BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, October 31, 2013

Peace... Staill Far Away, Part Five



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၅)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၀၊ အောက်တိုဘာလ ၂၉ ရက်၊ ၂၀၁၃)
==================
မညီညွတ်သော ညီညွတ်ရေးတပ်ပေါင်းစုများ

(ဒုတိယ) တိုင်းရင်းသားညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်များမှာ " နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြုရန်၊" ဆိုတဲ့အချက် တစ်ချက်ပါဝင်ပါတယ်၊ သဘာဝကျတဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထားဖြစ်ပေမည့် လက်တွေ့ဘဝမှာတော့ ဖြစ်နိုင်လိမ့်မယ် မထင်ပါ၊

တစ်ချိန်တုံးက အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (National Democratic Front/NDF) ဆိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ပေါင်းစုထားတဲ့ တပ်ပေါင်းစုရှိခဲ့ဘူးပါတယ်၊ အဲဒီတပ်ပေါင်းစုထဲကပဲ အချို့အဖွဲ့တွေက စစ်အစိုးရနဲ့ သီးခြားဆွေးနွေးပြီး ငြိမ်းချမ်းရေးယူ၊ အချို့က အပစ်အခတ်မရပ်ပဲ ဆက်လက်တိုက်ခိုက်နဲ့ ဒီကနေ့မှာတော့ NDF ဆိုတာကို ဘယ်သူကမှ မပြောကြတော့ပါ၊

၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလမှာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council/UNFC) ဆိုပြီး တပ်ပေါင်းစုအသစ်တစ်ခုပေါ်ထွန်းလာပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ပေါင်းစည်းထားပါတယ်၊ ပါဝင်တဲ့အဖွဲ့တွေက ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization/KIO)၊ ကရင်အမျိုးသားအစည်းအရုံး (Karen National Union/KNU)၊ မွန်ပြည်သစ်ပါတီ (New Mon State Party/NMSP)၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ (Shan State Progress Party/SSPP, Shan State Army-South)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (Karenni National Progressive Party/KNPP)၊ ချင်းအမျိုးသားတပ်ဦး (Chin National Front/CNF)၊ လားဟူဒီမိုကရက်တစ်ယူနီယံ (Lahu Democratic Union/LDU)၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (Ta-aung National Liberation Army/TNLA)၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (Pa-O National Organization/PNO)၊ ရခိုင်အမျိုးသားကောင်စီ (Arakan National Council/ANC)၊ နဲ့ ဝ အမျိုးသား အဖွဲ့ (Wa National Organization/WNO) တို့ဖြစ်ကြပါတယ်၊ 

ဒီတပ်ပေါင်းစုထဲမှာ ကေအိုင်အို (KIO) နဲ့ ကေအန်ယူ (KNU) က အင်အားအကြီးမားဆုံးဖြစ်ပြီး လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်သောင်း နဲ့ ငါးထောင် စီ အသီးသီးရှိကြပါတယ်၊ မွန်ပြည်သစ်ပါတီက တပ်အင်အား ၁၅၀၀ ခန့်၊ ရှမ်းပြည်တိုးတက်ရေးပါတီက တပ်အင်အား ၂၀၀၀ ခန့်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီက တပ်အင်အား တစ်ထောင်ခန့်၊ တအောင်းအဖွဲ့က တပ်အင်အား ၈၀၀ ခန့်ရှိကြပြီး ကျန်အဖွဲ့များက တပ်အင်အား ရာဂဏန်းပဲ ရှိကြတာပါ၊ စုစုပေါင်း လက်နက်ကိုင်တပ်ဖွဲ့အင်အား နှစ်သောင်းလောက်ရှိတဲ့ ဒီတပ်ပေါင်းစုရဲ့ ကြွေးကြော်သံက "တစ်ယောက်ထိ အများ၊ အများထိ တစ်ယောက်" (One for All, All for One) ဖြစ်ပါတယ်၊

၂၀၁၁ ခုနှစ် ဩဂုတ်လမှာ သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ချပြပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ပြည်နယ်အဆင့် ဆွေးနွေးကြဖို့ ဖိတ်ခေါ်တော့ ဖက်ဒရယ်ကောင်စီ ရဲ့ မူဝါဒက တစ်ဖွဲ့ချင်းအနေနဲ့ သီးခြားစီမဆွေးနွေးပဲ တပ်ပေါင်းစုအနေနဲ့ အစိုးရနဲ့ တိုက်ရိုက်ဆွေးနွေးရေးဖြစ်ပါတယ်၊ ဒါပေမည့် အဖွဲ့ဝင်အချို့က ဒီမူဝါဒကို မလိုက်နာကြပါ၊ ဒါကြောင့်မို့ ဖက်ဒရယ်ကောင်စီဝင် ကရင့်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ မွန်ပြည်သစ်ပါတီ၊ ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦးတို့က အစိုးရနဲ့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် သီးခြားတွေ့ဆုံခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သီးခြားစီ သဘောတူခဲ့ကြပါတယ်၊

အစိုးရက သူ့ရဲ့ မူဝါဒကို တစ်ဆင့်လျှော့ပြီး ဖက်ဒရယ်ကောင်စီကို တပ်ပေါင်းစုအဖြစ် အသိအမှတ်ပြုလို့ တပ်ပေါင်းစုအနေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်လာချိန်မှာပဲ ဖက်ဒရယ်ကောင်စီရဲ့  ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒအချို့ကို အဖွဲ့ဝင်အချို့က ဝေဘန်လာကြပါတယ်၊ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ကျင်းပတဲ့ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ ဖက်ဒရယ်ကောင်စီကိုယ်စားလှယ်အဖွဲ့တို့ရဲ့ ညှိနှိုင်းအစည်းအဝေးမှာ ဖက်ဒရယ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ကုလသမဂ္ဂ၊ အမေရိကန်၊ အင်္ဂလန်၊ ဂျပန်၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှ ကိုယ်စားလှယ်များကို ကြားဝင်ဖြန်ဖြေပေးသူများ (Mediators) အဖြစ် (သို့မဟုတ်) ကြီးကြပ်စောင့်ကြည့်သူများ (Monitor) အဖြစ်ဖိတ်ခေါ်ရန် တင်ပြတာကို အစိုးရဘက်က လက်မခံပါ၊ အစိုးရဘက်က နိုင်ငံတကာကကိုယ်စားလှယ်များကို လေ့လာသူ (Observers) အဖြစ်သာ တက်ရောက်ခွင့်ပြုနိုင်ကြောင်းနဲ့ လိုအပ်ရင် နှစ်ဘက်သဘောတူစာချုပ်မှာ သက်သေ (Witness) အဖြစ် ပါဝင်လက်မှတ်ရေးထိုးနိုင်ကြောင်း တုန့်ပြန်ပါတယ်၊ နောက်တစ်ခါ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ဖက်ဒရယ်ကောင်စီက နိုင်ငံတကာဖြန်ဖြေသူများနဲ့ စောင့်ကြည့်ကြီးကြပ်သူများထားရှိရေး ထပ်မံတောင်းဆိုတော့ အစိုးရဘက်က ထပ်မံပယ်ချခဲ့ပါတယ်၊

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့မှာ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့နှစ်ဖွဲ့ရဲ့ ခေါင်းဆောင်များက ပူးတွဲကြေညာချက်တစ်ခု ထုတ်ပြန်ပါတယ်၊ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် ကရင့်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ဥက္ကဋ္ဌ စောမူတူးစေးဖိုး (ဗိုလ်ချုပ်မူတူး) နဲ့ဖက်ဒရယ်ကောင်စီဝင် မဟုတ်တဲ့အပြင် ဘယ်တပ်ပေါင်းစုမှာမှ မပါဝင်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA-North) (ရှမ်းပြည်တပ်မတော် မြောက်ပိုင်း) ရဲ့ ဥက္ကဋ္ဌ စပ်ယွက်စစ် (ဗိုလ်ချုပ် ယွက်စစ်) တို့ဖြစ်ကြပါတယ်၊ ဒီတိုင်းရင်းသားခေါင်းဆောင်နှစ်ဦးက ဖက်ဒရယ်ကောင်စီက တောင်းဆိုထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ နိုင်ငံတကာ ဖြန်ဖြေသူများ၊ နိုင်ငံတကာစောင့်ကြည့်ကြီးကြပ်သူများကို ပါဝင်စေရေးဟာ "မြန်မာနိုင်ငံ၏ နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းလုပ်ငန်းစဉ်ဟာ အလွန်ရှုပ်ထွေးတာမို့ သင့်တင့်လျော်ကန်ခြင်းမရှိကြောင်း" သူတို့ရဲ့ သဘောထားကို ထုတ်ပြန်ကြေညာပါတယ်၊

ဒီမှာ ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူရဲ့ ပါဝင်မှုကို မေးခွန်းထုတ်စရာရှိလာပါတယ်၊ တကယ်တော့ ကေအန်ယူ ခေါင်းဆောင်ပိုင်းမှာ ဗိုလ်ချုပ်မူတူးအုပ်စုနဲ့ ဖဒိုဒေးဗစ်တာကဘောအုပ်စု ဆိုပြီး ဂိုဏ်းနှစ်ခုကွဲနေတာကြာပါပြီ၊ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ဖဒိုဒေးဗစ်တာကဘော က ကေအန်ယူရဲ့ ဥက္ကဋ္ဌလည်းဖြစ်ပြီး ကေအန်ယူကိုယ်စားလှယ်အဖြစ်နဲ့ ဖက်ဒရယ်ကောင်စီမှာ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ယူခဲ့ပါတယ်၊ သူ ကေအန်ယူ ဥက္ကဋ္ဌဖြစ်ချိန်မှာ ဗိုလ်ချုပ်မူတူးနဲ့ အပေါင်းအပါများကို ဗဟိုကော်မီတီရဲ့ ခွင့်ပြုချက်မရှိပဲ မြန်မာစစ်တပ်ကိုယ်စားလှယ်များနဲ့ တွေ့ဆုံဆွေးနွေးလို့ဆိုပြီး အဖွဲ့က ထုတ်ပယ်ပစ်ခဲ့ပါတယ်၊ နောက်တော့ အောက်ခြေတပ်များရဲ့ တောင်းဆိုမှုအရ ဗိုလ်ချုပ်မူတူးနဲ့ အဖွဲ့ကို ပြန်လည်လက်ခံခဲ့ပါတယ်၊ ဒါပေမည့် နောက်ဆုံးကျင်းပတဲ့ ကေအန်ယူညီလာခံမှာ ဗိုလ်ချုပ်မူတူးအုပ်စုက အသာစီးရပြီး ဥက္ကဋ္ဌနေရာကို ဗိုလ်ချုပ်မူတူးက ရရှိသွားပြီး ဖဒိုဒေးဗစ်တာကဘော ကတော့ ဗဟိုကော်မီတီဝင် အဆင့်အထိ ထိုးကျသွားပါတယ်၊ တစ်ဘက်မှာတော့ သူက ဖက်ဒရယ်ကောင်စီရဲ့ ဒု-ဥက္ကဋ္ဌ (၂) တာဝန်ကို ဆက်ယူထားဆဲပါ၊ မြန်မာစစ်ခေါင်းဆောင်များရဲ့ အထူးအရေးပေးခြင်းခံရတဲ့ ဥက္ကဋ္ဌသစ် ဗိုလ်ချုပ်မူတူးက သူမပါဝင်ပဲ ချမှတ်တဲ့ ဖဒရယ်ကောင်စီရဲ့ မူဝါဒအချို့ကို လက်မခံနိုင်တော့ ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူရဲ့ ကိုယ်စားပြုမှုဟာ မခိုင်မာတော့ပါ၊

ဖက်ဒရယ်ကောင်စီနှင့် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့

၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ (ပထမ) တိုင်းရင်းသားညီလာခံကနေ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ချမှတ်ခဲ့တဲ့အပြင် နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ (Framework for Political Dialogue) ကို ပြင်ဆင်ရေးဆွဲဖို့အတွက် တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (Working Group for Ethnic Cooperation/WGEC ) ကို ဖွဲ့စည်းခဲ့ကြပါတယ်၊ အဲဒီ အလုပ်ကော်မီတီမှာ ဖက်ဒရယ်ကောင်စီတစ်ခုလုံးကလည်း အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားအဖွဲ့အစည်းများနဲ့ ပြည်ပရောက် တိုင်းရင်းသားပညာရှင်များစုပေါင်းပါဝင်ကြပါတယ်၊ ဒီအလုပ်ကော်မီတီကနေ တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆွေးနွေးပွဲ မူဘောင်များဖြစ်တဲ့ "ကျယ်ပြန့်သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (Comprehensive Union Peace and Ceasefire Agreement)” ကို ၂၀၁၃ ခုနှစ် မတ်လမှာ ရေးဆွဲပြီးခဲ့ပါတယ်၊ အဲဒီနောက်မှာတော့ သဘောထားကွဲလွဲမှုတွေ စတင်ဖြစ်လာပါတော့တယ်၊ 

အလုပ်ကော်မီတီ (WGEC) မှာပါဝင်တဲ့ လက်နက်ကိုင်မဟုတ်တဲ့ အဖွဲ့အစည်းများက ဖက်ဒရယ်ကောင်စီကို အစိုးရကို ဒီ နိုင်ငံရေးမူဘောင်များ တင်ပြပြီး ညှိနှိုင်းဖို့အတွက် သူတို့ (တိုင်းရင်းသားလူထုအဖွဲ့အစည်းများနဲ့ ပညာရှင်များ) ပါ ပါဝင်တဲ့ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ (Negotiation Team) ကို ဖွဲ့စည်းဖို့ တောင်းဆိုကြပါတယ်၊

ဖက်ဒရယ်ကောင်စီက လက်မခံပါ၊ ဖက်ဒရယ်ကောင်စီမှာ လက်နက်ကိုင်တပ်ဖွဲ့ ၁၁ ဖွဲ့ကို ကိုယ်စားပြုပြီး နိုင်ဟံသာ ခေါင်းဆောင်တဲ့ "နိုင်ငံရေး ဆွေးနွေးရေးအဖွဲ့" ဖွဲ့စည်းတာဝန်ပေးပြီးဖြစ်တာကြောင့် နောက်ထပ်ညှိနှိုင်းရေးအဖွဲ့တစ်ခု ထပ်ဖွဲ့ဖို့ မလိုဘူးလို့ အကြောင်းပြန်ပါတယ်၊ ဒါ့အပြင် ဖက်ဒရယ်ကောင်စီက (ပထမ) တိုင်းရင်းသားညီလာခံက ဖွဲ့စည်းပေးခဲ့တဲ့ အလုပ်ကော်မီတီ ရဲ့တာဝန်ဟာ နိုင်ငံရေးမူဘောင်များ ရေးဆွဲရန်သာ ဖြစ်လို့ ဒီမူဘောင်များရေးဆွဲပြီးပြီမို့ အလုပ်ကော်မီတီ ဆက်လက်တည်ရှိနေဖို့ မလိုတော့ပဲ ဖျက်သိမ်းရမယ်လို့ ဆိုပါတယ်၊ 

အလုပ်ကော်မီတီကလည်း သူတို့ဟာ (ပထမ) တိုင်းရင်းသားညီလာခံက ဖွဲ့စည်းတာဝန်ပေးတာမို့ (ဒုတိယ) ညီလာခံမှာ သူတို့ရေးဆွဲထားတဲ့ နိုင်ငံရေးမူဘောင်တွေကို တင်ပြပြီး ညီလာခံကိုသာ ဒီအလုပ်ကော်မီတီ ဆက်လက်ရှိသင့်၊ မရှိသင့် ဆုံးဖြတ်စေမယ်လို့ တုန့်ပြန်ပါတယ်၊ ဖက်ဒရယ်ကောင်စီက လက်မခံပဲ သူတို့ကိုယ်တိုင်ပါဝင်တဲ့ ဒီအလုပ်ကော်မီတီကနေ ဖက်ဒရယ်ကောင်စီတစ်ဖွဲ့လုံး နှုတ်ထွက်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လမှာ ကြေညာလိုက်ပါတယ်၊ ပြီးတော့ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ကနေ ၃၁ အထိ (ဒုတိယ) တိုင်းရင်းသားညီလာခံကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (UNFC) က ကြီးမှူးပြီး တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) မပါဝင်ပဲ ကျင်းပခဲ့ပါတယ်၊

အဲဒီနောက်မှာ ဒီအုပ်စုနှစ်ခုရဲ့ သဘောထားကွဲလွဲမှုက ပိုပြီးကြီးမားလာပါတော့တယ်၊ ၂၀၁၃ခုနှစ် ဩဂုတ်လမှာ တိုင်းရင်းသားအလုပ်ကော်မီတီ (WGEC) ကိုအဓိကအထောက်အကူပြုနေတဲ့ ဥရောပ-မြန်မာဋ္ဌာန (Euro-Burma Office/EBO) က  ဖြန့်ချိတဲ့ "ဖက်ဒရယ်ကောင်စီ (UNFC) ၏မူဝါဒများကို ဆန်းစစ်လေ့လာခြင်း" (Analysis of The UNFC Position) ဆိုတဲ့ စာမျက်နှာ လေးမျက်နှာပါစာတမ်းမှာ “ဖက်ဒရယ်ကောင်စီဟာ နိုင်ငံရေးအရဖြစ်နိုင်ခြေရှိတဲ့ အခြားနည်းလမ်းတွေကို ရှာဖွေပြင်ဆင်ကမ်းလှမ်းခြင်းမရှိပဲ အစိုးရရဲ့ ဆွေးနွေးပွဲဆိုင်ရာ ကမ်းလှမ်းချက်တွေကို ညင်းပယ်နေတယ်”လို့ စွပ်စွဲဝေဘန်ပါတယ်၊ “ဖက်ဒရယ်ကောင်စီဟာ ပြည်တွင်းစစ်ကို ပြန်လည်တောက်လောင်စေတဲ့ အင်မတန်အန္တရာယ်ကြီးတဲ့ ကစားပွဲကို ကစားနေတယ်”လို့လည်း ဝေဘန်ပါတယ်၊ အဲဒီစာတမ်းမှာပဲ “ဖက်ဒရယ်ကောင်စီထဲက ကေအန်ယူ ကိုယ်စားလှယ်တွေဟာ အမှန်တကယ် ကေအန်ယူကို ကိုယ်စားပြုခွင့်မရှိနိုင်ဘူး”လို့လဲ ထောက်ပြပါတယ်၊

ဖက်ဒရယ်ကောင်စီက ဩဂုတ်လ ၁၅ ရက်နေ့မှာ စာမျက်နှာ လေးမျက်နှာရှိတဲ့ စာတမ်းတစ်စောင်ထုတ်ပြန်ပြီး “ဥရောပ-မြန်မာဋ္ဌာန (EBO) ဟာ တိုင်းရင်းသားအလုပ်ကော်မီတီကတဆင့် ငွေကြေးအင်အားသုံးပြီး၊ တိုင်းရင်းသားများအကြားမှာ အစိုးရနဲ့ ပြေလည်အောင်ဆက်ဆံရေးနဲ့ ဒေသဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုကို ဦးစားပေးရေး အတွေးအခေါ်များကို ဖြန့်ချိစည်းရုံးပြီး တိုင်းရင်းသားလူမျိုးစုများရဲ့ လွတ်လပ်ရေးလှုပ်ရှားမှုတွေကို အပိုင်စီးဖို့ ကြိုးစားနေတယ်”လို့ ပြန်လှန်စွပ်စွဲလိုက်ပါတယ်၊

ဒီလိုနဲ့ တစ်ဖွဲ့တစ်စည်းထဲဖြစ်ခဲ့ရာကနေ ဖက်ဒရယ်ကောင်စီနဲ့ အလုပ်ကော်မီတီတို့ဟာ သီးခြားအင်အားစုများ ဖြစ်လာကြပြီး အစိုးရနဲ့ သီးခြားစီဆွေးနွေးနေကြပါပြီ၊ မူလက နိုင်ငံရေးမူဘောင်များရေးဆွဲဖို့သာ တာဝန်ရှိခဲ့တဲ့ တိုင်းရင်းသားအလုပ်ကော်မီတီဟာ အခုတော့ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တစ်ခုဖြစ်တဲ့ ကေအန်ယူနဲ့ ဖက်ဒရယ်ကောင်စီဝင်မဟုတ်တဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးပါတီ (RCSS) တို့က ထောက်ခံတဲ့ နောက်ထပ် တိုင်းရင်းသားတပ်ပေါင်းစုတစ်ခုဖြစ်လာပါပြီ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၈၊ ၂၀၁၃

Friday, October 25, 2013

Peace...Still Far Away Part Four



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၄)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၉၊ အောက်တိုဘာလ ၂၂ ရက်၊ ၂၀၁၃)
==================

နိုင်ငံရေးဆွေးနွေးကြရင်ကော အဖြေရှိပါ့မလား

အစိုးရဘက်က တိကျခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲအစအစဉ်မရှိသေးလို့ စိတ်ပူရသလို တစ်ဘက်မှာ တိုင်းရင်းသားများရဲ့ မျှော်လင့်ချက်တွေကို ကြည့်လိုက်တော့လည်း အလွန်အကျွံမြင့်မားနေတာ တွေ့ရပါတယ်၊ ၂၀၁၃ ခုနှစ် ဇူလိုင်လ ၂၉ ကနေ ၃၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ (ဒုတိယ) တိုင်းရင်းသားလူမျိုးစုများညီလာခံက ချမှတ်ခဲ့တဲ့ အောက်ပါဆုံးဖြတ်ချက်များကို ကြည့်ပါ၊

(ဒုတိယ) တိုင်းရင်းသားများညီလာခံမှ ဆုံးဖြတ်ချက်များ

(၁) ပြည်ထောင်စုမြန်မာနိုင်ငံတော်ကို အမျိုးသားပြည်နယ်များ (National States) နှင့် အမျိုးသားများ ပြည်နယ်များ (Nationalities States) တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်တွေနဲ့ စုစည်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုအဖြစ် ဖွဲ့စည်းရန်၊
(၂) ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကျင့်သုံးရန်၊
(၃) ဖက်ဒရယ်ပြည်ထောင်စုကို ပြည်ပအန္တရာယ်များမှ အကာအကွယ်ပေးမည့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းတည်ထောင်ရန်၊
(၄) ဦးသိန်းစိန် အစိုးရမှ လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဒီမိုကရေစီအနှစ်သာရများနှင့် ပြည့်ဝခြင်းမရှိ၊ ဖက်ဒရယ်ဆိုင်ရာမူဝါဒများနှင့် မကိုက်ညီသည့်အတွက် လက်မခံနိုင်၊ စစ်မှန်သော ဖက်ဒရယ်စနစ်အပေါ်အခြေခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကို ရေးဆွဲ၍ အသုံးပြုနိုင်ရေး ကြိုးစားရန်၊
(၅) ညီညွတ်သော တိုင်းရင်းသားများဖက်ဒရယ်ကောင်စီ (UNFC) နှင့် ညီညွတ်သောတိုင်းရင်းသားများမဟာမိတ်အဖွဲ့ (UNA) တို့က ဖွဲ့စည်းပုံအခြေခံဥပဒေအသစ် ရေးဆွဲရေးကို ဦးဆောင်ကြမည်၊ ညီလာခံ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ခြင်း၏ တစ်စိတ်တစ်ဒေသအဖြစ် ဒီမိုကရေစီအင်အားစုများ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ်အဖွဲ့များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အခြေခံဥပဒေမူကြမ်းရေးဆွဲရေးကော်မီတီကို ဖွဲ့စည်းရန်၊
(၆) ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် ကျင်းပခဲ့သော (ပထမ) တိုင်းရင်းသားလူမျိုးစုများညီလာခံမှ ချမှတ်ခဲ့သော ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက်ကို ထပ်မံအတည်ပြုသည်၊ နိုင်ငံရေးဆွေးနွေးပွဲများနှင့် ညှိနှိုင်းဆွေးနွေးမှုများတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အားလုံးသည် တစ်စုတစ်စည်းတည်း ကိုယ်စားပြုရပ်တည်ရန်၊ တစ်ဖွဲ့ချင်းစီ သီးခြားရပ်တည်ဆွေးနွေးခြင်းမပြုရန်၊
အဲဒီ အချက် (၆) ချက်အပြင် ဖက်ဒရယ်ပြည်ထောင်စုအတွင်းမှာ အခြားတိုင်းရင်းသားများနည်းတူ ဗမာလူမျိုးများအတွက် ဗမာပြည်နယ် ဖွဲ့စည်းရပ်တည်ရန် ဆိုတာကိုပါ ဆုံးဖြတ်ခဲ့ကြပါသေးတယ်၊

ဗမာလူမျိုးများကိုလည်း ထည့်စဉ်းစားပါ၊

တိုင်းရင်းသားလူမျိုးစုတွေအနေနဲ့ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ အခွင့်အရေးတွေကို ပြန်လည်ရယူချင်တယ်ဆိုတာ သဘာဝကျ၊ တရားမျှတပါတယ်၊ စစ်အင်အားသုံးဖြေရှင်းပြီး စစ်ပွဲမှာ အနိုင်ရခဲ့ရင်ဖြင့် သူတို့လိုချင်တာတွေအားလုံးကို သူတို့စိတ်ကြိုက်ဖန်တီးနိုင်ကြမှာပါ၊ ပြဿနာတွေကို စစ်ပွဲနဲ့ မဖြေရှင်းပဲ နိုင်ငံရေးနည်းလမ်းနဲ့ ဆွေးနွေးညှိနှိုင်းဖြေရှင်းကြမယ်ဆိုရင်တော့ လိုချင်သလောက် အကုန်မရနိုင်ဘူး၊ လိုချင်တာတွေကို တစ်ကြိမ်ထဲနဲ့ အားလုံးမရနိုင်ဘူး၊ ဆိုတာ သဘောပေါက်ရမှာ ဖြစ်ပါတယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အောင်မြင်မှုရချင်ရင် နှစ်ဘက်စလုံးက စိတ်ရှည်လက်ရှည် အမျှော်အမြင်ကြီးကြီးနဲ့ ဂရုတစိုက် အပေးအယူလုပ်ကြရမှာပါ၊

တိုင်းရင်းသားလူမျိုးစုများအနေနဲ့ တောင်းဆိုချက်များ ပြင်ဆင်ကြတဲ့အခါ သူတို့ဆွေးနွေးမည့်အရေးကိစ္စတွေဟာ သူတို့ကိုယ်စားပြုတဲ့ လူနည်းစုတိုင်းရင်းသားများနဲ့ တစ်ဘက်က တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ မြန်မာအစိုးရ၊ မြန်မာ့တပ်မတော်တို့နဲ့တင် သက်ဆိုင်တာမဟုတ်ပဲ တိုင်းပြည်ရဲ့ လူများစုဖြစ်တဲ့ ဗမာလူမျိုးများအားလုံးနဲ့ပါ သက်ဆိုင်နေတာကို သဘောပေါက်ဖို့လိုပါတယ်၊ ဗမာလူမျိုးများအနေနဲ့ တိုင်းရင်းသားများတောင်းဆိုတဲ့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးကို ကန့်ကွက်ကြမယ်မထင်ပါ၊ ဒါပေမည့် ဗမာပြည်နယ် ဖွဲ့စည်းရေးကိုတော့ သဘောတူကြလိမ့်မယ် မထင်ပါ၊ 

ကျနော်ကိုယ်တိုင် ဗမာလူမျိုးတစ်ယောက်အနေနဲ့ ဖက်ဒရယ်ဖွဲ့စည်းမှုကို ထောက်ခံပါတယ်၊ လက်ရှိပြည်နယ်တွေအားလုံးကို တိုင်းဒေသကြီးများထက် အဆင့်မြင့်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌန်းခွင့်ရ ပြည်ထောင်စုအဖွဲ့ဝင်များ ဖြစ်စေချင်ပါတယ်၊ ဒါပေမည့် ဗမာပြည်နယ်ဖွဲ့စည်းရေးကို မထောက်ခံပါ၊ တိုင်းရင်းသားများပါ ရောထွေးနေထိုင်ကြတဲ့ တိုင်းဒေသကြီးအချို့ (တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း) ကို အမျိုးသားများပြည်နယ်အဖြစ် ပြောင်းလဲဖွဲ့စည်းမှာကို မထောက်ခံနိုင်ပါ၊
ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေးဆိုတဲ့ တောင်းဆိုချက်အပေါ်မှာလည်း သံသယရှိမိပါတယ်၊ လက်ရှိ မြန်မာ့တပ်မတော်က ပြည်တွင်းစစ်သက်တမ်းတစ်လျှောက်လုံး တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ တိုင်းရင်းသားလူမျိုးစုများအပေါ် အကြမ်းဘက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ ကျူးလွန်ခဲ့၊ ကျူးလွန်ဆဲဆိုတာ ကျနော်တို့ သိနားလည်ပါတယ်၊ ဒါပေမည့် အဲဒီ မြန်မာ့တပ်မတော်ထဲမှာကိုပဲ တိုင်းရင်းသားပေါင်းစုံပါဝင်နေကြတာပါ၊ ၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးကို မြန်မာစစ်တပ်က အကြမ်းဘက်ဖြိုခွင်းတော့ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်သတ်ဖြတ်ကြတဲ့ မြန်မာ့တပ်မတော်သားတွေဟာ မြန်မာစကားမပြောတတ်တဲ့ တိုင်းရင်းသားစစ်သားတွေပါ၊

တစ်ခါ မြန်မာ့စစ်တပ်ကို လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ အပြစ်ပြောနိုင်သလို တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကလည်း လုံးဝအပြစ်ကင်းမဲ့သူများ (Innocents) မဟုတ်ကြပါ၊ လူမျိုးစုအကျိုးစီးပွါးအတွက်တော်လှန်ရေးလုပ်တယ်လို့ ပြောကြပေမည့် လက်တွေ့မှာတော့ ခေါင်းဆောင်တစ်စုရဲ့ အကျိုးစီးပွါးအတွက်တည်ထောင်ထားတဲ့ ခါးပိုက်ဆောင်တပ်ဖွဲ့ပုံစံမျိုး ဖြစ်နေတာတွေလည်း ရှိပါတယ်၊ ထိုင်း-မြန်မာနယ်စပ်တလျှောက်မှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရဲ့ လက်ချက်နဲ့ အသက်ပျောက်ခဲ့ရတဲ့ မြန်မာကျောင်းသားတွေအများကြီးရှိခဲ့ပါတယ်၊ ဒီတိုင်းရင်းသားတပ်တွေထဲမှာပဲ သက်ဆိုင်ရာလူမျိုးစုများကို အဓမ္မဆက်ကြေးကောက်ခဲ့ကြတဲ့၊ အဓမ္မစစ်သားစုဆောင်းခဲ့ကြတဲ့၊ အဓမ္မအနိုင်ကျင့်သတ်ဖြတ်ခဲ့ကြတဲ့၊ အဓမ္မစော်ကားခဲ့ကြတဲ့ စစ်တရားခံတွေအများကြီးပါ၊ တော်လှန်ရေးသမားအမည်ခံ လက်နက်အားကိုးနဲ့ စီးပွါးရေးလုပ်စားသူတွေ၊ တိုင်းပြည်ရဲ့ အဖိုးတန် သစ်တော၊ ကျောက်မျက်ရတနာတွေနဲ့ သယံဇာတတွေကို ပြည်ပက ရတနာသိုက်တူးသူတွေထံ ဈေးပေါပေါနဲ့ ရောင်းချခဲ့သူတွေအများကြီးပါ၊ ဒါကြောင့်မို့ အခုလိုအချိန်မှာ ဖက်ဒရယ်တပ်မတော်ဖွဲ့စည်းရေး တောင်းဆိုခြင်းဟာ အလွန်စောလွန်းတယ်လို့ ယူဆပါတယ်၊ ဖြစ်သင့်တာက မြန်မာ့တပ်မတော်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ အချိန်ဇယားတစ်ခုအတွင်းမှာ ရုပ်သိမ်းနိုင်ရေးနဲ့ မြန်မာ့တပ်မတော်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်မှာ ပြန်လည်နေရာချရေးတို့က ပိုပြီးအရေးကြီးပြီး ပိုပြီးလက်တွေ့ကျတယ် ထင်ပါတယ်၊

၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့ ဆုံးဖြတ်ချက်ကိုလည်း အံ့ဩမိပါတယ်၊ ကျနော်လည်း ၂၀၀၈ ဖွဲ့စည်းပုံကို မကြိုက်နှစ်သက်ပါ၊ ဒါပေမည့် ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ၂၀၀၈ ဖွဲ့စည်းပုံက ၂၀၁၀ နိုဝင်ဘာရွေးကောက်ပွဲကစလို့ နိုင်ငံတစ်ဝှမ်းအသက်ဝင်ပြီး လက်ရှိမြန်မာနိုင်ငံရဲ့ တစ်ခုတည်းသော တည်ဆဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်နေပါပြီ၊ တိုင်းရင်းသားလူမျိုးစုများနဲ့ ပါတ်သက်တဲ့ ပြဿနာ၊ ပြည်တွင်းစစ်ရဲ့ ပြဿနာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြဿနာဖြစ်လို့ တိုင်းရင်းသားလူမျိုးစုများရဲ့ တန်းတူညီမျှအခွင့်အရေးတွေကို အာမခံချက်ပေးမည့် ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခု ရေးဆွဲချင်တာ သဘာဝကျပါတယ်၊ 

ဒါပေမည့် နိုင်ငံရေးဆွေးနွေးပွဲများကနေ ရရှိမည့် သဘောတူညီမှုများအားလုံးဟာ နောက်ဆုံးမှာ ပြည်ထောင်စုလွှတ်တော်ကို ရောက်ရှိမှာပါ၊ ကြံ့ခိုင်ရေးပါတီက ၅၂ ရာခိုင်နှုံး၊ စစ်တပ်က ၂၅ ရာခိုင်နှုံး၊ နှစ်ဖွဲ့ပေါင်း ၇၇ ရာခိုင်နှုံးလွှမ်းမိုးထားတဲ့ ပြည်ထောင်စုလွှတ်တော်က တိုင်းရင်းသားများ တောင်းဆိုသလို ၂၀၀၈ ဖွဲ့စည်းပုံကို အသစ်ပြန်ရေးဆွဲဖို့ သဘောတူမယ်မထင်ပါ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များ ပူးပေါင်းပါဝင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းရေးကို ထောက်ခံလိမ့်မယ် မထင်ပါ၊ ဗမာပြည်နယ်ဖွဲ့စည်းရေးကို လက်ခံလိမ့်မယ် မထင်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံကို ရနိုင်သလောက် ပြင်ဆင်ရေးက ပိုပြီးသဘာဝကျပါလိမ့်မယ်၊

ဒီနေ့ကာလဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်အတော်အတန်ရှိတဲ့ ကာလဖြစ်ပါတယ်၊ အစိုးရနဲ့ လွှတ်တော်ခေါင်းဆောင်များ ကိုယ်နှိုက်က ပြည်တွင်းစစ်ကို အဆုံးမသတ်ပဲ တိုင်းပြည်မှာ ဒီမိုကရေစီမထွန်းကားနိုင်ဘူး၊ ဖွံ့ဖြိုးတိုးတက်မှုမရှိနိုင်ဘူးလို့ ဝန်ခံလာရပါပြီ၊ ပြည်တွင်းစစ်ကို အဆုံးသတ်ဖို့အတွက် အဓိကလိုအပ်ချက်က တိုင်းရင်းသားလူမျိုးစုများရဲ့ အခွင့်အရေးများကို တိုးမြှင့်ပေးအပ်ခြင်းဖြစ်တယ်လို့လည်း သဘောပေါက်နေကြပါပြီ၊ ဒါပေမည့် အစိုးရတစ်ဖွဲ့လုံး၊ လွှတ်တော်ကိုယ်စားလှယ်အားလုံးနဲ့ တပ်မတော်ခေါင်းဆောင်များအားလုံးက တစ်ညီတစ်ညွတ်တည်း သဘောထားရှိတာ မဟုတ်ပါ၊ သူတို့ရဲ့ သဘောထားမှာလည်း အတိုင်းအတာ အကန့်အသတ်ရှိပါလိမ့်မယ်၊ ဒါကြောင့် တိုင်းရင်းသားများရဲ့ တောင်းဆိုချက်တွေဟာ လက်တွေ့ကျဖို့လိုအပ်ပါတယ်၊ ဆွေးနွေးပွဲမစခင်ကတည်းက တစ်ဘက်အဖွဲ့အစည်းကို ဆွေးနွေးချင်စိတ်တောင် မရှိတော့အောင် မလုပ်သင့်ပါ၊ အလွန်အကျွံတောင်းဆိုခြင်းများဖြင့် မျှော်လင့်ချက်တွေဟာ တကယ်ဖြစ်မလာပဲ မျှော်လင့်ချက်အဖြစ်နဲ့ပဲ ဆက်လက်တည်ရှိနေပါလိမ့်မယ်၊

ပြီးတော့ ဗမာလူများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်များကို ဘယ်လောက်အတိုင်းအတာအထိ လက်ခံနိုင်မလဲ ဆိုတာလည်း ထည့်စဉ်းစားဖို့လိုပါတယ်၊ ဗမာလူမျိုးအများစုက တိုင်းရင်းသားများရဲ့ တောင်းဆိုချက်ကို ထောက်ခံတယ်ဆိုရင် ဆွေးနွေးပွဲမှာ၊ ဒါမှမဟုတ် ပင်လုံပုံစံ ညီလာခံကြီးမှာ အောင်မြင်ရဖို့များပြီး ဗမာလူမျိုးအများစုက လက်မခံနိုင်ရင် တိုင်းရင်းသားလူမျိုးစုများရဲ့ တောင်းဆိုချက်များ မအောင်မြင်နိုင်ပါ၊
အမြင့်ဆုံးတောင်းဆိုချက်များကို ဆက်လက်ဆုတ်ကိုင်ထားချင်တယ် ဆိုရင်တောင်မှ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာသဘာဝကျကျ အပေးအယူ ညှိနှိုင်းတတ်ဖို့လိုပါလိမ့်မယ်၊ ဖြစ်ပေါ်လာနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ နိုင်ငံရေးပြဿနာများကို စားပွဲဝိုင်းမှာ တွေ့ဆုံညှိနှိုင်းခြင်း ယဉ်ကျေးမှုရဲ့ အစပဲ ဖြစ်သင့်ပါတယ်၊ အဆုံးမဖြစ်သင့်ပါ၊ 

ဒီဆွေးနွေးပွဲတစ်ခုထဲနဲ့ တိုင်းရင်းသားလူမျိုးများရဲ့ မျှော်လင့်ချက်တွေ အပြည့်အဝဖြစ်ပေါ်လာမှာ မဟုတ်ပါ၊ လိုချင်တာမရရင် စစ်ပြန်တိုက်မယ်ဆိုတဲ့ အတွေးအခေါ်ကိုလည်း ဖျောက်ဖျက်ပစ်ဖို့လိုအပ်ပါတယ်၊ စစ်ကြောင့် ပိုပြီးထိခိုက်နာကျင်ရတာက သာမာန်စစ်သားတွေနဲ့ သာမာန်ပြည်သူတွေပါ၊ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်တွေမဟုတ်ပါ၊ တိုင်းပြည်မှာ ဒီမိုကရေစီစနစ် အသားကျ ရင့်ကျက်လာတာနဲ့အမျှ၊ စစ်တပ်ကို နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏကနေ တဖြေးဖြေးချင်းထွက်ခွါအောင် စည်းရုံးနိုင်တာနဲ့အမျှ တိုင်းရင်းသားလူမျိုးစုများအတွက် အခွင့်အရေးများဆိုင်ရာ ဆွေးနွေးညှိနှိုင်းမှုတွေ နောင်မှာလည်း ဆက်တိုက်ရှိလာမှာပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၆၊ ၂၀၁၃


Burma's Parliament Watch Part 40

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၈၊ အောက်တိုဘာလ ၂၄ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၄၀) လွှတ်တော်နှင့် ပြည်သူများ၏ သိပိုင်ခွင့် (Right to Know) (ခ)

# သိခွင့်ရှိမှုရဲ့ အတိုင်းအတာ

အမေရိကန်ပြည်ထောင်စုရဲ့ "သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ" အရ ပြည်သူတစ်ယောက်ရဲ့ သိပိုင်ခွင့်ဟာ အစိုးရဋ္ဌာနတိုင်းကိုသာမက ကွန်ဂရက်လွှတ်တော်က ဥပဒေပြဋ္ဌန်းဖွဲ့စည်းပြီး ဘဏ္ဏာငွေနှစ်စဉ်ထောက်ပံ့ပေးရတဲ့ "အမေရိကန်ပြည်ထောင်စု ငြိမ်းချမ်းရေးတပ်ဖွဲ့များ" (United States Peace Corps) လို၊ လွတ်လပ်သောအာရှအသံရေဒီယိုအသံလွှင့်ဋ္ဌာန (Radio Free Asia) လို အစိုးရတစ်ပိုင်း (Semi-Government Office) အဖွဲ့အစည်းများအားလုံးကိုပါ သက်ရောက်မှုရှိပါတယ်၊ ဥပမာအနေနဲ့ ၂၀၁၂ ခုနှစ်မှာ အစိုးရဋ္ဌာန လေးခုက "သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ" အရ ပြည်သူများသိခွင့်တောင်းခံတဲ့ မှတ်တမ်းများကို ဋ္ဌာနအလိုက် ဖြေရှင်းပေးပုံကို အောက်ပါဇယားမှာ ကြည့်ပါ၊

ဋ္ဌာန
၂၀၁၁ ခုနှစ် လက်ကျန်
အမှုပေါင်း
၂၀၁၂ ခုနှစ် လက်ခံရရှိ
အမှုပေါင်း
၂၀၁၂ ခုနှစ် ဖြေရှင်းပြီး
အမှုပေါင်း
၂၀၁၂ ခုနှစ် ကုန်လက်ကျန်အမှုပေါင်း
ပြည်ထောင်စုထောက်လှမ်းရေးဗျူရို (FBI)
၁,၃၉၅  
၁၂,၇၈၃  
၁၁,၈၈၂   
၂,၂၉၆
ဗဟိုထောက်လှမ်းရေး
အေဂျင်စီ (CIA )
၉၈၅  
၃,၇၄၅  
၃,၅၈၆   
၁,၁၄၄
ကာကွယ်ရေးဝန်ကြီးဋ္ဌာန
(Department of Defense)
၁၀,၀၂၅  
၆၆,၀၇၈   
၆၆,၆၅၁   
၉,၄၅၂

နိုင်ငံရေးခြားရေးဝန်ကြီးဋ္ဌာန
(Department of State)
၈,၆၁၁  
၁၈,၅၂၁   
၁၅,၃၄၃   
၁၁,၇၈၉


အခုဆိုရင် တိုင်းသူပြည်သားများရဲ့ သိပိုင်ခွင့် (Right to Know) ကို အာမခံတဲ့ ဥပဒေတွေကို ကမ္ဘာ့နိုင်ငံပေါင်း ၉၀ ကျော်မှာ ပုံစံအမျိုးမျိုးနဲ့ အတည်ပြု ပြဋ္ဌန်းအကောင်အထည်ဖော်နေကြပြီး စက်တင်ဘာလ (၂၈) ရက်နေ့ကို နိုင်ငံတကာ ပြည်သူများ၏ သိပိုင်ခွင့်နေ့ (International Right to Know Day) အဖြစ် ၂၀၀၂ ခုနှစ်ကစလို့ သတ်မှတ်ပြီး အထိန်းအမှတ်အခန်းအနားတွေ ကျင်းပကြပါတယ်၊ ပြည်သူများရဲ့ သိပိုင်ခွင့်ကို အာမခံတဲ့ နိုင်ငံတွေထဲမှာ အာရှတိုက်က မြန်မာ့အိမ်နီးချင်း နိုင်ငံများလည်းပါဝင်ကြပါတယ်၊ ထိုင်းနိုင်ငံမှာ "တရားဝင်သတင်းအချက်အလက်များဆိုင်ရာ ဥပဒေ" (Official Information Act 1997) ဆိုပြီး ၁၉၉၇ ခုနှစ်ကစလို့ တည်ရှိပါတယ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ "သတင်းအချက်အလက်များသိခွင့်ဥပဒေ" (The Right to Information Act) ကို ၂၀၀၉ ခုနှစ်မှာ ပြဋ္ဌန်းပါတယ်၊ အိန္ဒိယနိုင်ငံမှာ အလားတူဥပဒေကို ၂၀၀၅ ခုနှစ်ကတည်းက ပြဋ္ဌန်းကျင့်သုံးပါတယ်၊ မလေးရှားနိုင်ငံမှာတော့ အတိုက်အခံပါတီက ကြီးစိုးတဲ့ ဆီလန်ဂေါပြည်နယ် (State of Selangor) နဲ့ ပီနန်ပြည်နယ် (State of Penang) တွေမှာ ပြည်နယ်အစိုးရရဲ့ သတင်းအချက်အလက်များကို ပြည်သူလူထုကို သိခွင့်ပေးတဲ့ ဥပဒေကို ၂၀၁၁ ခုနှစ်မှာ ပြဋ္ဌန်းခဲ့ပါတယ်၊

#ပွင့်လင်းသောအစိုးရ (Open Government)

အမေရိကန်ပြည်ထောင်စုရဲ့ "သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ" ဟာ အစိုးရနဲ့သာ သက်ဆိုင်ပြီး အခြားအာဏာပိုင်အဖွဲ့အစည်းများဖြစ်ကြတဲ့ ကွန်ဂရက်လွှတ်တော်၊ ဗဟိုတရားရုံးချုပ်တို့နဲ့ မသက်ဆိုင်ဘူးဆိုပေမည့် ၎င်းအင်စတီကျူးရှင်းများကလဲ ပြည်သူလူထုအပေါ် ပွင့်လင်းမှုရှိကြပါတယ်၊
ကွန်ဂရက်လွှတ်တော်က ပြဋ္ဌန်းခဲ့တဲ့ ဥပဒေများ၊ အတည်ဖြစ်ဆဲဥပဒေများ၊ ဆွေးနွေးနေဆဲ ဥပဒေကြမ်းများ၊ နေ့စဉ်အစည်းအဝေးမှတ်တမ်းများ၊ ကြားနာပွဲများ၊ မဲပေးမှုမှတ်တမ်းများ အားလုံး (လွှတ်တော် ထောက်လှမ်းရေးကော်မီတီမှတ်တမ်းများမှအပ) ကို ကွန်ဂရက်လွှတ်တော်နဲ့ လွှတ်တော်ရေးရာကော်မီတီများရဲ့ ဝက်ဆိုက်မှာ အချိန်မရွေး ရှာဖွေလေ့လာနိုင်ပါတယ်၊ အထက်လွှတ်တော် နဲ့ အောက်လွှတ်တော်ရဲ့ ကြားနာပွဲတွေ၊ အခြေအတင်ဆွေးနွေးမှုတွေ၊ မဲခွဲတာတွေကိုလည်း C-Span လို့ခေါ်တဲ့ တီဗီလိုင်းတစ်ခုကနေ တိုက်ရိုက်ထုတ်လွှင့်ပါတယ်၊ ကွန်ဂရက်လွှတ်တော်နဲ့ပါတ်သက်တဲ့ မှတ်တမ်းတွေအားလုံးကို ကွန်ဂရက်လွှတ်တော်စာကြည့်တိုက် (Library of Congress) မှာ သိမ်းဆည်းထားပြီး အများပြည်သူလေ့လာခွင့်ရှိပါတယ်၊ 

လွှတ်တော်အမတ်တစ်ဦးချင်းမှာလည်း ကိုယ်ပိုင် ဝက်ဆိုက်တွေရှိပြီး သူတို့ရဲ့ ကိုယ်ရေးရာဇဝင်၊ ပိုင်ဆိုင်မှုက အစ လွှတ်တော်တွင်းသူတို့ရဲ့ လှုပ်ရှားမှုများ၊ အကြောင်းအရာအလိုက်ရပ်တည်မှုများ၊ ရွေးကောက်ပွဲရန်ပုံငွေစာရင်းရှင်းတမ်း၊ နှစ်စဉ်ဝင်ငွေခွန်နဲ့ အခြားအခွန်များပေးဆောင်မှု စတာတွေကို ပြည်သူလူထု အလွယ်တကူလေ့လာနိုင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဝန်ထမ်းများကလည်း သူတို့ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်နဲ့ ပါတ်သက်ပြီး ပြည်သူလူထုသိချင်သမျှကို ဖြေကြားပေးရပါတယ်၊

ပြည်ထောင်စုတရားရုံးချုပ်နဲ့ လက်အောက်ခံတရားရုံးများဟာလည်း ပွင့်လင်းမြင်သာမှုရှိကြပါတယ်၊ အမှုများကို အထူးခုံရုံးနဲ့ တံခါးပိတ်စစ်ဆေးတယ်ဆိုတာမရှိပါ၊ အများပြည်သူရှေ့မှောက်မှာပဲ စစ်ဆေးဆုံးဖြတ်ပါတယ်၊ တရားသူကြီးများရဲ့ ကိုယ်ရေးရာဇဝင်၊ ပိုင်ဆိုင်မှု၊ တရားစီရင်ရေးဆိုင်ရာအတွေးအခေါ် (Judicial Philosophy) နဲ့ စီရင်ဆုံးဖြတ်ခဲ့တဲ့ အမှုများကိုလည်း ပြည်သူလူထုအလွယ်တကူ လေ့လာနိုင်ပါတယ်၊

အစိုးရကိုယ်တိုင်ကလည်း ဋ္ဌာနအသီးသီးရဲ့ မှတ်တမ်းတွေကို အတတ်နိုင်ဆုံး ပြည်သူလူထုအလွယ်အကူသိရှိနိုင်အောင် ဋ္ဌာနအသီးသီးရဲ့ ဝက်ဆိုက်တွေမှာ ထုတ်ပြန်ပေးပါတယ်၊ သမ္မတအိမ်တော်ကို လာရောက်ပြီး သမ္မတ၊ ဒုသမ္မတအပါအဝင် အိမ်ဖြူတော်က ထိပ်တန်းအရာရှိများနဲ့ တွေ့ဆုံဆွေးနွေးသူများရဲ့ ဧည့်သည်မှတ်တမ်းကို တစ်လတစ်ကြိမ်ထုတ်ပြန်ပါတယ်၊ သမ္မတ၊ သမ္မတကတော်၊ ဒုသမ္မတ၊ ဒုသမ္မတကတော်များရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဝင်ငွေခွန်နဲ့ အခြားအခွန်ပေးဆောင်မှုတွေကို တစ်နှစ်တစ်ခါ ထုတ်ပြန်ပါတယ်၊ သမ္မတရဲ့ ကျန်းမာရေးအခြေအနေနဲ့ ဆေးကုသမှုမှတ်တမ်းကိုလည်း ပုံမှန်ထုတ်ပြန်ပေးပါတယ်၊ အိမ်ဖြူတော်မှာ တာဝန်ယူကြတဲ့ သမ္မတရဲ့ အရာရှိချုပ် (Chief of Staff) ကစလို့ မီးဖိုချောင်ဝန်ထမ်းအထိ ဝန်ထမ်းအားလုံးရဲ့ အမည်၊ ရာထူးနဲ့ လစာငွေများစာရင်းကိုလည်း သိရှိနိုင်ပါတယ်၊ ဒါကြောင့် အစိုးရနဲ့ ပါတ်သက်တဲ့ သတင်းအချက်အလက်အတော်များများဟာ နိုင်ငံတော်လုံခြုံရေး၊ စစ်ရေးကြောင့် လျှို့ဝှက်ရတာမဟုတ်ရင် အများပြည်သူသိရှိအောင် ထုတ်ပြန်ထားပြီးဖြစ်လို့ "သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာဥပဒေ" ကိုတောင် သိပ်ပြီး အသုံးချစရာမလိုလှပါ၊ သမ္မတ အိုဘားမားကပြောဘူးပါတယ်၊ "သံသယကို ပွင့်လင်းမှုက အနိုင်ရတယ်" (In the face of doubt, openness prevails.) တဲ့၊

#မပွင့်လင်းသေးတဲ့ မြန်မာနိုင်ငံ

ကျနော်တို့နိုင်ငံကို ပြန်လှည့်ကြည့်တော့ အာဏာပိုင်အဖွဲ့အစည်းများအားလုံးဟာ ပွင့်လင်းမြင်သာမှုမရှိသေးတာ တွေ့ရပါတယ်၊ ပြီးခဲ့တဲ့ စစ်အစိုးရထက်စာရင် အများကြီးပွင့်လင်းလာပါပြီလို့ ငြင်းချက်ထုတ်နိုင်ပါတယ်၊ ဒါပေမည့် ဒီမိုကရေစီနိုင်ငံတစ်ခုအတွက် လုံလောက်တဲ့ ပွင့်လင်းမှုမရှိပါ၊ သန့်ရှင်းပြီး ကောင်းမွန်တဲ့ အစိုးရ (Clean and Good Government)    ဖြစ်ဖို့ ပွင့်လင်းမြင်သာမှု (Transparency) က အရေးကြီးတဲ့ အခြေခံ လိုအပ်ချက်ပါ၊ ပြည်သူလူထုရဲ့ယုံကြည်မှုကိုရဖို့ ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အာမခံရပါမယ်၊ ပြည်သူလူထုရဲ့ သံသယကို အစိုးရရဲ့ ပွင့်လင်းမြင်သာမှုနဲ့ ချေဖျက်ရမှာပါ၊
တလောလေးက သတင်းမီဒီယာမှာရော၊ လွှတ်တော်ထဲမှာပါ ဟိုးလေးတကြော်ဖြစ်သွားတဲ့ ဒေါ်လာ ၁၁ ဘီလျံ ကိစ္စဟာလည်း ပွင့်လင်းမှုမရှိလို့ ဖြစ်တာပါ၊ ဗဟိုဘဏ်အနေနဲ့ တိုင်းပြည်ရဲ့ ဘဏ္ဏာငွေကို ထိန်းသိမ်းစီမံခန့်ခွဲရတာဖြစ်လို့ နိုင်ငံတော်ရဲ့ ရရန်ရှိငွေ၊ ပေးရန်ရှိငွေ၊ အရန် နိုင်ငံခြားငွေပမာဏ၊ စုဆောင်းငွေ၊ အာမခံစာချုပ်များ၊ ပြည်တွင်းလည်ပါတ်ဖို့အတွက် ငွေစက္ကူပုံနှိပ်ထုတ်ဝေမှုများ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ပါဝင်မှုများ၊ ရွှေနဲ့ အခြားရင်းနှီးမြှုတ်နှံမှုများ စတာတွေကို ပြည်သူလူထုသိရှိအောင် ပုံမှန်ထုတ်ပြန်ပေးသင့်ပါတယ်၊ နိုင်ငံခြားသားတစ်ယောက်က လာပြီးဖွတော့မှ အသည်းအသန်ဖြေရှင်းရတာမျိုး မဖြစ်သင့်ပါ၊

အစိုးရက ဘယ်လောက်ပွင့်လင်းပါသလဲ၊ သမ္မတဦးသိန်းစိန်အပါအဝင် အစိုးရအဖွဲ့ဝင်များရဲ့ အာဏာမရခင်အချိန်မှာရှိတဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေကို ပြည်သူလူထုသိခွင့်မရပါ၊ ကားတွေ၊ အိမ်တွေရောင်းပြီး ငြိမ်းချမ်းရေးလုပ်နေရပါတယ်လို့ ဝန်ကြီးတစ်ယောက်က ကြွေးကြော်ပါတယ်၊ အဲဒီ ကားတွေ၊ အိမ်တွေ သူဘယ်လိုပိုင်ဆိုင်ခဲ့သလဲ၊ ရောင်းလို့ရတဲ့ ငွေတွေအပေါ်မှာရော ရောင်းဝယ်ခွန်ဆောင်ရဲ့လား၊ နောက်ထပ်ရော အိမ်တွေ၊ ကားတွေ၊ ခြံမြေတွေဘယ်လောက်ပိုင်သေးသလဲ၊ အဲဒီပိုင်ဆိုင်မှုတွေဟာ သန့်ရှင်းရဲ့လား၊စစ်အစိုးရလက်ထက်မှာ ပြည်သူလူထုရဲ့ မြေတွေကို အဓမ္မသိမ်းပိုက်ခဲ့တာတွေနဲ့ ဆက်နွယ်သလား၊ သမ္မတဦးသိန်းစိန်က နေပြည်တော်မှာ ဧက ၅၀၀ ကျယ်တဲ့ စံပြစိုက်ခင်းနဲ့ လယ်တောအိမ်ကြီး ပိုင်တယ်လို့ ကြားရပါတယ်၊ ဘယ်လိုပိုင်ခဲ့တာလည်း၊ ဘာတွေပိုင်သေးသလဲ၊ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေ၊ အဆင့်မြင့်အရာရှိကြီးတွေ ဝင်ငွေခွန်ဆောင်ကြပါရဲ့လား၊ 

အာဏာရှိသူ တစ်ယောက် အာဏာရှိတဲ့သက်တမ်းအတွင်း လာဘ်စားခြင်းရှိမရှိဆိုတာကို အကြမ်းဖျင်းအားဖြင့် အာဏာမရခင်မှာ သူကြေညာခဲ့တဲ့ ပိုင်ဆိုင်မှုနဲ့ အာဏာသက်တမ်းကုန်ဆုံးချိန်မှာ သူ့မှာရှိတဲ့ ပိုင်ဆိုင်မှုတွေနဲ့ နှိုင်းယှဉ်တိုင်းတာကြတာမို့ နိုင်ငံတော်ရဲ့ အဆင့်မြင့်တာဝန်ယူကြသူများအဖို့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို အများပြည်သူသိအောင်ထုတ်ပြန်ကြေငြာခြင်းဟာ သန့်ရှင်းသောအစိုးရဖြစ်ဖို့ အခြေခံလိုအပ်ချက်ဖြစ်ပါတယ်၊

ပွင့်လင်းမြင်သာမှုဆိုတာ ပြည်ထောင်စုလွှတ်တော်အပါအဝင် ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော်များနဲ့ရော၊ ပြည်ထောင်စုတရားရုံးချုပ်အပါအဝင် လက်အောက်ခံတရားရုံးများအတွက်ရော သက်ဆိုင်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ ကိုယ်ရေးရာဇဝင်ကို ပြည်သူ့လွှတ်တော်ဝက်ဆိုက်မှာ ထုတ်ပြန်ကြေညာခြင်းမရှိပါ၊ အမျိုးသားလွှတ်တော်ဆိုရင် ဝက်ဆိုက်တောင်မရှိပါ၊ လွှတ်တော်ကိုယ်စားလှယ်အချို့က စည်ပင်ရိပ်သာမှာ လေးယောက်တစ်ခန်းမျှနေကြရပြီး အခန်းထဲမှာပဲ လျှပ်စစ်မီးဖိုကလေးနဲ့ ထမင်း၊ ဟင်းချက်စားလို့ ချို့ချို့တဲ့တဲ့နဲ့ လွှတ်တော်အစည်းအဝေးတက်နေကြတဲ့ အချိန်မှာ အင်မတန်ချမ်းသာတဲ့ လွှတ်တော်ကိုယ်စားလှယ်ကြီးတွေရှိပါတယ်၊ နေပြည်တော်မှာ၊ အခြားမြို့ကြီးတွေမှာ နန်းတော်တမျှခန်းနားတဲ့ အိမ်ကြီးတွေပိုင်ဆိုင်ကြပြီး အကောင်းဆုံးကားကြီးတွေစီးလို့ ချွေရံသင်းပင်းများစွာရှိကြပါတယ်၊ သူတို့တွေ ဒီပစ္စည်းဥစ္စာတွေ ဘယ်လိုပိုင်ဆိုင်ခဲ့သလဲ၊ ဒီပိုင်ဆိုင်မှုတွေဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးမခံရခင်ကတည်းက ပိုင်တာလား၊ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီးမှ တိုးပွါးလာတာလား၊ အရင်ကတည်းကပိုင်တာဆိုရင် အဲဒီပိုင်ဆိုင်မှုတွေဟာ သန့်ရှင်းရဲ့လား၊ ဒီပိုင်ဆိုင်မှုတွေအပေါ်မှာရော၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ရတဲ့ လစာငွေအပေါ်မှာရော အခွန်ဆောင်ပါရဲ့လား၊ ဘယ်ကရတဲ့ ပိုက်ဆံတွေနဲ့ ဒီလို ခန်းနားတိုးတက်သွားတာလဲ၊ တစ်စုံတစ်ယောက်က၊ သို့မဟုတ် တစ်ယောက်မကတဲ့ လူတွေကလှူတာလား၊ ဒါဆိုရင် ဘာအကျိုးမျှော်ပြီးလှူသလဲ၊ အဲဒီပုဂ္ဂိုလ်ရေးအလှူကို လက်ခံခြင်းဟာ လာဘ်စားမှုမမြောက်ဘူးလား၊ ပြည်သူလူထုသိအောင် ရှင်းပြဖို့ တာဝန်ရှိပါတယ်၊

မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ချိနဲ့နေဆဲ၊ ငွေများတရားနိုင်မှုတွေ ရှိနေဆဲလို့ ပြောကြပါတယ်၊ တရားစီရင်ရေးစနစ်မှာ လာဘ်ပေးလာဘ်ယူလုပ်တာတွေကို ဟန့်တားနိုင်ဖို့ အရေးကြီးတဲ့အချက်တစ်ခုက တရားသူကြီးများရဲ့ ပိုင်ဆိုင်မှုကို တစ်နှစ်တစ်ခါ ထုတ်ပြန်ကြေညာခြင်းဖြစ်ပါတယ်၊ တရားသူကြီးရဲ့ စီရင်ဆုံးဖြတ်ချက်ကိုလည်း အများပြည်သူသိခွင့်ရှိပါတယ်၊ တရားစီရင်မှုများဟာလည်း အများပြည်သူရှေ့မှောက်မှာ စစ်ဆေးဖို့လိုအပ်ပါတယ်၊

# လွှတ်တော်နှင့် အစိုးရ၏တာဝန်

ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အာမခံချက်ပေးဖို့က ပြည်ထောင်စုလွှတ်တော်နဲ့ အစိုးရရဲ့ တာဝန်ဖြစ်ပါတယ်၊ ပြည်သူလူထုကို အစိုးရရဲ့ သတင်းမှတ်တမ်းတွေကို သိခွင့်ပေးတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံးပြဋ္ဌန်းပေးသင့်ပါတယ်၊ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များနဲ့ တရားသူကြီးများရဲ့ ပစ္စည်းဥစ္စာပိုင်ဆိုင်မှု၊ ဝင်ငွေခွန်နဲ့ အခြားအခွန်ဆောင်မှုများကို တစ်နှစ်တစ်ခါ အများပြည်သူသိအောင် ထုတ်ပြန်ကြေညာဖို့ကိုလည်း ဒီဥပဒေမှာ ထည့်သွင်းပြဋ္ဌန်းသင့်ပါတယ်၊ အစိုးရကလည်း ပြည်သူလူထုရဲ့ သိပိုင်ခွင့်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးဖို့ တာဝန်ရှိပါတယ်၊ သန့်ရှင်းတဲ့အစိုးရ (Clean Government)၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှု (Good Governance ) အတွက် ပွင့်လင်းမြင်သာမှု (Openness and Transparency) ရှိရပါမယ်၊

လေးစားစွာ၊

အောင်ဒင်
အောက်တိုဘာလ ၁၁၊ ၂၀၁၃