BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, April 11, 2015

Burma's Parliament Watch Part (89)



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၂၊ ဧပြီလ ၂ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၉)ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (က)

သမ္မတဦးသိန်းစိန်က ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှာ ထုတ်ပြန်တဲ့ အမိန့်အမှတ် (၇၃/၂၀၁၃) အရ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" ဟာ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်ကစလို့ အာဏာတည်ပါတယ်။ ဒီဆောင်းပါးကို ဖော်ပြတဲ့အချိန်မှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ရဲ့ သက်တမ်းဟာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ အဲဒီကော်မရှင်ဟာ ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌာန်းထားတဲ့ ဥပဒေကို တိတိကျကျအကောင်အထည်ဖော်နိုင်တာ မတွေ့ရသေးပါ။ နိုင်ငံတဝှမ်းက၊ အထူးသဖြင့် အစိုးရယန္တရားကြီးထဲက အဂတိလိုက်စားမှုတွေကို ထိထိရောက်ရောက်တိုက်ဖျက်နိုင်တာ မတွေ့ရသေးပါ။

Transparency International (TI) အဖွဲ့ကြီးက နှစ်စဉ်ထုတ်ပြန်တဲ့ အဂတိလိုက်စားမှုအညွှန်းကိန်း (Corruption Perception Index/ CPI) တိုင်းတာချက်မှာ ၂၀၁၄ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အမှတ် (၁၀၀) ပေးတဲ့အထဲက (၂၁) မှတ်သာရပြီး ကမ္ဘာ့နိုင်ငံပေါင်း (၁၇၅) နိုင်ငံမှာ အဆင့် (၁၅၆) ချိတ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာပဲ ကုလသမဂ္ဂ စီးပွါးရေးနှင့် လူမှုရေးကောင်စီ (အာရှနှင့် ပစိဖိတ်ဒေသ) (UNESCAP) ၊ စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဖွဲ့ (OECD) နဲ့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (UMFCCI) တို့ ပူးတွဲပြုစုတဲ့ "မြန်မာ့စီးပွါးရေးစစ်တမ်း ၂၀၁၄" (Myanmar Business Survey 2014) မှာလည်း အဂတိလိုက်စားမှုဟာ စီးပွါးရေးလုပ်ငန်းရှင်များအားလုံးရဲ့ အဓိကစိတ်ပူပန်မှုဖြစ်တယ်လို့ တွေ့ရှိပါတယ်။ စစ်တမ်းကောက်ယူရာမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ စီးပွါးရေးလုပ်ငန်းပေါင်း (၃,၀၀၀) ကျော်အနက်က ၂၀ ရာခိုင်နှုံးခန့်က အဂတိလိုက်စားမှုတွေဟာ စီးပွါးရေးလုပ်ငန်းများလုပ်ကိုင်ရာမှာ အလွန်ဆိုးဝါးတဲ့ အနှောက်အယှက်အတားအဆီးတွေ ဖြစ်တယ်လို့ ပြောကြပါတယ်။ မေးမြန်းခဲ့တဲ့ စီးပွါးရေးလုပ်ငန်းရှင်ပေါင်း (၃,၀၀၀) ကျော်အနက်က ၆၀ ရာခိုင်နှုံးလောက်က သူတို့ရဲ့ လုပ်ငန်းများကို ဆောင်ရွက်နိုင်ဖို့ မှတ်ပုံတင်ရာမှာ၊ ခွင့်ပြုချက်လိုင်စင်တွေ တောင်းခံရာမှာ လာဘ်ငွေပေးခဲ့ရတယ်လို့ ဆိုပါတယ်။ လုပ်ငန်းရှင် ၅၀ ရာခိုင်နှုံးလောက်က အနည်းဆုံးလာဘ်ငွေ ကျပ် ၅ သိန်းလောက်ပေးရတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလမှာ ကမ္ဘာ့ဘဏ် (The World Bank) က ထုတ်ပြန်တဲ့ ကမ္ဘာ့နိုင်ငံများရဲ့ စီးပွါးရေးပါတ်ဝန်းကျင်ကို နှိုင်းယှဉ်လေ့လာတဲ့အစီရင်ခံစာ (Annual Report on Business Environment) မှာလည်း မြန်မာနိုင်ငံက နိုင်ငံပေါင်း (၁၈၉) နိုင်ငံမှာ အဆင့် (၁၈၂) ချိတ်ပြီး အဲဒီလို အနိမ့်ဆုံးဖြစ်ရခြင်း၊ စီးပွါးရေးဆောင်ရွက်ရန် မကောင်းဆုံးသော ပါတ်ဝန်းကျင်ဖြစ်ရခြင်းရဲ့ အဓိကအကြောင်းရင်းဟာ အဂတိလိုက်စားမှုများဖြစ်တယ်လို့ ဝေဘန်ထောက်ပြထားပါတယ်။ 

ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းတဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရဲ့ ဘဏ္ဍာရေးနှစ်အလိုက် နိုင်ငံတော်၏ အရ၊အသုံးငွေစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာတွေမှာလည်း ပြည်ထောင်စုအစိုးရအပါအဝင် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများရဲ့ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် မညီညွတ်သော ဆောင်ရွက်မှုများ၊ နိုင်ငံပိုင် ငွေကြေးအလွဲသုံးစားလုပ်မှုများ၊ ဆောက်လုပ်ရေးလုပ်ငန်းများကို စီးပွါးရေးလုပ်ငန်းရှင်အများ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ရန် အိပ်ဖွင့်တင်ဒါမခေါ်ပဲ ရင်းနှီးရာလုပ်ငန်းရှင်များကိုသာ ဆောင်ရွက်ခွင့်ပြုခြင်းများ၊ ပစ္စည်းဝယ်ယူရာတွင်လည်း ရင်းနှီးရာလုပ်ငန်းရှင်များထံမှသာ လက်သိပ်ထိုးဝယ်ယူခြင်းများ၊ နိုင်ငံတော်ပိုင်ငွေများအား လက်ဝယ်ကိုင်ဆောင်ထားခြင်းများ၊ နိုင်ငံတော်ပိုင်လုပ်ငန်းများတွင် စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းနှင့် အဂတိလိုက်စားခြင်းများကြောင့် အရှုံးပေါ်ခြင်းများ၊ ပုဂ္ဂလိကကုမ္ပဏီများကို အထူးအခွင့်အရေးပေးခြင်းကြောင့် နိုင်ငံတော်ဘဏ္ဍာနစ်နာဆုံးရှုံးရမှုများ စသည့် အဂတိလိုက်စားမှုနှင့် ဆက်နွယ်သည့် (သို့မဟုတ်) အဂတိလိုက်စားသည့် ဖြစ်ရပ်များကို နှစ်စဉ်တွေ့ရှိနေရပါတယ်။ ပြည်သူ့လွှတ်တော်၊ ပြည်သူ့ငွေစာရင်းကော်မတီဝင် ဒေါ်တင်နွယ်ဦးက "၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် နိုင်ငံတော်၏ အရအသုံးစာရင်းများအပေါ် စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာ" နဲ့ပါတ်သက်ပြီး ဆွေးနွေးရာမှာ "ဝန်ကြီးဋ္ဌာနပေါင်းစုံရဲ့ အလွဲသုံးစားလုပ်မှုတွေမှာ အောက်ခြေဝန်ထမ်းက ကျူးလွန်တာနည်းပြီး အဆင့်မြင့်အရာထမ်းတွေက ကျူးလွန်တာများကြောင်း၊ ကျူးလွန်ကြတဲ့အထဲမှာ ညွှန်ကြားရေးမှူးအဆင့်၊ ကျောင်းအုပ်ကြီးအဆင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူးအဆင့်၊ သံအမတ်ကြီးအဆင့်၊ ညွှန်ကြားရေးမှူးချုပ်အဆင့်များ ပါဝင်ကြောင်း" ဆွေးနွေးခဲ့တယ်လို့ Eleven Media ရဲ့ သတင်းပေးပို့ချက်အရ သိရပါတယ်။

အံ့ဩစရာကောင်းတာက နိုင်ငံတော်ဘဏ္ဍာငွေကို အကြီးအကျယ်ဆုံးရှုံးနစ်နာစေတဲ့ နိုင်ငံတော်အဆင့်အဂတိလိုက်စားမှုတွေမှာ နိုင်ငံတော်အစိုးရရဲ့ အရေးယူဆောင်ရွက်မှုက အားနည်းလွန်းလှပြီး "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ရဲ့ အခန်းကဏ္ဍက လုံးဝမရှိတာပါ။ ဒါဆိုရင် "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" က ဘာတွေကို အရေးယူဆောင်ရွက်နေပါသလဲ။ မေးခွန်းထုတ်စရာ ရှိလာပါတယ်။

0 comments: