေါင်းဆောင်များရဲ့ သာသနာရေးဆောင်ရွက်ချက်တွေကို
သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားတွေကနေ ပြည်သူလူထုသိအောင်လုပ်ပြီး သူတို့ဟာ ဗုဒ္ဓဘာသာကို
အစွမ်းကုန်ချီးမြှောက်လို့ စောင့်ရှောက်ကာကွယ်နေသူများဖြစ်ကြောင်း ကြွေးကြော်ကြပါတယ်။
စစ်ခေါင်းဆောင်တွေက ချီးမြှောက်အရေးပေးတာကို ကျေနပ်သာယာတဲ့ ဆရာတော်ကြီးတွေလည်း အများကြီးပါ။
တစ်ဘက်မှာ လူများစုကိုးကွယ်ရာ ဘာသာကို ချီးမြှောက်ပြီး
လူများစုထောက်ခံမှုရဖို့ ကြိုးစားကြသလို နိုင်ငံရေး၊ စီးပွါးရေးအကြပ်အတည်းတွေနဲ့ တွေ့ကြုံရတဲ့အခါမှာလည်း
စစ်အာဏာရှင်တွေက လူများစုကိုးကွယ်ရာ ဘာသာနဲ့ လူနည်းစုကိုးကွယ်ရာ ဘာသာများအကြား ပဋိပက္ခတွေဖြစ်ပေါ်အောင်
လှုံ့ဆော်ဖန်တီးပြီး နိုင်ငံရေးအကြပ်အတည်းကို အာရုံလွှဲဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါကြောင့်လည်း
ကျနော်တို့ နိုင်ငံမှာ ဘာသာရေးပဋိပက္ခတွေ မကြာခဏဖြစ်ပေါ်နေတာပါ။ အာဏာရအသိုင်းအဝိုင်းမှာတောင်မှ
ဗုဒ္ဓဘာသာကလွဲလို့ အခြားဘာသာကိုးကွယ်သူများဟာ ရာထူးမြင့်မြင့်မားမား မရနိုင်ကြပါ။
ဒီနေ့ခေတ်ဟာ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်၊ ဘာသာရေးကို အခြေပြုပြီး
တိုင်းပြည်ကို စည်းရုံးတည်ဆောက်တဲ့ အုပ်ချုပ်သူ မင်းနဲ့ ကျေးကျွန်ပြည်သူများခေတ် မဟုတ်တော့ပဲ
လူတစ်ဦးချင်းစီရဲ့ အခွင့်အရေးများကို အခြေပြုပြီး
ပြည်သူများကို ကိုယ်စားပြုသူတွေက ရွေးကောက်ပွဲများက တဆင့် ပြည်သူ့ကိုယ်စား နိုင်ငံတော်အာဏာကို
သတ်မှတ်ထားတဲ့ သက်တမ်းတစ်ခုအတွင်း ကိုင်တွယ်အုပ်ချုပ်တဲ့ ကိုယ်စားပြုအုပ်ချုပ်ရေးခေတ်
ဖြစ်ပါတယ်။ ဘာသာရေးကို အုပ်ချုပ်ရေးအတွက် အသုံးမချသင့်တော့ပါ။ ပြည်သူ့ကိုယ်စားလှယ်၊
ပြည်သူကိုယ်စားပြုအစိုးရဖြစ်တယ်ဆိုရင် ပြည်သူအားလုံးရဲ့ အခွင့်အရေးတွေကို တန်းတူညီမျှ
အကာအကွယ်ပေးနိုင်ရမှာပါ။ တိုင်းပြည်အုပ်ချုပ်ခွင့်ရနေသူများအဖို့ လူများစုကိုးကွယ်ရာ
ဘာသာတရားကို အလေးဂရုပြုသလို လူနည်းစုကိုးကွယ်ရာဘာသာတရားတွေကိုလည်း အလေးထား စောင့်ရှောက်ကာကွယ်ပေးဖို့
တာဝန်ရှိပါတယ်။ သို့သော်လည်း အခုအချိန်အထိ အများကြိုက်အောင် ဘုရားတည်၊ ကျောင်းဆောက်၊
ဆရာတော်တွေလှူဒါန်းတာကို ဝါဒဖြန့်ချီရေးလုပ်နေတဲ့ အုပ်ချုပ်သူများကို တွေ့နေရဆဲပါ။
အာဏာရှိသူများကိုယ်တိုင်က လူများစုကိုးကွယ်ရာ ဗုဒ္ဓဘာသာကို အလွန်အကျွံအလေးပေးနေတာကိုက
လူနည်းစုကိုးကွယ်ရာ အခြားဘာသာများကို ခွဲခြားဆက်ဆံရာ ရောက်ပါတယ်။
#ကမ္ဘာတဝှမ်းက
ဘာသာရေးအရ ခွဲခြားဆက်ဆံမှုများ
ဘာသာရေး နဲ့ နိုင်ငံရေးကို ရောထွေးကျင့်သုံးကြတဲ့
နိုင်ငံအတော်များများမှာ လူများစုဘာသာက လူနည်းစုဘာသာကို ခွဲခြားဆက်ဆံတာတွေ ကမ္ဘာတဝှမ်းမှာ
ရှိနေဆဲဖြစ်ပါတယ်။ ဆော်ဒီအာရေဗျ၊ အင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများလို အစ္စလမ်ဘာသာကို
နိုင်ငံတော်ဘာသာအဖြစ် ကျင့်သုံးတဲ့ နိုင်ငံတွေ၊ အစ္စလမ်ဘာသာကို လူများစုကကိုးကွယ်တဲ့
နိုင်ငံတွေမှာ ခရစ်ယန်ဘာသာ၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ လူနည်းစုတွေဟာ မွတ်ဆလင်လူများစုရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံနေကြရပါတယ်။ ကမ္ဘာ့အကြီးဆုံး
ဒီမိုကရေစီနိုင်ငံကြီးလို့ ဆိုကြတဲ့ အိန္ဒိယနိုင်ငံမှာ ဟိန္ဒူ ဘာသာဝင် လူများစုက မွတ်ဆလင်လူနည်းစုအပေါ်
ခွဲခြားဆက်ဆံတာတွေ ရှိပါတယ်။ သီရိလင်္ကာနိုင်ငံမှာ အစ္စလမ်ဘာသာကိုးကွယ်သူ တမီလ်လူမျိုးများဟာ
ဗုဒ္ဓဘာသာလူများစုရဲ့ ခွဲခြားဆက်ဆံခြင်း ခံကြရပါတယ်။
တစ်ခါတစ်ရံ အဲဒီခွဲခြားဆက်ဆံမှုတွေကြောင့် ဘာသာရေးပဋိပက္ခများ ဖြစ်ပွါးပြီး နိုင်ငံအတွင်း
သွေးချောင်းစီးတတ်ပါတယ်။
ဒါပေမည့် ဘာသာရေးနဲ့ နိုင်ငံရေးကို တစ်သီးတစ်ခြားစီ ခွဲခြားကျင့်သုံးတဲ့
နိုင်ငံတွေမှာတော့ မတူညီတဲ့ ဘာသာကိုးကွယ်မှုတွေ ရှိပေမည့် ခွဲခြားဆက်ဆံမှုများ၊ ဘာသာရေးပဋိပက္ခများ
နည်းပါးလှပါတယ်။ ဖိလစ်ပိုင်နိုင်ငံမှာ ရိုမန်ကက်သလစ် ခရစ်ယန်အများစုရှိပေမည့် အခြားဘာသာများအပေါ်
ခွဲခြားဆက်ဆံမှုနည်းလှပါတယ်။ ဥရောပတိုက်က တူရကီနိုင်ငံဟာလည်း မွတ်ဆလင်လူများစုနိုင်ငံဖြစ်ပေမည့်
အခြားဘာသာကိုးကွယ်သူများအပေါ် ခွဲခြားဆက်ဆံမှု သိပ်မရှိပါ။ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်ဥရောပနိုင်ငံများမှာ
ခရစ်ယန်ဘာသာကိုးကွယ်သူ အများစုနေထိုင်ကြပေမည့် ဘာသာရေးပဋိပက္ခတွေ နည်းပါးလှပါတယ်။ ဂျပန်နိုင်ငံ၊
တောင်ကိုရီးယား၊ စင်္ကာပူနိုင်ငံတွေမှာ ဘာသာတရားက နိုင်ငံရေးကို လွှမ်းမိုးနိုင်စွမ်းမရှိတာမို့
ဘာသာရေးပဋိပက္ခများ မရှိကြပါ။ ခရစ်ယန်ဘာသာဝင်များနဲ့ အစ္စလမ်ဘာသာဝင်များ အညီအမျှနီးပါး
နေထိုင်ကြတဲ့ လက်ဘနွန်နိုင်ငံမှာတော့ ဘာသာတရားနှစ်ခုစလုံးက နိုင်ငံရေးကို လွှမ်းမိုးနိုင်ဖို့
အပြိုင်အဆိုင်ကြိုးစားကြတာကြောင့် ပဋိပက္ခတွေ မကြာခဏဖြစ်ပေါ်တတ်ပါတယ်။
#ဘာသာရေးပဋိပက္ခများ၏
အကြောင်းရင်း
နိုင်ငံတစ်ခုအတွင်း ဘာသာရေးပဋိပက္ခများ ဖြစ်ပွါးရခြင်းရဲ့ အကြောင်းရင်းကို ဆန်းစစ်ကြည့်တဲ့အခါ အဓိကအကြောင်းရင်း
(၇) ချက်တွေ့ရပါတယ်။ (၁) နိုင်ငံသားအများစုက ၎င်းတို့ကိုးကွယ်ရာ ဘာသာသည် အကောင်းဆုံး၊
အမွန်မြတ်ဆုံးဖြစ်သည်ဟု ယူဆပြီး အခြားဘာသာတရားများ၊ အခြားဘာသာကိုးကွယ်သူများကို ခွဲခြားနှိမ့်ချ
ဆက်ဆံခြင်း၊ (၂) အစိုးရကိုယ်တိုင်က အများစု၏ ထောက်ခံမှုရရန်အတွက် အများစုကိုးကွယ်ရာဘာသာကို
မျက်နှာသာပေးပြီး အခြားဘာသာများအပေါ်ခွဲခြားဆက်ဆံခြင်း၊ (၃) ဘာသာ၊ သာသနာကို အခြေပြု၍
နိုင်ငံတော်တည်ဆောက်ရသည်ဆိုသည့် လွဲမှားသောအယူအဆကို အစိုးရနှင့် ပြည်သူများက လက်ခံထားခြင်း၊
(၄) အစိုးရကိုယ်တိုင်က နိုင်ငံရေးအကြပ်အတည်းများကို အာရုံလွှဲပြောင်းရန်ရည်ရွယ်ချက်ဖြင့်
ဘာသာရေးပဋိပက္ခများကို ဖန်တီးခြင်း၊ (၅) အစိုးရကိုယ်တိုင်က အများစု၏ ဆန္ဒကို မှားမှန်းသိလျက်နှင့်
ဆန့်ကျင်ရန် အားနည်းပျော့ညံ့ခြင်း၊ (၆) ဘာသာရေးအစွန်းရောက်များက သွေးထိုးလှုံ့ဆော်ခြင်းနဲ့
(၇) တရားဥပဒေစိုးမိုးမှုနှင့် နိုင်ငံသားတို့၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်မှုမရှိခြင်း
တို့ဖြစ်ကြပါတယ်။
#ဘာသာရေး
ပဋိပက္ခများကို ရပ်စဲစေခြင်း
ဘာသာရေးပဋိပက္ခများ မဖြစ်စေမည့် နည်းလမ်းတွေက တကယ်တော့ ဘာသာရေးပဋိပက္ခများဖြစ်စေတဲ့
အကြောင်းရင်းများရဲ့ ဆန့်ကျင်ဖက်ဆောင်ရွက်ရမှာဖြစ်ပါတယ်။
(၁) လူသားတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းဟာ တစ်ခုချင်းအလိုက်
ကိုယ်ပိုင်တန်ဘိုးတွေရှိကြပါတယ်။ ဘာသာတရားတိုင်းက လူသားတွေကို မကောင်းတာ မလုပ်ဖို့၊
ကောင်းတာလုပ်ဖို့ပဲ သင်ကြားပါတယ်။ ကိုယ်ကိုးကွယ်ရာ ဘာသာကို ကိုယ်တိုင် ယုံယုံကြည်ကြည်တန်ဘိုးထားသလို
အခြားသူများ ကိုးကွယ်ရာ ဘာသာတရားများကိုလည်း လေးစားမှုရှိသင့်ပါတယ်။ မလေးစားနိုင်ရင်တောင်မှ
ဝေဘန်ရှုတ်ချခြင်း၊ နှိမ့်ချစော်ကားခြင်း မပြုသင့်ပါ။
(၂) နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရအနေနဲ့ ဘာသာတရားအားလုံးအပေါ်
တန်းတူညီမျှ လေးစားမှုရှိရပါမယ်။ အများစုရဲ့
ထောက်ခံမှုရဖို့ အများစုကိုးကွယ်ရာဘာသာကို အလွန်အကျွံဦးစားပေးတာ မဖြစ်သင့်ပါ။
အစိုးရက လူနည်းစုဘာသာများအပေါ် ခွဲခြားဆက်ဆံခြင်း မပြုရုံမက အကာအကွယ်ပေးဖို့လည်း တာဝန်ရှိပါတယ်။
(၃) ဘာသာ၊ သာသနာနဲ့ တိုင်းပြည်ကို စည်းရုံးတည်ဆောက်တဲ့
ခေတ်ကုန်ခဲ့ပါပြီ။ လူတစ်ဦးချင်းရဲ့ မွေးရာပါလူ့အခွင့်အရေးတွေကို အခြေခံပြီး ပြည်သူတွေရွေးချယ်တာဝန်ပေးတဲ့
ပြည်သူ့ကိုယ်စားလှယ်များနဲ့ အုပ်ချုပ်တဲ့ ခေတ်မှာ ကိုးကွယ်ရာ ဘာသာတရားဟာ လူသားဖြစ်တည်မှုအတွက်
မရှိမဖြစ် လိုအပ်ချက်တစ်ခု မဟုတ်တော့ပါ။
(၄) အာဏာရှင်အစိုးရတွေကတော့ နိုင်ငံရေး၊ စီးပွါးရေးအကြပ်အတည်းတွေကို
ပြည်သူများထံက အာရုံလွှဲဖို့ ဘာသာရေးပဋိပက္ခတွေကို ဆက်လက်လှုံ့ဆော်ဖန်တီးနေကြဦးမှာပါ။
ပြည်သူလူထုက ရွေးချယ်တဲ့ ပြည်သူ့ကိုယ်စားလှယ်များက ပြည်သူလူထုအပ်နှင်းတဲ့ အာဏာနဲ့ ပြည်သူလူထုကို
တန်းတူညီမျှ အကာအကွယ်ပေးမည့် ဒီမိုကရေစီစနစ် စစ်စစ်မှန်မှန်ဖြစ်ပေါ်လာဖို့ ကြိုးစားကြရမှာပါ။
(၅) အစိုးရကိုယ်တိုင်က သတ္တိရှိဖို့၊ ပြတ်သားဖို့ လိုအပ်ပါတယ်။
လူများစုက လူနည်းစုအပေါ် အကြမ်းဖက်၊ အနိုင်ကျင့်တာကို အစိုးရက ပြတ်ပြတ်သားသားတားမြစ်ရမှာပါ။
အကာအကွယ်ပေးရမှာပါ။ အကြမ်းဖက်သူများ၊ အကြမ်းဖက်မှုလှုံ့ဆော်သူများ၊ အမုန်းတရားဖြန့်ချီသူများကို
ပြတ်ပြတ်သားသား အရေးယူရမှာပါ။
(၆) ဘာသာရေးအစွန်းရောက်တွေဟာ ဘာသာတရားတိုင်းမှာ ရှိပြီး
စစ်သွေးကြွသူများ၊ သက်ဆိုင်ရာဘာသာတရားကို ကိုယ်ကြိုက်နှစ်သက်သလို အဓိပ္ပယ်ကောက်ယူပြီး
အသုံးချသူများ ၊ နိုင်ငံရေးကို ဘာသာရေးနဲ့ ချုပ်ကိုင်ချင်သူများ ဖြစ်ကြပါတယ်။
ဘာသာရေးစစ်ပွဲတွေကို ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဖန်တီးနေကြသူတွေမို့ အဲဒီ ဘာသာရေးအစွန်းရောက်တွေကို
သက်ဆိုင်ရာ ဘာသာတိုင်းက တားမြစ်နိုင်ဖို့ လိုအပ်ပါတယ်။
(၇) တရားဥပဒေစိုးမိုးမှုနဲ့ နိုင်ငံသားများအားလုံးကို တန်းတူညီမျှအကာအကွယ်ပေးဖို့လည်း
အထူးလိုအပ်ပါတယ်။ တရားဥပဒေရဲ့အောက်မှာ နိုင်ငံသားအားလုံး တန်းတူညီမျှ နိုင်ထိုင်နိုင်ရပါမယ်။
ဘယ်လို အကြောင်းကြောင့်ပဲ ဖြစ်ဖြစ် ဘာသာရေးပဋိပက္ခများ ချုပ်ငြိမ်းအောင်
ကျနော်တို့ အားလုံးကြိုးစားကြရမှာပါ။ ဘာသာရေးပဋိပက္ခများကြောင့် တိုင်းပြည်မတည်မငြိမ်ဖြစ်ရင်
ပြည်သူများပဲ နစ်နာထိခိုက်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် အမုန်းပွါးတိုက်ခိုက်တော့လည်း သေကြေပျက်စီးကြသူတွေဟာ
နိုင်ငံသားများပဲ ဖြစ်ကြပါတယ်။
အမုန်းတရားတွေ၊ အာဃာတတွေ၊ ကောလာဟလတွေ၊ အကြမ်းဖက်မှုတွေနဲ့
တိုင်းပြည်တိုးတက်အောင် မတည်ဆောက်နိုင်ပါ။ ဆင်းရဲနွမ်းပါးမှု မပပျောက်နိုင်ပါ။ နိုင်ငံတဝှမ်း
မငြိမ်းချမ်းနိုင်ပါ။ လူသားတိုင်း၊ နိုင်ငံသားတိုင်း ကိုယ်ရသင့်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်နိုင်အောင်ကြိုးစားရင်း
အခြားသူများရဲ့ အခွင့်အရေးကိုလည်း လေးစားတန်ဘိုးထားမှ
ခွဲခြားဆက်ဆံမှုတွေကို အဆုံးသပ်နိုင်မှာပါ။ ခွဲခြားဆက်ဆံမှုများ အားလုံးကို အဆုံးသတ်နိုင်မှ
ငြိမ်းချမ်းအေးမြတဲ့ အနာဂတ်ကို ကျနော်တို့ (ဒါမှမဟုတ်) ကျနော်တို့ရဲ့ နောက်မျိုးဆက်များ ပိုင်ဆိုင်နိုင်ကြမှာပါ။
(မေ ၂၆၊ ၂၀၁၄)
0 comments:
Post a Comment