ခေတ်ရနံ့မဂ္ဂဇင်း၊ ၂၀၁၅ ခုနှစ်၊
ဧပြီလထုတ်မှာပါတဲ့ အယ်ဒီတာအဖွဲ့မှ မေးမြန်းထားတဲ့ ဦးအောင်ဒင်ရဲ့အင်တာဗျူး၊ အပိုင်း
(၂)
၁၉၈၈ ကာလများက ဗကသ
ခေါင်းဆောင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သူ၊ နောက်ပိုင်းတွင်
နိုင်ငံခြားသို့ထွက်ခွာ သွားသော်လည်း
မြန်မာ့နိုင်ငံရေးကိုစဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာပြီး မြန်မာ့ဒီမိုကရေစီရေးအတွက်
တတ်စွမ်းသမျှဆောင်ရွက်ခဲ့သူ၊ လောလောဆယ်တွင်လည်း
မြန်မာနိုင်ငံ၏လွှတ်တော်များအကြောင်းကို ဝေဖန်ရေးသားလျက်ရှိ သူ ကိုအောင်ဒင်
မြန်မာနိုင်ငံသို့ ခေတ္တပြန်လည်ရောက်ရှိခိုက် ကျောင်းသားသပိတ်နှင့် ပညာရေး၊
လွှတ်တော်များအကြောင်းနှင့် မြန်မာ့နိုင်ငံရေးအကြောင်းတို့
မေးမြန်ဆွေးနွေးထားသည်များကို ခေတ်ရနံ့စာဖတ်သူများအတွက် ဖော်ပြလိုက်ပါသည်။
မေး ။ ။ ပညာရေးဥပဒေနဲ့
ပတ်သက်ပြီးတော့ ကျွန်တော် ဒီလောက်ပါပဲ။ နောက်တစ်ခု မေးချင်တာက ကိုအောင်ဒင်အနေနဲ့
လက်ရှိ လွှတ်တော်နဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စုလွှတ်တော် အနီးကြည့်၊
အဝေးကြည့်ဆိုပြီးတော့ စာအုပ်လည်း နှစ်အုပ် ထွက် သွားပြီပေါ့။ အမြဲတမ်း
စောင့်ကြည့်ပြီးတော့ ဝေဖန်ရေးသားနေ တယ်။ အခုလည်း နေပြည်တော်ကိုသွားပြီးတော့
ဒီတစ်ခေါက်မှာ လည်း လွှတ်တော်ကို လေ့လာဦးမယ်ဆိုတော့ လွှတ်တော်နဲ့ပတ် သက်ပြီးတော့
စာအုပ်တွေရေးတယ်၊ အနီးကပ်လေ့လာတဲ့အခါကျ တော့ ဒီဘက်ပိုင်းမှာ လွှတ်တော်ရဲ့
ဆောင်ရွက်ချက်တွေ၊ ထူးခြား ချက်တွေများ ဘာတွေများလည်း ဆက်ဆွေးနွေးပေးပါဦး။
အောင်ဒင်။ ။ ထူးခြားချက်ကတော့ အခုနောက်ဆုံးတွေ့တာကတော့
အမျိုးသားပညာရေးဥပဒေနဲ့ပတ်သက်ပြီးတော့ အမျိုးသားလွှတ် တော်က ကြားနာပွဲတွေ လုပ်တယ်။
ဒါဆို ထူးခြားချက်ပဲဗျ။ အရင်တုန်းကလည်း ရှိတယ်ပြောတယ်။ ဒါပေမဲ့ အများ ပြည်သူ
သိအောင် ထုတ်ပြန်ကြေညာတာ မရှိဘူး။ သက်ဆိုင်ရာ ကော်မတီ ကနေပြီးတော့ သက်ဆိုင်ရာဝန်ကြီးဌာနအရာရှိ
တွေကို ဖိတ်ပြီး တော့တံခါးပိတ်ဆွေးနွေးတာမျိုးပဲရှိခဲ့တာကိုး။ အခုကတော့ အများ
ပြည်သူသိအောင် ကြေညာတယ်၊ အများပြည်သူကို ပါဝင်ဆွေး နွေးဖို့ ဖိတ်တယ်။
အခြားတိုးတက်မှုတွေလည်း ရှိတာပေါ့ဗျာ။ အခုဆိုလို့ရှိရင် အစိုးရကနေပြီးတော့
အမျိုးသားစီမံကိန်းဥပဒေ ကြမ်းကိုတင်မယ်၊ နောက်တစ်ခါ တစ်နှစ်တာအတွက် ရသုံးမှန်းခြေ
ငွေစာရင်းကိုတင်မယ်။ အဲဒါကို လွှတ်တော်ကနေပြီးတော့ လွှတ်တော်ကိုယ်စားလှယ်တွေကို
ဝန်ကြီးဌာနအလိုက်ပေါ့နော်၊ အုပ်စုတွေခွဲ ခွဲပြီးတော့ စစ်တယ်။ အခုစစ်နေတယ်။
ဒါဆိုလည်း တိုးတက်မှုရှိတယ် ပြောလို့ရတယ်။ အရင်တုန်းကလိုမျိုး ဒီအစိုးရ
တင်တဲ့ဘတ်ဂျက်တွေအပေါ်မှာ လွှတ်တော်က အလွယ်တကူ ခွင့်ပြုလိုက်ရတာမျိုးမဟုတ်ဘဲ အစိုးရ
တင်တဲ့ ဘတ်ဂျက်၊ အစိုးရ တင်တဲ့ စီမံကိန်းကို လွှတ်တော် ကိုယ်စားလှယ်တွေက စနစ်တကျ
လေးလေးနက်နက် စစ်ဆေးတယ်ဆိုတာ တော်တော်ကောင်းတဲ့ တိုးတက်မှုတစ်ခုပါ။ ဒါလည်း ကျွန်တော်တိုးတက်တယ်လို့
မြင်တယ်။ နောက်တစ်ခုကတော့ ဒီလွှတ်တော်ထဲမှာ အထူးသဖြင့် အမျိုးသားလွှတ်တော်မှာပေါ့
ပြင်ပ ပညာရှင်တွေကိုခေါ်ပြီးတောီ့နဘအေန တွေ လုပ်တယ်။ ခေါင်းစဉ်တစ်ခုပေါ်မှာ
ဆွေးနွေးတယ်၊ ဟောပြောတယ်၊ ပို့ချတယ်။ အဲဒီလိုမျိုးလုပ်တာတွေလည်း တွေ့ရ တယ်။
ဒါတွေကတော့ ကျွန်တော်ထင်တယ် တိုးတက်တယ်လို့ပြော ရမှာပဲ။
မေး ။ ။ တစ်ခုပေါ့လေ
လွှတ်တော်ပိုင်းကတော့ တချို့အပိုင်းတွေမှာ တော်တော်လေးကိုအားကောင်းအောင်လုပ်ပြီး
သူတို့လုပ်သင့်တာကို တော်တော်လေး ကြိုးစားလုပ်နေတာတွေ့ရတယ်။ ဒါပေမဲ့ အစိုးရနဲ့
လွှတ်တော်ကြားမှာ ကွာဟနေတာတွေလည်း တွေ့ရတယ်။ ဥပမာ အားဖြင့်
မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ အစီရင်ခံစာဆို ဖတ်ကြည့်တဲ့အခါ တော်တော်လေး Fair
ဖြစ်တာကို တွေ့ရတယ်။ ဒါပေမဲ့ အဲဒါကိုအစိုးရက အကောင်အထည်ဖော်မှုပိုင်းမှာ အတော် လေး
အားနည်းနေတာကို တွေ့ရတယ်။ အဲဒီလို ပြဿနာမျိုးဆိုရင် ရော ဘယ်လိုရှင်းရင်
ပိုပြီးတော့ထိရောက်မယ်ထင်လဲ။
အောင်ဒင်။ ။ နိုင်ငံတကာ ထုံးစံပေါ့ဗျာ။ အထူးသဖြင့် အမေရိကန်နိုင်ငံ ပေါ့။
အမေရိကန်ပြည်ထောင်စုမှာကျတော့လည်း ကွန်ဂရက် လွှတ်တော်က အစိုးရရဲ့ဘတ်ဂျက်ကို
ချပေးရတယ်။တစ်ချိန်တည်း မှာ အစိုးရက ဒီဘတ်ဂျက်အတိုင်းလုပ်ငန်းတွေကို အကောင်အ ထည်
ဖော်၊ မဖော် စစ်ဆေးရတယ်။ တကယ်လို့ အစိုးရရဲ့ လုပ်ငန်း
အကောင်အထည်ဖော်မှုကနှောင့်နှေးတယ်၊ ကြန့်ကြာတယ်၊ သို့မဟုတ်
ရည်ရွယ်ချက်အတိုင်းမလုပ်နိုင်ဘူးဆိုရင် လွှတ်တော်က သူ့နည်းသူ့ဟန်နဲ့အဓိကတော့
ငွေပေါ့။ အစိုးရဌာနအတွက် ခွဲတမ်း ချပေးတဲ့ ငွေကိုထိန်းချုပ်ခြင်းနည်းနဲ့
တုန့်ပြန်တယ်။သူတို့အခေါ် ကတော့ဗျာ Power of Purse ပေါ့။ ပိုက်ဆံအိတ်ကြီး ကိုင်ထား
တယ်ပေါ့။ အခုချိန်ထိကကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကအစိုးရအပေါ်
မှာဘတ်ဂျက်နဲ့ပတ်သက်ပြီး သိပ်ထိန်းချုပ် နိုင်တာ မတွေ့ရသေးဘူး။ အမှန်ကတော့
အဲ့လိုဘတ်ဂျက်နဲ့ ထိန်းချုပ်နိုင်တဲ့ ပါဝါရှိ မယ်ဆိုလို့ရှိရင် အစိုးရအဖွဲ့အစည်းများက
သက်ဆိုင်ရာတာဝန်တွေကို ကျေကျေပွန် ပွန်မထမ်းဆောင်နိုင်တဲ့အခါမှာ လွှတ် တော်က
ချမှတ်ပေးတဲ့ဘတ်ဂျက်ကို ထိန်း ချုပ်ခြင်းနည်းနဲ့တုံ့ပြန်လို့ရတယ်။ အဲဒါမျိုး တွေ
ရှေ့တော့ ဖြစ်လာလိမ့်မယ်ထင်တာ ပေါ့နော်။ အခုထိကဗျာအစိုးရရော လွှတ်
တော်မှာအများစုပါတီကပါတီတစ်ခုတည်း ဖြစ်နေတာပေါ့။ ပါတီတစ်ခုတည်းဖြစ် နေတဲ့အခါကျတော့
အဲ့မှာနည်းနည်း ပြဿနာရှိတယ်။ အတိုက်အခံက ကျွန် တော်တို့ဆီမှာ အင်အား
သိပ်မရှိဘူးလေ။ တစ်ချိန်ချိန်မှာအတိုက်အခံအင်အား ကောင်းလာပြီဆိုရင်တော့ အစိုးရအပေါ်
မှာလွှတ်တော်ကပိုပြီးတော့ ထိန်းချုပ်နိုင် လိမ့်မယ်လို့ မျှော်လင့်ရတာပဲ။
မေး ။ ။ ဟုတ်ကဲ့။
ကိုအောင်ဒင်ပြောသွားတဲ့အထဲမှာ လောလော ဆယ်တော့ အတိုက်အခံအင်အား သိပ်မကောင်းသေး
ဘူးဆိုတာ လေးကြားလိုက်ရပါတယ်။ အဲဒီအခါကျတော့ လောလော ဆယ်ပေါ့ လေ အခုလေးနှစ်သက်တမ်း
အထူးသဖြင့် ၂ဝ၁၂ နောက်ပိုင်းမှာ NLD လည်း ပါလာတယ်။ ပါလာတယ်ဆိုတဲ့ အခါကျတော့လက်ရှိ
လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေကို လေ့လာကြည့်တဲ့အခါကျတော့ အတိုက်အခံပဲပြောပြော
ဒါမှမဟုတ် ဒီမိုကရက်တစ် အင်အားစု တွေရဲ့၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့
ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်ပြီးတော့သူတို့လုပ်ဆောင်ချက်တွေအပေါ်အမြင်လေးလည်း
သုံးသပ်ပေးပါဦး။
အောင်ဒင်။ ။ သုံးသပ်မယ်ဆိုရင်တော့ဗျာ အားရစရာမရှိပါဘူး။ အားရ စရာမရှိဘူးဆိုတာ
အခုချိန်အထိ ဒီအတိုက်အခံလွှတ်တော် ကိုယ်စားလှယ်များကနေပြီးတော့
တင်သွင်းတဲ့ဥပဒေကြမ်းဆိုတာ တစ်ခု မှ ကျွန်တော်မတွေ့သေးဘူး။ အဲလိုပဲ
အရေးကြီးအဆိုတွေပေါ့ဗျာ တင်တာ ကျွန်တော်မတွေ့ရသေးဘူး။ ဥပမာ အခုဒီ အမျိုးသား
ပညာရေးဥပဒေနဲ့ပတ်သက်ပြီး အခုလိုမျိုး ကျောင်းသား ထုဆန္ဒပြ တယ်။ဆန္ဒပြမှုကို
အကြမ်းဖက်ဖြိုခွဲတယ်။ နောက်တစ်ခါ ဆူးလေ ဘုရားပတ်ဝန်း ကျင်မှာဆန္ဒပြတဲ့ပြည်သူတွေကို
အရပ်သားလူမိုက် တွေကိုသုံးပြီးတော့ အကြမ်းဖက်ဖြိုခွဲတယ်။ အဲလိုကိစ္စမျိုးနဲ့
ပတ်သက်ပြီးတော့ ကျွန်တော်တို့အတိုက် အခံအမတ်တွေကလွှတ် တော်ထဲမှာအရေး
ကြီးအဆိုတင်တာတို့ ပြောဆိုကန့်ကွက် တာတို့ ကျွန်တော်မကြားရဘူး။ ဒါဆို တော်
တော်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စ။ အလားတူပဲ ဒီလိုဖြစ်ရပ်မျိုးတွေနဲ့
ပတ်သက်ပြီးတော့အနည်းဆုံး စုံစမ်းစစ် ဆေးဖော်ထုတ်ဖို့ လွှတ်တော်ကိုယ်တိုင် က
တောင်းဆို သင့်တယ်။ အခုတော့ဗျာ ၈၈ တို့ဘာတို့က တောင်းဆိုတဲ့အခါကျ တော့
ရန်ကုန်တိုင်းမှာ ဖြစ်တဲ့ပြဿနာနဲ့ ပတ်သက်ပြီး အခုသမ္မတကနေ ပြည်ထဲ ရေးဒုဝန်ကြီးကို
ဦးဆောင်ပြီးတော့ ကော် မရှင်ဖွဲ့ပြီး စုံစမ်းစစ်ဆေးတာ တွေ့တယ်။
အလားတူပဲလက်ပံတန်းမှာဖြစ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း နိုင်ငံတော်
အဆင့်စုံစမ်းရေးကော်မ ရှင်တွေဖွဲ့ပြီးေ တာ့ စစ်ဆေးသင့်တာပေါ့။ တကယ်ကိုပဲ ပြည်သူ့ရဲ
တပ်ဖွဲ့ကအလွန်အကျွံအား သုံးသလား ဘာညာစသဖြင့်ပေါ့လေ။ အဲဒါမျိုး
တွေစုံစမ်းစစ်ဆေးမှုတွေ လုပ် သင့်တာပေါ့။ အဲဒီလိုပဲ စုံစမ်းစစ်ဆေး
မှုအတွက်ကိုပဲကျွန်တော်တို့ရဲ့လွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်ထဲမှာ
ဝေဖန်ဆွေးနွေးထောက်ပြသင့်တာပေါ့။ အဲဒါတွေ လည်းကျွန်တော်တို့ အခုထိမတွေ့ရဘူး။
မေး ။ ။ နောက်တစ်ခု ကျွန်တော်တို့ အခုဥပဒေကြမ်းကော်မတီတွေ ရှိပါတယ်။
ကျွန်တော်သိသလောက်တော့ ကျွန်တော်တို့ ဆီမှာက လွှတ်တော်ကိုယ်စားလှယ်တွေ
ကိုယ်တိုင်ကဥပဒေကြမ်းကို ဦးဆောင် ရေးဆွဲဖို့ဆိုတာလောလောဆယ်တော့လုပ်ဖို့
အခက်အခဲရှိသေး တယ်။ လုပ်နိုင်သေးတဲ့အနေအထား မရှိသေးဘူးထင်ပါတယ်။ အဲတော့ Law Making
Process ခေါ်မလား။ ဒီ Bill တစ်ခု ဖြစ်လာဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်တဲ့နေရာ
မှာရောကျွန်တော် တို့ဆီမှာလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆောင်ရွက်ချက်တွေပါဝင်
ခွင့်တွေကကျွန်တော်တို့အားရလောက်တဲ့အနေအထားရှိနေပါပြီလား။
အောင်ဒင်။ ။ ခုန ချို့ယွင်းချက်ကတော့မှန်တယ်။ ကျွန်တော်တို့လွှတ်
တော်ကိုယ်စားလှယ်တွေမှာကရုံးခန်းတောင်မရှိဘူး။ လက် ထောက် အရာရှိတွေမရှိဘူး။
အကြံပေးတွေမရှိဘူး။ တစ်ကိုယ်တည်းရုန်းကန် နေရတာကိုး။
ဒါယေဘုယျကြည့်မယ်ဆိုရုံနဲ့လွှတ် တော်ကိုယ်စား လှယ်တွေမှာ အားနည်းချက်ရှိတယ်။
ဒါပေမယ့် လွှတ်တော် ကိုယ်စားလှယ်တိုင်းက တစ်သီးပုဂ္ဂလမဟုတ်ကြပါဘူး။အဖွဲ့အစည်း နဲ့ပါ။
ပါတီကိုကိုယ်စားပြုတဲ့လွှတ်တော်ကိုယ်စားလှယ်တွေ ဆိုတော့ သူ့သက်
ဆိုင်ရာပါတီအစုအဖွဲ့အလိုက်၊ သက်ဆိုင်ရာပါတီ တွေက သူတို့ရဲ့လွှတ်တော်ကိုယ်စားလှယ်ကို
အထောက်အကူပြု ထားတဲ့ အင်အားစုတွေ ရှိပါလိမ့်မယ်။ ပြောချင်တာက သူတို့သည် သူတို့မှာ
ရုံးအဖွဲ့တွေ မရှိသော်ငြားလည်း သူတို့ရဲ့သက်ဆိုင်ရာ ပါတီများက သူတို့ရဲ့
ဥပဒေပြုလုပ်ငန်းများကို ဝိုင်းပြီးအထောက်အကူပေး နေလိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။
ဒါကြောင့်မို့ ဥပဒေပြု မှုနဲ့ပတ်သက်ပြီးတော့မလုပ်နိုင်တာကို နားလည်လက်ခံလို့ တော့မရ
ဘူး။ ဥပမာ ဦးသိန်းညွန့်(သင်္ဃန်းကျွန်း မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)
ကိုကြည့်ပါ။ ဦးသိန်းညွန့် လွှတ်တော် Section တိုင်းမှာဥပဒေကြမ်းတွေ တင်နေတာပဲလေ။ ဦးသိန်းညွန့်တောင်
လုပ်နိုင်တယ်ဆိုလို့ရှိရင် အခြားသူက မလုပ်နိုင်စရာ မရှိပါဘူးဗျာ။
တကယ်ကျတော့လုပ်နိုင်ရမှာပါ။ တစ်ခုပဲ ရှိတယ်။ လွှတ်တော်ရဲ့
ဖွဲ့စည်းပုံအရဥပဒေကြမ်းတင်တဲ့ကိစ္စအားလုံးကို ဥပဒေကြမ်း ကော်မတီကို
တာဝန်ပေးထားပြီးတော့ အဲ့ဒီကနေပြီးတော့ ဒီ ဥပဒေကြမ်းကော်မတီကို ပထမဆုံး ဆွေးနွေး၊
ဆွေးနွေးပြီးတော့ ဥပဒေကြမ်းကော်မတီကနေပြီးတော့မှဥပဒေကြမ်းတစ်ခုရေးဆွဲပြုစု
ဖို့လိုအပ်တယ်လို့ သုံးသပ်ဆုံးဖြတ်ပြီးတော့မှ ရေးဆွဲတင်သွင်းတာ
မျိုးလည်းရှိတာကိုး။ ဆိုတော့ တစ်ယောက်ချင်းရဲ့ ဦးဆောင်မှုတော့ မတွေ့ရဘူး။
ဒါပေမဲ့ကော်မတီရဲ့ဦးဆောင်မှုနဲ့ ဥပဒေကြမ်းတင် တာတော့ရှိပါတယ်။
ဒါပေမဲ့ဦးသိန်းညွန့်လိုမျိုး တစ်ယောက်တည်းနဲ့ ဥပဒေကြမ်းရေးဆွဲပြီး
တင်သွင်းနိုင်တယ်ဆိုလို့ရှိရင် တခြားလွှတ် တော်ကိုယ်စား
လှယ်များမှာလည်းအဲလိုအရည်အချင်းရှိဖို့ လို အပ်ပါတယ်။
မေး ။ ။ ကျွန်တော်ဆက်ပြီးတော့ မေးချင်တာက ကျွန်တော်တို့ ၂ဝ၁၅
မှာလည်းရွေးကောက်ပွဲရှိတယ်လေ။ ပုံမှန်အတိုင်း၊
ကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းသာ ဒီနှစ်နှောင်းပိုင်းမှာ ရွေး ကောက်ပွဲက
ဖြစ်ခဲ့မယ်ဆိုလို့ရှိရင် ၂ဝ၁၅ ရွေးကောက်ပွဲ အလွန်မှာ
ဖြစ်ပေါ်လာနိုင်မယ့်လွှတ်တော်ကရော လက်ရှိအခင်း အကျင်းအတိုင်း ပဲသွားနိုင်မလား၊ ဒါမှမဟုတ်
ဘယ်လိုအခြေအနေမျိုးတွေပြောင်းလဲ သွားနိုင်မလဲ။ ကျွန်တော်တို့
ဘာတွေမျှော်လင့်နိုင်မလဲ။ အဲဒီဟာလေး ကိုလည်းသုံးသပ်ပေးပါဦး။
အောင်ဒင်။ ။ ၂ဝ၁၅ ရွေးကောက်ပွဲ နောက်ပိုင်းပေါ်လာမယ့် လွှတ်တော် ဟာ လူထုကိုယ်စားလှယ်
စစ် စစ်မှန်မှန်တွေ ပိုပြီးတော့ များလာပါ လိမ့်မယ်။ ရွေးကောက်ပွဲက
ကျွန်တော်ထင်တယ်၊ အတိုင်းအတာ တစ်ခုအထိ သန့်ရှင်းမျှတပါ လိမ့်မယ်။ အခုလက်ရှိ
ရွေးကောက်ပွဲ ကော်မရှင်နဲ့ပတ်သက်ပြီးတော့ လူတွေ ဝေဖန်နေတာရှိတယ်။
ကျွန်တော်ကိုယ်တိုင်လည်း ဝေဖန်ပါတယ်။ တစ်ဖက်မှာကျတော့ ကော်မရှင်အနေနဲ့ နိုင်ငံတကာ
ရွေးကောက်ပွဲလေ့လာစောင့်ကြည့် ရေးအဖွဲ့တွေကို တရားဝင်ဖိတ်ကြားထားတာတွေ့တယ်။ နောက်တစ်ခါ ပြည်တွင်းကအဖွဲ့အစည်းတွေကိုလည်း ရွေးကောက်ပွဲ စောင့်ကြည့်ရမယ့်တာဝန်တွေကို
ခွင့်ပြုတာလည်းရှိတယ်။ အဲဒါ တွေက ကောင်း မွန်တဲ့လုပ်ရပ် တွေလို့ ဆိုနိုင်ပါတယ်။
တကယ်သာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပြည်တွင်းအဖွဲ့အစည်းများက ရွေး
ကောက်ပွဲများကိုစနစ်တကျ လေ့လာစောင့်ကြည့်ခွင့်ရှိပြီဆိုလို့ရှိရင်
ရွေးကောက်ပွဲဟာအရင်ထက်ဆိုလို့ရှိရင်အများကြီးပိုပြီးသန့်ရှင်း မျှတနိုင်မယ်။
နောက်တစ်ခုက
ဒီလူထုရဲ့အခန်းကဏ္ဍလည်း ပါတာပေါ့လေ။ လူထုကိုယ် ၌ကလည်း မိမိရဲ့တာဝန်နဲ့ မိမိရဲ့အခွင့်
အရေးကို သေချာသိဖို့ လိုတာပေါ့။ လူထုကိုယ်၌က မိမိကိုယ်တိုင်က
မဲပေးပိုင်ခွင့်ရှိတယ်။ အဲဒါ ကြောင့် သူသည် မဲစာရင်းမှာ ပါရမယ်။ သူ့ကိုမဲစာရင်းမှာ
မထည့်ထားဘူးဆိုလို့ရှိရင် အချိန်မီ သက်ဆိုင်ရာကို အကြောင်းကြားပြီးတော့
သူ့နာမည်ကို မဲစာရင်းမှာ ပါဝင်ဖို့ တောင်းဆိုရမယ်။ အလားတူပဲသေဆုံးပြီးသားလူတွေ၊
တိုင်းပြည် အတွင်းမှာမရှိတော့ တဲ့လူတွေ မဲစာရင်းမှာ ပါနေတယ် ဆိုလို့ရှိရင်
အဲဒီမဲတွေကို ဖျက်ပေးဖို့ တောင်းဆိုရမယ်စသဖြင့် လူထုကိုယ်၌က ရွေးကောက်ပွဲမတိုင်ခင်
မဲစာရင်းတင်ပြတဲ့ကာလကစလို့ ဆောင် ရွက်ရမယ့်ကိစ္စတွေရှိတယ်။ ရွေးကောက်ပွဲကာလ မှာလည်း
မဲပေးတဲ့စနစ်ကိုနားလည်ဖို့လိုပါတယ်။ လူတစ်ယောက်ရဲ့မဲက အလွယ်တကူ ပယ်မဲဖြစ်သွားတယ်။
ဘယ်လို မဲပေးရမယ်ဆိုတာ သေချာနားမလည်ဘူးဆိုရင်အဲဒီမဲတစ်ခုကပယ်မဲဖြစ်သွား နိုင်တယ်။
ဒီလိုဆိုရင် လူထုက သူတို့တကယ်ယုံကြည်တဲ့ ကိုယ်စားလှယ် လောင်းကို
ရွေးကောက်ပွဲတစ်ဆင့် တင်မြှောက်ဖို့ဆိုတာ အတော် ခက်ခဲသွားနိုင်တယ်။ ဒါကြောင့်
လူထုကိုယ်၌ကလည်း ရွေးကောက် ပွဲဆိုင်ရာ အတွေ့အကြုံတွေ နားလည်ဖို့ လိုအပ်ပါတယ်။
အဲလိုနဲ့ အဲဒီကိစ္စကိုလည်း၊ ကျွန်တော်ထင်ပါတယ်။ အချိန်ကစပြီးတော့ သတင်းမီဒီယာတွေ
ရွေးကောက်ပွဲကော်မရှင်ကိုယ်၌ကလည်း လူထုကိုရွေးကောက်ပွဲဆိုင်ရာ ပညာပေးခြင်းတွေလုပ်မယ်၊
နောက် နိုင်ငံတကာအဖွဲ့အစည်းတွေက လူထုကိုကူညီကြမယ်ဆိုရင်
လူထုမှာရွေးကောက်ပွဲမတိုင်ခင် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့
နားလည်သိမြင်မှုတွေရှိလာပါလိမ့်မယ်။ ဒါကြောင့်မို့လို့ ရွေး
ကောက်ပွဲအတိုင်းအတာတစ်ခုအထိသန့်ရှင်း မျှတမယ်လို့ ကျွန်တော်မျှော် လင့်တယ်။
ရွေးကောက်ပွဲကနေပြီး လွှတ်တော်ထဲမှာ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ် တွေ
ပိုပြီးတော့ များများစားစား နေရာရ လာပါလိမ့်မယ်။ အဲ ဒါကိုက ကောင်းတဲ့
တိုးတက်မှုတစ်ခုပါ။ ပြီးခဲ့တဲ့ ၂ဝ၁ဝ ရွေး ကောက်ပွဲမှာကျတော့ ကျွန်တော်တို့ လွှတ်တော်
ကိုယ်စားလှယ်တွေကရာနှုန်း ပြည့် ပြည်သူရွေးချယ်တင်မြှောက်တယ်
ပြောလို့မရပါဘူး။ဒါပေမဲ့ ၂ဝ၁၅မှာတော့ လူထုကိုယ်စားလှယ်ကပိုပြီးနေရာရလာပါ လိမ့်မယ်။
အများကြီးပြောင်း လဲသွားနိုင် ပါတယ်။အရင်ကလို ကြံ့ခိုင်ရေးပါတီကပဲ
လွှတ်တော်နေရာအများစုကို လွှမ်းခြုံ ထားနိုင်တဲ့အနေအထားမရှိတော့ပဲနဲ့
အင်အားကြီးပါတီတွေက လွှတ်တော်ထဲ မှာတော်တော်လုံလောက်တဲ့အရေးကြီးတဲ့ အရေအတွက်ရှိတဲ့
လွှတ်တော်ကိုယ်စား လှယ်နေရာတွေကို ထိန်းချုပ်ထားနိုင်မယ် လို့ထင်ပါတယ်။ ဆိုလိုတာက
ကြံ့ခိုင်ရေး ပါတီကလည်း အင်အားတစ်စုံတစ်ရာ ရှိမယ်၊ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကလည်း အင်အားတစ်စုံ တစ်ရာရှိမယ်၊ တိုင်းရင်းသားပါတီဝင်တွေ
ပေါင်းပြီးတော့လည်း အင်အား တစ်စုံတစ်ရာရှိပါလိမ့်မယ်။ အဲဒီလိုအင်အားတွေက တစ်
ဖက်နှင့်တစ်ဖက် အလွန်အကျွံမသာဘဲနဲ့ လွှတ်တော်ကိုမျှတအောင် ထိန်းသွားနိုင်မယ်လို့
ကျွန်တော်ယုံကြည်တယ်။ အဲဒီကာလမှပဲ ကျွန်တော်တို့က ဘာကိုပိုပြီးတွေ့ရမလဲဆိုတော့
စစ်ဘက်၊ အရပ် ဘက်ဆံဆက်ရေးကို၊ လွှတ်တော်ထဲမှာ ရောက်နေတဲ့စစ်တပ်ကိုယ် စားလှယ်များနဲ့
လွှတ်တော်ထဲကိုရောက်လာတဲ့ ကျွန်တော်တို့ လူထု ကိုယ်စားလှယ်များရဲ့ကြားမှာ
ပူးပေါင်းဆောင်ရွက်မှု၊ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးတစ်ခု၊ အဲဒီတော့မှစပြီး
တည်ဆောက်နိုင် မယ်လို့ ကျွန်တော် မျှော်လင့်တယ်။
မေး ။ ။ ဟုတ်ကဲ့။ ဒါကတော့
လွှတ်တော်နဲ့ပတ်သက်လို့လေ။ အဲတော့ နောက်တစ်ခု ကျွန်တော်တို့ ဒီ ၂ဝ၁၅ ပေါ့
အရေးကြီးတဲ့နှစ်လို့ ပြောနေကြပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ
ကိုယ်တိုင်က ၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးအတွက် Bench-mark
လို့ပြောထားတာလည်း ရှိပါတယ်။ ၂ဝ၁၅ နှစ်ဆန်း ကတည်းက ကျွန်တော်တို့ဆီမှာ
ပြောရလို့ရှိရင်နိုင်ငံရေးပြဿနာတွေ ပေါ်လာတာတွေ့ရတယ်။ အခုဆိုလို့ရှိရင်
အလုပ်သမားသပိတ်တွေရှိ တယ်၊ ကျောင်းသား သပိတ်တွေရှိတယ်၊ ငြိမ်းချမ်းရေးပြဿနာ
ကလည်းမဖြေရှင်းနိုင်သေးဘူး။ ဒီကြားထဲ မှာ အခုဖေဖော်ဝါရီမှာ လောက်ကိုင်ကိစ္စ ကပြဿနာတက်လာတယ်။
အဲတော့ ဒီ ၂ဝ၁၅မှာပဲ ပြဿနာတွေက ပိုပြီးတော့ကြီး ထွားတဲ့သဘောရှိတော့ ၂ဝ၁၅ ကျွန်တော်
တို့ နိုင်ငံရဲ့လက်ရှိအနေအထားပေါ်သုံးသပ် ပြီးတော့ ဘာတွေဖြစ်ပေါ်လာနိုင်မလဲ၊ အ
ကောင်းဘက်ကို ရွေ့မလား၊ ဒါမှမဟုတ် ရင် ဒီရွေးကောက်ပွဲကို ရွှေ့ဆိုင်းတာမျိုး တွေ
ဖြစ်လာနိုင်မလား။ ကိုအောင်ဒင်ရဲ့ အမြင်သဘောထားကိုလည်း ပြောပေးပါ ဦး။
အောင်ဒင်။ ။ ကျွန်တော့်အမြင်ဆိုရင် ကျွန်တော် ဒီကိုမလာခင်တုန်းက အမေရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ် ယောက်နဲ့ တွေ့ခဲ့တယ်။ တွေ့တော့ သူ
ပြောတဲ့စကားလေးက စိတ်ဝင်စားဖို့ ကောင်းတယ်။ ငါတို့က မြန်မာနိုင်ငံကို အခုချိန်မှာ
Normal Country လို့ သတ် မှတ်ထားတယ်တဲ့။ Normal Country ဆိုတာပုံမှန်ပေါ့ဗျာ။
အများနည်းတူ ပုံမှန် နိုင်ငံ၊ ပုံမှန်ရပ်တည် လှုပ်ရှားနေတဲ့ နိုင်ငံ တစ်ခုပေါ့။
အစိုးရရှိမယ်၊ အတိုက်အခိုက်ရှိမယ်၊ ဆန္ဒပြတာရှိမယ်၊ ဖြိုခွဲတာရှိမယ်၊
ညီညွတ်တာရှိမယ်၊ ပြိုကွဲတာရှိ မယ်၊ ဖိနှိပ်တာ ရှိမယ်၊ တုံ့ပြန်တာရှိမယ်ဆိုတော့
နိုင်ငံတစ်ခုမှာသမားရိုးကျဖြစ်ပျက် နေတဲ့ အဖြစ်အပျက်တွေ အားလုံး
ဒီနိုင်ငံမှာရှိတယ်။ ဆင်းရဲနွမ်းပါး မှုရှိတယ်၊ ချမ်းသာတဲ့သူ ရှိတယ်။ ဘာပြောပြော
ဟိုတုန်းကလိုမျိုး အဖိအနှိပ်ခံ ပြည်သူများကတစ်ဖက်၊ ဖိနှိပ်ချုပ်ချယ်သူ အာဏာရှင်
ကတစ်ဖက်၊ ဘက်နှစ်ဖက်ကြားမှာ အကြီးအကျယ် ထိပ်တိုက် ရင်ဆိုင်နေတဲ့ပဋိပက္ခ
ဖြစ်နေတဲ့နိုင်ငံမျိုးလို့ မသတ်မှတ်တော့ဘူး။ ပုံမှန်နိုင်ငံတစ်ခု။ ဆိုတော့
ခင်ဗျားပြောတဲ့ ဖြစ်စဉ်တွေအားလုံးက တကယ်ကျတော့ ကမ္ဘာ့နိုင်ငံတိုင်းမှာဖြစ်နေတဲ့
သမားရိုးကျ ဖြစ်စဉ် တွေပါပဲ။ အဲ ကျွန်တော်တို့နိုင်ငံမှာ ထူးခြားချက်ကဘာလဲ၊ စစ်ဘက်
က အခုချိန်ထိ နိုင်ငံတော်အာဏာကို နောက်ကွယ်ကနေ ကြိုးကိုင် ထားတာဖြစ်တယ်။
ဒုတိယအချက် ၂ဝ၁၅ မှာ ရွေးကောက်ပွဲ ရှိတယ်။ နိုင်ငံလုံးဆိုင်ရာ ရွေးကောက်ပွဲရှိတယ်။
ဒီနှစ်ချက်က ဒီမှာ လာပြီးတော့ထူးခြားတာပေါ့။ ကျန်တဲ့ဆန္ဒပြမှုတွေ၊ အတိုက်အခံ တွေ၊
မညီညွတ်မှုတွေ၊ ဖြိုခွဲမှုတွေအားလုံးက ကမ္ဘာ့တစ်ဝန်းမှာ နိုင်ငံတိုင်းလိုမှာနိစ္စဓူဝ
ဖြစ်နေတဲ့ကိစ္စလေးတွေ၊ ဒါကတစ်ချက်
အဲဒီမှာအခုနက
ကျွန်တော်ထင်မြင်ချက်က ဘာဖြစ်ချင်လဲဆိုတော့ ဒီ ၂ဝ၁၁ ကနေ ၂ဝ၁၅ အထိကို ကျွန်တော်က
Decentralization Phase 1 လို့သတ်မှတ်ထားတယ်။ Phase 1 ဆိုတာ ထိန်းချုပ်မှုကနေ
ဖြေလျှော့ပေးတဲ့အခါ အဲဒါ ပထမ ၅နှစ်က အပိုင်းတစ်ပေါ့။ ဒါ ဒီမိုကရေစီ မရသေးဘူး။ ၂ဝ၁၆
ကနေ ၂ဝ၂ဝ Phase 2 ဗျာ။ Phase 2 ဆိုတာ ဖိနှိပ်ချုပ်ကိုင်မှုတွေ လျော့ပေးတဲ့အပိုင်း ၂
ပေါ့။ ပြီးတော့ရှိရင် ၂ဝ၂၁ ကနေ ၂ဝ၂၅ ထိ နောက် Phase 3 အပိုင်း ၃ ဖြစ်သွားပြီ။
ဆိုတော့ ဒီအပိုင်း ၁ ကနေ အပိုင်း ၂ ကို ကူးပြောင်း တဲ့ကာလ တော်တော်အရေးကြီးတယ်။
အရေးကြီးခြင်း ဟာ ရွေး ကောက်ပွဲပဲ။
ကျွန်တော်က ရွေးကောက်ပွဲကို အစိုးရကအကြောင်း
ပြချက် တစ်စုံတစ်ရာနဲ့ ရွှေ့ဆိုင်းလိမ့်မယ်မထင်ဘူး။ နောက်ပြီး တော့ ရွေးကောက်ပွဲရွှေ့ဆိုင်းရလောက်တဲ့
အကြောင်းအရာလည်း မရှိပါဘူး။ မရှိတဲ့အတွက်ကြောင့် ရွေးကောက်ပွဲက ဖြစ်သွားလိမ့် မယ်။
အဲဒီရွေးကောက်ပွဲကို ဖြတ်သန်းတဲ့အခါမှာ ခုနကပြောတဲ့
လူထုကိုယ်၌တက်ကြွစွာပါဝင်ဖို့လိုတယ်။ ရွေးကောက်ပွဲကလည်း
သန့်သန့်ရှင်းရှင်းနဲ့မျှတရမယ်၊ နိုင်ငံတကာလေ့လာသူတွေ စောင့်
ကြည့်ပြီးတော့အကဲခတ်ဝေဖန်တာကိုဆောင်ရွက်လက်ခံနိုင်ရမယ်။
လူထုဟာလည်းရွေးကောက်ပွဲဆိုင်ရာ အတွေ့အကြုံတွေ ရှိမယ်။ ရွေးကောက်ပွဲမှာ
ကိုယ်စားလှယ် လောင်းတွေကလည်း တကယ်ကိုပဲ ရိုးရိုးသားသား မျှမျှတတနဲ့ပြိုင်ကြ
ရမယ်ဆိုလို့ရှိရင် ဒီရွေးကောက်ပွဲက နေကျွန်တော်တို့ ကောင်းမွန်တဲ့၊ သန့်
ရှင်းစင်ကြယ်တဲ့ လူထုကိုယ်စားလှယ် တွေကိုအများကြီးရပြီး အဲ့ဒီပုဂ္ဂိုလ်
တွေကိုလွှတ်တော်ထဲပို့ဆောင်ပေးနိုင် မှာပါ။ လွှတ်တော်ဆိုတာ ပြည် ထောင်စုလွှတ်တော်တင်
မကပါဘူး။ ပြည်နယ်၊ တိုင်းဒေသကြီးလွှတ်တော် တွေကိုပါ ကျွန်တော်တို့ပို့ဆောင်ပေး
နိုင်လိမ့်မယ်။ အဲလိုမျိုး ပို့ဆောင်ပေး နိုင်မယ်ဆိုလို့ရှိရင် အဲဒီ ကဖြစ်လာမယ့်
ဒုတိယ Phase 2 ကာလသည် အင်မတန်မှမျှော်လင့် ချက်ရှိပါလိမ့် မယ်။ အဲလို မဟုတ်ဘဲနဲ့
ကျွန်တော် တို့ဘက်က အားနည်းချက်တစ်စုံတစ်ရာကြောင့် ရွေးကောက်ပွဲက နေပြီးတော့
လူထုကရွေးကောက်ပွဲဆိုင်ရာအတွေ့အကြုံ မပြည့်ဝ လို့ဘဲဖြစ်စေ၊
မတော်မတရားမှုတွေရှိလို့ပဲဖြစ်စေ၊ လူကောင်း သူကောင်းတွေကို ကျွန်တော်တို့
မှန်မှန်ကန်ကန် မရွေးချယ်ပေး နိုင်ဘူးဆိုလို့ရှိရင် Phase 2 သည် ကျွန်တော်တို့
လက်ရှိ Phase 1 နဲ့ထူးမခြားနားဘဲဖြစ်နေလိမ့်မယ်။ သိပ်ထူးခြားတဲ့ပြောင်းလဲမှုတွေကို
တွေ့ရမှာမဟုတ်ဘူး။ အဲဒီလိုဆိုရင် နောက်လာမယ့် Phase 3 မှာလည်း အတူတူပဲ။
တိုးတက်မှုရှိမှာ မဟုတ်တော့ဘူး။ အဲတော့ နောက်ပိုင်း ကာလတွေမှာ ဆက်ပြီး
တိုးတက်မှုရှိချင်တယ်ဆိုလိုရင် အခုလက်ရှိ ၂ဝ၁၅ ရွေးကောက်ပွဲကို ဖြတ်သန်းလာမယ့်
Phase 2 ကို ကျွန်တော်တို့က အရမ်းကို မျှော်လင့်ချက်ထားရမယ်။ အဲဒီ Phase 2 မှာ
အရမ်းကို အလုပ်လုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ ဒီ ၂ဝ၁၅ရွေး ကောက်ပွဲကို
ရှိသမျှအားတွေဝိုင်းပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ အဲဒါ ကျွန်တော် မြင်တဲ့အမြင်ပါ။
Monday, April 13, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment