BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, October 5, 2013

Burma's Parliament Watch Part (37)


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၅၊ အောက်တိုဘာလ ၃ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၇) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (ဂ)

လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ

ပြည်ထောင်စုလွှတ်တော်ထဲကို ကြည့်လိုက်ပြန်တော့လည်း နိုင်ငံရေးပါတီများရဲ့ မခိုင်မာမှုကို ထင်ထင်ရှားရှားတွေ့ရပြန်ပါတယ်၊ အဓိက ပါတီကြီးဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီက ပြည်ထောင်စုလွှတ်တော်ရဲ့ ၅၂ ရာခိုင်နှုံးကို ချုပ်ကိုင်ထားတာပါ၊ ဒါပေမည့် ကြံ့ခိုင်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဆွေးနွေးမှု၊ မေးမြန်းမှု၊ အဆိုတင်သွင်းမှု၊ ဥပဒေကြမ်းတင်သွင်းမှုနဲ့ မဲပေးမှုတွေကို လေ့လာ ကြည့်ရင် သူတို့အပေါ်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ဦးဆောင်မှု၊ ထိန်းချုပ်နိုင်မှုက အင်မတန်အားနည်းနေတာတွေ့ရပါတယ်၊ ဩဂုတ်လအတွင်းက လွှတ်တော်ဆွေးနွေးပွဲတွေမှာ လွှတ်တော်ကိုယ်စားလှယ်များကို အရေးယူနိုင်ရေး (Recall) အတွက် ဥပဒေကြမ်းတင်သွင်းရေးကိစ္စဆွေးနွေးကြရာမှာ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်များက ပါတီကိုယ်စားပြု တစ်စုတစ်စည်းထဲ မဲမပေးနိုင်ကြပဲ အချို့က ထောက်ခံ၊ အချို့က ကန့်ကွက်၊ အချို့က ကြားနေနဲ့ မဲကွဲခဲ့ကြပါတယ်၊ လွှတ်တော်မှာ အများစုနေရာရထားတဲ့ ပါတီကြီးရဲ့ လွှတ်တော်ကိုယ်စားလှယ်များက ပါတီကို ကိုယ်စားပြုပြီး ပါတီမူအတိုင်း မရပ်တည်နိုင်တာဟာ သူတို့အပေါ် ပါတီရဲ့ ထိန်းချုပ်နိုင်စွမ်းအားနည်းလို့၊ ဒါမှမဟုတ် ပါတီခေါင်းဆောင်မှုကိုယ်၌က လွှတ်တော်ကိုယ်စားလှယ်များ တစ်ညီတစ်ညာထဲရပ်တည်ကိုင်စွဲရမည့် နိုင်ငံလုံးဆိုင်ရာ မူဝါဒများကို ချမှတ်ထားခြင်းမရှိလို့ ဖြစ်နိုင်ပါတယ်၊

လွှတ်တော်ထဲက လူနည်းစုပါတီများထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို လေ့လာကြည့်တော့လည်း ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးတွေမှာ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များက ဦးဆောင်တင်သွင်းတဲ့ ဥပဒေကြမ်း တစ်ခုမှ မရှိပါ၊ မဲပေးမှုတွေကို ကြည့်ပြန်တော့လည်း အတိုက်အခံပါတီဖြစ်ရက်နဲ့ ကြံ့ခိုင်ရေးပါတီလွှတ်တော်ကိုယ်စားလှယ်များနဲ့ တစ်လိုင်းထဲ၊ တစ်ဘက်ထဲမဲပေးတာ အများစုဖြစ်ကြောင်း တွေ့ရပါတယ်၊ ပြန်ကြားရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းကို စာနယ်ဇင်းလောကသားတွေက အပြင်းအထန်ကန့်ကွက်နေတဲ့ကြားက ပြည်သူ့လွှတ်တော်က အတည်ပြုခဲ့ရာမှာ ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်များနဲ့အတူ အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များကလည်း ထောက်ခံမဲပေးခဲ့ကြတာ တွေ့ရပါတယ်၊ ဒါကြောင့် အဖွဲ့ချုပ်ခေါင်းဆောင်မှုက အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်အတွင်းမှာ ပါတီကို ကိုယ်စားပြုရပ်တည်ရမည့် မူဝါဒများ ခိုင်ခိုင်မာမာချမှတ်ထားခြင်းမရှိဘူးလို့ ယူဆရပါတယ်၊
မိမိပါတီက ရွေးချယ်တင်မြှောက်ခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို လွှတ်တော်ထဲရောက်သွားတဲ့အခါမှာ ပါတီက ဆက်လက်မထိန်းချုပ်နိုင်တာဟာ ပါတီတစ်ခုအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုဖြစ်ပါတယ်၊ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်ထဲမှာ ပါတီရဲ့ မူဝါဒများအတိုင်းမရပ်တည်ပဲ ကိုယ်ယုံကြည်သလို ရပ်တည်နေရင်၊ ပါတီကို ကိုယ်စားမပြုတော့ပဲ ဆန့်ကျင်ဘက်ပြောင်းနေရင် နိုင်ငံရေးပါတီရဲ့ အခန်းကဏ္ဏဟာ မှေးမှိန်လာပါလိမ့်မယ်၊ အလားတူပဲ နိုင်ငံရေးပါတီက သူ့ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်ထဲမှာ ကိုင်စွဲရပ်တည်ရမည့် မူဝါဒများ ချမှတ်လမ်းညွှန်မပေးနိုင်ရင်၊ သူ့ပါတီက ကိုယ်စားလှယ်များကို လွှတ်တော်ထဲမှာ ပါတီမူဝါဒများအတိုင်းရပ်တည်အောင် ဦးဆောင်မှုမပေးနိုင်ရင်လည်း နိုင်ငံရေးပါတီရဲ့ အရေးပါမှု ပိုပြီးလျော့နည်းလာပါလိမ့်မယ်၊

ပါတီစုံဒီမိုကရေစီစနစ်ရဲ့ အဓိကမောင်းနှင်အားဖြစ်တဲ့ နိုင်ငံရေးပါတီများ စနစ်တကျ ခိုင်ခိုင်မာမာ မရပ်တည်နိုင်တာ၊ အားကောင်းမောင်းသန်အဖွဲ့အစည်းများဖြစ်မလာတာဟာ တိုင်းပြည်အတွက်မကောင်းလှပါ၊ တဖြေးဖြေးနဲ့ နိုင်ငံရေးပါတီဆိုတာ ပိုက်ဆံချမ်းသာပြီး လွှတ်တော်အာဏာရယူလိုသူများက ပိုက်ဆံပေးပြီး ကိုယ်စားပြုအရွေးချယ်ခံခွင့်ရယူတဲ့ အခွင့်အရေးဆိုင်ရာ လှေကားထစ်များ (Stepping Stones)၊ နိုင်ငံရေးအယောင်ဆောင်အဖွဲ့အစည်းများပဲ ဖြစ်လာပါလိမ့်မယ်၊ လွှတ်တော်ထဲမှာ ပါတီကိုယ်စားပြုလွှတ်တော်ကိုယ်စားလှယ်တွေက ပါတီကို ကိုယ်စားမပြုတော့ပဲ သူတို့ယုံကြည်သလို ရပ်တည်ကြ၊ ဥပဒေပြုကြမယ်ဆိုရင် လွှတ်တော်နိုင်ငံရေးဟာ နိုင်ငံရေးပါတီများနဲ့ ၎င်းပါတီများရဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒများ အားပြိုင်ရာအဆောက်အအုံကြီး ဘဝကနေ ပုဂ္ဂလိကအတွေးအခေါ်များအားပြိုင်ရာ စင်မြင့်ကြီးဖြစ်သွားပါလိမ့်မယ်၊

အမေရိကန်ကွန်ဂရက်လွှတ်တော်နဲ့ နိုင်ငံရေးပါတီများ

အမေရိကန်ပြည်ထောင်စုမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုယ်၌က ပြည်သူလူထုအများစုရဲ့ ဆန္ဒနဲ့ ဒီမိုကရေစီစနစ်ခိုင်မာအားကောင်းအောင်၊ လူထုရဲ့ အခြေခံအခွင့်အရေးများ မဆုံးရှုံးရအောင်၊ အာဏာရှင်စနစ် ဘယ်တော့မှ မပေါ်ပေါက်ရအောင် ရည်ရွယ်ရေးဆွဲခဲ့တာမို့ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ အစိုးရ၊ ကွန်ဂရက်လွှတ်တော်၊ တရားရုံးချုပ် စတဲ့ အာဏာပိုင်အဖွဲ့အစည်းများကလည်း စနစ်တကျ ခိုင်မာအားကောင်းလှပါတယ်၊ အမေရိကန်နိုင်ငံရေးစနစ်ရဲ့ မောင်းနှင်အားများဖြစ်ကြတဲ့ နိုင်ငံရေးပါတီကြီးနှစ်ခုကလည်း အမေရိကန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရေးကို လူပုဂ္ဂိုလ်ဗဟိုပြုစနစ်နဲ့ မဟုတ်ပဲ အဖွဲ့အစည်းအနေနဲ့ခေါင်းဆောင်နိုင်စွမ်းရှိတဲ့ အင်အားစုကြီးများ ဖြစ်ကြပါတယ်၊ ဒီပါတီကြီးများရဲ့ ကွန်ဂရက်လွှတ်တော်အတွင်း သက်ဆိုင်ရာပါတီအမတ်များ ပါတီမူဝါဒအတိုင်းရပ်တည်အောင် ဦးဆောင်ပုံကို ပြောပြချင်ပါတယ်၊

ရှေ့မှာ တင်ပြပြီးတဲ့အတိုင်း ပါတီတွင်းရွေးကောက်ပွဲများ (Primaries) ကနေ ပါတီကိုယ်စားပြု လွှတ်တော်အမတ်လောင်းများကို ရွေးချယ်၊ ပါတီညီလာခံကနေ ပါတီကိုယ်စားပြု သမ္မတလောင်းနဲ့ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာ အခြေခံမူဝါဒများကို ချမှတ်ပြီးတဲ့နောက် ရွေးကောက်ပွဲမှာ ပါတီကြီးနှစ်ခုရဲ့ ကိုယ်စားလှယ်လောင်းတွေဟာ သက်ဆိုင်ရာပါတီရဲ့ မူဝါဒတွေကို မဲဆန္ဒရှင်ပြည်သူများကို ချပြစည်းရုံးပြီး ရွေးကောက်ပွဲအနိုင်ရရေး ကြိုးပန်းကြပါတယ်၊ ရွေးကောက်ပွဲပြီးတဲ့နောက်တော့ အနိုင်ရကိုယ်စားလှယ်များ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်ကို အသီးသီးရောက်ရှိကြပြီး သက်ဆိုင်ရာပါတီရဲ့ မူဝါဒများကို အကောင်အထည်ဖော်နိုင်ဖို့ ယှဉ်ပြိုင်ကြိုးစားကြပါတယ်၊
ပါတီကြီးနှစ်ခုစလုံးက ကွန်ဂရက်လွှတ်တော်မှာ သက်ဆိုင်ရာပါတီကိုယ်စားပြု အမတ်များထဲက ခေါင်းဆောင်မှုအဆင့်ဆင့်ကို ပါတီအလိုက်၊ လွှတ်တော်အလိုက် ရွေးချယ်ကြပါတယ်၊ 

ပထမဆုံး    လွှတ်တော်တစ်ရပ်မှာမှာ အရွေးချယ်ခံရတဲ့ ပါတီတစ်ခုရဲ့ အမတ်များအားလုံးပါဝင်တဲ့ ညီလာခံတစ်ခုကို ကျင်းပပြီး ဒီလွှတ်တော်သက်တမ်းအတွင်း ပါတီအမတ်များကို မူဝါဒရေးရာဦးဆောင်မည့် ခေါင်းဆောင်လေးယောက်ကို ရွေးချယ်ကြပါတယ်၊ ပထမခေါင်းဆောင်က ပါတီရဲ့ လွှတ်တော်ဆိုင်ရာ အာဏာအရှိဆုံး ခေါင်းဆောင် (Leader) ဖြစ်လာပါတယ်၊ ဒုတိယခေါင်းဆောင်ကို ပါတီစည်းကမ်းထိန်းသိမ်းရေးမှူး (Whip) လို့ ခေါ်ပါတယ်၊တတိယခေါင်းဆောင်က ပါတီမူဝါဒရေးရာကော်မီတီ ဥက္ကဋ္ဌ (Party Policy Committee Chair) ဖြစ်ပြီး  စတုတ္ထခေါင်းဆောင်က ပါတီညီလာခံ ဥက္ကဋ္ဌ (Party Conference Chair) ဖြစ်ပါတယ်၊ ဒီခေါင်းဆောင်လေးယောက်စလုံးကို ပါတီအလိုက် လွှတ်တော်အမတ်များထဲက ရွေးကောက်တင်မြှောက်တင်ရတာပါ၊ သူတို့ရဲ့ အာဏာဟာ သက်ဆိုင်ရာလွှတ်တော်ထဲက သက်ဆိုင်ရာပါတီအမတ်များပေါ် သက်ရောက်ပြီး သူတို့ရဲ့ သက်တမ်းဟာ သက်ဆိုင်ရာလွှတ်တော်ရဲ့ သက်တမ်းအတိုင်းဖြစ်ပါတယ်၊ ဒီဖွဲ့စည်းမှုတွေကို အထက်လွှတ်တော်မှာရော အောက်လွှတ်တော်မှာပါ ပါတီအလိုက်ဖွဲ့စည်းကြပါတယ်၊

ထိပ်ဆုံးခေါင်းဆောင်နှစ်ယောက်ကို သက်ဆိုင်ရာလွှတ်တော်မှာ အများစုနေရာ၊ အနည်းစုနေရာ အနိုင်ရထားတဲ့အပေါ်မူတည်ပြီး လူများစုပါတီ ခေါင်းဆောင် (Majority Leader)၊ လူနည်းစုပါတီခေါင်းဆောင် (Minority Leader) ၊ လူများစုပါတီ စည်းကမ်းထိန်းသိန်းရေးမှူး (Majority Whip)၊ လူများစုပါတီ စည်းကမ်းထိန်းသိမ်းရေးမှူး (Minority Whip) လို့ခေါ်ကြပါတယ်၊ ချွင်းချက်အနေနဲ့ အောက်လွှတ်တော်မှာ အများစုနေရာရထားတဲ့ပါတီက Speaker လို့ခေါ်တဲ့ အောက်လွှတ်တော်တစ်ခုလုံးမှာ အမြင့်ဆုံးအာဏာရှိတဲ့ ခေါင်းဆောင်တစ်ယောက်တိုးပြီး ခေါင်းဆောင် ငါးယောက် ရွေးချယ်ရပါတယ်၊
အဲဒီ ခေါင်းဆောင်များက ၎င်းတို့ရဲ့ ပါတီအမတ်များ သက်ဆိုင်ရာလွှတ်တော်ထဲမှာ ပါတီရဲ့ မူဝါဒအတိုင်း တစ်ညီတစ်ညွတ်တည်းရပ်တည်ကြဖို့ ဦးဆောင်ထိန်းသိမ်းနေကြတာပါ၊ မဲဆန္ဒနယ်တစ်ခုချင်းနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ ကိစ္စမျိုးကလွဲရင် များသောအားဖြင့် နိုင်ငံလုံးဆိုင်ရာအရေးကိစ္စတွေမှာ အမေရိကန်လွှတ်တော်အမတ်များဟာ သက်ဆိုင်ရာပါတီရဲ့ မူဝါဒအတိုင်း ရပ်တည်ကြပါတယ်၊ တစ်ခါတစ်ရံလည်း အမတ်တစ်ယောက်ယောက်ဟာ ပါတီမူဝါဒတွေနဲ့ ဆန့်ကျင်ပြီး တစ်ဘက်ပါတီရဲ့ အဆိုပြုချက်ကို ထောက်ခံလိုက်တာလည်းရှိပါတယ်၊ အဲဒီလိုဖြစ်ရင် အဲဒီအမတ်ဟာ လွှတ်တော်တွင်းခေါင်းဆောင်များရဲ့ အရေးယူမှု၊ နိုင်လုံးဆိုင်ရာပါတီဗဟိုကော်မီတီရဲ့ အရေးယူမှုတွေခံရပါတယ်၊

လွှတ်တော်တွင်းအရေးယူတယ်ဆိုတာက လွှတ်တော်တွင်းက သက်ဆိုင်ရာပါတီခေါင်းဆောင်များက ပါတီမူဝါဒအတိုင်း မရပ်တည်တဲ့ အမတ်ကို သူပါဝင်နေတဲ့ အရေးကြီးတဲ့ ရေးရာကော်မီတီများက ဖယ်ထုတ်ပြီး အရေးသိပ်မပါတဲ့ ကော်မီတီများထံ ရွှေ့ပြောင်းတာဝန်ပေးတာ၊ အဲဒီအမတ်ကို လူသိရှင်ကြားပြစ်တင် ရှုံ့ချတာ၊ အဲဒီအမတ်ဖိတ်ကြားတဲ့ အခန်းအနားတွေကို မတက်ရောက်တာ၊ အဲဒီအမတ်တင်သွင်းတဲ့ သူ့မဲဆန္ဒနယ်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေတောင်းခံတာတွေကို ငြင်းပယ်တာ၊ အရေးအကြီးဆုံးကတော့ အဲဒီအမတ်ကို နောက်ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရဖို့ကို မထောက်ခံတာပါ၊ အမေရိကန်လွှတ်တော်အမတ်တစ်ယောက်အဖို့ အရွေးခံရပြီးတာနဲ့ လွှတ်တော်တာဝန်တွေကို ထမ်းဆောင်နေတဲ့ အချိန်မှာပဲ နောက်တစ်ကြိမ်ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရရေးလှုပ်ရှားမှုတွေ တစ်ပြိုင်တည်းလုပ်နေရတာပါ၊

အဲဒီပြန်လည်အရွေးခံရရေးလှုပ်ရှားမှုမှာ မဲဆန္ဒရှင်များ တောင်းဆိုတဲ့ ဒေသဆိုင်ရာပြဿနာတွေကို ဖြေရှင်းပေးဖို့နဲ့ ရွေးကောက်ပွဲ ရန်ပုံငွေရှာဖွေရေးတွေဟာ အင်မတန်အရေးကြီးလှပါတယ်၊ သူ့ပါတီခေါင်းဆောင်များရဲ့ ကန့်ကွက်မှုကြောင့် သူတင်ပြတဲ့ ကိစ္စတွေအရေးနိမ့်ပြီး သူ့မဲဆန္ဒနယ်က ပြည်သူတွေရဲ့ အကျိုးစီးပွါးကို မဆောင်ကျဉ်းပေးနိုင်ရင် သူ့အတွက် ပြဿနာရှိပါတယ်၊ နောက်ရွေးကောက်ပွဲမှာ သူ့ပါတီခေါင်းဆောင်များက ပါတီတွင်းရွေးကောက်ပွဲမှာ သူ့ကို မထောက်ခံရင်လည်း ပြဿနာပါ၊
အမေရိကန်ရွေးကောက်ပွဲများဟာ အင်မတန်ဈေးကြီးလှပါတယ်၊ 

လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ယောက်ဟာ ပါတီတွင်းရွေးကောက်ပွဲကို အနိုင်ရဖို့အတွက် ပါတီခေါင်းဆောင်များရဲ့ ထောက်ခံမှုနဲ့ ငွေကြေးပံ့ပိုးမှုကို အရေးတကြီးလိုအပ်ပါတယ်၊ သူ့ရဲ့ ကိုယ်ပိုင် ရွေးကောက်ပွဲအောင်နိုင်ရေးကော်မီတီက ရှာဖွေပေးတဲ့ ရန်ပုံငွေနဲ့ မလုံလောက်နိုင်ပါ၊ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ရန်ပုံငွေရှာဖွေတဲ့ အခန်းအနားများမှာလည်း နိုင်ငံတစ်ဝှမ်းထင်ရှားတဲ့ ပါတီခေါင်းဆောင်များတက်ရောက်မှ၊ သူတို့နဲ့အတူ စင်ပေါ်တက်နိုင်မှ၊ သူတို့ရဲ့ ရင်းနှီးထောက်ခံမှုကို ပြနိုင်မှ ရန်ပုံငွေအမြောက်အများရတာပါ၊ သက်ဆိုင်ရာပါတီအလိုက်ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲအောင်နိုင်ရေးကော်မီတီများက ပါတီဗဟိုကော်မီတီရဲ့ ညွှန်ကြားချက်နဲ့ ၎င်းတို့ပါတီက အမတ်လောင်းများအတွက် ရွေးကောက်ပွဲအောင်နိုင်ရေးရန်ပုံငွေများ ဖြည့်ဆည်းထောက်ပံ့ပေးကြပေမည့် ပါတီကို ဆန့်ကျင်ခဲ့တဲ့ အမတ်ကိုတော့ ထောက်ပံ့မှာမဟုတ်ပါ၊ ဒီလို အပြစ်ပေးမှုတွေကြောင့် ပါတီမူဝါဒကို ဆန့်ကျင်တဲ့ အမတ်တစ်ယောက်ဟာ နောက်တစ်ကြိမ်ပြန်လည်အရွေးခံရဖို့ မလွယ်လှပါ၊ ပါတီတွင်းရွေးကောက်ပွဲကိုတောင် ကျော်နိုင်မှာမဟုတ်ပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၁၊ ၂၀၁၃
 


0 comments: