မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၇၀) အမုန်းတရားများဖြန့်ဝေခြင်းနှင့် ဥပဒေပြုတားမြစ်ခြင်း
မကောင်းဆိုးဝါးအင်အားစုကြီးတစ်ခုက ရည်ရွယ်ချက်ရှိရှိနဲ့
ဖန်တီးလှုံ့ဆော်နေတဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများက မြန်မာနိုင်ငံကို အရိပ်မဲကြီးနဲ့
လွှမ်းမိုးနေတာကြာပါပြီ။ ၂၀၁၄ ခုနှစ်၊ ဇူလိုင်လ ၂ ရက်ကနေ ၅ ရက်အတွင်းမှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေးမှာ မခိုင်လုံတဲ့ ကောလာဟလတွေကို
အခြေပြုပြီး ဗုဒ္ဓဘာသာဝင်လူများစုက အစ္စလမ်ဘာသာဝင်လူနည်းစုကို အကြမ်းဖက်တိုက်ခိုက်တဲ့
ဘာသာရေးအဓိကရုဏ်းတစ်ခု ဆိုးဆိုးဝါးဝါးဖြစ်ပွါးခဲ့ပါတယ်။ လေးရက်ကြာအကြမ်းဖက်မှုတွေအတွင်းမှာ
လူနှစ်ဦး အသတ်ခံရပြီး လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရလို့ အဆောက်အအုံ၊ ယဉ်ပျက်စီးမှုတွေ
အမြောက်အများရှိခဲ့ပါတယ်။ အခြေအနေကို ထိန်းသိမ်းနိုင်ဖို့ မန္တလေးတိုင်းဒေသကြီးအစိုးရက
ဇူလိုင်လ ၃ ရက်နေ့ကစလို့ မန္တလေးခရိုင် (၆) မြို့နယ်မှာ ပုဒ်မ (၁၄၄) ညမထွက်ရအမိန့်ထုတ်ပြန်ခဲ့ရပြီး
ဇူလိုင် ၅ ရက်နေ့မှာ ညမထွက်ရအမိန့်ကို ပုသိမ်ကြီးမြို့နယ်အထိ တိုးချဲ့ခဲ့ရပါတယ်။
ပဋိပက္ခဖြစ်ပွါးပုံကလည်း မြန်မာတစ်နိုင်ငံလုံးက ရခိုင်ပြည်နယ်၊
မိတ္ထီလာ၊ လားရှိုး၊ စတဲ့ အခြား ဒေသတွေမှာ ဖြစ်ပျက်ခဲ့တဲ့ ပုံစံအတိုင်းပါပဲ။ ဘာသာခြားများက
ဗုဒ္ဓဘာသာမိန်းကလေးတစ်ဦးကို မုဒိန်းကျင့်တယ်ဆိုတဲ့ သတင်းကို မကောင်းဆိုးဝါးများက အရင်ဖြန့်ချီတယ်။
အယုံလွယ်သူတွေက ဆက်ပြီး ဖြန့်ချီတယ်။ သွေးဆူသူတွေက လက်နက်ရှာ၊ အုပ်စုဖွဲ့ပြီး နီးစပ်ရာ
ဘာသာခြားတွေကို တိုက်ခိုက်တယ်။ ဘာသာခြားတွေပိုင်တဲ့ အဆောက်အအုံတွေ၊ လုပ်ငန်းတွေကို
လုယက်ဖျက်ဆီးတယ်။ ဘာသာခြားတွေကလည်း ပြန်လည်တိုက်ခိုက်တယ်။ လူစုလူဝေးနဲ့၊ လက်နက်တွေနဲ့
တိုက်ခိုက်ဖျက်ဆီးနေကြတာကို ဒေသအာဏာပိုင်တွေ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက မတားဆီးနိုင်ကြ။
အခြေအနေအတော်ဆိုးလို့ မီဒီယာနဲ့ ပြည်သူတွေ ဝိုင်းအော်ကြမှ ညမထွက်ရအမိန့်ထုတ်၊ လုံခြုံရေးအင်အားတိုးချဲ့၊
ရမ်းကားနေဆဲလူအချို့ကို ဖမ်းဆီး၊ ဘာသာပေါင်းစုံက ခေါင်းဆောင်တွေကိုခေါ်ပြီး ငြိမ်းချမ်းရေးတရားတွေဟော၊
ပြီးတော့ "မြို့ခံတွေမပါပါဘူး၊ အပြင်လူတွေ လာလုပ်သွားတာပါလို့" ဖြေရှင်းကြပြန်ပါတယ်။
ဘဝသံသရာဆိုတာ ဒါကိုခေါ်တာများလား။ ဒါဆို မန္တလေးပြီးရင် ဘယ်မြို့အလှည့်ကျမလဲ။ မကောင်းဆိုးဝါးအင်အားစုကြီးကတော့
အကုသိုလ်ယန္တရားကြီးကို ဆက်လက်မောင်းနှင်ပြီး မြန်မာနိုင်ငံအနှံ့အပြားမှာ အမုန်းတရားတွေကို
ဖြန့်ဖြူးလို့ တည်ငြိမ်အေးချမ်းရေးကို ဖျက်ဆီးနေဦးမှာပါ။ နိုင်ငံတော်အာဏာပိုင်များက
ဒီမကောင်းဆိုးဝါးအင်အားစုကြီးကို ရဲရဲရင့်ရင့်ဖော်ထုတ်ပြီး ပြတ်ပြတ်သားသားအရေးမယူသ၍ပေါ့။
#
အမုန်းတရားဟောပြောမှု (Hate Speech)
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေရဲ့ အရင်းအမြစ်က အမုန်းတရားဟောပြောမှု (Hate Speech)
များပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြား၊ လူမျိုးခြားကို မုန်းတီးအောင်၊ ဆန့်ကျင်အောင်
လှုံ့ဆော်ဟောပြောမှုများကို အဓိကအားဖြင့် လေးမျိုး တွေ့ရပါတယ်။
(၁) သံဃာအချို့က ဘာသာရေးတရားပွဲတွေမှာ ဘာသာခြား၊ လူမျိုးခြားဆန့်ကျင်ရေး
ဟောပြောကြပါတယ်။ အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက
ကောက်နှုတ်ချက်တွေကို စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
(၂) အမျိုး၊ ဘာသာ၊ သာသနာထိန်းသိမ်းဖို့ရည်ရွယ်ချက်နဲ့ ဟောပြောပွဲတွေကျင်းပပြီး
သံဃာများ၊ ရှေ့နေများ၊ တက်ကြွသူများက ဘာသာခြား၊ လူမျိုးခြားမုန်းတီးရေး တရားများဟောပြောကြပါတယ်။
အဲဒီဟောပြောချက်များကို အသံသွင်းပြီး ထပ်မံဖြန့်ချီကြပါတယ်။ ဟောပြောသမျှထဲက ကောက်နှုတ်ချက်တွေကို
စာရွက်စာတမ်းများနဲ့လည်း ဖြန့်ချီပါတယ်။
(၃) ဘာသာခြား၊ လူမျိုးခြားတို့ရဲ့ မကောင်းမှုများ၊ မဟုတ်မမှန်စွပ်စွဲချက်များကို သတင်းပုံစံရေးသားပြီး
ဖေ့စ်ဘုတ် (Face Book) နဲ့ ဘလော့ (Blog) စတဲ့ အင်တာနက်မီဒီယာများ၊ လက်ကိုင်ဖုန်း သတင်းတိုပေးပို့ခြင်း
(Mobile Phone Short Message Service) များမှ ဖြန့်ချီပါတယ်။
(၄) အမျိုး၊ ဘာသာ၊
သာသနာထိန်းသိမ်းသူများက တည်ထောင်တဲ့ တရားဝင်ဂျာနယ်အချို့မှာ ဘာသာခြား၊ လူမျိုးခြားများအပေါ်
အပြစ်တင်စွပ်စွဲသည့် မခိုင်လုံသည့် သတင်းများကို ရေးသား ဖော်ပြပါတယ်။
အထက်ဖော်ပြပါ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို တားဆီးနိုင်မှ
ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများကို တားဆီးနိုင်ပါလိမ့်မယ်။ အမုန်းတရားဟောပြောလှုံ့ဆော်မှုများကို
စနစ်တကျ ဖန်တီးနေတဲ့ မကောင်းဆိုးဝါးအင်အားစုကြီးကို ထိထိရောက်ရောက် ဖြိုခွဲနိုင်မှပဲ
ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှာပါ။ အဲဒီလို
တားဆီးနိုင်ဖို့ အဓိကတာဝန်ရှိတာက အုပ်ချုပ်ရေးအာဏာကို ကိုင်တွယ်တဲ့ အစိုးရ၊ ဥပဒေပြုအာဏာကို
ကိုင်တွယ်တဲ့ ပြည်ထောင်စုလွှတ်တော်နဲ့ တရားစီရင်ရေးအာဏာကိုကိုင်တွယ်တဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်တို့
ဖြစ်ပါတယ်။
#အမုန်းတရားများဟောပြောခြင်းကို
တားဆီးသည့် ဥပဒေ
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ၂၀၁၃ ခုနှစ်
ဇွန်လအတွင်း
အမေရိကန်ပြည်ထောင်စုကို အလည်လာတုန်းက "အမုန်းတရား ဖြန့်ချီဟောပြောစည်းရုံးမှုများကို
တားမြစ်ဖို့" ဥပဒေတွေ ပြဋ္ဌန်းမယ်လို့ ပြောသွားခဲ့ပါတယ်။ ဒီစာရေးချိန်က ၂၀၁၄ ခုနှစ်၊
ဇူလိုင်လဆိုတော့ တစ်နှစ်ကျော်ခဲ့ပါပြီ။ ဒီကနေ့အထိတော့ အမုန်းတရားဟောပြောမှုများကို ဥပဒေပြု
တားဆီးတာ မတွေ့ရသေးပါ။ အမုန်းတရားဟောပြောမှုကို တားဆီးအရေးယူတဲ့ ဥပဒေမရှိသေးပေမည့်၊
ခွဲခြားဆက်ဆံမှုများကို ဟန့်တား၊ တားမြစ်တဲ့ ဥပဒေတွေ မရှိသေးပေမည့် ခွဲခြားဆက်ဆံမှုတွေကို
တရားဝင်ဖြစ်စေမည့် မျိုးစောင့်ဥပဒေတွေ ပြဋ္ဌန်းဖို့ တောင်းဆိုတာကိုတော့ အလွယ်တကူ သဘောတူလိုက်တာကို
ဝမ်းနည်းဖွယ်တွေ့မြင်ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပုဒ်မ (၃၆၄) မှာ ဒီလို ပြဋ္ဌာန်းထားပါတယ်။
"နိုင်ငံရေးကိစ္စအလို့ငှါ
ဘာသာသာသနာကို အလွဲသုံးစားမပြုရ။ ထို့ပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း
တစ်ဖက်နှင့်တစ်ဖက်၊ တစ်ဂိုဏ်းနှင့် တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်းတစ်မျိုးမျိုးပေါ်ပေါက်လာစေရန်
ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန်အကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့်
ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးနိုင်ရန် ဥပဒေပြဋ္ဌာန်းနိုင်သည်။"
အထက်ပါ ပုဒ်မ (၃၆၄) ပြဌာန်းချက်အရ အမုန်းတရားပွါးများအောင်
ဟောပြောလှုံ့ဆော်နေတာတွေ၊ အမုန်းတရားဟောပြောချက်များကို ရေးသားဖြန့်ချီနေတာတွေ၊ ဘာသာခြား၊
လူမျိုးခြားကိုရည်ရွယ်တိုက်ခိုက်နေတာတွေအားလုံးဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်ပြီး
အဲဒီ အပြုအမူကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဥပဒေပြဌာန်းရမှာပါ။
ဒါပေမည့် ပြည်ထောင်စုလွှတ်တော်သက်တမ်း ၃နှစ်ခွဲကျော်ပါပြီ။ အမုန်းတရားဟောပြောမှုများကို
တားမြစ်ရေး ပြည်ထောင်စုလွှတ်တော်က ဥပဒေမပြုနိုင်သေးပါ။
#ကုလသမဂ္ဂ
အထွေထွေညီလာခံ ဆုံးဖြတ်ချက်
၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက
"နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်"
(International Covenant on Civil and Political Rights) (ICCPR) ကို အတည်ပြုခဲ့ပြီး
အဖွဲ့ဝင်နိုင်ငံများကို လက်မှတ်ရေးထိုးအကောင်အထည်ဖော်ကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ အဲဒီစာချုပ်ဟာ
၁၉၇၆ ခုနှစ်၊ မတ်လ (၂၃) ရက်နေ့မှာ စတင်အသက်ဝင်လာခဲ့ပြီး ဒီကနေ့အထိ လက်မှတ်ရေးထိုးသော
နိုင်ငံပေါင်း (Signatories) (၇၄) နိုင်ငံရှိပြီး စာချုပ်ပါသဘောတူညီချက်တွေကို လိုက်နာဖို့
ဆန္ဒရှိကြောင်းဖော်ပြတဲ့ နိုင်ငံပေါင်း (Parties) (၁၆၈) နိုင်ငံရှိပါတယ်။ မြန်မာနိုင်ငံကတော့
လက်မှတ်လည်းမထိုး၊ သဘောတူညီချက်တွေကို လိုက်နာမည့် ဆန္ဒလည်း မဖော်ပြသေးပါ။ ဒီသဘောတူစာချုပ်ထဲက
အမုန်းတရားဟောပြောမှုတားဆီးရေးနဲ့ သက်ဆိုင်တဲ့ ပြဋ္ဌာန်းချက် နှစ်ခုကို ကောက်နှုတ်ဖော်ပြချင်ပါတယ်။
ပြဋ္ဌာန်းချက်
(၁၉)
၁။ မည်သူမဆို ပြင်ပစွက်ဖက်မှုမပါပဲ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိသည်။
၂။ မည်သူမဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်များ၊ အကြံညဏ်နည်းလမ်းပေါင်းစုံကို မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံနှင့်မဆို (နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ၊ အနုပညာပုံသဏ္ဍန်ဖြင့် ဖြစ်စေ၊ နှစ်သက်ရာ သတင်းမီဒီယာမှဖြစ်စေ) လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဖြူးခွင့်ရှိသည်။
၃။ အထက်ပါ အပုဒ် ၂ တွင်ဖော်ပြထားသော အခွင့်အရေးများအားလုံးသည် လက်တွေ့ကျင့်သုံးရာတွင် အထူးတာဝန်များနှင့် တာဝန်ခံမှုများဖြင့် ကျင့်သုံးရန်ဖြစ်သည်။ ၎င်းအခွင့်အရေးများကို ကျင့်သုံးရာတွင် (က) အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန်နှင့် (ခ) နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိတ်ဓာတ်ရေးရာများကို ကာကွယ်ရန် လိုအပ်လျင် ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ချက်အချို့ချမှတ်နိုင်သည်။
၁။ မည်သူမဆို ပြင်ပစွက်ဖက်မှုမပါပဲ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်ရှိသည်။
၂။ မည်သူမဆို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိသည်။ ၎င်းအခွင့်အရေးတွင် သတင်းအချက်အလက်များ၊ အကြံညဏ်နည်းလမ်းပေါင်းစုံကို မည်သည့်နည်းလမ်း၊ မည်သည့်ပုံစံနှင့်မဆို (နှုတ်ဖြင့်ဖြစ်စေ၊ ရေးသား၍ဖြစ်စေ၊ ပုံနှိပ်ထုတ်ဝေ၍ဖြစ်စေ၊ အနုပညာပုံသဏ္ဍန်ဖြင့် ဖြစ်စေ၊ နှစ်သက်ရာ သတင်းမီဒီယာမှဖြစ်စေ) လွတ်လပ်စွာ ရှာဖွေခွင့်၊ လက်ခံခွင့်၊ ဖြန့်ဖြူးခွင့်ရှိသည်။
၃။ အထက်ပါ အပုဒ် ၂ တွင်ဖော်ပြထားသော အခွင့်အရေးများအားလုံးသည် လက်တွေ့ကျင့်သုံးရာတွင် အထူးတာဝန်များနှင့် တာဝန်ခံမှုများဖြင့် ကျင့်သုံးရန်ဖြစ်သည်။ ၎င်းအခွင့်အရေးများကို ကျင့်သုံးရာတွင် (က) အခြားပုဂ္ဂိုလ်များ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို လေးစားရန်နှင့် (ခ) နိုင်ငံတော်လုံခြုံရေး၊ ပြည်သူ့ကျန်းမာရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် စိတ်ဓာတ်ရေးရာများကို ကာကွယ်ရန် လိုအပ်လျင် ဥပဒေပြဋ္ဌာန်း၍ ကန့်သတ်ချက်အချို့ချမှတ်နိုင်သည်။
ပြဋ္ဌာန်းချက်
(၂၀)
၁။ မည်သည့် စစ်ဖြစ်ပွါးရန် လှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
၂။ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့ကို ပြုလုပ်ရန် စည်းရုံးသည့် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအမုန်းတရားသင်ကြားချက်များကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
၁။ မည်သည့် စစ်ဖြစ်ပွါးရန် လှုံ့ဆော်မှုများကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
၂။ ခွဲခြားနှိမ့်ချဆက်ဆံခြင်း၊ ရန်လိုခြင်း၊ အကြမ်းဖက်ခြင်းစသည်တို့ကို ပြုလုပ်ရန် စည်းရုံးသည့် မည်သည့် နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေးအမုန်းတရားသင်ကြားချက်များကိုမဆို ဥပဒေဖြင့် တားမြစ်ရမည်။
အထက်ဖော်ပြပါ ပြဋ္ဌာန်းချက်များအရ နိုင်ငံတိုင်း၊ အစိုးရတိုင်းမှာ
လူသားတို့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အပြည့်အဝအာမခံဖို့ တာဝန်ရှိသလို အခွင့်အရေးများကို
ချိုးဖောက်ပြီး၊ လွတ်လပ်မှုကို အလွဲသုံးစားလုပ်ပြီး ဘာသာရေး၊ လူမျိုးရေးပဋိပက္ခများ ဖန်တီးလှုံ့ဆော်မှုများကိုလည်း
ဥပဒေနဲ့ အရေးယူဖို့ တာဝန်ရှိပါတယ်။
#ထိရောက်စွာ
အရေးယူပါ
မကောင်းဆိုးဝါးအင်အားစုကြီးက မြန်မာနိုင်ငံတွင်းမှာ ဘာသာရေး၊
လူမျိုးရေးပဋိပက္ခတွေကို ဆက်လက်ဖန်တီးနေဦးမှာပါ။ မန္တလေးမြို့ပြီးရင် အခြားမြို့တွေရဲ့ အလှည့်ရောက်လာဦးမှာပါ။ အစိုးရအနေနဲ့ ပဋိပက္ခဖြစ်မှ
ဖြေရှင်းရတာထက် ပဋိပက္ခမဖြစ်ပွါးအောင် ကြိုတင်တားဆီးဖို့ ပိုမိုကြိုးစားသင့်ပါတယ်။ အမုန်းတရားများကို
ဟောပြောလှုံ့ဆော်ကြတဲ့ သံဃာများ၊ လူပုဂ္ဂိလ်များရဲ့ ဟောပြောချက်များဟာ အသံဖိုင်များ၊
ဗီဒီယိုများ၊ စာရွက်စာတမ်းများနဲ့ သက်သေအထင်အရှားရှိနေပါတယ်။ အဲဒါတွေကို လူထုကြား ဖြန့်ဖြူးနေတာတွေကို
တားဆီးပိတ်ပင်ဖို့ လိုအပ်သလို ဟောပြောကြ၊ လှုံ့ဆော်ကြသူများကိုလည်း ဘာသာရေးစည်းမျဉ်းစည်းကမ်း၊
ရာဇသတ်ကြီးဥပဒေများနဲ့ ထိထိရောက်ရောက်အရေးယူသင့်ပါပြီ။ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ
ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး စည်းရုံးဆွေးနွေးမှုတွေလုပ်သလို တစ်ဖက်မှာလည်း အမုန်းတရားဟောပြောမှုများ၊
ရေးသားမှုများ၊ ဖြန့်ဖြူးမှုများကို မပြုလုပ်နိုင်အောင် တားမြစ်ပိတ်ပင်ရမှာပါ။ ရဲတပ်ဖွဲ့နဲ့
ထောက်လှမ်းရေးအဖွဲ့များကလည်း အကြမ်းဖက်သူများ၊ ဖျက်ဆီးသူများကို စုံစမ်းဖော်ထုတ်ပြီး
တိတိကျကျ အရေးယူဖို့လိုအပ်ပါတယ်။ ဘာသာခြားများစုဝေးနေထိုင်ရာ ရပ်ကွက်များ၊ဘာသာရေးအဆောက်အအုံများ၊
အရေးကြီးနေရာဋ္ဌာနများနဲ့ အစဉ်အလာအခန်းအနားများကို ထိထိရောက်ရောက် အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကတော့ အမုန်းတရားဟောပြောသူများ၊ လူမျိုးရေး၊
ဘာသာရေးပဋိပက္ခဖန်တီးသူများကို ထိထိရောက်ရောက် အရေးယူအပြစ်ပေးနိုင်မည့် ဥပဒေပြဋ္ဌာန်းဖို့
လိုအပ်ပါတယ်။ အဲဒီလို ဥပဒေပြဋ္ဌာန်းဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက တာဝန်ပေးအပ်ထားသလို
ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက အတည်ပြုထားတဲ့ "နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးဆိုင်ရာ
နိုင်ငံတကာသဘောတူစာချုပ်" ကလည်း တောင်းဆိုထားပါတယ်။
(ဇူလိုင် ၉၊ ၂၀၁၄)
0 comments:
Post a Comment