BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, October 19, 2013

Burma's Parliament Watch Part 39

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၆၇၊ အောက်တိုဘာလ ၁၇ ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈၊ ၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၃၉) လွှတ်တော်နှင့် ပြည်သူများ၏ သိပိုင်ခွင့် (Right to Know) (က)

ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူလူထုဟာ အာဏာရှင်ခေတ်ကလို အမှောင်ထုထဲမှာ အကြောက်တရားနဲ့ အမိန့်နာခံနေရတာမျိုး မရှိသင့်တော့ပါ၊ ပြည်သူလူထုဟာ အခြေခံလူ့အခွင့်အရေးတွေကို ခံစားပိုင်ခွင့်ရှိသလို လွှတ်တော်ကလည်း ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ ရေးဆွဲ ပြဋ္ဌန်းရပါတယ်၊ ပြည်သူလူထုဟာ လွတ်လပ်စွာ ရေးသားခွင့်၊စည်းရုံးခွင့်၊ ပြောဆိုဆွေးနွေးခွင့်၊ ဖွဲ့စည်းခွင့်၊ ကိုးကွယ်ခွင့်၊ စီတန်းလှည့်လည်ခွင့်၊ သွားလာနေထိုင်ခွင့်တွေ ရှိရမှာဖြစ်သလို တိုင်းပြည်တစ်ခုလုံးနဲ့သက်ဆိုင်တဲ့ ကိစ္စတွေကို သိပိုင်ခွင့်လည်း ရှိရမှာဖြစ်ပါတယ်၊ တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ အစိုးရ အဖွဲ့ဝင်များ၊ တရားသူကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ နောက်ကြောင်းသမိုင်းနဲ့ ပိုင်ဆိုင်မှုတွေ၊ အစိုးရက ပြည်ပနိုင်ငံများ၊ ပြည်ပကုမ္ပဏီများနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်တွေ၊ တိုင်းပြည်ဘဏ္ဏာကို ခွဲဝေသုံးစွဲပုံတွေ၊ နိုင်ငံတော်မှ ရရန်၊ ပေးရန်တာဝန်ရှိငွေ၊ စသဖြင့် အာဏာရှင်ခေတ်က လူထုမသိအောင် တားမြစ်ပိတ်ပင်ထားတဲ့ တိုင်းပြည်အရေးကိစ္စတွေကို ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နေတဲ့ နိုင်ငံတစ်ခုက ပြည်သူတွေ သိခွင့်ရှိရပါမယ်၊ အဲဒီလို ပြည်သူလူထု သိသင့်တာကို သိခွင့်ပေးရမည့် ဥပဒေမျိုးကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းသင့်ပါတယ်၊ ဒီဆောင်းပါးမှာ အမေရိကန်ပြည်ထောင်စုမှာ ပြဋ္ဌန်းကျင့်သုံးနေတဲ့ "သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" (Freedom of Information Act/ FOIA) ကို တင်ပြချင်ပါတယ်၊ အစိုးရရဲ့ ပွင့်လင်းမြင်သာမှု (Transparency) ကို သက်သေပြတဲ့၊ ပြည်သူလူထုရဲ့ သိပိုင်ခွင့် (Right to Know) ကို အာမခံချက်ပေးတဲ့ ဥပဒေပါ၊


"သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ"

အမေရိကန်ပြည်ထောင်စုမှာ "သတင်းအချက်အလက်များလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" (FOIA) ကို ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ အထက်လွှတ်တော်က အတည်ပြု၊ ၁၉၆၆ခုနှစ် ဇွန်လ ၂၀ ရက်နေ့မှာ အောက်လွှတ်တော်က အတည်ပြုပြီး သမ္မတကြီး လင်ဒန်ဂျွန်ဆင်က ၁၉၆၆ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ လက်မှတ်ရေးထိုးအတည်ပြုပါတယ်၊ အဲဒီနောက် တစ်နှစ်အကြာ ၁၉၆၇ ခုနှစ် ဇွန်လ ၄ ရက်နေ့ကစပြီး ဒီဥပဒေ စတင်အသက်ဝင်ပါတော့တယ်၊ ဒီဥပဒေရဲ့ အဓိကဖွင့်ဆို ပြဋ္ဌန်းချက်ကတော့ "နိုင်ငံသားတိုင်းမှာ ပြည်ထောင်စုအစိုးရရဲ့ သတင်းအချက်အလက်တွေ၊ မှတ်တမ်းတွေကို လေ့လာခွင့်ရှိပြီး အဲဒီလို လေ့လာခွင့်ပေးဖို့ အစိုးရထံ တိုက်ရိုက်တောင်းဆိုနိုင်တယ်၊ တကယ်လို့ အစိုးရက ငြင်းဆန်ရင် ပြည်ထောင်စုတရားရုံးကို လျှောက်ထားပြီး ပြည်ထောင်စုတရားရုံးမှ အစိုးရကို တောင်းဆိုတဲ့မှတ်တမ်းတွေကို လေ့လာခွင့်ပေးဖို့ အမိန့်ထုတ်ပြန်စေနိုင်တယ်" လို့ ဖြစ်ပါတယ်၊ ပြည်ထောင်စုအစိုးရရဲ့ ဝန်ကြီးဋ္ဌာနများအားလုံးဟာ ပြည်သူလူထုသိချင်တဲ့ မှတ်တမ်းများကို ဥပဒေမှာ သတ်မှတ်ထားတဲ့ ချွင်းချက် ကိုးမျိုးနဲ့ အထူးဥပဒေ သုံးခုနဲ့ ကန့်သတ်ထားတဲ့ အစိုးရလျှို့ဝှက်ချက်များကလွဲရင် မှတ်တမ်းအားလုံးကို ဖြစ်စေ၊ မှတ်တမ်းများရဲ့ တစိတ်တပိုင်းကိုဖြစ်စေ အချိန်မီထုတ်ပြန်ပေးရမယ်လို့လည်း ပြဋ္ဌန်းထားပါတယ်၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်၊ အစိုးရနဲ့ ဗဟိုတရားရုံးချုပ်တို့အားလုံးက ဒီဥပဒေကို ဒီမိုကရေစီစနစ်ရဲ့ အရေးအကြီးဆုံးသော အစိတ်အပိုင်း (Vital Part of Democracy) အဖြစ် လေးစားလိုက်နာကြပါတယ်၊

ဒီဥပဒေပြဋ္ဌန်းဖို့ ကြိုးစားရာမှာလည်း အချေအတင်ဆွေးနွေးငြင်းခုန်မှုတွေ ရှိခဲ့ပါတယ်၊ အစိုးရရဲ့ သတင်းအချက်အလက်တွေအားလုံးကို အများပြည်သူသိခွင့်ရှိရမယ်လို့ ယုံကြည်ကြသူတွေနဲ့ ပုဂ္ဂိုလ်ရေးအကျိုးစီးပွါးကို ကာကွယ်ဖို့နဲ့ တိုင်းပြည်အတွက်အတိမ်းအစောင်းမခံနိုင်တဲ့ အခြေအနေမျိုးကို ကာကွယ်ဖို့ အစိုးရရဲ့ သတင်းအချက်အလက်အချို့ဟာ အများပြည်သူသိခွင့်မရှိပဲ လျှို့ဝှက်ချက်အဖြစ်နဲ့ ထိန်းသိမ်းရမယ်လို့ ယုံကြည်ကြသူတွေပါ၊ ဒီငြင်းခုံဆွေးနွေးမှုကနေ ထွက်ပေါ်လာတဲ့ အဖြေကတော့ "သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဥပဒေ" နဲ့ အဲဒီ ဥပဒေမှာပါဝင်တဲ့ “ချွင်းချက် ကိုးမျိုး”ပါ၊  အစိုးရရဲ့ လျှို့ဝှက်ချက်အဖြစ်ထိန်းသိမ်းထားဖို့ ခွင့်ပြုတဲ့ မှတ်တမ်း ကိုးမျိုးက အောက်ပါအတိုင်းဖြစ်ပါတယ်၊

(၁) နိုင်ငံတော်ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာမူဝါဒများ၏ အကျိုးအတွက် နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် ထိန်းသိမ်းရန်လိုအပ်သည်ဟု သမ္မတ၏ အုပ်ချုပ်ရေးရာအမိန့်များ (Presidential Executive Order) ဖြင့်ညွန်ကြားထားသော မှတ်တမ်းများ၊ နိုင်ငံတော်သမ္မတ၏ ညွှန်ကြားချက်ဖြင့် ထိပ်တန်းလျှို့ဝှက်ဟု သတ်မှတ်သော မှတ်တမ်းများ၊
(၂) အစိုးရဋ္ဌာနအတွင်း ဝန်ထမ်းရေးရာနှင့် ဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်သာ သက်ဆိုင်သော မှတ်တမ်းများ၊
(၃) အခြားသော ပြည်ထောင်စုအထူးဥပဒေများဖြင့် ပြည်သူလူထုအားချပြရန်မသင့်ဟု အကာအကွယ်ပေးထားသော မှတ်တမ်းများ၊
(၄) အစိုးရ၏ စီးပွါးရေးဆိုင်ရာ လျှို့ဝှက်ချက်များ (Trade Secrets) ကူးသန်းရောင်းဝယ်ရေး သို့မဟုတ် ငွေရေးကြေးရေးဆိုင်ရာ လျှို့ဝှက်မှတ်တမ်းများ (Confidential Commercial or Financial Information)၊
(၅) တရားစီရင်ရေးဆိုင်ရာအခွင့်အရေးများ (Legal Privileges) ဖြင့်အကာအကွယ်ပေးထားသည့် အစိုးရ၏ ဋ္ဌာနတစ်ခု အတွင်း သို့မဟုတ် ဋ္ဌာနများအကြား ဆက်သွယ်မှုများ၊
(၆) အခြားသော ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို ထိခိုက်စေနိုင်သည့် သတင်းမှတ်တမ်းများ၊
(၇) တရားဥပဒေစိုးမိုးရေးနှင့် ပါတ်သက်ပြီး အောက်ပါထိခိုက်မှုများကို ဖြစ်စေနိုင်သည့် မှတ်တမ်းများ၊
က၊ အစိုးရ၏ တရားဥပဒေစိုးမိုးရေးဆောင်ရွက်ချက်များကို အနှောက်အယှက်အဟန့်အတားဖြစ်စေနိုင်သည်ဟု ယုံကြည်နိုင်သော အကြောင်းရှိလျင်
ခ၊ ပုဂ္ဂိုလ်တစ်ယောက်၏ မျှတစွာ တရားစီရင်ခံပိုင်ခွင့် နှင့် ဘက်မလိုက်သော တရားစီရင်ရေးကို ဆုံးရှုံးစေနိုင်သည်ဟု ယူဆရန်အကြောင်းခိုင်မာလျင်
ဂ၊ ပုဂ္ဂိုလ်တစ်ယောက်၏ ကိုယ်ရေးကိုယ်တာလွတ်လပ်ခွင့်ကို မလိုလားအပ်ပဲ ဝင်ရောက်စွက်ဖက်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
ဃ၊ အစိုးရ၏ လျှို့ဝှက်သတင်းအရင်းအမြစ်များပေါက်ကြားနိုင်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
င၊ အစိုးရ၏ ဆောင်ရွက်နေဆဲ တရားဥပဒေစိုးမိုးရေးဆိုင်ရာ နည်းလမ်း၊ စုံစမ်းစစ်ဆေးမှုများနှင့် တရားစွဲဆိုရန်ပြင်ဆင်မှုများ ပေါက်ကြားစေနိုင်လျင်၊
စ၊ ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်၏ အသက်အန္တရာယ်နှင့် ဘဝကို ထိခိုက်နစ်နာစေနိုင်သည်ဟု ယုံကြည်ရန်အကြောင်းရှိလျင်
(၈) အစိုးရ၏ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ စီမံခန့်ခွဲမှုဆိုင်ရာ မှတ်တမ်းများ၊
(၉) ရေတွင်းရေကန်များနှင့် ရေအရင်းအမြစ်များ၏ မြေပြင်ပေါ်တွင်တည်ရှိမှုဆိုင်ရာ မှတ်တမ်းများ၊

ဒီဥပဒေက ပြည်ထောင်စုအဆင့်မှာ ပြဋ္ဌန်းထားတာဖြစ်လို့ ပြည်ထောင်စုအစိုးရနဲ့ပဲ သက်ဆိုင်ပါတယ်၊ ပြည်နယ်လွှတ်တော်များကလည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရများနဲ့ သက်ဆိုင်တဲ့ ပြည်နယ်အလိုက် "သတင်းအချက်အလက်လွတ်လပ်ခွင့် ဥပဒေ" များ ပြဋ္ဌန်းအတည်ပြုကြပါတယ်၊ ဒီဥပဒေတွေမှာ ပြည်နယ်တစ်ခုချင်းရဲ့ အခြေအနေအလိုက် ကွဲပြားမှုအနည်းငယ်ရှိကြပေမည့် အနှစ်သာရကတော့အတူတူပါ၊ ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရများဟာ ပြည်သူလူထုအပေါ် ပွင့်လင်းမြင်သာမှုရှိရပါမယ်၊ ပြည်သူလူထုကို အစိုးရရဲ့ ဆောင်ရွက်ချက်များကို အတတ်နိုင်ဆုံးအသိပေးရပါမယ်၊

ဘယ်လို သိခွင့်တောင်းသလဲ၊ ဘယ်သူက တာဝန်ခံဖြေရှင်းသလဲ

ဒီဥပဒေအရ ပြည်သူလူထုရဲ့ သိခွင့်တောင်းခံမှုကို ပြန်လည်ဖြေရှင်းပေးဖို့ အဓိက တာဝန်ရှိသူက အမေရိကန်ပြည်ထောင်စုသမ္မတကိုယ်တိုင်ဖြစ်ပါတယ်၊ အမေရိကန်သမ္မတက သူ့ကိုယ်စား တာဝန်ယူဖို့ ပြည်ထောင်စုရှေ့နေချုပ်ကို တာဝန်လွှဲအပ်ပြီး တရားရေးဝန်ကြီးဋ္ဌာနလက်အောက်မှာ "သတင်းအချက်အလက်များဆိုင်ရာမူဝါဒရေးရာ ဋ္ဌာန" (Office of Information Policy/OIP) ကို ဖွဲ့စည်းပြီး အစိုးရရဲ့ ဝန်ကြီးဋ္ဌာနများအားလုံးဟာ "သတင်းအချက်အလက်လွတ်လပ်ခွင့်ဆိုင်ရာဥပဒေ" အရ ပြည်သူလူထုက တောင်းခံလာတဲ့ သတင်းမှတ်တမ်းတွေကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်ထုတ်ပြန်ပေးစေဖို့ ကြီးကြပ်စီမံပါတယ်၊ လက်ရှိသမ္မတ အိုဘားမားက သူ့ရဲ့အစိုးရကို အပွင့်လင်းဆုံးအစိုးရဖြစ်စေရမယ်လို့ ကတိကဝတ်ပြုထားသူပါ၊ ဒါကြောင့် အမေရိကန်အစိုးရဋ္ဌာနများအားလုံးကို ဒီ "သတင်းအချက်အလက်လွတ်လပ်ခွင့် ဥပဒေ" ရဲ့ အနှစ်သာရနဲ့ စိတ်ဓာတ်ကို အမြင့်မားဆုံး ထိန်းသိမ်းကြပြီး ပြည်သူလူထုရဲ့ စုံစမ်းမေးမြန်းမှုတွေကို အထိရောက်ဆုံးပြန်ကြားဖို့ ညွှန်ကြားထားပါတယ်၊

ဒီတော့ အမေရိကန်ပြည်သူတစ်ယောက်က သူသိချင်တဲ့ အစိုးရရဲ့ သတင်းအချက်အလက်တွေကို ဘယ်လို တောင်းခံမလဲ၊ ပထမဆုံးတော့ သူလိုချင်တဲ့ အချက်အလက်တွေဟာ ဘယ်ဝန်ကြီးဋ္ဌာနမှာ ရှိမလဲ၊ ဘယ်ဋ္ဌာနနဲ့ သက်ဆိုင်မလဲ၊ ဆိုတာ အသေအချာသိဖို့လိုပါတယ်၊ ဒုတိယအနေနဲ့ ကိုယ်သိချင်တဲ့ သတင်းမှတ်တမ်းတွေဟာ ဘယ်လိုခေါင်းစဉ်အောက်မှာရှိနိုင်မလဲ၊ ဘယ်လို ဖွင့်ဆိုရှင်းပြမလဲ၊ ဘယ်လိုအကြောင်းအရာလဲ၊ စတာတွေကိုလဲ အသေအချာသိဖို့လိုအပ်ပါတယ်၊ ပြီးတော့မှ သက်ဆိုင်ရာဋ္ဌာနရဲ့ ဝက်ဆိုက်ကို သွားကြည့်ပြီး "သတင်းအချက်အလက်လွတ်လပ်ခွင့်ဥပဒေ" အရ သိခွင့်တောင်းခံတာကို ကိုင်တွယ်ဖြေရှင်းတဲ့ တာဝန်ခံဋ္ဌာနရဲ့ ဆက်သွယ်ရမည့် စာတိုက်လိပ်စာ၊ အီးမေးလိပ်စာ၊ တယ်လီဖုန်းနံပါတ်၊ ဖက်စ်နံပါတ် စတာတွေကို ရှာဖွေရပါမယ်၊ တခါ ကိုယ်သိချင်တဲ့ မှတ်တမ်းကို ဘယ်လိုပုံစံနဲ့ ရယူချင်တာလည်း၊ အီးမေးနဲ့လား၊ စာတိုက်ကပို့ပေးစေချင်သလား၊ စသဖြင့်ပေါ့၊ အဲဒါတွေ ပြင်ဆင်ပြီးတော့မှ သက်ဆိုင်ရာ ဋ္ဌာနကိုသက်ဆိုင်ရာလိပ်စာအတိုင်း သိချင်တဲ့ မှတ်တမ်းတွေကို သိခွင့်တောင်းတဲ့ စာတစ်စောင်ပေးပို့ရုံပါပဲ၊ အဲဒီစာမှာ တစ်ဘက်က ပြန်လည်ဆက်သွယ်ရမည့် မိမိရဲ့ လိပ်စာအပြည့်အစုံလည်းပါဝင်ဖို့ လိုအပ်ပါတယ်၊
များသောအားဖြင့် သတင်းအချက်အလက်တောင်းခံသူက အမှန်တကယ်သက်ဆိုင်တဲ့ ဋ္ဌာနကို ရှင်းလင်းတဲ့ ဖော်ပြချက်နဲ့ တောင်းခံတာဖြစ်လျင် သက်ဆိုင်ရာဋ္ဌာနက တစ်လအတွင်း တုန့်ပြန်ရပါတယ်၊ 

တစ်ခါတစ်ရံမှာ သတင်းအချက်အလက်တောင်းခံမှုတွေက များလွန်းလို့ တစ်လနဲ့ မလုံလောက်ဘူးဆိုရင်၊ ဒါမှမဟုတ် သတင်းတောင်းခံချက်အချို့ဟာ ချွင်းချက်များနဲ့ အကျုံးဝင်၊မဝင် စစ်ဆေးနေရတာကြောင့် အချိန်တစ်လနဲ့ မလုံလောက်ရင်၊ သက်ဆိုင်ရာဋ္ဌာနက သတင်းတောင်းခံသူကို ဆက်သွယ်ပြီး အကျိုးအကြောင်းရှင်းပြလို့ နောက်ထပ်ရက်တိုးပေးဖို့ တောင်းပန်ပါလိမ့်မယ်၊ တကယ်လို့ သတင်းမှတ်တမ်းတောင်းခံသူက မသက်ဆိုင်တဲ့ ဋ္ဌာနကို ဆက်သွယ်မိတာဆိုရင်တော့ ပိုပြီးကြာပါလိမ့်မယ်၊
တကယ်လို့ ဋ္ဌာနတစ်ခုခုဟာ "FOIA" အရ ပြည်သူတစ်ဦးတစ်ယောက်က၊ အဖွဲ့အစည်းတစ်ခုခုက သတင်းအချက်အလက်တောင်းခံတာကို ရည်ရွယ်ချက်ရှိရှိနဲ့ နှောင့်နှေးကြန့်ကြာစေမယ်၊ တုန့်ပြန်ဖို့ ပျက်ကွက်မယ်၊ သို့မဟုတ် အကြောင်းပြချက်မခိုင်လုံပဲ ငြင်းပယ်မယ် ဆိုရင် အဲဒီဋ္ဌာနက သက်ဆိုင်ရာ တာဝန်ခံပုဂ္ဂိုလ်မှာ အပြစ်ရှိတယ်၊ အရေးယူရမယ်လို့လည်း ဥပဒေမှာ ပြဋ္ဌန်းထားပါသေးတယ်၊ တကယ်လို့ သတင်းအချက်အလက်တောင်းခံသူက သက်ဆိုင်ရာဋ္ဌာနဟာ လုံလောက်တဲ့အချိန်အတွင်းမှာ သတင်းထုတ်ပြန်မပေးပဲ ရည်ရွယ်ချက်ရှိရှိ သတင်းကိုထုတ်ပြန်ပေးဖို့ ပျက်ကွက်နေတယ်လို့ ယုံကြည်ရန်အကြောင်းရှိလျင် ပြည်ထောင်စုတရားရုံးတစ်ခုကို ဦးတိုက်လျှောက်ထားနိုင်ပါတယ်၊ အဲဒီအခါ တရားရုံးက ရှေ့နေချုပ်ကို အထူးစုံစမ်းသူ (Special Counsel) တစ်ယောက်ခန့်အပ်ပြီး သက်ဆိုင်ရာဝန်ထမ်းမှာ အပြစ်ရှိမရှိ၊ အရေးယူရန်လို၊ မလို စုံစမ်းစစ်ဆေးစေပါတယ်၊ သက်ဆိုင်ရာဝန်ထမ်းဟာ အမှန်တကယ်ပဲ တောင်းဆိုတဲ့ သတင်းမှတ်တမ်းကို ရည်ရွယ်ချက်ရှိရှိ ထိန်ချန်တာ၊ နှောင့်နှေးတာ၊ ငြင်းပယ်တာမှန်ကြောင်းတွေ့ရှိရလျင် အထူးစုံစမ်းသူရဲ့ အကြံပေးချက်အတိုင်း သက်ဆိုင်ရာဝန်ထမ်းကို ဋ္ဌာနဆိုင်ရာစည်းကမ်းများအရ အရေးယူပါတယ်၊ တောင်းဆိုထားတဲ့ မှတ်တမ်းများကိုလည်း အမြန်ဆုံး ထုတ်ပြန်ပေးရပါတယ်၊

သမ္မတ အိုဘားမားက ၂၀၀၈ ခုနှစ်ကစပြီး သမ္မတတာဝန်ထမ်းဆောင်တာပါ၊ သူ့လက်ထက် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ FOIA ကို အသုံးပြုပြီး သတင်းအချက်အလက်တောင်းခံမှုများဟာ ၂၀၀၈ ခုနှစ်မှာ ၆၀၅,၄၉၁၊ ၂၀၀၉ ခုနှစ်မှာ ၅၅၇,၈၂၅၊ ၂၀၁၀ ခုနှစ်မှာ ၅၉၇,၄၁၅၊ ၂၀၁၁ ခုနှစ်မှာ ၆၄၄,၁၆၅၊ နဲ့ ၂၀၁၂ ခုနှစ်မှာ ၆၅၁,၂၅၄ ရှိခဲ့ပါတယ်၊ ဒါကိုကြည့်ခြင်းဖြင့် အမေရိကန်ပြည်သူများဟာ "FOIA" ဥပဒေကို ထိထိရောက်ရောက်အသုံးချကြတယ်ဆိုတာ ထင်ရှားပါတယ်၊ အစိုးရဘက်က တုန့်ပြန်မှုကို ကြည့်ရင် ၂၀၁၂ ခုနှစ်မှာ သတင်းအချက်အလက်တောင်းခံမှုပေါင်း ၆၅၁,၂၅၄ ရှိတဲ့အထဲက မှတ်တမ်းပေါင်း ၂၃၄,၀၄၉ ခု ကို အပြည့်အဝထုတ်ပြန်ပေးခဲ့ပြီး ၂၀၀,၂၀၉ ခုကို တစ်စိတ်တစ်ပိုင်းထုတ်ပြန်ပေးခဲ့ပါတယ်၊ မှတ်တမ်း ၃၀,၇၂၇ခုကိုတော့ ချွင်းချက်များအဖြစ်နဲ့ ထုတ်ပြန်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်၊ မတုန့်ပြန်နိုင်သေးတာတွေလည်း ရှိပါတယ်၊ ဒါကိုကြည့်ရင်လည်း အမေရိကန်အစိုးရဟာလည်း "FOIA" ကို အပြည့်အဝလိုက်နာပြီး ပြည်သူလူထုကို သိခွင့်ပေးနိုင်သမျှပေးနေတယ်ဆိုတာ ထင်ရှားပါတယ်၊ ပြည်သူလူထုကို ကိုယ်စားပြုတဲ့ အစိုးရမှန်သမျှဟာ ပြည်သူလူထုရဲ့ အစစ်အဆေးကို ခံနိုင်ရဲရပါမယ်၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
အောက်တိုဘာ ၈၊ ၂၀၁၃

0 comments: