BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Khit Yanant. Show all posts
Showing posts with label Khit Yanant. Show all posts

Friday, July 4, 2014

What's Gone Wrong with Democracy, Part (5)

(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၃၊ ဇူလိုင်လ၊ ၂၀၁၄)




ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!
The Economist (March 1, 2014)
 
(ဘာသာပြန်သူ၊ အောင်ဒင်)

အပိုင်း (၅) ဘာသာပြန်သူ၏ မှတ်ချက်

၁၊ ဒီစာတမ်းရဲ့ အစပိုင်းမှာ "စည်းမျဉ်းတွေကို အခြေပြုတဲ့ ဒီမိုကရေစီ" (A Rules-Based Democracy) လို့ ရေးသားထားပါတယ်၊ အဲဒါ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် (Independent Judiciary) နဲ့ မျှတသောဥပဒေများရဲ့ အုပ်ချုပ်မှု (Rule of Law) ကို အခြေခံတဲ့ ဒီမိုကရေစီစနစ်ကို ဆိုလိုတာပါ၊ ဒီကနေ့ မြန်မာနိုင်ငံမှာ နအဖစစ်အစိုးရရဲ့ အမွေအနှစ်အဖြစ် ကျန်ရစ်ခဲ့တဲ့ "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" (Discipline Flourishing Democracy) ကို ရည်ညွှန်းတာမဟုတ်ပါ၊

၂၊ စာတမ်းရဲ့ ခေါင်းစဉ်က "ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ" ဆိုလို့ ဒီမိုကရေစီစနစ်ကို ဝေဘန်ပြစ်တင်တဲ့ စာတမ်းလို့ မထင်စေချင်ပါ၊ ဒီမိုကရေစီစနစ် ရှင်သန်အောင်မြင်ရေးအတွက် လက်တွေ့ပြဿနာတွေကို ဝေဘန်သုံးသပ်ပြီး အကြံပြုတဲ့ စာတမ်းဖြစ်ပါတယ်၊

#လူထုလှုပ်ရှားမှုများ၏ အကျိုးဆက်

၃၊ ဒီစာတမ်းမှာ အာရပ်နွေဦးနိုင်ငံများနဲ့ ယူကရိန်းနိုင်ငံ ၊ ရုရှားနိုင်ငံတွေက အဖြစ်အပျက်တွေကို လေ့လာသုံးသပ်ပြီး လူထုလှုပ်ရှားမှုများနဲ့ပါတ်သက်တဲ့ သတိပြုရန်အချက်များကို ဖော်ပြထားပါတယ်၊

၎၊ အဖြစ်အပျက်တွေအားလုံးက ဆင်တူရိုးမှားဖြစ်ပါတယ်၊ လက်ရှိအစိုးရကို မကျေနပ်သူတွေက စုဝေးပြီး အစိုးရကို ဆန္ဒပြမှု စတင်တယ်၊ နာကျည်းနေတဲ့ ပြည်သူတွေ လက်တွဲပါဝင်လာကြတယ်၊ မြို့လယ်ခေါင်က အစိုးရဗဟိုအချက်အချာနေရာတွေကို ချီတက်ဆန္ဒပြကြတယ်၊ မြို့တော်အလယ်က ရင်ပြင်ကြီးတစ်ခုကို သိမ်းပိုက်ပြီး သပိတ်စခန်းဖွင့်တယ်၊ အစိုးရဆန့်ကျင်ရေး တရားတွေဟောကြတယ်၊ လူတွေလာရောက်နားထောင်ရင်း သပိတ်တပ်သားတွေ ဖြစ်လာကြတယ်၊ အစိုးရက သူ့ရဲ့ လုံခြုံရေးတပ်ဖွဲ့တွေ စေလွှတ်ပြီး ဆန္ဒပြပွဲတွေကို နှိမ်နင်းတယ်၊ ဖြိုခွဲတယ်၊ ပြည်သူတွေ သေဆုံးကြတယ်၊ သွေးချောင်းစီးတယ်၊ ဒီအကြမ်းဘက်မှုတွေကို သတင်းဋ္ဌာနများက တဆင့် နိုင်ငံတကာက စောင့်ကြည့်လေ့လာပြီး အာဏာရှင်အစိုးရကို ပြစ်တင်ရှုံ့ချတယ်၊ ဆန္ဒပြသူတွေကို အားပေးတယ်၊ ဒီလိုနဲ့ နောက်ဆုံးတော့ အာဏာရှင်အစိုးရပြိုလဲပြီး အာဏာရှင်တွေ အဖမ်းခံကြရ၊ နိုင်ငံက ထွက်ပြေးကြရတယ်၊ ပြည်သူလူထုက ရွေးကောက်တင်မြှောက်တဲ့ ဒီမိုကရေစီအစိုးရ အာဏာရတယ်၊ ဒီမိုကရေစီနိုင်ငံသစ်ကို ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ထောက်ပံ့ကြတယ်၊ ပြည်သူတွေ အောင်ပွဲရတယ်၊

၅၊ အဖြစ်အပျက်တွေက ပြည်သူတွေ အောင်ပွဲရတာနဲ့ ကောင်းကောင်းမွန်မွန်အဆုံးသပ်ခဲ့ရင် ကောင်းမှာပါ၊ ဒါပေမည့် မျှော်လင့်သလို တကယ့်ဇာတ်သိမ်းက မကောင်းလှပါ၊ ပြည်သူတွေရွေးကောက်တင်မြှောက်လိုက်သူ ခေါင်းဆောင်အသစ်တွေ အာဏာရလာပေမည့် လူထုဆန္ဒပြပွဲများက မွေးထုတ်ပေးလိုက်တဲ့ လူထုခေါင်းဆောင်တွေဟာ အာဏာရလာတဲ့အခါမှာ အရင်ကလူလိုပဲ အာဏာရှင်တွေ ဖြစ်နေပြန်တာ၊ ဒါမှမဟုတ် တိုင်းပြည်အုပ်ချုပ်ဖို့ လုံလောက်တဲ့ အရည်အချင်းတွေမပြည့်ဝတာကို ပြည်သူလူထုခင်မျာ တအံ့တဩတွေ့လိုက်ကြရပါတယ်၊ အစိုးရသစ်က အရည်အချင်းမပြည့်ဝတဲ့ အပြင် အရင်အာဏာရှင်အစိုးရက ချန်ထားရစ်ခဲ့တဲ့ ပြဿနာတွေက အင်မတန် ကြီးမားပြီး ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေကလည်း အင်မတန်မြင့်မားလွန်းတော့ တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး အရင်အာဏာရှင်ခေတ်က အခြေအနေမျိုးနဲ့ အတူတူပဲ ဖြစ်နေပြန်ပါတယ်၊ ဒီလိုနဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်၊ စီးပွါးရေးအကြပ်အတည်းကြီးတွေဖြစ်နဲ့ နောက်ဆုံးတော့ ပြည်သူလူထုရဲ့ စိတ်ဓာတ်ပြိုကွဲမှုမြင့်မားနေချိန်မှာ ရွေးကောက်ပွဲကို အသုံးချပြီး အရင်အာဏာရှင်တွေ အာဏာပြန်ရလာတာကို တားဆီးနိုင်စွမ်း မရှိတော့ပါ၊

၆၊ ဒါတွေဟာ စိတ်ကူးနဲ့ ဖန်တီးပြောတာမဟုတ်ပဲ လက်တွေ့အဖြစ်အပျက်တွေကနေ တွေ့မြင်ရတဲ့ ရလဒ်တွေပါ၊ "တိုင်းပြည်ကို အုပ်ချုပ်ရတာ အစိုးရကို တော်လှန်ရတာထက် အဆပေါင်းများစွာ ပိုပြီးခက်ခဲတယ်" ဆိုတာ အာရပ်နွေဦးလှုပ်ရှားမှုမှာ ပါဝင်လှုပ်ရှားသူများရဲ့ လက်သုံးစကားဖြစ်နေပါပြီ၊

#ဒီမိုကရေစီကို အားနည်းစေသည့်အကြောင်းများ

၇၊ ဒီမိုကရေစီကို အားနည်းစေသည့်အကြောင်းတစ်ချက်ကတော့ အစိုးရကို အာဏာအလွန်အကျွံပေးထားမှု (သို့မဟုတ်) အစိုးရက အာဏာအလွန်ချဲ့ထွင်မှုဖြစ်ပါတယ်၊ အစိုးရက အာဏာအလွန်အကျွံရှိလေ ပြည်သူလူထုမှာ အာဏာမဲ့လေဖြစ်ပါတယ်၊ အစိုးရရဲ့ အာဏာကြီးမားမှုက ပြည်သူလူထုရဲ့ အခြေခံလူ့အခွင့်အရေးတွေကို ကန့်သတ်လိုက်ပါတယ်၊ လွတ်လပ်စွာဟောပြောခွင့်တော့ ရှိတယ်၊ ဒါပေမည့် ဟောပြောခွင့်တော့ တောင်းခံရမယ်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်တော့ ရှိတယ်၊ ဒါပေမည့် အဖွဲ့အစည်းကို မှတ်ပုံတင်ရမယ်၊ နိုင်ငံရေးပါတီတွေ ဖွဲ့စည်းခွင့်ရှိတယ်၊ ဒါပေမည့် ရွေးကောက်ပွဲမဝင်ရင် ဖျက်သိမ်းခံရမယ်၊ ကိုယ့်အမေအိမ် တစ်ညသွားအိပ်တာတောင်မှ ဧည့်စာရင်းတိုင်ရမယ်၊ စသဖြင့် အစိုးရအာဏာကြီးမားမှုက အစိုးရကို ပြည်သူလူထုရဲ့ နေ့စဉ်ဘဝထဲကို စွက်ဖက်ချယ်လှယ်ခွင့်တွေရစေပြီး ပြည်သူလူထုရဲ့ ကိုယ်ပိုင်အခွင့်အရေးတွေ ဆုံးရှုံးရပါတယ်၊

၈၊ နောက်အကြောင်းတစ်ချက်က ပြည်သူလူထုရဲ့ လွတ်လပ်စွာရေးသားခွင့်၊ လွတ်လပ်စွာဖွဲ့စည်းခွင့်၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်၊ လွတ်လပ်စွာဖွဲ့စည်းလှုပ်ရှားခွင့်၊ စတဲ့ အခြေခံအခွင့်အရေးတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ လွှတ်တော်မှ ပြဋ္ဌန်းတဲ့ ဥပဒေများနဲ့ အာမခံချက်မပေးတာပါ၊

၉၊ နောက်တစ်ကြောင်းက လွတ်လပ်တဲ့ တရားစီရင်ရေးစနစ် မရှိတာပါ၊ တရားစီရင်ရေးစနစ်မှာ ကျင့်သုံးတဲ့ ဥပဒေတွေက အာဏာရှင်များရဲ့ အကျိုးစီးပွါးကို ကာကွယ်တဲ့ ဥပဒေ၊ အများပြည်သူရဲ့ အခွင့်အရေးတွေကို ကန့်သတ်တဲ့ ဥပဒေတွေ ဖြစ်မယ်ဆိုရင်၊ တရားစီရင်စီရင်ရေးက အုပ်ချုပ်သူများရဲ့ ဩဇာသက်ရောက်မှုကို ခံယူနေရတယ်၊ ငွေကြေးချမ်းသာသူများဘက်က ရပ်တည်တယ်ဆိုရင် ဒီမိုကရေစီစနစ် မရှင်သန်နိုင်ပါ၊
၁၀၊ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများဖြစ်တဲ့ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး တွေကြားမှာ အပြန်အလှန်စစ်ဆေးထိန်းကြောင်းမှုတွေ (Checks and Balances) အားနည်းရင်လည်း ဒီမိုကရေစီစနစ် အားနည်းမှာ ဖြစ်ပါတယ်၊ အုပ်ချုပ်ရေးအာဏာကို တရားစီရင်ရေးနဲ့ ဥပဒေပြုအာဏာများက စစ်ဆေးထိန်းကြောင်းနိုင်ရပါမယ်၊ တရားစီရင်ရေးအာဏာကို အုပ်ချုပ်ရေးနဲ့ ဥပဒေပြုအာဏာများက စစ်ဆေးထိန်းကြောင်းနိုင်ရပါမယ်၊ ဥပဒေပြုအာဏာကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအာဏာများက စစ်ဆေးထိန်းကြောင်းနိုင်ရပါမယ်၊ အဲဒီလို အပြန်အလှန် စစ်ဆေးထိန်းကြောင်းနိုင်စွမ်းမရှိတော့တဲ့အခါ ဒီမိုကရေစီ ထိခိုက်နစ်နာရပါတယ်၊

၁၁၊ နောက်တစ်ခုက လူများစုအသာစီးရမှုကြောင့် လုပ်ချင်ရာလုပ်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကို ရှောင်ကြဉ်ဖို့လိုအပ်ပါတယ်၊ ရွေးကောက်ပွဲမှာ လွှတ်တော်ကိုယ်စားလှယ်နေရာအများစုရလို့ အနည်းစုရဲ့ ဆန္ဒကို ဂရုမစိုက်ပဲ အစိုးရအာဏာကို ချဲ့ထွင်တာ (ဥပမာ သမ္မတသက်တမ်းကို တိုးချဲ့တာမျိုး)၊ အများစုနဲ့သာ အလုပ်လုပ်ပြီး အနည်းစုကို ဖိနှိပ်တာ၊ ပြည်ထောင်စုအဆင့်ရာထူးတွေမှာ ကိုယ့်ဘက်ကလူကိုပဲ ရွေးချယ်ခန့်အပ်တာတွေ ရှောင်ကြဉ်ဖို့လိုပါတယ်၊ ဒီမိုကရေစီစနစ်မှာ အနိုင်ရတဲ့ အများစုက မူဝါဒတွေအကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရှိပေမည့် လူနည်းစု အတိုက်အခံရဲ့ သဘောထားကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်၊ လူနည်းစုမှာလည်း သူတို့ရဲ့ သဘောထားကို ဖော်ထုတ်ခွင့်နဲ့ ဖော်ထုတ်နိုင်တဲ့ နည်းလမ်းတွေ ရှိဖို့ အာမခံရပါမယ်၊

၁၂၊ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာများကို ဖြေရှင်းဖို့အတွက် တိုင်းပြည်ရဲ့ ဘဏ္ဏာနဲ့ အရင်းအမြစ်တွေ၊ ပြည်ပထောက်ပံ့ငွေ၊ ချေးငွေတွေကို အလွန်အကျွံသုံးစွဲပြီး အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံမှုတွေ မပြုဘူးဆိုရင်လည်း ဒီမိုကရေစီကို အားနည်းစေမှာဖြစ်ပါတယ်၊ ဒါကြောင့်လည်း အစိုးရရဲ့ အခန်းကဏ္ဏကို တတ်နိုင်သမျှလျှော့ချပြီး ပုဂ္ဂလိကအခန်းကဏ္ဏကို ပိုပြီးတိုးမြှင့်သင့်တာပါ၊ အစိုးရက ကြီးမားလေလေ၊ တာဝန်ယူရတာများလေလေဖြစ်ပြီး လူထုက အစိုးရအပေါ် မှီခိုရမှုပိုများလေလေ ဖြစ်ပါတယ်၊ လူထုရဲ့ လက်ရှိပြဿနာများကို ဖြေရှင်းရေးနဲ့ အနာဂတ်နိုင်ငံတော်အတွက် လိုအပ်တဲ့ ရေရှည်ရင်းနှီးမြှုတ်နှံရေးတို့ကို မျှမျှတတစီမံခန့်ခွဲမှုမပြုနိုင်တဲ့အခါ နှစ်ဘက်စလုံးမှာ ချို့ယွင်းပြီး လူထုရဲ့ မကျေနပ်မှုကို ရင်ဆိုင်ရမှာဖြစ်သလို ခိုင်မာတဲ့ အခြေခံအဆောက်အအုံများကိုလည်း တည်ဆောက်နိုင်မှာမဟုတ်ပါ၊ အဲဒါရဲ့ အကျိုးဆက်ကတော့ ဆင်းရဲတွင်းနက်မှုနဲ့ စီးပွါးပျက်မှုတွေ ဖြစ်ပါတယ်၊

၁၃၊ နိုင်ငံရေးပါတီများအနေနဲ့လည်း ငွေရှင်ကြေးရှင်များနဲ့ အခွင့်အရေးမျှော်အုပ်စုများရဲ့ အလှူငွေများအပေါ် မှီခိုရမှု၊ အလှူငွေများဖြင့် ဩဇာသက်ရောက်မှုတွေကို ရှောင်ကြဉ်နိုင်ဖို့လိုအပ်ပါတယ်၊ ငွေရှင်ကြေးရှင်များဆီက အလှူငွေကို လူမှုရေး၊ ကျန်းမာရေး၊ ကိုယ်ရေးကိုယ်တာသုံးစွဲဖို့၊ ပါတီရုံးခန်းဆောက်လုပ်ရေးစတဲ့ ခေါင်းစဉ်မျိုးစုံနဲ့ လက်ခံရယူနေတာကို ရပ်သင့်ပါတယ်၊ ငွေရှင်ကြေးရှင်များ ဩဇာသက်ရောက်တဲ့ နိုင်ငံရေးပါတီများ ရှင်သန်ရပ်တည်နေခြင်းဟာ ဒီမိုကရေစီစနစ်ကို အားနည်းစေပါတယ်၊ ဒါကြောင့်မို့ နိုင်ငံရေးပါတီများ လူတစ်ဦးချင်းဆီက လက်ခံနိုင်တဲ့ အလှူငွေပမာဏကို ကန့်သတ်သင့်ပါတယ်၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများက ထည့်ဝင်နိုင်တဲ့ အလှူငွေကိုလည်း ကန့်သတ်သင့်ပါတယ်၊ နိုင်ငံရေးပါတီများအနေနဲ့ သူတို့ပါတီရရှိတဲ့ အလှူငွေစာရင်းကိုလည်း ထည့်ဝင်သူအမည်၊ ထည့်ဝင်သည့် ငွေပမာဏအတိအကျဖြင့် အများပြည်သူသိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်၊

#ဒီမိုကရေစီစနစ် အားကောင်းရှင်သန်ဖွံ့ဖြိုးစေဖို့ အကြံပြုချက်များ

ဂျိမ်းမဲဒီဆင် (James Madison)၊ ဂျွန်စတူးဝတ်မီလ် (John Stuart Mill) စတဲ့ ခေတ်ပေါ်ဒီမိုကရေစီစနစ်ကို မူလတည်ထောင်သူများပြောခဲ့သလိုပါပဲ၊ ဒီမိုကရေစီဟာ အင်မတန်အားကောင်းလှပေမည့် မပြည့်စုံသေးတဲ့ စနစ်တစ်ခု (A Powerful but Imperfect Mechanism) ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ သက်ဆိုင်ရာနိုင်ငံအလိုက် လူတွေရဲ့ ဖန်တီးနိုင်စွမ်းကို အစွမ်းကုန်အသုံးချနိုင်အောင်နဲ့ လူတွေရဲ့ ဆန့်ကျင်တတ်တဲ့စိတ်ကို ထိန်းသိမ်းနိုင်အောင် ဂရုတစိုက်ပုံသွင်းတည်ဆောက်ရပါမယ်၊ ဒါ့အပြင် စက်ယန္တယားတစ်ခုကို ထိန်းသိမ်းသလို အမြဲမပြတ် ချောဆီထည့်ရမယ်၊ အကောင်းဆုံးအလုပ်လုပ်နိုင်တဲ့ အခြေအနေမှာ အမြဲတမ်းရှိနေအောင် ဂရုစိုက်ရမယ်၊ လိုအပ်သလို ညှိနှိုင်းပြင်ဆင်လို့ အလုပ်ဖြစ်စေရပါမယ်၊

၁၄၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ ပုံမှန်ကျင်းပတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲများလိုပဲ အများလက်ခံနိုင်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်ရှိရေးဟာလည်း တန်းတူညီတူအရေးကြီးပါတယ်၊ နိုင်ငံတစ်ခုရဲ့ ပင်မအရင်းအမြစ်ဥပဒေဖြစ်တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အများပြည်သူ လက်ခံနိုင်တဲ့ ဥပဒေဖြစ်ပါမှ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေးတည်ငြိမ်မှုနဲ့ ရေရှည်အကျိုးစီးပွါးကို အထောက်အကူပြုမှာပါ၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လူနည်းစုရဲ့ အခွင့်အရေးတွေကို အာမခံပေးထားပါမှ လက်နက်ကိုင်ပုန်ကန်မှုတွေကို တားဆီးနိုင်မှာပါ၊

၁၅၊ အစိုးရရဲ့ အာဏာကို ကန့်သတ်ဖို့လိုအပ်ပါတယ်၊ ကန့်သတ်တယ်ဆိုရာမှာ ဥပဒေပြုလွှတ်တော်က ကန့်သတ်ခြင်းနဲ့ အစိုးရကိုယ်တိုင်က ကန့်သတ်ခြင်းဆိုပြီး ရှိပါတယ်၊ ဥပဒေပြုလွှတ်တော်က ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ကန့်သတ်ချုပ်ချယ်ထားတဲ့ တည်ဆဲဥပဒေများကို ဖျက်သိမ်းခြင်း၊ အစိုးရက ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးများကို မထိပါးအောင် တားမြစ်တဲ့ ဥပဒေများပြဋ္ဌန်းခြင်း၊ အစိုးရကို အရေးကြီးတဲ့ နိုင်ငံတော်စီမံကိန်းကြီးများကို ပြည်သူလူထုအများစုထောက်ခံမှ အကောင်အထည်ဖော်ခွင့်ပေးခြင်း စတဲ့နည်းတွေနဲ့ ကန့်သတ်နိုင်ပါတယ်၊

၁၆၊ အစိုးရကိုယ်တိုင်က ကန့်သတ်တာကတော့ အရေးကြီးတဲ့ မူဝါဒဆိုင်ရာ ကိစ္စအချို့ကို ကျွမ်းကျင်သူများပါဝင်တဲ့ လွတ်လပ်တဲ့ ကော်မရှင်များကို ဖွဲ့စည်းတာဝန်ပေးပြီး ရေးဆွဲစေတာ၊ အရေးကြီးတဲ့ ကိစ္စအချို့မှာ လူထုဆန္ဒခံယူပွဲတွေကျင်းပပြီး လူထုကို ကိုယ်တိုင်ဆုံးဖြတ်စေတာတို့ဖြစ်ပါတယ်၊ ဒီလိုနဲ့ ကျွမ်းကျင်သူ (Technocrats) များကို မူဝါဒရေးဆွဲရေးဆိုင်ရာ အာဏာအချို့၊ သာမာန်ပြည်သူများကို ဆုံးဖြတ်ခွင့်ချခြင်းဆိုင်ရာ အာဏာအချို့ ခွဲဝေပေးခြင်းဖြင့် အစိုးရရဲ့ အာဏာကို အကျိုးရှိရှိကန့်သတ်နိုင်သလို ကျွမ်းကျင်သူများနဲ့ ပြည်သူများရဲ့အစိုးရအပေါ် ယုံကြည်မှုကို ပိုပြီးရစေပါတယ်၊

၁၇၊ ဥပဒေပြုလွှတ်တော်က ပြဋ္ဌန်းတဲ့ ဥပဒေတိုင်းမှာ ဥပဒေစတင်အသက်ဝင်တဲ့နေ့က စလို့ (၁၀) နှစ်ပြည့်တဲ့အချိန်မှာ ပြန်လည်သုံးသပ်ပြီး လိုအပ်သလို ပြင်ဆင်ရေးဆွဲရမည်ဆိုတဲ့ ကာလစည်းကမ်းသတ်မှတ်ချက်တွေ ထည့်သွင်းရေးဆွဲသင့်ပါတယ်၊ ဘယ်ဥပဒေမှ တစ်သက်လုံး မမှန်နိုင်ပါ၊ ပြောင်းလဲနေတဲ့ လူ့အဖွဲ့အစည်းရဲ့ ဖြစ်ပေါ်တိုးတက်မှုများနဲ့ တည်ဆဲဥပဒေများ လိုက်လျောညီထွေမှုရှိဖို့လိုအပ်ပါတယ်၊

၁၈၊ အခွင့်အရေးမျှော်အုပ်စုများရဲ့ အန္တရာယ်ကို ရှောင်နိုင်ဖို့ အစိုးရက တာဝန်ယူနိုင်တဲ့ အခန်းကဏ္ဏကို လျှော့ချရမှာပါ၊ လူထုရဲ့ နိုင်ငံရေးနဲ့  နိုင်ငံရေးသမားတွေအပေါ် ယုံကြည်မရှိတာကို တုန့်ပြန်ဖို့ နိုင်ငံရေးသမားတွေက ကတိပေးတာတွေကို လျှော့ချရမှာပါ၊

၁၉၊ အင်တာနက်နဲ့ အခြား ခေတ်မီလျှပ်စစ်ဆက်သွယ်ရေးနည်းပညာတွေက ကမ္ဘာကြီးကို မြေကြောရှုံ့လိုက်ပါပြီ၊ ကမ္ဘာ့တောင်ခြမ်းနဲ့ ကမ္ဘာ့မြောက်ခြမ်းက လူတွေ အင်တာနက်ပေါ်မှာ အလွယ်တကူ ဆုံတွေ့ပြီး သတင်းတွေ အပြန်အလှန်ဝေမျှ၊ အပြန်အလှန် ထောက်ခံမှုတွေ ပေးနိုင်ကြပါပြီ၊ အလားတူပါပဲ ဒီမိုကရေစီနိုင်ငံတစ်ခုအတွင်းမှာ နိုင်ငံရေးသမားတွေနဲ့ ပြည်သူတွေ ခေတ်ပေါ်နည်းပညာတွေကို သုံးပြီး ပိုပြီးနီးနီးစပ်စပ်ထိတွေ့နိုင်ကြပါပြီ၊ အဲဒီလို ခေတ်မီနည်းပညာတွေကို အသုံးချပြီး အီလက်ထရောနစ်ဒီမိုကရေစီကျင့်သုံးတာနဲ့ တိုက်ရိုက်ဒီမိုကရေစီကျင့်သုံးတာကို မျှမျှတတ ကျင့်သုံးနိုင်ဖို့လိုပါတယ်၊

ဒီမိုကရေစီဆိုတာ လိုတရဆေးကြိမ်လုံး မဟုတ်ပါ၊ ဒီမိုကရေစီရှိရုံနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေ၊ လူတစ်ဦးချင်းစီရဲ့ ပြဿနာတွေ ပြေလည်သွားမှာ မဟုတ်ပါ၊ ဒီမိုကရေစီက ပြည်သူတွေကို တိုင်းပြည်ကို ကိုယ်စားပြုအုပ်ချုပ်မည့် အစိုးရ၊ ဥပဒေတွေ ရေးဆွဲမည့် အမတ်တွေကို ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲတွေကနေ ရွေးချယ်တင်မြှောက်နိုင်တဲ့ အခွင့်အရေးကို ပေးပါတယ်၊ အဲဒီ ခေါင်းဆောင်တွေ တာဝန်မကျေရင်၊ အရည်အချင်းမပြည့်ဝရင် ရွေးကောက်ပွဲက တဆင့် ဖြုတ်ချပြီး ခေါင်းဆောင်အသစ်တွေကို ရွေးချယ်ခွင့်ပေးပါတယ်၊ တိုင်းပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးအခြေအနေတွေက နိုင်ငံရေးခေါင်းဆောင်တွေရဲ့ မူဝါဒနဲ့ အကောင်အထည်ဖော်မှုအပေါ်မှာ မူတည်ပါတယ်၊ နိုင်ငံရေးခေါင်းဆောင်တွေ ဘယ်လိုပဲ အပြောင်းအလဲရှိရှိ ပြည်သူလူထုရဲ့ အခြေခံအခွင့်အရေးတွေကို မထိပါး၊ မကန့်သတ်ဖို့လိုပါတယ်၊ မျှတပြီး အားလုံးအမှန်တကယ်လိုက်နာနိုင်တဲ့ ဥပဒေတွေ ရှိဖို့လိုပါတယ်၊ လွတ်လပ်တဲ့ တရားစီရင်ရေးစနစ်ရှိဖို့ လိုပါတယ်၊ ခိုင်ခန့်အားကောင်းတဲ့ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ဘက်မလိုက်ပွင့်လင်း သိက္ခာရှိတဲ့ သတင်းမီဒီယာတွေ ရှိဖို့လိုပါတယ်၊ ပြည်သူလူထုက အစိုးရကို အလွန်အကျွံမမှီခိုဖို့ လိုပါတယ်၊ အစိုးရကလည်း အလွန်အကျွံအာဏာမယူဖို့ လိုပါတယ်၊

ဒီမိုကရေစီဟာ နှစ်ဖက်သွားဓားလိုပဲ အသုံးမတတ်ရင် အန္တရာယ်ရှိသလို သုံးတတ်ရင်လည်း ရန်အပေါင်းကို အောင်မြင်နိုင်ပါလိမ့်မယ်၊ ဒါပေမည့် အင်မတန် တန်ဘိုးကြီးမားတဲ့ အရာမို့လို့ မြတ်မြတ်နိုးနိုး တန်ဘိုးထားဖို့ အထူးလိုအပ်ပါတယ်၊ ဒီမိုကရေစီဆိုတာ တစ်ဦးတစ်ယောက်တည်း ပိုင်ဆိုင်ကျင့်သုံးရတဲ့ စနစ်မဟုတ်ပဲ လူ့အဖွဲ့အစည်းတစ်ခုလုံးက အတူတကွ လက်ခံကျင့်သုံးရတဲ့ စနစ်ဖြစ်ပါတယ်၊ ချို့ယွင်းချက်တွေ၊ မပြည့်စုံမှုတွေ ရှိနေတာတောင်မှ ဒီမိုကရေစီထက် ပိုပြီးကောင်းတဲ့ နိုင်ငံရေးဝါဒမရှိဘူးလို့တောင် ပြောချင်ပါတယ်၊ ချို့ယွင်းချက်တွေ၊ ဆုတ်ယုတ်မှုတွေဆိုတာလည်း စနစ်ရဲ့ ဖန်တီးမှုကြောင့်မဟုတ်ပဲ စနစ်ကို လက်ခံကျင့်သုံးသူများရဲ့ အတ္တ၊ လောဘ၊ အကျင့်ပျက်ချစားမှုများ နဲ့ အမှားအယွင်းများကြောင့်သာ ဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာ အမြစ်တွယ်ပါစေ၊ ဝေဝေဆာဆာရှင်သန်ပါစေ၊ နှစ်ပေါင်းများစွာ တည်တန့်အောင်မြင်ပါစေ၊။

လေးစားစွာ
 
အောင်ဒင်
မတ်လ (၂၀)၊ ၂၀၁၄  




Saturday, May 31, 2014

What's Gone Wrong with Democracy, Part (4)

(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၂၊ ဇွန်လ၊ ၂၀၁၄)

ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

The Economist (March 1, 2014)
 
(ဘာသာပြန်သူ၊ အောင်ဒင်)

အပိုင်း (၄) ဒီမိုကရေစီစနစ်ကို မှန်ကန်စေခြင်း (Getting Democracy Right)

ဂျိမ်းမဲဒီဆင် (James Madison)၊ ဂျွန်စတူးဝတ်မီလ် (John Stuart Mill) စတဲ့ ခေတ်ပေါ်ဒီမိုကရေစီစနစ် ကို မူလတည်ထောင်သူများရဲ့ အင်မတန်အံ့ဩစရာကောင်းလှတဲ့ ထူးခြားချက်ကတော့ သူတို့ရဲ့ အမြင်ကျယ်မှုပါပဲ၊ သူတို့တွေက ဒီမိုကရေစီဟာ အင်မတန်အားကောင်းလှပေမည့် မပြည့်စုံသေးတဲ့ စနစ်တစ်ခု (A Powerful but Imperfect Mechanism) ဖြစ်တယ်လို့ သတ်မှတ်ခဲ့ကြပါတယ်၊ ဒီမိုကရေစီစနစ်ကို တည်ဆောက်ရာမှာ သက်ဆိုင်ရာနိုင်ငံအလိုက် လူတွေရဲ့ ဖန်တီးနိုင်စွမ်းကို အစွမ်းကုန်အသုံးချနိုင်အောင်နဲ့ လူတွေရဲ့ ဆန့်ကျင်တတ်တဲ့စိတ်ကို ထိန်းသိမ်းနိုင်အောင် ဂရုတစိုက်ပုံသွင်းတည်ဆောက်ရမယ်လို့ သူတို့က ဆိုပါတယ်၊ ဒါ့အပြင် စက်ယန္တယားတစ်ခုကို ထိန်းသိမ်းသလို အမြဲမပြတ် ချောဆီထည့်ရမယ်၊ အကောင်းဆုံးအလုပ်လုပ်နိုင်တဲ့ အခြေအနေမှာ အမြဲတမ်းရှိနေအောင် ဂရုစိုက်ရမယ်၊ လိုအပ်သလို ညှိနှိုင်းပြင်ဆင်လို့ အလုပ်ဖြစ်စေရမယ်လို့ လည်းဆိုကြပါတယ်၊

ဒီမိုကရေစီစနစ်ကို စတင်တည်ဆောက်စအချိန်မှာ အမြင်ကျယ်ဖို့ အထူးတလည်လိုအပ်လှပါတယ်၊ သိပ်မကြာသေးတဲ့ကာလအတွင်း ထွန်းသစ်စဒီမိုကရေစီနိုင်ငံအတော်များများမှာ ဒီမိုကရေစီစနစ်မအောင်မြင်ရခြင်းရဲ့ အကြောင်းရင်းတစ်ချက်ကတော့ အစိုးရတွေဟာ ရွေးကောက်ပွဲအပေါ် အထူးတလည်အရေးပေး အာရုံစိုက်လွန်းပြီး ဒီမိုကရေစီအတွက်လိုအပ်တဲ့ အခြားအစိတ်အပိုင်းများကို လှစ်လျူရှုခဲ့ကြတာ ဖြစ်ပါတယ်၊ ဥပမာအားဖြင့် အစိုးရရဲ့ အာဏာကို စစ်ဆေးထိန်းကြောင်းမှု လိုအပ်ပါတယ်၊ လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာစည်းရုံးခွင့်တွေ အာမခံချက်ရှိရပါမယ်၊ အောင်မြင်မှုအရဆုံး ဒီမိုကရေစီနိုင်ငံသစ်တွေ ဘာကြောင့်အောင်မြင်သလဲဆိုတာ လေ့လာကြည့်တဲ့အခါ အဲဒီနိုင်ငံတွေဟာ လူများစုဝါဒရဲ့ ဖျားယောင်းမှုတွေ (Temptation of Majoritarianism) ကို ရှောင်ကြဉ်နိုင်ခဲ့ကြတာ တွေ့ရပါတယ်၊ ဆိုလိုတာက ရွေးကောက်ပွဲမှာ အနိုင်ရခြင်းဖြင့် လူများစုအနိုင်ရပါတီက သူတို့လုပ်ချင်တာကို လုပ်ပိုင်ခွင့်ရှိပြီဆိုတဲ့ ယုံကြည်မှုမျိုးကို ရှောင်ကြဉ်နိုင်ခဲ့တာပါ၊ အိန္ဒိယနိုင်ငံမှာ ဒီမိုကရေစီစနစ်ဟာ ၁၉၄၇ ခုနှစ်က စလို့ (အရေးပေါ်အခြေအနေအုပ်ချုပ်ခဲ့ရတဲ့ နှစ်အနည်းငယ်ကလွဲရင်) ရှင်သန်ခဲ့ပါတယ်၊ ဘရာဇီးနိုင်ငံမှာလည်း ဒီမိုကရေစီဟာ ၁၉၈၅ ခုနှစ်လစလို့ ရှင်သန်ခဲ့ပါတယ်၊ ဒီနှစ်နိုင်ငံလုံးမှာ အနိုင်ရသူလူများစုက လုပ်ချင်ရာလုပ်နိုင်တယ်ဆိုတဲ့ အယူအဆကို ရှောင်ရှားခဲ့ကြပါတယ်၊ နှစ်နိုင်ငံစလုံးက အစိုးရရဲ့ အာဏာကို အကန့်အသတ်တစ်ခုအတွင်းမှာ ထားပြီး လူတစ်ဦးချင်းစီရဲ့ အခြေခံအခွင့်အရေးတွေကိုလည်း အာမခံချက်ပေးပါတယ်၊

ခိုင်မာအားကောင်းတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ကာလရှည်ကြာတည်ငြိမ်မှုကို အထောက်အကူပြုရုံတင်မက၊ ကျေနပ်မှုမရှိတဲ့ လူနည်းစုက အစိုးရကို ပုန်ကန်ဆန့်ကျင်မည့် အလားအလာတွေကိုလည်း လျှော့ချပေးပါတယ်၊ ဒီဖွဲ့စည်းပုံတွေက ဖွံ့ဖြိုးဆဲနိုင်ငံများကို ပိုပြီးဆင်းရဲတွင်းနက်စေတဲ့ အကျင့်ပျက်ချစားမှုတွေကို တိုက်ဖျက်ဖို့ အားကောင်းစေတယ်၊ တစ်ပြိုင်တည်းမှာပဲ ထွန်းသစ်စဒီမိုကရေစီနိုင်ငံတွေမှာ ရွေးကောက်ပွဲအနိုင်ရ လူများစုက လုပ်ချင်ရာလုပ်ခွင့်ရှိတယ်ဆိုပြီး အစိုးရရဲ့ အာဏာကို ပိုမိုချဲ့ထွင်အသုံးချလာတဲ့အခါ ဒီမိုကရေစီစနစ်ဟာ ဆုတ်ယုတ်မှုဆီဦးတည်နေပြီဆိုတဲ့ ပထမဆုံး လက္ခဏာဖြစ်ပါတယ်၊ အီဂျစ်သမ္မတဟောင်း မစ္စတာ မော်စီက အီဂျစ်နိုင်ငံရဲ့ အထက်လွှတ်တော်ကို သူ့ပါတီဖြစ်တဲ့ မူဆလင်ညီနောင်များအဖွဲ့က လူတွေနဲ့ လွှမ်းမိုးနေရာယူဖို့ ကြိုးစားခဲ့တယ်၊ ယူကရိန်းသမ္မတဟောင်း မစ္စတာ ယာနူကိုဗစ်ခ်ျက ယူကရိန်းပါလီမန်ရဲ့ အာဏာကို လျှော့ချဖို့ ကြိုးစားခဲ့တယ်၊ ရုရှားသမ္မတ မစ္စတာ ပူတင်က ပြည်သူလူထုဆိုတဲ့ စကားလုံးကို သုံးပြီး လွတ်လပ်သောနိုင်ငံပြုအဖွဲ့အစည်းများရဲ့ အသံကို လှစ်လျူရှုခဲ့တယ်၊ အာဖရိကတိုက်က နိုင်ငံ့ခေါင်းဆောင်အတော်များများဟာ အနိုင်ရအများစုအာဏာကို အကြီးအကျယ်အသုံးချပြီး သမ္မတသက်တမ်းကန့်သတ်ချက်ကို ဖယ်ရှားတာ၊ ယူဂန္ဓာသမ္မတ ယိုဝယ်ရိ မူစဲဗဲန်းနီ (Yoweri Museveni) ဆိုရင် လိင်တူဆက်ဆံမှုအပေါ် ပြစ်ဒဏ်တိုးချဲ့တာ စသဖြင့် ဆောင်ရွက်နေကြပါတယ်၊

ပြည်ပနိုင်ငံများက ခေါင်းဆောင်တွေအနေနဲ့ အဲဒီလို နိုင်ငံတစ်ခုမှာ လွတ်လပ်မှုတွေကို ကန့်သတ်တဲ့အပြုအမူတွေကို သက်ဆိုင်ရာနိုင်ငံ့ခေါင်းဆောင်တွေက ကျူးလွန်နေတာကို အများစုက ထောက်ခံသည်ပဲထားဦး၊ ကျယ်ကျယ်လောင်လောင် ဝေဘန်ပြောဆိုသင့်ပါတယ်၊ ဒါပေမည့် ဒီလို ဒီမိုကရေစီဘောင်ထဲက ဒီမိုကရေစီမဆန်မှုတွေကို တကယ်တမ်း လေ့လာသင့်သူတွေကတော့ ခေတ်ပေါ်ဒီမိုကရေစီကို ဖန်တီးသူများဖြစ်ကြပါတယ်၊ နိုင်ငံတော်အဖွဲ့အစည်းများအကြား ခိုင်မာအားကောင်းတဲ့ အပြန်အလှန်စစ်ဆေးထိန်းကြောင်းမှု (Robust Checks and Balances) ဟာ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီနိုင်ငံတစ်ခု တည်ဆောက်ရာမှာ လူတိုင်း မဲပေးခွင့်ရှိဖို့လို့ပဲ မရှိမဖြစ်အရေးကြီးတဲ့ လိုအပ်ချက်ဆိုတာကို သူတို့ အသိအမှတ်ပြုရမှာပါ၊ ထုံးတမ်းစဉ်လာမဟုတ်ပဲ ပြောရမယ်ဆိုရင် အာဏာရှင်တစ်ယောက်ဖြစ်လာမည့် အလားအလာရှိသူများဟာ အီဂျစ်နဲ့ ယူကရိန်းက အဖြစ်အပျက်တွေကို လေ့လာပြီး သင်ခန်းစာယူနိုင်ပါတယ်၊ တကယ်လို့များ မစ္စတာ မော်စီနဲ့ မစ္စတာ ယာနူကိုဗစ်ခ်ျတို့ဟာ သူတို့ရဲ့ အာဏာတွေကို ချဲ့ထွင်ခြင်းဖြင့် နိုင်ငံသားတွေကို ဒေါသထွတ်အောင် မလုပ်ခဲ့ကြဘူးဆိုရင် အခုလို တစ်ယောက်က သူ့ရဲ့ ကျန်တဲ့ ဘဝသက်တမ်းကို အကျဉ်းထောင်နဲ့ အီဂျစ်တရားရုံးတော်ရှေ့မှောက်က တရားခံထိုင်ခုံပေါ်မှာ ကုန်ဆုံးရမှာ မဟုတ်သလို တစ်ယောက်ကလည်း တိုင်းပြည်ကနေ ထွက်ပြေးရမှာ မဟုတ်ပါ၊

ဒီမိုကရေစီစနစ် ခိုင်မာအားကောင်းတဲ့ နိုင်ငံများမှာ နေထိုင်သူများတောင်မှ သူတို့နိုင်ငံရေးစနစ်ရဲ့ ပိသုကာများကို နီးနီးကပ်ကပ်စောင့်ကြည့်လေ့လာသင့်ပါတယ်၊ ကမ္ဘာပြုခြင်း (Globalization) နဲ့ အင်တာနက်တော်လှန်ရေး (Digital Revolution) တွေက ဒီမိုကရေစီစနစ်ရဲ့ ဂုဏ်ယူအားထားရတဲ့ အခြေခံအဖွဲ့အစည်းအချို့ကို ခေတ်ကုန်ဆုံးစေခဲ့ပါပြီ၊ ရင့်ကျက်ခိုင်မာပြီးသား ဒီမိုကရေစီနိုင်ငံများအနေနဲ့ တိုင်းပြည်အတွင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ဖို့နဲ့ ပြင်ပကမ္ဘာမှာ ပျက်စီးစပြုနေတဲ့ ဒီမိုကရေစီရဲ့ ပုံရိပ်ကို ပြန်လည်ရှင်သန်စေဖို့ သူတို့တိုင်းပြည်များရဲ့ နိုင်ငံရေးစနစ်များကို ပြင်ဆင်ဖွဲ့စည်းဖို့ လိုအပ်ပါတယ်၊ အခုဆို အမေရိကန် အထက်လွှတ်တော်မှာ ပြင်ဆင်လိုက်တဲ့ စည်းမျဉ်းတွေကြောင့် အထက်လွှတ်တော်အမတ်တစ်ယောက်ဟာ သမ္မတအဆိုပြုတဲ့ ရာထူးခန့်အပ်မှုတွေကို အရင်ကလို အလွယ်တကူ ပိတ်ဆို့တားဆီးလို့ မရတော့ပါ၊ အမေရိကန်ပြည်ထောင်စုရဲ့ ပြည်နယ်အချို့မှာ အားလုံးပါဝင်ခွင့်ရှိတဲ့ အကြိုရွေးကောက်ပွဲတွေကို စတင်ခွင့်ပြုနေပြီး အရင်တုံးက အနိုင်ရပါတီက တာဝန်ယူရေးဆွဲတဲ့ လွှတ်တော်မဲဆန္ဒနယ် နယ်နမိတ်ပြန်လည်ရေးဆွဲမှုကို လွတ်လပ်တဲ့ ကော်မရှင်လက်ထဲ အပ်လိုက်ကြပါပြီ၊ အခြား သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေကလည်း အခြေအနေကို တိုးတက်စေပါလိမ့်မယ်၊ နိုင်ငံရေးပါတီများ ရန်ပုံငွေရှာဖွေခြင်းဆိုင်ရာ အပြောင်းအလဲများလုပ်ပြီး အားလုံးသော အလှူငွေထည့်ဝင်သူများရဲ့ အမည်နဲ့ ထည့်ဝင်မှုပမာဏကို အများပြည်သူသိအောင် ထုတ်ပြန်ကြေညာရမယ်ဆိုရင် အခွင့်အရေးမျှော်အုပ်စုများရဲ့ နိုင်ငံရေးပါတီများအပေါ် ဩဇာလွှမ်းမိုးမှုတွေ လျှော့ချနိုင်ပါလိမ့်မယ်၊ ဥရောပပါလီမန်က အမတ်တွေအားလုံး သူတို့ရဲ့ အသုံးစားရိတ်ကို ဘောက်ချာများနဲ့ အတူတကွ တင်သွင်းဖို့ စည်းကမ်းချမှတ်ဖို့ လိုအပ်ပါတယ်၊ အီတလီနိုင်ငံရဲ့ လွှတ်တော်နှစ်ခုမှာ ပါလီမန်အမတ်အရေအတွက်များလှပြီး အမတ်တွေကို ပေးတဲ့ လစာငွေကလည်း များလှပါတယ်၊ လွှတ်တော်နှစ်ရပ်စလုံးကလည်း အာဏာတူအဖွဲ့အစည်းများဖြစ်လို့ ဥပဒေတစ်ရပ်ပြဋ္ဌန်းအတည်ပြုနိုင်ဖို့ ခက်ခဲလှပါတယ်၊

ဒါပေမည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲလိုသူများဟာ ဒီ့ထက်ပိုပြီး ရည်မှန်းချက်ကြီးဖို့ လိုပါတယ်၊ အခွင့်အရေးမျှော်အုပ်စုများ (Interest Groups) ရဲ့ လွှမ်းမိုးမှုကို ရှောင်နိုင်မည့် အကောင်းဆုံးနည်းလမ်းကတော့ အစိုးရက အများပြည်သူကို ပေးနိုင်တဲ့၊ ပေးဖို့လိုအပ်တဲ့ ကတိကဝတ်တွေကို၊ တာဝန်ခံမှုတွေရဲ့ အရေအတွက်ကို ကန့်သတ်ခြင်းပဲဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ နိုင်ငံရေးသမားများအပေါ် မယုံကြည်မှုကို တုန့်ပြန်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နိုင်ငံရေးသမားများအနေနဲ့ ကတိနည်းနည်းပဲ ပေးဖို့နဲ့ အဲဒီကတိကို တည်အောင်ကြိုးစားဖို့ဖြစ်ပါတယ်၊ ကျန်းမာသန်စွမ်းတဲ့ ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ အရေးကြီးဆုံး သော့ချက်ကို တိုတိုတုတ်တုတ်ပြောရရင် အစိုးရရဲ့ အခန်းကဏ္ဏကို ကျဉ်းမြောင်းစေခြင်းပါပဲ၊ 

ဒါဟာဖြင့် အမေရိကန်တော်လှန်ရေးခေတ်ကတည်းက ရှိခဲ့တဲ့ သဘောတရားပါ၊ အမေရိကန်ဖွဲ့စည်းပုံကို ရေးဆွဲသူတစ်ဦးလည်းဖြစ်၊ အမေရိကန်ပြည်ထောင်စုရဲ့ စတုတ္ထမြောက် သမ္မတလည်းဖြစ်တဲ့ ဂျိမ်းမဲဒီဆင် (James Madison) က ဒီလို ပြောခဲ့ပါတယ်၊ "လူတွေက လူတွေကို ပြန်ပြီးအုပ်ချုပ်မည့် အစိုးရတစ်ရပ်ဖွဲ့စည်းမှုကို ရေးဆွဲတဲ့အခါ အကြီးမားဆုံးအခက်အခဲက ပထမအဆင့်မှာ အစိုးရက အုပ်ချုပ်ခံပြည်သူများကို ထိန်းချုပ်နိုင်စွမ်းရှိအောင် ဖန်တီးပေးဖို့လိုတယ်၊ နောက်တစ်ဆင့်မှာ အစိုးရက သူ့ကိုယ်သူ ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိဖို့လိုတယ်"၊ "ကန့်သတ်မှုရှိသော အစိုးရ" (Limited Government) ဆိုတဲ့ နားလည်မှုက ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက် ဒီမိုကရေစီစနစ်ကို ပြန်လည်တည်ဆောက်ကြရာမှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း (The United Nations Charter) (၁၉၄၅) နဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်း (Universal Declaration of Human Rights) (၁၉၄၈) တွေက ဘယ်တိုင်းပြည်ကမှ အများသဘောတူထောက်ခံပါတယ်ဆိုပြီး ကန့်သတ်လို့၊ ချိုးဖောက်လို့ မရတဲ့ အခွင့်အရေးနဲ့ စံသတ်မှတ်မှု(Rights and Norms) တွေကို ပြဋ္ဌန်းပေးခဲ့ပါတယ်၊

အဲဒီအပြန်အလှန်စစ်ဆေးထိန်းကြောင်းမှုတွေ ပြဋ္ဌန်းဖို့ အာဏာရှင်စနစ်ပေါ်ပေါက်လာမှာကို ကြောက်ရွံ့စိတ်တွေက တွန်းအားပေးခဲ့ပါတယ်၊ ဒါပေမည့် ဒီကနေ့မှာ၊ အထူးသဖြင့် အနောက်နိုင်ငံများမှာ ဒီမိုကရေစီစနစ်အတွက် ကြီးမားတဲ့ အန္တရယ်တွေကို ဖော်ပြဖို့ မခက်ခဲလှပါ၊ အကြောင်းတစ်ခုကတော့ နိုင်ငံတော် (အစိုးရ) ရဲ့ အရွယ်အစားကြီးမားလာမှုပါ၊ အဆက်မပြတ်ချဲ့ထွင်နေတဲ့ အစိုးရအာဏာက ပြည်သူလူထုရဲ့ လွတ်လပ်မှုတွေကို လျှော့ချပြီး အကျိုးစီးပွါးမျှော်အုပ်စုတွေကို ပိုပြီး ဩဇာရှိစေပါတယ်၊ နောက်အကြောင်းတစ်ချက်ကတော့ အစိုးရတွေဟာ သူတို့ မဖြည့်ဆီးနိုင်တဲ့ ကတိကဝတ်တွေကို အလွန်အကျွံပေး တတ်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်၊ ကတိတွေကို မဖြည့်ဆီးနိုင်တဲ့အခါ နောင်နှစ်ပေါင်းများစွာမှ ပေးရမည့် အကျိုးခံစားခွင့်တွေ (Entitlements) ဖန်တီးတာ (အခုမပေးရ ပြီးရော)၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလို မနိုင်နိုင်တဲ့ စစ်ပွဲတွေကို ဆင်နွှဲပြီး လူထုကို အာရုံပြောင်းစေတာတွေ ဖြစ်လာပါတော့တယ်၊ အစိုးရနဲ့ ပြည်သူ နှစ်ဘက်စလုံးက အစိုးရရဲ့ အခန်းကဏ္ဏနဲ့ အာဏာကို လျှော့ချခြင်းနဲ့ အစိုးရထံမှ မျှော်လင့်နိုင်တာ (အစိုးရက ဆောင်ရွက်ပေးနိုင်တဲ့ အတိုင်းအတာ) ကို လျှော့ချခြင်းဖြင့် ရရှိမည့် ရေရှည်အကျိုးစီးပွါးတွေကို နားလည်လက်ခံသင့်ပါတယ်၊ 

ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်များမှာ ငွေရေးကြေးရေးမူဝါဒချမှတ်ခြင်းအာဏာကို အစိုးရများထံမှ လွတ်လပ်သော ဗဟိုဘဏ်များကို လွှဲပြောင်းပေးခဲ့တဲ့အတွက် ကမောက်ကမဖြစ်နေတဲ့ ငွေဖောင်းပွမှုနှုံးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်၊ အလားတူပဲ အခုအချိန်ဟာ အစိုးရများရဲ့ အာဏာကို ကျယ်ပြန့်များပြားလှသော မူဝါဒချမှတ်ခြင်းများမှ လျှော့ချရမည့် အချိန်ရောက်နေပါပြီ၊ ဒီမိုကရေစီစနစ် ခိုင်မာရင့်ကျက်ပြီးသား နိုင်ငံများမှာလည်း ထွန်းသစ်စဒီမိုကရေစီနိုင်ငံများနည်းတူ သင့်တင့်လျောက်ပါတ်တဲ့ အပြန်အလှန်စစ်ဆေးထိန်းကြောင်းမှုအစီအစဉ်များနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေရဲ့ အာဏာကို ကန့်သတ်ဖို့ လိုအပ်ပါတယ်၊

အစိုးရတွေကိုယ်တိုင်က ကိုယ့်ဖာသာ ထိန်းချုပ်ကန့်သတ်တာကို နည်းလမ်းပေါင်းစုံနဲ့ ဆောင်ရွက်နိုင်ပါတယ်၊ ဥပမာအားဖြင့် ဆွီဒင်အစိုးရက သူ့နိုင်ငံရဲ့ ဘတ်ဂျက်ကို နှစ်အပိုင်းအခြားတစ်ခုအတွင်းမှာ ဝင်ငွေ၊ ထွက်ငွေမျှတစေရမည်လို့ ကတိကဝတ်ပြုပြီး တင်းကြပ်တဲ့ငွေရေးကြေးရေးသုံးစွဲမှု စည်းမျဉ်းတွေချမှတ် အကောင်အထည်ဖော်တာမျိုး၊ နိုင်ငံမှာ ပြဋ္ဌန်းထားတဲ့ ဥပဒေတိုင်းကို အနည်းဆုံး (၁၀) နှစ်တစ်ခါ ပြန်လည်သုံးသပ်ပြီး လိုအပ်သလိုပြင်ဆင်ရေးဆွဲရမည့် ကာလစည်းကမ်းသတ်မှတ်ချက် (Sunset Clauses) တွေ ဥပဒေတိုင်းမှာ ထည့်သွင်းတာမျိုး၊ အစိုးရကနေ ဘယ်နိုင်ငံရေးပါတီကိုမှ ဘက်မလိုက်တဲ့ လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး ရေရှည်ဆောင်ရွက်ရမည့် ပြုပြင်ပြောင်းလဲရေးတွေကို အကြံပြုစေတာမျိုး၊ စသည်ဖြင့်ပါ၊ 

ဆွီဒင်နိုင်ငံဟာ လွတ်လပ်တဲ့ ကော်မရှင်ရဲ့ အကြံပြုချက်များဖြစ်တဲ့ ဝန်ထမ်းများရဲ့ "အငြိမ်းစားခံစားခွင့် (Pensions) ရန်ပုံငွေ အများစုကို ပုဂ္ဂလိကပိုင်ပြုဖို့ (Private Pensions) နဲ့ အငြိမ်းစားယူခွင့်အသက်သတ်မှတ်ချက် (Retirement Age) ကို နိုင်ငံသားများရဲ့ လူ့သက်တမ်းခန့်မှန်းချက် (Life-Expectancy) နဲ့ ဆက်နွယ်သတ်မှတ်ဖို့" စတဲ့ ပြုပြင်ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့တဲ့အတွက် တိုင်းပြည်ရဲ့ အငြိမ်းစားလစာခံစားခွင့်ရန်ပုံငွေစနစ် ပြိုလဲပျက်စီးမည့်အရေးမှ ကယ်တင်နိုင်ခဲ့ပါတယ်၊ ချီလီနိုင်ငံဟာဆိုရင်လည်း တိုင်းပြည်ရဲ့ အဓိကသယံဇာတပစ္စည်းဖြစ်တဲ့ ကြေးနီကို မတည်ညိမ်တဲ့ ဈေးကွက်မှာ အကျိုးရှိရှိရောင်းချနိုင်ပြီး ကြေးနီရောင်းချလို့ရတဲ့ ဘတ်ဂျက်ပိုငွေတွေကို အခုချက်ချင်းသုံးစွဲစေချင်တဲ့ ပြည်သူလူထုရဲ့ ဖိအားပေးမှုကိုလည်း အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ပါတယ်၊ ချီလီအစိုးရက နှစ်ပေါင်းများစွာ တိုင်းပြည်ရဲ့ ဘတ်ဂျက်မှာ ပိုငွေပြစေမည့် တင်းကြပ်တဲ့ ဘဏ္ဏာရေးမူဝါဒတွေ ချမှတ်ခဲ့ပြီး စီးပွါးရေးမတည်ညိမ်မှုကို ထိန်းချုပ်နိုင်ရေး အကြံပေးဖို့ ကျွမ်းကျင်သူများနဲ့ လွတ်လပ်တဲ့ ကော်မရှင်ဖွဲ့စည်းခဲ့ပါတယ်၊ 

အဲဒီလို ရွေးကောက်ခံအစိုးရကိုယ်တိုင်က သူ့ရဲ့ အာဏာကို သူ့ဖာသာ ကန့်သတ်လျှော့ချတာဟာ ဒီမိုကရေစီစနစ်ကို အားနည်းစေနိုင်တယ် မဟုတ်လားလို့ မေးစရာ အကြောင်းရှိပါတယ်၊ အမြဲတမ်းတော့ မဟုတ်ပါ၊ လူထုတောင်းဆိုသမျှ အားလုံးကို မလိုက်ရောဖို့ အစိုးရကိုယ်တိုင်က ကိုယ့်ကိုယ်ကို စည်းကမ်းသတ်မှတ်တာဟာ၊ အထူးသဖြင့် တိုင်းပြည်ကို စီးပွါးပျက်ပြီး လူမှုရေးပဋ္ဋိပက္ခတွေဆီ တွန်းပို့မည့် စီးပွါးရေးမူဝါဒမျိုးကို ပြည်သူတွေ မဲမပေးနိုင်အောင် ကာကွယ်တာ၊  လူများစုက အနိုင်ကျင့်နေတဲ့ လူနည်းစုကို ကာကွယ်စောင့်ရှောက်တာတွေဟာ ဒီမိုကရေစီစနစ်ကို ပိုပြီးအားကောင်းစေပါတယ်၊ ဒါပေမည့် ကျွမ်းကျင်သူပညာရှင်များကို အားကိုးတာဝန်ပေးရာမှာလည်း အလွန်အကျွံဖြစ်နိုင်တာတွေ ရှိပါတယ်၊ ကျွမ်းကျင်သူပညာရှင်များကို ကော်မရှင်ဖွဲ့စည်းပြီး အာဏာအချို့ခွဲဝေပေးတဲ့ အခါမှာ အကန့်အသတ်ရှိဖို့လိုပါတယ်၊ ကျွမ်းကျင်သူများရဲ့ မူဝါဒရေးရာအကြံညဏ်များတောင်းခံရာမှာလည်း ငွေရေးကြေးရေးမူဝါဒလို၊ အငြိမ်းစားလစာရန်ပုံငွေဆိုင်ရာမူဝါဒလို ကြီးမားတဲ့ အခန်းကဏ္ဏအချို့အတွက်သာ ဖြစ်သင့်ပြီး ကော်မရှင်ရဲ့ ဆောင်ရွက်မှုတွေဟာ ပွင့်လင်းမြင်သာမှုရှိရပါမယ်၊
ကျွမ်းကျင်သူပညာရှင်များကို ကိုယ်စားပြုအာဏာအပ်နှင်းပြီး မူဝါဒဆိုင်ရာ အကြံပြုခွင့်ပေးသလို သာမာန်ပြည်သူများကိုလည်း အရေးကိစ္စအချို့မှာ ဆုံးဖြတ်ခွင့်အာဏာပေးခြင်းဖြင့် မျှတအောင် လုပ်သင့်ပါတယ်၊ ဒီနေရာမှာ သတိပြုရမှာက အင်အားကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ဖြန့်ကျက်မှု (Globalism)   နဲ့ ဒေသဆိုင်ရာဦးစားပေးမှု (Localism) အမွှာအတွေးအခေါ် နှစ်ခုကို လှစ်လျူရှုဖို့၊ ဆန့်ကျင်ဖို့မဟုတ်ပဲ လက်ခံပြီး စနစ်တကျအသုံးပြုဖို့နဲ့ အကျိုးပြုအောင်ဖန်တီးဖို့ ဖြစ်ပါတယ်၊ ဒီအတွေးအခေါ်နှစ်ခုကို မှန်မှန်ကန်ကန် မျှမျှတတ လက်ခံကျင့်သုံးနိုင်မယ်ဆိုရင် ခိုင်မာအားကောင်းပြီးသား ဒီမိုကရေစီနိုင်ငံတွေကို အပေါ်ဘက်က တိုက်ခိုက်ခဲ့တဲ့ ကမ္ဘာပြုခြင်း၊ အောက်ဘက်ကနေ တိုက်ခိုက်ခဲ့တဲ့ အကျိုးစီးပွါးမျှော်အုပ်စုများနဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများရဲ့ မြင့်မားလာခြင်း (အသေးစားအာဏာများ မြင့်တက်မှု) တွေဟာ ဒီမိုကရေစီကို ဆုတ်ယုတ်စေနိုင်မှာမဟုတ်ပဲ ပိုလို့တောင် အားဖြည့်အားကောင်းစေမှာ ဖြစ်ပါတယ်၊

အလက်ဆစ် ဒီတော်ကူဗဲလ် (Alexis de Tocqueville) က ဒေသဆိုင်ရာ ဒီမိုကရေစီကျင့်သုံးမှုဟာ ဒီမိုကရေစီစနစ်ကို မကြာခဏဆိုသလို အကောင်းဆုံးကိုယ်စားပြုမှုဖြစ်တယ်လို့  ငြင်းချက်ထုတ်ခဲ့ပါတယ်၊ သူက "မူလတန်းကျောင်းတွေက သိပံ္ပပညာကို ကိုယ်စားပြုပြီး မြို့တော်ကောင်စီအစည်းအဝေးတွေ (Town-Meetings) က လွတ်လပ်မှုကို ကိုယ်စားပြုတယ်" လို့ပြောပါတယ်၊ "အဲဒီအစည်းအဝေးတွေက လွတ်လပ်မှုဆိုတာကို လူတိုင်းလက်လှမ်းမီနိုင်တဲ့ နေရာကို သယ်ဆောင်လာတယ်၊ အဲဒီအစည်းအဝေးတွေက လူတွေကို လွတ်လပ်ခွင့်ကို ဘယ်လိုအသုံးချပြီး ဘယ်လိုခံစားကြရမယ်ဆိုတာကို သင်ပြပေးတယ်၊" လို့သူကပြောပါတယ်၊ ပုံမှန်အားဖြင့် မြို့တော်ဝန်တွေဟာ လူထုထောက်ခံမှုမှာ တစ်နိုင်ငံလုံးကို ကိုယ်စားပြုတဲ့ နိုင်ငံရေးသမားတွေထက် နှစ်ဆလောက် မြင့်မားတတ်ကြတယ်၊ ခေတ်ပေါ်နည်းပညာတွေက အလက်ဆစ် ဒီတော်ကူဗဲလ် ရည်ညွှန်းတဲ့  မြို့တော်ကောင်စီအစည်းအဝေးတွေကို ခေတ်ပေါ်အဆင်အယင်နဲ့ အင်တာနက်ပေါ်မှာ ဖန်တီးပြီး ပြည်သူလူထုရဲ့ နိုင်ငံရေးစိတ်ဝင်စားမှု၊ ပါဝင်ပါတ်သက်မှုနဲ့ တီထွင်ဆန်းသစ်မှုတွေကို တိုးမြှင့်ပေးနိုင်လိမ့်မယ်၊ အင်တာနက်ပေါ်မှာ အဆုံးမရှိတဲ့ အကြောင်းအရာပေါင်းစုံကို လူတိုင်းက မဲပေးနိုင်ကြတာဟာ အကျိုးမျှော်အုပ်စုများရဲ့ အကျိုးစီးပွါးအတွက်လည်း ဖြစ်ချင်ဖြစ်သွားနိုင်တယ်၊ ဒါပေမည့် ခေတ်မီနည်းပညာတွေကို အသုံးချပြီး ဒီမိုကရေစီကျင့်သုံးတာနဲ့ ရပ်ကွက်ထဲက မဲရုံမှာ လူကိုယ်တိုင်မဲပေးပြီး ဒီမိုကရေစီကို တိုက်ရိုက်ကျင့်သုံးတာ နှစ်ခု တစ်ခုကိုတစ်ခု အပြန်အလှန် စစ်ဆေးထိန်းကြောင်းနိုင်ကြတယ်၊ ဥပမာအားဖြင့် လွတ်လပ်တဲ့ ဘတ်ဂျက်ကော်မရှင်တွေက ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေအတွက် ကုန်ကျစားရိတ်နဲ့ ဖြစ်နိုင်စွမ်းအခြေအနေတွေကို ခန့်မှန်းနိုင်ကြလိမ့်မယ်၊ 

နေရာအနှံ့အပြားမှာ အဲဒီလို ရောယှက်ကျင့်သုံးမှုတွေ မှန်မှန်ကန်ကန်နဲ့ တိုးတက်မှုတွေရနေပါပြီ၊ အားတက်စရာအကောင်းဆုံး ဥပမာကတော့ အမေရိကန်ပြည်ထောင်စုက ကယ်လီဖိုးနီးယားပြည်နယ် (State of California) ဖြစ်ပါတယ်၊ ဒီမိုကရေစီစနစ်ကို တိုက်ရိုက်ကျင့်သုံးခြင်းက ပြည်နယ်အသုံးစားရိတ်မြှင့်တင်ခြင်းနဲ့ ဝင်ငွေခွန်လျှော့ချခြင်းစတဲ့ အရေးကြီးပြီး ရှုပ်ထွေးတဲ့ ကိစ္စတွေမှာ လူထုကို မဲပေးဆုံးဖြတ်ခွင့်ပေးပေမည့် သက်ဆိုင်ရာ ပါတီတစ်ခုရဲ့ ပါတီဝင်များကိုသာ မဲပေးခွင့်ပြုတဲ့ ပါတီကိုယ်စားလှယ်လောင်း အကြိုရွေးကောက်ပွဲတွေ (Primaries) နဲ့ အာဏာရပါတီက ထင်သလို ချယ်လှယ်နိုင်တဲ့ လွှတ်တော်မဲဆန္ဒနယ် နယ်နမိတ်ပြန်လည်ရေးဆွဲခြင်းတွေက အစွန်းရောက်မှုတွေကို ခိုင်မာအားကောင်း စေခဲ့ပါတယ်၊  ဒါပေမည့် ကျန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ ကယ်လီဖိုးနီးယားပြည်နယ်မှာ သိသာထင်ရှားတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပါတယ်၊ ဒီ့အတွက် ရင်းနှီးမြှုတ်နှံသူနဲ့ လူသားအကျိုးပြုအလှူရှင်တစ်ဦးဖြစ်တဲ့ နီကိုလပ်စ် ဘားဂ်ဂရွန် (Nicolas Berggruen) ကို ကျေးဇူးတင်ရမှာပါ၊ ဒီပြည်နယ်က အခုဆိုရင် ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှုများရဲ့ ရေတိုအလားအလာကို တုန့်ပြန်ဆောင်ရွက်ဖို့ "ရေရှည်အတွက် စဉ်းစားရေးကော်မီတီ" (Think Long Committee) ဖွဲ့ဖို့ အဆိုပြုထားပါတယ်၊ အရင်ကလို ကြိုတင်ရွေးကောက်ပွဲတွေကို ပါတီဝင်များအတွက်သာ ကန့်သတ်မထားတော့ပဲ ပြည်နယ်သူ ပြည်နယ်သားအားလုံး ပါဝင်ခွင့်ပြုလိုက်ပါပြီ၊ ကွန်ဂရက်လွှတ်တော်မဲဆန္ဒနယ်များ နယ်နမိတ်ပြန်လည်ရေးဆွဲရေးအာဏာကိုလည်း လွတ်လပ်တဲ့ ကော်မရှင်လက်ထဲ အပ်နှံလိုက်ပါပြီ၊ ပြီးတော့ နှစ်ပေါင်းများစွာ လိုငွေပြနေတဲ့ ပြည်နယ်ဘတ်ဂျက်ကိုလည်း ဝင်ငွေ၊ ထွက်ငွေ ညီမျှအောင် ဆောင်ရွက်နိုင်ခဲ့ပါပြီ၊ ဒီအောင်ပွဲက သိပ်ကိုကြီးမား လွန်းလို့ ပြည်နယ်အထက်လွှတ်တော်ရဲ့ ခေါင်းဆောင် ဒါရဲလ် စတိုင်းဘတ် (Darrell Steinberg) က " အိပ်မက် မက်နေသလိုပဲ " လို့တောင် ပြောပါတယ်၊

အလားတူပဲ ဖင်လန်အစိုးရကလည်း လွတ်လပ်တဲ့ ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းပြီး အငြိမ်းစားလစာရန်ပုံငွေစနစ်နဲ့ပါတ်သက်လို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုများကို အကြံပေးဖို့ တာဝန်ပေးထားပါတယ်၊ တစ်ချိန်တည်းမှာပဲ အီလက်ထရောနစ် ဒီမိုကရေစီ (e-Democracy) ကို လက်ခံဖို့ ကြိုးစားနေပါတယ်၊ ကြိုးစားမှုတစ်ခုက အနည်းဆုံး နိုင်ငံသား ငါးသောင်းက ထောက်ခံတဲ့ (အင်တာနက်ပေါ်က) အဆိုပြုချက်တစ်ရပ်ကို ပါလီမန်က လက်ခံစဉ်းစားဖို့ ဖြစ်ပါတယ်၊ ဒါပေမည့် ဒီမိုကရေစီစနစ်ကို ကြံ့ခိုင်သန်စွမ်းတဲ့အခြေအနေကို ပြန်ပို့ဖို့ အဲဒီလို (နည်းပညာနဲ့ တိုက်ရိုက်ဒီမိုကရေစီ ရောယှက်ကျင့်သုံးမှု၊ အပေါ်နဲ့ အောက်ကို အကန့်အသတ်နဲ့ အာဏာခွဲဝေပေးခြင်း စတဲ့) စမ်းသတ်မှုတွေ အများအပြား လိုအပ်နေပါသေးတယ်၊

တစ်ချိန်တုံးက အမေရိကန်ပြည်ထောင်စုရဲ့ ဒုတိယမြောက် သမ္မတကြီး ဂျွန်အဒမ် (President John Adams) က ပြောခဲ့ဘူးပါတယ်၊ "ဒီမိုကရေစီဟာ ဘယ်တော့မှ ရေရှည်တည်တန့်မှာ မဟုတ်ဘူး၊ ကာလတစ်ခုအတွင်းမှာ ပြုံးတီးသွားမယ်၊ အမောဖောက်မယ်၊ ပြီးရင် သူ့ကိုယ်သူ သတ်သေလိမ့်မယ်၊ ကိုယ့်ကိုယ်ကို မသတ်သေတဲ့ ဒီမိုကရေစီဆိုတာ မရှိ ခဲ့ဘူး" တဲ့ (Democracy never lasts long. It soon wastes, exhausts and murders itself. There never was a democracy yet that did not commit sucide.) ၊ သူ အကြီးအကျယ်မှားခဲ့ပါပြီ၊ ဒီမိုကရေစီဟာ ၂၀ ရာစုနှစ်ရဲ့ အတွေးအခေါ်များ ပဋ္ဋိပက္ခမှာ အကြီးမားဆုံး အောင်မြင်သူပါ၊ ဒါပေမည့် ၂၀ ရာစုနှစ်တွင်းမှာ ဒီမိုကရေစီအောင်ပွဲခံနိုင်ခဲ့သလိုပဲ ၂၁ ရာစုနှစ်များမှာ ဆက်လက်အောင်မြင်နိုင်ဖို့ဆိုရင် ဒီမိုကရေစီစနစ်ကို တည်ဆောက်စအချိန်မှာ ဂရုတစိုက်မွေးမြူစောင့်ရှောက်ဖို့ လိုအပ်သလို ဒီမိုကရေစီစနစ် အတန်ငယ်ရင့်ကျက်ခိုင်မာလာချိန်မှာလည်း ဂရုတစိုက် ထိန်းသိမ်းစောင့်ရှောက်ရမှာ ဖြစ်ပါတယ်၊။



What's Gone Wrong with Democracy, Part (3)

(ခေတ်ရနံ့မဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၂၊ ဇွန်လ၊ ၂၀၁၄)



ဒီမိုကရေစီစနစ် ဘယ်လိုမှားယွင်းနေသလဲ !!!!

The Economist (March 1, 2014)
 
(ဘာသာပြန်သူ၊ အောင်ဒင်)

အပိုင်း (၃) ဒီမိုကရေစီ ပန်းနာရင်ကြပ်ဖြစ်ခြင်း (The Democratic Distemper)

ဒီမိုကရေစီဟာ သူ့ရဲ့ အရင်းအမြစ်မှာတောင် ဖွဲ့စည်းမှုဆိုင်ရာပြဿနာတွေကို အလေးအနက် ခံစားနေရတာပါ၊ ဒီပြဿနာတွေဟာ ရံဖန်ရံခါဖြစ်တတ်တဲ့ သီးခြားနေမကောင်းမှုမျိုးမဟုတ်ပါဘူး၊ ခေတ်ပေါ်ဒီမိုကရေစီကာလ စတင်ထွန်းကားတဲ့ ၁၉ ရာစုနောက်ပိုင်းနှစ်များမှာ ကတည်းက ဒီမိုကရေစီဆိုတာကို နိုင်ငံများဖွဲ့စည်းခြင်းနဲ့ အမျိုးသားလွှတ်တော်များပေါ်ပေါက်လာခြင်းတို့နဲ့ အဓိပ္ပာယ်ဖွင့်ဆိုကြတာပါ၊ ပြည်သူလူထုက နိုင်ငံတော်အာဏာကို သူတို့ကိုယ်စား သတ်မှတ်ထားတဲ့ ကာလတစ်ခုအတွင်း ကိုင်တွယ်ကျင့်သုံးမည့် ကိုယ်စားလှယ်တွေကို ရွေးချယ်တင်မြှောက်ကြပါတယ်၊ အဲဒီလို ဒီမိုကရေစီကို ရွေးချယ်တင်မြှောက်မှုနဲ့ ဖော်ပြတဲ့အစဉ်အလာဟာ အခုအချိန်မှာ အပေါ်ဘက်ကရော၊ အောက်ဘက်ကပါ တိုက်ခိုက်ခံနေရပါပြီ၊

အပေါ်ဘက်ကဆိုရင် ကမ္ဘာပြုခြင်း (Globalization) က အမျိုးသားနိုင်ငံရေးတွေကို အကြီးအကျယ်ပြောင်းလဲပစ်လိုက်ပါတယ်၊ နိုင်ငံရေးသမားတွေဟာ သူတို့ကိုင်တွယ်ထားတဲ့ နိုင်ငံတော်အာဏာအတော်များများ၊ ဥပမာအားဖြင့် ကုန်သွယ်ရေးနဲ့ ငွေကြေးစီးဆင်းမှု ကို ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်နဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးတွေထံ စွန့်လွှတ်လိုက်ရပါပြီ၊ ဒါကြောင့်မို့ သူတို့ဟာ သူတို့ရဲ့ မဲဆန္ဒရှင်တွေကို သူတို့ပေးခဲ့တဲ့ ကတိတွေကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့တာ တွေ့ရပါတယ်၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အစည်း (World Trade Organization)၊ ဥရောပသမဂ္ဂ (European Union) စတဲ့ နိုင်ငံတကာအဖွဲ့အစည်းကြီးများဟာ သူတို့ရဲ့ ဩဇာအာဏာနဲ့ လွှမ်းမိုးနိုင်စွမ်းတွေကို ချဲ့ထွင်နိုင်ခဲ့ကြပါတယ်၊ ဒီ့အတွက်လည်း လုံလောက်တဲ့ အကြောင်းပြချက်ရှိပါတယ်၊ ရာသီဥတုအပြောင်းအလဲ (Climate Change) လို၊ အခွန်တိမ်းရှောင်မှု (Tax Evasion) လို ကြီးမားတဲ့ ပြဿနာကြီးတွေကို နိုင်ငံတစ်ခုတည်းက မဖြေရှင်းနိုင်ပါ၊ အမျိုးသားနိုင်ငံရေးသမားတွေဟာ သူတို့ရဲ့ ဆုံးဖြတ်ချက်ချပိုင်ခွင့်တွေကို ကန့်သတ်ခြင်းနဲ့ အချို့အရေးကိစ္စတွေမှာ ဆုံးဖြတ်ချက်ချပိုင်ခွင့်အာဏာကို အရွေးချယ်ခံမဟုတ်တဲ့ ကျွမ်းကျင်သူပညာရှင်များထံ လွှဲပြောင်းပေးခြင်းဖြင့် ကမ္ဘာပြုခြင်းကို တုန့်ပြန်ကြပါတယ်၊ ဥပမာအားဖြင့် ၁၉၈၀ ခုနှစ်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခွင့်ရှိတဲ့ ဗဟိုဘဏ်ပေါင်း ၂၀ လောက်သာရှိခဲ့ရာက ဒီကနေ့မှာဖြင့် ၁၆၀ ကျော် ရှိနေပါပြီ၊

အောက်ဘက်ကလည်း အပေါ်ဘက်ကတိုက်ခိုက်မှုနဲ့ တန်းတူအားကောင်းတဲ့ စိန်ခေါ်မှုတွေ ရှိလာပါတယ်၊ အဲဒီစိန်ခေါ်မှုတွေက မူရင်းနိုင်ငံမှ ခွဲထွက်ဖို့ ကြိုးစားနေတဲ့ ကက်တလန် (Catalans) နဲ့ စကော့ (Scots) စတဲ့  ဒေသတွေ၊ အိန္ဒိယနိုင်ငံရဲ့ ပြည်နယ်များနဲ့ အမေရိကန်မြို့တော်ဝန်များထံက လာပါတယ်၊ အားလုံးက သူတို့ဒေသတွေရဲ့ အချုပ်အချာအာဏာကို နိုင်ငံတော်အစိုးရများထံက ပြန်တောင်းယူဖို့ ကြိုးစားနေကြတာပါ၊ ပြီးတော့ ကာနေးဂျီးနိုင်ငံတကာငြိမ်းချမ်းရေးဋ္ဌာန (Carnegir Endowment for International Peace) က မွိုင့်ဆက်နိုင် (Moises Naim) က "အသေးစားအာဏာတွေ" (Micro-Powers) လို့ ကင်ပွန်းတပ်တဲ့ အစိုးရမဟုတ်သောအဖွဲ့အစည်းများ (NGOs) နဲ့ အစိုးရနဲ့ပါလီမန်ရဲ့ အဆုံးအဖြတ်တွေကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ အကျိုးစီးပွါးကိုယ်စားပြု လှုံ့ဆော်သူများ (Lobbyists) ဆီကလည်း လာပါတယ်၊ သူတို့တွေဟာ သမားရိုးကျနိုင်ငံရေးအစဉ်အလာတွေကို အနှောက်အယှက်ပြုပြီး ဒီမိုကရေစီခေါင်းဆောင်၊ အာဏာရှင်ခေါင်းဆောင် အားလုံးရဲ့ ဘဝတွေကို ပိုပြီးခက်ခဲအောင် ပြုလုပ်နေကြပါတယ်၊ အင်တာနက်ကလည်း လူတွေကို စည်းရုံးလှုံ့ဆော်ရာမှာ ပိုပြီးလွယ်ကူစေပါတယ်၊ လူတွေက (Reality-TV) တယ်လီဗီးရှင်းပေါ်မှာ အပါတ်တိုင်း ပါဝင်မဲပေးနိုင်တဲ့၊ ဒါမှမဟုတ်လည်း ကလစ်တစ်ချက်နှိပ်ရုံနဲ့ ကွန်ပြူတာဖန်သားပြင်ပေါ်က အသနားခံစာ၊ တောင်းဆိုစာတစ်စောင်ကို ထောက်ခံမှုပေးနိုင်တဲ့ ဒီနေ့ကမ္ဘာကြီးမှာ ရွေးကောက်ပွဲတွေကို ပုံမှန်ကျင်းပပြီး လူထုဆန္ဒဖော်ထုတ်ခွင့်ရအောင် ဖန်တီးတည်ဆောက်ထားတဲ့ ပါလီမန်ဒီမိုကရေစီစနစ်ရဲ့ အခြေခံအဖွဲ့အစည်းများနဲ့ ယန္တရားတွေဟာ မဟုတ်တဲ့အချိန်မှာ မဟုတ်တဲ့နေရာကို ရောက်နေကြရသလိုပါ (Wrong Place, Wrong Time)၊ ဗြိတိသျှပါလီမန်အမတ်တစ်ဦးဖြစ်တဲ့ ဒေါက်ဂလတ်စ် ကာစ်ဝဲလ် (Douglas Carswell) က သမားရိုးကျနိုင်ငံရေးလုပ်ငန်းစဉ်တွေကို အခုတော့မရှိတော့ပြီဖြစ်တဲ့ HMV လို့ခေါ်တဲ့ ဗြိတိသျှ သီချင်း၊ ဓာတ်ပြားရောင်းတဲ့ ဆိုင်များနဲ့ နှိုင်းယှဉ်ပြပါတယ်၊ ဒီကနေ့လို လူတွေဟာ သူတို့နားထောင်ချင်တဲ့၊ ဝယ်ချင်တဲ့ သီချင်းတွေကို အင်တာနက်ပေါ်ကနေ ရောင်းတဲ့ ကုမ္ပဏီများကတဆင့် အကြွေးဝယ်ယူကဒ်နဲ့ ဝယ်ယူနိုင်ပြီး အင်တာနက်ပေါ်ကပဲ ရယူပိုင်ဆိုင်နိုင်တဲ့ ကမ္ဘာကြီးမှာ HMV ဆိုင်တွေ မလိုအပ်တော့ပါ၊
ဒီမိုကရေစီအတွက် အရေးအကြီးဆုံးစိန်ခေါ်မှုကတော့ အပေါ်၊ အောက် နှစ်ဘက်စလုံးကမဟုတ်ပဲ ဒီမိုကရေစီစနစ်ရဲ့ အတွင်းဘက်က လာပါတယ်၊ အဲဒါကတော့ မဲဆန္ဒရှင်ပြည်သူတွေကိုယ်တိုင်ပါပဲ၊ ဒီမိုကရေစီနဲ့ပါတ်သက်ပြီး ပလေတို (Plato) တစ်ချိန်က ခန့်မှန်းပူပင်ခဲ့တဲ့ "နိုင်ငံသားတွေဟာ အခိုက်အတန့်သာယာမှုတွေအပေါ် ကျေနပ်ပြီး တစ်နေ့ပြီးတစ်နေ့ကုန်ဆုံးလိမ့်မယ်" ဆိုတာ မှန်ကန်တဲ့ ခန့်မှန်းချက်ဖြစ်နေပါပြီ၊ ဒီမိုကရေစီအစိုးရတွေဟာ  မဲဆန္ဒရှင်ပြည်သူတွေရဲ့ ကာလတိုတစ်ခုအတွက် လိုအင်ဆန္ဒကို ဖြည့်ဆီးပေးနိုင်ဖို့ အတွက် ပိုက်ဆံတွေ ချေးငှါးရင်း အနာဂတ်အတွက် ရင်းနှီးမြှုတ်နှံမှုတွေမလုပ်နိုင်ပဲ အကြွေးတွေ၊ ဘတ်ဂျက်လိုငွေပြမှုတွေနဲ့ အမြဲရင်ဆိုင်နေကြရတာ အစဉ်အလာလို ဖြစ်နေပါပြီ၊ ပြင်သစ်နဲ့ အီတလီအစိုးရတွေဟာ ဘတ်ဂျက်လိုငွေပြမှုကို မရပ်တန့်နိုင်တာ နှစ်ပေါင်း (၃၀) ကျော်ပါပြီ၊ ကမ္ဘာ့ငွေရေးကြေးရေးအကြပ်အတည်း (Financial Crisis) က အကြွေးတွေနဲ့ ရပ်တည်ရှင်သန်နေရတဲ့ ဒီမိုကရေစီစနစ်ရဲ့ မတည်ငြိမ်၊ မအောင်မြင်နိုင်မှုကို ထင်ထင်ရှားရှားဖော်ထုတ်ပြသလိုက်ပါတယ်၊

တိုင်းပြည်ဘဏ္ဏာထဲက ဖြစ်စေ၊ နိုင်ငံတကာငွေကြေးအဖွဲ့အစည်းများက ရတဲ့ ချေးငွေနဲ့ဖြစ်စေ ငွေရေးကြေးရေးအကြပ်အတည်းကို ပြေလည်စေပြီးတဲ့နောက် နိုင်ငံရေးသမားတွေအဖို့ ပုံမှန်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုတွေရှိခဲ့တုံးက၊ ငွေကြေးတွေကို အလွယ်တကူချေးငှါးနိုင်ခဲ့တဲ့ ကာလတွေတုံးက  နှစ်ပေါင်းများစွာ ရှောင်လွဲခဲ့တဲ့ ခက်ခဲတဲ့ လက်ရှိကာလမှာ ချိုးခြံချွေတာပြီး အနာဂတ်ကာလအတွက်ကြိုတင်ပြင်ဆင်မှုတွေကို မလွဲမသွေဆောင်ရွက်ရတော့မှာ ဖြစ်ပါတယ်၊ ဒါပေမည့်လည်း ပြည်သူလူထုကို ချိုးခြံချွေတာကြဖို့ တိုက်တွန်းရင်း အသုံးစားရိတ်တွေနဲ့ လခတွေကို လျှော့ချတာ ရွေးကောက်ပွဲမှာ လူကြိုက်များတဲ့ ကိစ္စမဟုတ်ပါ၊ 

ဖွံ့ဖြိုးတိုးတက်မှုနှုံး နှေးကွေးတာနဲ့ တိုင်းပြည်ရဲ့အသုံးစားရိတ်တွေကို ဖြတ်တောက်ကန့်သတ်ရတာတွေက အကန့်အသတ်ရှိတဲ့ အရင်းအမြစ်တွေကို အလုအယက်ပြိုင်ဆိုင်ရတဲ့ ပဋ္ဋိပက္ခတွေကို လှုံ့ဆော်ပေးလိုက်ပါတယ်၊ ပိုပြီးဆိုးတာတာ အဲဒီလိုအကျိုးစီးပွါးပြိုင်ဆိုင်မှုတွေက အနောက်နိုင်ငံတွေမှာ သက်ကြီးရွယ်အိုတွေ ပိုပြီးများပြားလာတဲ့ အချိန်တဲ့ တိုက်ဆိုင်ဖြစ်ပေါ်နေတာပါ၊ အသက်ကြီးတဲ့ ပုဂ္ဂိုလ်တွေက သူတို့ရဲ့အသံကို နိုင်ငံရေးသမားတွေက ကြားအောင်ဆောင်ရွက်ရာမှာ လူငယ်တွေထက် အမြဲပိုသာပါတယ်၊ အစိုးရနဲ့ နိုင်ငံရေးသမားတွေကို သူတို့ရဲ့ မဲဆန္ဒပေးနိုင်တဲ့ အင်အားပမာဏကိုပြပြီး ထိထိရောက်ရောက်ဖိအားပေးနိုင်ပါတယ်၊ သူတို့ရဲ့ မဲပေးနိုင်တဲ့ အရေအတွက်ကလည်း အမြဲတိုးပွါးနေတာပါ၊ ဒီမိုကရေစီနိုင်ငံ အတော်များများဟာ အခုဆိုရင် အတိတ်ကာလနဲ့ အနာဂတ်ကာလ အကြားတိုက်ပွဲ၊ အငြိမ်းစားလစာနဲ့ ထောက်ပံ့ကြေးတွေကို ခံစားပိုင်ခွင့်ရှိတဲ့ သက်ကြီးရွယ်အိုများနဲ့ အနာဂတ်အတွက် လိုအပ်နေတဲ့ ရင်းနှီးမြှုတ်နှံမှုများအကြား ပဋ္ဋိပက္ခတွေကို ရင်ဆိုင်နေကြရပါပြီ၊
ပြည်သူတွေရဲ့ နိုင်ငံရေးစနစ်အပေါ်၊ နိုင်ငံရေးသမားတွေအပေါ် သံသယစိတ်တွေ ပိုပြီးကြီးမားလာတာကလည်း ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းနိုင်အောင် လေ့ကျင့်ရတာကို ပိုပြီးခက်ခဲစေပါတယ်၊ ပြည်သူတွေရဲ့ နိုင်ငံရေးပါတီဝင်မှုနှုံးထားဟာလည်း ဖွံ့ဖြိုးပြီးနိုင်ငံတွေအားလုံးမှာ လျော့ကျနေပါတယ်၊ ဗြိတိန်နိုင်ငံမှာဆိုရင် ၁၉၅၀ ခုနှစ်များဆီက လူဦးရေရဲ့ (၂၀) ရာခိုင်နှုံးလောက်က နိုင်ငံရေးပါတီဝင်များဖြစ်ခဲ့ကြပြီး ဒီနေ့မှာတော့ စုစုပေါင်းလူဦးရေရဲ့ (တစ်) ရာခိုင်နှုံးသာ နိုင်ငံရေးပါတီဝင်ကြတာ တွေ့ရပါတယ်၊ ရွေးကောက်ပွဲတွေမှာ မဲပေးကြတဲ့ မဲဆန္ဒရှင်များရဲ့ အရေအတွက်ဟာလည်း ကျဆင်းလာပါတယ်၊ ဒီမိုကရေစီနိုင်ငံပေါင်း (၄၉) နိုင်ငံကို လေ့လာကြည့်ရာမှာ ၂၀၀၇ ခုနှစ်နဲ့ ၂၀၁၃ ခုနှစ်အတွင်း ရွေးကောက်ပွဲများမှာ မဲဆန္ဒပေးသူများဟာ ၁၉၈၀ ခုနှစ်နဲ့ ၁၉၈၄ ခုနှစ်များအတွင်း မဲဆန္ဒပေးသူများထက် (၁၀) ရာခိုင်နှုံး လျော့နည်းတာတွေ့ရပါတယ်၊ ၂၀၁၂ ခုနှစ်မှာ ဥရောပနိုင်ငံ (၇) နိုင်ငံမှာ ပြုလုပ်တဲ့ စစ်တမ်းတစ်ခုမှာ (၅၀) ရာခိုင်နှုံးကျော်တဲ့ မဲဆန္ဒရှင်များက သူတို့ရဲ့ အစိုးရအပေါ် လုံးဝအယုံအကြည်မရှိဘူးလို့ ထုတ်ဖော်ပြောဆိုကြပါတယ်၊ ဗြိတိန်နိုင်ငံမှာ ၂၀၁၂ ခုနှစ်မှာပဲ ကောက်ခံတဲ့ ပြည်သူ့ဆန္ဒခံယူမှု (Public Opinion Poll) တစ်ခုမှာ ဖြေဆိုသူများရဲ့ (၆၂) ရာခိုင်နှုံးက နိုင်ငံရေးသမားတွေဟာ မုသာဝါဒတွေကိုပဲ တစ်ချိန်လုံးပြောနေကြတယ်လို့ သဘောတူကြပါတယ်၊

ဒီအတောအတွင်းမှာပဲ ရယ်စရာတစ်ခုဖြစ်အောင် ဖန်တီးခြင်းနဲ့ တစ်စုံတစ်ရာကို အမှန်တကယ် ဆန့်ကျင်ဆန္ဒပြဖို့ လှုံ့ဆော်ခြင်းတို့ကြားက နယ်နမိတ်စည်းဟာလည်း အလျင်အမြန် ပျက်သုံးနေပါတယ်၊ ၂၀၁၀ ခုနှစ်က အိုင်းစလန်နိုင်ငံ (Iceland) ရဲ့ ရေကြာဗစ်မြို့တော်ကောင်စီ (Reykjavik’s City Council) ရွေးကောက်ပွဲမှာ အနိုင်ရရင် ဗြောင်လာဘ်စားမယ်လို့ အတိအကျကြွေးကြော်မဲဆွယ်ခဲ့တဲ့ "အကောင်းဆုံးပါတီ" (Best Party) က ဒုတိယအကျော့ ယှဉ်ပြိုင်ခွင့်ရဖို့ လုံလောက်တဲ့ ထောက်ခံမဲတွေ ရခဲ့ပါတယ်၊ ၂၀၁၃ ခုနှစ်မှာ အီတလီနိုင်ငံက မဲဆန္ဒရှင်များရဲ့ (၂၅) ရာခိုင်နှုံးက လူရွှင်တော်တစ်ယောက်ဖြစ်တဲ့ ဘက်ပီဂရီလို (Beppe Grillo) ခေါင်းဆောင်တဲ့ ပါတီကို မဲပေးခဲ့ကြပါတယ်၊  ပြည်သူတွေကိုယ်တိုင်က အစိုးရတွေဆီက သိပ်ပြီးမမျှော်လင့်ထားဘူးဆိုရင် အဲဒီလို ပြည်သူလူထုရဲ့ နိုင်ငံရေးစနစ်အပေါ် သံသယရှိမှုတွေဟာ ကြံ့ခိုင် ကောင်းမွန်တဲ့ အားတစ်ခုဖြစ်ပါလိမ့်မယ်၊ ဒါပေမည့် ပြည်သူတွေဟာ သူတို့မယုံကြည်ဘူးဆိုတဲ့ အစိုးရများဆီက အများကြီးရဖို့ ဆက်ပြီးမျှော်လင့်နေကြပြန်တယ်၊ အဲဒီလို သံသယနဲ့ လိုချင်မှုတွေ တစ်ပြိုင်ထဲရှိခြင်းရဲ့ ရလဒ်ကတော့ အဆိပ်အတောက်နဲ့ မတည်ငြိမ်မှုတွေ ရောထွေးနေတဲ့ မသေချာမှု၊ သူတို့မလေးစားတဲ့အစိုးရအပေါ် သူတို့ကိုယ်တိုင်က မှီခိုနေရမှုပါ၊ သူတို့ရဲ့ မှီခိုမှုကြောင့် အစိုးရတွေက အလွန်အကျွံသုံးစွဲတာတွေပြုလုပ်ပြီး ကြွေးမြီတွေပိုပြီးများပြားလာပါတယ်၊ တစ်ချိန်တည်းမှာပဲ လူထုရဲ့ မလေးစားမှုက အစိုးရရဲ့ တရားဝင်လူထုကိုယ်စားလှယ်ဖြစ်မှုကို မှေးမှိန်စေပါတယ်၊ ဒီလိုနဲ့ ဒီမိုကရေစီ ဖရိုဖရဲဖြစ်မှုနဲ့ ဒီမိုကရေစီပန်းနာရင်ကြပ်ရောဟာတို့ တစ်ချိန်တည်း၊ တစ်ပြိုင်တည်းဖြစ်ပေါ်နေကြပါတယ်၊
ဒီမိုကရေစီရဲ့ မူလအတွင်းသဏ္ဏန်မှာ တည်ရှိနေတဲ့ ပြဿနာတွေက နေရာအနှံ့မှာ ဒီမိုကရေစီဆုတ်ယုတ်မှုတွေ ဘာကြောင့်ဖြစ်နေရသလဲဆိုတာကို နားလည်စေပါတယ်၊ ၂၀ ရာစုနှစ်တွေထဲမှာ ဒီမိုကရေစီရှင်သန် အောင်မြင်ရခြင်းရဲ့ အကြောင်းတစ်ချက်က အမေရိကန်ပြည်ထောင်စုရဲ့ ပြိုင်ဘက်ကင်းတဲ့ အားကောင်းလွှမ်းခြုံမှု (American Hegemony) ဖြစ်ပါတယ်၊ နိုင်ငံအများစုဟာ သဘာဝကျစွာပဲ ကမ္ဘာ့ဦးဆောင် အင်အားကြီးအမေရိကန်နိုင်ငံကို အတုယူကြတယ်၊ ပုံတူကူးချကြတယ်၊ စနစ်ချင်းတူအောင် ကြိုးစားကြတယ်၊ 

ဒါပေမည့် တရုတ်နိုင်ငံ အားကောင်းကြံ့ခိုင်လာပြီး တရုတ်ရဲ့ ကမ္ဘာတစ်ဝှမ်းလွှမ်းခြုံနိုင်မှုတွေ မြင့်မားလာချိန်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံများဟာ ဒီမိုကရေစီစနစ်က စံပြနိုင်ငံများအဖြစ်ကနေ လျောကျခဲ့ကြတယ်၊ ဒီမိုကရေစီ ဖြန့်ကျက်နိုင်စွမ်းတွေ လျော့နည်းလာကြတယ်၊ အမေရိကန်ပြည်ထောင်စုမှာ အိုဘားမားရဲ့အစိုးရဟာ “ဒီမိုကရေစီဖြန့်ကျက်ခြင်းကလည်း အာဏာရှင်အစိုးရတွေ၊ အစွန်းရောက်အစ္စလမ်ဝါဒီတွေကို မွေးဖွားပေးနိုင်တယ်” ဆိုတဲ့ အကြောက်တရားနဲ့ မလှုပ်မရှက်ဖြစ်နေသလို ထင်ရတယ်၊ ပြီးတော့ ကမ္ဘာ့ထိပ်တန်းဒီမိုကရေစီနိုင်ငံကြီးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာ အနာဂတ်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ မပြောနဲ့ နှစ်တစ်နှစ်စာ ဘတ်ဂျက်ကိုတောင်မှ အလွယ်တကူ၊ အချိန်မီအတည်မပြုနိုင်တဲ့ အခြေအနေမျိုးမှာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဒီမိုကရေစီကို သူတို့နိုင်ငံများအတွက်သင့်တော်တဲ့ စံပြနိုင်ငံရေးစနစ်အဖြစ် ဘယ်လိုလုပ်ပြီး လက်ခံနိုင်ကြမှာလဲ၊ ဥရောပမှာဆိုရင်လည်း ထိပ်တန်းဥရောပခေါင်းဆောင်တွေက လူထုရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတွေကို ဖြုတ်ချပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့ အစားထိုးလို့ တိုင်းပြည်တစ်ပြည်ရဲ့ စီးပွါးရေး ကျဆင်းမှုကို ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ အခြေအနေမျိုးမှာ ဘယ်လို အာဏာရှင်မျိုးက ဥရောပရဲ့ ဒီမိုကရေစီဟောပြောမှုတွေကို နားထောင်ကြမှာလဲ၊
တစ်ချိန်တည်းမှာပဲ ထွန်းသစ်စဒီမိုကရေစီနိုင်ငံများမှာလည်း ချမ်းသာတဲ့နိုင်ငံများမှာလိုပဲ ပြဿနာတွေ တွေ့ကြုံနေရပါတယ်၊ အဲဒီနိုင်ငံတွေမှာလည်း ရေရှည်ကာလအတွက် ရင်းနှီးမြှုတ်နှံမှုတွေမလုပ်ပဲ ကာလတိုအတွက် အလွန်အကျွံသုံးစွဲခဲ့ကြတယ်၊ ဘရာဇီးနိုင်ငံမှာဆိုရင် အစိုးရဝန်ထမ်းတွေကို အသက် (၅၃) နှစ်မှာ အငြိမ်းစားယူဖို့ ခွင့်ပြုခဲ့တယ်၊ ဒါပေမည့် တိုင်းပြည်ရဲ့ ခေတ်နောက်ကျနေတဲ့ လေဆိပ်များကို ပြင်ဆင်မွမ်းမံဖို့၊ ခေတ်မီအောင်လုပ်ဖို့ ပျက်ကွက်ခဲ့ပါတယ်၊ အိန္ဒိယနိုင်ငံမှာ အမျိုးမျိုးသော အခွင့်အရေးတောင်းခံသူအုပ်စုများ (Interest Groups) အတွက် ငွေကြေးအမြောက်အများသုံးစွဲနေရပေမည့် တိုင်းပြည်ရဲ့ ခေတ်နောက်ကျနေတဲ့ အခြေခံအဆောက်အအုံတွေအပေါ်မှာ ရင်းနှီးမြှုတ်နှံမှုက နည်းလှပါတယ်၊ ဒီမိုကရေစီစနစ်ဟာ အခွင့်အရေးတောင်းခံသူအုပ်စုများ ရဲ့ သိမ်းပိုက်မှုနဲ့ ဒီမိုကရေစီမဆန်တဲ့ အလေ့အကျင့်များရဲ့ ဖျက်ဆီးမှုတွေကို ခံနေရပါတယ်၊ ပက်ထရစ်ဖရန့် (Patrick French) လို့ခေါ်တဲ့ ဗြိတိသျှသမိုင်းပညာရှင်က အိန္ဒိယ အောက်လွှတ်တော်မှာ အသက် (၃၀) အောက် အမတ်များအားလုံးဟာ နိုင်ငံရေးထိပ်သီးများရဲ့ မျိုးဆက်များ (Political Dynasty) ဖြစ်တယ်လို့ ဆိုပါတယ်၊ အရင်းရှင်လောကရဲ့ ထိပ်သီးခေါင်းဆောင်တွေထဲမှာတောင်မှ ဒီမိုကရေစီအပေါ်ထောက်ခံမှုက ကျဆင်းနေပါတယ်၊ 

အိန္ဒိယနိုင်ငံရဲ့ စီးပွါးရေးထိပ်သီးကြီးများက ပြောပါတယ်၊ "တရုတ်နိုင်ငံရဲ့ အာဏာရှင်စနစ်က အဝေးပြေးလမ်းမကြီးတွေ၊ တောက်ပြောင်ခန်းနားတဲ့ နိုင်ငံတကာလေဆိပ်ကြီးတွေ၊ မြန်နှုံးမြင့်ရထားတွေ တည်ဆောက်ပေးနေချိန်မှာ အိန္ဒိယနိုင်ငံရဲ့ ပြဿနာပေါင်းစုံလှတဲ့ ဒီမိုကရေစီစနစ်က ပုတ်သိုးဆွေးမြေ့နေတဲ့ အခြေခံအဆောက်အအုံတွေကိုပဲ ဖန်တီးပေးတယ်၊" တဲ့၊

ဒီမိုကရေစီစနစ်ဟာ နောက်ပြန်ဆုတ်ရတဲ့အခြေအနေမျိုးနဲ့ အရင်တုန်းကလည်း ကြုံခဲ့ဘူးပါတယ်၊ ၁၉၂၀ ခုနှစ်များနဲ့ ၁၉၃၀ ခုနှစ်များမှာ ကွန်မြူနစ်ဝါဒနဲ့ ဖက်ဆစ်ဝါဒတွေကို အလားအလာကောင်းတယ်လို့ ထင်ခဲ့ကြဘူးပါတယ်၊  စပိန်နိုင်ငံမှာ ၁၉၃၁ ခုနှစ်မှာ ပါလီမန်ဒီမိုကရေစီအစိုးရကို အခိုက်အတန့်အားဖြင့် ပြန်လည်တည်ဆောက်နိုင်ခဲ့ပါတယ်၊ အဲဒီတုံးက မူဆိုလိုနီ (benito Mussolini) က ပါလီမန်ဒီမိုကရေစီစနစ် ပြန်လည်ရှင်သန်လာတာကို လျှပ်စစ်ခေတ်ကြီးမှာ ဆီမီးခွက်ထွန်းရတဲ့ ဘဝကို ပြန်သွားတာပဲလို့ ရှုပ်ချခဲ့ဘူးပါတယ်၊ ၁၉၇၀ ခုနှစ်များအလယ်လောက်မှာ ဂျာမန်ဝန်ကြီးချုပ်ဟောင်း ဝီလီဘရန့် (Willy Brandt) က "အနောက်ဥရောပနိုင်ငံများမှာ ဒီမိုကရေစီရှင်သန်ဖို့ နောက်အနှစ် ၂၀ သို့မဟုတ် ၃၀ လောက်ပဲ ကျန်တော့တယ်၊ အဲဒီနောက်မှာ အနောက်ဥရောပဟာ မောင်းနှင်အားမဲ့၊ အခုအခံမဲ့ဖြစ်ပြီး ပါတ်ဝန်းကျင်က အာဏာရှင်စနစ်ပင်လယ်ကြီးထဲကို ကျဆင်းသွားလိမ့်မယ်" လို့ ဟောကိန်းထုတ်ခဲ့ပါတယ်၊ ဒီနေ့အချိန်မှာ အခြေအနေက အဲဒီလောက်တော့ မဆိုးသေးပါ၊ ဒါပေမည့် တရုတ်ရဲ့ စီးပွါးရေးတိုးတက်မှုနဲ့ နိုင်ငံရေးဩဇာဖြန့်ကျက်မှုတွေက ဒီမိုကရေစီစနစ်ကို ကွန်မြူနစ်ဝါဒက ခြိမ်းခြောက်နိုင်ခဲ့တာထက် ပိုပြီးကြီးကြီးမားမား ခြိမ်းခြောက်နေတာ အထင်အရှားပါ၊
တကယ်တော့ တရုတ်နိုင်ငံရဲ့ အံ့ဩစရာကောင်းလှတဲ့ အောင်မြင်မှုတွေကလည်း ပိုပြီးနက်ရှိုင်းတဲ့ ပြဿနာတွေကို ဖုန်းကွယ်ထားတာပါ၊ ကွန်မြူနစ်ပါတီခေါင်းဆောင်တွေဟာ တဖြေးဖြေးနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုတွေ လွန်ကဲပြီး ကိုယ်ကျိုးစီးပွါးဦးစားပေးတဲ့ အုပ်စုတွေဖြစ်လာကြပါတယ်၊ တရုတ်ပြည်ရဲ့ လွှတ်တော်ဖြစ်တဲ့ တရုတ်အမျိုးသားပြည်သူ့ကွန်ဂရက် (China’s National People’s Congress) အဖွဲ့ဝင်တွေထဲက အချမ်းသာဆုံး ပုဂ္ဂိုလ် (၅၀) ပေါင်းပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ သန်းထောင်ပေါင်း (၉၄ ဒဿမ ၇) လောက် ကြွယ်ဝချမ်းသာကြပါတယ်၊ အဲဒီပမာဏဟာ အမေရိကန် ကွန်ဂရက်လွှတ်တော်က အချမ်းသာဆုံး လွှတ်တော်အမတ် (၅၀) စုပေါင်းပိုင်ဆိုင်တာထက် အဆပေါင်း (၆၀) ပိုများပါတယ်၊ တရုတ်နိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှုဟာလည်း အရင်တုံးက (၁၀) ရာခိုင်နှုံးလောက် ရှိခဲ့ရာကနေ (၈) ရာခိုင်နှုံးအထိ ကျဆင်းလာခဲ့ပြီး ဆက်လက်ပြီး ကျဆင်းမဲ့အခြေအနေရှိပါတယ်၊ ဒါဟာဖြင့် စီးပွါးရေးပုံမှန်တိုးတက်မှုတွေနဲ့ ပြည်သူလူထုလက်ခံအောင် ကြိုးစားနေရတဲ့ တရုတ်ကွန်မြူနစ်အစိုးရအတွက် ကြီးမားတဲ့ စိန်ခေါ်မှုကြီးပါ၊

တစ်ချိန်တည်းမှာပဲ ၁၉ ရာစုနှစ် ပြင်သစ်နိုင်ငံရေးအတွေးအခေါ်ရှင် အလက်ဆစ် ဒီတော်ကူဗဲလ် (Alexis de Tocqueville) က "ဒီမိုကရေစီစနစ်ဟာ အမြဲတမ်းပဲ အမှန်တကယ်ထက်ပိုပြီး အားနည်းတယ်လို့ မြင်ရလိမ့်မယ်" လို့ ညွှန်ပြခဲ့သလိုပါပဲ၊ အပေါ်ယံမှာ စိတ်ရှုပ်ထွေးစရာကောင်းလှတဲ့ ပြဿနာတွေနဲ့ မြင်တွေ့နေရပေမည့် ဒီမိုကရေစီစနစ်မှာ အလွယ်တကူမမြင်တွေ့ရတဲ့ ခွန်အားတွေအများကြီး ရှိနေပါသေးတယ်၊ တကယ်တော့လည်း ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲကတဆင့် ပြည်သူမကြိုက်တော့တဲ့ ခေါင်းဆောင်ကို ဖယ်ရှားပြီး ခေါင်းဆောင်အသစ်တင်မြှောက်လို့ မူဝါဒအသစ်တွေနဲ့ တိုင်းပြည်ရဲ့ ပြဿနာတွေကို ဦးဆောင်ဖြေရှင်းစေနိုင်တာကိုက ဒီမိုကရေစီစနစ်က အာဏာရှင်စနစ်ထက် အများကြီးပိုကောင်းမွန်နေပါပြီ၊ အထူးသဖြင့် ပြဿနာများကို ဖြေရှင်းဖို့ ပိုမိုကောင်းမွန်တဲ့နည်းလမ်းများကို ရှာဖွေကြရာမှာ၊ အင်မတန်ကြီးမားလှတဲ့ စိန်ခေါ်မှုတွေကို တိုးမြှင့်ရင်ဆိုင်ရာမှာ ဒီမိုကရေစီက အာဏာရှင်စနစ်ထက် ပိုပြီးသာလွန်ပါတယ်၊ ဒါပေမည့်လည်း မှန်ကန်တဲ့ မူဝါဒနဲ့ ဖြေရှင်းနိုင်တဲ့နည်းလမ်းများဆီ မရောက်မီ ရှေ့တိုးရ၊ နောက်ဆုတ်ရတဲ့ ကာလတစ်ခုကိုတော့ မလွဲမသွေဖြတ်သန်းရမှာပါ၊ ဒါပေမည့် ဒီမိုကရေစီစနစ် ခိုင်မာပြီးသားနိုင်ငံများမှာရော၊ စတင်ကျင့်သုံးစနိုင်ငံများမှာရော၊ အောင်မြင်မှုတွေရဖို့ ဒီမိုကရေစီကို ခိုင်မာတဲ့ အခြေခံပေါ်မှာ တည်ဆောက်ရမှာဖြစ်ပါတယ်၊