BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, April 11, 2015

Burma's Parliament Watch Part (88)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၁၁၊ မတ်လ ၂၆ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၈၈)ပြည်ထောင်စုလွှတ်တော်နှင့် ဥပဒေအရဖွဲ့စည်းသော ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ (က)

#ဥပဒေများ၊ အဖွဲ့အစည်းများ၊ မေးခွန်းများ

ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံမှာ ၂၀၁၁ ခုနှစ်က စတင်ခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းအတွင်း တိုင်းပြည်အတွက်အင်မတန်အရေးကြီးတဲ့ ဥပဒေ (၄) ခုကို ပြဋ္ဌာန်းအတည်ပြုခဲ့ပြီး ၎င်းဥပဒေများအရ အင်မတန်အရေးကြီးတဲ့ ဗဟိုအဖွဲ့အစည်း (၄) ခု ဖွဲ့စည်းပေါ်ပေါက်ခဲ့ပါတယ်။ ၎င်းဥပဒေများနဲ့ ဥပဒေအရ ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်းများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ လူ့အဖွဲ့အစည်းအတွင်းမှာ နှစ်ပေါင်းများစွာ အမြစ်တွယ်ပြီး အစိုးရအဆက်ဆက်ရဲ့ ရိုးဖြောင့်မှု၊ အရည်အချင်းနဲ့ အုပ်ချုပ်ရေးအာဏာအပေါ် ပြည်သူလူထုက အယုံအကြည်ကင်းမဲ့စေတဲ့ အဂတိလိုက်စားမှုများကို တိုက်ဖျက်ဖို့ရည်ရွယ်ချက်နဲ့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှာ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" ကို ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ မူလပြဋ္ဌာန်းစဉ်က "လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေးဥပဒေ" ဖြစ်ပေမည့် သမ္မတရဲ့ မှတ်ချက်အရ နောက်ပိုင်းမှာ ပြည်ထောင်စုလွှတ်တော်က "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" လို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီဥပဒေအရ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ဆိုတာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတစ်ခုအဖြစ် ၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ စတင် ပေါ်ပေါက်လာပါတယ်။ 

မြန်မာနိုင်ငံတဝှမ်းမှာ အကြမ်းဖက်တိုက်ခိုက်မှုများကို တားဆီးနိုင်ရေးနဲ့ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်သူများ၊ ထောက်ပံ့အားပေးသူများကို အရေးယူနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့မှာ "အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ" ကို ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ အဆိုပါဥပဒေအရ ပြည်ထဲရေးဝန်ကြီး ဥက္ကဋ္ဌအဖြစ် ခေါင်းဆောင်တဲ့ "အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့" ဆိုတာ ပေါ်ပေါက်လာပါတယ်။

တိုင်းပြည်ရဲ့ လူ့အခွင့်အရေးအခြေအနေ တိုးတက်မြင့်မားဖို့နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဟန့်တားကာကွယ်ဖို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ မတ်လ (၂၈) ရက်နေ့မှာ "မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေ" ကို  ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ အဆိုပါဥပဒေအရ ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့မှာ နိုင်ငံတော်သမ္မတက "မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်" ကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ငွေဖောင်းပွမှုများကြီးမားအောင်၊ အိမ်၊ ခြံ၊ မြေဈေးနှုံးများ အဆမတန်မြင့်မားအောင်၊ ပြည်ပရင်းနှီးမြှုတ်နှံမှုများကို အဟန့်အတားဖြစ်အောင်၊ အခွန်ငွေကောက်ခံရရှိမှုနည်းပါးအောင် အဓိကဖန်တီးပေးနေတဲ့ ငွေကြေးခဝါချမှုများကို တားမြစ်ပိတ်ပင်နိုင်ဖို့ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့မှာ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေ" ကို  ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ အဆိုပါဥပဒေအရ "ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဗဟိုအဖွဲ့" ဆိုတာ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့မှာ ပေါ်ပေါက်လာပါတယ်။

စစ်အာဏာရှင်စနစ်ကို ချန်ထားရစ်ခဲ့ပြီး ဒီမိုကရေစီနိုင်ငံတစ်ခုတည်ဆောက်ရေးအတွက် ဦးတည်ချီတက်ကြရာမှာ မရှိမဖြစ်လိုအပ်တဲ့ လူ့အခွင့်အရေးအခြေအနေ တိုးမြှင့်ဖို့အတွက်၊ အကြမ်းဖက်မှုတွေကို ဟန့်တားဖို့အတွက်၊ ငွေကြေးခဝါချမှုနဲ့ အဂတိလိုက်စားမှုတွေကို တိုက်ဖျက်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်က လိုအပ်တဲ့ဥပဒေတွေ ပြဋ္ဌာန်းအတည်ပြုတာကို ထောက်ခံကြိုဆိုပါတယ်။ ဒါပေမည့် အဲဒီဥပဒေတွေဟာ ပြည်ထောင်စုလွှတ်တော်က ရည်ရွယ်မျှော်လင့်သလို့ နိုင်ငံတဝှမ်း တပြေးညီ ဩဇာသက်ရောက်ပါရဲ့လား?။ နိုင်ငံတကာစံနှုံးများနဲ့ ကိုက်ညီပါရဲ့လား?။ အဆိုပါဥပဒေများကို တာဝန်ခံအကောင်အထည်ဖော်ရမည့် ဗဟိုအဖွဲ့အစည်းများရဲ့ ဆောင်ရွက်ချက်တွေဟာ အောင်မြင်မှု၊ ထိရောက်မှုရှိပါရဲ့လား?။ ဗဟိုအဖွဲအစည်းဝင်များဟာ အရည်အချင်းပြည့်မီပါရဲ့လား?။ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးကာကွယ်မြှင့်တင်ရေး၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အခြေအနေတွေ တိုးတက်မှုရှိလာပြီလား?။ 

အဲဒီမေးခွန်းတွေကို ပြည်ထောင်စုလွှတ်တော်က ဆက်လက်စုံစမ်းမေးမြန်းဖို့ လိုအပ်ပါတယ်။ လက်ရှိ ပြည်ထောင်စုလွှတ်တော်ရဲ့ ပထမအကြိမ်သက်တမ်း မကုန်ဆုံးခင်မှာ အဆိုပါဥပဒေများရဲ့ အာဏာသက်ရောက်မှု၊ သက်ဆိုင်ရာဗဟိုအဖွဲ့အစည်းများရဲ့ လုပ်ငန်းဆောင်ရွက်မှုနဲ့ တိုင်းပြည်ရဲ့ လက်တွေ့အခြေအနေတွေကို ပြည်ထောင်စုလွှတ်တော်က သေသေချာချာစစ်ဆေးလေ့လာပြီး ဥပဒေပိုင်းဆိုင်ရာ၊ အဖွဲ့အစည်းဆိုင်ရာ ချို့ယွင်းချက်များကို ပြင်ဆင်ပေးနိုင်ဖို့ အထူးလိုအပ်လှပါတယ်။ 

၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်

ပြည်ထောင်စုလွှတ်တော်က "အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ" ကို ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ (၇) ရက်နေ့မှာ ပြဋ္ဌာန်းအတည်ပြုခဲ့ပါတယ်။ ဒီဥပဒေအရ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌတို့က အဆိုပြုတဲ့ ပုဂ္ဂိုလ် (၅) ဦးစီ၊ စုစုပေါင်း ပုဂ္ဂိုလ် (၁၅) ဦးနဲ့ ဖွဲ့စည်းပါတယ်။ အဲဒီ (၁၅) ဦးထဲက နိုင်ငံတော်သမ္မတက ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးများကို ရွေးချယ်ပြီး ပြည်ထောင်စုလွှတ်တော်ရဲ့ အတည်ပြုချက်ရယူရပါတယ်။ ကော်မရှင်က သမ္မတကို တာဝန်ခံရပြီး ကော်မရှင်ရဲ့ သက်တမ်းဟာလည်း သမ္မတရဲ့ သက်တမ်းအတိုင်းဖြစ်ပါတယ်။ ကော်မရှင်ဥက္ကဋ္ဌဟာ ပြည်ထောင်စုဝန်ကြီးနဲ့ အဆင့်တူပြီး အတွင်းရေးမှူးနဲ့ အဖွဲ့ဝင်များဟာ ပြည်ထောင်စု ဒုဝန်ကြီးများနဲ့ အဆင့်တူပါတယ်။

၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ နိုင်ငံတော်သမ္မတဦးသိန်းစိန်က အမိန့်အမှတ် (၆/၂၀၁၄) နဲ့ "အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်" ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။ ကော်မရှင်မှာ ဥက္ကဋ္ဌ ဦးမြဝင်း (ဗိုလ်ချုပ်ဟောင်း)၊ အတွင်းရေးမှူး ဦးတင်ဦး (အငြိမ်းစားသံအမတ်ကြီး)၊ အဖွဲ့ဝင်များအဖြစ် ဦးကျော်ကျော် (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန)၊ ဦးစိုးတင့် (အငြိမ်းစားညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးသန်းအောင် (အငြိမ်းစားညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဦးမောင်ရှိန် (အငြိမ်းစားစစ်မှုထမ်း)၊ ဒေါက်တာတိုက်စံ (အငြိမ်းစားပါမောက္ခ၊ တပ်မတော်နည်းပညာတက္ကသိုလ်)၊ ဦးနေဝင်း (အငြိမ်းစားသံအမတ်ကြီး)၊ ဒေါ်မြတ်မြတ်စိုး (အငြိမ်းစားညွှန်ကြားရေးမှူးချုပ်၊ အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန)၊ ဦးသင်းမောင် (အငြိမ်းစားညွှန်ကြားရေးမှူး၊ အမျိုးသားစီမံကိန်းနှင့် စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဋ္ဌာန)၊ ဦးဆွန်ဒုတ်ကျင့် (အငြိမ်းစား ဒုညွှန်ကြားရေးမှူး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး)၊ ဒေါက်တာညီညီထွန်း (အငြိမ်းစားတိရစ္ဆာန်ဆေးကုဆရာဝန်၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဋ္ဌာန)၊ ဦးကျော်မြင့် (အငြိမ်းစားစစ်မှုထမ်း)၊ ဒေါ်သန်းသန်းရီ (အငြိမ်းစားညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး)၊ ဦးအောင်လှိုင်စိုး (အငြိမ်းစားညွှန်ကြားရေးမှူး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး) တို့ပါဝင်ကြပါတယ်။ ကော်မရှင်အဖွဲ့ဝင် (၁၅) ဦးမှာ အမျိုးသမီး (၂) ဦးသာ ပါဝင်ပြီး ကျန်သူများအားလုံးဟာ အမျိုးသားများဖြစ်ကြပါတယ်။ ပြီးတော့ ကော်မရှင်အဖွဲ့ဝင်အားလုံးဟာ အငြိမ်းစားအစိုးရအရာရှိကြီးများ ဖြစ်ကြပါတယ်။ 

0 comments: