BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Memoir. Show all posts
Showing posts with label Memoir. Show all posts

Thursday, August 6, 2015

မပြီးဆုံးသေးတဲ့ နွေညများ

(ခေတ်ရနံ့မဂ္ဂဇင်း၊ အမှတ် ၁၆၊ ဩဂုတ်လ၊ ၂၀၁၅)



မပြီးဆုံးသေးတဲ့ နွေညများ

အောင်ဒင်

#ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ဂယက်နှင့် နောက်ဆက်တွဲ

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်၊ နွေညတစ်ညဟာ ကျနော်အပါအဝင် မြန်မာနိုင်ငံက လူအတော်များများရဲ့ ဘဝတွေကို ကြီးကြီးမားမား ပြောင်းလဲပစ်ခဲ့ပါတယ်။ အဲဒီ နွေညတစ်ညက စတင်ခဲ့တဲ့ နာကျင်မှုနဲ့ ကြေကွဲမှုတွေဟာ ဒီကနေ့အထိ အဆုံးမသတ်နိုင်သေးပါ။ ကျနော်တို့ရဲ့ ဘဝတွေမှာ နွေညတွေ ကုန်ဆုံးနိုင်တော့မယ် မထင်ပါ။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးနဲ့ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းကာလတွေမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေဟာ ဖိနှိပ်မှု၊ မသေချာမှု၊ ဆန့်ကျင်တော်လှန်မှုနဲ့ မျှော်လင့်ချက်များ ရောထွေးနေတဲ့ အခြေအနေ ဖြစ်ပါတယ်။
စစ်အစိုးရဘက်မှာဆိုရင် ပြည်တွင်းက ဒီမိုကရေစီလှုပ်ရှားသူများရဲ့ အကြမ်းမဖက် ဆန္ဒပြမှုတွေကို နှိမ်နင်းရ၊ နယ်စပ်ဒေသအခြေစိုက် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များနဲ့ အပြန်အလှန်စစ်ဆင်ရ၊ တပ်မတော်အတွင်းမှာ စည်းစည်းလုံးလုံးဖြစ်အောင်၊ အမိန့်နာခံအောင် စည်းရုံးရ၊ နိုင်ငံ့ဝန်ထမ်းများက အစိုးရကို ကြောက်ရွံ့နေအောင် ဖန်တီးရ၊ နိုင်ငံတကာအစိုးရများ၊ သတင်းဋ္ဌာနများရဲ့ ဝေဘန်ရှုတ်ချမှုများကို တုန့်ပြန်ရ၊ တရုတ်အစိုးရ၊ ထိုင်းအစိုးရများရဲ့ ထောက်ခံမှုခိုင်မာအောင် ကြိုးစားရ၊ ကတိပေးထားတဲ့အတိုင်း ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ရနဲ့ အင်မတန် အလုပ်များနေမှာပါ။ 

တစ်ချိန်တည်းမှာ ရွေးကောက်ပွဲမှာ သူတို့ မျှော်လင့်သလို မဆလပါတီကို အသွင်ပြောင်းထားတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တဆည) အနိုင်မရပဲ သူတို့ မုန်းတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်များ အနိုင်ရခဲ့ရင် ဘယ်လိုလုပ်ကြမလဲ၊ စစ်ခေါင်းဆောင်များ တွေးပြီး ကြောက်လန့်နေလိမ့်မယ် ထင်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပရသေးခင် ဘာမှ မသေချာသေးတာမို့ ဘယ်လိုမှလည်း ကြိုတင်ပြင်ဆင်နိုင်မှာ မဟုတ်ပါ။ တစ်ချိန်တည်းမှာ အာဏာရစစ်ခေါင်းဆောင်တွေထဲမှာပဲ ရွေးကောက်ပွဲပြီးလို့ အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေးပြီးရင် စစ်တပ်က အနားယူဖို့ ပြင်ဆင်နေကြသူအချို့လည်း ရှိခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုများဘက်မှာလည်း တချို့က လူ့အသက်ပေါင်းများစွာ သတ်ဖြတ်ခံခဲ့ရပြီးမှ ကျင်းပမည့် ရွေးကောက်ပွဲကို သံသယတွေရှိလင့်ကစား၊ နိုင်ငံရေးအပြောင်းအလဲအတွက် မလွဲမသွေဖြတ်သန်းရမည့် တံခါးတစ်ချပ်ဖြစ်တယ်လို့ ယုံကြည်ပြီး ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေးအတွက် လေးလေးနက်နက် ပြင်ဆင်ကြပါတယ်။ အဲဒီလို နိုင်ငံရေးပါတီများကတော့ စစ်အစိုးရနဲ့ အတိုက်အခံဖြစ်မှုကို အတတ်နိုင်ဆုံး ရှောင်ကျဉ်ကြတာမို့ အဖမ်းဆီးခံရတာ၊ အဖိနှိပ်ခံရတာ မရှိပါ။ ဒါပေမည့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ဝန်ကြီးချုပ်ဟောင်းဦးနု ခေါင်းဆောင်တဲ့ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ချုပ်၊ ပြည်သူ့တိုးတက်ရေးပါတီ၊ အမျိုးသားနိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ် (ဒမဖ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီစတဲ့ နိုင်ငံရေးအင်အားစုများကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ရေးထက် စစ်အစိုးရက ချမှတ်ထားတဲ့ အများပြည်သူအခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်တဲ့ အမိန့်အာဏာများ ရုပ်သိမ်းပေးရေးကို ဦးစားပေးကြပါတယ်။ ဒါကြောင့် ၎င်းပါတီများဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုကို အများဆုံးခံစားကြရသလို့ တစ်ဘက်မှာလည်း စစ်အစိုးရကို ဆန့်ကျင်ရင်ဆိုင်ရဲကြသူများအဖြစ်နဲ့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ပိုပြီး ရရှိခဲ့ပါတယ်။ အဲဒီ ပြည်သူလူထုရဲ့ ထောက်ခံမှုက ရွေးကောက်ပွဲရဲ့ ရလဒ်ကို အဆုံးအဖြတ်ပေးခဲ့တာပါ။

ကျောင်းသားထုများအတွင်းမှာတော့ ကျောင်းပြန်တက်ရေး၊ မတက်ရေးက အဓိက အကြောင်းတရားကြီးဖြစ်ခဲ့ပါတယ်။ ကျောင်းပြန်တက်ပြီး ကျောင်းသားသမဂ္ဂကို တရားဝင်အလံထောင်ချင်သူတွေ၊ အကျဉ်းကျနေတဲ့ သူငယ်ချင်းတွေ ပြန်မလွတ်မချင်း စာသင်ခန်းထဲ ပြန်မဝင်ဘူးလို့ တင်းခံကြသူတွေ၊ ဒီကြားထဲ ရွေးကောက်ပွဲဝင်မည့် ပါတီများကလည်း လူထုအကြား မဲဆွယ်စည်းရုံးရေးအတွက် ကျောင်းသားများရဲ့ အင်အားကို တောင်းဆိုနေကြ၊ အင်မတန် အရွှ့အပြောင်းများတဲ့ ကာလတစ်ခုဖြစ်ပါတယ်။

ရွေးကောက်ပွဲရက် နီးလာတာနဲ့အမျှ အပြောင်းအလဲတစ်ခုအတွက် တံခါးစပွင့်တော့မယ်ဆိုတဲ့ မျှော်လင့်ချက်တွေ မြင့်မားလာကြပါတယ်။ စစ်တပ်က ထောက်ခံတဲ့ တစညပါတီ အနိုင်ရရင်တောင်မှ စစ်အစိုးရတစ်ခန်းရပ်ပြီး အရပ်သားအစိုးရတစ်ရပ် ပေါ်ပေါက်လာမှာမို့ သိပ်မဆိုးလှပါဘူးလို့ တိုးတိုးတိတ်တိတ် ယုံကြည်သူတွေ ရှိခဲ့ပါတယ်။ တကယ်လို့များ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သို့မဟုတ် ဒီမိုကရေစီအင်အားစုဘက်က ပါတီများ အနိုင်ရရင်ဖြင့် နိုင်ငံရေးအကျဉ်းသားတွေ အရင်ဦးဆုံးလွတ်မြောက်ပြီး စစ်တပ်ကို စစ်တန်းလျားပြန်ပို့နိုင်လိမ့်မယ်လို့ မျှော်လင့်ခဲ့ကြတာလည်း ရှိပါတယ်။ ရွေးကောက်ပွဲအနိုင်ရတဲ့ ဒီမိုကရေစီအင်အားစုနဲ့ အာဏာလွှဲပြောင်းမပေးချင်တဲ့ စစ်တပ်အကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ပိုပြီးမြင့်မားလာနိုင်တယ်လို့ တွေးပြီး စိတ်ပူပန်သူတွေလည်း ရှိခဲ့ကြပါတယ်။ ဒီမိုကရေစီအင်အားစု အာဏာရရှိရေးမျှော်လင့်ချက်တွေ အကောင်အထည်ပေါ်မလာတာကိုတော့ အားလုံး သိကြပြီးသားဖြစ်ပါတယ်။

#ခေတ်ပြိုင်ကမ္ဘာ့ဖြစ်ရပ်များ

အဲဒီအချိန်ကာလမှာပဲ ခေတ်ပြိုင် ကမ္ဘာ့နိုင်ငံရေးမှာ လူ့သမိုင်းအတွက် အင်မတန်ထူးခြားတဲ့၊ အင်မတန်အရေးကြီးတဲ့ အပြောင်းအလဲကြီး (၄) ခု ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီအပြောင်းအလဲကြီးတွေက အောက်ပါအတိုင်း ဖြစ်ပါတယ်။

(၁) ဒုတိယကမ္ဘာစစ်ပြီးကတည်းက စတင်ခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စု ခေါင်းဆောင်တဲ့ အရှေ့အုပ်စုနဲ့ အမေရိကန်ပြည်ထောင်စုခေါင်းဆောင်တဲ့ အနောက်အုပ်စုကြား စစ်အေးတိုက်ပွဲ (The Cold War) ကြီး အဆုံးသတ်တော့မည့် အခြေအနေကို ရောက်ရှိလာပါတယ်။ အရှေ့ဥရောပမှာ ဆိုဗီယက်အင်ပါယာ ပြိုကွဲပြီး လက်အောက်ခံနိုင်ငံအများအပြားမှာ ပြည်သူလူထုရဲ့ ဒီမိုကရေစီတောင်းဆို ဆန္ဒပြမှုတွေကြောင့် ကွန်မြူနစ်အာဏာရှင်အစိုးရများ အာဏာစွန့်နေရပါတယ်။ ဆိုဗီယက် ပြည်ထောင်စုကိုယ်တိုင်က တစ်ပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတဲ့ အချိန်ပါ။
(၂) စစ်အေးတိုက်ပွဲအဆုံးသတ်ခြင်းရဲ့ ရလဒ်အဖြစ် ဒုတိယကမ္ဘာစစ်ပြီးကတည်းက စစ်နိုင် နိုင်ငံများက နှစ်ခြမ်းခွဲခဲ့တဲ့ ဂျာမဏီနှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းဖို့ ဖြစ်လာပါတယ်။ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကို နှစ်ပေါင်း ၄၀ ကျော် ပိုင်းခြားထားတဲ့ ဘာလင်တံတိုင်းကြီးကို လူထုက ဖြိုလှဲနိုင်ခဲ့ပါတယ်။ အာဖရိကတိုက်က ကွန်မြူနစ်ပါတီအုပ်စိုးတဲ့ မြောက်ယီမင်နဲ့ ဗြိတိသျှအစောင့်အရှောက်ခံ တောင်ယီမင် နှစ်နိုင်ငံ ပြန်လည်ပေါင်းစည်းခဲ့ပါတယ်။ အာရှတိုက်က ဆိုဗီယက်ဩဇာခံ မွန်ဂိုလီးယားနိုင်ငံမှာ အာဏာရကွန်မြူနစ်ပါတီက ပါတီစုံစနစ်ကို ကျင့်သုံးဖို့ သဘောတူရပါတယ်။ နီပေါနိုင်ငံမှာ သက်ဦးဆံပိုင် ဘုရင်စနစ်ကို ဖျက်သိမ်းပြီး စည်းမျဉ်းခံဘုရင်စနစ်နဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံ တည်ထောင်ပါတယ်။
(၃) တောင်အာဖရိကနိုင်ငံမှာ နှစ်ပေါင်းများစွာ ရှင်သန်ခဲ့တဲ့  အသားအရောင်ခွဲခြားရေးမူဝါဒလည်း ပြိုလဲစပြုပါပြီ။ နိုင်ငံတကာအစိုးရများရဲ့ စီးပွါးရေး၊ နိုင်ငံရေး ဖိအားပေးမှုတွေရဲ့အောက်မှာ လူဖြူလူနည်းစုအစိုးရက လူမည်းလူများစုကို ကိုယ်စားပြုတဲ့ အာဖရိကအမျိုးသားကွန်ဂရက်ကို တရားဝင်အသိအမှတ်ပြု၊ လူမည်းခေါင်းဆောင်ကြီး နယ်လဆင်မန်ဒဲလားနဲ့ အပေါင်းအပါများကို အကျဉ်းထောင်များက ပြန်လွှတ်ပေးပြီး အသားအရောင်ခွဲခြားရေးမူဝါဒအဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးနေကြပါပြီ။
(၄) အာရှတိုက်က ကျနော်တို့ အိမ်နီးချင်း ကွန်မြူနစ်တရုတ်ပြည်မှာ ၁၉၈၉ ခုနှစ်မှာ ကျောင်းသားထုဆန္ဒပြပွဲကြီး ဖြစ်ပွါးခဲ့ပါတယ်။ ဒီဆန္ဒပြပွဲကြီးမှာ ကျောင်းသားတွေတင်မကပဲ သာမာန်ပြည်သူများ၊ အစိုးရနဲ့ ပါတီဝန်ထမ်းများ၊ ကျောင်းဆရာများ သန်းနဲ့ချီပြီး ပါဝင်ခဲ့ကြတာမို့ တရုတ်ကွန်မြူနစ်ပါတီအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံတည်ထောင်ပြီးတဲ့ အချိန်က စလို့ ပထမဆုံးအကြိမ် ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီးနဲ့ ရင်ဆိုင်ရတာပါ။ ဆန္ဒပြသူတွေက အရှေ့ဥရောပမှာလို၊ မြန်မာနိုင်ငံမှာလို ပါတီစုံစနစ်ကို မတောင်းဆိုပဲ တရုတ်ကွန်မြူနစ်ပါတီအတွင်း လာဘ်စားမှုတွေကို တိုက်ဖျက်ရေးနဲ့ ပါတီဦးဆောင်မှုအောက်က နိုင်ငံရေး၊ စီးပွါးရေးအပြောင်းအလဲများကို တောင်းဆိုကြတာမို့ ကွန်မြူနစ်ပါတီရဲ့ အားနည်းချက်တွေကို အတိအလင်းဖော်ထုတ်ပြသလို ဖြစ်ခဲ့ပါတယ်။ ပါတီအတွင်းမှာပါ ဆန္ဒပြကျောင်းသားတွေအပေါ် စာနာထောက်ခံသူတွေ ရှိခဲ့တာမို့ ပါတီစည်းလုံးရေးအတွက်ပါ အန္တရာယ်ရှိခဲ့ပါတယ်။ အကြမ်းဖက်ဖြိုခွဲခဲ့လို့ ဆန္ဒပြတာ ပြီးဆုံးသွားခဲ့ပေမည့် တရုပ်ကွန်မြူနစ်ပါတီအဖို့ ဆန္ဒပြသူများ သွေးနဲ့ရင်းပြီး ဝေဘန်ထောက်ပြခဲ့တဲ့ ပါတီနဲ့ အစိုးရရဲ့ အမှားအယွင်းတွေကို နှစ်ပေါင်းများစွာ ဂရုတစိုက်ပြင်ဆင်ရတော့မှာပါ။

#ပြည်သူ့အာဏာတော်လှန်ရေး၊ အကြမ်းမဖက်လှုပ်ရှားမှု

ဒုတိယကမ္ဘာစစ်ကြီးပြီးတဲ့နောက်ပိုင်း အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ ပထမဆုံး အကြမ်းမဖက် ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုကြီးကို အာရှတိုက်က ဖိလစ်ပိုင်နိုင်ငံမှာ  ၁၉၈၃ ခုနှစ်က စတင်ခဲ့ပြီး ၁၉၈၆ ခုနှစ်မှာ ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ ပြည်သူ့အာဏာတော်လှန်ရေး (People Power Revolution) လို့ အမည်ရတဲ့ ပြည်သူလူထုရဲ့ အကြမ်းမဖက် အုံကြွဆန့်ကျင်မှုကြောင့် တိုင်းပြည်ကို နှစ်ပေါင်း ၂၀ ကျော်အုပ်စိုးခဲ့တဲ့ သမ္မတ ဖာဒီနန်မားကို့စ် (Ferdinand Marcos) ခေါင်းဆောင်တဲ့ အာဏာရှင်အစိုးရပြုတ်ကျပြီး ကိုရာဇန်အကွီနို (Corazon Aquino) ခေါင်းဆောင်တဲ့ ဒီမိုကရေစီအစိုးရ တက်လာပါတယ်။ အဲဒီ ၁၉၈၆ ခုနှစ်ကစလို့ ဒီကနေ့အထိ နိုင်ငံရေးရေချိန် အပြောင်းအလဲ၊ အတက်အကျ၊ စစ်တပ်က အာဏာသိမ်းရန် ကြံစည်မှုတွေ ရှိခဲ့ပေမည့် ဖိလစ်ပိုင်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နိုင်ဆဲဖြစ်ပါတယ်။

အာရှတိုက်မှာ ဖိလစ်ပိုင်နိုင်ငံပြီးရင် အာဏာရှင်စနစ်ကို ဒုတိယမြောက် အကြမ်းမဖက် ဆန့်ကျင်တဲ့ နိုင်ငံက ကျနော်တို့ မြန်မာနိုင်ငံဖြစ်မယ် ထင်ပါတယ်။ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးက တိုင်းပြည်ကို ၂၆ နှစ်ကြာအုပ်စိုးခဲ့တဲ့ အာဏာရှင် ဦးနေဝင်းဦးဆောင်တဲ့ မဆလပါတီအစိုးရကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ ဦးစန်းယု၊ ဦးစိန်လွင်၊ ဒေါက်တာမောင်မောင် စတဲ့ မဆလ သမ္မတ ၃ ယောက်ကို ဖြုတ်ချနိုင်ခဲ့ပါတယ်။ တစ်ပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါတီစုံဒီမိုကရေစီစနစ်အတွက် လမ်းဖွင့်ပေးနိုင်ခဲ့ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်လို၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီလို ဒီမိုကရေစီအင်အားစုကို ကိုယ်စားပြုတဲ့၊ ပြည်သူလူထု ထောက်ခံတဲ့ နိုင်ငံရေးပါတီများကို မွေးဖွားပေးခဲ့ပါတယ်။ ဒါပေမည့် ၁၉၈၈ ခုနှစ်ကစလို့ အခု ၂၀၁၅ ခုနှစ်အထိ ၂၇ နှစ်ကြာခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ မရသေးပါ။

#အရှေ့ဥရောပနိုင်ငံများ လွတ်မြောက်ခြင်း

ဆိုဗီယက်ပြည်ထောင်စု ဩဇာလွှမ်းမိုးတဲ့ ကွန်မြူနစ်ပါတီအစိုးရများ တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်နေတဲ့ အရှေ့ဥရောပနိုင်ငံများရဲ့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေက မြန်မာနိုင်ငံထက် နောက်ကျပါတယ်။ ပိုလန်နိုင်ငံမှာ ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလမှာစတင်လို့ ဩဂုတ်လမှာ ပိုလန်အလုပ်သမားများသွေးစည်းညီညွတ်ရေးအဖွဲ့ (Labour Solidarity) က အစိုးရအာဏာရရှိပါတယ်။ ဆိုဗီယက်ပြည်ထောင်စုရဲ့ လက်အောက်ခံပြည်နယ်များ ဖြစ်နေတဲ့ အက်စတိုနီးယား (Estonia)၊ လတ်ဗီးယား (Latvia)နဲ့ လစ်သူယေးနီးယား (Lithuania) ဒေသများမှာ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီရေး လူထုလှုပ်ရှားမှုများ ၁၉၈၉ ခုနှစ်၊ ဩဂုတ်လမှာ စတင်ခဲ့ပြီး လစ်သူယေးနီးယားက ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့ နိုင်ငံဖြစ်လာပါတယ်။ အက်စတိုးနီးယားက ၁၉၉၀ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့မှာ ဆိုဗီယက်လက်အောက်က လွတ်မြောတ်သော ဒီမိုကရေစီနိုင်ငံအဖြစ် ကြေညာပါတယ်။ လတ်ဗီးယားက ၁၉၉၀ ခုနှစ်၊ မေလ ၄ ရက်နေ့မှာ လွတ်လပ်ရေးကြေညာပါတယ်။ 

အရှေ့ဂျာမဏီနိုင်ငံမှာ ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့မှာ လူထုဆန္ဒပြပွဲတွေစတင်ပြီး နိုဝင်ဘာလ ၉ ရက်နေ့မှာ ဘာလင်တံတိုင်းကြီး ပြိုလဲပါတယ်။ ဒီဇင်ဘာလ ၁ ရက်နေ့မှာ အရှေ့ဂျာမနီပါလီမန်က ကွန်မြူနစ်တစ်ပါတီ အုပ်ချုပ်ရေးစနစ်ကို ဖျက်သိမ်းပြီး ပါတီစုံစနစ်ကို ကျင့်သုံးဖို့ ဆုံးဖြတ်ပါတယ်။ ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကွန်မြူနစ်ပါတီ အာဏာစွန့်ရပါတယ်။ ၁၉၉၀ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့မှာ ကျင်းပတဲ့ရွေးကောက်ပွဲမှာ ကွန်မြူနစ်ပါတီရှုံးနိမ့်ပြီး ကွန်ဆာဗေးတစ်ပါတီ အနိုင်ရပါတယ်။ ၁၉၉၀ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှာအရှေ့၊ အနောက် ဂျာမဏီနှစ်နိုင်ငံ စီးပွါးရေးနဲ့ ငွေကြေးစနစ်များကို တစ်ခုတည်းအဖြစ် ပေါင်းစည်းဖို့ သဘောတူကြပါတယ်။

ဟန်ဂေရီနိုင်ငံက ပါတီစုံစနစ်ကို ၁၉၈၉ ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည်ကျင့်သုံးခဲ့ပါတယ်။ ၁၉၉၀ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ ဟန်ဂေရီနိုင်ငံမှာ ၁၉၄၈ ခုနှစ်ကစလို့ ရေတွက်ရင် ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တဲ့ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲမှာ ကွန်မြူနစ်ပါတီ အရေးနိမ့်ပြီး ဟန်ဂေရီဒီမိုကရက်တစ်ဖိုရမ်က ပါလီမန်မဲအများစု အနိုင်ရပါတယ်။ 
ဘူလ်ဂေးရီးယားနိုင်ငံမှာ ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့မှာ လူထုလှုပ်ရှားမှုကြီး စတင်ခဲ့ပြီး ၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တစ်ပါတီအာဏာရှင်စနစ်ကို ဖျက်သိမ်းပြီး ပါတီစုံစနစ် ထူထောင် နိုင်ခဲ့ပါတယ်။

ချက်ကိုဆလိုဗက်ကီးယားနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးကြီးက ၁၉၈၉ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စတင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၂၈ ရက်နေ့မှာ တစ်ပါတီအာဏာရှင်စနစ် ရပ်စဲပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲ ကျင့်သုံးပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ဗားကလပ်ဟာဗယ် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရပြီး အောင်ပွဲရပါတယ်။
ရိုမေးနီးယားနိုင်ငံမှာ လူထုတော်လှန်ရေးကြီးက ၁၉၈၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့မှာ စတင်ဖြစ်ပွါးပြီး ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ အာဏာရှင် ချောင်ဆက်စကူးနဲ့ ဇနီးကို လူထုခုံရုံးက သေဒဏ်ပေး အဆုံးစီရင်လိုက်ပါတယ်။

၁၉၉၀ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ယူဂိုဆလားဗီးယားကွန်မြူနစ်ပါတီက ယူဂိုဆလားဗီးယားနိုင်ငံမှာ တစ်ပါတီအာဏာရှင်စနစ်ကို ရပ်စဲကြောင်း ကြေညာပါတယ်။ ၁၉၉၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီက ဆိုဗီယက်ပြည်ထောင်စုကို တစ်ပါတီစနစ်နဲ့ အုပ်စိုးတာကို ရပ်စဲပြီး ပါတီစုံဒီမိုကရေစီစနစ်ကို ကူးပြောင်းခဲ့ပါတယ်။

အရှေ့ဥရောပနိုင်ငံများရဲ့ အပြောင်းအလဲများကို ကြည့်ရင် မြန်မာနိုင်ငံနဲ့ ထပ်တူနီးပါးဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တစ်ပါတီအာဏာရှင်စနစ်နဲ့ အုပ်ချုပ်ခဲ့သူတွေကို အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်စော်ကားခံနေရတဲ့၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနစ်နာနေရတဲ့ ပြည်သူလူထုကြီးက အကြမ်းမဖက်ပဲ၊ လက်နက်မကိုင်ပဲ ငြိမ်းချမ်းစွာ ဆန္ဒပြဆန့်ကျင်ကြပါတယ်။ အစဦးဆုံး လူထုလှုပ်ရှားမှုတွေကို အာဏာရှင်များက အကြမ်းဖက်ခြေမှုန်းလို့ သွေးချောင်းစီးခဲ့ပေမည့် ရဲရင့်ပြောင်မြောက်တဲ့ ပြည်သူလူထုက ကျည်ဆံတွေ၊ လှံစွပ်တွေကို ရင်ဆိုင်ရဲပြီး ဆက်လက်ဆန္ဒပြကြတဲ့အခါ အာဏာရှင်အစိုးရများ တုန်လှုပ်ခြောက်ခြားပြီး ပြည်သူလူထုအလိုဆန္ဒကို လိုက်လျောဖို့ သဘောတူလိုက်ရပါတယ်။ သက်ဆိုင်ရာ အာဏာရကွန်မြူနစ်ပါတီအစိုးရများ ကိုယ်တိုင်က လွှတ်တော်အစည်းအဝေးခေါ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တစ်ပါတီစနစ်ကို ဖျက်သိမ်း၊ ပါတီစုံစနစ်နဲ့ အစားထိုးပြင်ဆင်ပြီး ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပေးခဲ့ပါတယ်။ အတိုက်အခံဒီမိုကရေစီ အင်အားစုများကလည်း အာဏာရပါတီက ဦးဆောင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်နဲ့ ရွေးကောက်ပွဲများကို လက်ခံပြီး နိုင်ငံရေးပါတီများဖွဲ့စည်း၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ပြီး ကွန်မြူနစ်ပါတီများကို အနိုင်ရလို့ ဒီမိုကရေစီနိုင်ငံများ တည်ထောင်နိုင်ခဲ့ကြပါတယ်။

၁၉၈၉ ခုနှစ်၊ ဧပြီလကနေ ၁၉၉၀ ခုနှစ်၊ မေလအတွင်း လူထုဆန္ဒပြပွဲများနဲ့ အာဏာရှင်စနစ်ကို ဖြုတ်ချပြီး ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ခဲ့ကြတဲ့ အရှေ့ဥရောပတိုက်က အက်စတိုနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဟန်ဂေရီ၊ မူလက ချက်ကိုဆလိုဗက်ကီးယားနိုင်ငံအဖြစ် တည်ရှိခဲ့တဲ့ ချက်သမ္မတနိုင်ငံနဲ့ ဆလိုဗက်ကီးယားသမ္မတနိုင်ငံ၊ ရိုမေးနီးယား၊ ဘူလ်ဂေးရီးယား၊ ပြန်လည်ပေါင်းစည်းသွားတဲ့ ဂျာမဏီ နိုင်ငံများဟာ ၂၀၁၅ ခုနှစ်အထိ ၂၇ နှစ်အတွင်း နိုင်ငံရေးအပြောင်းအလဲတွေ အများကြီး ဖြတ်သန်းခဲ့ရပေမည့် ဒီမိုကရေစီ နိုင်ငံများအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ 

#မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုနှင့် အရှေ့ဥရောပနိုင်ငံရေးအပြောင်းအလဲ ကွာခြားချက်

အရှေ့ဥရောပကွန်မြူနစ်နိုင်ငံဟောင်းများနဲ့ မြန်မာနိုင်ငံရဲ့ အဓိက ကွာခြားချက်ကတော့ အာဏာရပါတီရဲ့ ကမ်းလှမ်းချက်ကို မြန်မာအတိုက်အခံခေါင်းဆောင်များက လက်မခံခဲ့တာပဲ ဖြစ်ပါတယ်။ မဆလပါတီအစိုးရရဲ့ နောက်ဆုံးသမ္မတ ဒေါက်တာမောင်မောင် လက်ထက်မှာ မဆလအရေးပေါ်ပါတီညီလာခံနဲ့ လွှတ်တော်ကနေ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ တစ်ပါတီစနစ်ကို ပယ်ဖျက်ပြီး ပါတီစုံစနစ်နဲ့ အစားထိုးပြင်ဆင်ခဲ့ပါတယ်။ ဒေါက်တာမောင်မောင်က "ရွေးကောက်ပွဲကော်မရှင်" ကို ဖွဲ့စည်းတာဝန်ပေးပြီး သုံးလ (သို့မဟုတ်) ခြောက်လအတွင်း ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒေါက်တာမောင်မောင်ရဲ့ ကမ်းလှမ်းချက်ဟာ ရာနှုံးပြည့်ကျေနပ်စရာမရှိပေမည့် လက်ရှိ နိုင်ငံရေးပြဿနာကို သွေးထွက်သံယိုအနည်းဆုံးနဲ့ အမြန်ဆုံး၊ အညင်သာဆုံး ဖြေရှင်းနိုင်မည့် နည်းလမ်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟောင်း ဦးနုက သဘောတူ လက်ခံခဲ့ပေမည့် ပြည်သူလူထုရဲ့ ထောက်ခံမှုကို အများဆုံးရရှိထားတဲ့ အခြားဒီမိုကရေစီခေါင်းဆောင်များက လက်မခံခဲ့ကြပါ။ မဆလအာဏာရှင်များကို ဂုဏ်သိက္ခာရှိရှိ ထွက်ပေါက်ပေးရမည့်အစား မဆလပါတီကို အပြုတ်တိုက်ရေး၊ အမြစ်ဖြတ်ချေမှုံးရေးရည်ရွယ်ချက်နဲ့ "ကြားဖြတ်အစိုးရ" ကိုပဲ ဆက်လက်တောင်းဆိုကြတဲ့ အတွက် ရလာဒ်ကတော့ နောက်ဆုံးမှာ မဆလအစိုးရက တပ်မတော်ကို နိုင်ငံတော်အာဏာလွှဲပြောင်းပေးအပ်လိုက်တာပဲ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်နေ့မှာ နိုင်ငံတော်အာဏာကို ရယူခဲ့တဲ့ စစ်အာဏာရှင်အသစ်များက ဒေါက်တာမောင်မောင် ခန့်အပ်ခဲ့တဲ့ ရွေးကောက်ပွဲကော်မရှင်ကိုပဲ ဆက်လက်တာဝန်ပေးပြီး ၁၉၉၀ ခုနှစ်၊ မေလ ၂၇ ရက်နေ့မှာ ပါတီစုံရွေးကောက်ပွဲ ကျင်းပပေးခဲ့ပေမည့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးနဲ့ တရားဥပဒေစိုးမိုးရေး အကြောင်းပြချက်နဲ့ လက်နက်မဲ့ ဆန္ဒပြသူအများအပြားကို သတ်ဖြတ်ချေမှုန်းခဲ့ပါတယ်။ နိုင်ငံရေးလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီး၊ နှိပ်စက်၊ အကျဉ်းချခဲ့ပါတယ်။ ကျောင်းသား၊ ပြည်သူ ထောင်ပေါင်းများစွာကို တောထဲ၊ တောင်ထဲ မောင်းနှင်ထုတ်ခဲ့ပါတယ်။ ပြည်သူလူထုရဲ့ အခွင့်အရေးတွေကို ပြင်းပြင်းထန်ထန် ကန့်သတ်ချုပ်ချယ်ခဲ့ပါတယ်။ ရွေးကောက်ပွဲအနိုင်ရပါတီကိုလည်း အာဏာလွှဲပြောင်းမပေးခဲ့ပါ။

#သမိုင်းကို လေ့လာ၊ နှိုင်းယှဉ်၊ ဆင်ခြင်ကြဖို့

နိုင်ငံ့ခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်အမှားအယွင်းကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ ဘဝပေါင်းများစွာ ပျက်ဆီးခဲ့ပါတယ်။ မိသားစုထောင်ပေါင်းများစွာ နာကျင်ခံစားကြရပါတယ်။ မဆလခေတ် ၂၆ နှစ်ကျော် အထီးကျန်နေခဲ့လို့ ကမ္ဘာနဲ့ ယှဉ်ရင် အစစအရာရာ နောက်ကျကျန်ရစ်ပြီးဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ်ကနေ နှစ်ပေါင်း ၃၀ နီးပါး ထပ်မံ နောက်ကျကျန်ရစ်ရပြန်ပါတယ်။

သမိုင်းဆိုတာ အတိတ်ကာလပါ။ သမိုင်းကို ပြန်လည်ပြင်ဆင်လို့ မဖြစ်နိုင်ပေမည့် ပြန်လည်လေ့လာဖို့၊ မှန်မှန်ကန်ကန် သုံးသပ်ဖို့ လိုအပ်ပါတယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ပြဿနာ တစ်ခုထဲကိုပဲ ကွက်ကွက်လေး မစဉ်းစားပဲ ခေတ်ပြိုင် ကမ္ဘာ့ဖြစ်ရပ်များနဲ့ နှိုင်းယှဉ်စဉ်းစားဖို့ လိုအပ်ပါတယ်။ သင်ခန်းစာယူတတ်ဖို့ လိုအပ်ပါတယ်။ ဒါမှလည်း နောက်တစ်ကြိမ် ထပ်မမှားတော့မှာပါ။ ဒါမှမဟုတ် အမှားနည်းအောင် ဆင်ခြင်နိုင်မှာပါ။ ဒီဆောင်းပါးဟာ ၁၉၈၈ မြန်မာ့ဒီမိုကရေစီအရေးတော်ပုံကြီးရဲ့ သမိုင်းကို မှန်မှန်ကန်ကန် ပြန်လည်လေ့လာသုံးသပ်ဖို့နဲ့ အမှားအယွင်းများကနေ သင်ခန်းစာယူနိုင်ဖို့ တစ်စုံတစ်ရာ အထောက်အကူပြုနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

အောင်ဒင်
ဇူလိုင်လ ၉ ရက်၊ ၂၀၁၅

(မှတ်ချက်။ ဒီဆောင်းပါးဟာ မကြာခင် ထုတ်ဝေဖြန့်ချီမည့် ကျနော့်ဘဝမှတ်တမ်း ဒုတိယပိုင်း၊ "နွေတစ်ညနှင့် တူသောညများ" စာအုပ်ရဲ့ နောက်ဆုံးအခန်းဖြစ်ပါတယ်။ ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီး ၂၇ နှစ်မြောက် နှစ်ပါတ်လည်အမှတ်တရအဖြစ် အနည်းငယ်ပြင်ဆင်ရေးသားထားခြင်း ဖြစ်ပါတယ်။)

Tuesday, June 17, 2014

American Poet Maya Angelou


(စုံနံ့သာ စာပေ၊အနုပညာမဂ္ဂဇင်း၊ အတွဲ ၁၊ အမှတ် ၆၊ ဇွန်လ၊ ၂၀၁၄)



လှောင်အိမ်ထဲကငှက် (သို့မဟုတ်) အမေရိကန်ကဗျာဆရာမကြီး မာယာအိန်ဂျလို (Maya Angelou)

အောင်ဒင်

၂၀၁၄ ခုနှစ်၊ မေလ (၂၈) ရက်နေ့မှာ အမေရိကန်ပြည်ထောင်စုရဲ့  ထင်ရှားတဲ့ ကဗျာဆရာမကြီး မာယာအိန်ဂျလို (Maya Andelou) ကွယ်လွန်သွားပါတယ်။ ၁၉၂၈ ခုနှစ်၊ ဧပြီလ ၄ ရက်နေ့မှာ မွေးဖွားသူမို့ ကွယ်လွန်ချိန်မှာ အသက် ၈၆ နှစ်ရှိပါပြီ။ သူကွယ်လွန်တာနဲ့ ပါတ်သက်ပြီး သမ္မတ ဘားရက်အိုဘားမားက ကြေညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။ အဲဒီ ကြေညာချက်မှာ အိုဘားမားက "မစ်ရှယ်လ် (သူ့ဇနီး) နဲ့ ကျနော်ဟာ ဒီကနေ့မှာ ကျနော်တို့ခေတ်ရဲ့ အတောက်ပဆုံး အလင်းရောင်တစ်ခုကို သတိရလွမ်းဆွတ်နေကြတဲ့ သန်းပေါင်းများစွာသော ကမ္ဘာပြည်သူများနဲ့ အတူတကွရှိနေပါတယ်" လို့ ဆိုပါတယ်။ အိုဘားမားက မာယာအိန်ဂျလိုကို “အထူးချွန်ဆုံး စာရေးဆရာမကြီး၊ အခိုင်မာဆုံးသော မိတ်ဆွေ၊ အမှန်တကယ်ကို အံ့ဩစရာကောင်းတဲ့ အမျိုးသမီးကြီး" လို့ ချီးကျူးပြီး မာယာအိန်ဂျလိုရဲ့ လွှမ်းမိုးမှုကြောင့် အိုဘားမားရဲ့  အမေက သူ့သမီး၊ အိုဘားမားရဲ့  အမကို မာယာလို့ အမည်ပေးခဲ့တယ်လို့ ဆိုပါတယ်။

မာယာအိန်ဂျလိုဟာ အမေရိကန်ပြည်ထောင်စုရဲ့  အလွန်ကြီးမြတ်သော အမျိုးသမီးကြီးဖြစ်ပါတယ်။ သူ့ဟာ ကဗျာဆရာမကြီးအဖြစ်သာမက စာရေးဆရာ၊ အဆိုတော်၊ သမိုင်းပညာရှင်၊ သီချင်းရေးစပ်သူ၊ ပြဇာတ်ရေးသူ၊ တက္ကသိုလ်ပါမောက္ခ၊ မဂ္ဂဇင်းအယ်ဒီတာ၊ ကချေသည်၊ ပြဇာတ်ထုတ်လုပ်သူနဲ့ ရုပ်ရှင်ဒါရိုက်တာ၊ နိုင်ငံသားအခွင့်အရေးလှုပ်ရှားသူ (Civil Rights Activist) လည်း ဖြစ်ပါတယ်။ သူဖြတ်သန်းခဲ့ရတဲ့ ကာလဟာ အမေရိကန်ပြည်ထောင်စုမှာ လူမည်းတွေကို လူဖြူတွေက နှိမ့်ချဆက်ဆံတဲ့ ကာလဆိုးကြီးဖြစ်ပါတယ်။ ဒါကြောင့်လည်း လူမည်းအမျိုးသမီးတစ်ဦးဖြစ်တဲ့ မာယာအိန်ဂျလို ဟာ ဒေါက်တာမာတင်လူသာကင်းဦးဆောင်တဲ့ နိုင်ငံသားအခွင့်အရေးလှုပ်ရှားမှုကြီး (Civil Rights Movement) မှာ ဦးဆောင်မှုအခန်းကဏ္ဏက ပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။ သူဖန်တီးထုတ်လုပ်တဲ့ အနုပညာပစ္စည်းတွေမှာလည်း အသားအရောင်ခွဲခြားမှုကို ဆန့်ကျင်တဲ့ အတွေးအခေါ်တွေ၊ တရားမျှတမှုကို တောင်းဆိုတာတွေ၊ ခွဲခြားနှိမ့်ချခံကြရသူများရဲ့ ငိုကျွေးသံတွေကို ကိုယ်စားပြု တင်ပြခဲ့ပါတယ်။ ၁၉၉၃ ခုနှစ်မှာ သမ္မတ ကလင်တန်ရဲ့  ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ကလင်တန်ရဲ့  မေတ္တာရပ်ခံချက်အရ "မနက်ခင်းရဲ့  သွေးခုန်သံအကြောင်း" (On the Pulse of the Morning) ဆိုတဲ့ ကဗျာကို ရွတ်ဖတ်ခဲ့ပါတယ်။ 


၂၀၁၀ ခုနှစ်မှာ သမ္မတ အိုဘားမားက အမေရိကန်ပြည်ထောင်စုမှာ အရပ်သားများကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ "သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်" (Presidential Medal of Freedom) ကို မာယာအိန်ဂျလိုကို သမ္မတအိမ်ဖြူတော်မှာ အခန်းအနားနဲ့ ချီးမြှင့်ဂုဏ်ပြုခဲ့ပါတယ်။


 မာယာအိန်ဂျလိုရဲ့  ၁၉၆၉ ခုနှစ်မှာ ထုတ်ဝေတဲ့ "လှောင်အိမ်ထဲက ငှက် ဘာကြောင့်သီချင်းဆိုသလဲဆိုတာ ငါသိပြီ" (I Know Why the Caged Bird Sings) ဆိုတဲ့ စာအုပ်ဟာ အထူးထင်ရှားပါတယ်။ ၂၀ ရာစုနှစ်များရဲ့ လူမည်းအမျိုးသမီးတစ်ယောက်အဖြစ် သူ့ဘဝဖြတ်သန်းမှုကို သီချင်းဆန်ဆန်ဖွဲ့ထားတဲ့ ကဗျာတွေပါဝင် မှတ်တမ်းတင်ထားတဲ့ ကိုယ်ရေးအထုပ္ပတ္တိစာအုပ်ဖြစ်ပြီး ကျောင်းတွေမှာ အမေရိကန်စာပေနဲ့ ပါတ်သက်တဲ့ သင်ရိုးညွှန်းတမ်းမှာ သင်ကြားရတဲ့ စာအုပ်တစ်အုပ်ဖြစ်လာပါတယ်။ မာယာအိန်ဂျလိုဟာ အာဖရိကန် ကဗျာဆရာကြီး ပေါလ်လောရဲန်စ် ဒမ်ဘာ (Paul Laurence Dunbar) ကို ကြည်ညိုသူဖြစ်ပြီး သူ့စာအုပ်ရဲ့ ခေါင်းစဉ် (I Know Why the Caged Bird Sings) ဟာ ပေါလ်ရဲ့  ကဗျာတစ်ပုဒ်ထဲက စာသားဖြစ်ပါတယ်။အမေရိကန်ပြည်ထောင်စုမှာ အသားအရောင်ခွဲခြားမှု ပြင်းထန်ချိန်၊ အသားအရောင်ခွဲခြားဆက်ဆံရာမှာ အဆိုးဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စု တောင်ပိုင်းမှာ မွေးဖွားကြီးပြင်းခဲ့ရသူမို့ သူ့ရဲ့  အနုပညာပစ္စည်းတွေမှာ လူ့အသိုင်းအဝိုင်းများမှာ ကျား၊ မလိင်ကွဲပြားမှုအပေါ် ခွဲခြားဆက်ဆံခြင်းနဲ့ အသားအရောင်အပေါ်ခွဲခြားဆက်ဆံခြင်းများကို ဆန့်ကျင်ဝေဘန်တာတွေ အမြဲတွေ့ရမှာပါ။ 

ဒီဆောင်းပါးမှာ သူ့ရဲ့  ကဗျာ (၃) ပုဒ်ကို ဘာသာပြန်ပြီး တင်ပြပါမယ်။ ကျေနပ်ဖွယ်ရာမဟုတ်ရင် ဘာသာပြန်သူရဲ့  အားနည်းချက်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

အောက်ပါ "လှောင်အိမ်ထဲက ငှက်" ကဗျာဟာ ၁၉၆၉ ခုနှစ်မှာ ထုတ်ဝေတဲ့ မာယာအိန်ဂျလိုရဲ့ "လှောင်အိမ်ထဲက ငှက် ဘာကြောင့်သီချင်းဆိုသလဲဆိုတာ ငါသိပြီ" စာအုပ်ထဲမှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

# လှောင်အိမ်ထဲက ငှက် (Caged Bird)

မာယာအိန်ဂျလို

လွတ်လပ်တဲ့ ငှက်တစ်ကောင်ဟာ
လေကို ဆန်ပြီး ကျော်လွှားပျံသန်းတယ်
စမ်းချောင်းကလေးထဲမှာ
လှိုင်းတွေရဲ့အဆုံးအထိ မျောပါတယ်
နေရဲ့ လိမ္မော်ရောင် အလင်းတန်းတွေထဲ
အတောင်ပံတွေကို နှစ်မြုတ်ပြီး
ကောင်းကင်ကြီးကို သူပိုင်ဆိုင်တယ်လို့ ကြွေးကြော်ရဲတယ်။

ဒါပေမည့်
ကျဉ်းမြောင်းသေးငယ်တဲ့ လှောင်အိမ်တစ်ခုထဲ
ခက်ခက်ခဲခဲ လမ်းလျှောက်နေရတဲ့ ငှက်တစ်ကောင်ကိုတော့
ဒေါသသံတိုင်များကို ဖောက်ထွင်းပြီး
ထင်ထင်ရှားရှားမြင်တွေ့နိုင်ဖို့ ခက်ပါလိမ့်မယ်
သူ့ရဲ့ တောင်ပံတွေ ဖြတ်တောက်ခံရ
သူရဲ့ ခြေအစုံဟာ ချည်နှောင်ခံရ
ဒါကြောင့်ပဲ သီချင်းဆိုဖို့ သူ့လည်ချောင်းကို ဖွင့်ဟလိုက်တယ်။

မသိနိုင်တဲ့အရာတွေကို
ကြောက်ရွံ့တဲ့ သံစဉ်နဲ့
လှောင်အိမ်ထဲကငှက် တေးသီဖွဲ့တယ်
မလှုပ်မယှက်နဲ့ လွမ်းတယ်
သူ့သီချင်းသံကို
အဝေး တောင်တန်းကြီးတွေကတောင် ကြားရတယ်
လှောင်အိမ်ထဲက ငှက်မို့
သူဆိုတဲ့တေးဟာ လွတ်လပ်ရေးပေါ့။

လွတ်လပ်တဲ့ငှက်က
နောက်ထပ် လေပြေလေညှင်းအကြောင်းကို တွေးတယ်
သစ်ပင်တွေကြား နူးနူးညံ့ညံ့ဖြတ်သန်းလာတဲ့ ကုန်သည်လေကို တွေးတယ်
အာရုဏ်ဦးရဲ့  တောက်ပမှုနဲ့အတူ
မြက်ခင်းပြင်ပေါ်မှာ စောင့်ဆိုင်းနေမည့် ပိုးကောင်
ဝဝလေးတွေကို တွေးတယ်
ကောင်းကင်ကြီးကို သူပိုင်တယ်တဲ့။

လှောင်အိမ်ထဲက ငှက်ကတော့
အိပ်မက်တွေ ကုန်ဆုံးမြှုပ်နှံရာ အရပ်မှာ
ညနက်သန်းခေါင် ခြောက်လှန့်မှုတွေကြောင့်
သူ့အရိပ်ကတောင် အော်ဟစ်ငိုကျွေးမိ
ဒါကြောင့်ပဲ သီချင်းဆိုဖို့ သူ့လည်ချောင်းကို ဖွင့်ဟလိုက်တယ်။

မသိနိုင်တဲ့အရာတွေကို
ကြောက်ရွံ့တဲ့ သံစဉ်နဲ့
လှောင်အိမ်ထဲကငှက် တေးသီဖွဲ့တယ်
မလှုပ်မယှက်နဲ့ လွမ်းတယ်
သူ့သီချင်းသံကို
အဝေး တောင်တန်းကြီးတွေကတောင် ကြားရတယ်
လှောင်အိမ်ထဲက ငှက်မို့
သူဆိုတဲ့တေးဟာ လွတ်လပ်ရေးပေါ့။

အောက်ပါကဗျာက ၁၉၇၈ ခုနှစ်မှာ ရန်ဒန်ဟောက်စ် (Random House) စာအုပ်တိုက်က ထုတ်ဝေတဲ့ မာယာအိန်ဂျလိုရဲ့  တတိယမြောက် ကဗျာစာအုပ် (And Still I Rise) မှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

#ငါ…ရှင်သန်နေ တယ် (Still I Rise)
 
မာယာအိန်ဂျလို

မင်းရဲ့ ခါးသီးလှည့်ဖျားမှုတွေ၊ အလိမ်အညာတွေနဲ့
ငါ့သမိုင်းကို မကောင်းရေးဖွဲ့နိုင်တယ်၊
ညစ်ပတ်မှုတွေထဲမှာ ငါ့ကို နင်းခြေနိုင်တယ်၊
ဒါပေမည့်
၊ ဖုံမှုံ့ကလေးတစ်ခုလို ပဲ၊ ငါ…ရှင်သန်နေမယ်။

ငါ့ရဲ့  ရိုင်းပြမှုက မင်းကို ဒေါသဖြစ်စေသလား?
မင်းဟာ ဘာလို့များ မပီဝိုးတဝါးအတွေးများနဲ့ အနှောက်အယှက်ဖြစ်နေရတာလဲ?
ငါက ငါ့ရဲ့ ဧည့်ခန်းထဲ ရေနံတွင်းကြီးတွေရှိနေသလို
လမ်းလျှောက်နေတာကြောင့်လား? 

နေတွေ လတွေကြောင့်
လှိုင်းတွေရှိတာ သေချာသလိုမျိုး
မျှော်လင့်ချက်တွေ အမြင့်ကို ခုန်တက်သွားသလိုမျိုး
ငါ…ရှင်သန်နေမယ်။
ငါ… ကျိုးပဲ့ပျက်စီးသွားတာ မင်းမြင်ချင်သလား?
 
ခေါင်းကို ငုံ့လို့၊ မျက်လွှာချလို့?
ငါ့ရဲ့ ဝမ်းနည်းကြေကွဲ အော်မြည်ခြင်းတွေက လှိုက်စားလို့
ငါ့ပုခုန်းနှစ်ဖက်က မျက်ရည်စတွေလို လျောကျလို့?
ငါ့ရဲ့  မထီလေးစားနေတတ်မှုက မင်းကို စော်ကားရာရောက်သလား?
 
မင်း အလွန်အကျွံတွေးရာ ရောက်မနေဘူးလား?
ငါက ငါ့ရဲ့ ခြံနောက်ဖက်မှာ တူးဆွရင်း ရွှေတွင်းကြီးတွေ့သလို
ရီမောနေတာကြောင့်လား?။

မင်းရဲ့  စကားလုံးတွေနဲ့ ငါ့ကို ပစ်နိုင်ပါတယ်၊
မင်းရဲ့  မျက်လုံးတွေနဲ့ ငါ့ကို အပိုင်းပိုင်းဖြတ်နိုင်ပါတယ်၊
မင်းရဲ့  အမုန်းတွေအပြည့်နဲ့ ငါ့ကို သတ်နိုင်ပါတယ်၊
ဒါပေမည့်၊ လေလိုပဲ၊ ငါ…ရှင်သန်နေမယ်။

ငါ့ရဲ့  လိင်ဆွဲဆောင်မှုက မင်းကို ခါးသီးစေသလား?
ငါက ငါ့ပေါင်နှစ်ချောင်းဆုံရာအရပ်မှာ စိန်တစ်ပွင့်ရှိနေသလို ကနေတာကို
အံ့ဩစရာလို့ မင်းထင်နေတာလား?။

သမိုင်းရဲ့  အရှက်အကြောက်တွေနဲ့ တည်ဆောက်ထားတဲ့ တဲအိမ်ရဲ့အပြင်ဘက်မှာ
ငါ… ရှင်သန်တယ်၊
နာကျင်မှုတွေထဲမှာ အမြစ်တွယ်နေတဲ့ အတိတ်ကာလရဲ့  အထက်မှာ
ငါ… ရှင်သန်တယ်၊
ငါဟာ အကျယ်ပြန့်ဆုံး စီးဆင်းနေတဲ့ အနက်ရောင် သမုဒ္ဒရာဖြစ်တယ်၊
လှိုင်းတွေကို ပွေ့ပိုက်ရင်း နက်ရှိုင်းလိုက်၊ ယောင်ကိုင်းလိုက်နဲ့

အကြမ်းဖက်မှုနဲ့ အကြောက်တရားတွေအပြည့်နဲ့ ညတွေကို နောက်မှာချန်ထားပြီး
ငါ… ရှင်သန်တယ်၊
အံ့ဩစရာကောင်းလောက်အောင် ကြည်လင်ရှင်းသန့်တဲ့ နေ့သစ်တစ်ခုထဲ
ငါ… ရှင်သန်တယ်၊
ငါ့မျိုးနွယ်ရဲ့  ရှေ့ဦးအဘိုး၊ အဘွားတွေက ပေးခဲ့တဲ့ လက်ဆောင်တွေကို သယ်ဆောင်ရင်း
ငါဟာ ကျေးကျွန်များရဲ့  အိပ်မက်နဲ့ မျှော်လင့်ချက်အဖြစ်
ငါ… ရှင်သန်တယ်၊
ငါ… ရှင်သန်တယ်၊
ငါ… ရှင်သန်တယ်…၊။။။

အောက်ပါကဗျာက ၁၉၇၅ ခုနှစ်မှာ ရန်ဒန်ဟောက်စ်စာအုပ်တိုက်က ထုတ်ဝေတဲ့ “Oh Pray My Wings Are Gonna Fit Me Well” ကဗျာစာအုပ်မှာ ပါဝင်တဲ့ ကဗျာတစ်ပုဒ်ဖြစ်ပါတယ်။

#တစ်ယောက်ထဲ (Alone)
 
မာယာအိန်ဂျလို

မနေ့ညက
လဲလျောင်းလိုက်၊ တွေးလိုက်နဲ့
ငါ့စိတ်တွေကို တည်ငြိမ်အောင် ဘယ်မှာ နေရာချရမလဲ?
 
ရေကို ဆာလောင်စရာမလိုတဲ့ နေရာ
ပေါင်မုန့်လွှာတွေက ကျောက်တုံးမဟုတ်တဲ့ နေရာ
နောက်ဆုံးတော့ ငါတစ်ခုသိလိုက်တယ်
ငါ မမှားဘူးဆိုတာလည်း သေချာတယ်
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။
 တစ်ယောက်တည်း၊ တကယ့်ကို တစ်ယောက်ထဲ
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

သုံးစွဲလို့ မကုန်နိုင်တဲ့ ပိုက်ဆံတွေနဲ့
သန်းကြွယ်သူဋ္ဌေးတွေ
သူတို့ရဲ့ ဇနီးတွေက နတ်သမီးလေးတွေလို ပြေးလွှားနေကြ
သူတို့ရဲ့  သားသမီးတွေက အပြာရောင်သီချင်းတွေ ဆိုကြ
သူတို့မှာ
သူတို့ရဲ့ ကျောက်တုံးနဲ့လုပ်တဲ့ နှလုံးသားတွေကို ကုသဖို့
ဈေးအကြီးဆုံး ဆရာဝန်တွေ ရှိတယ်
ဒါပေမည့်၊ ဘယ်သူမှ
မဟုတ်သေးဘူး၊ ဘယ်သူမှ
ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

တစ်ယောက်တည်း၊ တကယ့်ကို တစ်ယောက်ထဲ
ဘယ်သူမှ
တကယ်ပါ၊ ဘယ်သူမှ ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

ဒီမှာ
မင်းသာ ဂရုတစိုက်နားထောင်မယ်ဆိုရင်
ငါသိတာတွေ မင်းကိုပြောပြမယ်
မုန်တိုင်းကို ဖန်တီးမည့် တိမ်တွေ စုဝေးနေကြပြီ
မကြာခင်မှာ လေပြင်းတွေ တိုက်တော့မယ်
လူသားအားလုံး ခံစားနေကြရ
နာကျည်းအော်ညီးသံတွေ ငါကြားနေရ
ဘာကြောင့်ဆိုတော့ ဘယ်သူမှ
ဒါပေမည့် ဘယ်သူမှ
ဒီနေရာက တစ်ယောက်ထဲ လွတ်မြောက်နိုင်မှာမဟုတ်။

မာယာအိန်ဂျလို သေဆုံးခဲ့ပေမည့် သူ့ကဗျာတွေ၊ သူ့အနုပညာတွေကတော့ ရှင်သန်ဆဲဖြစ်ပါတယ်။ သူ့ကဗျာတွေကလည်း အမေရိကန်ပြည်ထောင်စုနယ်နမိတ်ကို ကျော်လွန်ပြီး ကမ္ဘာတဝှမ်းက အနုပညာမြတ်နိုးသူတွေကို လှောင်အိမ်ထဲက ငှက် ဘာကြောင့်တေးသီရသလဲဆိုတာကို နောက်နှစ်ပေါင်းများစွာ ဆက်လက်ပြောပြနေပါလိမ့်မယ်။

လေးစားစွာ

အောင်ဒင်
ဇွန်လ ၂၊ ၂၀၁၄

ပုံစာများ။
(၁) အမေရိကန်သမ္မတ အိုဘားမားက မာယာအိန်ဂျလိုအား သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်ချီးမြှင့်နေစဉ်၊ ၂၀၁၀ ခုနှစ်
(၂)
အမေရိကန်သမ္မတ ဘီလ်ကလင်တန်၏ ကျမ်းသစ္စာကျိန်ဆိုပွဲ၌ မာယာအိန်ဂျလို ကဗျာရွတ်ဖတ်နေစဉ်၊ ၁၉၉၃ ခုနှစ်
(၃)
အမေရိကန်သမ္မတ အိုဘားမားက မာယာအိန်ဂျလိုအား သမ္မတ၏ လွတ်လပ်ရေးဆုတံဆိပ်ချီးမြှင့်နေစဉ်၊ ၂၀၁၀ ခုနှစ်
(၄) မာယာအိန်ဂျလို၏ “I Know Why the Caged Bird Sings” စာအုပ် မျက်နှာဖုံး၊

 


Saturday, February 26, 2011

Rejection by RIT, 1984

၁၉၈၂-၈၃ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ် စတုတ္ထနှစ် စာမေးပွဲကို မရှူမလှ ကျပြီး ၁၉၈၃-၈၄ စာသင်နှစ်မှာ ခုံနံပါတ်က စ-စက်မှု-၃၀၁ ဖြစ်သွားပါတယ်၊ အဲဒီနှစ်မှာလဲ ကျောင်းခေါ်ချိန်မပြည့်လို့ အိမ်ကို ကျောင်းက တိုင်စာပို့ပါတယ်၊ အဲဒီနှစ်မှာတော့ ကံအားလျော်စွာ စာမေးပွဲအောင်ပါတယ်၊ ၁၉၈၄-၈၅ မှာ ပဉ္စမနှစ် တက်ခဲ့ပြီး အဲဒီ ပဉ္စမနှစ် ကိုပဲ နှစ်ကြိမ်ဆက်ကျလို့ ၁၉၈၇ မှာ ပြင်ပကျောင်းသား (External) ဘဝနဲ့ ဖြေဆိုအောင်မြင်ခဲ့ပါတယ်၊ ၁၉၈၈ မှာ နောက်ဆုံးနှစ်ကျောင်းသားဘဝ ရောက်ရှိချိန်မှာပဲ မတ်လ ၁၃ ရက်အရေးအခင်း ကို ကြုံတွေ့ဖြတ်သန်းခဲ့ရပြီး ၁၉၈၉ ဧပြီလ ၂၃ ရက်နေ့မှာ အဖမ်းခံခဲ့ရပါတယ်၊ အကျဉ်းထောင်ထဲမှာ လေးနှစ် နဲ့ သုံးလ နေထိုင်ခဲ့ရပြီး ၁၉၉၃ ဂျူလိုင် ၇ ရက်နေ့မှာ သရက်ထောင်က လွတ်ပါတယ်၊ အဲဒီနောက် ပါမောက္ခချုပ် ဆရာကြီး ဦးကြင်စိုး ရဲ့ ခွင့်ပြုချက်နဲ့ ကျောင်းတက်ခွင့်ပြန်ရပြီး ၁၉၉၄ မှာ စက်မှုအင်ဂျင်နီယာဌာနက ဆရာများ ရဲ့ ကူညီဆောင်မမှုကြောင့် နောက်ဆုံးနှစ်စာမေးပွဲကို နောက်ဆုံးက အောင်မြင်ခဲ့ပါတယ်၊ အောင်စာရင်းစာမျက်နှာ မှာ ကျနော့် အမည်အောက်မှာ မော်ကွန်းထိန်း နဲ့ ပါမောက္ခချုပ်ရဲ့ လက်မှတ်တွေပဲ ရှိပါတော့တယ်၊

ဒီတော့ ကျနော် ရန်ကုန် စက်မှုတက္ကသိုလ်မှာ ၁၉၈၁ မှာတတိယနှစ်ကျောင်းသား ဘဝနဲ့ စတင်ရင်း ၁၉၉၄ မှာ စက်မှုအင်ဂျင်နီယာဘွဲ့ရရှိခဲ့တော့ စုစုပေါင်း ၁၄ နှစ်ကြာခဲ့ပါတယ်၊ ကျနော့်အရင်က ကိုဘသောင်း (မောင်နေသစ်၊ ရေဦး) ကို ကျောင်းသက်အရှည်ဆုံးကျောင်းသားကြီးအဖြစ် မှတ်တမ်းတင်ကြပါတယ်၊ ကျနော်က ကိုနေသစ် ရဲ့ စံချိန်ကို ချိုးလိုက်နိုင်ပြီ ထင်ပါရဲ့၊

ဘဝမှာ မအောင်မြင်သူတယောက်ရဲ့ မှတ်တမ်းတခုပါ၊ အားကျစရာမဟုတ်ပါကြောင်း၊၊၊

အောင်ဒင်/ ဒတ္ထ