BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, April 11, 2015

Burma's Parliament Watch Part (86)




(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၉၊ မတ်လ ၁၂ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၆) အရေးတကြီးလိုအပ်နေသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး ဥပဒေ (ခ)

(၂) လေ့လာခွင့်အတိုင်းအတာ (Scope of Work)

နောက်အရေးကြီးတာက ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့်လေ့လာခွင့် ရသလဲဆိုတာပါ။ မြန်မာနိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၄) ခု၊ ခရိုင် (၇၃) ခု၊ မြို့နယ်ပေါင်း (၃၃၀)၊ ရပ်ကွက်နဲ့ ကျေးရွာအုပ်စုပေါင်း (၁၃,၀၀၀) ကျော်ရှိပါတယ်။ ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအနှံ့ မဲပေးပိုင်ခွင့်ရှိသူပေါင်း (၂၉) သန်းနဲ့ မဲရုံပေါင်း (၄၀,၀၀၀) ကျော် ရှိခဲ့ပါတယ်။ ဒါကြောင့်မို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း မဲပေးပိုင်ခွင့်ရှိသူ သန်း (၃၀) ကျော်အတွက် မဲရုံပေါင်း ၄၀,၀၀၀ (လေးသောင်း) ကျော် ရှိမယ်လို့ ခန့်မှန်းရပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာတုံးက ရွေးကောက်ပွဲကော်မရှင်က နိုင်ငံတကာလေ့လာသူတွေကို မဲရုံအနည်းငယ်ကိုသာ ရွေးချယ်သတ်မှတ်ပြီး လေ့လာခွင့်ပြုပါတယ်။ နိုင်ငံတကာ စံနှုံးများအရ နိုင်ငံတကာလေ့လာသူများဟာ ပြည်တွင်းက လွတ်လပ်တဲ့ အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ မဲရုံပေါင်း လေးသောင်းကျော်လောက်ထဲက ၁၀ ရာခိုင်နှုံးခန့်၊ အနည်းဆုံး မဲရုံ (၄,၀၀၀) လောက်ကို တိုင်းဒေသကြီးနဲ့ ပြည်နယ်များအလိုက် ဖြန့်ကျက်ပြီး သူတို့စိတ်ဝင်စား တဲ့ဒေသတွေကို သူတို့ကိုယ်တိုင် ရွေးချယ်ပြီး စောင့်ကြည့်လေ့လာခွင့်ရဖို့ လိုအပ်ပါတယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်လေ့လာခွင့်မပေးပဲ ကော်မရှင်က သတ်မှတ်ထားတဲ့ မဲရုံအနည်းငယ်ကိုပဲ လေ့လာခွင့်ပြုမယ်ဆိုရင် ရွေးကောက်ပွဲရဲ့ မျှတမှုကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပေးနိုင်မှာ မဟုတ်ပါ။

(၃) ဆက်ဆံရေး (Relationship
)

နောက်ထပ်အရေးကြီးတာက ရွေးကောက်ပွဲလေ့လာသူများနဲ့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆက်ဆံရေး (Relationship) ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲလေ့လာသူများဟာ ရွေးကောက်ပွဲသန့်ရှင်းမျှတကြောင်း အသိအမှတ်ပြုခံရဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ မဟာမိတ်များဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်းလက်ခံထားဖို့ လိုအပ်ပါတယ်။ တကယ်တော့ ကော်မရှင်က ဘယ်လောက်ပဲ လွတ်လပ်မျှတပြီး ရွေးကောက်ပွဲကို သန့်ရှင်းအောင်လုပ်ချင်ဦးတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပေါ်ပေါက်နိုင်တဲ့ မသမာမှုတွေ၊ အားနည်းမှုတွေကို ကော်မရှင်ရဲ့ ဝန်ထမ်းအင်အားတစ်ခုတည်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်ပါ။ အလားတူပဲ ပြည်သူလူထုကို ရွေးကောက်ပွဲနဲ့ ပါတ်သက်ပြီး ပညာပေးရာမှာလည်း ကော်မရှင်ရဲ့ အင်အားတစ်ခုတည်းနဲ့ မလုံလောက်နိုင်ပါ။ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ ရွေးကောက်ပွဲလုပ်ငန်းစဉ်များ အမှားအယွင်းနည်းနည်းနဲ့ အောင်မြင်ပြီးမြောက်နိုင်ပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေရဲ့ စစ်ဆေးစောင့်ကြည့်မှုကို ခွင့်ပြုတယ်ဆိုတာကိုက ကော်မရှင်ကို ဂုဏ်သိက္ခာတက်စေပါတယ်။ ဒါကြောင့် ကော်မရှင်က ပြည်တွင်းပြည်ပစောင့်ကြည့်ရေးအဖွဲ့များကို မဟာမိတ်များအဖြစ် အသိအမှတ်ပြုပြီး အဆင့်ဆင့်သော ကော်မရှင်ခွဲများ၊ မဲရုံကြီးကြပ်သူများ၊ တာဝန်ရှိသူများကိုလည်း ရွေးကောက်ပွဲစောင့်ကြည့်သူများကို လေးလေးစားစားဆက်ဆံဖို့၊ ပူးပေါင်းဆောင်ရွက်ဖို့ ညွှန်ကြားသင့်ပါတယ်။ 

အပြန်အလှန်အားဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များကလည်း ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ၊ ကင်းရှင်းဖို့ လိုအပ်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဟာ ကော်မရှင်ကို အပြစ်ရှာဖို့၊ ဝေဘန်ဖို့မဟုတ်၊ အမှားနည်းအောင် ကူညီဖို့ဖြစ်တယ်ဆိုတဲ့ မူဝါဒနဲ့ ရပ်တည်ကြရမှာပါ။ ကော်မရှင်နဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများကြား ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ရင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ ပိုပြီးချောမွေ့အောင်မြင်မှာပါ။

(၅) မဲရုံစောင့်ကြည့်သူများ စုဆောင်းခြင်း (Recruit)

အလားတူအရေးကြီးတာက နိုင်ငံတဝှမ်းက မဲရုံများမှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လေ့လာမည့် မဲရုံစောင့်ကြည့်သူ (Election Monitors/ Poll Watchers) လုပ်အားပေးများကို စုဆောင်းခြင်းဖြစ်ပါတယ်။ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်းတစ်ခုအတွက် မဲရုံပေါင်း ၄,၀၀၀ လောက်ကို စောင့်ကြည့်လေ့လာမယ်ဆိုရင် အဆိုပါမဲရုံတိုင်းမှာ ရွေးကောက်ပွဲကျင်းပတဲ့ တစ်နေ့လုံး စောင့်ကြည့်လေ့လာမည့် လုပ်အားပေး ၄,၀၀၀ လောက်၊ မဲရုံစောင့်ကြည့်သူများကို ဒေသအလိုက် အုပ်စုဖွဲ့ပြီး ကြီးကြပ်ဖို့နဲ့ မဲရုံစောင့်ကြည့်သူများရဲ့ သတင်းပေးပို့ချက်တွေကို လက်ခံစုဆောင်းမှတ်တမ်းတင်မည့် လုပ်အားပေး ၄၀၀ လောက်၊ တိုင်းဒေသကြီးများနဲ့ ပြည်နယ်အလိုက် ဗဟိုဋ္ဌာနခွဲများမှာ ဒေသအလိုက်ပေးပို့လာတဲ့ သတင်းပေးပို့ချက်များကို စုပေါင်းမှတ်တမ်းတင်ပြီး ဗဟိုဋ္ဌာနချုပ်ကို ဆက်လက်ပေးပို့မည့် လုပ်အားပေး ၂၀၀ လောက်၊ ဗဟိုဋ္ဌာနချုပ်မှာ တစ်နိုင်ငံလုံးက သတင်းပေးပို့ချက်များကို စုပေါင်းမှတ်တမ်းတင်မည့် လုပ်အားပေး ၁၀၀ လောက်၊ စုစုပေါင်း လုပ်အားပေး ၅,၀၀၀ လောက် အနည်းဆုံးလိုအပ်မှာ ဖြစ်ပါတယ်။

ဒီလောက်များတဲ့ လုပ်အားပေးတွေကို တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ စုစည်းနိုင်ဖို့ဆိုတာ မလွယ်ကူလှပါ။ အထူးသဖြင့် မြန်မာနိုင်ငံလို စစ်အာဏာရှင်စနစ်လက်အောက်ကနေ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ကို အသွင်ကူးပြောင်းစနိုင်ငံမှာ လုပ်အားပေးချင်ပေမည့် အာဏာပိုင်များရဲ့ ငြိုငြင်မှု၊ သံသယဖြစ်မှုတွေကို စိုးရိမ်ထိတ်လန့်ကြမည့် ပြည်သူတွေ အများကြီး ရှိနိုင်ပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်တိုင်က  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးဟာ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးကို အထောက်အကူပြုတဲ့ လိုအပ်တဲ့ တရားဝင်လုပ်ငန်းတစ်ခုဖြစ်တယ်။ အဲဒီလုပ်ငန်းစဉ်မှာ ပါဝင်ခြင်းဟာ ရွေးကောက်ပွဲအောင်မြင်အောင် ကူညီခြင်းဖြစ်လို့ နိုင်ငံသားတိုင်း တရားဝင်ပါဝင်ခွင့်ရှိတယ်လို့  ဥပဒေပြဋ္ဌာန်းပြီးအာမခံမှသာ လိုအပ်တဲ့ လုပ်အားပေးအရေအတွက်ကို စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။

(၆) လေ့ကျင့်သင်ကြားခြင်း (Training)

ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာမည့် အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များ မဖြစ်မနေလိုက်နာရမည့် ကျင့်ဝတ်ကတော့ ဘက်မလိုက်မှု (Non-partisan) (သို့မဟုတ်) အတိအကျကြားနေမှု (Neutrality) ဖြစ်ပါတယ်။ အစိုးရဘက်ကိုဖြစ်စေ၊ နိုင်ငံရေးပါတီတစ်ခုခုကိုဖြစ်စေ အားပေးထောက်ခံသူတွေရဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုဟာ ဘက်လိုက်မှုရှိနိုင်ပါတယ်။ ကြားနေမှု၊ သမာသမတ်ကျမှု မရှိနိုင်ပါ။ ဒါကြောင့်မို့ ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်မည့် အဖွဲ့အစည်းများအနေနဲ့ ၎င်းတို့အဖွဲ့အစည်းရဲ့ တာဝန်ရှိပုဂ္ဂိုလ်များ၊ လုပ်အားပေးများအားလုံးဟာ ဘယ်ဘက်ကိုမှ မလိုက်ပဲ၊ ဘယ်သူ့ကိုမှ မျက်နှာသာမပေးပဲ သတ်မှတ်ထားတဲ့ ကျင့်ဝတ်စည်းကမ်းများနဲ့အညီ မှန်မှန်ကန်ကန် ဖြောင့်ဖြောင့်မတ်မတ်ဆောင်ရွက်ကြဖို့ လေ့ကျင့်သင်ကြားပေးရမှာပါ။

မဲဆွယ်စည်းရုံးခွင့်မတိုင်မီကာလ၊ မဲဆွယ်စည်းရုံးရေးကာလ၊ ရွေးကောက်ပွဲနေ့နဲ့ ရွေးကောက်ပွဲပြီး နောက်ပိုင်းကာလတွေမှာ ဘယ်အကြောင်းအရာတွေကို၊ ဘယ်အချက်အလက်တွေကို ဘယ်လိုစံနှုံးများနဲ့ စောင့်ကြည့်လေ့လာရမလဲဆိုတာကိုလည်း ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်မှုတွေ၊ လေ့ကျင့်သင်ကြားမှုတွေ ပြုလုပ်ပေးရမှာပါ။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများက သမာသမတ်ကျပြီး ရှင်းလင်းပြတ်သားတဲ့ စံနှုံးများနဲ့ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာပြီး အဖွဲ့အစည်းဗဟိုဋ္ဌာနချုပ်ကို မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန်တင်ပြနိုင်မှ အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲသုံးသပ်ချက်အစီရင်ခံစာတွေကို အဆင့်အတန်းရှိရှိ၊ မှန်ကန်တိကျစွာနဲ့ အချိန်မီ ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။

0 comments: