BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Saturday, April 11, 2015

Burma's Parliement Watch Part (87)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၀၊ မတ်လ ၁၉ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၇) အရေးတကြီးလိုအပ်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဥပဒေ (ခ)

(၇) မဲရုံလုပ်ငန်းအဆင့်အားလုံးကို လေ့လာခွင့် (Access to the Voting Process)

နောက်အရေးကြီးတဲ့ လိုအပ်ချက်ကတော့ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ စောင့်ကြည့်လေ့လာသူများဟာ ၎င်းတို့တာဝန်ကျရာ မဲရုံများမှာ လုပ်ငန်းစဉ်အားလုံးကို အပြည့်အဝလေ့လာခွင့်ရဖို့ ဖြစ်ပါတယ်။ မဲရုံလုပ်ငန်းများလို့ ဆိုရာမှာ မဲရုံမဖွင့်မီ မဲပုန်းများနှင့် ဆန္ဒမဲလက်မှတ်များကို စစ်ဆေးအတည်ပြုခြင်း၊ ဆန္ဒမဲပေးခွင့်ရှိသူများ၏ စာရင်းနှင့် မဲပေးရန်လာရောက်သူများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ တစ်ကြိမ်ထက်ပို၍ မဲမပေးနိုင်ရန် မဲပေးသူ၏ နိုင်ငံသားကဒ် (သို့မဟုတ်) လက်ချောင်းထိပ် နှင့် ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖျက်ရန်မလွယ်ကူသော မင်ဖြင့်အမှတ်အသားပြုခြင်း၊ မဲရုံပါတ်ဝန်းကျင်တွင် မဲဆွယ်စည်းရုံးမှုများ၊ ခြိမ်းခြောက်မှုများ ရှိမရှိ၊ မဲရုံတာဝန်ခံဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများ၊ မဲရုံနှင့် မဲပုန်းများသည် ကြိုတင်သတ်မှတ်ထားသော စံနှုံးများအတိုင်း လျှို့ဝှက်မဲပေးနိုင်သည့်အခြေအနေရှိမရှိ၊ မဲရုံအတွင်း ဆန္ဒမဲပေးသူများ ၎င်းတို့၏ ဆန္ဒကို လွတ်လပ်စွာ၊ လုံခြုံစိတ်ချရစွာ မဲပေးနိုင်ခြင်းရှိမရှိ၊ မဲရုံလုံခြုံရေးတာဝန်ကျများ၏ လုပ်ငန်းဆောင်ရွက်မှု၊  မဲရုံဧရိယာတွင် နေထိုင်ပါလျက်နှင့် အကြောင်းအမျိုးမျိုးကြောင့် မဲစာရင်းထဲမပါသူများအတွက် သီးခြားမဲပုန်းဖြင့် မဲပေးခွင့်ရှိမရှိ၊ မဲပေးနိုင်သူအရေအတွက်နှင့် အမှန်တကယ် လာရောက်မဲပေးသူတို့၏ အရေအတွက်ကို အခြားမဲရုံများမှ အခြေအနေနှင့် နှိုင်းယှဉ်လေ့လာခြင်း၊ မဲရုံပိတ်ချိန် မဲပုန်းများကို အများပြည်သူရှေ့မှောက်တွင် ရေတွက်ခြင်း၊ စည်းမျဉ်းနှင့်မကိုက်ညီ၍ မဲအချို့ကို ပယ်မဲအဖြစ် သတ်မှတ်ခြင်း၊ အများရှေ့မှောက်တွင် ရေတွက်ရရှိသော ရလဒ်ကို မဲဆန္ဒနယ်တစ်ခုလုံး၏ ပင်မစုပေါင်းမဲရေတွက်ရာဋ္ဌာနသို့ အမြန်ဆုံးပေးပို့ခြင်း၊ မဲဆန္ဒနယ်၏ ကော်မရှင်ရုံးခွဲ၌ မဲရုံများမှ ရရှိသော မဲများအားလုံးကို စုပေါင်းရေတွက်၍ အနိုင်အရှုံးကြေညာခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ တိုင်တန်းချက်များနှင့် ဖြေရှင်းမှုများ စတဲ့ လုပ်ငန်းစဉ်များအားလုံးပါဝင်ပါတယ်။

အဲဒီလို မဲရုံလုပ်ငန်းစဉ်အားလုံးကို စောင့်ကြည့်လေ့လာနိုင်ဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများဟာ ရွေးကောက်ပွဲကျင်းပတဲ့ နေ့မှာ မဲရုံပါတ်ဝန်းကျင်နဲ့ မဲရုံအတွင်းကို ဝင်ရောက်ခွင့်ရှိရပါမယ်။ မဲရုံတာဝန်ခံဝန်ထမ်းများကို စုံစမ်းမေးမြန်းခွင့်၊ မဲပေးသူများနဲ့ ယှဉ်ပြိုင်သူအမတ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များ၊ လုံခြုံရေးဝန်ထမ်းများကို စုံစမ်းမေးမြန်းခွင့်၊ မဲရေတွက်ခြင်းကို ကြည့်ရှူခွင့်၊ ရေတွက်လို့ရတဲ့ ရလဒ်ကို သိရှိခွင့်တွေရှိရပါမယ်။ ပြီးတော့ ၎င်းရဲ့ စစ်ဆေးတွေ့ရှိချက်များကို အဖွဲ့အစည်းရဲ့ ဗဟိုဋ္ဌာနချုပ်ကို အချိန်မီပေးပို့နိုင်ရပါမယ်။ အဲဒီလို ဆောင်ရွက်နိုင်ဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့် အဖွဲ့များဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အသိအမှတ်ပြုမှု (Accreditation) ကို အရင်ဆုံး ရရှိထားရပါမယ်။ အဲဒီအဖွဲ့အစည်းက လုပ်အားပေးများစေလွှတ်ဖို့ ရွေးချယ်ထားတဲ့ ဒေသများက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အဲဒီအဖွဲ့အစည်းရဲ့ စောင့်ကြည့်လေ့လာသူများအား မဲရုံပါတ်ဝန်းကျင်နဲ့ မဲရုံအတွင်းမှာ မဲရုံလုပ်ငန်းစဉ်များကို အပြည့်အဝလေ့လာခွင့်ပြုဖို့ ညွှန်ကြားရပါမယ်။ အဖွဲအစည်းကိုယ်တိုင်ကလည်း ဒေသအလိုက်ကော်မရှင်အဖွဲ့ခွဲများကို ဆက်သွယ်ပြီး ၎င်းတို့အဖွဲ့အစည်းမှ တာဝန်ပေးမည့် စောင့်ကြည့်လေ့လာသူများရဲ့ ကိုယ်ရေးအချက်အလက်များ ပေးပို့မိတ်ဆက်ထားရပါမယ်။ မဲရုံကို စောင့်ကြည့်မည့် လုပ်အားပေးကလည်း သက်ဆိုင်ရာမဲရုံရဲ့ တာဝန်ခံအရာရှိများ၊ သက်ဆိုင်ရာမဲရုံမှာ ရှိနေမည့် အမတ်လောင်းများရဲ့ ကိုယ်စားလှယ်များ၊ လုံခြုံရေးတာဝန်ခံများအား မိမိတို့ရဲ့ စောင့်ကြည့်လေ့လာရေးလုပ်ငန်းစဉ်ကို ကြိုတင်ရှင်းပြထားရမှာပါ။

(၈) အစီရင်ခံစာများ ထုတ်ပြန်ခြင်း (Reporting)

နောက်ဆုံးလိုအပ်ချက်ကတော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အနေနဲ့ ရွေးကောက်ပွဲနဲ့ပါတ်သက်တဲ့ အစီရင်ခံစာများ အချိန်မီ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ များသောအားဖြင့်  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့များဟာ (က) ရွေးကောက်ပွဲမတိုင်မီ သုံးသပ်လေ့လာချက် (Pre-Election Assessment)၊ (ခ) မဲဆွယ်စည်းရုံးရေးကာလ သုံးသပ်ချက် (Campaign Period Assessment)၊ (ဂ) မဲမပေးခင်အခြေအနေအစီရင်ခံစာ (Pre-Voting Report)၊ (ဃ) ရွေးကောက်ပွဲအပြီး ပဏာမအစီရင်ခံစာ (After-Voting Preliminary Report)၊ (င) ရွေးကောက်ပွဲအပြီး နောက်ဆုံးအစီရင်ခံစာနှင့် အကြံပြုချက်များ (Election Final Report and Recommendations) ဆိုပြီး အစီရင်ခံစာတွေ ထုတ်ပြန်လေ့ရှိပါတယ်။

(က) ရွေးကောက်ပွဲမတိုင်မီ သုံးသပ်လေ့လာချက်မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် မဲစာရင်းထုတ်ပြန်ခြင်းများ၊ ရွေးကောက်ပွဲအပေါ် အာဏာရအစိုးရ၊ လုံခြုံရေးတပ်ဖွဲ့များနဲ့ နိုင်ငံရေးပါတီများ၏ ဩဇာသက်ရောက်မှု၊ ကိုယ်စားလှယ်လောင်းများ မှတ်ပုံတင်ခြင်း၊ ကော်မရှင်မှ စစ်ဆေးအတည်ပြုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးလုပ်ငန်းများ၊ မဲရုံအရေအတွက်နဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်၊ စတဲ့အချက်အလက်တွေကို လေ့လာသုံးသပ်ပါတယ်။
(ခ) မဲဆွယ်စည်းရုံးရေးကာလ သုံးသပ်ချက်မှာတော့ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးမှု၊ သတင်းမီဒီယာများ၏ ရွေးကောက်ပွဲဆိုင်ရာ သတင်းဖော်ပြမှု၊ ပါတီအလိုက်၊ ကိုယ်စားလှယ်အလိုက် မီဒီယာကြော်ညာအသုံးပြုမှုနှင့် ငွေကြေးသုံးစွဲမှု၊ စတဲ့အချက်အလက်တွေကို ဝေဘန်သုံးသပ်ပါတယ်။ (ဂ) မဲမပေးခင်အခြေအနေအစီရင်ခံစာမှာ မဲရုံမဖွင့်မီ မဲရုံပါတ်ဝန်းကျင်က အခြေအနေတွေကို နိုင်ငံတဝှမ်းက မဲရုံစောင့်ကြည့်သူများရဲ့ သတင်းပေးပို့ချက်တွေကို စုစည်းပြီး တင်ပြပါတယ်။ (ဃ) ရွေးကောက်ပွဲအပြီး ပဏာမအစီရင်ခံစာမှာတော့ ရွေးကောက်ပွဲပြီးကာစ ရွေးကောက်ပွဲကော်မရှင်က အနိုင်အရှုံးစာရင်းတွေကို မကြေညာခင် အဖွဲအစည်းက စောင့်ကြည့်လေ့လာသူများပေးပို့တဲ့ အချက်အလက်များကို အခြေခံပြီး တွက်ချက်ခန့်မှန်းတဲ့ အနိုင်အရှုံးစာရင်း (Parallel Tabulation Report) ကို ထုတ်ပြန်ကြေညာတာဖြစ်ပါတယ်။ အဲဒီအစီရင်ခံစာမှာ အမှားအယွင်းရှိနိုင်တာမို့ ပဏာမအစီရင်ခံစာလို့ အမည်တပ်ပြီး ရွေးကောက်ပွဲအပြီး နောက်ရက်အနည်းငယ်အတွင်းမှာ ပိုပြီးပြည့်စုံတဲ့ အချက်အလက်တွေ၊ အထောက်အထားတွေ၊ အကြံပြုချက်တွေနဲ့ (င) ရွေးကောက်ပွဲအပြီး နောက်ဆုံးအစီရင်ခံစာနှင့် အကြံပြုချက်များ ကို ထုတ်ပြန်ပါတယ်။  

#ဥပဒေတစ်ခု လိုအပ်ခြင်း

အထက်မှာ ဖော်ပြခဲ့တဲ့ အတိုင်း ရွေးကောက်ပွဲတစ်ခုကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများက လွတ်လပ်စွာစောင့်ကြည့်လေ့လာခြင်းဟာ သန့်ရှင်း၊ မျှတသော ရွေးကောက်ပွဲဖြစ်ပေါ်ရေးအတွက် ကြီးမားသော အထောက်အကူပြုမှုဖြစ်ပါတယ်။ အဲဒီလို အထောက်အကူပြုနိုင်ဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမည့်အဖွဲ့အစည်းများဟာ အချိန်၊ လေ့လာခွင့်အတိုင်းအတာ၊ ကော်မရှင်နှင့် ဆက်ဆံရေး၊ မဲရုံစောင့်ကြည့်သူများ လုံလုံလောက်လောက်စုဆောင်းနိုင်ရေးနှင့် လေ့ကျင့်သင်ကြားရေး၊ မဲရုံလုပ်ငန်းအဆင့်အားလုံးကို လေ့လာခွင့်နဲ့ အစီရင်ခံစာများ အချိန်မီထုတ်ပြန်ခြင်း စတဲ့ လိုအပ်ချက်များပြည့်စုံဖို့ လိုအပ်ပါတယ်။
အခုအချိန်အထိတော့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခွင့်ပြုရေးနဲ့ လိုအပ်တဲ့အချက်များ ဖြည့်ဆည်းရေးအာဏာဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ 

၂၀၁၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာနဲ့ ပြည်တွင်းအဖွဲ့အစည်းများအား စောင့်ကြည့်လေ့လာခွင့်မပြုခဲ့ပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ  ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာအစိုးရအချို့ကို သတ်မှတ်ထားတဲ့ မဲရုံအနည်းငယ်ကိုသာ သတ်မှတ်ထားတဲ့ ရက်အတွင်း လေ့လာခွင့်ပြုခဲ့ပေမည့် ပြည်တွင်းအဖွဲ့အစည်းများကို ခွင့်မပြုခဲ့ပါ။ လက်ရှိ ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့များကို ဖိတ်ခေါ်မယ်၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနဲ့လည်း ပူးပေါင်းဆောင်ရွက်မယ်လို့ ကြေညာထားပါတယ်။ ဒါပေမည့် ဘယ်လောက်အတိုင်းအတာအထိ လေ့လာခွင့်ပေးမယ်ဆိုတာကိုတော့ မသိရသေးပါ။
ဒီအာဏာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ လက်ထဲမှာရှိနေသ၍ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ခြင်းဟာ ခိုင်မာပြည့်စုံ အဓိပ္ပာယ်ရှိမှာ မဟုတ်ပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်အတိုင်း တစ်ခါတစ်ရံ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခွင့် ရနိုင်ပြီး တစ်ခါတစ်ရံ မရနိုင်ပါ။ တစ်ခါတစ်ရံ အကန့်အသတ်နဲ့သာ လေ့လာခွင့်ရပြီး တစ်ခါတစ်ရံမှာ အပြည့်အဝရနိုင်တာလည်း ဖြစ်နိုင်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဆိုတာကလည်း သမ္မတက ရွေးချယ်ခန့်အပ်တာဝန်ပေးတာမို့ အာဏာရပါတီနဲ့ ပါတ်သက်မှုရှိနေတာပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းဆောင်ရွက်မှုကို အပြန်အလှန်ထိန်းကြောင်းပဲ့ပြင် (Check and Balance) နိုင်တဲ့ စနစ်တစ်ခု မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒီစနစ်ကတော့ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား ရွေးကောက်ပွဲများကို လွတ်လပ်မျှတစွာ တရားဝင် စောင့်ကြည့်လေ့လာခွင့်ပေးခြင်းဖြစ်ပါတယ်။

ဒါကြောင့်မို့ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများအား ရွေးကောက်ပွဲများကို တရားဝင်စောင့်ကြည့်လေ့လာခွင့်နဲ့ ရွေးကောက်ပွဲကော်မရှင်မှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရဲ့ လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးဖို့ ညွှန်ကြားတဲ့ ဥပဒေတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်က အမြန်ဆုံး ပြဋ္ဌာန်းပေးဖို့ လိုအပ်နေကြောင်းပါ။

လေးစားစွာ၊

အောင်ဒင်
ဇန်နဝါရီ ၃၁၊ ၂၀၁၅


0 comments: