BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Monday, December 11, 2000

Unsound Excuses

မခိုင်လုံသော အကြောင်းပြချက်များ

အောင်ဒင်
၁၁၊ ဒီဇင်ဘာ၊ ၂ဝဝဝ ချင်းမိုင်

သီချင်းဆိုသံတွေက
လေ
ညင်းနဲ့အတူ ဖြတ်သန်းလာကြတယ် …

ညတည
အနက်ထည်ကောင်းကင်အောက်က ည
အစိမ်းရောင်ပန်းတွေကြားက ည
မွှေးရနံ့တွေလွှမ်းခြုံထားတဲ့ ည
တဘဝစာ လှပနေလေရဲ့
…

ဟိုမှာ
သူငယ်ချင်းက
မြိုသိပ်ထားသမျှကို အန်ချ
ဘဝအစရဲ့ ဒဏ်ရာဒဏ်ချက်များ
ဘဝခါးခါး အလွမ်းခါးခါး
နှင်းများ နားလည်နိုင်ပါ့မလား
…

အေးလိုက်တာ
ရာသီအေးစက် ညဥ့်နက်နက်မှာ
ဆောင်းသက်သက်ကိုသာလွမ်း
တမ်းမက်ကြေကွဲ ရင်နင့်ဆဲ
မပြန်ရဲတော့တဲ့ အမေ့အိမ်
…

ခွင့်လွှတ်ကြပါ
ညပေါင်းများစွာကို ဆောက်တည်ရာမဲ့ ဖြတ်သန်း
တောင်တန်းကြီးတွေ
မိုးကုပ်စက်ဝိုင်းတွေ
လွင့်မျောအိပ်မက်ရှည်တွေ
နေရောင်နဲ့အတူ လွင့်ပျောက်သွားလိုက်
အမှောင်ထုနဲ့အတူ ပြန်လည်ရောက်ရှိလာလိုက်
ဒီလူကို တိုးတိတ်တိုက်ခိုက်နေကြ
အလိုမတူပဲ လက်ခံခဲ့ရပြန်ပါပြီ
… ။

(ရွှေဒေါင်းတောင်၊ ၂ဝဝဝ၊ ဒီဇင်ဘာ)

Sunday, November 26, 2000

To....Comrade Tu Naing


သို့ … ရဲဘော်တူးနိုင်

အောင်ဒင်/ဒတ္ထ
၂၆ နိုဝင်ဘာ ၂ဝဝဝ၊ ၅း၃ဝနာရီ (ညနေ)၊ မဲဆောက်
(
မိုးကြိုး၊ ၂ဝဝ၁ ဇန်နဝါရီ၊ အမှတ် ၁၇)

မီးခိုးတွေတလူလူလိပ်တက်
မင်းကတော့ ထွက်ခွာသွားခဲ့ပြီ
နှုတ်မဆက်လက်မပြ
ဒါပေမဲ့
… ထာဝရ။

မမျှော်လင့်ခဲ့ကြပါဘူး
အခူးဆွတ်ခံပန်းတပွင့်လို
ပြိုကွဲကြေမွ
သူစိမ်းတွေ
ရဲ့ မြေမှာ ပြာကျရလိမ့်မယ်လို့ …

ရဲဘော်ရေ
သွားနှင့်ပေဦးတော့
အမှန်တရားဟာ အမြဲတမ်းနောက်ကျတတ်တယ်တဲ့
တို့ကတော့စောင့်တုန်း
အိပ်မက်
ရဲ့နှင်းဆီတောင်ကုန်းကြီးမှာ
မိုးစုန်းစုန်းချုပ်တဲ့အထိ
….

ဟိုး … အဝေး ဒေါနတောင်တန်းကြီးတွေက
မင်းကို သတိရနေကြမယ်
တော်လှန်ရေးရဲ့မပြီးဆုံးတဲ့သီချင်းတွေကို
မင်း
ရဲ့နောက်ဆုံးအသက် ရှူသံနဲ့ ဖွဲ့စပ်လို့
ရပ်တန့်နားနေခြင်းမရှိတဲ့ သောင်းရင်းမြစ်လို
တို့ ဆက်လက်စီးဆင်းကြမယ်
….

ဒါပေမဲ့လည်း
နှစ်သစ်ကူးပွဲတော်ညတွေဟာ
ဘယ်တော့မှ ပြည်စုံလှပမှာ မဟုတ်တော့
…. ။

(၂၃ နိုဝင်ဘာ ၂ဝဝဝ နေ့က ကျဆုံးသွား၍ မဲဆောက်သုဿန်တွင် မီးသင်္ဂြီုဟ်ခဲ့ရသော ရဲဘော်တူးနိုင်သို့ အမှတ်တရ။)

Saturday, November 25, 2000

Touch

ထိတွေ့မှု

အောင်ဒင်/ဒတ္ထ

နိုဝင်ဘာ ၂၅၊ ၂ဝဝဝ

ကျနော် လွတ်မြောက်ခဲ့ရင်လေ
တယောက်ယောက်ကို ပြောလိုက်ချင်ရဲ့
ကျနော့်ကို ထိတွေ့ပါ
ကျေးဇူးပြုပြီး နူးနူးညံ့ညံ့ ငြင်ငြင်သာသာ
လူတယောက်က လူတယောက်ကို ထိတွေ့သလို
ကျနော့်ကို ထိတွေ့ပါ
ပြန်ပြီးသင်ကြားပါရစေ
ဘဝရဲ့ခံစားမှုများ
….

နှစ်ပေါင်း ခုနှစ်နှစ်ကြာ
ဘဝကို မထိမတွေ့ခဲ့ရ
ဘဝရဲ့အထိအတွေ့ကို မခံစားခဲ့ရ
မလွတ်လပ်ခြင်းနဲ့ မေ့လျှော့ခံရခြင်းရဲ့အဓိပ္ပါယ်သာ
သင်ကြားနားလည်ခဲ့ရတယ်
…

လုံးဝ
အထိအတွေ့ ကင်းမဲ့ခဲ့သလားဆိုတော့
မဟုတ်သေးဘူး
သတိမရချင်ပဲ
ခုထိ သတိရနေသေးတဲ့
ထိတွေ့
ခံရမှုတစ်ချို့တော့ရှိရဲ့

ပထမဆုံး သတိရမိတာက
လက်သီးဆုပ်ကြီးတွေ
ကြောက်မက်ဖွယ်
ရူးသွပ်တဲ့လက်သီးဆုပ်တွေ
ထိုးနှက်
ထိုးနှက် (ထိုးနှက်)
ရက်စက်စွာ ကြမ်းကြုတ်စွာ

“
မလုပ်ကြပါနဲ့
ကျေးဇူးပြုပြီး မလုပ်ကြပါနဲ့
” … လို့
အလန့်တကြား အော်ဟစ်ဖို့ သတိရမိတဲ့တိုင်အောင်
…

အဲဒီနောက်
ညစ်ညစ်ပတ်ပတ်လက်ကြမ်းကြီးများ
နေ့စဉ်ရက်စက်

“
လက်ကိုမြှောက် ဖိနပ်ချွတ်
ခြေခွဲ ဒူးကွေး ခါးကုန်း”
အသုံးမကျတဲ့ လက်ကြမ်းကြီးများ
ရဲ့ ရှာဖွေရေး
အဝေးကို လွှင့်ပစ်ခံလိုက်ရတဲ့
ဂုဏ်သိက္ခာ မာနနဲ့ အရှက်တရား
…

အဲ့ဒီလက်သီးတွေ မလိုချင်ဘူး
အဲ့ဒီလက်ကြမ်းကြီးတွေ မလိုချင်ဘူး
အဲ့ဒီလက်သီးဆုပ်တွေနဲ့ လက်ကြမ်းကြီးတွေ အထိအတွေ့
မလိုချင်ဘူး

ဘဝရဲ့ ယုယမှုကို ခံယူပါရစေ
ဘဝကို ထိတွေ့ပါရစေ
ရှင်သန်မှုကို အသက်ရှင်လျက် ခံစားပါဒစေ
ကျနော် လွတ်မြောက်ခဲ့ရင်လေ
ပြောလိုက်ချင်ရဲ့
ဒီ
.. ဒီမှာ … ဗျာ
ကျေးဇူးပြုပြီး ကျနော့်ကို ထိတွေ့
ကြပါ … လို့

(
ဘာသာပြန်ကဗျာ, Touch)