BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, October 11, 2013

Burma's Parliament Watch Part (38)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၆၊ အောက်တိုဘာလ ၁၀ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၈) လွှတ်တော်၊ နိုင်ငံရေးပါတီများနှင့် အင်စတီကျူးရှင်း (Institution) (ဃ)

ပါတီမူဝါဒများကို လက်မခံနိုင်တဲ့အခါ

ပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တွေဟာ လွှတ်တော်ထဲမှာ ပါတီရဲ့ မူဝါဒအတိုင်း ရပ်တည်သင့်တယ်လို့ ပြောတော့ ပါတီရဲ့ မူဝါဒကိုယ်တိုင်က မှားနေရင်၊ ပြည့်သူ့ဆန္ဒနဲ့ မကိုက်ညီရင်ကောလို့ မေးစရာရှိပါတယ်၊ အဲဒီလို အကြောင်းကိစ္စတစ်ခုအပေါ် ပါတီက ချမှတ်ထားတဲ့ မူဝါဒကို သဘောမတူနိုင်ရင် ပါတီတွင်းမှာ အရင်ဆွေးနွေးပြီး ပြင်ဆင်ဖို့ ကြိုးစားရမှာပါ၊ ပါတီတွင်းမှာ မူဝါဒပြင်ဖို့ ကြိုးစားရင်း မအောင်မြင်တဲ့ အခါကျမှ ပါတီက နှုတ်ထွက်ပြီး အခြားပါတီကို ကူးပြောင်း၊ ဒါမှမဟုတ် တသီးပုဂ္ဂလကိုယ်စားလှယ်အဖြစ်နဲ့ ရပ်တည်သင့်ပါတယ်၊ သတ္တိရှိရှိနဲ့ ပါတီရဲ့ မူဝါဒကို ပါတီတွင်းမှာ ပြင်ဆင်ဖို့မကြိုးစားပဲ ပါတီအလံတော်အောက်မှာ ဆက်နေပြီး ပါတီရဲ့ မူဝါဒနဲ့ ဆန့်ကျင်ရပ်တည်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ပါတီက အရေးမယူရင် နောက်ထပ် အလားတူလွှတ်တော်ကိုယ်စားလှယ်တွေ များပြားလာအောင် အားပေးရာရောက်ပြီး ပါတီရဲ့ ဦးဆောင်မှုနဲ့ ဩဇာကျဆင်းရမှာပါ၊

အင်စတီကျူးရှင်း နှင့် အင်စတီကျူရှင်နယ်လိုက်ဇေးရှင်း

အင်စတီကျူးရှင်း (Institution ) ဆိုတာ လူ့အသိုင်းအဝိုင်းတစ်ခုအတွင်း၊ လူမှုစနစ်တစ်ခုအတွင်းမှာ ရှိကြတဲ့ လူသားအုပ်စုတစ်စုရဲ့ ပြုမူဆောင်ရွက်ပုံတွေကို အုပ်ချုပ်၊ ပြဋ္ဌန်းတဲ့ လူနေမှုဖြစ်စဉ် (Social Order) နဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (Cooperation) တို့ရဲ့ ဖွဲ့စည်းမှု (Structure) သို့မဟုတ် တည်ဆောက်မှု (Mechanism) တစ်ခုလို့ အဓိပ္ပာယ်ဖွင့်ဆိုကြပါတယ်၊ အင်စတီကျူရှင်နယ်လိုက်ဇေးရှင်း (Institutionalization ) ဆိုတာကိုတော့ အတွေးအခေါ်တစ်ခု၊ အခန်းကဏ္ဏတစ်ခု၊ ထူးခြားတဲ့ တန်ဘိုးတစ်ခု ဒါမှမဟုတ် အမူအကျင့်တစ်ခုကို အဖွဲ့အစည်းတစ်ခုအတွင်း၊ လူနေမှုစနစ်တစ်ခုအတွင်း ဒါမှမဟုတ် လူ့အဖွဲ့အစည်းတစ်ခုအတွင်းမှာ အားလုံး တူတူညီညီ လက်ခံကျင့်သုံးအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်၊ ဒါကြောင့်မို့ လူမှုရေး၊ နိုင်ငံရေးအဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ အာဏာပိုင်အဖွဲ့အစည်း စတဲ့ တိုင်းပြည်တစ်ခုအတွက် အင်မတန်အရေးကြီးတဲ့ အဖွဲ့အစည်းများကို အင်စတီကျူးရှင်းများဖြစ်အောင် ဖွဲ့စည်းတည်ဆောက်နိုင်မှ ဒီအဖွဲ့အစည်းများဟာ ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် ခိုင်မာအားကောင်းတဲ့ အင်အားကြီးများဖြစ်လာမှာပါ၊

အားကောင်းခိုင်မာတဲ့၊ စနစ်တကျဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်း ဖြစ်ပေမည့် အဲဒီအဖွဲ့စည်းရဲ့ ဖွဲ့စည်းမှုနဲ့ လက်ခံယုံကြည်တဲ့အတွေးအခေါ်က လွဲမှားနေပြန်ရင်လည်း ဒီမိုကရေစီစနစ်ကို အထောက်အကူမပြုနိုင်ပါ၊ မြန်မာနိုင်ငံမှာ တပ်မတော်ဟာ စနစ်တကျဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းဖြစ်ပါတယ်၊ ဒါပေမည့်  စုပေါင်းခေါင်းဆောင်မှုနဲ့ ဖွဲ့စည်းမထားပဲ ကာကွယ်ရေးဦးစီးချုပ်ကို ဗဟိုပြု အထက်အောက် အမိန့်နာခံမှုနဲ့ ဖွဲ့စည်းထားပါတယ်၊ အရပ်သားအစိုးရအဖွဲ့ရဲ့လက်အောက်ခံ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းတစ်ခု ဖြစ်ရမည့်အစား နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့ထက်တောင် ပိုပြီး အာဏာကြီးမားတဲ့ အာဏာပိုင်အဖွဲ့အစည်းဖြစ်နေပါတယ်၊ တိုင်းပြည်ကာကွယ်ရေးတာဝန်ကိုပဲ ထမ်းရွက်ရမည့်အစား တိုင်းပြည်အုပ်ချုပ်ရေးတာဝန်ကို ထမ်းဆောင်နေပါတယ်၊ ဒါကြောင့် မြန်မာ့တပ်မတော်ဟာ စနစ်တကျဖွဲ့စည်းထားတဲ့ အင်စတီကျူးရှင်းဖြစ်ပေမည့် ဒီမိုကရေစီစနစ်ကို အထောက်အကူမပြုပါ၊

မြန်မာ့ ဒီမိုကရေစီခရီးရှည်

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားမှုကြီးဟာ နောက်ထပ် ခရီးမိုင်ပေါင်း မြောက်များစွာကို ဖြတ်သန်းချီတက်ရဦးမှာပါ၊ ရှေ့ကို ဆက်လက်ချီတက်ရင်း ရောက်နေတဲ့ အခြေအနေကို ပြန်လည်သုံးသပ်ဆင်ခြင်ဖို့နဲ့ လိုအပ်တာကို ဖြည့်စွက်ဖို့၊ အမှားတွေကို ပြင်ဆင်ဖို့ အထူးလိုအပ်လှပါတယ်၊ လူ့သမိုင်းတစ်လျှောက်လုံးမှာ ခေါင်းဆောင်တစ်ယောက်ကို အမှီပြုပြီး တည်ဆောက်ခဲ့ကြတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေဟာ အာဏာရှင်စနစ်အဖြစ်နဲ့ နိဂုဏ်းချုပ်ခဲ့ကြပါတယ်၊ သက်ဦးဆံပိုင် ပဒေသရာဇ်ခေတ်က မြန်မာနိုင်ငံတော်ကြီးတွေကို ဦးဆောင်တည်ဆောက်ခဲ့တယ်ဆိုတဲ့ အာဏာရှင်ဘုရင်များကို ကျနော်တို့ လွမ်းဆွတ်မနေသင့်တော့ပါ၊ ခေါင်းဆောင်ပုဂ္ဂိုလ်ကို အမှီပြုတဲ့ နိုင်ငံရေးဖြစ်စဉ်တွေအားလုံးမှာ ခေါင်းဆောင်ပုဂ္ဂိုလ်မှားတာနဲ့ အမျှ တစ်နိုင်ငံလုံးလိုက်မှားပြီး ခေါင်းဆောင်ပုဂ္ဂိုလ်ပြိုလဲတာနဲ့ နိုင်ငံလည်း ပြိုကွဲပျက်စီးရတာ အထင်အရှားပါ၊ 

လူပုဂ္ဂိလ်အားကောင်းဖို့ထက် အဖွဲ့အစည်းတွေအားကောင်းခိုင်မာဖို့လိုကြောင်း ကျနော်တို့ကို အတိတ်သမိုင်းက သင်ပြခဲ့ပါပြီ၊ လူပုဂ္ဂိုလ်ခေါင်းဆောင်တဲ့ လှုပ်ရှားမှုထက် ခိုင်မာအားကောင်းတဲ့ အဖွဲ့အစည်း ခေါင်းဆောင်တဲ့ လှုပ်ရှားမှုက ပိုပြီး အောင်မြင်နိုင်၊ ဒီမိုကရေစီခရီး ပိုရောက်နိုင်ပါတယ်၊
မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးဖြစ်စဉ်မှာ နိုင်ငံတော်အာဏာကို ကိုင်စွဲထားတဲ့ အစိုးရ၊ လွှတ်တော် စတဲ့ အဖွဲ့အစည်းများဟာ လူပုဂ္ဂိလ်ခေါင်းဆောင်မှုကို အလွန်အကျူးအမှီပြုနေရပါတယ်၊ ပါတီစုံနိုင်ငံရေးစနစ်ရဲ့ အဓိကမောင်းနှင်အားများဖြစ်ကြတဲ့ နိုင်ငံရေးပါတီများမှာလည်း စနစ်တကျ အင်စတီကျူးရှင်းအဆင့်ကို မရောက်နိုင်ကြသေးတဲ့အပြင် ခေါင်းဆောင်တစ်ယောက်ကို အမှီပြုရပ်တည်နေရတာ၊ ပါတီရဲ့ နိုင်ငံလုံးဆိုင်ရာမူဝါဒတွေကို အခိုင်အမာမချမှတ်နိုင်တာ၊ မိမိပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပါတီမူဝါဒအတိုင်း ရပ်တည်အောင် ဦးဆောင်မှုမပေးနိုင်တာ တွေ့မြင်ရပါတယ်၊ တစ်ခါ တိုင်းပြည်မှာ အခိုင်မာဆုံး၊ စနစ်အကျဆုံး အဖွဲ့အစည်းဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ ဖွဲ့စည်းမှုနဲ့ အတွေးအခေါ်တွေက ဒီမိုကရေစီစနစ်ကို အထောက်အကူမပြုတဲ့ အပြင် ခြိမ်းချောက်သလိုတည်ရှိနေတာ တွေ့ရပါတယ်၊ 

အရပ်ဘက်လူထုအဖွဲ့အစည်းများမှာလည်း အင်စတီကျူးရှင်းအဆင့်နဲ့ အလှမ်းဝေးနေဆဲဖြစ်ပြီး အလှူငွေရှာဖွေနိုင်တဲ့ ပုဂ္ဂိုလ်ကို ခေါင်းဆောင်တင်ပြီး ရပ်တည်နေကြပါတယ်၊ နိုင်ငံရေးဖြစ်စဉ်ကြီးတစ်ရပ်လုံးရဲ့ အခြေခံအဆောက်အအုံကြီးဖြစ်တဲ့ ၂၀၀၈ နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကိုယ်တိုင်က အထက်ဖော်ပြပါ စနစ်မကျတဲ့ ပဋိပက္ခများကို ဖန်တီးပေးထားပြီး ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးအတွက် အသုံးမဝင်လှတာ တွေ့ရပါတယ်၊ ဒီအမှားအယွင်းတွေ၊ အားနည်းချက်တွေကို ကျနော်တို့ အချိန်မီမပြင်ဆင်နိုင်ရင်ဖြင့် ကျနော်တို့နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများဟာ အချို့ပညာရှင်များ ခန့်မှန်းစိတ်ပူကြသလို ရှေ့လည်းမတိုး၊ နောက်လည်းမဆုတ်ပဲ လက်ရှိအခြေအနေမျိုးမှာပဲ အပြောင်းအလဲမရှိ အမည်ခံဒီမိုကရေစီဘဝ (Pseudo Democracy) နဲ့ ပြည်ဖုံးကားချရတော့မှာပါ၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၃၊ ၂၀၁၃

0 comments: