BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Tomorrow. Show all posts
Showing posts with label Tomorrow. Show all posts

Thursday, May 14, 2015

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၉)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၉)

အောင်ဒင်

(၅/၇) တိုင်းဒေသကြီး/ပြည်နယ်အဆင့် မဲများစုပေါင်းခြင်း

မြို့နယ်ကော်မရှင်ခွဲများမှ ပေးပို့တဲ့ မဲစာရင်းများဟာ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကို ရောက်ရှိပြီး ၎င်းမဲစာရင်းများအရ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များကို  တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်က ကြေညာပေးရမှာ ဖြစ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့သလို မြို့နယ်အဆင့်ရလဒ်များကနေ မဲဆန္ဒနယ်အလိုက် အနိုင်ရတဲ့ ပြည်သူ့လွှတ်တော်နဲ့  တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို သိရှိနိုင်မှာ ဖြစ်ပေမည့် အနိုင်ရအမျိုးသားလွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်များကိုတော့  တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်မှာ မဲတွေ စုပေါင်းပြီးမှ သိရှိနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့  တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်များရဲ့ မဲများစုပေါင်းခြင်းကိုလည်း စောင့်ကြည့်လေ့လာသင့်ပါတယ်။ မြို့နယ်အဆင့်မှာ မဲများစုပေါင်းသလို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မြို့နယ်အလိုက် မဲရလဒ်များကို အများပြည်သူရှေ့မှောက်မှာ စုပေါင်းရမှာဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်များဟာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်နဲ့ ဆန္ဒမဲအရေအတွက်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အမြန်ဆုံးအကြောင်းကြားရမှာ ဖြစ်ပါတယ်။

(၅/၈) ယှဉ်ပြိုင်ရလဒ်ကြေညာခြင်း (Parallel Vote Tabulation)

တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများက ပေးပို့တဲ့ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စုပေါင်းပြီး ရွေးကောက်ပွဲအနိုင်ရလွှတ်တော်ကိုယ်စားလှယ်များအဖြစ် တရားဝင်ထုတ်ပြန်ကြေညာပါလိမ့်မယ်။ ဒါပေမည့် ထုံးစံအတိုင်း ကော်မရှင်အဖွဲ့အစည်းအဆင့်ဆင့်ရဲ့ မဲရုံမှ မြို့နယ်၊ မြို့နယ်မှ တိုင်းဒေသကြီး/ပြည်နယ်၊ တိုင်းဒေသကြီး/ပြည်နယ်မှ ပြည်ထောင်စုအဆင့်သို့ သတင်းပေးပို့ချက်များဟာ ပြင်ဆင်မှုအဆင့်များစွာ၊ စစ်ဆေးမှုအဆင့်များစွာ၊ ဖြတ်သန်းမှုအဆင့်များစွာနဲ့ အချိန်အတန်ကြာနိုင်ပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းမှ မဲရုံစောင့်ကြည့်သူများ၊ မြို့နယ်အဆင့်စောင့်ကြည့်သူများ၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်စောင့်ကြည့်သူများ အဆင့်လိုက် သတင်းပေးပို့မှုများက အစိုးရကော်မရှင်ထက် ပိုမိုမြန်ဆန်ပါလိမ့်မယ်။ ဒါကြောင့် အဖွဲအစည်းဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရသူ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထက် အချိန်အနည်းငယ်စောပြီး ကြေညာနိုင်ပါလိမ့်မယ်။

ဒါပေမည့် အဲဒီလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းက ရွေးကောက်ပွဲရလဒ်ကို တင်ကြိုကြေညာတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ခွင့်ပြုချင်ပုံမရပါ။ အဖွဲ့အစည်းရဲ့ ကြိုတင်ကြေညာတဲ့ ရလဒ်နဲ့ ကော်မရှင်က ထုတ်ပြန်တဲ့ ရလဒ်များ တူညီနေရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ ဂုဏ်သိက္ခာကို တက်စေပါတယ်။ ရွေးကောက်ပွဲသန့်ရှင်းမျှတမှုကို ထောက်ခံရာ ရောက်ပါတယ်။ အဖွဲ့အစည်းရဲ့ ရလဒ်နဲ့ ကော်မရှင်ရဲ့ ရလဒ်များ မတူညီပဲ ကွဲလွဲနေရင် ရွေးကောက်ပွဲအပေါ်မှာ ပြည်သူလူထုနဲ့ နိုင်ငံတကာက သံသယရှိပါလိမ့်မယ်။ တကယ်တော့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းများက ရွေးကောက်ပွဲရလဒ်ကို ရွေးကောက်ပွဲကော်မရှင်ထက် အချိန်စောပြီး ထုတ်ပြန်ကြေညာတာဟာ နိုင်ငံတကာမှာ လက်ခံထားတဲ့ အလေ့အကျင့်တစ်ခုဖြစ်ပြီး ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အရေးကြီးတဲ့ တာဝန်ဝတ္တရားတစ်ခုလည်း ဖြစ်ပါတယ်။

(၅/၉) ရွေးကောက်ပွဲဆိုင်ရာ ပဏာမအစီရင်ခံစာ ထုတ်ပြန်ခြင်း (After Voting Preliminary Assessment)

ရွေးကောက်ပွဲကျင်းပပြီး ရက်အနည်းငယ်အတွင်းမှာ အဖွဲ့အစည်းရဲ့  ရွေးကောက်ပွဲဆိုင်ရာ ပဏာမအစီရင်ခံစာ ထုတ်ပြန်သင့်ပါတယ်။ ရွေးကောက်ပွဲနေ့မှာ မဲရုံအသီးသီးနဲ့ မြို့နယ်ကော်မရှင်၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်တွေမှာ စောင့်ကြည့်လေ့လာခဲ့သူများရဲ့ တင်ပြချက်တွေအပေါ် အခြေခံပြီး ရေးသားထုတ်ပြန်ရမှာပါ။ မဲရုံများကို လေ့လာသုံးသပ်ချက်၊ မဲရုံဝန်ထမ်းများကို လေ့လာချက်၊ မဲဆန္ဒရှင်များကို လေ့လာချက်၊ မဲရုံပါတ်ဝန်းကျင်ကို လေ့လာချက်၊ မဲရေတွက်ခြင်းကို လေ့လာချက် စတဲ့ ခေါင်းစဉ်တွေနဲ့ တွေ့ရှိခဲ့ရတဲ့ လွဲချော်မှုတွေ၊ အဆင်မပြေမှုတွေ၊ မတရားမှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ဥပဒေအတိုင်း မကျင့်သုံးမှုတွေ၊ ဥပဒေချိုးဖောက်မှုတွေ၊ မဲဆွယ်မဲဝယ်မှုတွေ ရှိရင်ရှိသလို အထောက်အထားတွေနဲ့ ရေးသားတင်ပြရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲတစ်ခုလုံးဟာ အမှားအယွင်းကင်းစင်ပြီး (သို့မဟုတ်) အမှားအယွင်းနည်းပါးပြီး သန့်ရှင်းမျှတတယ်ဆိုရင်လည်း အမှန်အတိုင်း ရေးသားတင်ပြရမှာပါ။ ပဏာမအစီရင်ခံစာလို့ ဆိုတဲ့အတိုင်း ဒီအစီရင်ခံစာမှာ လိုအပ်တဲ့ သတင်းအချက်အလက် အပြည့်အစုံမပါဝင်နိုင်ပါ။ ဖော်ပြတဲ့ အချက်အလက်အချို့ဟာလည်း အမှားအယွင်းရှိနိုင်ပါတယ်။ အများပြည်သူအတွက် ဒီအစီရင်ခံစာကို ဖတ်ပြီး ရွေးကောက်ပွဲကို ယေဘူယျသုံးသပ်နိုင်မှာ၊ အဖွဲ့အစည်းရဲ့ ဆောင်ရွက်မှုတွေကို အသိအမှတ်ပြုနိုင်မှာမို့ ပဏာမအစီရင်ခံစာထုတ်ပြန်ခြင်းဟာ အရေးကြီးပါတယ်။

#အဆင့်(၆) ရွေးကောက်ပွဲအပြီး အခြေအနေလေ့လာခြင်း
(၆/၁) ရွေးကောက်ပွဲဆိုင်ရာ တိုင်တန်းချက်များ

ရွေးကောက်ပွဲပြီးသွားပေမည့် အဖွဲ့အစည်းရဲ့ တာဝန်က မပြီးသေးပါ။ ရွေးကောက်ပွဲမှာ အရေးနိမ့်ကြသူများက အနိုင်ရကိုယ်စားလှယ်များရဲ့ ရလဒ်ကို စိန်ခေါ်မှုတွေ ရှိလာနိုင်ပါတယ်။ ရွေးကောက်ပွဲမသမာမှုတွေ တိုင်ကြားတာ ရှိနိုင်ပါတယ်။ ရွေးကောက်ပွဲဆိုင်ရာ တိုင်တန်းချက်တွေကို ကိုယ်စားလှယ်လောင်းများနဲ့ ၎င်းတို့ရဲ့ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ မဲဆန္ဒပေးခွင့်ရှိသူများ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ မဲရုံအဖွဲ့ဝင်များက ရွေးကောက်ပွဲမတိုင်မီ၊ ရွေးကောက်ပွဲကျင်းပနေစဉ်နဲ့ ရွေးကောက်ပွဲအပြီး (၁၄) ရက်အတွင်းမှာ တိုင်တန်းနိုင်ပါတယ်။ အဲဒီ တိုင်တန်းမှုတွေဟာ ဥပဒေနဲ့ အညီ တိုင်တန်းခြင်းဟုတ်၊ မဟုတ်၊ ကော်မရှင်က တိုင်တန်းချက်များကို ဥပဒေနဲ့အညီ သတ်မှတ်ထားတဲ့ကာလအတွင်း ဖြေရှင်းဆုံးဖြတ်နိုင်ခြင်းရှိ၊ မရှိ၊ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်များဟာ သမာသမတ်ကျ၊အပြီးသတ်အတည်ပြုလိုက်တဲ့ လွှတ်တော်ကိုယ်စားလှယ်များ သက်ဆိုင်ရာလွှတ်တော်များမှာ တာဝန်ယူနိုင်ခြင်းရှိ၊ မရှိကိုလည်း စောင့်ကြည့်လေ့လာရမှာပါ။

(၆/၂) ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ

နောက်ဆုံးမှာတော့  ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းဆိုင်ရာ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ခြင်းဖြစ်ပါတယ်။ ဒီအစီရင်ခံစာမှာ ပဏာမအစီရင်ခံစာမှာ မပြည့်စုံခဲ့တဲ့ အချက်အလက်တွေကို ဖြည့်စွက်ရပါမယ်။ မှားယွင်းမှုများရှိခဲ့ရင် ပြင်ဆင်ရပါမယ်။ ရွေးကောက်ပွဲနေ့မှာ လေ့လာတွေ့ရှိမှုများအပြင် ရွေးကောက်ပွဲမတိုင်မီကတည်းက လေ့လာသုံးသပ်ခဲ့တဲ့ ဥပဒေများ၊ နိုင်ငံရေးပါတီများနဲ့ ကိုယ်စားလှယ်လောင်းများ၊ အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ မဲဆန္ဒရှင်များ၏ အသိပညာပေးဆောင်ရွက်မှုများ၊ ကော်မရှင်အဖွဲ့အစည်းအဆင့်ဆင့်၊ မဲဆွယ်စည်းရုံးမှုများ၊ သတင်းမီဒီယာများ၏ အခန်းကဏ္ဍများအပေါ် လေ့လာသုံးသပ်ချက်တွေကိုလည်း ထည့်သွင်းဖော်ပြရမှာပါ။ ရွေးကောက်ပွဲလုပ်ငန်းစဉ်ကြီးတစ်ခုလုံးကို ခြုံငုံသုံးသပ်ပြီး ရွေးကောက်ပွဲဟာ သန့်ရှင်းမျှတမှု ရှိ၊မရှိ အဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ကို ကြေညာရမှာဖြစ်သလို နောင်မှာ ပြုလုပ်မည့် ရွေးကောက်ပွဲများအတွက် ဆောင်ရန်၊ ရှောင်ရန်အကြံပြုချက်များကိုလည်း ထည့်သွင်းဖော်ပြရမှာပါ။

#ဒီမိုကရေစီစနစ်နှင့် အချိန်မှန်ပြုလုပ်သော ရွေးကောက်ပွဲများ

ငါးနှစ်တစ်ကြိမ်၊ လေးနှစ်တစ်ကြိမ် စသည်ဖြင့် ပုံမှန်ကျင်းပတဲ့ ရွေးကောက်ပွဲများကနေ လူထုကိုယ်စားလှယ်များကို ပြည်သူလူထုက လွတ်လပ်သန့်ရှင်းစွာ ရွေးချယ်တာဝန်ပေးနိုင်တာဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ရွေးကောက်ခံကိုယ်စားလှယ်များက ၎င်းတို့ အာဏာရတဲ့ သက်တမ်းကာလအတွင်း တိုင်းပြည်နဲ့ လူထုအကျိုးစီးပွါးကို ဦးစားပေးဆောင်ရွက်ကြရင်း သက်တမ်းပြည့်တဲ့အခါ ရွေးကောက်ပွဲကို ထပ်မံဖြတ်သန်းလို့ ပြည်သူလူထုရဲ့ စစ်ဆေးမှုနဲ့ အဆုံးအဖြတ်ကို ခံယူရမှာပါ။ ပြည်သူလူထု ကျေနပ်တဲ့ လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူလူထုက ရွေးကောက်ပွဲမှာ ထပ်မံရွေးချယ် တာဝန်ပေးကြပါလိမ့်မယ်။ ပြည်သူလူထုရဲ့ ယုံကြည်ထောက်ခံမှု မရကြသူတွေကတော့ ရွေးကောက်ပွဲမှာ အရေးနိမ့်ကြမှာပါ။ ဒါကြောင့် ရွေးကောက်ပွဲဆိုတာ ဒီမိုကရေစီစနစ်မှာ ပြည်သူလူထုအတွက် အင်မတန်အရေးကြီးတဲ့ လက်နက်ဖြစ်ပါတယ်။

ဒီလက်နက်ကို မှန်မှန်ကန်ကန် အကျိုးရှိရှိအသုံးချနိုင်ဖို့ ရွေးကောက်ပွဲများဟာ သန့်ရှင်း၊ မျှတဖို့ လိုအပ်ပါတယ်။ သန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲများ ကျင်းပနိုင်အောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တာဝန်ခံဆောင်ရွက်ရမှာ ဖြစ်သလို နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၊ အရပ်ဘက်လူထုအဖွဲအစည်းများ၊ သတင်းမီဒီယာများနဲ့ မဲဆန္ဒရှင်ပြည်သူများအားလုံးက ရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ကြရမှာပါ။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကြီး သန့်ရှင်းမျှတစွာ ကျင်းပနိုင်ဖို့နဲ့ စစ်မှန်တဲ့ ပြည်သူ့ကိုယ်စားလှယ်များကို ပြည်သူလူထုက လွတ်လွတ်လပ်လပ်၊ ယုံယုံကြည်ကြည် ရွေးချယ်ပြီး လာမည့် ငါးနှစ်ကာလ နိုင်ငံတော်တာဝန်တွေပေးအပ်နိုင်ဖို့ မျှော်လင့်ချက်နဲ့ ဒီဆောင်းပါးရှည်ကို ရေးဖြစ်ပါတယ်။ အမှားအယွင်းနဲ့ လိုအပ်ချက်၊ ချို့ယွင်းချက်များရှိခဲ့ရင် စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။

#အကိုးအကား၊ မှတ်တမ်းများ
ဒီဆောင်းပါးရှည်ကို ရေးသားရာမှာ အောက်ပါအထောက်အထားများကို ကိုးကားခဲ့ပါတယ်။
၁။ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၂။ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၃။ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၎။ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၅။ နေပြည်တော်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်)
၆။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ (မူကြမ်း)၊  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)
၇။ လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် ပြည်တွင်းစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (မူကြမ်း)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်)
၈။ လွှတ်တော်ရွေးကောက်ပွဲများ စောင့်ကြည့်လေ့လာရာတွင် နိုင်ငံတကာစောင့်ကြည့်လေ့လာသူများ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ (မူကြမ်း)၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်) 
၉။ "သင့်နိုင်ငံအပြောင်းအလဲအတွက် သင့်၌တာဝန်ရှိသည်။ သင် မဲပေးပါ။" ဆောင်းပါးရှင် နေထွန်းနိုင်၊ The Eleven Media (၂၀၁၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်)
၁၀။ How Domestic Organizations Monitor Elections (An A to Z Guide) by National Democratic Institute (1995)

အောင်ဒင်
(ဖေဖော်ဝါရီလ ၂၈ ရက်၊ ၂၀၁၅)

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၈)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၈)

အောင်ဒင်

(၅/၄) မဲဆန္ဒရှင်များကို လေ့လာခြင်း

မဲဆန္ဒရှင်များရဲ့ လှုပ်ရှားမှုတွေကိုလည်း လေ့လာရမှာဖြစ်ပါတယ်။ မဲဆန္ဒရှင်များဟာ ဆန္ဒမဲပေးရေးနဲ့ ပါတ်သက်ပြီး သေသေချာချာနားလည်ခြင်းရှိမရှိနဲ့ ရွေးကောက်ပွဲမတိုင်မီက ပြုလုပ်ခဲ့တဲ့ မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းများ အောင်မြင်ခြင်းရှိမရှိကို ရွေးကောက်ပွဲနေ့မှာ အတိအကျသိရမှာပါ။ မဲပေးဖို့ ရောက်လာပြီးမှ မဲစာရင်းမှာ မပါလို့ မဲမပေးရသူတွေ၊ မဲစာရင်းပါ အချက်အလက်များနဲ့ လွဲချော်နေလို့ မဲမပေးရသူတွေ၊ မဲရုံမှားပြီးရောက်လာသူတွေ၊ မဲလာပေးပေမည့် ဘယ်ကိုယ်စားလှယ်လောင်းကို ဘာကြောင့်မဲပေးရမယ်ဆိုတာ သေသေချာချာနားမလည်သူတွေ၊ ကိုယ်နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ အမှန်တံဆိပ်တုံးကို ဘယ်နေရာမှာ ခပ်နှိပ်ရမယ်ဆိုတာ မသိကြသူတွေ၊ မကောင်းသောစိတ်ထားနဲ့ တစ်ကြိမ်ထက်ပိုပြီး မဲပေးဖို့ ကြိုးစားသူတွေ၊ မဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်များကို စော်ကားရန်ပြုချင်သူတွေ၊ မဲရုံထဲမှာ မိမိနှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ အခြားမဲဆန္ဒရှင်များကို မဲဆွယ်သူတွေ၊ မဲလက်မှတ်အပေါ်မှာ ပေါက်တတ်ကရရေးခြစ်ပြီး ဖျက်လိုဖျက်ဆီးလုပ်သူတွေ စသဖြင့် တွေ့ကြုံရနိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ ဖိအားပေးမှုကြောင့် ၎င်းတို့ မနှစ်သက်သူကို ကြောက်ရွံ့စိတ်နဲ့ မဲပေးကြရသူတွေကိုလည်း တွေ့နိုင်ပါတယ်။

(၅/၅) မဲရုံ၌ မဲရေတွက်ခြင်းကို လေ့လာခြင်း

မဲဆန္ဒရှင်များအားလုံး မဲပေးပြီးရင်ဖြစ်စေ၊ ညနေ (၄) နာရီထိုးပြီးရင်ဖြစ်စေ မဲရုံမှူးက မဲရုံပိတ်ပြီး မဲရေတွက်ခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မဲရုံမှူးဟာ မဲရုံပိတ်ပြီးတဲ့နောက် မဲရေတွက်ခြင်းကို စောင့်ကြည့်လေ့လာဖို့ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များ၊ ကော်မရှင်ကအသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအပြင် မဲဆန္ဒရှင်ပြည်သူအချို့ကိုလည်း ခွင့်ပြုရမှာဖြစ်ပါတယ်။
ပထမဆုံး မဲလက်မှတ်ထုတ်ပေးသူထံမှာ ကျန်နေသေးတဲ့ မဲလက်မှတ်များကို မဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များနဲ့ အများပြည်သူရှေ့မှောက်မှာ ရေတွက်ပြီး မှတ်တမ်းတင်ရပါတယ်။ အဲဒီလက်ကျန်မဲအရေအတွက် မှန်ကန်ကြောင်းကို သက်သေအားလုံးက လက်မှတ်ရေးထိုးပေးရပါမယ်။ အဲဒီ လက်ကျန်မဲအရေအတွက်နဲ့ မဲပုံးများမှ ရေတွက်ရရှိမည့် ဆန္ဒပြုပြီးမဲလက်မှတ်အရေအတွက်နဲ့ ပေါင်းလဒ်ဟာ မဲရုံမဖွင့်မီ မဲရုံမှူးက ပေးအပ်တဲ့ မဲလက်မှတ်အရေအတွက်နဲ့ ကိုက်ညီရပါမယ်။ လက်ကျန်မဲလက်မှတ်များမှာ မဲရုံမှူးရဲ့ လက်မှတ်ရေးထိုးထားရင် တနည်းနည်းနဲ့ ပြန်လည်အသုံးပြုလို့ မရအောင် အဲဒီမဲလက်မှတ်များကို ထိပ်မှ အောက်ဆုံးအထိ ကြက်ခြေခတ်၍ ပယ်ဖျက်ရမှာ ဖြစ်ပါတယ်။
အဲဒီနောက် မဲရုံအတွင်းရောက်ရှိနေသည့် သက်သေများရဲ့ ရှေ့မှောက်မှာ မဲပုံးများဟာ လုံခြုံစွာသော့ခတ်ပိတ်ဆို့ထားတဲ့ အခြေအနေမပျက်ယွင်းကြောင်း စစ်ဆေးပြီး မဲပုံးများကို ဖွင့်ရန်ဖြစ်ပါတယ်။ မဲရုံမှူး (သို့မဟုတ်) မဲရုံမှူးကတာဝန်ပေးတဲ့ မဲရုံအဖွဲ့ဝင်တစ်ဦးက မဲလက်မှတ်များရဲ့ စုစုပေါင်းကို ရေတွက်ရပါမယ်။ ရရှိတဲ့ စုစုပေါင်းအရေအတွက်နဲ့ လက်ကျန်မဲများရဲ့ အရေအတွက် နှစ်ခုပေါင်းရင် မဲရုံမဖွင့်မီမှာ မဲရုံမှူးရဲ့ လက်မှာရှိတဲ့ မဲလက်မှတ်အရေအတွက်နဲ့ ကိုက်ညီရပါမယ်။ မကိုက်ညီရင်ဖြင့် တစ်ခုခု မှားနေပါပြီ။ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ခွဲကို ချက်ခြင်းသတင်းပို့ရမှာ ဖြစ်ပါတယ်။ စုစုပေါင်း မဲအရေအတွက် မကိုက်ညီတာတောင်မှ မဲရေတွက်ခြင်းကို ဆက်လက်ဆောင်ရွက်ရန် ဖြစ်ပါတယ်။

နောက်တဆင့်မှာတော့ ကိုယ်စားလှယ်လောင်းများရရှိတဲ့ ဆန္ဒပြုပြီး မဲလက်မှတ်များကို ရေတွက်ခြင်းဖြစ်ပါတယ်။ မဲရေတွက်ရာမှာ မဲရုံမှူးက ရပ်/ကျေးကော်မရှင်ကတဆင့် ရရှိထားတဲ့ ကြိုတင်မဲလက်မှတ်များကို ဦးစွာ ရေတွက်ရမှာ ဖြစ်ပါတယ်။ ပြီးမှ မဲပုံးထဲက လက်မှတ်များကို ရေတွက်ရမှာပါ။ မဲရုံမှူးက မဲလက်မှတ်တစ်ခုချင်းကို အများမြင်အောင်ပြပြီး ခိုင်လုံမဲ (သို့မဟုတ်) ပယ်မဲဆိုတာကို ဆုံးဖြတ်ပါတယ်။ ခိုင်လုံမဲဖြစ်တယ်ဆိုရင် ဆန္ဒပြုထားတဲ့ ကိုယ်စားလှယ်လောင်းအမည်ကို အများကြားအောင် ရွတ်ဖတ်၊ မဲလက်မှတ်ကိုလည်း သက်သေများအားလုံး မြင်တွေ့အောင် ပြပြီး ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအတွက် သတ်မှတ်ထားတဲ့ ခြင်း/ပုံးထဲကို သက်ဆိုင်ရာမဲလက်မှတ်ကို ထည့်ရမှာဖြစ်ပါတယ်။ မဲလက်မှတ်ဟာ "ပယ်မဲ" ဖြစ်နေရင်လည်း မဲရုံမှူးက ပယ်မဲဖြစ်ကြောင်း သက်သေများ သိရှိနားလည်စေပြီး ပယ်မဲထည့်ရန် သတ်မှတ်ထားသည့် ခြင်း/ပုံးထဲကို ထည့်ရမှာ ဖြစ်ပါတယ်။

မဲလက်မှတ်များအားလုံးကို ကိုယ်စားလှယ်လောင်းအလိုက်ရရှိတဲ့ မဲများနဲ့ ပယ်မဲများ ခွဲခြားပြီးမှ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် ရရှိတဲ့ မဲများကို ရေတွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလို ရေတွက်ခြင်းကိုလည်း မဲရုံမှူးကိုယ်တိုင် (သို့မဟုတ်) မဲရုံမှူးက တာဝန်ပေးတဲ့ မဲရုံအဖွဲ့ဝင်တစ်ဦးက  စောင့်ကြည့်နေတဲ့ သက်သေအားလုံးရှေ့မှာ ရေတွက်ရမှာဖြစ်ပြီး ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များကလည်း မိမိတို့နဲ့ သက်ဆိုင်တဲ့ မဲများ မှန်မမှန်စစ်ဆေးနိုင်ကြပါတယ်။ မရေတွက်လိုက်ရတဲ့ မဲလက်မှတ် မရှိအောင် သေချာစေဖို့ ကိုယ်စားလှယ်လောင်း တစ်ဦးချင်းရရှိတဲ့ မဲလက်မှတ်များပေါ်မှာ အမှတ်စဉ်ရေးထိုးဖို့ လိုအပ်ပါတယ်။ တကယ်လို့ အငြင်းပွါးဖွယ်မဲလက်မှတ်များရှိခဲ့ရင် မဲရုံမှူးက ခိုင်လုံမဲ (သို့မဟုတ်) ပယ်မဲအဖြစ် အဆုံးအဖြတ်ပေးနိုင်ပါတယ်။

အဲဒီနောက် သက်ဆိုင်ရာမဲရုံမှ မဲရေတွက်ခြင်းစာရင်းများကို မဲရုံမှူးက သတ်မှတ်ထားတဲ့ ပုံစံစာရွက်(၅) စောင်မှာမှာ ရေးဖြည့်ပြီး လက်မှတ်ရေးထိုးရပါမယ်။ သက်သေများအားလုံးကလည်း အဆိုပါ ရလဒ်စာရင်းများ မှန်ကန်ခြင်းရှိမရှိ စစ်ဆေးပြီး သက်သေအဖြစ် လက်မှတ်ရေးထိုးကြရမှာ ဖြစ်ပါတယ်။  ပုံစံ (၅) စောင်အနက်မှ တစ်စောင်ကို မြို့နယ်ကော်မရှင်ခွဲထံ နဲ့ နှစ်စောင်ကို ရပ်/ကျေးကော်မရှင်ခွဲထံ ပေးပို့ရမှာဖြစ်ပါတယ်။ နောက်တစ်စောင်ကို မဲရုံမှူးရဲ့ လက်ခံအဖြစ် သိမ်းဆည်းထားပြီး နောက်တစ်စောင်ကိုတော့ မဲရုံနံရံမှာ အများပြည်သူသိရှိနိုင်ရန် ကပ်ထားရမှာ ဖြစ်ပါတယ်။

မဲရုံမှူးဟာ ကျန်ရှိနေတဲ့ မဲလက်မှတ်များ၊ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် ရရှိတဲ့ မဲလက်မှတ်များ၊ ပယ်မဲများ၊ မဲရုံတွင်အသုံးပြုသော မဲစာရင်းများ စသည်တို့ကို သီးခြားစီ အထုပ်များတွင်ထည့်၍ လုံခြုံအောင် ချိပ်တံဆိပ်ရိုက်နှိပ်ရပါမယ်။ မဲရုံကိုယ်စားလှယ်များကိုလည်း သက်ဆိုင်ရာကိုယ်စားလှယ်လောင်းရရှိတဲ့ ဆန္ဒမဲများကို ထည့်ထားတဲ့အထုပ်မှာ ချိပ်တံဆိပ်ရိုက်နှိပ်ခွင့်ပြုရပါမယ်။ အထုပ်များရဲ့ အပြင်ဘက်မှာ ပစ္စည်းအမျိုးအစား၊ အရေအတွက်၊ ကိုယ်စားလှယ်လောင်းအမည်၊ မဲဆန္ဒနယ်အမည်၊ ရပ်ကွက်/ကျေးရွာအမည်၊ မဲရုံနံပါတ် စတဲ့အချက်အလက်တွေကို ထင်ရှားစွာ ရေးသားရပါမယ်။ အဲဒီနောက် အဲဒီ အထုပ်များအားလုံးကို အိတ်ကြီးတစ်လုံးမှာ စုထည့်ပြီး အိတ်ပေါ်မှာ မဲဆန္ဒနယ်၊ ရပ်ကွက်/ကျေးရွာ၊ မဲရုံအမှတ် စတဲ့အချက်အလက်တွေ ထင်ရှားစွာရေးသားပြီး လုံခြုံအောင် ပိတ်လို့ ချိပ်တံဆိပ်ရိုက်နှိပ်ရပါမယ်။ မဲရုံကိုယ်စားလှယ်များကိုလည်း အိတ်ကြီးပေါ်မှာ ချိပ်တံဆိပ်ရိုက်နှိပ်ခွင့်ပြုရပါမယ်။ အဲဒီနောက် အဲဒီအိတ်ကြီးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲဆီကို အမြန်ဆုံးပေးပို့ရမှာ ဖြစ်ပါတယ်။

ဒီမှာတင် မဲရုံအဆင့်စောင့်ကြည့်လေ့လာခြင်း ပြီးပါပြီ။ မဲရုံစောင့်ကြည့်လေ့လာသူများဟာ မိမိတို့ တာဝန်ကျရာ မဲရုံအလိုက် စောင့်ကြည့်လေ့လာတွေ့ရှိချက်များကို သတ်မှတ်ထားတဲ့ ပုံစံစာရွက်စာတမ်းတွေမှာ ရေးဖြည့်ပြီး မိမိတို့ရဲ့ သက်ဆိုင်ရာအဖွဲ့အစည်းထံ သတ်မှတ်ထားတဲ့ ဆက်သွယ်ရေးလမ်းကြောင်းများကတဆင့် အမြန်ဆုံး အစီရင်ခံတင်ပြရမှာ ဖြစ်ပါတယ်။

(၅/၆) မဲဆန္ဒနယ်အလိုက် စောင့်ကြည့်လေ့လာခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာနိုင်ငံမှာ မြို့နယ်ပေါင်း (၃၃၀) ရှိပြီး ၎င်းမြို့နယ်များအားလုံးဟာ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၃၃၀) နေရာအတွက် မဲဆန္ဒနယ်မြေများ ဖြစ်ကြပါတယ်။ အမျိုးသားလွှတ်တော်က ရွေးကောက်ခံကိုယ်စားလှယ် (၁၆၈) နေရာရှိလို့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များဟာ မြို့နယ်တစ်ခုထက် ပိုပြီးကျယ်ပြန့်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များအတွက် မြို့နယ်တစ်ခုကို ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် (၂) နေရာစီသတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ မြို့နယ်ကော်မရှင်ခွဲရဲ့ စုပေါင်း မဲရေတွက်မှုကနေ အနိုင်ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကို အတိအကျသိနိုင်မှာဖြစ်ပြီး အနိုင်ရတဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကို သိဖို့ ဆက်စပ်မြို့နယ်က မဲစာရင်းနဲ့ ပေါင်းစပ်ကြည့်ရှူရမှာ ဖြစ်ပါတယ်။ အနိုင်ရတဲ့ တိုင်းဒေသကြီး/ပြည်နယ် တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ်များကိုလည်း တိုင်းဒေသကြီး/ပြည်နယ် တစ်ခုလုံးက မဲများကို စုပေါင်းပြီးမှ သိရှိနိုင်မှာဖြစ်ပါတယ်။

မြို့နယ်အတွင်းက ရပ်ကွက်/ကျေးရွာအုပ်စုများမှာတည်ရှိတဲ့ မဲရုံများက ရလဒ်မဲစာရင်းတွေဟာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးကို ညနေ (၄) နာရီ၊ မဲရုံပိတ်ပြီးတဲ့နောက်ပိုင်းကစပြီး တဖွဲဖွဲရောက်ရှိလာပါလိမ့်မယ်။ ညနေ (၄) နာရီနောက်ပိုင်းမှာ မြို့နယ်ကော်မရှင်ခွဲရဲ့ မဲရေတွက်ခြင်းစတင်ပါတယ်။ မဲရေတွက်ခြင်းကို ဆောင်ရွက်မည့် မြို့နယ်ကော်မရှင်ခွဲ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များအပြင် စောင့်ကြည့်လေ့လာဖို့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ (သို့မဟုတ်) ၎င်းတို့ရဲ့ ကိုယ်စားလှယ်များ၊ ကော်မရှင်က အသိအမှတ်ပြုထားတဲ့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၊ မြို့မိမြို့ဖများ အချိန်မီရောက်ရှိနေဖို့ လိုအပ်ပါတယ်။ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဟာ မဲများကို အများပြည်သူ သက်သေများရှေ့မှောက်မှာ ရေတွက်မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။

မြို့နယ်ကော်မရှင်ခွဲဟာ ပထမဆုံး ကော်မရှင်မှာ ညနေ (၄) နာရီ နောက်ဆုံးထားပြီး လက်ခံရရှိထားတဲ့ ကြိုတင်မဲလက်မှတ်ထုပ်များကို ဖောက်ပြီး မဲလက်မှတ်တစ်ခုချင်းကို အများပြည်သူရှေ့မှောက်မှာ ရေတွက်ရမှာပါ။ ရပ်/ကျေးမဲရုံမှာ မဲရုံမှူးက မဲရေတွက်တဲ့ စနစ်အတိုင်း ရေတွက်ရမှာဖြစ်ပါတယ်။ ကြိုတင်မဲလက်မှတ်များမှ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအတွက် ဆန္ဒပြုထားတဲ့ မဲလက်မှတ်များကို ခိုင်လုံမဲဖြစ်မဖြစ် စစ်ဆေးပြီး ခိုင်လုံတယ်ဆိုရင် သက်ဆိုင်ရာကိုယ်စားလှယ်လောင်းအတွက် သတ်မှတ်ထားတဲ့ ခြင်း/ပုံးထဲမှာ ထည့်ပြီး ပယ်မဲများကိုတော့ ပယ်မဲအတွက် သတ်မှတ်ထားတဲ့ ခြင်း/ပုံးထဲ ထည့်ရမှာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်စားလှယ်လောင်းတစ်ဦးစီရဲ့ ခြင်း/ပုံး ထဲက မဲလက်မှတ်များကို အမှတ်စဉ်ထိုး ရေတွက်ပြီး ကိုယ်စားလှယ်လောင်းတစ်ဦးချင်းအလိုက် ရရှိတဲ့ ကြိုတင်မဲအရေအတွက်ကို သတ်မှတ်ထားတဲ့ ပုံစံစာရွက်မှာ ဖြည့်စွက်ပြီး မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းများ (သို့မဟုတ်) ၎င်းတို့ရဲ့ ကိုယ်စားလှယ်များက မှန်ကန်ကြောင်း သက်သေပြုလက်မှတ်ရေးထိုးရမှာဖြစ်ပါတယ်။

ကြိုတင်မဲများရေတွက်ပြီးတဲ့နောက် ရပ်ကွက်/ကျေးရွာအုပ်စုများရှိ မဲရုံများမှ ပေးပို့လာတဲ့ မဲရုံအလိုက် ရလဒ်များကို သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲအရေအတွက်စာရင်းမှာ သက်သေများရှေ့မှောက်မှာ စစ်ဆေးထည့်သွင်းရပါမယ်။ မဲရုံအားလုံးက ပေးပို့တဲ့ ရလဒ်များအားလုံးနဲ့ ကြိုတင်မဲရလဒ်များကို ပေါင်းလိုက်တဲ့အခါ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးချင်းစီအတွက် မဲဆန္ဒနယ်တစ်ခုလုံးမှ ရရှိတဲ့ စုစုပေါင်းမဲအရေအတွက်နဲ့ စုစုပေါင်းပယ်မဲအရေအတွက်၊ စုစုပေါင်းလက်ကျန်မဲအရေအတွက်တွေကို ရပါလိမ့်မယ်။ အဲဒီနောက်ဆုံးရလဒ်များကနေ သက်ဆိုင်ရာမဲဆန္ဒနယ်မှာ အနိုင်ရရှိတဲ့ ပြည်သူ့လွှတ်တော်နဲ့ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များရဲ့ အမည်နဲ့ ရရှိတဲ့ ထောက်ခံမဲအရေအတွက်ကို မြို့နယ်ကော်မရှင်က ထုတ်ပြန်ကြေညာပေးရမှာ ဖြစ်ပါတယ်။ အရေးနိမ့်တဲ့ ကိုယ်စားလှယ်လောင်းများနဲ့ သူတို့ရရှိတဲ့ မဲအရေအတွက်ကိုလည်း ထုတ်ပြန်ကြေညာပေးရမှာပါ။ ကိုယ်စားလှယ်လောင်းများရရှိတဲ့ စုစုပေါင်းမဲအရေအတွက်နဲ့ ကြိုတင်မဲများ၊ ပယ်မဲများ၊ ကျန်ရှိနေသေးတဲ့ မဲလက်မှတ်များအားလုံးစုစုပေါင်းဟာ မြို့နယ်အတွင်း မဲပေးခွင့်ရှိတဲ့ မဲစာရင်းပါ အရေအတွက်နဲ့ ကိုက်ညီရမှာ ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်ခွဲက ကိုယ်စားလှယ်လောင်းအလိုက် ရရှိတဲ့ မဲအရေအတွက်နဲ့ ပယ်မဲ၊ လက်ကျန်မဲအရေအတွက်ကို သတ်မှတ်ထားတဲ့ ပုံစံ (၃) စောင်မှာ ဖြည့်စွက်ပြီး မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများ သို့မဟုတ် ၎င်းတို့၏ကိုယ်စားလှယ်များ၊ သက်သေများက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမှာ ဖြစ်ပါတယ်။ မြို့နယ်ကော်မရှင်က ပုံစံ (၁) စောင်ကို တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်ခွဲထံ အမြန်ဆုံးပေးပို့ရမှာ ဖြစ်ပါတယ်။ တစ်စောင်ကို မြို့နယ်ကော်မရှင်ရဲ့ လက်ခံအဖြစ် သိမ်းစည်းထားရမှာဖြစ်ပြီး တစ်စောင်ကို မြို့နယ်ကော်မရှင်ရုံး နံရံမှာ အများပြည်သူသိရှိအောင် ကြေညာထားရမှာ ဖြစ်ပါတယ်။
တကယ်လို့များ ကိုယ်စားလှယ်လောင်း (၂) ယောက် မဲအရေအတွက် တူနေမယ်၊ အနိုင်အရှုံးမကွဲပြားဘူးဆိုရင် အဲဒီကိုယ်စားလှယ်လောင်း နှစ်ဦးတည်းအတွက် သီးခြားရွေးကောက်ပွဲတစ်ခု ထပ်မံကျင်းပပေးရန် သင့်၊ မသင့် မြို့နယ်ကော်မရှင်က တိုင်းဒေသကြီး/ပြည်နယ်ကော်မရှင်ကို အကြံပြုရမှာ ဖြစ်ပါတယ်။

မြို့နယ်ကော်မရှင်ခွဲရုံးမှာ စောင့်ကြည့်လေ့လာဖို့ တာဝန်ယူရသူဟာ မဲများစတင်ရေတွက်တဲ့ အချိန်မှာ ရပ်ကွက်/ကျေးရွာအုပ်စုများမှ မဲရုံများမှာ တာဝန်ကျတဲ့ မဲရုံစောင့်ကြည့်လေ့လာသူများက ပေးပို့တဲ့ တွေ့ရှိချက်များ၊ မဲရုံအလိုက် ရလဒ်များကို လက်ခံရရှိနေပါလိမ့်မယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ခွဲရဲ့ မဲရေတွက်မှုကို သူလက်ခံရရှိထားတဲ့ မဲရုံအလိုက်ရလဒ်များနဲ့ တစ်ချိန်တည်းမှာ နှိုင်းယှဉ်လေ့လာနိုင်ပါလိမ့်မယ်။ အဲဒီလို နှိုင်းယှဉ်လေ့လာနိုင်အောင်လည်း မဲရုံအလိုက် စောင့်ကြည့်သူများက သူတို့ရဲ့ တွေ့ရှိချက်များကို မြို့နယ်အဆင့် စောင့်ကြည့်သူထံ အမြန်ဆုံး၊ အမှန်ဆုံး ပေးပို့နိုင်ဖို့ လိုအပ်ပါတယ်။ နှိုင်းယှဉ်လေ့လာမှပဲ အမှားအယွင်းရှိရင် မြိုနယ်အဆင့် စောင့်ကြည့်လေ့လာသူက မြို့နယ်ကော်မရှင်ကို ချက်ချင်း တင်ပြနိုင်မှာဖြစ်ပြီး အမှားအယွင်းမရှိရင် မြို့နယ်ကော်မရှင်ရဲ့ ရလဒ်ကြေညာချက်ကို ယုံယုံကြည်ကြည်နဲ့ ထောက်ခံနိုင်မှာ ဖြစ်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၇)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၇)

အောင်ဒင်

#အဆင့် (၅) ရွေးကောက်ပွဲနေ့ကို စောင့်ကြည့်လေ့လာခြင်း (Monitoring the Election Day)

ရွေးကောက်ပွဲ ကျင်းပတဲ့နေ့ကို ရောက်ပါပြီ။ အဖွဲ့အစည်းက စောင့်ကြည့်လေ့လာဖို့ ရွေးချယ်ထားပြီး ရွေးကောက်ပွဲကော်မရှင်ကလည်း ခွင့်ပြုထားတဲ့ မဲရုံများမှာ အဖွဲ့အစည်းက တာဝန်ပေးထားတဲ့ စောင့်ကြည့်လေ့လာသူများ (Election Monitors) လည်း မဲရုံမဖွင့်မီကစလို့ ရောက်ရှိနေကြပါပြီ။ သူတို့အားလုံးမှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပေးထားတဲ့ အသိအမှတ်ပြုကဒ်ပြားတွေ ကိုယ်စီရှိရပါမယ်။ သူတို့ဟာ သတ်မှတ်ထားတဲ့ မဲရုံကို ရောက်ရောက်ချင်း မဲရုံအရာရှိများနဲ့ ပါတီအလိုက် မဲရုံကိုယ်စားလှယ်များကို တွေ့ဆုံနှုတ်ဆက်လို့ သူတို့ရဲ့ တာဝန်ဝတ္တရားများကို ရှင်းပြပြီး မဲပေးခြင်းလုပ်ငန်းစဉ်ကို တစ်နေ့တာလုံး စောင့်ကြည့်လေ့လာရမှာပါ။ သူတို့ ဘာတွေကို စောင့်ကြည့်လေ့လာရမလဲဆိုတာ ဆွေးနွေးပါ့မယ်။

(၅/၁) မဲရုံကို လေ့လာခြင်း

မဲရုံစောင့်ကြည့်သူများဟာ သက်ဆိုင်ရာ မဲရုံကို ရောက်ရောက်ချင်း မဲရုံဟာ ကော်မရှင်က ကြိုတင်ကြေညာထားတဲ့ လိပ်စာမှာ အမှန်တကယ်ရှိမရှိ လေ့လာရပါမယ်။ တကယ်လို့ မဲရုံကို သတ်မှတ်ထားတဲ့ နေရာမှ အခြားနေရာတစ်ခုသို့ ရွှေ့ပြောင်းထားခြင်း၊ မဲရုံအမည်ကို ပြောင်းလဲသတ်မှတ်ခြင်းများရှိရင် မှတ်တမ်းပြုရပါမယ်။ မဲရုံကို မူလကြေညာထားတဲ့နေရာကနေ ရွှေ့ပြောင်းခြင်း၊ အမည်ပြောင်းလဲခေါ်ဝေါ်ခြင်းက မဲဆန္ဒရှင်များကို အနှောက်အယှက်ဖြစ်စေပါတယ်။ မဲရုံရှာမတွေ့လို့ မဲမပေးရတာမျိုး ဖြစ်နိုင်ပါတယ်။
ဆက်လက်ပြီး မဲရုံဖွဲ့စည်းမှုဟာ ကော်မရှင်က သတ်မှတ်ထားတဲ့ စံနမူနာအတိုင်း ဖြစ်မဖြစ် လေ့လာဖို့ လိုအပ်ပါတယ်။ ကော်မရှင်ရဲ့ သတ်မှတ်ချက်အရ အလုံပိတ်ထားတဲ့ လေးထောင့်ပုံမဲရုံရဲ့ ရှေ့မျက်နှာစာမှာ ဝင်ပေါက်နဲ့ ထွက်ပေါက်များရှိရမှာဖြစ်ပြီး မဲရုံအတွင်းဘက်၊ ဝင်ပေါက်နေရာမှာ မဲရုံမှူးက နေရာယူပြီး ထွက်ပေါက်နေရာမှာ ဒုတိယမဲရုံမှူးက နေရာယူထားရမှာ ဖြစ်ပါတယ်။ မဲရုံမှူးနဲ့ ဒုတိယမဲရုံမှူးတို့ အကြားမှာ မဲရုံလုံခြုံရေး၊ လွှတ်တော်ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များ၊ ရပ်/ကျေး ကော်မရှင်ခွဲအဖွဲ့ဝင်များ နေရာယူရမှာ ဖြစ်ပါတယ်။ ဝင်ပေါက်နဲ့ တည့်တည့်မှာ မဲစာရင်းစစ်ဆေးသူများ၊ မဲလက်မှတ်ထုတ်ပေးသူများက မဲရုံမှူးနဲ့ မျက်နှာချင်းဆိုင် တည်ရှိကြပါလိမ့်မယ်။ 

မဲရုံရဲ့ နောက်ဘက်ခြမ်းမှာ မဲလက်မှတ်ထုတ်ပြီးသူများ လျှို့ဝှက်ဆန္ဒပြုရန် လုံခြုံတဲ့ အခန်းငယ်များ ဖွဲ့စည်းတည်ရှိပါမယ်။ လျှို့ဝှက်ဆန္ဒပြုရန်အခန်းများမှာ "အမှန်အမှတ်အသားရှိတဲ့ တံဆိပ်တုံးနဲ့ တံဆိပ်ရိုက်မင်များ၊ အကြမ်းရိုက်နှိပ်ရန် စာရွက်အကြမ်းများ အဆင်သင့်ရှိရပါမယ်။ မဲရုံရဲ့ အလယ်ခေါင်မှာ လွှတ်တော်မဲဆန္ဒနယ်အလိုက် မဲပုံးများရှိပါမယ်။ ပြည်သူ့လွှတ်တော် (အစိမ်းရောင်မဲပုံး)၊ အမျိုးသားလွှတ်တော် (အပြာရောင်မဲပုံး)၊ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် (ခရမ်းရောင်မဲပုံး) များက ပင်မအခန်းကြီးမှာ ရှိပြီး တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် တိုင်းရင်းသားကိုယ်စားလှယ်အတွက် မဲပုံးက သီးခြားအခန်းမှာ ရှိရပါမယ်။ ထွက်ပေါက်ရှိရာဘက်၊ ဒုတိယမဲရုံမှူးနဲ့ မျက်နှာချင်းဆိုင်မှာ မဲပေးပြီး ထွက်ခွါမည့်သူများကို မဲပေးပြီးကြောင်း လက်ဝဲဘက် လက်သန်းရဲ့ လက်သည်းခွံမှာ မင်တို့အမှတ်အသားပြုမည့် မဲရုံအဖွဲ့ဝင် ရှိပါမယ်။

မဲရုံဖွဲ့စည်းမှုဟာ ကော်မရှင်က သတ်မှတ်ထားတဲ့အတိုင်း လျှို့ဝှက်မဲပေးစနစ်ကို အတိအကျဖော်ဆောင်နိုင်ဖို့ အရေးကြီးပါတယ်။ လျှို့ဝှက်ဆန္ဒပြုရာအခန်းများက လုံခြုံမှုမရှိရင်၊ မဲရုံမှူးနဲ့ မဲရုံကိုယ်စားလှယ်များရဲ့ မြင်ကွင်းမှာ ရှိရမည့် မဲပုံးများက မမြင်ကွယ်ရာ ရောက်နေရင် မှတ်တမ်းတင်ရမှာ ဖြစ်သလို့ မဲရုံဝန်ထမ်းများကိုလည်း အသိပေးသင့်ပါတယ်။ မဲရုံဝန်ထမ်းများဟာ သတ်မှတ်ထားတဲ့အရေအတွက်အတိုင်း အပြည့်အဝရောက်ရှိတာဝန်ထမ်းဆောင်ခြင်း ရှိမရှိကိုလည်း လေ့လာရပါမယ်။ ဥပဒေအရ ခွင့်ပြုထားသူများ၊ သတ်မှတ်ထားတဲ့ မဲရုံဝန်ထမ်းများ၊ ကိုယ်စားလှယ်လောင်းများရဲ့ မဲရုံကိုယ်စားလှယ်များ၊ ရပ်/ကျေးကော်မရှင်ခွဲအဖွဲ့ဝင်များနဲ့ မဲရုံစောင့်ကြည့်လေ့လာသူများကလွဲလို့ မဲရုံအတွင်းမှာ အခြားပုဂ္ဂိုလ်များ မရှိရပါ။ မဲပေးသူများဟာ မဲပေးပြီးတဲ့နောက် မဲရုံတွင်းက ပြန်လည်ထွက်ခွါရမှာ ဖြစ်ပါတယ်။
မဲစာရင်းစာရွက်များ၊ မဲလက်မှတ်များ၊ အမှန်အမှတ်အသားပါ တံဆိပ်တုံးများ၊ တံဆိပ်ရိုက်မင်များ၊ မဲထည့်ရန် မဲပုံးများ၊ ဖျက်ရန်ခက်ခဲသော မင်များ၊ မဲစာရင်းရေတွက်ရန် ပုံစံစာရွက်များ၊ စတဲ့ မဲရုံတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများအားလုံးလည်း ပြည့်စုံလုံလောက်စွာ ရှိရပါမယ်။

(၅/၂) မဲရုံဝန်ထမ်းများ၏ ဆောင်ရွက်ချက်များကို လေ့လာခြင်း

မဲရုံမှူးနဲ့ မဲရုံဝန်ထမ်းများအားလုံးဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းများနဲ့ ဆွေမျိုးတော်စပ်သူများ၊ နိုင်ငံရေးပါတီဝင်များ မဖြစ်ရပါ။ မဲရုံဝန်ထမ်းများဟာ ကော်မရှင်က ကြိုတင်သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းများ၊ လမ်းညွှန်ချက်များအတိုင်း မဲရုံနဲ့ မဲဆန္ဒပေးမှုကို ကြီးကြပ်ကွပ်ကဲရမှာ ဖြစ်ပါတယ်။ မဲရုံမှူးများဟာ ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီမှာ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲမှ တာဝန်ပေးအပ်လွှာနဲ့ ရပ်/ကျေးကော်မရှင်ခွဲမှ လမ်းညွှန်ချက်များ ရရှိထားရပါမယ်။ ရွေးကောက်ပွဲနေ့မှာ အသုံးပြုရမည့် မဲပုံးများ၊ မဲစာရင်းများ၊ ဆန္ဒပြုမည့် တံဆိပ်တုံးများ၊ မဲလက်မှတ်များ၊ မဲပုံးများ၊ မဲရုံမှူးကသတ်မှတ်ဖြည့်စွက်ရမည့် ပုံစံစာရွက်များကို ရပ်/ကျေးကော်မရှင်ခွဲများထံမှ ကြိုတင်ရရှိထားပြီး ဖြစ်ရပါမယ်။ မဲပုံးများမှာ မဲလက်မှတ်တစ်စောင်သာ ထည့်လို့ရအောင် လုံလောက်တဲ့ အပေါက်ဖောက်ထားခြင်း ရှိမရှိ စစ်ဆေးရပါမယ်။ မဲရုံဖွင့်ချိန်မတိုင်မီမှာ ရပ်/ကျေးကော်မရှင်ခွဲက ပေးပို့လာမည့် ကြိုတင်မဲများကို အမည်စာရင်းနဲ့တကွ လက်ခံရယူပြီး ကြိုတင်မဲပေးပြီးသူများကို မဲစာရင်းမှာ ကြိုတင်မဲပေးပြီးကြောင်း ရေးမှတ်ရပါမယ်။ ကြိုတင်မဲပေးပြီးသူများကို ဖယ်ရှားပြီး ကျန်တဲ့ မဲပေးမည့်သူများအရေအတွက်အတိုင်း မဲလက်မှတ်များအပေါ်မှာ ကော်မရှင်ကသတ်မှတ်ထားတဲ့ အမှတ်အသားပါမပါ စစ်ဆေးပြီး မဲရုံမှူးရဲ့ လက်မှတ်ကိုလည်း ရေးထိုးထားရမှာပါ။

မဲဆန္ဒပေးခြင်း မစတင်မီမှာ မဲရုံမှူးဟာ မဲလက်မှတ်များကို ဒုတိယမဲရုံမှူးနဲ့ မဲရုံအဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်ခွဲအဖွဲ့ဝင်များ၊ မဲရုံကိုယ်စားလှယ်များ၊ ရွေးကောက်ပွဲစောင့်ကြည့်သူများရဲ့ ရှေ့မှောက်မှာ ရေတွက်ပြီး မှတ်တမ်းတင်ရပါမယ်။ မဲစာရင်းများကို မဲစာရင်းစစ်ဆေးမည့်သူများထံ၊ မဲလက်မှတ်များကို မဲလက်မှတ်ထုတ်ပေးသူများထံ ထုတ်ပေးရပါမယ်။ မဲပုံးများကို အလွတ်များဖြစ်ကြောင်း မဲရုံတွင်း တရားဝင်နေခွင့်ရှိသူများအားလုံးရှေ့မှောက်မှာ စစ်ဆေးပြီး ညွှန်ကြားထားသည့်အတိုင်း လုံခြုံစွာပိတ်ပြီး မဲရုံအလယ်က အများမြင်ကွင်းရှေ့မှာ ချထားရပါမယ်။ အဲဒီနောက် မနက် (၆) နာရီတိတိမှာ မဲရုံစတင်ဖွင့်ရမှာ ဖြစ်ပါတယ်။

မဲရုံဝန်ထမ်းများဟာ မဲဆန္ဒပေးရန်လာရောက်သူ၏ အမျိုးသားမှတ်ပုံတင် (သို့မဟုတ်) အစိုးရအသိအမှတ်ပြုအထောက်အထားကို မဲစာရင်းနဲ့ တိုက်ဆိုင်စစ်ဆေးပြီး မဲပေးပိုင်ခွင့်ရှိသူ ဟုတ်မဟုတ် ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ တစ်ကြိမ်ထက်ပိုပြီး မဲပေးတာကို တားမြစ်နိုင်ဖို့ မဲစာရင်းစစ်ဆေးသူဟာ မဲပေးရန်လာရောက်သူရဲ့ လက်ဝဲဘက် လက်သန်းရဲ့ လက်သည်းခွံမှာ မင်တို့ထားခြင်း ရှိမရှိကိုလည်း စစ်ဆေးရမှာဖြစ်ပါတယ်။ မဲပေးပိုင်ခွင့်ရှိသူဖြစ်တယ်၊ မဲလာပေးတဲ့ မဲရုံဟာလည်း မှန်ကန်တယ်ဆိုရင် မဲစာရင်းစစ်ဆေးသူက မဲဆန္ဒရှင်ရဲ့အမည်ကို မဲစာရင်းထဲမှာ မဲလာပေးကြောင်း အမှတ်အသားပြုပြီး မဲလက်မှတ်ထုတ်ပေးသူက မဲဆန္ဒရှင်ကို မဲလက်မှတ်များ ထုတ်ပေးပါတယ်။

မဲဆန္ဒရှင်တစ်ဦးကို အနည်းဆုံး မဲလက်မှတ် (၃) စောင်ထုတ်ယူရပါမယ်။ ပြည်သူ့လွှတ်တော်ဆန္ဒမဲလက်မှတ်မှာ ကော်မရှင်တံဆိပ်နဲ့ ရေစာကို အစိမ်းရောင်နဲ့ ရိုက်နှိပ်ထားပြီး အစိမ်းရောင်မဲပုံးမှာ ထည့်ရမှာပါ။ အမျိုးသားလွှတ်တော် ဆန္ဒမဲလက်မှတ်မှာ ကော်မရှင်တံဆိပ်နဲ့ ရေစာကို အပြာရောင်နဲ့ ရိုက်နှိပ်ထားပြီး အပြာရောင်မဲပုံးမှာ ထည့်ရမှာပါ။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ဆန္ဒမဲလက်မှတ်မှာ ကော်မရှင်တံဆိပ်နဲ့ ရေစာကို ခရမ်းရောင်နဲ့ ရိုက်နှိပ်ထားပြီး ခရမ်းရောင်မဲပုံးမှာ ထည့်ရမှာပါ။ တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တစ်နေရာ မဲပေးခွင့်ရှိတဲ့ တိုင်းရင်းသားမဲဆန္ဒရှင်များအတွက် နောက်ထပ်မဲလက်မှတ် တစ်စောင်ထုတ်ယူရမှာဖြစ် ပါတယ်။ အဲဒီဆန္ဒမဲလက်မှတ်မှာ သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးအမည်ကို စာသားဖြင့် ထင်ရှားစွာရေးမှတ်ထားမှာဖြစ်ပြီး သီးခြားအခန်းထဲမှာရှိမည့် မဲပုံးမှာ ထည့်ရမှာပါ။

ကြိုတင်ဆန္ဒမဲပေးရမည့် စာရင်းမှာပါဝင်ပေမည့် ကြိုတင်မဲမပေးဖြစ်ခဲ့သူတွေ မဲရုံကို ရောက်လာပြီး မဲပေးခွင့်တောင်းဆိုရင် မဲရုံမှူးက စစ်ဆေးဆုံးဖြတ်ပြီး သက်သေအထောက်အထားခိုင်လုံရင် မဲပေးခွင့်ပြုနိုင်ပါတယ်။ သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများက ၎င်းတို့ရဲ့ မဲလက်မှတ်များကို မဲပုံးထဲထည့်ဖို့ အခက်အခဲရှိရင် မဲရုံမှူးက ကူညီရမှာပါ။ မဲပေးပြီးသူတိုင်းကို နောက်တစ်ကြိမ်ထပ်မဲမပေးနိုင်ဖို့ လက်ဝဲဘက် လက်သန်းရဲ့ လက်သည်းခွံကို မင်တို့ပြီး အမှတ်အသားပြုရပါမယ်။ သူတစ်ပါးအယောင်ဆောင်ပြီး မဲပေးခွင့်လာရောက်တောင်းဆိုတာရှိရင် မဲရုံမှူးက ငြင်းဆန်ရပါမယ်။ မဲစာရင်းပေါ်မှာ အမှားအယွင်းတစ်စုံတစ်ရာကြောင့် မဲပေးခွင့်ပြုရန် မဖြစ်နိုင်သော်လည်း ယုံကြည်လေးစားရသူများ၏ ထောက်ခံချက်ဖြင့် မဲရုံမှူးက မဲပေးခွင့်ပြုနိုင်ပါတယ်။ မဲရုံထဲကို မသက်ဆိုင်သူတွေ ဝင်ရောက်ခြင်းမပြုရန် မဲရုံမှူးက တားဆီးရပါမယ်။ မဲစာရင်းစာရွက်ပေါ်မှာ မည်သူကမှ နောက်ထပ်အမည်စာရင်းတွေ ဖြည့်စွက်ခြင်းမပြုရပါ။ မဲရုံကို ညနေ (၄) နာရီမှာ ပိတ်ရမှာ ဖြစ်ပါတယ်။

(၅/၃) မဲရုံပါတ်ဝန်းကျင်ကို လေ့လာခြင်း

မဲရုံပါတ်ဝန်းကျင်မှာ ဖြစ်ပေါ်နေတဲ့ လှုပ်ရှားမှုတွေဟာ မဲရုံတွင်းက မဲပေးမှုအပေါ်မှာ ဩဇာသက်ရောက်နိုင်ပါတယ်။ မဲရုံပါတ်ဝန်းကျင်မှာ နိုင်ငံရေးပါတီဝင်များက မဲပေးရန်လာရောက်ကြသူများကို ပစ္စည်းလက်ဆောင်ပေးပြီး စည်းရုံးတာ၊ လက်နက်အင်အားနဲ့ ခြိမ်းခြောက်တာ၊ အသံချဲ့စက်နဲ့ သီချင်းတွေကျယ်ကျယ်လောင်လောင်ဖွင့်ပြီး နှောက်ယှက်တာ၊ မူးယစ်ရမ်းကားတာ၊ နိုင်ငံရေးပါတီများမှ အဖွဲ့အဝင်များ အပြန်အလှန်စော်ကားရန်စကြတာတွေဟာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ အသေအချာမှတ်တမ်းတင်ရမည့် ကိစ္စတွေပါ။ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆွယ်စည်းရုံးခွင့်ဆိုင်ရာ ညွှန်ကြားချက်များအရ ရွေးကောက်ခံကိုယ်စားလှယ်လောင်းများ၊ နိုင်ငံရေးပါတီများဟာ မဲဆွယ်စည်းရုံးရေးကာလ (၂) လအတွင်းမှာပဲ မဲဆွယ်ခွင့်ရှိပြီး ရွေးကောက်ပွဲကျင်းပတဲ့နေ့ မတိုင်မီ တစ်ရက်မှာ မဲဆွယ်ခြင်းများအားလုံးကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ လုံးဝမဲဆွယ်ခွင့်မရှိပါ။  မဲရုံပါတ်ဝန်းကျင်မှာ ဒေသအာဏာပိုင်များနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဲပေးသူများအပေါ် ဘယ်လိုဘယ်ပုံဆက်ဆံသလဲဆိုတာကိုလည်း လေ့လာဖို့ အရေးကြီးပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)

၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၆)



၂၀၁၅ ရွေးကောက်ပွဲ၊ ပြည်သူလူထု၏ အခန်းကဏ္ဍနှင့် ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာခြင်း၊ အပိုင်း (၆)

အောင်ဒင်

#အဆင့် (၄) မဲဆွယ်စည်းရုံးရေးကာလကို စောင့်ကြည့်လေ့လာခြင်း (Monitoring the Campaign Phase)
ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ကာလမှာတော့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ခံရရေး အပြိုင်အဆိုင်စည်းရုံးကြမှာမို့ အမှားအယွင်းတွေ၊ ပြဿနာတွေပိုပြီး ကြုံတွေ့နိုင်မှာ ဖြစ်ပါတယ်။ မဲဆွယ်စည်းရုံးစဉ်ကာလမှာ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုတွေနဲ့ သတင်းမီဒီယာဖော်ပြချက်တွေဟာ ရွေးကောက်ပွဲရလဒ်အပေါ်မှာ အကြီးအကျယ်သက်ရောက်မှုရှိမှာမို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအတွက် အထူးအလေးပေးရမည့် အချိန်ကာလဖြစ်ပါတယ်။

(၄/၁) တန်းတူညီမျှ အခွင့်အရေးရမှု

မဲဆွယ်စည်းရုံးရေးကာလမှာ ကိုယ်စားလှယ်လောင်းများအားလုံးဟာ တန်းတူညီမျှ လွတ်လပ်ခွင့်ရဖို့၊ စည်းရုံးခွင့်ရဖို့လိုအပ်ပါတယ်။ မဲဆွယ်စည်းရုံးရာမှာ အသုံးပြုဖို့ ကော်မရှင်က သတ်မှတ်ထားတဲ့ ငွေကြေးပမာဏထက် မည်သည့်ကိုယ်စားလှယ်လောင်းမျှ ပိုမိုသုံးစွဲခွင့်မရှိရပါ။ ရွေးကောက်ပွဲရန်ပုံငွေများကို ကောက်ခံရာမှာလည်း ကော်မရှင်က ခွင့်ပြုထားတဲ့ တရားဝင်နည်းလမ်းများဖြင့်သာ ကောက်ခံရမှာဖြစ်ပြီး စီးပွါးရေးလုပ်ငန်းရှင်များ၊ မသမာသူများရဲ့ ငွေလုံးငွေရင်းလှူဒါန်းမှုတွေ၊ တရားမဝင်ငွေမည်းတွေကို ရှောင်ကြဉ်ရပါမယ်။ နိုင်ငံပိုင် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားတို့မှ ကိုယ်စားလှယ်လောင်းများအားလုံးကို တန်းတူညီမျှ ကြော်ငြာခွင့်ပေးရပါမယ်။ လူထုဟောပြောပွဲများအတွက် နိုင်ငံပိုင် အဆောက်အအုံများ၊ ကစားကွင်းများကို အသုံးပြုခွင့်ပေးမယ်ဆိုရင်လည်း ကိုယ်စားလှယ်လောင်းများအားလုံး တန်းတူညီမျှအခွင့်အရေး ပေးရမှာပါ။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများအနေနဲ့ အထက်ပါအချက်များကို စနစ်တကျလေ့လာပြီး ခွဲခြားဆက်ဆံမှုများ၊ မမျှတမှုများ စတဲ့ တွေ့ရှိချက်များကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲကော်မရှင်နဲ့ နိုင်ငံတော်အာဏာပိုင်အဖွဲ့အစည်းများက နိုင်ငံရေးပါတီတစ်ခုနဲ့ အဲဒီပါတီရဲ့ ကိုယ်စားလှယ်လောင်းများကို အထူးအခွင့်အရေးပေးပြီး ဘဏ္ဍာငွေတွေထောက်ပံ့တာ၊ နိုင်ငံပိုင် အဆောက်အအုံ၊ ယာဉ်၊ ရထား၊ ဆက်သွယ်ရေးလမ်းကြောင်းတွေ အသုံးပြုခွင့်ပေးတာတွေ့ရင် ကန့်ကွက်ရမှာပါ။ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်/ကျေးရွာ အာဏာပိုင်အဖွဲ့အစည်းများက ကိုယ်စားလှယ်လောင်းများအပေါ် တန်းတူညီမျှမဆက်ဆံရင်လည်း ကန့်ကွက်ရမှာပါ။,

(၄/၂) ခြိမ်းခြောက်မှု၊ ဖိအားပေးမှုနှင့် မဲဝယ်မှုများ

အာဏာရပါတီနဲ့ လက်နက်ကိုင်အဖွဲ့အစည်းများက မဲဆန္ဒရှင်များအပေါ် ဖိအားပေးတာ၊ ခြိမ်းခြောက်တာတွေလည်း မဲဆွယ်စည်းရုံးရေးကာလမှာ တွေ့ကြုံရနိုင်ပါတယ်။ အထူးသဖြင့် သူတို့လိုလားတဲ့ ကိုယ်စားလှယ်လောင်းကို အထူးအခွင့်အရေးပေးပြီး သူတို့မလိုလားတဲ့ ကိုယ်စားလှယ်လောင်းများရဲ့ မဲဆွယ်စည်းရုံးရေးလုပ်ငန်းများကို နှောက်ယှက်တာ၊ ထောက်ခံသူများကို ရန်ပြုတာတွေ ရှိလာနိုင်ပါတယ်။ လက်ရှိလွှတ်တော်ထဲမှာလည်း ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်များပါဝင်နေတာမို့ အဆိုပါပြည်သူ့စစ်ခေါင်းဆောင်များက ပြန်လည်ရွေးကောက်ခံရဖို့ မဲဆွယ်စည်းရုံးရာမှာ သူတို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့များကို အသုံးချပြီး ပြည်သူလူထုနဲ့ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းများအပေါ် ခြိမ်းခြောက်ခြင်း၊ ဖိအားပေးခြင်း ရှိမရှိ အထူးတလည် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ စီးပွါးရေးလုပ်ငန်းရှင်ကြီးများက လက်အောက်ခံဝန်ထမ်းများကို သူတို့ လိုလားတဲ့ ကိုယ်စားလှယ်လောင်းကိုသာ မဲပေးဖို့ စည်းရုံးနိုင်၊ ခြိမ်းခြောက်နိုင်တာတွေကိုလည်း စောင့်ကြည့်လေ့လာရမှာပါ။ ခရိုနီသူဋ္ဌေးကြီးများက မဲဆန္ဒရှင်များရဲ့ ထောက်ခံမဲတွေကို ငွေကြေးအလုံးအရင်းနဲ့ ဝယ်ယူနိုင်တာကိုလည်း သတိကြီးကြီးနဲ့ စောင့်ကြည့်လေ့လာရပါမယ်။

ဥပမာအားဖြင့် မဲဆွယ်စည်းရုံးရေးကာလမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး (သို့မဟုတ်) ကိုယ်စားလှယ်လောင်းရဲ့ ဆွေမျိုးရင်းချာတစ်ဦးက သူယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်းမှာ အများပြည်သူအတွက် ဘုရားတည်တာ၊ ဘုန်းကြီးကျောင်းနဲ့ သာသနာ့အဆောက်အအုံများ ဆောက်လုပ်လှူဒါန်းတာ၊ လမ်းပြင်၊ လမ်းဖောက်တာ၊ အတိုးနှုံးနည်းနည်းနဲ့ ပိုက်ဆံချေးတာ၊ ပညာသင်စရိတ်ထောက်ပံ့တာ၊ စာသင်ကျောင်း၊ ဆေးရုံဆောက်လုပ်လှူဒါန်းတာတွေကို မဲဝယ်တယ်လို့ ယူဆရမှာပါ။ အဲဒီကုန်ကျစားရိတ်ကိုလည်း ကော်မရှင်က ခွင့်ပြုထားတဲ့ မဲဆွယ်စည်းရုံးမှုစားရိတ်ထဲက သုံးစွဲတာမဟုတ်ပဲ ရွေးကောက်ပွဲနှင့်မသက်ဆိုင်တဲ့ ပိုက်ဆံထဲက သုံးစွဲတာမို့ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဥပဒေနဲ့လည်း ညိစွန်းနိုင်ပါတယ်။ ပြည်သူ့စစ်ခေါင်းဆောင်တစ်ဦးက လက်နက်ကိုင်တပ်ဖွဲ့များ ခြံရံပြီး မဲဆန္ဒနယ်မြေအတွင်းက ရပ်ကွက်/ကျေးရွာတွေမှာ မဲဆွယ်စည်းရုံးရင် ခြိမ်းခြောက်မှုဖြစ်ပါတယ်။ သူ့ကို ထောက်ခံမဲပေးရင် ဘိန်းစိုက်ခွင့်၊ မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချခွင့်တွေ ပိုပြီးရရှိစေရမယ်လို့ စည်းရုံးရင် မတော်မတရား သွေးဆောင်ဖျားယောင်းမှု၊ မဲဝယ်မှုနဲ့ ရာဇဝတ်မှုမြောက်နိုင်ပါတယ်။

(၄/၃) ဥပဒေဩဇာသက်ရောက်မှု

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မဲဆွယ်စည်းရုံးရေးကာလမှာ မသမာမှုတွေ၊ မှားယွင်းမှုတွေ အများအပြားကြုံတွေ့ရနိုင်ပါတယ်။ အဲဒီ မသမာမှုတွေကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာတဲ့ အဖွဲ့အစည်းအပါအဝင် သတင်းမီဒီယာများ၊ မဲဆန္ဒရှင်များ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများက ဖော်ထုတ်တိုင်တန်းကြမှာပါ။ အဲဒီတိုင်တန်းချက်တွေအပေါ်မှာ ရွေးကောက်ပွဲကော်မရှင်က ဘယ်လိုအရေးယူဆောင်ရွက်သလဲ၊ ရွေးကောက်ပွဲအာဏာပိုင်များရဲ့ အရေးယူဆောင်ရွက်မှုတွေဟာ မှန်ကန်မျှတမှုရှိရဲ့လား ဆိုတာကို စောင့်ကြည့်လေ့လာရပါမယ်။ ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများပေါ်ပေါက်လာရခြင်းဟာ ဥပဒေများရဲ့ အားနည်းချက်၊ ချို့ယွင်းချက်ကြောင့်လား၊ (သို့မဟုတ်) ကော်မရှင်အဆင့်ဆင့်က ဥပဒေအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အားနည်းလို့လား၊ (သို့မဟုတ်) ကိုယ်စားလှယ်လောင်းများနဲ့ ပြည်သူလူထုရဲ့ ရွေးကောက်ပွဲဥပဒေများအပေါ် သိရှိနားလည်မှု အားနည်းလို့လား၊ (သို့မဟုတ်) မသမာမှုကျူးလွန်သူများက ဥပဒေကို သိရက်နဲ့ ကျူးလွန်ကြတာလား ဆိုတာကို ခွဲခြားဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဥပဒေမှာ အားနည်းချက်ရှိရင် အချိန်မီပြင်ဆင်ဖို့၊ ကော်မရှင်ဝန်ထမ်းတွေမှာ အားနည်းချက်ရှိရင် လိုအပ်သလို အားဖြည့်ဖို့နဲ့ ဥပဒေကို သိရက်နဲ့ ကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူဖို့ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များက ကော်မရှင်ကို အကြံပြုရမှာ ဖြစ်ပါတယ်။ 

(၄/၄) သတင်းမီဒီယာများ၏ ရပ်တည်မှု

ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတဲ့ ကာလမှာ နိုင်ငံပိုင် သတင်းစာများ၊ ရေဒီယို၊ ရုပ်မြင်သံကြားအသံလွှင့်ဋ္ဌာနများ အားလုံးမှ သတင်းဖော်ပြမှု၊ ထုတ်လွှင့်မှုတွေဟာ ဘယ်ပါတီ၊ ဘယ်ကိုယ်စားလှယ်လောင်းဘက်ကိုမှ မလိုက်ပဲ သမာသမတ်ကျကျ ကြားနေဖို့ လိုအပ်ပါတယ်။ ကိုယ်စားလှယ်လောင်းများက နိုင်ငံပိုင်သတင်းစာမှ ကြော်ညာစာမျက်နှာများ၊ ရုပ်/သံထုတ်လွှင့်မှုများမှ ကြော်ညာအချိန်များ ဝယ်ယူမယ်ဆိုရင်လည်း ကိုယ်စားလှယ်လောင်းအားလုံးကို တန်းတူညီမျှ ဝယ်ယူခွင့်ပေးသင့်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေမှာ သတင်းမီဒီယာနဲ့ အသံလွှင့်လုပ်ငန်းမှာ နိုင်ငံပိုင်လုပ်ငန်းများကပဲ တစ်နိုင်ငံလုံးအနှံ့ ဈေးကွက်အကြီးမားဆုံး ထိန်းချုပ်ထားတာမို့ နိုင်ငံပိုင်မီဒီယာများက ဘက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲရလဒ်အပေါ် အကြီးအကျယ်ဩဇာ သက်ရောက်နိုင်ပါတယ်။ နိုင်ငံပိုင်မီဒီယာများရဲ့ ဘက်လိုက်ခြင်းဟာ အစိုးရရဲ့ ဘက်လိုက်ခြင်းပဲ ဖြစ်ပါတယ်။ နိုင်ငံပိုင်မီဒီယာများနည်းတူ တပ်မတော်ပိုင် မီဒီယာများကလည်း သမာသမတ်ကျဖို့ လိုအပ်ပါတယ်။

ပုဂ္ဂလိကသတင်းမီဒီယာများကို သမာသမတ်ကျကျ ကြားနေအောင် တောင်းဆိုဖို့ လွယ်ကူမှာမဟုတ်ပါ။ ပုဂ္ဂလိကပိုင်ဖြစ်တဲ့အတွက်မို့ ၎င်းတို့ ယုံကြည်ထောက်ခံရာ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများဘက်က ရပ်တည်ဘက်လိုက်မှုတွေ ရှိမှာပါ။ နိုင်ငံရေးပါတီများ ပိုင်ဆိုင်တဲ့ သတင်းမီဒီယာများလည်း အလားတူဖြစ်ပါတယ်။ ကိုယ်ယုံကြည်ထောက်ခံတဲ့ ဘက်က ထောက်ခံရေးသားဖော်ပြတာကို ကန့်ကွက်လို့ မဖြစ်နိုင်ပေမည့် အခြားပါတီများ၊ အခြားကိုယ်စားလှယ်လောင်းများကို ဝေဘန်တိုက်ခိုက်ရေးသားတာ၊ ချန်လှပ်ရေးသားတာ၊ မမှန်သတင်းရေးသားတာတွေကိုတော့ ကန့်ကွက်ကြရမှာပါ။ အစိုးရက ပုဂ္ဂလိကသတင်းမီဒီယာများအပေါ် ရွေးကောက်ပွဲဆိုင်ရာ သတင်းရေးသားဖော်ပြမှုများနဲ့ ပတ်သက်ပြီး ဘက်လိုက်မှုရှိအောင် ဖိအားပေးတာရှိမယ်ဆိုရင်လည်း ကန့်ကွက်ကြရမှာပါ။

(၄/၅) မဲဆွယ်စည်းရုံးရေးကာလ သုံးသပ်ချက်အစီရင်ခံစာ (Campaign Period Assessment)

မဲဆွယ်စည်းရုံးရေးကာလအတွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ သုံးသပ်အကြံပြုချက်တွေကို အထောက်အထားခိုင်ခိုင်လုံလုံနဲ့ အစီရင်ခံစာတစ်စောင် ရေးသားပြုစုပြီး အများပြည်သူသိရှိအောင် ထုတ်ပြန်ကြေညာသင့်ပါတယ်။

(ဒီဆောင်းပါးရှည်ကို တူမောရိုးသတင်းဂျာနယ်မှာ ၂၀၁၅ ခုနှစ်၊ ဧပြီလနဲ့ မေလအတွင်းမှာ ဖော်ပြခဲ့ပါတယ်။)