BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, March 18, 2010

Please Stop Dreaming


စိတ်ကူး မယဉ်ကြဖို့

အောင်ဒင်
မတ် ၁၈၊ ၂၀၁၀


နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။

နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်၊ အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိမ်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်၊

ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်၊ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်၊ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်၊

၁၊

ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်၊ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုတ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်၊ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ၊

လုံးဝမှားပါတယ်၊ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ်တကျ ရှေ့တိုးလိုက်တာပါ၊မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ၊

နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ၊ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ၊ ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်၊ တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်၊ ၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်၊ နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်၊ ၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ ၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်၊ အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများရဲ့ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ၊

ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုတ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်၊ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး နိုင်ငံရေးပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်၊ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်၊ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်၊ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်၊

နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်၊ ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ် နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊ ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

၂၊

တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။

ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။ ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ၊ အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး တကယ်အုပ်ချုပ်မှာပါ၊ တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ၊ ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

၃၊

တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲဝင်ရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်၊ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်၊

လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ၊ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ၊နိုင်ငံတကာအစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့၊ နအဖ ရဲ့ ဖိအားပေး မှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်၊ အဲဒီ ပြဋ္ဌန်းချက်တွေအရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်၊ ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး၊ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ၊ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်၊ နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်၊ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်၊ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်၊ ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

လူထုကို လည်းလျှော့ မတွက်သင့်ပါ၊ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ၊ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ၊ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ၊ အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့်အချိန် မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုန်တိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ၊ လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ်ပဲ သတ်မှတ်ပါလိမ့်မယ်၊ စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်၊ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ၊ လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ၊ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ၊ သူတို့ စိတ်မဝင်စားတဲ့ ရွေးကောက်ပွဲကိုလည်း မဲပေးချင်ကြမှာ မဟုတ်ပါ၊ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ၊ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ၊

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ၊ အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်၊ ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ၊ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေ က အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်၊ အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ၊ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ၊ ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ၊

“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်၊ ဒါပေမည့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ၊ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်၊

၎၊

နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ၊ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ၊ မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး လှုပ်ရှားမှု အသွင် ကူးပြောင်းရပါတော့မယ်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်၊ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ၊

အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက်ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ၊ အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ်မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှုတိုက်ပွဲကြီးဟာ မပြီးဆုံးသေးပါဖူး၊ ဆက်ပြီး ခရီးဆက်ရပါဦးမယ်၊ ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား? လူထုကို ကျောခိုင်းသွားကြမှာလား? သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ပါ၊


လေးစားစွာ

အောင်ဒင်


(ပန်းချီကား၊ ထိန်လင်း၊End of a Decade ၊Acrylic on Canvas ၊ 328 X 191)

Tuesday, March 16, 2010

People Without Fairy Tales


ကျနော်တို့ဘဝမှာ ပုံပြင်မရှိပါ


အောင်ဒင်

မတ် ၁၆၊ ၂၀၁၀


၁။

ကောင်းကင်ပြာကြီးထဲ

စီးမျောနေတဲ့ မြစ်တွေရှိကြောင်း

ကျနော် မသိခဲ့ဖူး ဖေဖေ၊


ခါးကုန်းကုန်း

သက်တံ့ကြီး ရဲ့ အဆုံးမှာ

ရတနာသိုက်တွေရှိတာလည်း

ကျနော် မသိခဲ့ရ၊


ရွှေယုန် နဲ့ ရွှေကျား

သက်ကယ်ရိပ်သွားကြတာ

ယုန် နဲ့ လိပ်အပြေးပြိုင်ကြတာလည်း

ကျနော် မသိခဲ့ရ၊


သခွတ်ပန်းတွေ ပွင့်တိုင်း

သိကြား နဲ့ အသူရာ

ရန်ဖြစ်ကြ၊ စစ်တိုက်ကြတာလည်း

ကျနော် မသိခဲ့ရ၊


ဘာကြောင့်များ

အဲဒီလို ချစ်စရာကောင်းတဲ့ ပုံပြင်တွေ

ကျနော့ကို မပြောခဲ့တာလည်း ဖေဖေ၊

၂။

ကျနော် အမြဲနားထောင်ခဲ့ရတာက

နယ်ချဲ့တော်လှန်ရေး

ဖက်ဆစ်တော်လှန်ရေး
ပထမ လွတ်လပ်ရေးတိုက်ပွဲ
လယ်သမား သူပုန် နဲ့ ရေနံမြေ သပိတ်

ဆရာစံ နဲ့ သခင်ဘိုးလှကြီး

ကိုဗဟိန်း နဲ့ ဗိုလ်အောင်ကျော်

ကိုအောင်ဆန်း၊ ကျောင်းသားသပိတ်နဲ့

သမဂ္ဂ ရဲ့ ခွပ်ဒေါင်းအလံတော်၊


ပြီးတော့

ပြည်တွင်းစစ် နဲ့ ငြိမ်းချမ်းရေး

စစ်ရာဇဝတ်ကောင်တွေ ရဲ့ အကြမ်းဖက်တေး

ဆုံးရှုံးခဲ့ရတဲ့ လူ့အခွင့်အရေး၊

မသေခင်

ငြိမ်းချမ်းရေးကို မြင်ချင်ကြောင်း တမ်းတခဲ့တဲ့

အဘိုး သခင်ကိုယ်တော်မှိုင်း

မြစ်ရိုင်းရိုင်းမှာ စီးတဲ့ရေ

သမိုင်းတွေဟာ ပုံပြင်မဟုတ်ဖူး၊


၃၊

ကျနော့သမီးလေး က

ကျနော့ကို ပုံပြောခိုင်းနေပြီ ဖေဖေ၊

မနှင်းဖြူ နဲ့ လူပုကလေး ခွန်နှစ်ယောက် အကြောင်း

ကျနော် မသိလို့ မပြောပြတော့ပါဖူး

အံ့ဘွယ်ကမ္ဘာထဲက အဲလစ်စ် အကြောင်းလည်း

ကျနော် မသိလို့ မပြောပြတော့ပါဖူး၊

ကျနော်သူ့ကို ပြောပြမှာကလေ

တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် ရဲ့

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကြီးအကြောင်း

စာသင်ကျောင်းထဲက သွေးစွန်းနေတဲ့ ခေါင်းလောင်းသံ

မောင်းပြန်သေနတ်ကို ရင်ဆိုင်တဲ့ ဒေါင်းအလံများ အကြောင်း

အကျဉ်းထောင်ထဲက တက်ခေါက်သံတွေ

ငရဲခန်းထဲက ပြည်သူတွေ

သွေးဆာနေတဲ့ လူသတ်ကောင်တွေ

ဒုတိယလွတ်လပ်ရေးတိုက်ပွဲကြီးရဲ့ သူရဲကောင်းတွေ အကြောင်း၊

ပြီးတော့

သမိုင်းဆိုတာ
ပုံပြင်လို မချိုမြိန်လှတဲ့ အကြောင်း၊


၎၊

ဖေဖေ ရယ်

ကျနော် ပုံပြင်တွေ မပြောပြတတ်တာ

သမီးလေး နားလည်မှာပါနော်၊၊၊

အောင်ဒင်
မတ် ၁၆၊ ၂၀၁၀


(ပန်းချီ ထိန်လင်း, Bloodbath, Acrylic on Canvas, 60X45, 2006)

Sunday, March 7, 2010

A Burmese Poet in America



ကိုလံဘတ် တိုင်းပြည်ရောက် မြန်မာကဗျာဆရာ

အောင်ဒင်

မတ် ၈၊ ၂၀၁၀


၁။

ကိုလံဘတ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး

၅၀၉ နှစ်အကြာမှာ

ကျနော် အမေရိကားကို ရောက်ရှိခဲ့တယ်၊


ကိုလံဘတ် ကတော့

အင်အားသုံး၊ အကြမ်းဖက်

ဒေသခံ အင်ဒီးယန်းတွေကို ရက်စက်ပြီး

အမေရိကတိုက်ကို သိမ်းယူလိုက်တာပါပဲ၊

မြန်မာနိုင်ငံက ကဗျာဆရာ ကတော့

အဖြူ၊ အမည်း၊ အနီ၊ အဝါ၊ ရောင်စုံ အမေရိကန် တွေကြား

မြန်မာနိုင်ငံက ဆင်းရဲဒုက္ခတွေကို တစာစာတင်ပြ ပြီး

ကျနော်တို့ ပြည်သူတွေကို ကယ်တင်ကြပါဗျာ..လို့

အကူအညီတောင်းဖို့ပါ၊။

၂၊

မြန်မာပြည်အရှေ့ဖျားက

တောနက်နက်၊ တောင်မြင့်မား တွေကြားမှာ

စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုတွေကို

ရှောင်တိမ်း၊ ပုန်းအောင်းနေရတဲ့

ရွှေ့ပြောင်းဒုက္ခသည်တွေ၊


နယ်စပ်ဒေသမှာလည်း

မလုံခြုံ၊ စိတ်မချရတဲ့

အကျဉ်းထောင်သာသာ စခန်းတွေထဲ

စစ်ဘေးကြောင့် ပြေးဝင်ခိုလှုံရတဲ့

တိုင်းရင်းသား ဒုက္ခသည်တွေ၊


မိတ်ဆွေတို့ရေ

ခင်ဗျားတို့ကိုတော့ အားနာပါရဲ့

ကျနော်လည်း ဒုက္ခသည်ပါ

စစ်အာဏာရှင်တွေရဲ့ ဘေးကနေ

ထွက်ပြေးခဲ့ရတာပါ

ပြေးမည့်ပြေးတော့လည်း

အဝေးဆုံးနဲ့ အလုံခြုံဆုံးမှာ

တကိုယ်ကောင်းဆန်တယ်ထင်ရင် တောင်းပန်ပါရဲ့၊


၃၊

တချို့ကျတော့

အမေရိကား ဆိုတာ

သူတို့ရဲ့ ဘဝအိပ်မက်

အမေရိကားကို ရောက်လာရခြင်းဟာ

အိပ်မက်တွေ တကယ်ဖြစ်လာခြင်းပေါ့

သူတို့ ရဲ့ ဘဝတွေဟာ

နေသာလိုက်၊ လသာလိုက်၊ လေညင်းကလေးတွေ တိုက်လိုက်၊၊


ကျနော့ အိပ်မက်ကတော့

မြန်မာပြည်က တောင်ပေါ်မြို့ကလေး တစ်မြို့မှာ

ခြံကလေး တစ်ခြံစိုက်

ခွေးကလေး၊ ကြောင်ကလေး တွေမွေး

စမ်းချောင်းကလေးထဲကရေ နဲ့

ကိုယ်သောက်ဖို့ အရက် ကိုယ့်ဖာသာချက်

ချစ်သူရဲ့ ပခုံးကလေးကို ဖက်ပြီး

တိတ်ဆိတ် ငြိမ်သက်နေချင်တာပါပဲ၊


ခုတော့လည်း

ကိုလံဘတ် ရှာဖွေတွေ့ရှိခဲ့တဲ့ တိုင်းပြည်မှာ

ကိုလံဘတ် ကိုပဲ

ကမ္ဘာ့ အစောဆုံး နယ်ချဲ့သမား တစ်ယောက်အဖြစ်

ကမ္ဘာ့ အစောဆုံး လူ့အခွင့်အရေး ချိုးဖောက်သူကြီး တစ်ယောက်အဖြစ်

နစ်နစ်နာနာ မုန်းတီးရင်း

ကိုးနှစ် ရှိခဲ့ပါပြီ

တောင်ပေါ်မြို့လေး နဲ့ကတော့ ဝေးနေဆဲ၊

၎၊

အမေရိကားရောက် မြန်မာကဗျာဆရာ

အိမ်မပိုင်၊ ကားမပိုင်၊

ဘာမှ မပိုင်ပါ၊


တစ်လကုန်လို့

အိမ်လခ၊ ရေ၊မီး၊ အင်တာနက်

အရက်၊ စားစရာ နဲ့ခရီးစားရိတ်

မေမေ့ ကိုကန်တော့ဖို့ ပိုက်ဆံအနည်းငယ် နဲ့ ကျောင်းကြွေး

အားလုံးပေးဆပ်ပြီးတဲ့ အခါ

ဘဏ်လက်ကျန်ငွေစာရင်းမှာ ဗလာ၊

ဒါတောင်မှ

ဒီကောင် ဒေါ်လာစား

စားလွန်းလို့ ဖားကြီးဖြစ်နေပြီ …တဲ့

ကဲ့ရဲ့ ရှုတ်ချတာလည်း ကြားဖူးရဲ့၊


နအဖ ကကျတော့

"အကြမ်းဖက်သမား၊ ပြည်ပအားကိုး ပုဆိန်ရိုး" လို့ စွပ်စွဲ

ပညာတတ် လူကြီးလူကောင်းဆိုသူ တချို့ကတော့

ဒီကောင်ဟာ၊ စီးပွါးရေးပိတ်ဆို့မှုကို ကိုင်ဆွဲ

လူထုကို ဆင်းရဲတွင်းထဲ နက်စေသတဲ့၊

တရုတ်ကို သစ္စာခံသူတွေက ကျတော့

အောင်ဒင်ဟာ စီအိုင်အေ တဲ့

အလွန့်အလွန် ပြေလည်လွန်းချင်လှတဲ့

နိုင်ငံရေးသမားတချို့ကတော့

အောင်ဒင်ဟာ အစွန်းရောက်လွန်း သတဲ့၊


အရည်မရ၊ အဖတ်မရ

ငြင်းခုန်မှုတွေကို ရှောင်ဖို့

ကိုယ့်ကိုကိုယ် ချောင်ကလေး တစ်ခုမှာ ဖွက်ထားမိတော့လည်း

ဒီကောင် ဟာ စိတ်ကြီးဝင်နေပြန်သတဲ့

အို၊ ဘုရားသခင်

လူတို့ ရဲ့ လက်ညှိုးမှာ အဆိပ်တွေရှိကြောင်း

ကျနော် ကောင်းကောင်း သိခဲ့ရပါပြီ၊


၅၊
နောက်သုံးနှစ် အကြာ

အသက် ၅၀ ပြည့်ပါတော့မယ်

ဘဝနိဂုန်းက၊ အမြန်ဆုံးနှုံးနဲ့ ချဉ်းကပ်လာချိန်

တောင်ပေါ်မြို့ ကလေး ကတော့ အလှမ်းဝေးနေဆဲ၊


အာဏာရှင်ကို ဆန့်ကျင်ကြတဲ့

ဒီမိုကရေစီ တော်လှန်ရေးဆိုတာ

ကြမ်းတမ်း နက်ရှိုင်း၊

ကောက်ကွေ့တဲ့ မြစ်အရိုင်းထဲ

လက်လုပ်လှေကလေး တစ်စီးနဲ့

မြစ်ဖျားကို ဆန်တက်ရခြင်း လို့ဆိုကြ၊

အဲဒီလို ဆိုရင်၊ ကျနော်လေ

မြစ်ကမ်းနဘေးက၊ ပိရိသတ် တစ်ယောက်မဖြစ်ချင်ပါ

မြစ်ကမ်းနဲ့ ဝေးဝေးက

ကိုယ့်အကြောင်းကို တွေးနေသူလည်း မဖြစ်ချင်ပါ

ကောင်းကင်အထက်ပျံ၊

ဝေဟင်ယံကနေ၊ ဝေဘန်ကြတဲ့

မြန်မာ့အရေး ကျွမ်းကျင်သူများလည်း မဖြစ်ချင်ပါ

ရေစီးထဲ၊ ရေစုံဖက်ပြောင်းစီးသူလည်း မဖြစ်ချင်ပါ၊


ရေစီးထဲမှာပဲ

မနစ်မြုတ်မချင်း

ရေဆန်လှေကလေးကို

ထောက်ပံ့တွန်းပို့မည့်

လက်နှစ်ချောင်းပဲ ဖြစ်ချင်ပါတယ်၊

၆၊
အမေရိကားရဲ့

နှင်းတွေ စုပြုံကျနေတဲ့ လမ်းမကြီးနဘေးမှာ

အပြိုပြို အလဲလဲ တွားသွားနေတာ ကျနော်ပါ

နှုတ်ဆက်ဖို့တော့ ကားမရပ်လိုက်ပါနဲ့ မိတ်ဆွေ

ခင်ဗျားရဲ့ ဧည့်ခံပွဲအစီအစဉ်တွေ နောက်ကျသွားပါလိမ့်မယ်

ကျေးဇူးပါ၊ ။ ။



(မိမိ၏ အသက် ၄၇နှစ်ပြည့် မွေးနေ့သို့ အမှတ်တရ၊)

သရုပ်ဖော်ပန်းချီ။ ပန်းချီထိန်လင်း ၏ "Saffron Revolution IV", Acrylic on Canvas, 61X61 cm, 2008

ကြိုက်သလို ယူသုံးပါလို့ ပြောထားလို့ ခွင့်ပြုချက်ထပ်မတောင်းခဲ့ပါ၊

Thursday, March 4, 2010

What Obama Can Do for Burma

What Obama Can Do for Burma

U.S. engagement with the junta shouldn't be open-ended.

http://online.wsj.com/article/SB10001424052748704454304575081382142901548.html?mod=googlenews_wsj

By Aung Din (The Wall Street Journal, March 2, 2010, Page A23)

The news from Burma, my home country, seems to only go from bad to worse. Last week, Nobel Peace Prize winner Aung San Suu Kyi was denied yet another appeal and will remain under house arrest. Last month, Burmese-American human-rights activist Kyaw Zaw Lwin, also known as Nyi Nyi Aung, was sentenced to three-years in prison on trumped up fraud and forgery charges.

This past July, President Obama signed into law the Burma Sanctions Renewal Act, which extended strict sanctions on the country's military junta for three more years. But the administration must also be careful that its policy of "pragmatic engagement" with Burma's military rulers—which began with a visit by State Department officials last November—does not legitimize a fundamentally corrupt regime.

Than Shwe, the senior general who heads the junta, has promised to hold nationwide elections this year, the first since Ms. Suu Kyi and her National League for Democracy's landslide victory in 1990 elections—which were nullified by the military. But the election will be a sham, the product of a new constitution pushed through last year by force and intimidation that forbids Ms. Suu Kyi from running for or holding office.

Ms. Suu Kyi, her supporters, and many of Burma's long-persecuted ethnic groups, including the Karen, Karenni and Shan, are rightfully refusing to participate in this charade unless the regime amends the constitution to allow for free and fair elections, a legitimate civilian government and equal rights and representation for all ethnic groups.

But first the regime must release its thousands of political prisoners, including hundreds of monks who took part in the 2007 antigovernment protests known as the Saffron Revolution.

Thus far, however, Gen. Than Shwe has been employing his usual mix of violence, brutality and war. He's rounding up and arresting opposition members and increasing his assault on the Karen and other ethnic minorities, displacing more than 75,000 people in Karen State in eastern Burma in 2009 alone.

How can the U.S. and the international community play a meaningful role in bringing true peace and freedom to Burma? The answer lies in placing collective political and economic pressure on the regime to engage in meaningful and time-bound dialogue with Ms. Suu Kyi, her party, and the leaders of Burma's ethnic minorities. Failing that, the U.S. should take the lead in organizing a global arms embargo against the regime, and establish a commission of inquiry to investigate war crimes and crimes against humanity in Burma by the United Nations.

This will require Mr. Obama's strong leadership and commitment. His Burma policy objectives are sound: the release of all political prisoners, an end to conflict with ethnic minorities, accountability for human-rights violators, and genuine dialogue among all Burma's stakeholders.

But "pragmatic engagement" or "measured engagement," whatever it is called, should not be an open-ended process. There should be benchmarks, such as a clear time frame, expected outcomes and appropriate responses.

Mr. Obama should appoint a U.S. policy coordinator for Burma, legislatively mandated by Congress since 2008, and let him or her play a central role to strengthen existing pressure mechanisms, including increasing financial sanctions on Burma, while continuing engagement with the regime.

Mr. Obama should also urge the European Union to join with the United States, Canada and Australia in imposing targeted financial and banking sanctions against the Burmese generals, their families and their crony business partners. He should also remind the Association of Southeast Asian Nations (Asean) that it needs to put serious diplomatic pressure on the regime for a negotiated settlement with the opposition if it is really committed to productive U.S.-Asean relations.

Mr. Obama's presidency is the product of the blood spilled and courage displayed by American freedom fighters and civil-rights activists barely a generation ago. Our hope is that he recognizes their sacrifices by supporting the Burmese people in the months ahead with decisive action. He could start by demanding the release of Ms. Suu Kyi and the American human-rights activist Kyaw Zaw Lwin.

Aung Din was a political prisoner in Burma between 1989 and 1993. He is now the executive director of the Washington, D.C.-based U.S. Campaign for Burma.