BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label mizzima. Show all posts
Showing posts with label mizzima. Show all posts

Monday, August 4, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)


(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၅ ရက်၊ ၂၀၁၄၊ အင်္ဂါနေ့၊ စာမျက်နှာ ၁၆)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၅)
အောင်ဒင်

#ပြည်သူ့သဘောထားက ပိုအရေးကြီးသည်

အမေရိကန်အစိုးရက နံမည်ပျက်စာရင်းဝင် ခရိုနီများနဲ့ စတင်ထိတွေ့ဆက်ဆံပြီးတဲ့နောက် ခရိုနီများအနေနဲ့ နံမည်ပျက်စာရင်းက လွတ်မြောက်ရေး ကြိုးစားကြလိမ့်မယ်ထင်ပါတယ်။ ရှေ့မှာ ဖော်ပြခဲ့တဲ့ လုပ်ငန်းစဉ် (၄) ခုအတိုင်း အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကို နံမည်ပျက်စာရင်းမှ ဖယ်ရှားရေး တောင်းဆိုမှုတွေ လုပ်ကြလိမ့်မယ်ထင်ပါတယ်။ အဲဒီလို တောင်းဆိုကြတဲ့အခါ အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကလည်း ဒီခရိုနီများရဲ့  စီးပွါးရေးလုပ်ငန်းများဟာ စစ်ခေါင်းဆောင် အဟောင်း၊ အသစ်များနဲ့ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများမှာ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းရှင်းခြင်း ရှိ၊မရှိ၊ ၎င်းတို့ရဲ့ စီးပွါးရေးဆောင်ရွက်မှုများဟာ ကျင့်ဝတ်သိက္ခာနဲ့ ညီ၊ မညီ စစ်ဆေးကြပါလိမ့်မယ်။ ဖော်ပြပါ တိုင်းတာမှုများအပြင် အမေရိကန်အစိုးရက အလေးအနက်ထည့်သွင်းစဉ်းစားမည့် အချက်တစ်ချက်ရှိပါသေးတယ်။ အဲဒါကတော့ ဒီခရိုနီစီးပွါးရေးသမားများအပေါ် ပြည်သူလူထုရဲ့  သဘောထားအမြင်ဖြစ်ပါတယ်။ ပြည်သူတွေက ချစ်အောင်နေလို့ ပြည်သူတွေက လက်ခံအသိအမှတ်ပြုသူအတွက် နံမည်ပျက်စာရင်းက ဖယ်ရှားခံရရေး လွယ်ကူပါလိမ့်မယ်။ ပြည်သူတွေအပေါ် ဆက်လက်စော်ကားနေပြီး ပြည်သူလူထုကလည်း မုန်းတီးနာကျည်းဆဲဖြစ်သူများ အတွက် နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ ခက်ခဲမှာပါ။

မြန်မာပြည်သူတွေဟာ ခွင့်လွှတ်တတ်ကြသူတွေပါ။ စစ်အာဏာရှင်စနစ်နဲ့ စစ်တပ်အုပ်စိုးမှုခေတ်ကို အားကောင်းမောင်းသန်ဖြစ်အောင် ပံ့ပိုးကူညီခဲ့ကြလို့ ဒီခရိုနီစီးပွါးရေးသမားတွေကို အမုန်းကြီးမုန်းကြပေမည့် အပြောင်းအလဲကာလမှာ ဒီခရိုနီတွေ အမြင်မှန်ရပြီး ပြည်သူလူထုဘက်ကို ပူးပေါင်းပါဝင်လာကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြ၊ ကြိုဆိုကြမှာပါ။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကာလမှာ ပြည်သူ့ဘက်ကို ပူးပေါင်းလက်တွဲလာကြတဲ့ တပ်မတော်သားတွေကို ပြည်သူလူထုက ဝမ်းသာအားရ ကြိုဆိုကြသလိုပေါ့။

ဒါပေမည့် ခရိုနီများရဲ့  ပြည်သူ့ဘက်ကို ကူးပြောင်းမှုဟာ ရိုးသားစင်ကြယ်ဖို့လိုအပ်ပါတယ်။ အခုအချိန်အထိ တွေ့နေရတာကတော့ သူတို့ကိုးကွယ်ခဲ့တဲ့ စစ်ခေါင်းဆောင်ဟောင်းများ အနားယူသွားပြီး အချို့ အရပ်ဝတ်လဲလို့ ပြည်သူ့ကိုယ်စားလှယ်အဖြစ် ပြောင်းလဲနေကြတာတောင်မှ ခရိုနီစီးပွါးရေးသမားအများစုရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲကြသေးပါ။ သမ္မတ ၊ ဒု-သမ္မတများနဲ့ ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ တိုင်းခန်းလှည့်လည်ရာကို ကောက်ကောက်ပါအောင်လိုက်ပြီး သမ္မတနဲ့ ဝန်ကြီးများ လက်ညှိုးညွှန်ရာမှာ အလှူဒါနတွေလုပ်နေကြဆဲပါ။ မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုတဲ့ စီးပွါးရေးလုပ်ပိုင်ခွင့်အများစုကိုလည်း အာဏာပိုင်များနဲ့ နီးစပ်တဲ့ ခရိုနီများကပဲ ရရှိနေပါတယ်။ အစိုးရက ချီးမြှင့်တဲ့ ဂုဏ်ပြုဆုတွေကိုလည်း သူတို့ပဲ အများဆုံးရရှိနေကြတာပါ။ တစ်ဖက်မှာ ဗိုလ်ချုပ်တွေနဲ့ ဂေါက်သီးအတူရိုက်၊ ဗိုလ်ချုပ်တွေရဲ့ မိသားစုတွေကို ပစ္စည်းလေးပါးထောက်ပံ့နေပြီး တစ်ဖက်မှာလည်း ဒီမိုကရေစီအင်အားစုရဲ့ နိုင်ငံရေးခေါင်းဆောင်အချို့ကို လိုအပ်တာတွေ လျှို့ဝှက်ပြီး ဖြည့်ဆီးပေးလို့ နှစ်ဖက်စလုံးကို တစ်ပြိုင်ထဲဝယ်ယူနေတဲ့ ခရိုနီတွေလည်း အများကြီးပါ။ တစ်ဖက်မှာ လယ်မြေဧကပေါင်း သောင်းနဲ့ချီပြီး အဓမ္မသိမ်းဆည်းလို့ လယ်သမားများ၊ ဆင်းရဲသားများကို လယ်မဲ့၊ ယာမဲ့၊ အိုးအိမ်မဲ့ ဖြစ်စေခဲ့ပြီး တစ်ဖက်မှာတော့ တန်ခိုးကြီးဆရာတော်တွေကို အမြင့်မားဆုံးကိုးကွယ်၊ ဘုရားတွေတည်၊ ကျောင်းတွေဆောက်ပြီး သာသနာ့ဒယကာအမည်ခံနေတဲ့ ခရိုနီများလည်း ရှိပါသေးတယ်။

ဒီခရိုနီတွေရဲ့  အကျင့်စရိုက်တွေ မပြောင်းလဲသ၍ မြန်မာပြည်သူတွေက သူတို့ကို ခွင့်လွှတ်ဖို့၊ လက်ခံဖို့ ခက်ပါလိမ့်မယ်။ မြန်မာပြည်သူတွေက ခွင့်မလွှတ်နိုင်ရင် အမေရိကန်အစိုးရကလည်း နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ ခက်ပါလိမ့်မယ်။ နံမည်ပျက်စာရင်းမှာ နောက်ထပ် ခရိုနီစီးပွါးရေးသမားတွေ ထပ်ဖြည့်ပြီး တိုးချဲ့အရေးယူတာတောင် ရှိနိုင်ပါသေးတယ်။

သမ္မတ အိုဘားမားက ၂၀၁၂ ခုနှစ်၊ ဇူလိုင်လ (၁၁) ရက်နေ့မှာ ထုတ်ပြန်တဲ့ သမ္မတအမိန့် ၁၃၆၁၉ (Executive Order 13619) နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘဏ္ဍာရေးဝန်ကြီးကို မြန်မာနိုင်ငံမှာ "လက်ရှိနိုင်ငံရေးပြောင်းလဲမှုဖြစ်စဉ်ကို ဟန့်တားနှောက်ယှက်သူများ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကို နှောက်ယှက်ဟန့်တားသူများ၊ မြောက်ကိုရီးယားအစိုးရနှင့် စစ်လက်နက်ရောင်းဝယ်ရေးဆိုင်ရာ ဆက်ဆံရေးရှိသူများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ပါဝင်ပါတ်သက်သူများ၊ အထက်ဖော်ပြပါ  ပုဂ္ဂိုလ်များကို ရုပ်ပိုင်းဆိုင်ရာ၊ ငွေကြေးဆိုင်ရာ၊ နည်းပညာနှင့် စာရင်းအင်းဆိုင်ရာ ကူညီထောက်ပံ့သူများ၊ အထက်ဖော်ပြပါ ပုဂ္ဂိုလ်များအတွက် လုပ်ငန်းဆောင်ရွက်ပေးသူများ" ကို "နံမည်ပျက်စာရင်း" မှာ ထည့်သွင်းအရေးယူဖို့ အာဏာအပ်နှင်းထားပါတယ်။

#နိုင်ငံတော်အပြောင်းအလဲနှင့် ပုဂ္ဂလိကစီးပွါးရေးသမားတို့၏ အခန်းကဏ္ဍ

တကယ်တော့ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့ ဈေးကွက်စီးပွါးရေးစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ပုဂ္ဂလိကစီးပွါးရေးသမားများဟာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ တိုင်းပြည်ရဲ့  စီးပွါးရေးမူဝါဒတွေ မှန်ကန်ရင် ဈေးကွက်စီးပွါးရေးဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပြီး နိုင်ငံပိုင်၊ အစိုးရပိုင်လုပ်ငန်းများလျော့နည်းလို့ ဈေးကွက်ကို ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများက ဦးဆောင်ရမှာပါ။ အစိုးရက ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများ ဈေးကွက်အတွင်း သန့်သန့်ရှင်းရှင်း ယှဉ်ပြိုင်ကြဖို့ကိုသာ စောင့်ကြပ်ကြည့်ရှူပြီး လွန်လွန်ကျူးကျူး ဝင်ရောက်စွက်ဖက်မှုမပြုရင်၊ တိုင်းပြည်နဲ့ ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများအတွက် မရှိမဖြစ်လိုအပ်တဲ့ လမ်း၊ တံတား၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်မီး၊ ဆက်သွယ်ရေး၊ ရေနက်ဆိပ်ကမ်း၊ အင်တာနက် စတဲ့ အခြေခံအဆောက်အအုံများကိုသာ တာဝန်ယူတည်ဆောက်ပေးပြီး  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများရဲ့ လွတ်လပ်မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်ခွင့်ကို အားပေးမယ်ဆိုရင်  ပုဂ္ဂလိကစီးပွါးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး တိုင်းပြည်ရဲ့ စီးပွါးရေးလည်း ဖွံ့ဖြိုးတိုးတက်မှာ ဖြစ်ပါတယ်။

ခရိုနီဆိုတာ အာဏာရှင်စနစ်ရဲ့  အဓိကလက္ခဏာတစ်ခုပါ။ အာဏာရှိသူထံက အထူးအခွင့်အရေးတွေရလို့ စီးပွါးရေးလုပ်ငန်းများကို ပြိုင်ဖက်မရှိလုပ်ကိုင်နိုင်ပြီး အကျိုးစီးပွါးဖြစ်လာသူများဟာ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုကို သူတို့ရဲ့  ကျေးဇူးရှင်များကိုသာ မျှဝေကြပါတယ်။ အများပြည်သူထံ မျှဝေခြင်းမရှိပါ။ သူတို့ ချမ်းသာကြွယ်ဝမှုကို အများပြည်သူအကျိုးစီးပွါးအတွက် မျှဝေခြင်းမပြုပဲ တိုင်းပြည်တွင်းမှာ အိမ်တွေ၊ မြေတွေဝယ်ယူစုဆောင်းတာ၊ ပြည်ပနိုင်ငံတွေမှာ ရင်းနှီးမြှုပ်နှံစုဆောင်းတာတွေပဲ လုပ်ကြပါတယ်။ သူတို့ဆောင်ရွက်သမျှစီးပွါးရေးလုပ်ငန်းတိုင်းမှာလည်း အများပြည်သူရဲ့  မြေတွေကိုသိမ်း၊ အိမ်တွေကိုဖျက်၊ တစ်ပိုင်တစ်နိုင်လုပ်ငန်းတွေကို ဝါးမျိုပြီး ပြည်သူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပစ်ခဲ့ကြတာမို့ အာဏာရှင်စနစ်ကို ကျင့်သုံးတဲ့ နိုင်ငံတစ်ခုမှာ ခရိုနီစီးပွါးရေးသမားများနဲ့ အာဏာရှင်များက အချမ်းသာဆုံးများဖြစ်နေကြပြီး ပြည်သူအများကတော့ ဆင်းရဲတွင်းထဲ နက်ပြီးရင်း နက်နေရပါတယ်။ နဝတ၊ နအဖစစ်အစိုးရများလက်အောက်က မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အဆင်းရဲဆုံး နိုင်ငံတစ်ခုဖြစ်ပေမည့် ဗိုလ်ချုပ်များနဲ့  ခရိုနီများကတော့ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီးတွေပါ။ ခရိုနီတွေ၊ ဗိုလ်ချုပ်တွေက တစ်နိုင်ငံလုံးမှာ အကောင်းဆုံး၊ အကျယ်ဆုံး အိမ်တွေ၊ မြေတွေ၊ အဆောက်အအုံတွေကို ပိုင်ဆိုင်ထားလို့ တိုင်းပြည်ရဲ့  အိမ်၊ ခြံ၊ မြေဈေးကွက်ကို ချုပ်ကိုင်ထားနိုင်ပါတယ်။ စစ်အစိုးရခေတ်မှာ တိုင်းပြည်ရဲ့ ဈေးကွက်စီးပွါးရေးစနစ်ဟာ အာဏာရှင်များနဲ့ ခရိုနီများကိုသာ ကြွယ်ဝချမ်းသာစေပြီး တစ်တိုင်းပြည်လုံးကို ဆင်းရဲတွင်းနက်စေတဲ့ တစ်လမ်းသွားစီးပွါးရေးစနစ် ဖြစ်ပါတယ်။ တစ်တိုင်းတစ်ပြည်လုံး ဆင်းရဲနွမ်းပါးနေချိန်မှာ လူနည်းစုတစ်စုက ကွက်ပြီး အလွန်အကျွံချမ်းသာနေကြတာဟာ ရှက်တတ်ရင် အလွန်ရှက်စရာကောင်းတဲ့ ကိစ္စပါ။

မြန်မာနိုင်ငံရဲ့  လက်ရှိပြောင်းလဲမှုဖြစ်စဉ်မှာ ခရိုနီတွေ တစ်တပ်တစ်အားပါဝင်ကြရင် ကောင်းရဲ့လို့ စိတ်ကူးယဉ်မိပါတယ်။ စစ်တပ်ထဲက ပြည်သူတွေဖက်ကူးပြောင်းရပ်တည်မည့် သူရဲကောင်းကို ကျနော့တို့ မျှော်ခဲ့ကြသလို ခရိုနီတွေထဲက အများပြည်သူအကျိုးစီးပွါးကို ရိုးရိုးသားသား ဆောင်ရွက်ပေးမည့် သူရဲကောင်းတွေ ထွက်ပေါ်လာစေချင်ပါတယ်။ ပြည်သူတွေအတွက် ဆောင်ရွက်တယ်ဆိုရာမှာ ဖောင်ဒေးရှင်းကြီးတွေတည်ထောင်ပြီး ပညာသင်စားရိတ်တွေ ထောက်ပံ့တာ၊ ဆေးရုံကြီးတွေတည်ဆောက်ပြီး အခမဲ့ကျန်းမာရေးကုသပေးတာလောက်နဲ့ မလုံလောက်ပါ။ 

အိန္ဒိယနိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် နေရိန်ဒရာမိုဒီ (Narendra Modi) က ဝန်ကြီးချုပ်ရာထူးလက်ခံပြီး မကြာခင် ဟိန္ဒူ ဘာသာကြီးစိုးတဲ့ နိုင်ငံမှာ ရဲရဲတောက်စကားတစ်ခွန်း ပြောလိုက်ပါတယ်။ "အိန္ဒိယနိုင်ငံမှာ အိမ်သာတွေတည်ဆောက်ဖို့က ဘုရားကျောင်းများတည်ဖို့ထက် ပိုအရေးကြီးတယ်" တဲ့။ အိန္ဒိယနိုင်ငံရဲ့  လူဦးရေ သန်းတစ်ထောင်ကျော်ထဲက အိမ်သာတစ်လုံးတောင်မရှိကြတဲ့ ဆင်းရဲနွမ်းပါးသူ သန်း ၆၀၀ ကျော် (မိသားစုပေါင်း သန်း ၁၃၀ ကျော်) အတွက် ပြောတာပါ။ မြန်မာနိုင်ငံလည်း အလားတူပါ။ ဆင်းရဲနွမ်းပါးသော သာမာန်ပြည်သူ သန်းပေါင်းများစွာရဲ့  ဘဝတွေကို မြှင့်တင်ပေးဖို့၊ ဆင်းရဲတွင်းထဲက ကူညီဆွဲထုတ်ပေးဖို့က ဒီကနေ့ ခရိုနီကြီးအချို့နဲ့ သူတို့ကိုးကွယ်ရာ ဆရာတော်ကြီးများရဲ့  ဘုရားတည်၊ ကျောင်းဆောက်လုပ်ငန်းများထက် ပိုအရေးကြီးပါတယ်။

တိုင်းပြည်မှာ အဓိကပြသနာဖြစ်တဲ့ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးကို အထောက်အကူပြုမည့် ဆောင်ရွက်ချက်တွေမှာ ခရိုနီများပူးပေါင်းပါဝင်ကြဖို့ မျှော်လင့်ပါတယ်။ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနဲ့ တိုက်ရိုက်ပါတ်သက်နေတဲ့ အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ မြေယာမဲ့၊ အိုးအိမ်မဲ့များအတွက် နေစရာဖန်တီးပေးရေး၊ အလုပ်သမားများအတွက် လုံလောက်တဲ့ လစာနဲ့ ထိုက်တန်တဲ့ အခွင့်အရေးများရရှိရေး၊ ကျွမ်းကျင်အလုပ်သမားများဖြစ်အောင် လေ့ကျင့်သင်ကြားရေး၊ လုပ်ငန်းခွင် လုံခြုံရေး၊ လုပ်ငန်းခွင်အတွင်း ခွဲခြားဆက်ဆံမှုတွေ ပပျောက်ရေးစသဖြင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို မိမိတို့ရဲ့  စီးပွါးရေးလုပ်ငန်းများက ရရှိတဲ့ အကျိုးအမြတ်ရဲ့ (၂၅) ရာခိုင်နှုံးလောက်ကို ရင်းနှီးမြှုပ်နှံပြီး ဆောင်ရွက်ပေးမည့် သူရဲကောင်းမျိုးကို မျှော်လင့်ပါတယ်။
အဲဒီလို သူရဲကောင်းမျိုးပေါ်ပေါက်ခဲ့ရင်ဖြင့် အမေရိကန်အစိုးရရဲ့  နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ သူကိုယ်တိုင်က တောင်းဆိုစရာမလိုပါ။ ပြည်သူတွေက တောင်းဆိုပေးကြမှာပါ။

အောင်ဒင်
ဇူလိုင် ၂၄၊ ၂၀၁၄
 

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၄)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၄ ရက်၊ ၂၀၁၄၊ တနင်္လာနေ့၊ စာမျက်နှာ ၁၆/၁၇)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၄)
အောင်ဒင်

#အရေးယူခြင်းနှင့် ဖြေလျှော့ခြင်း

တကယ်တော့ အမေရိကန်အစိုးရရဲ့ နံမည်ပျက်စာရင်းသွင်းပြီး စီးပွါးရေးအရ အရေးယူခံရသူများအဖို့ နံမည်ပျက်စာရင်းထဲက ဖယ်ရှားပေးဖို့ (Delist) အမေရိကန်အစိုးရ၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနကို တင်ပြလျှောက်ထားခွင့်ရှိပါတယ်။ အဲဒီ လုပ်ငန်းစဉ် (Procedure) က ဒီလိုပါ။

(၁) နံမည်ပျက်စာရင်းဝင်တစ်ဦးဟာ နံမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုချက်ကို အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဝန်ကြီးဋ္ဌာန၊ ပြည်ပပိုင်ဆိုင်မှုများ ထိန်းချုပ်ရေးဋ္ဌာန (OFAC)၊ ညွှန်ကြားရေးမှူးထံ လိပ်စာတပ်ပြီး စာဖြင့်ရေးသား လျှောက်ထားရပါမယ်။ လိပ်စာက The Director, Office of Foreign Assets Control, U.S. Department of Treasury, 1500 Pennsylvania Avenue, NW- Annex, Washington, DC 20220, United States of America ဖြစ်ပါတယ်။ အဲဒီစာမှာ သက်ဆိုင်ရာပုဂ္ဂိုလ်ကိုယ်တိုင်က သူသည် နံမည်ပျက်စာရင်းမှာ မပါဝင်သင့်ကြောင်း၊ သို့မဟုတ် နံမည်ပျက်စာရင်းသွင်းစဉ်က စွပ်စွဲခံခဲ့ရတဲ့ အကြောင်း အရာတွေသည် မဟုတ်မမှန်သည့်အတွက် သူ့အား နံမည်ပျက်စာရင်းမှ ဖယ်ရှားသင့်ကြောင်း၊ သို့မဟုတ် နံမည်ပျက်စာရင်းသွင်းခံရခြင်းကို ဖြစ်စေသည့် အကြောင်း အရာများကို ပြင်ဆင်ပြီးဖြစ်သည့်အတွက် သူ့အား နံမည်ပျက်စာရင်းမှ ဖယ်ရှားပေးရန် တောင်းဆိုကြောင်း စတဲ့ အရေးဆိုမှုတွေကို အထောက်အထားအပြည့်အစုံနဲ့ တင်ပြရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သူဟာ မခိုင်လုံသော အကြောင်းများဖြင့် မမှန်မကန်စွပ်စွဲခံရတာဖြစ်တယ်ဆိုရင် စွပ်စွဲချက်တွေဟာ မမှန်ကန်ကြောင်း သက်သေပြရပါမယ်။ ဒါမှမဟုတ် သူဟာ အခုအချိန်မှာ အရင်စွပ်စွဲချက်တွေအတိုင်းမဟုတ်တော့ပဲ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပြီဆိုတာကို သက်သေအထောက်အထားတွေ တင်ပြရပါမယ်။ စီးပွါးရေးလုပ်ငန်းတစ်ခုမှာ ပါဝင်သူ၊ ပူးတွဲပိုင်ဆိုင်သူတစ်ဦးကြောင့် အဲဒီစီးပွါးရေးလုပ်ငန်းဟာ နံမည်ပျက်စာရင်းအသွင်းခံရတယ်ဆိုရင်လည်း အခုအချိန်မှာ အဲဒီ ပုဂ္ဂိုလ်ဟာ ဒီစီးပွါးရေးလုပ်ငန်းနဲ့ မပါတ်သက်တော့ကြောင်း၊ မပိုင်ဆိုင်တော့ကြောင်း သက်သေပြရပါမယ်။

(၂) အဲဒီစာကို အိုဖက်အရာရှိများက လေ့လာသုံးသပ်ပါလိမ့်မယ်။ လိုအပ်မယ်ဆိုရင် လျှောက်လွှာတင်သွင်းသူကို အချက်အလက်တွေ ထပ်မံတောင်းခံတာ၊ မရှင်းတဲ့အချက်တွေကို ဖြေရှင်းခိုင်းတာ၊ သူတို့သိချင်တာတွေကို မေးမြန်းတာတွေ ပြုလုပ်ပါလိမ့်မယ်။ အိုဖက်အရာရှိများရဲ့  အဓိကတာဝန်က လျှောက်လွှာမှာ ဖော်ပြထားတဲ့ သက်သေအထောက်အထားတွေဟာ မှန်ကန်ခြင်းရှိ၊ မရှိ စေ့စေ့စပ်စပ်စုံစမ်းစစ်ဆေးတာဖြစ်ပါတယ်။

(၃) နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ လျှောက်လွှာတင်သွင်းသူက အိုဖက်အရာရှိများနဲ့  လူကိုယ်တိုင်တွေ့ဆုံဆွေးနွေးခွင့် တောင်းခံနိုင်ပါတယ်။ ဒါပေမည့် အဲဒီလို တွေ့ဆုံမှုမျိုး မလိုအပ်နိုင်လောက်ပါ။ အိုဖက်အရာရှိများကလည်း သူတို့ရဲ့  စုံစမ်းစစ်ဆေးမှုမပြီးမချင်း လျှောက်လွှာ တင်သွင်းသူနဲ့ တွေ့ဆုံဖို့ ငြင်းဆန်နိုင်ပါတယ်။

(၄) အိုဖက်အရာရှိများက လျှောက်ထားသူရဲ့  အမှုကို စုံစမ်းစစ်ဆေးပြီးတဲ့နောက် လျှောက်ထားသူထံ အိုဖက်ရဲ့  ဆုံးဖြတ်ချက်ကို စာနဲ့ ရေးသားအကြောင်းပြန်ပါလိမ့်မယ်။ လျှောက်လွှာတင်သွင်းချိန်ကနေ ဆုံးဖြတ်ချက်ချချိန်အထိ အချိန်ကာလ ဘယ်လောက်ကြာမလဲဆိုတာကတော့ အမှုတစ်မှုချင်းနဲ့ သက်ဆိုင်ပါတယ်။ ကျွမ်းကျင်သူ ဥပဒေအကျိုးဆောင်များက ကိုယ်စားပြု လိုက်ပါဆောင်ရွက်ပြီး အမှန်တကယ်ရှင်းရှင်းလင်းလင်းရှိတဲ့၊ သက်သေအထောက်အထားများကိုလည်း အလွယ်တကူစစ်ဆေးအတည်ပြုနိုင်တဲ့ အမှုကိစ္စမျိုးမှာ ခြောက်လလောက် ကြာတတ်ပြီး အဲဒီလိုမဟုတ်ရင်တော့ နှစ်နဲ့ချီပြီးကြာတတ်ပါတယ်။

#မြန်မာခရိုနီများ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့

မြန်မာနိုင်ငံက ခရိုနီစီးပွါးရေးသမားများကို အမေရိကန်အစိုးရက နံမည်ပျက်စာရင်းထဲ ထည့်သွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူထားတဲ့ အကြောင်းပြချက်က (၁) မြန်မာစစ်ခေါင်းဆောင်များကို စီးပွါးရေး၊ နိုင်ငံရေး ထောက်ခံအားပေးခြင်းနဲ့ (၂) ၎င်းတို့၏ စီးပွါးရေးလုပ်ငန်းများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများကျူးလွန်နေခြင်း တို့ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာခရိုနီများဟာ နံမည်ပျက်စာရင်းက လွတ်မြောက်ဖို့ (၁) သူတို့ဟာ စစ်ခေါင်းဆောင်များနဲ့ စီးပွါးရေး၊ နိုင်ငံရေးပါတ်သက်မှုများ မရှိကြောင်း သက်သေပြဖို့လိုအပ်ပါတယ်။ (၂) သူတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုများမရှိကြောင်း သက်သေပြဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် (၃) သူတို့ဟာ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးတွေကို ဦးစားပေးတဲ့၊ အဂတိလိုက်စားမှုကင်းရှင်းပြီး အဂတိလိုက်စားမှုကို အားမပေးတဲ့ ကျင့်ဝတ်သိက္ခာရှိသော စီးပွါးရေးလုပ်ငန်းရှင်များဖြစ်ကြောင်း သက်သေပြဖို့လိုအပ်ပါတယ်။ 

ပထမအချက်ဖြစ်တဲ့ စစ်ခေါင်းဆောင်များနဲ့ ကင်းရှင်းကြောင်းသက်သေပြတဲ့နေရာမှာ နဝတ၊ နအဖစစ်အစိုးရများနဲ့ စစ်အစိုးရခေါင်းဆောင်များဟာ အခုအချိန်မှာ အငြိမ်းစားယူသွားကြပြီမို့ သူတို့နဲ့ ပါတ်သက်ခဲ့တဲ့ စီးပွါးရေးသမားများကို အရေးမယူသင့်တော့ကြောင်း တောင်းဆိုလို့ မရနိုင်ပါ။ စစ်အစိုးရခေါင်းဆောင်များ အနားယူသွားခဲ့ပေမည့် သူတို့ကျူးလွန်ခဲ့တဲ့ အကြမ်းဖက်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ အဂတိလိုက်စားမှုများက ဒီကနေ့ထိအောင် ဆက်လက်ရှင်သန်နေဆဲပါ။ ဒါကြောင့်မို့ စစ်အစိုးရခေါင်းဆောင်များရဲ့  သူကောင်းပြုမှုနဲ့ ချမ်းသာကြွယ်ဝပြီး စစ်ခေါင်းဆောင်များကို နိုင်ငံရေးအရ၊ စီးပွါးရေးအရ ထောက်ပံ့ကူညီခဲ့ကြတဲ့ ခရိုနီစီးပွါးရေးသမားများဟာ မြန်မာနိုင်ငံရဲ့  လက်ရှိဖြစ်ပေါ်နေဆဲဖြစ်တဲ့  ဆင်းရဲနွမ်းပါးမှု၊ စီးပွါးရေးချွတ်ခြုံကျမှု၊ အဂတိလိုက်စားမှု၊ လူ့အခွင့်အရေးချိုးဖောက်မှု၊ သဘာဝပါတ်ဝန်းကျင်ပျက်စီးမှုများအတွက် တာဝန်ရှိနေဆဲပါ။

ဒါကြောင့်မို့ ခရိုနီစီးပွါးရေးသမားများက သူတို့သည် စစ်ခေါင်းဆောင်များနဲ့ ကင်းရှင်းနေပြီဖြစ်ကြောင်း သက်သေပြဖို့ဆိုရင် သူတို့ပိုင် စီးပွါးရေးလုပ်ငန်းများမှာ စစ်ခေါင်းဆောင်ဟောင်းများ၊ စစ်ခေါင်းဆောင်အသစ်များ၊ ၎င်းစစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့  မိသားစုဝင်များ တစ်နည်းနည်းနဲ့ ပါဝင်တယ်ဆိုရင် ၎င်းပါဝင်မှုများကို ဖယ်ရှားပစ်ရပါမယ်။ ဥပမာအားဖြင့် စစ်ခေါင်းဆောင်ဟောင်းများ၊ စစ်ခေါင်းဆောင်အသစ်များ၊ ၎င်းစစ်ခေါင်းဆောင် အဟောင်း၊ အသစ်များရဲ့  မိသားစုဝင်များ က ခရိုနီများရဲ့ ကုမ္ပဏီမှာ အစုရှယ်ယာပိုင်ဆိုင်မှုတွေရှိနေရင်၊ ကုမ္ပဏီရဲ့  ဘုတ်အဖွဲ့မှာပါဝင်နေရင်၊ ကုမ္ပဏီရဲ့  ထိပ်တန်းရာထူးများကို ရရှိထားရင်၊ ၎င်းပုဂ္ဂိုလ်များပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံ၊ ခြံဝင်းများကို ကုမ္ပဏီက ငှါးရမ်းအသုံးပြုနေရင်၊ ၎င်းပုဂ္ဂိုလ်များ အပြည့်အဝသော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း ပိုင်ဆိုင်တဲ့ စီးပွါးရေးလုပ်ငန်းများနဲ့ ကုမ္ပဏီက ဖက်စပ်လုပ်ငန်းများလုပ်နေရင်၊ ၎င်းပုဂ္ဂိုလ်များကို တစ်နည်းနည်းနဲ့ ငွေရေးကြေးရေးသော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ထောက်ပံ့ကူညီနေရင်၊ စတဲ့ အားလုံးသော ပါတ်သက်မှုများကို ရပ်ဆိုင်းပစ်ရမှာပါ။ စစ်တပ်ပိုင်၊ ကာကွယ်ရေးဝန်ကြီးဋ္ဌာပိုင် စီးပွါးရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ ပါတ်သက်မှု၊ စစ်တပ်နဲ့ ကာကွယ်ရေးဝန်ကြီးဋ္ဌာနအတွက် လုပ်ငန်းဆောင်ရွက်ပေးမှုတွေကို ရပ်စိုင်းရပါမယ်။ အဲဒီလို ပါတ်သက်မှုများအားလုံး ရပ်ဆိုင်းပြီးဖြစ်ကြောင်း သက်သေအခိုင်အမာပြနိုင်ဖို့ လိုအပ်ပါတယ်။

ဒုတိယအချက်ဖြစ်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများနဲ့ ပါတ်သက်ပြီး ခရိုနီများက ကင်းရှင်းကြောင်းကြွေးကြော်နိုင်ဖို့ဆိုရင် ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများအားလုံးကို မှန်မှန်ကန်ကန် ပြန်လည်လေ့လာဖို့လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများတည်ဆောက်ဖို့ အတွက် အာဏာပိုင်နဲ့ ပေါင်းပြီး လယ်သမားတွေ၊ ဆင်းရဲသားတွေရဲ့  မြေယာတွေကို လျော်ကြေးမပေးပဲသော်လည်းကောင်း၊ လျော်ကြေးအနည်းငယ်သာ ပေး၍သော်လည်းကောင်း၊ လိမ်လည်လှည့်ဖျား၍လည်းကောင်း သိမ်းယူခဲ့တယ်ဆိုရင် လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ၎င်းတို့ရဲ့  စက်ရုံ၊ အလုပ်ရုံတွေမှာ အလုပ်သမားများကို အနည်းဆုံးလုပ်ခမျှနဲ့ သတ်မှတ်ချိန်ထက်ပိုပြီး ခိုင်းစေနေတယ်ဆိုရင်၊ အလုပ်သမားများရဲ့  ကျန်းမာရေး၊ လုံခြုံရေး၊ နေရေးထိုင်ရေးတွေကို ဂရုမစိုက်ရင် လူ့အခွင့်အရေးချိုးဖောက်မှုပါ။ စက်မှုဇုံတည်ဆောက်ဖို့ ဆိုပြီး မြေကွက်တွေကို သိမ်းယူပြီး အကွက်ရိုက်၊ လျှပ်စစ်မီးသွယ်တန်း၊ ခြံဖွဲ့ပြီး ဈေးကြီးကြီးနဲ့ ပြန်ရောင်းစားတာလည်း လူ့အခွင့်အရေးချိုးဖောက်တာပါပဲ။ 

အလုပ်သမားတွေရဲ့  ဘွဲ့လက်မှတ်မူရင်းတွေ၊ အခြားအရေးကြီးတဲ့ သက်သေခံအထောက်အထားတွေကို သိမ်းယူထားတာ၊ အလုပ်ကထွက်တော့လည်း ပြန်မပေးတာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ အစိုးရနဲ့ ပေါင်းပြီး စပါးစိုက်ပျိုးရေးစီမံကိန်းကြီးတွေ ဟန်ရေးပြလုပ်ကိုင်လို့ ထောင်နဲ့ သောင်းနဲ့ချီတဲ့ လယ်သမားတွေကို လယ်ယာမဲ့၊ အလုပ်လက်မဲ့ ဖြစ်စေတာဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ လယ်သမားတွေကို အရည်အသွေးမမီတဲ့၊ မကောင်းတဲ့ ဓာတ်မြေဩဇာတွေကို မဝယ်မနေရ အတင်းအဓမ္မရောင်းချတာဟာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ တစ်တိုင်းတစ်ပြည်လုံးက မှီခိုအားထားရတဲ့ သစ်တောကြီးတွေကို ခုတ်ထွင်ရှင်းလင်းပစ်တာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ သတ္တုတူးဖော်ဖို့ တောင်ကြီးတွေကို ဖြိုချ၊ မြေပြန့်လွင်ပြင်တွေကို ချိုင့်ဝှမ်းနက်နက်ကြီးတွေ ဖြစ်စေတာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ ရွှေထုတ်လုပ်ဖို့ ရေတွေကို အဆိပ်သင့်စေတာလည်း လူ့အခွင့်အရေးချိုးဖောက်မှုပါ။ စစ်တပ်အတွက် လက်နက်ဝယ်ပေးတာ၊ အကြမ်းဖက်သမားတွေကို လက်နက်၊ လစာထောက်ပံ့တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ တစ်နိုင်ငံလုံး၊ တစ်မျိုးသားလုံးက ပိုင်ဆိုင်တဲ့၊ နောင်မျိုးဆက်များအတွက်လည်း အင်မတန်အရေးကြီးတဲ့ နိုင်ငံရဲ့  သဘာဝပါတ်ဝန်းကျင်ကို ကိုယ်ပိုင်အကျိုးစီးပွါးအတွက် ဖျက်ဆီးပစ်တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ အကြမ်းဖက်အုပ်ချုပ်သူတွေကို နိုင်ငံရေး၊ စီးပွါးရေး၊ ဝါဒဖြန့်ချီရေး အားပေးထောက်ပံ့တာဟာ လူ့အခွင့်အရေးချိုးဖောက်မှုပါ။ 

ဒါကြောင့်မို့ လူ့အခွင့်အရေးချိုးဖောက်မှုများ ကင်းရှင်းကြောင်း၊ ဒါမှမဟုတ် မရှိတော့ကြောင်း သက်သေပြနိုင်ဖို့ ဆိုရင် ခရိုနီစီးပွါးရေးသမားများဟာ ၎င်းတို့ကြောင့် ထိခိုက်နစ်နာခဲ့ရတဲ့ ပြည်သူများကို တောင်းပန်ပြီး ထိုက်သင့်တဲ့ နစ်နာကြေးပေးဖို့ လိုအပ်ပါတယ်။ သိမ်းပိုက်ထားတဲ့ မြေတွေကို ပြန်ပေး၊ ဒါမှမဟုတ်ရင်လည်း ခေတ်နဲ့လျော်ညီတဲ့ လျော်ကြေးပေးရမှာပါ။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းများမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းများကို မျှမျှတတဆက်ဆံ၊ ထိုက်တန်တဲ့ လစာပေး၊ ဝန်ထမ်းများရဲ့  လူမှုရေး၊ ကျန်းမာရေး၊ အလုပ်ခွင်အန္တရာယ်ကင်းရှင်းရေးတွေကို ဂရုတစိုက်ဖြည့်ဆည်း၊ အလုပ်သမားများရဲ့  အသင်းအဖွဲ့ ဖွဲ့စည်းခွင့်အပါအဝင် အခွင့်အရေးများကို အာမခံပေးရမှာပါ။ ၎င်းတို့ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ သစ်တောကြီးတွေကို အစားထိုးပြန်လည်စိုက်ပျိုးဖို့၊ အဆိပ်သင့်ခဲ့တဲ့ မြစ်တွေ၊ ချောင်းတွေကို ပြန်လည်သန့်ရှင်းဖို့၊ သဘာဝပါတ်ဝန်းကျင်ကို ပြန်လည်ကုစားဖို့ လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ ကလေးအလုပ်သမားကင်းရှင်းဖို့၊ အဓမ္မလုပ်အားပေးခိုင်းစေတာတွေ မရှိဖို့ လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးလုပ်ငန်းတွေမှာ ကျား/မ၊ လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ အသားအရောင်၊ အသက်အရွယ်ကိုလိုက်ပြီး ခွဲခြားဆက်ဆံတာတွေ မရှိဖို့လိုအပ်ပါတယ်။ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ အနိုင်ကျင့်မှုတွေ မရှိဖို့လိုအပ်ပါတယ်။ စီးပွါးရေးလုပ်ငန်းများကို ချဲ့ထွင်ရာ၊ သို့မဟုတ် အသစ်တည်ဆောက်ရာမှာ အများနည်းတူ မျှမျှတတယှဉ်ပြိုင်ပြီး မှန်မှန်ကန်ကန်ရရှိဖို့ လိုအပ်ပါတယ်။ အခွင့်ထူးခံဘဝနဲ့ လာဘ်ပေးမှုတွေကို ရှောင်ကြဉ်ရမှာပါ။ စီးပွါးရေးအခွင့်အရေးတွေ၊ လုပ်ပိုင်ခွင့်တွေ၊ ကန်ထရိုက်တွေကို အများဆုံးရပြီး ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်စတဲ့ တာဝန်ရှိတဲ့အခွန်အကောက်တွေကို အနည်းဆုံးပေးဆောင်သူများ မဖြစ်ဖို့၊ အခွန်ရှောင်သူများ၊ ငွေကြေးခဝါချသူများမဖြစ်ဖို့လည်း လိုအပ်ပါတယ်။ ၎င်းတို့ရဲ့  စီးပွါးရေးဆောင်ရွက်မှုများဟာ ပွင့်လင်းမြင်သာမှုရှိရပါမယ်။

#တာဝန်သိစီးပွါးရေးလုပ်ငန်းရှင်များအတွက် မူဝါဒ (၁၀) ချက် (The Ten Principles)


တတိယအချက်၊ ကျင့်ဝတ်သိက္ခာရှိသော စီးပွါးရေးသမားများဖြစ်ကြောင်း သက်သေပြဖို့ကတော့ တာဝန်သိစီးပွါးရေးလုပ်ငန်းရှင်များအတွက် ကုလသမဂ္ဂရဲ့  လမ်းညွှန်ဖြစ်တဲ့ မူဝါဒ (၁၀) ချက်ကို လိုက်နာဖို့ပါပဲ။ ကုလသမဂ္ဂအဖွဲ့ကြီးက ကမ္ဘာတစ်ဝှမ်းက စီးပွါးရေးကော်ပိုရေးရှင်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ အလုပ်သမားအဖွဲ့အစည်းများပါဝင်တဲ့ UN Global Compact         အဖွဲ့ကြီးကို ၂၀၀၀ ခုနှစ်မှာ တည်ထောင်ပြီး စီးပွါးရေးလုပ်ငန်းများဆိုင်ရာ မူဝါဒ (၁၀) ချက်ကို ချမှတ်ပါတယ်။ အဲဒီ မူဝါဒတွေကို လက်ခံနိုင်တဲ့ မည်သည့်စီးပွါးရေးလုပ်ငန်းမဆို UN Global Compact မှာ ပါဝင်ခွင့်ရှိပြီး ၎င်းတို့ရဲ့ မူဝါဒ (၁၀) ချက်အကောင်အထည်ဖော်မှုများကို  နှစ်စဉ် အစီရင်ခံစာတင်ရပါတယ်။ မူဝါဒ (၁၀) ချက်ကို ဆီလျော်သလို ဘာသာပြန်ထားတာက ဒီလိုပါ။

လူ့အခွင့်အရေးဆိုင်ရာ မူဝါဒများ
(၁) စီးပွါးရေးလုပ်ငန်းများသည် နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို လေးစား၍ ထောက်ခံရမည်။
(၂) စီးပွါးရေးလုပ်ငန်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပါတ်သက်ခြင်းမရှိရန် ရှောင်ကြဉ်ရမည်။

အလုပ်သမားရေးရာမူဝါဒများ
(၃) စီးပွါးရေးလုပ်ငန်းများသည် အလုပ်သမားများ၏ လွတ်လပ်စွာဖွဲ့စည်းခွင့်ကို ခွင့်ပြုရမည်။ အလုပ်သမားများ၌ စုပေါင်းတောင်းဆိုညှိနှိုင်းခွင့်ရှိသည်ကို အသိအမှတ်ပြုရမည်။
(၄) စီးပွါးရေးလုပ်ငန်းများသည် အဓမ္မလုပ်အားပေးခိုင်းစေမှုများ၊ မဖြစ်မနေဆောင်ရွက်စေခိုင်းမှုများ အားလုံးကို ဖျက်သိမ်းရမည်။
(၅) စီးပွါးရေးလုပ်ငန်းများသည် ကလေးလုပ်သားများခိုင်းစေခြင်းကို ထိရောက်စွာ ဖျက်သိမ်းရမည်။
(၆) စီးပွါးရေးလုပ်ငန်းများသည် အလုပ်ရာထူးခန့်အပ်ခြင်းနှင့် ရာထူးတိုးခြင်းများနှင့်ပါတ်သက်၍ (အသားအရောင်၊ ကျား/မ၊ အသက်အရွယ်၊ ကိုးကွယ်ရာဘာသာ၊ လူမျိုး) ခွဲခြားဆက်ဆံမှုများကို ဖျက်သိမ်းရမည်။  

သဘာဝပါတ်ဝန်းကျင်ဆိုင်ရာမူဝါဒများ
(၇) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးနိုင်သည့် စိန်ခေါ်မှုများကို သတိကြီးစွာချဉ်းကပ်ရမည်။
(၈) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဦးဆောင်ဦးရွက်ပြု၊ လှုပ်ရှားမှုများကို တာဝန်ယူဆောင်ရွက်ရမည်။
(၉) စီးပွါးရေးလုပ်ငန်းများသည် သဘာဝပါတ်ဝန်းကျင်ကို မထိခိုက်စေသော နည်းပညာများ ဖွံ့ဖြိုးတိုးတက်မှုနှင့် ပျံ့နှံ့မှုများကို အားပေးရမည်။

အဂတိလိုက်စားမှုဆိုင်ရာမူဝါဒများ
(၁၀) စီးပွါးရေးလုပ်ငန်းများသည် လာဘ်ပေးခြင်း၊ လာဘ်ယူခြင်း၊ ငွေညှစ်ခြင်းအပါအဝင် အဂတိလိုက်စားမှုအားလုံးကို ဆန့်ကျင်ရမည်။


အထက်ဖော်ပြပါ မူဝါဒ (၁၀) ချက်ဟာ ကျင့်ဝတ်သိက္ခာနဲ့ ပြည့်စုံတဲ့၊ ကိုယ်ကျိုးစီးပွါးနဲ့ အများအကျိုးကို မျှမျှတတပေါင်းစပ်ဆောင်ရွက်ချင်တဲ့၊ ကောင်းသောအသက်မွေးဝမ်းကျောင်းမှုနဲ့ ရပ်တည်ချင်တဲ့ စီးပွါးရေးသမားများအတွက် မလိုက်နာနိုင်စရာ အကြောင်းမရှိတဲ့ မူဝါဒတွေပါ။ မြန်မာနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင်တွေ ဒီမူဝါဒ (၁၀) ချက်ကို လက်ခံကျင့်သုံးမည်ဖြစ်ကြောင်း ကြေညာပြီး UN Global Contact  ကို ဆက်သွယ်ဝင်ရောက်ကြဖို့ မျှော်လင့်ပါတယ်။ အခုကိုပဲ Global Contact ကို ဆက်သွယ်ဝင်ရောက်တဲ့ မြန်မာစီးပွါးရေးလုပ်ငန်းအချို့ ရှိနေပြီလို့ သိရပါတယ်။
ကုလသမဂ္ဂရဲ့ "ကာကွယ်၊ လေးစား၊ ပြုပြင်" ဆိုတဲ့ မူဘောင်တွေကို အကောင်အထည်ဖော်ဖို့ ရေးဆွဲပြီး ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ၂၀၁၁ ခုနှစ်မှာ အတည်ပြုထားတဲ့ "စီးပွါးရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ၏ လမ်းညွှန်မူဝါဒများ" (UN Guiding Principles on Business and Human Rights) ဆိုတာ ရှိပါသေးတယ်။ နောက်မှ ဆောင်းပါးတစ်ပုဒ် သတ်သတ်ရေးပြီး ဆွေးနွေးပါ့မယ်။
 



Saturday, August 2, 2014

အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၃)

(မဇ္ဈိမနေ့စဉ်သတင်းစာ၊ ဩဂုတ် ၂ ရက်၊ ၂၀၁၄၊ စနေနေ့၊ စာမျက်နှာ ၁၈)



အမေရိကန်ဆန်ရှင်၊ စီးပွါးရေးကျင့်ဝတ်နှင့် မြန်မာ့ခရိုနီများ၊ အပိုင်း (၃)
အောင်ဒင်

#ခရိုနီများနှင့် ဆက်ဆံခြင်း

တစ်ချိန်ကတော့ အမေရိကန်အစိုးရက အရေးယူပိတ်ဆို့ထားတဲ့ ခရိုနီစီးပွါးရေးသမားများက အမေရိကန်အရေးယူမှုကို ပမာမခန့်လုပ်ခဲ့ကြတာပါ။ ဒါပေမည့် ၂၀၁၁ ခုနှစ်လောက်ကစပြီး နံမည်ပျက်စာရင်းဝင် စီးပွါးရေးသမားများဟာ အမေရိကန်သံရုံးအရာရှိများကို ချဉ်းကပ်ပြီး နံမည်ပျက်စာရင်းက ဖယ်ရှားပေးဖို့ တိုးတိုးတိတ်တိတ် တောင်းဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဒီမိုကရေစီလှုပ်ရှားမှုထဲက ထင်ရှားတဲ့ခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ မီဒီယာသမားအချို့ကို ချဉ်းကပ်စည်းရုံးပြီး သူတို့ကို နံမည်ပျက်စာရင်းက ဖယ်ရှားရေး အမေရိကန်အစိုးရကို တိုက်တွန်းပေးဖို့ အကူအညီတောင်းခံခဲ့ကြပါတယ်။ အချို့စီးပွါးရေးသမားများဆိုရင်လည်း ဖောင်ဒေးရှင်းတွေတည်ထောင်ပြီး လူမှုရေးလုပ်ငန်းတွေ အားသွန်ခွန်စိုက်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ အမေရိကန်စီးပွါးရေးလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံမှာ ပြန်လည်ရင်းနှီးမြှုပ်နှံကြမည့်အချိန်မှာ နံမည်ပျက်စာရင်းဝင်များအဖို့ အမေရိကန်စီးပွါးရေးလုပ်ငန်းများနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်မရှိပါ။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံသားများဟာ ဦးတေဇပိုင်ဆိုင်တဲ့ "အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်လီမိတက်" (Asia Green Development Bank Limited) နဲ့ ဦးဇော်ဇော်ပိုင်ဆိုင်တဲ့ "ဧရာဝတီဘဏ်" (Ayeyarwady Bank) တို့မှာ ရင်းနှီးမြှုပ်နှံခွင့်မရှိပါ။

ခရိုနီများနဲ့ ပတ်သက်ပြီး မြန်မာ့ဒီမိုကရေစီအင်အားစုအတွင်းမှာလည်း သဘောထားနှစ်မျိုးကွဲကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ထင်ရှားတဲ့ ခေါင်းဆောင်ကတော့ လူမှုရေးလုပ်ငန်းများအတွက် ခရိုနီများလှူဒါန်းတဲ့ ပိုက်ဆံကို လက်ခံသင့်တယ်လို့ သဘောထားပါတယ်။ ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) ကလည်း အလားတူသဘောထားမျိုးရှိတယ် ထင်ပါတယ်။ သိပ်မကြာသေးခင်က ၈၈ ခေါင်းဆောင်များ ကူညီဖွဲ့စည်းတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများကို ထောက်ပံ့ကူညီမည့် မေတ္တာအိုးဝေဖောင်ဒေးရှင်းအတွက် ထူးဖောင်ဒေးရှင်းရဲ့  အလှူငွေ ကျပ်သိန်း တစ်ရာကို လက်ခံတယ်လို့ သတင်းဖော်ပြတာ ဖတ်လိုက်ရပါတယ်။ အလားတူသဘောထားရှိသူတွေ အများကြီးရှိကြပါတယ်။ သူတို့တွေက ခရိုနီတွေကို ရန်သူတွေလို ဆက်ဆံမုန်းတီးကြမည့်အစား တိုင်းပြည်အတွက် အကျိုးပြုတဲ့ ပုဂ္ဂိုလ်တွေဖြစ်လာအောင် စည်းရုံးသိမ်းသွင်းတာ၊ သူတို့ရဲ့  ချမ်းသာကြွယ်ဝမှုတွေကို တိုင်းပြည်ရဲ့  လူမှုရေး၊ ကျန်းမာရေးကိစ္စတွေမှာ အသုံးချတာ ပိုကောင်းတယ်လို့ တွေးခေါ်ပုံရပါတယ်။

မြန်မာစစ်အစိုးရက မွေးမြူပျိုးထောင်ပေးခဲ့လို့ အချိန်တိုအတွင်းမှာ အလွန်အမင်းချမ်းသာကြွယ်ဝလာပြီး အပြန်အလှန်အားဖြင့် မြန်မာစစ်ခေါင်းဆောင်တွေနဲ့ မိသားစုဝင်တွေကို ငွေရေးကြေးရေးအကြီးအကျယ်ထောက်ပံ့ခဲ့တဲ့၊ ထောက်ပံ့နေဆဲဖြစ်တဲ့ ခရိုနီစီးပွါးရေးသမားများကို ခါးခါးသီးသီးမုန်းတီးပြီး အဲဒီ ခရိုနီများနဲ့ မဆက်ဆံရေးသဘောထားရှိကြတဲ့ ဒီမိုကရေစီလှုပ်ရှားသူများလည်း အများအပြားရှိကြပါတယ်။ အဲဒီလို သဘောထားတင်းမာတဲ့ ဒီမိုကရေစီလှုပ်ရှားသူများက ခရိုနီများအပေါ် ပျော့ပြောင်းတဲ့ သဘောထားရှိတဲ့ ဒီမိုကရေစီလှုပ်ရှားသူများကို ပြစ်တင်ကြ၊ ဝေဘန်ကြတာလည်း မကြာခဏကြားသိရပါတယ်။

ခရိုနီများဘက်မှာလည်း ကွဲပြားမှုတွေရှိပါတယ်။ အချို့က ခေတ်ရဲ့အပြောင်းအလဲနဲ့အတူ လိုက်ပါပြောင်းလဲချင်တာ တွေ့ရပါတယ်။ သူတို့ကို လူထုက မုန်းတာကို မခံချင်ကြတော့ပဲ လူအများကို အကျိုးပြုသော၊ လူအများက ချစ်ခင်လေးစားသော သန့်ရှင်းမျှတသည့် စီးပွါးရေးလုပ်ငန်းရှင်များအဖြစ် အသွင်ပြောင်းဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ အချို့ခရိုနီများကတော့ စီးပွါးရေးမှာသာမက နိုင်ငံရေးအာဏာတွေပါ ရရှိလာပြီး ပိုပြီးလောဘကြီးလာတာ၊ ပိုပြီးမောက်မာလာတာလည်း တွေ့ရပါတယ်။ ဘုရားတည်၊ ဘုန်းကြီးလှူရုံနဲ့ သူ့အကုသိုလ်တွေ ပျောက်ပြီလို့ ယုံကြည်နေတဲ့ ခရိုနီမျိုးလည်းရှိပါတယ်။ အချို့ကတော့ နံမည်ပျက်စာရင်းကလည်း လွတ်မြောက်ချင်၊ အသားကျနေတဲ့ အကျင့်စရိုက်တွေကိုလည်း မပြင်နိုင်၊ ဗိုလ်ချုပ်သစ်များ၊ ဗိုလ်ချုပ်ဟောင်းများရဲ့  အငြိုအငြင်ကိုလည်း မခံနိုင်ကြတာ တွေ့ရပါတယ်။ အချို့ကျတော့လည်း ဘာကိုမှ ပြင်ဖို့မကြိုးစားပဲ နိုင်ငံရေးခေါင်းဆောင်များ၊ ၂၀၁၅ ရွေးကောက်ပွဲအတွက် အလားအလာရှိသူများကိုသာ ငွေနဲ့ပေါက်ပြီး ဝယ်ယူဖို့ကြိုးစားနေတာတွေ့ရပါတယ်။
အပြောင်းအလဲတွေ ဖြစ်ပေါ်နေတယ်ဆိုတဲ့ မြန်မာနိုင်ငံမှာ ခရိုနီများနဲ့ ပတ်သက်ပြီး မပြောင်းလဲတာ နှစ်ခုရှိပါတယ်။ တစ်ခုကတော့ မြန်မာနိုင်ငံရဲ့  စီးပွါးရေးအဆောက်အအုံတစ်ခုလုံးနီးပါးကို ခရိုနီများက ဆက်လက်ပြီး လက်ဝါးကြီးအုပ်၊ ချုပ်ကိုင်ထားနိုင်ဆဲပါ။ ဒုတိယအချက်ကတော့ အမေရိကန်အစိုးရရဲ့  နံမည်ပျက်စာရင်းထဲမှာ လက်ရှိပါဝင်နေတဲ့ ခရိုနီ (၁၀) ဦးထက် ပိုပြီးဆိုးဝါးတဲ့၊ ပိုပြီးအပြစ်ပေးသင့်တဲ့ ခရိုနီတွေ အများကြီးရှိနေပြီး ၎င်းခရိုနီများဟာ အမေရိကန်အစိုးရရဲ့  အရေးယူမှုကနေ လွတ်မြောက်နေဆဲဖြစ်တာပါ



#ခရိုနီဖြစ်ရခြင်းအကြောင်း

ခရိုနီ (Crony) ဆိုတာ အင်္ဂလိပ်စကားဖြစ်ပါတယ်။ နိုင်ငံရေးအာဏာရှိသူတစ်ဦးတစ်ယောက်ရဲ့ အရင်းနှီးဆုံးမိတ်ဆွေဖြစ်ပြီး ယင်းနိုင်ငံရေးအာဏာရှိသူထံမှ အထူးအခွင့်အရေးများကို မတရားသဖြင့်ရရှိခံစားရသူလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်။ နိုင်ငံရေးအာဏာရှိသူက ရင်းနှီးသူတစ်ဦး (သို့မဟုတ်) အများကို အရည်အချင်းမပြည့်ဝပဲ ရာထူးကြီးများခန့်အပ်တာ၊ စီးပွါးရေးအခွင့်အရေးတွေ ပြိုင်ဖက်မရှိအပ်နှင်းတာကို ခရိုနီဝါဒ (Cronyism) လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာ ၁၉၈၉ ကနေ ၂၀၁၁ ခုနှစ်များအတွင်း စစ်အစိုးရရဲ့  သူဋ္ဌေးမွေးမြူရေးစီမံကိန်းအရ စစ်ခေါင်းဆောင်များ ရဲ့ မိသားစုဝင်များနဲ့ ၎င်းတို့နဲ့ ရင်းနှီးကျွမ်းဝင်သူများ၊ မဆလခေါင်းဆောင်ဟောင်းများနဲ့ ၎င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများဟာ စီးပွါးရေးအခွင့်အရေးများကို ပြိုင်ဘက်မရှိရပြီး အချိန်တိုတိုအတွင်းမှာ ကြွယ်ဝချမ်းသာလာကြပါတယ်။ ဈေးဟောင်းတွေကို ဖျက်ပြီး ဈေးသစ်တွေဆောက်၊ လမ်းဟောင်းတွေကိုပြင်ဆင်တိုးချဲ့၊ လမ်းသစ်တွေဖောက်၊ မြို့သစ်တွေချဲ့ထွင်၊ ကျွန်းတောကြီးတွေကို ခုတ်လှဲ၊ မြေကြီးကိုဖြိုပြီး သတ္တုတူးဖော်၊ ပင်လယ်ထဲက ငါးဖမ်းကွက်တွေကို ရောင်းစား၊ ကမ္ဘာလှည့်ခရီးသွားများကို ဖိတ်ခေါ်ဖို့ ပင်လယ်ကမ်းခြေအသစ်တွေ ဖော်ထုတ်ပြီး တည်းခိုနိုင်မည့် ဟိုတယ်ကြီးတွေ တည်ဆောက်၊ စစ်အစိုးရက ဖန်တီးပေးတဲ့ မြောက်များစွာသော စီးပွါးရေးအခွင့်အရေးများကို ရရှိလို့ ခေတ်ပျက်သူဋ္ဌေးတွေ အများကြီး ပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီ ခေတ်ပျက်သူဋ္ဌေးတွေကလည်း အပြန်အလှန်အားဖြင့် သူတို့ သစ္စာခံရာ၊ သူတို့ကို သူကောင်းပြုရာ စစ်ခေါင်းဆောင်များနဲ့ မိသားစုများကို အလိုလိုက်အကြိုက်ဆောင်ခဲ့ကြရပါတယ်။ စစ်ခေါင်းဆောင်များရဲ့  ကိုယ်ပိုင်ကြွယ်ဝမှုကို ဖြည့်ဆီးပေးရုံတင်မကပဲ အချို့ခရိုနီများဆိုရင် မြန်မာ့တပ်မတော်အတွက် အရေးတကြီးလိုအပ်နေတဲ့ လက်နက်၊ ခဲယမ်းများ၊ ယန္တရားများကို ဝယ်ယူပေး၊ ဝယ်ယူဖို့ အကျိုးဆောင်ပေးတာတောင် ရှိခဲ့ပါတယ်။ 

ပိုပြီးဆိုးတာက စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ ဒီမိုကရေစီလှုပ်ရှားသူများကို ဖြိုခွဲတိုက်ခိုက်ဖို့ "စွမ်းအားရှင်" အမည်နဲ့ အကြမ်းဖက်သမားများကို ဖွဲ့စည်းတာဝန်ပေးရာမှာ ခရိုနီသူဋ္ဌေးကြီးများက အဲဒီ "စွမ်းအားရှင်" များကို လစာ၊ ရိက္ခာထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်များဖွဲ့စည်းတည်ထောင်တဲ့ "ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်း" ရဲ့  အဓိကအလှူရှင်များ၊ ၊ စစ်ခေါင်းဆောင်များရဲ့  ဘုရားတည်၊ ကျောင်းဆောက်လှူဒါန်းမှုများ၊ စစ်ခေါင်းဆောင်များနဲ့ မိသားစုဝင်များရဲ့  စင်္ကာပူ၊ ဟောင်ကောင်၊ ဘန်ကောက်စတဲ့ ပြည်ပအပန်းဖြေခရီးစဉ်များအတွက် အဓိကငွေကြေးထောက်ပံ့သူများဟာ ခရိုနီသူဋ္ဌေးကြီးများဖြစ်ကြပါတယ်။ ခရိုနီများက သူတို့ရဲ့ စီးပွါးရေးလုပ်ငန်းများကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းလောကကိုပါ ချဲ့ထွင်ပြီး သူတို့ပိုင် စာနယ်ဇင်းများမှာ စစ်အစိုးရရဲ့  ဝါဒဖြန့်သတင်းများ၊ စစ်အစိုးရကောင်းတဲ့အကြောင်းများ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒီမိုကရေစီအင်အားစုကို ဝေဘန်ရှုတ်ချတဲ့ ဆောင်းပါးများကို ထည့်သွင်းဖော်ပြ ဝါဒဖြန့်ခဲ့ကြပါသေးတယ်။



#ခရိုနီများကို အရေးယူခြင်း

၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့မှာ သမ္မတ ဘွတ်ရှ် (President George W. Bush) က သမ္မတအမိန့်အမှတ် ၁၃၄၄၈ (Executive Order 13448) ကို ထုတ်ပြန်ပြီး မြန်မာနိုင်ငံက စစ်အစိုးရခေါင်းဆောင်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းရဲ့  ခေါင်းဆောင်များနဲ့ ၎င်းအဖွဲ့အစည်းများကို ဆက်ခံတဲ့ အဖွဲ့အစည်းများမှ ခေါင်းဆောင်များ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံရေးဖိနှိပ်မှုများတွင် ပါဝင်သူ၊ တာဝန်ရှိသူများ၊ စစ်အစိုးရကို စီးပွါးရေး၊ နိုင်ငံရေးထောက်ခံအားပေးသူစီးပွါးရေးသမားများ၊ အစိုးရအဖွဲ့အတွင်းမှ အဂတိလိုက်စားသူ အရာရှိများ၊ အထက်ဖော်ပြပါပုဂ္ဂိုလ်များ၏ အိမ်ထောင်ဖက်များနှင့် သား၊ သမီးများကို နံမည်ပျက်စာရင်း (SDN List) သွင်းပြီး စီးပွါးရေးပိတ်ဆို့အရေးယူမှုကို ကြေငြာပါတယ်။ စီးပွါးရေးပိတ်ဆို့ အရေးယူတယ်ဆိုတာက နံမည်ပျက်စာရင်းဝင်များပိုင်ဆိုင်တဲ့ ငွေကြေးများ အမေရိကန်ဘဏ်တစ်ခုခုမှာ အပ်နှံထားတယ်ဆိုရင် အဲဒီဘဏ်အပ်ငွေကို အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ပါတယ်။ နံမည်ပျက်စာရင်းဝင်များရဲ့ လုပ်ငန်းနဲ့ အဆောက်အအုံများ အမေရိကန်ပြည်ထောင်စုမှာ ရှိနေရင် ၎င်းတို့ကို အမေရိကန်အစိုးရက သိမ်းပိုက်ပါတယ်။ နံမည်ပျက်စာရင်းဝင်များကို အမေရိကန်ပြည်ထောင်စုကို ဝင်ရောက်ခွင့်မပြုပါ။ အမေရိကန်နိုင်ငံသားများ၊ အမေရိကန်စီးပွါးရေးလုပ်ငန်းများဟာ နံမည်ပျက်စာရင်းဝင်များနဲ့ စီးပွါးရေး၊ ငွေရေးကြေးရေး ဆက်ဆံခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ ပူးပေါင်းဆောင်ရွက်ခွင့်မရှိပါ။ အဲဒီလို ပုဂ္ဂိုလ်အချို့နဲ့ လုပ်ငန်းအချို့ကို သေသေချာချာစိစစ်ရွေးချယ်ပြီး စီးပွါးရေးပိတ်ဆို့အရေးယူမှုကို Targeted Financial Sanctions လို့ခေါ်ပါတယ်။

အဲဒီအမိန့်ကြေငြာချက်မှာ နံမည်ပျက်စာရင်းသွင်းတဲ့ စီးပွါးရေးသမားများနဲ့ ပါတ်သက်ပြီး "စစ်အစိုးရ၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအသင်းများနှင့် ၎င်းတို့ကို ဆက်ခံသည့်အဖွဲ့အစည်းများကို ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ ကူညီသူများ၊ ရုပ်ဝတ္ထုပစ္စည်းများရရှိရေး တာဝန်ခံဆောင်ရွက်ပေးသူများ၊ ရုပ်ဝတ္ထုပစ္စည်းများ၊ ငွေကြေး၊ နည်းပညာ၊ စာရင်းအင်းဆိုင်ရာ ထောက်ပံ့ကူညီသူများ၊ လုပ်ငန်းဆောင်ရွက်ပေးသူများ" လို့ ကျယ်ပြန့်စွာ ဖော်ပြထားပါတယ်။ အဲဒီအမိန့်ကြေငြာချက်နဲ့ အတူ မြန်မာနိုင်ငံက စီးပွါးရေးလုပ်ငန်းရှင် ၅ ဦးနဲ့ ၎င်းတို့ရဲ့ စီးပွါးရေးလုပ်ငန်းအချို့ကို အမေရိကန်အစိုးရက စတင်အရေးယူပါတယ်။ ပထမဆုံး အရေးယူခံရသူများက ဦးတေဇ၊ ပြည့်ဖြိုးတေဇ၊ ဒေါ်သီတာဇော်၊ ယုဇနဦးဋ္ဌေးမြင့်နဲ့ ဇေကမ္ဘာဦးခင်ရွှေတို့ဖြစ်ပြီး ပထမဆုံးနံမည်ပျက်စာရင်းသွင်းခံရတဲ့ စီးပွါးရေးလုပ်ငန်းများက "ထူး ကုမ္ပဏီလီမိတက်၊ ပါဗိုထရိတ်ဒင်း၊ ပုဂံလေကြောင်းလိုင်း၊ ပုဂံလေကြောင်းလီမိတက်၊ ထူး သစ်အချောကိုင်လုပ်ငန်း၊ ယုဇနကုမ္ပဏီလီမိတက်၊ ဇေကမ္ဘာကုမ္ပဏီ" တို့ဖြစ်ကြပါတယ်။

၂၀၀၈ ခုနှစ်မှာ ကွန်ဂရက်လွှတ်တော်က Tom Lantos Block Burmese JADE Act of 2008 ကို ပြဌန်းအတည်ပြုပါတယ်။ အဲဒီဥပဒေမှာပါတဲ့အရေးယူမှုတွေထဲမှာ ထင်ရှားတာ နှစ်ခုက စစ်ခေါင်းဆောင်တွေ နဲ့ သူတို့ကို စီးပွါးရေး၊ နိုင်ငံရေးထောက်ပံ့နေသူတွေကို ပစ်မှတ်ထားအရေးယူတဲ့ Targeted Financial Sanctions နဲ့ သူတို့ရဲ့ ငွေကြေးကိစ္စတွေကို စီမံခန့်ခွဲပေးနေတဲ့ နိုင်ငံခြားဘဏ်တွေကိုအရေးယူတဲ့ Banking Sanction ပါ ။ အဲဒီဥပဒေအရ အမေရိကန် ဘဏ္ဏာရေးဝန်ကြီးဌာနက စစ်ခေါင်းဆောင်တွေ၊ မိသားစုဝင်တွေ၊ အလိုတော်ရိစီးပွါးရေးသမားတွေကို နံမည်ပျက်စာရင်းထဲ (Specially Designated Nationals/SDN) ထည့်သွင်းပြီးအရေးယူမှုတွေစတင်ခဲ့ပါတယ်။
ဒါပေမည့်လဲ ဒီကနေ့အထိ အမေရိကန်အစိုးရက ပစ်မှတ်ထားအရေးယူတဲ့ မြန်မာနိုင်ငံက နံမည်ပျက်စာရင်းဝင်ပုဂ္ဂိုလ်များအရေအတွက်ဟာ အဲဒီအချိန်က ဥရောပသမဂ္ဂက ပြည်ဝင်ခွင့်မပြုဖို့ ငြင်းဆိုထားတဲ့အရေအတွက်နဲ့ ဩစတြေးလျအစိုးရက ပစ်မှတ်ထားအရေးယူထားတဲ့အရေအတွက်ထက် အများကြီးနည်းနေပါတယ်။ ဥရောပသမဂ္ဂ နဲ့ ကနေဒါ၊ ဩစတြေးလျအစိုးရများက အရေးယူခဲ့တဲ့ မြန်မာအလိုတော်ရိစီးပွါးရေးသမားအချို့ဟာ ဒီကနေ့အထိ အမေရိကန်အစိုးရရဲ့  အရေးယူမှုကနေ ကင်းလွတ်နေဆဲဖြစ်ပါတယ်။