(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၃၊ ဧပြီလ ၉ ရက်၊ ၂၀၁၅၊
စာမျက်နှာ ၁၄)
မြန်မာနိုင်ငံ၏
ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း
(၉၀) ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (ခ) နှင့် (ဂ)
#အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၏
ရည်ရွယ်ချက်နှင့် ကော်မရှင်အား ခွင့်ပြုထားသော အာဏာများ
ဥပဒေရဲ့ ရည်ရွယ်ချက်တွေက အင်မတန်ကောင်းမွန်ပါတယ်။ ပုဒ်မ
(၄) မှာ (က) အဂတိလိုက်စားမှုပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရန်၊
(ခ) သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သောအုပ်ချုပ်ရေးစနစ် ပေါ်ထွန်းစေရန်၊ (ဂ) အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင်
ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာစေရန်၊ (ဃ) အဂတိလိုက်စားမှုများကြောင့်
နိုင်ငံတော်ပိုင် ပစ္စည်းများ၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံသားများ၏ အခွင့်အရေးနှင့်
အကျိုးစီးပွါးများကို ထိခိုက်မှုမရှိစေရေးအတွက် အကာအကွယ်ပေးရန်၊ (င) အဂတိလိုက်စားမှုကျူးလွန်သူများအား
ထိရောက်စွာ အရေးယူရန်၊ (စ) တရားဥပဒေစိုးမိုးရေးနှင့် အုပ်ချုပ်ရေးကဏ္ဍများ၌ ပိုမိုပွင့်လင်းမြင်သာမှုရှိပြီး
ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုများဖြင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဆိုပြီး
ရှင်းလင်းပြတ်သားစွာ ပြဋ္ဌာန်းထားပါတယ်။
ပုဒ်မ (၁၆) မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ တာဝန်များမှာလည်း အလွန်ကျယ်ပြန့်ပါတယ်။ ကော်မရှင်မှ ပဏာမစိစစ်ရေးအဖွဲ့နဲ့
စုံစမ်းရေးအဖွဲ့များကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးပြီး ကြီးကြပ်လမ်းညွှန်နိုင်ပါတယ်။
လုပ်ငန်းကော်မတီတွေ၊ လုပ်ငန်းအဖွဲ့တွေကို လိုအပ်သလို ဖွဲ့စည်းတာဝန်ပေးနိုင်ပါတယ်။ စစ်ဆေးရေးမှူးချုပ်ခန့်အပ်ရန်
သမ္မတအား အကြံပြုနိုင်ပါတယ်။ ပဏာမစိစစ်ရေးအဖွဲ့နဲ့ စုံစမ်းရေးအဖွဲ့များကို အဂတိလိုက်စားမှုများအား
စုံစမ်းစစ်ဆေးစေပြီး ၎င်းအဖွဲ့များမှ တင်ပြသော စုံစမ်းစစ်ဆေးတွေ့ရှိချက် အစီရင်ခံစာကို
သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ထံ တင်ပြရမှာဖြစ်ပါတယ်။ ကော်မရှင်ရဲ့ နှစ်ပါတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို
သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ထံ တင်ပြရမှာဖြစ်ပါတယ်။ အဂတိလိုက်စားမှုပပျောက်ရေးအတွက်
အစိုးရအဖွဲ့အစည်းများအား လုပ်ငန်း၊ စီမံချက်များရေးဆွဲရန် အကြံပေးရပါမယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရာမှာ
ပြည်သူလူထုပါဝင်နိုင်ရေးအတွက် လိုအပ်တဲ့ အစီအစဉ်တွေ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တိုင်ကြားစာများကို
စိစစ်လက်ခံပြီး မမှန်ကန်သော တိုင်စာများကို ပယ်ချလို့ မမှန်မကန်တိုင်ကြားသူများကို
ဥပဒေအရ အရေးယူရပါမယ်။ အဂတိလိုက်စားမှု ပပျောက်ရေးအတွက် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ၊
ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံများနဲ့ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်ပါတယ်။ သမ္မတနဲ့
လွှတ်တော်ဥက္ကဋ္ဌများက ပေးအပ်သော အခြားတာဝန်များကိုလည်း ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
ပုဒ်မ (၁၇) မှာ ပြဋ္ဌာန်းထားတဲ့ ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်များဟာလည်း
အလွန်ကျယ်ပြန့်ပါတယ်။ ကော်မရှင်မှာ အဂတိလိုက်စားမှုနဲ့ပါတ်သက်တဲ့ ငွေကြေး၊ ပစ္စည်းတွေကို
သိမ်းဆည်းခွင့်၊ သိမ်းဆည်းရာမှ ခံဝန်ချက်ဖြင့် ပြန်လည်ထုတ်ပေးခွင့်၊ ခွင့်ပြုချက်ကို
ရုပ်သိမ်းခွင့်တွေရှိပါတယ်။ အဂတိလိုက်စားမှုကို စုံစမ်းစစ်ဆေးရာမှာ သက်ဆိုင်တဲ့ ဘဏ်နဲ့
ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေရဲ့ မှတ်တမ်းများ၊ စာရင်းဇယားများကို ရှာဖွေခွင့်၊ မိတ္တူကူးခွင့်၊
သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခွင့်၊ ဘဏ်နှင့်
ငွေကြေးဆိုင်ရာအဖွဲ့အစည်းများမှ ထိန်းသိမ်းထားသော အဂတိလိုက်စားမှုနှင့်သက်ဆိုင်သည့် ငွေကြေး၊ ပစ္စည်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခွင့်
ရှိပါတယ်။ စုံစမ်းစစ်ဆေးဆဲကာလအတွင်း သက်ဆိုင်ရာစာရင်းများ၊ မှတ်တမ်းများ၊ ငွေကြေးနှင့်
ပစ္စည်းများအား လွှဲပြောင်းခြင်း၊ ဖျောတ်ဖျက်ခြင်း၊ ဖုန်းကွယ်ခြင်း၊ အသွင်ပြောင်းလဲခြင်းများမပြုရန်
တားမြစ်အမိန့်ထုတ်ပြန်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးမှုနဲ့ပါတ်သက်ပြီး အစိုးရအဖွဲ့အစည်းများရဲ့
ပူးပေါင်းဆောင်ရွက်မှုကို တောင်းဆိုနိုင်ပါတယ်။ ကော်မရှင်ရဲ့ ဆင့်ခေါ်ချက်အရ သက်သေထွက်ဆိုမည့်သူများအတွက်
သက်သေစရိတ်၊ ခရီးစရိတ်များ ထုတ်ပေးနိုင်ပါတယ်။ သတင်းပေးများအား အကာအကွယ်ပေးနိုင်ပါတယ်။
ဆုငွေချီးမြှင့်နိုင်ပါတယ်။ စုံစမ်းစစ်ဆေးပြီးလို့ အဂတိလိုက်စားမှုမြောက်ကြောင်းသေချာရင်
ပြစ်မှုကျူးလွန်သူကို တရားရုံးများမှာ နိုင်ငံတော်ကိုယ်စား အမှုဖွင့်၊ တရားစွဲဆိုနိုင်ပါတယ်။
ဒီဥပဒေအရ တရားစွဲဆိုတဲ့ အမှုများကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှုများအဖြစ် သတ်မှတ်ထားပါတယ်။
အဲဒီလောက် ရည်ရွယ်ချက်ကောင်းကောင်း၊ လုပ်ပိုင်ခွင့်အာဏာအပြည့်အဝနဲ့
ဖွဲ့စည်းထားတဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်"
ဟာ လက်တွေ့အခြေအနေမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှုများကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်စွမ်းမရှိတာ
တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ ကော်မရှင်ရဲ့ ဒုတိယအကြိမ်
သတင်းထုတ်ပြန်ချက်အရ ကော်မရှင်စတင်ဖွင့်လှစ်တဲ့ ၂၀၁၄ ခုနှစ်၊ မတ်လ (၁၀) ရက်နေ့မှ ဩဂုတ်လ
(၂၁) ရက်နေ့အထိ ငါးလကျော်ကာလအတွင်း ပြည်သူလူထုထံမှ တိုင်ကြားစာပေါင်း (၅၃၃) စောင် လက်ခံရရှိခဲ့ပြီး
စုံစမ်းစစ်ဆေးအရေးယူနိုင်ခဲ့တာ အမှု (၃) မှုသာရှိကြောင်း သိရပါတယ်။
#ကော်မရှင်၏
တုန့်ပြန်ချက်
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အပေါ်
လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူများက ဝေဘန်ကြတာကို ကော်မရှင်က ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ
(၂၈) ရက်နေ့မှာ မြန်မာ့အလင်းသတင်းစာမှာ ဆောင်းပါးတစ်ပုဒ်ရေးပြီး တုန့်ပြန်ပါတယ်။ ကော်မရှင်ရဲ့
တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးဖြစ်လိမ့်မယ်လို့ ယူဆရတဲ့ ဆောင်းပါးရှင် "အောင်သစ္စာ"
ဆိုသူရေးတဲ့ "ပီပီပြင်ပြင်ဖြစ်စေချင်ပါသည်"
ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ အောက်ပါအတိုင်း ကော်မရှင်ရဲ့ တုန့်ပြန်ချက်တွေကို ဖတ်ရှူရပါတယ်။
ဆောင်းပါးရှင်က အထက်မှာဖော်ပြခဲ့တဲ့ တိုင်စာ (၅၃၃) စောင်အနက်
သက်သေခံချက်မပါဝင်တဲ့ တိုင်စာပေါင်း (၁၆၇)
စောင်ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) အရ အရေးကြီးတဲ့သက်သေခံချက်များမပါရင်
ကော်မရှင်က အရေးယူဆောင်ရွက်လို့ မရပါ။ ထပ်မံတိုင်ကြားစာ (၁၀၈) စောင်မှာလည်း အရေးကြီးတဲ့
သက်သေခံချက်မပါလို့ အရေးယူလို့ မရပါလို့ ဆိုပါတယ်။ တချို့တိုင်စာတွေက အကြောင်းအရာတစ်ခုတည်းအပေါ်
အကြိမ်ကြိမ်မိတ္တူဆွဲပြီး တိုင်ကြားနေတာဖြစ်တယ်လို့ ဆိုပါတယ်။ အကြိမ် (၃၀) နီးပါးအထိ
ထပ်ခါထပ်ခါ တိုင်တန်းသူများတောင်ရှိတယ်လို့ ဆိုပါတယ်။ တရားစီရင်ရေးနဲ့ ပါတ်သက်တဲ့ တိုင်စာ
(၉၅) စောင်မှာ အဂတိလိုက်စားမှုနဲ့ စုံစမ်းအရေးယူလို့ရတာ (၂) စောင်ပဲရှိပြီး ကျန်တိုင်စာများက
တရားရုံးကတောင် အမိန့်တစ်စုံတစ်ရာချမှတ်ခြင်းမရှိသေးပဲ တရားသူကြီးက ဘက်လိုက်ပြီး စစ်ဆေးနေတယ်ဆိုတဲ့
ထင်မြင်ယူဆချက်ကို ကြိုတင်ပြီး ဖော်ပြတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ တချို့တိုင်စာများဟာ
ကော်မရှင်နဲ့ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိပဲ အခြားဋ္ဌာနဆိုင်ရာများနဲ့သာ သက်ဆိုင်တယ်လို့
ဆိုပါတယ်။ အထက်ပါ တိုင်စာ (၅၃၃) စောင်အပြင် နောက်ပိုင်းရောက်ရှိလာတဲ့ တိုင်စာတွေမှာလည်း
ကော်မရှင်နဲ့ မသက်ဆိုင်တဲ့ သိမ်းဆည်းမြေယာပြန်ရဖို့ အသနားခံတဲ့စာတွေ၊ စီးပွါးရေးပြိုင်ဘက်ချင်း
အညှိုးနဲ့ တိုင်တန်းတာတွေ၊ တရားရုံးအဆင့်ဆင့်မှာ အယူခံဝင်ခွင့်ရှိရက်နဲ့ ကော်မရှင်က
အရေးယူဖို့ တိုင်တန်းတာတွေ၊ မောင်နှမများအကြား အမွေခွဲတာ မကျေနပ်လို့ တိုင်တန်းတာတွေ၊
စတဲ့ တိုင်စာတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။
ဆောင်းပါးရှင်က ဆက်ပြီးရှင်းပြပါတယ်။ အစိုးရဋ္ဌာနအဖွဲ့အစည်းတွေမှာ
နိုင်ငံတော်ဘဏ္ဍာငွေအလွဲသုံးစားလုပ်တာ၊ မမှန်မကန်သုံးစွဲတာတွေဟာ အဂတိလိုက်စားမှုမဟုတ်ပဲ၊
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နဲ့
မသက်ဆိုင်ပဲ ပြည်ထောင်စုစာရင်းစစ်ချုပ်နဲ့ ပြည်ထဲရေးဝန်ကြီးဋ္ဌာနများက ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊
ပြစ်မှုဆိုင်ရာဥပဒေ၊ အများနှင့် သက်ဆိုင်သော ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ စတဲ့ တည်ဆဲအခြားဥပဒေများနဲ့
အရေးယူရမည့်ကိစ္စတွေဖြစ်တယ်လို့ ဆိုပါတယ်။ နောက်ဆက်ပြီးရှင်းပြတာက "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" မှာ
"နောက်ကြောင်းပြန်အာဏာသက်ရောက်ရမည်" ဟု ပြဋ္ဌာန်းထားခြင်းမရှိတဲ့အတွက် ဒီဥပဒေ
အာဏာစတင်သက်ရောက်တဲ့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက အမှုတွေကို ကော်မရှင်က
ကိုင်တွယ်ခွင့်မရှိပါ။ ဒါ့အပြင် ပုဒ်မ (၇၃) မှာ "၁၉၄၈ ခုနှစ်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
(ဥပဒေအမှတ် ၆၇/၄၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်" လို့ ပြဋ္ဌာန်းထားတဲ့အတွက်
၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီမှာ ပေါ်ပေါက်ခဲ့တဲ့ အဂတိလိုက်စားမှုတွေအားလုံးကို
တိုင်တန်းအရေးယူစရာ ဘာဥပဒေမှ မရှိတော့ပါ။
အထက်ပါတင်ပြချက်များအရ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" နဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" တို့မှာ ချို့ယွင်းချက်၊ အားနည်းချက်တွေ
တွေ့မြင်ရပါတယ်။ ဒီချို့ယွင်းချက်၊ အားနည်းချက်တွေကို အချိန်မီ မပြင်ဆင်နိုင်ရင်၊ သို့မဟုတ်
ပြင်ဆင်ဖို့ ပျက်ကွက်နေရင် မြန်မာနိုင်ငံမှာ အဂတိလိုက်စားမှုတွေဟာ ပို၍ပို၍ကြီးမားခိုင်ခန့်ပြီး
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများ၊ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုများကို နှောင့်နှေးစေမှာ
ဖြစ်ပါတယ်။
#အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏
ချို့ယွင်းချက်များ၊ ပြင်ဆင်ရန်များ
(၁) ကော်မရှင်အနေနဲ့ လူထုအကြား ပညာပေးရေးလုပ်ငန်းတွေ တိုးချဲ့လုပ်ဆောင်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ"
နဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်"
တွေ တည်ရှိနေတာကို မသိကြတဲ့ ပြည်သူ သန်းပေါင်းများစွာရှိပါတယ်။ တစ်ခါတစ်ရံမှ ကြေညာချက်ထုတ်တာ၊
သတင်းစာမှာ တစ်ခါတစ်ရံဆောင်းပါးရေးတာလောက်နဲ့ မလုံလောက်ပါ။ ကော်မရှင်အဖွဲ့ဝင်များကိုယ်တိုင်က
မြန်မာနိုင်ငံအနှံ့အပြားက ပြည်သူများနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဥပဒေအကြောင်း၊ ကော်မရှင်အကြောင်း
ပညာပေးဆွေးနွေးပွဲများ တိုးမြှင့်ဆောင်ရွက်သင့်ပါတယ်။
(၂) ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) အရ အရေးကြီးတဲ့ သက်သေခံချက်မပါရင်
ကော်မရှင်က အရေးယူလို့ မရပါ။ ဒါပေမည့် "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာ ဘာကိုဆိုလိုမှန်း
ဥပဒေမှာ အဓိပ္ပာယ်ဖွင့် ရှင်းလင်းမထားပါ။ ကော်မရှင်အနေနဲ့ "သက်သေခံချက်မပါတဲ့ တိုင်စာ"
များကို ချက်ချင်းပယ်ချခြင်းမပြုပဲ တိုင်တန်းသူများအား တိုက်ရိုက်ဆက်သွယ်လို့
"အရေးကြီးတဲ့ သက်သေခံချက်ကို ထပ်မံတင်သွင်းဖို့" ပညာပေးသင့်ပါတယ်။
(၃) ကော်မရှင်အနေနဲ့ တက္ကသိုလ်၊ ကောလိပ်များမှ ဥပဒေပညာဋ္ဌာနများ၊
ဥပဒေကျောင်းသားကျောင်းသူများ၊ လွတ်လပ်သောရှေ့နေကွန်ယက်များနဲ့လည်း မကြာခဏတွေ့ဆုံဆွေးနွေးပြီး
အဂတိလိုက်စားမှုပပျောက်ရေး ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။
(၄) ကော်မရှင်အနေနဲ့ သမ္မတက ညွှန်ကြားမှ၊ တိုင်တန်းသူရှိမှ
အရေးယူဆောင်ရွက်တာမျိုး မဖြစ်သင့်ပါ။ ကော်မရှင်ရဲ့ စုံစမ်းရေးမှူးများဟာ ရဲတပ်ဖွဲ့နဲ့
ထောက်လှမ်းရေးအဖွဲ့အစည်းများလိုပဲ အဂတိလိုက်စားမှုတွေကို မျက်ခြေမပြတ် ခြေရာခံစုံစမ်းဖော်ထုတ်အရေးယူတာမျိုး
ဖြစ်သင့်ပါတယ်။
(၅) အစိုးရအဖွဲ့အစည်းများအတွင်းမှာ တာဝန်ရှိသူများက လာဘ်ယူပြီး
ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရင်းနှီးရာကုမ္ပဏီများသို့ လက်သိပ်ထိုး ကန်ထရိုက်ချပေးတာ၊
ပစ္စည်းဝယ်ယူရာမှာလည်း ရင်းနှီးရာကုမ္ပဏီကနေ လက်သိပ်ထိုးဝယ်ယူတာ၊ ပုဂ္ဂလိကကုမ္ပဏီအချို့ကို
အထူးဦးစားပေးခြင်း၊ အထူးအခွင့်အရေးပေးခြင်းဖြင့် တိုင်းပြည်ဘဏ္ဍာငွေကို ဆုံးရှုံးနစ်နာစေတာတွေဟာ
အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတွေ ဖြစ်ပါတယ်။ ဥပဒေပုဒ်မ (၆၈) မှာလည်း အဂတိလိုက်စားမှုနှင့်
စပ်လျင်း၍ဖြစ်စေ၊ အဂတိလိုက်စားမှုဖြင့် ကြွယ်ဝချမ်းသာလာမှုနှင့် စပ်လျင်း၍ဖြစ်စေ၊ ငွေကြေးနှင့်
ပစ္စည်းကို စုံစမ်းစစ်ဆေးအရေးယူခြင်းနှင့် စပ်လျင်း၍ဖြစ်စေ၊ အခြားတည်ဆဲဥပဒေတစ်ရပ်ရပ်တွင်
မည်သို့ပင်ရှိစေကာမူ ဤဥပဒေအရသာလျင် အရေးယူရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့်မို့
ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ အများနှင့် သက်ဆိုင်သော
ပစ္စည်းကာကွယ်စောင့်ရှောက်ရေးဥပဒေ စတဲ့ တည်ဆဲအခြားဥပဒေများရှိနေပေမည့် အစိုးရအဖွဲ့အစည်းအတွင်း
အလွဲသုံးစားလုပ်မှုများဟာ အဂတိလိုက်စားမှုမြောက်ပြီး ကော်မရှင်က အရေးယူရမှာ ဖြစ်ပါတယ်။
(၆) ကော်မရှင်အနေနဲ့ လုပ်ငန်းဆောင်ရွက်မှုများအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိသင့်ပါတယ်။
ကော်မရှင်ရုံးကိုလည်း ပြည်သူလူထု လာရောက်ဖို့ခက်ခဲတဲ့ နေပြည်တော်မှာတင် မဟုတ်ပဲ တိုင်းဒေသကြီး၊
ပြည်နယ်များရဲ့ မြို့တော်များမှာ ပါ ဖွင့်လှစ်သင့်ပါတယ်။ ကော်မရှင်ရဲ့
ဆောင်ရွက်ချက်များ၊ အရေးယူမှုများကိုလည်း အများပြည်သူသိအောင် အချိန်နဲ့အမျှ ထုတ်ပြန်ကြေညာသင့်ပါတယ်။
(ဒီတစ်ပိုင်းလုံး ပြည်သူ့ခေတ်မှာ ကျန်ရစ်ခဲ့တယ်။)
#အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ
၏ ချို့ယွင်းချက်များ၊ ပြင်ဆင်ရန်များ
ဒီဥပဒေမှာလည်း အားနည်းချက်တွေ တွေ့ရပါတယ်။
(၁) ပုဒ်မ (၃)၊ ပုဒ်မခွဲ (ဏ) မှာ "နစ်နာသူ" ဆိုတာကို
"သူတစ်ဦးဦးက အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ထိခိုက်နစ်နာရသူ" လို့
အဓိပ္ပာယ်ဖွင့်ဆိုတာ ကျဉ်းမြောင်းလှပါတယ်။ ပုဂ္ဂလိကအမှုအခင်းများကိုသာ ရည်ညွှန်းသလို ဖြစ်နေပါတယ်။
အစိုးရ၊ လွှတ်တော်၊ တရားရုံးချုပ်စတဲ့ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများအတွင်းမှာ
နိုင်ငံရေးအာဏာရှိသူများ၊ လုပ်ပိုင်ခွင့်အာဏာရှိသူများ၊ အဆင့်မြင့်အရာရှိများကျူးလွန်တဲ့
အဂတိလိုက်စားမှုတွေကြောင့် ထိခိုက်နစ်နာရသူများက မြန်မာနိုင်ငံသားအားလုံးဖြစ်ပါတယ်။
ဒါကြောင့် "နစ်နာသူ" ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့်အဓိပ္ပာယ်ဖွင့်ဆိုသင့်ပါတယ်။
(၂) ပုဒ်မ (၇)၊ ပုဒ်မခွဲ (က) မှာ "ကော်မရှင်အဖွဲ့ဝင်၏
အရည်အချင်းများနှင့် မပြည့်စုံကြောင်း အထင်အရှားမပြနိုင်ပါက ပြည်ထောင်စုလွှတ်တော်သည်
နိုင်ငံတော်သမ္မတမှ အမည်စာရင်းတင်သွင်းသည့် ပုဂ္ဂိုလ်အား ကော်မရှင်အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးရန်
ငြင်းပယ်ခွင့်မရှိစေရ" လို့ ပြဋ္ဌာန်းထားပါတယ်။ ပုဒ်မ (၉) အရ ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အတွက်
သတ်မှတ်ထားတဲ့အရည်အချင်းဆိုတာကလည်း (က) မြန်မာနိုင်ငံသားဖြစ်သူ၊ (ခ) အသက် ၄၅ နှစ်မှ
၇၀နှစ်အတွင်းရှိသူ နဲ့ (ဂ) ရွေးချယ်တဲ့ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌများက တည်ကြည်ဖြောင့်မတ်ပြီး
သမာသမတ်ရှိသူဟု ယူဆခြင်းခံရသူဆိုတဲ့ အချက် ၃ ချက်ထဲ ဖြစ်ပါတယ်။ လွှတ်တော်ရုံးအဖွဲ့မှာ
အမှုထမ်း၊ အရာထမ်းများအဖြစ် ခန့်အပ်တာဝန်ပေးဖို့အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများကတောင်
ကော်မရှင်အဖွဲ့ဝင်ဖြစ်ဖို့ သတ်မှတ်တဲ့ အရည်အချင်းများထက် ပိုပြီးများပြားပြည့်စုံပါသေးတယ်။
တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတာဝန်ယူမည့် ပုဂ္ဂိုလ်များအနေနဲ့
ကော်မရှင်အဖွဲ့ဝင်တစ်ယောက်အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းများပြည့်မီရုံတင်မကပဲ ကိုယ်တိုင်က
ဘဝတစ်လျှောက်လုံး အဂတိလိုက်စားမှုကင်းရှင်းခဲ့သူ၊ မတရားမှုတွေ မကျူးလွန်ခဲ့သူ၊ ပြည်သူလူထုကြည်ညိုလေးစားသူ၊
အဂတိလိုက်စားမှုတွေကို ရဲရဲရင့်ရင့်တိုက်ခိုက်ချေမှုန်းဖို့ ပြတ်ပြတ်သားသားပိုင်းဖြတ်ထားသူတွေ ဖြစ်ဖို့လိုပါတယ်။
အဲဒီလို အရည်အချင်းရော၊ သန့်ရှင်းစင်ကြယ်မှုရော၊ သတ္တိရှိမှုရော ပြည့်စုံတဲ့ ကော်မရှင်အဖွဲ့ဝင်တွေ
ခန့်အပ်တာဝန်ပေးနိုင်ဖို့ အမည်စာရင်းတင်သွင်းသူ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရော၊
လွှတ်တော်ကိုယ်စားလှယ်များအားလုံးကရော အချိန်ယူစိစစ်ရွေးချယ်ကြရမှာပါ။ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ
(၂) ယောက်က "တည်ကြည်ဖြောင့်မတ်ပြီး သမာသမတ်ရှိသူ" လို့ ယုံကြည်တာနဲ့ လွှတ်တော်ကိုယ်စားလှယ်များအားလုံးကပါ
ထောက်ခံအတည်ပြုပေးရမယ်ဆိုတာ အဓိပ္ပာယ်မရှိပါ။
(၃) ပုဒ်မ (၂၁) မှာ ကော်မရှင်ဟာ (က) နိုင်ငံတော်သမ္မတက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးခြင်း၊
(ခ) နိုင်ငံရေးရာထူးတာဝန်လက်ရှိဖြစ်သူတစ်ဦးကို အရေးယူပေးရန် လွှတ်တော်ကိုယ်စားလှယ်များက
ဥပဒေအရအဆိုတင်သွင်းခြင်းကြောင့် လွှတ်တော်ဥက္ကဋ္ဌများက စုံစမ်းစစ်ဆေးတင်ပြရန် တာဝန်ပေးအပ်ခြင်း၊
(ဂ) အဂတိလိုက်စားမှုကျူးလွန်ခြင်းကြောင့် ထိခိုက်နစ်နာရသူက တိုင်ကြားခြင်း စတဲ့ကိစ္စများကိုသာ
အရေးယူဆောင်ရွက်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒါဟာဖြင့် ကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို
ချုပ်နှောင်ထားသလို ဖြစ်နေပါတယ်။ ဒီပြဋ္ဌာန်းချက်အရ သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌ (၂) ဦးနဲ့ နစ်နာသူကိုယ်တိုင်က
တာဝန်ပေးတာ၊ တိုင်တန်းတာမဟုတ်တဲ့ ကိစ္စတွေကို ကော်မရှင်က အရေးမယူနိုင်တော့ပါ။
တကယ်တော့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆိုတာ
ပြည်ထောင်စုဝန်ကြီးဋ္ဌာနကြီးတစ်ခု ဖြစ်ပါတယ်။ အခြားပြည်ထောင်စုဝန်ကြီးဋ္ဌာနများမှာ ဝန်ကြီးတစ်ဦး၊
ဒုဝန်ကြီး (၂) ဦးသာရှိပြီး ကော်မရှင်မှာတော့ ဝန်ကြီး (၁) ဦးနဲ့ ဒု-ဝန်ကြီး (၁၄) ဦးတောင်ရှိနေပါတယ်။
ဒီလောက်ကြီးမားတဲ့ ဋ္ဌာနကြီးရဲ့ လုပ်ပိုင်ခွင့်အတိုင်းအတာက ပုဒ်မ (၂၁) အရ ကျဉ်းမြောင်းလှပါတယ်။
ကော်မရှင်ရဲ့ စုံစမ်းရေးမှူးများဟာ တိုင်တန်းသူမရှိစေကာမူ ရဲတပ်ဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းများလိုပဲ
အဂတိလိုက်စားမှုအခြေအနေများကို နိုင်ငံတဝှမ်းမှာ မျက်ခြေမပြတ်စုံစမ်းထောက်လှမ်းပြီး
အရေးယူနိုင်ဖို့ လိုအပ်လှပါတယ်။ နောက်တစ်ခါ "နစ်နာသူ" ဆိုရာမှာလည်း နိုင်ငံတော်ဘဏ္ဍာငွေဆုံးရှုံးမှုကြောင့်
ထိခိုက်နစ်နာရတဲ့ မြန်မာနိုင်ငံသားအားလုံးမှ မည်သူမဆိုက တိုင်တန်းနိုင်ခွင့်ရှိဖို့
လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဟာလည်း လွှတ်တော်ဥက္ကဋ္ဌများမှ တဆင့်မဟုတ်ပဲ ကော်မရှင်ကို
တိုက်ရိုက်တိုင်တန်းနိုင်ခွင့် ရှိရပါမယ်။
(၄) ပုဒ်မ (၁၆)၊ ပုဒ်မခွဲ (ဇ) မှာ ကော်မရှင်သည် "နှစ်ပါတ်လည်လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို
နိုင်ငံတော်သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌများထံ
သတ်မှတ်ချက်များနှင့်အညီ တင်ပြရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။ တကယ်တော့ ကော်မရှင်ရဲ့
နှစ်ပါတ်လည်အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်ကို တရားဝင်တင်ပြသင့်ပါတယ်။ ဒါမှပဲ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များက
ကော်မရှင်ရဲ့ အစီရင်ခံစာကို ဝေဘန်သုံးသပ်ဆွေးနွေးပြီး လိုအပ်ချက်များကို ထောက်ပြနိုင်မှာပါ။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဟာ
ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းတဲ့ ဥပဒေကို အကောင်အထည်ဖော်ဖို့ ဖွဲ့စည်းတာဝန်ပေးတဲ့ ကော်မရှင်ဖြစ်တာကြောင့်
ကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို လွှတ်တော်ကိုယ်စားလှယ်များက စောင့်ကြည့်ဝေဘန်နိုင်ဖို့
အထူးလိုအပ်ပါတယ်။
(၅) ပုဒ်မ (၂၂)၊ ပုဒ်မခွဲ (ခ) မှာ "တိုင်ကြားမှုမှာ
အရေးကြီးသည့် သက်သေခံချက်များမပါရင် ကော်မရှင်က စုံစမ်းစစ်ဆေးခြင်းမပြုရ" လို့
ပြဋ္ဌာန်းထားပါတယ်။ ဒါပေမည့် "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာကို အဓိပ္ပာယ်ဖွင့်ဆိုထားခြင်း
မရှိပါ။ ဒါကြောင့်မို့ "အရေးကြီးတဲ့ သက်သေခံချက်" ဆိုတာ ဘာကိုဆိုလိုသလဲဆိုတာကို
ရှင်းရှင်းလင်းလင်းအဓိပ္ပာယ်ဖွင့်ဆိုဖို့ လိုအပ်ပါတယ်။ တိုင်တန်းသူအနေနဲ့ သက်သေအထောက်အထား
အပြည့်အစုံပြနိုင်ဖို့ဆိုတာ လွယ်ကူလှမယ်မဟုတ်ပါ။ ဒါကြောင့်မို့ သက်သေအထောက်အထားမပြည့်စုံသော်လည်း
တိုင်တန်းတဲ့ကိစ္စဟာ စုံစမ်းစစ်ဆေးထိုက်တဲ့ ကိစ္စဖြစ်မယ်ဆိုရင် အမှုကိုလက်ခံစုံစမ်းခွင့်
ပြုသင့်ပါတယ်။
(၆) ပုဒ်မ (၁)၊ ပုဒ်မခွဲ (ခ) မှာ "ဤဥပဒေသည် နိုင်ငံတော်သမ္မတက
အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့ရက်မှ စတင်၍ အာဏာတည်စေရမည်" လို့ ပြဋ္ဌာန်းထားပါတယ်။
သမ္မတရဲ့ အမိန့်ကြော်ငြာစာအမှတ် (၇၃/၂၀၁၃) အရ ဒီဥပဒေဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇)
ရက်နေ့ကစလို့ အာဏာတည်ပါတယ်။ ဒါပေမည့် ဒီဥပဒေမှာ "နောက်ကြောင်းပြန်အာဏာသက်ရောက်ခွင့်"
ပြဋ္ဌာန်းမထားလို့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုများကို
ဒီဥပဒေနဲ့ အရေးယူလို့ မရနိုင်ပါ။ ပုဒ်မ (၇၃) မှာ "၁၉၄၈ ခုနှစ် အဂတိလိုက်စားမှု
တားမြစ်ရေးဥပဒေ (ဥပဒေအမှတ် ၆၇/၄၈) ကို ဤဥပဒေဖြင့် ရုပ်သိမ်းလိုက်သည်" လို့ ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့်မို့ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက ဖြစ်ပေါ်ခဲ့တဲ့ အဂတိလိုက်စားမှုများကို
အရေးယူစရာ ဥပဒေလည်း မရှိတော့ပါ။ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်မတိုင်မီက အဂတိလိုက်စားမှုများအားလုံးကို
အလိုအလျောက် လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သလို ဖြစ်နေပါတယ်။ ပြည်ထောင်စုလွှတ်တော်က
ဒီသဘာဝမကျမှု၊ မမျှတမှုကို ပြင်ဆင်သင့်ပါတယ်။
၂။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အကြမ်းဖက်မှူတိုက်ဖျက်ရေး ဗဟိုအဖွဲ့
ပြည်ထောင်စုလွှတ်တော်က "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ကို ၂၀၁၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ
ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ ဒီဥပဒေ ပုဒ်မ (၅) အရ ပြည်ထောင်စုအစိုးရဟာ ပြည်ထဲရေးဝန်ကြီးက
ဥက္ကဋ္ဌအဖြစ်ဦးဆောင်ပြီး ပြည်ထောင်စုဝန်ကြီးများ၊ အစိုးရဋ္ဌာနနှင့် အစိုးရအဖွဲ့အစည်းများမှ
တာဝန်ရှိပုဂ္ဂိုလ်များ အဖွဲ့ဝင်အဖြစ် ပါဝင်တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" ကို ဖွဲ့စည်းရမှာဖြစ်ပါတယ်။ သတင်းစာတွေမှာ
တရားဝင်ထုတ်ပြန်ကြေညာချက်ကို မတွေ့ရပေမည့် ဒီဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်တယ်လို့
ယူဆရပါတယ်။ ဥပဒေပြဋ္ဌာန်းချက်အတိုင်း ဒီဗဟိုအဖွဲ့မှာ ပြင်ပပုဂ္ဂိုလ်များ လုံးဝပါဝင်ခြင်းမရှိပဲ
ပြည်ထဲရေးဝန်ကြီးဋ္ဌာန၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန
စတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာဋ္ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များ ပါဝင်လိမ့်မယ်လို့
ယူဆရပါတယ်။ ပြည်ထောင်စုအစိုးရ ပြည်ထဲရေးဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ပြည်ထောင်စုဝန်ကြီးတွေ
အဖွဲ့ဝင်အဖြစ်ပါဝင်တာကြောင့် ဒီ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့"
ဟာ ပြည်ထောင်စုဝန်ကြီးဋ္ဌာနအချို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခု
ဖြစ်ပါတယ်။
ဒီဥပဒေ ပုဒ်မ (၂) အရ ပုဒ်မခွဲ (က) ကနေ (ဋ္ဋ) အထိ ကျယ်ပြန့်စွာ
အဓိပ္ပာယ်ဖွင့်ဆိုထားတဲ့ အကြမ်းဖက်မှုများအားလုံးနဲ့ ပါတ်သက်ပြီး ကျူးလွန်သူ၊ ကျူးလွန်ရန်အားထုတ်သူ၊
အားပေးကူညီသူ၊ လှုံ့ဆော်သူ သို့မဟုတ် ကြံရာပါအဖြစ် ဆောင်ရွက်သူများကို ထိထိရောက်ရောကအရေးယူနိုင်ဖို့
ရည်ရွယ်ပါတယ်။ အကြမ်းဖက်မှုဆိုရာမှာလည်း "ပြည်တွင်း၌ဖြစ်ပွါးသော အကြမ်းဖက်မှု၊ နိုင်ငံသား
သို့မဟုတ် နိုင်ငံအတွင်းအမြဲတမ်းနေထိုင်သူ နိုင်ငံခြားသားမှ ပြည်ပတွင်ကျူးလွန်သော အကြမ်းဖက်မှု၊
အများပြည်သူ၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ နိုင်ငံတော်ပိုင် ပစ္စည်းများ၊ အဆောက်အအုံများကို
ထိခိုက်နစ်နာဆုံးရှုံးစေခြင်းများ၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့ခြင်း၊ ပြည်ပရှိ
နိုင်ငံပိုင်သံရုံးများ၊ အဆောက်အအုံများ၊ ပစ္စည်းများအပေါ် အကြမ်းဖက်မှု၊ နိုင်ငံတော်အတွင်း
မှတ်ပုံတင်ထားသည့် ယာဉ်၊ ယန္တရားများအပေါ်တွင် အကြမ်းဖက်မှု၊ နိုင်ငံတော်ကို အခြေပြု၍
နိုင်ငံတော်ကို၎င်း၊ နိုင်ငံခြားတိုင်းပြည်တစ်ခုခုကို၎င်း အကြမ်းဖက်မှုများ၊ နိုင်ငံတော်၏
မြေပြင်၊ ရေပြင်၊ ဝေဟင်ပိုင်နက်နယ်မြေနှင့် ကမ်းလွန်ရေတိမ်တွင် ကျူးလွန်သည့် အကြမ်းဖက်မှုများ၊
စသည်ဖြင့် ကျယ်ပြန့်စွာ ဖွင့်ဆိုထားတာ တွေ့ရပါတယ်။
ဒါ့အပြင် ဥပဒေ အခန်း (၄) မှာ မြို့ပြလေကြောင်းပျံသန်းရေးနှင့်
လေဆိပ်များဆိုင်ရာ အကြမ်းဖက်မှုများ၊ အခန်း (၅) မှာ အပြည်ပြည်ဆိုင်ရာ အကာအကွယ်ပေးရမည့်
ပုဂ္ဂိုလ်များနှင့် စပ်လျင်းသည့် အကြမ်းဖက်မှုများ၊ အခန်း (၆) မှာ ဓားစာခံအဖြစ် ဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာ
အကြမ်းဖက်မှုများ၊ အခန်း (၇) မှာ နျူကလီးယား ဒြပ်ပစ္စည်း၊ ရေဒီယိုသတ္တိကြွ ဒြပ်ပစ္စည်းနှင့်
နျူကလီးယား အဆောက်အအုံများနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၈) မှာ ပင်လယ်ရေကြောင်းသွားလာရေးနှင့်
ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၉) မှာ ကမ်းလွန်ရေတိမ်ပိုင်းရှိ ရေအောက်သယံဇာတရှာဖွေရေးအဆောက်အအုံများနှင့်
ပါတ်သက်သည့် အကြမ်းဖက်မှုများ၊ အခန်း (၁၀) မှာ ပေါက်ကွဲစေသောပစ္စည်းများနှင့် ပါတ်သက်သည့်
အကြမ်းဖက်မှုများ၊ အခန်း (၁၁) မှာ အကြမ်းဖက်ဗုံးခွဲတိုက်ခိုက်မှုနှင့် ပါတ်သက်သည့် အကြမ်းဖက်မှုများ၊
အခန်း (၁၂) မှာ အကြမ်းဖက်မှုကို ငွေကြေးနှင့် ပစ္စည်းထောက်ပံ့ခြင်းများ စသည်ဖြင့် ပို၍ကျယ်ပြန့်စွာ
တင်ပြထားပါတယ်။
အဲဒီလောက် ကြီးမားကျယ်ပြန့်တဲ့ အကြမ်းဖက်မှုများကို တားဆီးအရေးယူဖို့
တာဝန်အပ်နှင်းထားတဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့"
ကို ပုဒ်မ (၆) နဲ့ အခန်း (၄) ကနေ အခန်း (၁၃) အထိမှာ အင်မတန်ကျယ်ပြန့်တဲ့
လုပ်ပိုင်ခွင့်များ၊ အာဏာများ အပ်နှင်းထားပါတယ်။ ပုဒ်မ (၃)၊ ပုဒ်မခွဲ (လ) အရ ဗဟိုအဖွဲ့ဟာ
အကြမ်းဖက်မှုများ တားဆီး၊ ထိန်းချုပ်၊ နှိမ်နင်း၊ အရေးယူနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ၊
အဖွဲ့များ၊ စုံစမ်းစစ်ဆေးရေးအဖွဲ့များ၊ တားဆီးနှိမ်နင်းရေးတပ်ဖွဲ့များ၊ ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့နဲ့
အထူးတပ်ဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဗဟိုအဖွဲ့ဟာ ပြည်ထောင်စုအစိုးရကိုယ်စား
နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများနဲ့လည်း အကြမ်းဖက်မှုဆန့်ကျင်ရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခွင့်ရှိပါတယ်။