BLOGGER TEMPLATES AND TWITTER BACKGROUNDS

Wednesday, October 2, 2013

Peace... Still Far Away; Part (1)



ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၁)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၂၆၊ အောက်တိုဘာလ ၁ ရက်၊ ၂၀၁၃)
==================

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပွဲ

စက်တင်ဘာလ ၈ ရက်နေ့က မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မီတီ (Union Peace-Making Working Committee, UPWC) နဲ့ ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ (United Nationalities Federal Council, UNFC) တို့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်၊ 

အဲဒီဆွေးနွေးပွဲမှာ မြန်မာအစိုးရက အောက်တိုဘာလကုန်ပိုင်းလောက်မှာ နေပြည်တော်မှာ ကျင်းပဖို့ကြိုးစားနေတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပွဲမှာ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင် လက်နက်ကိုင်အင်အားစုများ တက်ရောက်ကြဖို့ကို မြန်မာအစိုးရကိုယ်စားလှယ်များက အဓိကဆွေးနွေးခဲ့ကြပြီး တိုင်းရင်းသားခေါင်းဆောင်များကတော့ သူတို့ရေးဆွဲတင်ပြထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲ လမ်းပြမြေပုံ ၆ ချက်နဲ့ ပါတ်သက်ပြီး ဦးစားပေးဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်၊ ဆွေးနွေးပွဲပြီးတဲ့နောက် နှစ်ဖက်ကိုယ်စားလှယ်များက ဆွေးနွေးပွဲရလာဒ်နဲ့ ပါတ်သက်ပြီး သတင်းဋ္ဌာနများကို ရှင်းပြကြရာမှာ မတူညီတဲ့ အမြင်နှစ်မျိုးကို ကြားသိရပါတယ်၊

ဧရာဝတီသတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များက အောက်တိုဘာလက်မှတ်ရေး ထိုးပွဲကို တက်ရောက်ဖို့ သဘောတူကြောင်း ပြောတယ်လို့ သိရပါတယ်၊ ဒါပေမည့် အဲဒီ သတင်းမှာပဲ ဖက်ဒရယ်ကောင်စီရဲ့ ကိုယ်စားလှယ် နိုင်ဟံသာက သူတို့အနေနဲ့ အောက်တိုဘာလက်မှတ်ရေးထိုးပွဲကို တက်ရောက်ပါမယ်လို့ အဖြေမပေးလိုက်ဘူးလို့ပြောပါတယ်၊

လွတ်လပ်သော အာရှအသံ မြန်မာပိုင်းအစီအစဉ် (Radio Free Asia, Burmese Service) က တွေ့ဆုံမေးမြန်းရာမှာ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူးလည်းဖြစ်၊ ပြည်ထောင်စုတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီရဲ့ အထွေထွေအတွင်းရေးမှူးနဲ့ နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားလှယ်ခေါင်းဆောင်လည်းဖြစ်တဲ့ နိုင်ဟံသာက "Road Map ကိစ္စ ဆွေးနွေးတယ်၊ Frame Work ကိစ္စ ဆွေးနွေးတယ်၊ နောက်ပြီးတော့မှ သူတို့ဖက်က တင်ပြလာတဲ့ အဓိက တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို ဆွေးနွေးကြတယ်၊ တကယ် သဘောတူ ဆုံးဖြတ်ချက်ချတဲ့အဆင့်မျိုးတော့ တစ်ခုမှမရဘူး၊ တချို့ဟာကိုလည်း ပြင်ဆင်ရမယ်၊ တချို့ဟာကိုလည်း ဖြည့်စွက်ရမယ်၊ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ဖက်ကပြောတယ်၊ ဒါကတော့ သူတို့ ဖြစ်စေချင်တယ်၊ ကျနော်တို့ဖက်ကတော့ အဲ့ဒါကို အဖြေမပေးသေးဘူး၊ အပစ်ရပ်တယ်ဆိုတာကတော့ ဒီအတိုင်းရပ်နေဖို့ မဟုတ်ဘူး၊ နိုင်ငံရေးအရဆွေးနွေးဖို့ဖြစ်တယ်၊ အဲ့တော့ ရှေ့ဆက်ပြီးတော့မှ နိုင်ငံရေးအရဆွေးနွေးဖို့ အခြေအနေတွေ နားလည် မှုတွေလည်းရှိဖို့လည်း လိုတယ်၊ ဒါကိုလည်း နားလည်မှု အခိုင်အမာရှိပြီးတော့မှ လက်မှတ်ထိုးတာကတော့ ပိုပြီးတော့ ကောင်းမယ်ဆိုတဲ့ သဘောထားမျိုးပေါ့ဗျာ၊၊ ကျနော်တို့က အဲ့လိုပေးလိုက်ပြီဖြစ်တယ်" လို့ ပြောပါတယ်၊

အဲဒီသတင်းပို့ချက်တစ်ခုတည်းမှာပဲ အစိုးရကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက "အားလုံးပြီးသွားလို့ရှိရင် တစ်တိုင်းတစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပါမယ်၊ ထိုးတဲ့အခါမှာလည်း အချက်အလက်တွေ ဘာမှအသစ်အဆန်းတွေမပါဘူး၊ အဲ့ဒီ အချက်အလက်တွေက ဘာတွေဖြစ်မလဲဆိုလို့ရှိရင် ပြည်နယ်အဆင့်မှာ လက်မှတ်ထိုးထားတဲ့ အချက် ၄ ချက်ပဲလေ၊ အဲ့ဒီ အချက်လေးချက်မှာ နောက်တစ်ချက်ထပ်ပြီးတော့ ပေါင်းပေးလိုက်မယ်၊ ဘာလဲဆိုရင် နိုင်ငံရေးဆွေးနွေးပွဲများကို ဆက်လက်လုပ်မယ် ဆိုတာလေးကို ပေါင်းပေးလိုက်မယ်၊ အဲ့ဒါလေးကို အောက်တိုဘာလမှ လကုန်လောက်မှာလုပ်ဖို့ လုပ်ထားပါတယ်၊ လုပ်ငန်းစဉ်က တဆက်တည်းဖြစ်သော်လည်း သဘောသဘာဝခြင်းက မတူကြဘူး၊ မတူတော့ ကြားထဲမှာ လိုင်းလေးတစ်လိုင်းတားချင်တာပေါ့၊ အဲ့ဒီလိုင်းကဘာလဲဆိုရင် ခုနကပြောတဲ့ လက်မှတ်ထိုးဖို့ဆိုပြီး လုပ်တာပါ၊ အဲ့တော့ ဒီကိစ္စတွေလည်း ကိုယ်တို့ဆွေးနွေးကြတယ်" လို့ပြောပြန်ပါတယ်၊

အဲဒီနောက် စက်တင်ဘာလ ၁၀ ရက်နေ့မှာ ဖက်ဒရယ်ကောင်စီက "တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ထပ်မံလက်မှတ်ရေးထိုးရန် ကိစ္စနှင့် ပါတ်သက်၍" ဆိုတဲ့ခေါင်းစဉ်နဲ့ ကြေညာချက်တစ်စောင်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ထုတ်ပြန်ပါတယ်၊ 

အဲဒီ ကြေညာချက်မှာ ဖက်ဒရယ်ကောင်စီက "အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားပြီးသော အဖွဲ့အစည်းများအားလုံးဟာ သက်ဆိုင်ရာ ပြည်နယ်အဆင့်တွင်လည်းကောင်း၊ ပြည်ထောင်စုအဆင့်တွင်လည်းကောင်း တစ်ဖွဲ့ချင်း လက်မှတ်ရေးထိုးပြီး ဖြစ်ပါလျက် ဘာ့ကြောင့် ထပ်မံပြီး တစ်ပြည်လုံးအတိုင်းအတာနဲ့ လက်မှတ်ထိုးဖို့ လိုအပ်ပါသလဲ၊ အစိုးရနှင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အချို့ကြား အပစ်အခတ်ရပ်စဲထားပါလျက် တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေရခြင်းဟာ ဗမာ့တပ်မတော်နဲ့ အစိုးရအကြား နားလည်မှု၊ ဆက်စပ်မှု ပျက်ပြားနေပါသလား" ဆိုပြီး မြန်မာအစိုးရကို မေးခွန်းထုတ်ထားပါတယ်၊ ဒါ့အပြင် ဖက်ဒရယ်ကောင်စီက "တစ်ဘက်နှင့်တစ်ဘက် အပစ်ရပ်ကြပြီဆိုပါလျင် လွယ်လွယ်နှင့် ပြန်လည်တိုက်ခိုက်ကြခြင်းမျိုး မဖြစ်ပေါ်စေရန် တပ်နေရာချထားရေး၊ တပ်လှုပ်ရှားခွင်သတ်မှတ်ရေး၊ တပ်ဖွဲ့ဝင်များလိုက်နာရန် စည်းမျဉ်းစည်းကမ်းသတ်မှတ်ရေးများကို ခိုင်ခိုင်မာမာ သတ်မှတ်ထားရှိရန်လိုအပ်ကြောင်းနဲ့ အပစ်ရပ်ပြီးနောက် နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းရန် ခိုင်မာသည့် သဘောတူညီချက်များရရှိရေးအတွက် ညှိနှိုင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း" ၎င်းတို့ရဲ့ သဘောထားကို တင်ပြပါတယ်၊

မြန်မာအစိုးရရဲ့ ထုတ်ပြန်ကြေညာချက်များအရ ဒီကနေ့အထိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၄ ခုနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားပြီး ဖြစ်တယ်လို့ သိရပါတယ်၊ ဖက်ဒရယ်ကောင်စီမှာ ပါဝင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ထဲမှာ ၆ ဖွဲ့က အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးထားပြီး ကေအိုင်အို (ခေါ်) ကချင်လွတ်မြောက်ရေးအဖွဲ့ (Kachin Independence Organization, KIO) နဲ့တအောင်း-ပလောင်လွတ်မြောက်ရေး တပ်မတော်၊ (Ta-aung National Liberation Army, TNLA) တို့က တိုက်ပွဲတွေ ဆက်ဖြစ်ရင်း အပစ်အခတ်ရပ်စဲဖို့ ကြိုးစားညှိနှိုင်းနေတဲ့ အခြေအနေမှာ ရှိပါတယ်၊ ကျန်တဲ့ ဖက်ဒရယ်ကောင်စီဝင် အဖွဲ့သေး သုံးဖွဲ့ဖြစ်တဲ့ လားဟူဒီမိုကရက်တစ်ယူနီယံ (Lahu Democratic Union, LDU)၊ ရခိုင်အမျိုးသားကောင်စီ (Arakan National Council, ANC)၊ နဲ့ ဝအမျိုးသားအဖွဲ့ (Wa National Organization, WNO) တွေနဲ့ကတော့ တိုက်ပွဲတွေလည်း မဖြစ်၊ ဆွေးနွေးမှုလည်းမရှိသေးပါ၊ ဒီအခြေအနေကို သုံးသပ်ရရင် ဦးသိန်းစိန်အစိုးရ မျှော်လင့်ထားတဲ့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲဟာ အောက်တိုဘာလကုန်မှာ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်၊ ဖြစ်ရင်တောင်မှ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးပါဝင်လက်မှတ်ရေးထိုးကြမယ်လို့ မမျှော်လင့်နိုင်ပါ၊

ဘာတွေကွဲပြားကြသလဲ

ကျနော်လေ့လာမိသလောက် ဦးသိန်းစိန်အစိုးရရဲ့ အစီအစဉ်က အောက်တိုဘာလကုန်မှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲကို ကျင်းပမယ်၊ အဲဒီအခန်းအနားမှာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲပြီး တိုင်းရင်းသားလက်နက်ကိုင်အင်အားစုများ အတူတကွ နေပြည်တော်မှာ၊ နိုင်ငံတကာအစိုးရများနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးကြမယ်၊ အဲဒီ အပစ်အခတ်ရပ်စဲရေး စာချုပ်မှာ ပြည်နယ်အဆင့်မှာ ပါဝင်တဲ့ အချက် (၄) ချက် ဖြစ်တဲ့ (၁) နှစ်ဘက်ရန်လိုမှုတွေ၊ ပစ်ခတ်မှုတွေ ရပ်စဲရေး၊ (၂) နှစ်ဘက်သဘောတူထားတဲ့ နယ်မြေမှာသာ နေထိုင်ရေး၊ (၃) သတ်မှတ်နေရာမှအပ ကျန်နေရာများသို့သွားလျင် လက်နက်မကိုင်ရေး၊ နဲ့ (၄) နှစ်ဘက်သဘောတူသည့်နေရာများမှာ ဆက်ဆံရေးရုံးများဖွင့်ရေး စတဲ့ အချက်တွေပါဝင်မယ်၊ နောက်တိုး အချက်တစ်ခုအဖြစ် (၅) နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်ကျင်းပသွားရေး ဆိုပြီး ထပ်ဖြည့်ထားတယ်လို့ ဆိုပါတယ်၊ အဲဒီ အောက်တိုဘာ လက်မှတ်ရေးထိုးပွဲပြီးတဲ့နောက် နိုဝင်ဘာ၊ ဒီဇင်ဘာလောက်မှာ “နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်လိုအပ်သော လုပ်ငန်းစဉ် (Framework for Political Dialogue)” များကို ဆက်လက်ဆွေးနွေးမယ်လို့ ဆိုပါတယ်၊ အဲဒီနောက်တဆင့်ကို ဖြတ်သန်းပြီးတော့မှပဲ နိုင်ငံရေးဆွေးနွေးပွဲအဆင့်ကို ရောက်ပါလိမ့်မယ်၊

ဖက်ဒရယ်ကောင်စီဘက်ကတော့ ဒီအပစ်အခတ် ရပ်စဲရေးလက်မှတ်ရေးထိုးတာနဲ့အတူ နိုင်ငံရေးဆွေးနွေးပွဲများအတွက် လုပ်ငန်းစဉ်ကို တစ်ပါတည်း ချမှတ်ကြေညာစေချင်ပါတယ်၊ ဖက်ဒရယ်ကောင်စီအနေနဲ့ သူတို့ရေးဆွဲထားတဲ့ ဆွေးနွေးဖြေရှင်းရေးလုပ်ငန်းအစီအစဉ် (Comprehensive National Peace and Ceasefire Agreement) ကို ၂၀၁၃ ခုနှစ် မေလကတည်းက ဦးသိန်းစိန်အစိုးရကို ဝန်ကြီးဦးအောင်မင်းက တဆင့် တင်ပြပြီး ဖြစ်တယ်လို့ သိရပါတယ်၊ အဲဒီအစီအစဉ်ကို ဖက်ဒရယ်ကောင်စီအပါအဝင်ဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုများ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းအဖွဲ့ (Working Group for Ethnic Cooperation, WGEC) ကရေးဆွဲခဲ့ပြီး အချက် (၁၅) ချက်ပါ အခြေခံမူဝါဒများ၊ အချက် (၁၄) ချက်ပါ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်၊ အချက် (၆) ချက်ပါ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပခြင်းဆိုင်ရာ လုပ်ငန်းစဉ်၊ အချက် (၉) ချက်ပါ အသွင်ကူးပြောင်းရေးကာလ သဘောတူညီချက်များ၊ နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးညီလာခံကြီးမှာ ပါဝင်ရမဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ ဖွဲ့စည်းရမည့် ကော်မီတီများ၊ အချက် (၉) ချက်ပါ နိုင်ငံရေးဆွေးနွေးပွဲမှာ ဆွေးနွေးရန်အကြောင်းအရာများ၊ နှစ်ဖက်တပ်များလိုက်နာရမည့် ကျင့်ဝတ်များပါဝင်ပါတယ်၊ ဖက်ဒရယ်ကောင်စီက သူတို့တင်ပြထားတဲ့ ဒီအစီအစဉ်ကို အစိုးရဘက်က ညှိနှိုင်းဆွေးနွေးသဘောတူပြီးမှပဲ နိုင်ငံလုံးဆိုင်ရာအပစ်အခတ်ရပ်စဲရေးစာချုပ်ကို တိကျခိုင်မာတဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်ငန်းစဉ်များနဲ့ အတူတကွ လက်မှတ်ရေးထိုးချင်ပါတယ်၊

တစ်ခါ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်များဟာ မကြာသေးမီကမှ ပေါ်ထွက်လာတဲ့ တပ်မတော်ရဲ့ မူဝါဒ (၆) ချက်အပေါ်မှာလည်း သံသယရှိကြပါတယ်၊  မြန်မာ့တပ်မတော်ရဲ့  အပစ်ရပ်တိုင်းရင်းသားအဖွဲ့များနဲ့ ပါတ်သက်တဲ့ မူဝါဒ ၆ ချက်က (၁) လူမသတ်ရန်၊ (၂) အဓမ္မ တပ်စုဆောင်းခြင်း မပြုရန်နှင့် ဆက်ကြေး မကောက်ရန်၊ (၃) တပ်နေရာသစ် တိုးချဲ့ တည်ဆောက်ခြင်းမပြုရန်၊ (၄) မဟာမိတ် တပ်ဖွဲ့များအတွင်းသို့ အပစ်ရပ်ထားသော အဖွဲ့မှ တပ်သားများ ထည့်သွင်း တိုက်ခိုက်ခြင်းမပြုရန်၊ (၅) အစိုးရ အုပ်ချုပ်ရေးပိုင်းတွင် ၀င်ရောက် စွက်ဖက်ခြင်း မပြုရန်နှင့် (၆) တပ်မတော်၏ အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့စစ် တပ်ဖွဲ့များကို တိုက်ခိုက်ခြင်း မပြုရန်တို့ ဖြစ်ကြပါတယ်၊ အဲဒီ (၆) ချက်ဟာ အပစ်ရပ်အဖွဲ့များ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ်ရေး လက်မှတ်ရေးထိုးတုန်းက မပါဝင်ခဲ့ပဲ အခုမှ ပေါ်ပေါက်လာတာဖြစ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းများကို တပ်မတော်က သဘောမတူပဲ အနှောက်အယှက်ပေးဖို့ ကြိုးစားတာဖြစ်တယ်လို့ သံသယရှိကြပါတယ်၊

မယုံကြည်မှုတွေများ၊ မတူညီမှုတွေများ

အစိုးရသစ်လက်ထက်မှာ မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၆၀ ကျော်တည်ရှိခဲ့တဲ့၊ တည်ရှိနေဆဲဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အပြီးတိုင်ရပ်စဲဖို့ ကြိုးစားနေတာ ဝမ်းသာစရာပါ၊ ရိုးရိုးကလေးတွေးရင်ဖြင့် ရန်လိုမှုတွေအဆုံးသတ်၊ အပစ်အခတ်ရပ်စဲ၊ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေး၊ အားလုံးလက်ခံနိုင်တဲ့ သဘောတူညီချက်တွေကို ချမှတ်၊ တိုင်းပြည်ကြီးငြိမ်းချမ်း၊ အဲဒီလို ဖြစ်မယ်ဆိုရင် သိပ်ကောင်းမှာပါ၊ ဒါပေမည့် လက်တွေ့ဖြစ်စဉ်တွေမှာတော့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ မခိုင်မာမှုတွေ၊ မယုံကြည်မှုတွေ၊ မသေချာမှုတွေ၊ ပြင်ပစွက်ဖက်မှုတွေ၊ မညီညွတ်မှုတွေ၊ မဖြစ်နိုင်တာကို ရချင်တာတွေ၊ မလိုအပ်တဲ့ ဈေးခေါ်မှုတွေ၊ မရိုးသားမှုတွေက ပြည့်နှက်နေတာမို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်အဆုံးသတ်ရေးဟာ အလှမ်းဝေးနေဆဲလို့ ကျနော်ထင်မိပါတယ်၊

ဆက်ရေးပါ့မယ်၊

အောင်ဒင်
စက်တင်ဘာ ၁၅၊ ၂၀၁၃


0 comments: