BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Kumudra. Show all posts
Showing posts with label Kumudra. Show all posts

Thursday, November 28, 2013

Peace...Still Far Away; Part (9)




ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၉)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၄၊ နိုဝင်ဘာလ ၂၆ ရက်၊ ၂၀၁၃)

(၆) အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များအစည်းအဝေး

လိုင်ဇာညီလာခံက ဖွဲ့စည်းတာဝန်ပေးလိုက်တဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အဖွဲ့ဝင်များဟာ နိုဝင်ဘာလ (၃) ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိပြီး မြန်မာအစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီနဲ့ နိုဝင်ဘာလ (၄) ရက်နှင့် (၅) ရက်နေ့တွေမှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဦးဆောင်ပြီး အခြားပြည်ထောင်စုဝန်ကြီးများ၊ ကချင်ပြည်နယ်အစိုးရနဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က အရာရှိများအပြင် ကာကွယ်ရေးဦးစီးချုပ်ရဲ့ ကိုယ်စားလှယ်အဖြစ် ဒုဗိုလ်ချုပ်ကြီး မြင့်စိုး တို့ပါဝင်ပါတယ်၊ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့ကိုတော့ မွန်ပြည်သစ်ပါတီ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ ကေအန်ယူ အထွေထွေအတွင်းရေးမှူး ဖဒိုကွယ်ထူးဝင်း နဲ့ ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်တို့က ခေါင်းဆောင်ပါတယ်၊

မြန်မာအစိုးရဘက်က မျှော်လင့်ချက်ကြီးကြီးထားခဲ့တဲ့ အဲဒီအစည်းအဝေးကို ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယာ (Mr. Vijay Nambiar)၊ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် ဝမ်ရင်ဖန်း (Mr. Wang Ying Fan) တို့လည်းလေ့လာသူများ အဖြစ်တက်ရောက်ကြပါတယ်၊ မြန်မာအစိုးရဘက်က ဒီအစည်းအဝေးကို နိုဝင်ဘာလထဲမှာ ကျင်းပနိုင်လိမ့်မယ်လို့ သူတို့မျှော်လင့်နေကြတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ်လက်မှတ် ရေးထိုးပွဲအတွက် အကြိုညှိနှိုင်းပွဲလို့တောင် သဘောထားပါတယ်၊ နှစ်ပေါင်း သုံးဆယ်ကျော်အတွင်း ဒါပထမဆုံးအကြိမ် မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးနီးပါးနဲ့ မြန်မာ့ပြည်တွင်းမှာ တရားဝင် တစ်ပြိုင်တည်း တွေ့ဆုံဆွေးနွေးတာလည်း ဖြစ်ပါတယ်၊

ဒါပေမည့်လည်း ဒီနှစ်ရက်ကြာဆွေးနွေးပွဲဟာ နှစ်ဘက်အပြန်အလှန် သဘောထားရပ်တည်ချက်များ လဲလှယ်တာနဲ့ပဲ အဆုံးသတ်ခဲ့ပါတယ်၊ ပထမနေ့မှာ တိုင်းရင်းသားများဘက်က လိုင်ဇာညီလာခံမှာ ချမှတ်ခဲ့တဲ့ အချက် (၁၁) ချက်ပါ "လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဘုံသဘောထားရပ်တည်ချက်များ" ကို တင်ပြ ဆွေးနွေးတဲ့အခါ အစိုးရကိုယ်စားလှယ်များဘက်က သဘောတူလက်ခံနိုင်ခြင်းမရှိပါ၊ ဒုတိယနေ့မှာ အစိုးရဘက်က "ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများအကြား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း)" ကို တင်ပြဆွေးနွေးတဲ့အခါ တိုင်းရင်းသားကိုယ်စားလှယ်များဘက်က လက်ခံသဘောတူနိုင်ခြင်း မရှိပါ၊
အခြေအနေအရ နှစ်ဘက်စလုံးက အပြန်အလှန်တင်ပြကြတဲ့ မူကြမ်းတွေကို အဆုံးအဖြတ်ပေးနိုင်တဲ့ အာဏာပိုင်များထံ ပြန်လည်တင်ပြကြရမှာပါ၊ တိုင်းရင်းသားကိုယ်စားလှယ်တွေဘက်မှာလည်း လိုင်ဇာညီလာခံမှာ သဘောတူရပ်တည်ခဲ့ကြတဲ့ လက်နက်ကိုင်အဖွဲ့များအားလုံးနဲ့ ပြန်လည်ဆွေးနွေးရမှာ ဖြစ်တဲ့အပြင် လိုင်ဇာညီလာခံကို မတက်ရောက်တဲ့ ဝ နဲ့ မိုင်းလားအဖွဲ့များနဲ့ပါ ဆွေးနွေးရမှာ ဖြစ်ပါတယ်၊ ဒါကြောင့်မို့ နှစ်ဘက်ကိုယ်စားလှယ်များရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို ဒီဇင်ဘာလထဲမှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ပြန်လည်ကျင်းပဖို့သဘောတူပြီး အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ကြပါတယ်၊

# မသေမချာမှုများ၊ သေချာမှုများ

ဒီလိုအခြေအနေမှာ သေချာတာကတော့ အစိုးရက မျှော်လင့်ထားတဲ့ နိုဝင်ဘာလအတွင်း တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ရေးထိုးပွဲကျင်းပဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်တော့ပါ၊
ဒါဆို ဒီဇင်ဘာမှာ ဖြစ်မလား၊ နောက်နှစ် ဇန်နဝါရီမှာ လက်မှတ်ထိုးနိုင်ကြမလား၊ ဒါလည်း မသေချာပါ၊ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပြန်အလှန်တင်ပြကြတဲ့ စာချုပ်မူကြမ်းတွေကို လေ့လာကြည့်တော့ တစ်ဘက်နဲ့ တစ်ဘက်ဟာ အတိုင်းအတာတစ်ခုအထိ အလှမ်းဝေးနေဆဲ၊ တစ်ယောက်နဲ့ တစ်ယောက် ပြုံးပြုံးရွှင်ရွှင် ဖက်လှဲတကင်း ဆက်ဆံနေကြပေမည့် အပြန်အလှန်မယုံကြည်မှုတွေ ကြီးမားနေဆဲဆိုတာ အသေအချာတွေ့လိုက်ရပြန်ပါတယ်၊

# အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လေ့လာခြင်း

အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တင်ပြခဲ့တဲ့ "တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပစ်ခတ်တိုက်ခိုက်မှုများရပ်စဲရေး သဘောတူညီချက်စာချုပ်" ကို လေ့လာကြည့်ပါတယ်၊ စာမျက်နှာ ၁၁ မျက်နှာ၊ နိဒါန်း နဲ့ အခန်းပေါင်း (၁၄) ခန်းပါဝင်ပါတယ်၊ ကောင်းမွန်တဲ့ အချက်တွေ အများကြီးပါဝင်ပါတယ်၊ တိုင်းရင်းသားတွေ လက်ခံနိုင်မယ်မထင်တဲ့ အချက်တွေလည်း အများကြီးပါဝင်ပါတယ်၊

စာချုပ်ရဲ့ အခန်း (၈) မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မီတီကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီအဖွဲ့ဝင်များ၊ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနဲ့ အများယုံကြည်လေးစားသော ပုဂ္ဂိုလ်များနှင့် ဖွဲ့စည်းဖို့ အဆိုပြုပါတယ်၊ အဲဒီ ကော်မီတီက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းစံသတ်မှတ်ချက်များရေးဆွဲအကောင်အထည်ဖော်ရန်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့၏ လုပ်ငန်းတာဝန်များနှင့် ဆက်ဆံရေးရုံးများ၏ ဆောင်ရွက်ချက်များကို ကြီးကြပ်ရန်နှင့် ကူညီရန်၊ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်အား အနက်အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဖြစ်ပေါ်လာသည့် အငြင်းပွါးမှုများအား ဖြေရှင်းပေးရန်၊ ဒုက္ခသည်များအတွက် လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ပေးအပ်မှုကို ညှိနှိုင်းဆောင်ရွက်ရန်နှင့် စောင့်ကြပ်စစ်ဆေးရန် ဖြစ်ပါတယ်၊ ဒီအထိကို တိုင်းရင်းသားများ လက်ခံနိုင်လောက်ပါတယ်၊

ဒါပေမည့် အဲဒီကော်မီတီဟာ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီက တဆင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မီတီသို့ တင်ပြရမည်လို့ ထည့်သွင်းထားပါတယ်၊ ဒါ့အပြင် ပူးတွဲကော်မီတီဟာ ဆုံးဖြတ်ချက်မချနိုင်သည့် ကိစ္စရပ်များရှိလာပါက ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ကတဆင့်  ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မီတီကို တင်ပြပြီး ဗဟိုကော်မီတီရဲ့ အဆုံးအဖြတ်ကို ခံယူရမယ်လို့ ဆိုပါတယ်၊ လုပ်ငန်းကော်မီတီရော၊ ဗဟိုကော်မီတီရောဟာ အစိုးရကော်မီတီများဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ကိုယ်စားလှယ်များ မပါဝင်ကြပါ၊ ဒါကြောင့်မို့ ဒီ "ပူးတွဲကော်မီတီ" ဟာ အစိုးရရဲ့ လက်အောက်ခံအဖွဲ့ဖြစ်သွားမှာမို့ ဒီအချက်ကို တိုင်းရင်းသားများဘက်က လက်ခံနိုင်မယ် မထင်ပါ၊

စာချုပ်ရဲ့ ခေါင်းစဉ်မှာရော၊ အတွင်းက အခန်းကဏ္ဏများမှာရော၊ နောက်ဆုံး စာမျက်နှာက လက်မှတ်ထိုးတဲ့ နေရာမှာပါ "နိုင်ငံတော်" ဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါ သုံးထားပါတယ်၊ ဒီစာချုပ်ဟာ "ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်" နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ သဘောတူချုပ်ဆိုတဲ့ စာချုပ်ပါ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အခန်း (၁) အခြေခံမူများ၊ ပုဒ်မ (၄၇) အရ "နိုင်ငံတော်" ဆိုသည်မှာ ဥပဒေပြုအာဏာနှင့် အုပ်ချုပ်မှုအာဏာကို ကျင့်သုံးသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များလို့ အဓိပ္ပာယ်ဖွင့်ဆိုပါတယ်၊ တနည်းအားဖြင့် "နိုင်ငံတော်" ဆိုတာ "ပြည်ထောင်စုအစိုးရအဖွဲ့နဲ့ ပြည်ထောင်စုလွှတ်တော်" ဖြစ်ပါတယ်၊ ဒါကြောင့်မို့ ဒီစာချုပ်ဟာ အစိုးရနဲ့ လွှတ်တော် နှစ်ဖွဲ့စလုံးက နိုင်ငံတော်ကို ကိုယ်စားပြုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်ရမှာပါ၊

ဒါပေမည့် စာချုပ် ရဲ့ အခန်း (၁၁) မှာ "ပြည်ထောင်စုလွှတ်တော်၌ အတည်ပြုခြင်း" ဆိုပြီး ဒီစာချုပ်ကို အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကိုယ်စားလှယ်များ လက်မှတ်ရေးထိုးပြီးလျင် အနီးကပ်ဆုံး ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ ပြည်ထောင်စုအစိုးရမှ တင်ပြ၍ အတည်ပြုချက်ရယူရမည် လို့ ဖော်ပြထားပါတယ်၊ ဒါကြောင့် ဒီစာချုပ်မှာ ဖော်ပြတဲ့ "နိုင်ငံတော်" ဆိုတာ "အစိုးရ" သာဖြစ်ပြီး "လွှတ်တော်" မပါဝင်ပါ၊ တိုင်းရင်းသားများဘက်က အပြီးသတ် ဆုံးဖြတ်လက်မှတ်ထိုးရင်တောင်မှ အစိုးရဘက်က အပြီးသတ်မဟုတ်သေးပဲ လွှတ်တော်ကို တင်ပြအတည်ပြုချက်ယူရဦးမည့် အခြေအနေကို တိုင်းရင်းသားများ လက်ခံနိုင်ဖို့ ခက်ခဲပါလိမ့်မယ်၊ တိုင်းရင်းသားများဘက်က ဒီစာချုပ်ကို အစိုးရဘက်က သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ယောက်၊ ကာကွယ်ရေးဦးစီးချုပ်နဲ့ တရားသူကြီးချုပ်တို့ ပါဝင် လက်မှတ်ရေးထိုးဖို့ တောင်းဆိုနေကြတာပါ၊

နောက်တစ်ခါ စာချုပ်ရဲ့ အခန်း (၄)၊ အပိုဒ်  (ဃ) မှာ "ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံတော်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပြဋ္ဌန်းချက်များကို လေးစားလိုက်နာရန်" လို့ ဖော်ပြထားပါတယ်၊ တိုင်းရင်းသားများဘက်က ၂၀၀၈ ဖွဲ့စည်းပုံကို လက်မခံနိုင်လို့ နိုင်ငံရေးဆွေးနွေးပွဲမှာ ဒီဖွဲ့စည်းပုံကို " ပြင်ဆင်ရေး၊ သို့မဟုတ် အသစ်ရေးဆွဲရေး" ဆွေးနွေးဖို့ မျှော်လင့်နေကြတာပါ၊ ဒါကို "အပစ်ရပ်စာချုပ်" အဆင့်မှာတင် ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဋ္ဌန်းချက်များကို လေးစားလိုက်နာခိုင်းတာကို တိုင်းရင်းသားများဘက်က လက်ခံနိုင်မယ်မထင်ပါ၊

စာချုပ် အခန်း (၉)၊ အပိုဒ် (၁၆) မှာ "ဤသဘောတူညီချက် လက်မှတ်ရေးထိုးပြီးချိန်မှ (၂) လအတွင်း ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုစတင်ဆောင်ရွက်ရန် သဘောတူညသည်" ဟု ဖော်ပြထားပါတယ်၊ တိုင်းရင်းသားများဘက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲများ မကျင်းပမီ "နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ" ချမှတ်ဖို့ အရင်ဆွေးနွေးရမှာပါ၊ တိုင်းရင်းသားများဘက်က ရေးဆွဲထားတဲ့ မူဘောင်များကိုလည်း အစိုးရထံ တင်ပြထားပြီးသားပါ၊ အစိုးရစာချုပ်မှာ "မူဘောင် ဆွေးနွေး" မည့် အစီအစဉ်လိုအပ်နေပါတယ်၊

# တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် (၁၁) ချက်ကို လေ့လာခြင်း

လိုင်ဇာညီလာခံက ချမှတ်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ဘုံသဘောတူညီချက် (၁၁) ချက်က ခေါင်းစဉ်တွေချည်းပဲ စာမျက်နှာ (၃) မျက်နှာ ရှိပါတယ်၊ ဒါကို သူတို့အရင်ရေးဆွဲတင်ပြထားတဲ့ "ကျယ်ပြန့်သော ပြည်ထောင်စု ငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်" ပါ ရှင်းလင်းချက်များနဲ့ ပူးတွဲလေ့လာမယ်ဆိုရင် အစိုးရရဲ့ စာချုပ်မူကြမ်းနည်းတူ တိုင်းရင်းသားများဘက်က စာချုပ်မူကြမ်းဟာလည်း အခန်း (၁၁) ခန်း၊ စာမျက်နှာ ၁၀ မျက်နှာအထက်ရှိပါလိမ့်မယ်၊ 
အစိုးရစာချုပ်နဲ့ အဓိက ကွဲလွဲချက်ကတော့ အစိုးရစာချုပ်က အပစ်အခတ်ရပ်စဲရေးကိုပဲ ဦးစားပေးရေးဆွဲထားပြီး တိုင်းရင်းသားလက်နက်ကိုင်များရဲ့ စာချုပ်မူကြမ်းကတော့ အပစ်အခတ်ရပ်စဲရေးနဲ့ နိုင်ငံရေးဆွေးနွေးပွဲများမှာ ဆွေးနွေးမည့် ကိစ္စများကိုပါ ပူးတွဲဖော်ပြထားတာပါ၊ ဒါကြောင့်လည်း စာချုပ်မူကြမ်းရဲ့ အခန်း (၁) အခြေခံမူများမှာတင် "ပင်လုံသဘောတူညီချက်ကို အသိအမှတ်ပြုခြင်း၊ စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုစနစ်၊ ပြည်ထောင်စုတပ်မတော်ဖွဲ့စည်းခြင်း" စတဲ့ နိုင်ငံရေးဆွေးနွေးပွဲမှာမှ ဆွေးနွေးရမည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြထားပါတယ်၊ အခန်း (၈) မှာလည်း "ဆွေးနွေးရေးကာလ အစီအစဉ်များ" ဆိုပြီး အသေးစိတ်အချက် ၉ ချက်ဖော်ပြထားပါသေးတယ်၊ ဒါကြောင့်လည်း မြစ်ကြီးနားဆွေးနွေးပွဲမှာ အစိုးရကိုယ်စားလှယ်များကို စိတ်မသက်မသာ ဖြစ်စေခဲ့တာပါ၊

အခန်း (၄)၊ အပိုဒ် (၄) မှာ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်မှာ "နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲများဆိုင်ရာ မူဘောင်များရေးဆွဲခြင်း နှင့် အတည်ပြုခြင်း" တို့ပါဝင်ရမယ်လို့ တောင်းဆိုထားပါတယ်၊ အစိုးရဘက်က အပစ်ရပ်စာချုပ်ကိုတောင် လွှတ်တော်တင်ပြ၊ အတည်ပြုချက်ယူရဦးမှာဖြစ်ပြီး လွှတ်တော်က အတည်ပြုထောက်ခံမှ နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်ဖြစ်မည့် အနေအထာမျိုးဖြစ်နေပါတယ်၊ ဒါဟာဖြင့် ကြီးမားတဲ့ ကွာဟချက်ပါ၊ တိုင်းရင်းသားများရဲ့ စာချုပ် အခန်း (၅) မှာ နိုင်ငံရေးဆွေးနွေးပွဲများဆက်လက်အကောင်အထည်ဖော်ရေး ပူးတွဲကော်မီတီ ဖွဲ့စည်းခြင်း၊ လွတ်လပ်သော လူ့အခွင့်အရေးစောင့်ကြည့်ရေးကော်မီဖွဲ့စည်းခြင်း၊ အချိန်ကာလ သတ်မှတ်အကောင်အထည်ဖော်ခြင်း" တို့ ပါဝင်တယ်၊ သဘာဝကျတဲ့ တောင်းဆိုချက်တွေဖြစ်ပေမည့် အစိုးရဘက်က သဘောတူညီဖို့ အဆင်သင့် ရှိပုံမရပါ၊

# ရှေ့အလားအလာများ

အထက်ဖော်ပြပါ စာချုပ်မူကြမ်းနှစ်ခု နှိုင်းယှဉ်သုံးသပ်ချက်တွေဟာ ကျနော့်ရဲ့ ကိုယ်ပိုင်ထင်မြင်ချက်သာဖြစ်ပြီး လက်တွေ့မှာ နှစ်ဘက်ကွာဟမှုတွေဟာ ပိုပြီးများပြားနိုင်ပါတယ်၊ ဒီကွာဟမှုတွေကို နှစ်ဘက်စလုံးက အမျှော်အမြင်ရှိရှိ၊ သဘောထားကြီးကြီးနဲ့ ညှိနှိုင်းနိုင်မှ ဒီဇင်ဘာလမှာ ကရင်ပြည်နယ်၊ ဖားအံမြို့မှာ ကျင်းပမယ်ဆိုတဲ့ ဒုတိယအကြိမ်အစည်းအဝေးမှာ တိုးတက်မှုတွေ ရှိနိုင်မှာပါ၊
တိုးတက်မှုတွေ ရှိလာဖို့အတွက် အစိုးရဘက်က သူတို့တင်ပြထားတဲ့ စာချုပ်မူကြမ်းပါ တိုင်းရင်းသားများ လက်မခံနိုင်လောက်တဲ့ အချက်များကို တတ်နိုင်သလောက် ဖြေလျှော့ပေးဖို့နဲ့ ရှေ့ဆက်မည့် နိုင်ငံရေးဆွေးနွေးပွဲများအတွက် သေချာတဲ့ အချိန်ဇယားနဲ့ လုပ်ငန်းစဉ်တွေချမှတ်သဘောတူညီဖို့လိုအပ်ပါတယ်၊ 

အပစ်အခပ်ရပ်စဲရေးစာချုပ်ကို နိုင်ငံတော်ကို ကိုယ်စားပြုပြီး အစိုးရ၊ လွှတ်တော်နဲ့ တပ်မတော်ခေါင်းဆောင်များက အတူတကွလက်မှတ်ရေးထိုးသင့်ပြီး လွှတ်တော်ကို ပြန်လည်တင်ပြ အတည်ပြုချက်တောင်းခံရဖို့ မဖြစ်သင့်ပါ၊

တိုင်းရင်းသားလက်နက်ကိုင်များဘက်ကလည်း အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ မပါဝင်သင့်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများဆိုင်ရာ ကြိုတင်ကန့်သတ်ချက်များ၊ ကြိုတင်တောင်းဆိုချက်များကို မထည့်သင့်ပါ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ဘုံရပ်တည်ချက်ဆိုတာလည်း အမှန်တကယ်ပဲ ပါဝင်ဆွေးနွေးတဲ့ အဖွဲ့အားလုံး တညီတညွတ်တည်း သဘောတူ၊ လက်မှတ်ရေးထိုးပြီး စုပေါင်းတာဝန်ခံတဲ့ ရပ်တည်ချက်ဖြစ်သင့်ပါတယ်၊ လိုင်ဇာညီလာခံက ချမှတ်ခဲ့တဲ့ ဘုံသဘောတူညီချက်တွေကို သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က လက်မှတ်မထိုးခဲ့ပါ၊ နိုဝင်ဘာ ၁၂ ရက်နေ့၊ မဇ္ဇိမသတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ "RCSS ကိုယ်စားလှယ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက RCSS/SSA-North  အနေနဲ့ လိုင်ဇာညီလာခံဆုံးဖြတ်ချက်တွေကို သဘောတူပေမည့် လက်မှတ်ရေးထိုးမှာမဟုတ်ဘူး" လို့ပြောတယ်လို့ သိရပါတယ်၊

သဘောတော့တူတယ်၊ လက်မှတ်တော့မထိုးနိုင်ဘူးဆိုတာ အင်မတန် တာဝန်မဲ့တဲ့ အပြုအမူပါ၊ စုပေါင်းဆွေးနွေးကြပြီး စုပေါင်းချမှတ်တဲ့ သဘောတူညီချက်ကို လက်မှတ်မထိုးနိုင်ဘူးဆိုတာ စုပေါင်းလှုပ်ရှားမှုကို အားနည်းစေတဲ့၊ စုပေါင်းတာဝန်ယူမှု၊ စုပေါင်းတာဝန်ခံမှုကို ရှောင်လွှဲတဲ့ အပြုအမူပါ၊ အစကတည်းက စုပေါင်းရပ်တည်ချင်စိတ်မရှိရင် ညီလာခံကို အစကတည်းက မတက်ရောက်သင့်ပါ၊ အဲဒီ သတင်းမှာပဲ မွန်ပြည်သစ်ပါတီရဲ့ အထွေထွေအတွင်းရေးမှူး နဲ့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ခေါင်းဆောင် နိုင်ဟံသာက RCSS အပါအအင် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးက အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောတူညီချက်တွေကို လက်မှတ်ရေးထိုးမှ မွန်ပြည်သစ်ပါတီအနေနဲ့ ဒီဇင်ဘာလ ဒုတိယညီလာခံကို တက်ရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်၊ ဆိုတော့ တစ်လလောက်ပဲရှိတဲ့ အချိန်ကာလတိုအတွင်းမှာ RCSS  နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအုပ်စု) စတဲ့ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေ လက်မှတ်ထိုးအောင် စည်းရုံးနိုင်ပါ့မလားဆိုတာ သံသယဖြစ်စရာရှိပါတယ်၊

လိုင်ဇာညီလာခံကနေ နိုင်ဟံသာ ခေါင်းဆောင်တဲ့ "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ (NCCT)" ဆိုတာကို အဖွဲ့ဝင် (၁၃) ဦးနဲ့ ဖွဲ့စည်းပေးလိုက်ပါတယ်၊ ဒါပေမည့် အဲဒီကော်မီတီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကိုယ်စား ဆုံးဖြတ်ချက်ချနိုင်တဲ့ အာဏာမရှိပါ၊ ဒီကော်မီတီဟာ အစိုးရဘက်က လုပ်ငန်းကော်မီတီနဲ့ မြစ်ကြီးနားမြို့မှာ တွေ့တဲ့အခါ သူတို့နဲ့ပါလာတဲ့ ဘုံသဘောတူညီချက်တွေကို အစိုးရဘက်ကို တင်ပြပြီး အစိုးရက ပြန်လည်တင်ပြတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်မူကြမ်းကို လက်ခံရယူပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို ပြန်လည်တင်ပြရမှာပါ၊

ဒီလိုဆိုတော့ ဒီကော်မီတီက စာပေးစာယူလုပ်ရတဲ့၊ သတင်းပို့/သတင်းယူရတဲ့ အဆင့်ပဲရှိတာမို့ နောက်လာမည့်ဆွေးနွေးပွဲတွေမှာလည်း တိုင်းရင်းသားခေါင်းဆောင်များရဲ့ ဆုံးဖြတ်ချက်တွေကို သယ်ဆောင်လာ၊အစိုးရကိုတင်ပြ၊ အစိုးရရဲ့ တုန့်ပြန်ချက်/အဆိုပြုချက်ကို လက်ခံ၊ ပြီးတော့ အစည်းအဝေးက ပြန်လာပြီး တိုင်းရင်းသားခေါင်းဆောင်များကို ပြန်လည်တင်ပြ၊ တိုင်းရင်းသားခေါင်းဆောင်များက အစိုးရဘက်က အဆိုပြုချက်များကို ညီလာခံခေါ်ပြီးဆွေးနွေး၊ ပြီးတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ဒီကော်မီတီကတဆင့် အစိုးရရဲ့ လုပ်ငန်းကော်မီတီကို တင်ပြ၊ အစိုးရလုပ်ငန်းကော်မီတီက အစိုးရဗဟိုကော်မီတီထံ ပြန်တင်ပြ၊ ဒီလိုနဲ့ပဲ ကျနော်အခုရေးနေတဲ့ ဆောင်းပါးရှည်ကို "ငြိမ်းချမ်းရေး…ဟိုး…အဝေးမှာ" ဆိုတဲ့ ခေါင်းစဉ်အစား "အပစ်အခတ်ရပ်စဲရေး…ဟိုး…   အဝေးမှာ" လို့ခေါင်းစဉ်ပြောင်းရလိမ့်မယ် ထင်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
နိုဝင်ဘာ ၁၃၊၂၀၁၃

Thursday, November 21, 2013

Peace...Still...Far Away: Part (8)

ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၈)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၃၊ နိုဝင်ဘာလ ၁၉ ရက်၊ ၂၀၁၃)

“ငြိမ်းချမ်းရေး….ဟိုး…အဝေးမှာ"…ဆောင်းပါးရှည် ၊ အပိုင်း (၇) ပိုင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့မှာ စရေးပြီး စက်တင်ဘာလ ၁၉ ရက်နေ့မှာ အဆုံးသတ်ခဲ့ပါတယ်၊ နှစ် ၆၀ ကျော်ကြာခဲ့ပြီး ပြည်သူတွေ ထောင်နဲ့ သောင်းနဲ့ချီ သေဆုံးခဲ့၊ သေဆုံးနေရတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ကြီးကို အမြန်ဆုံး ထာဝရ အဆုံးသတ်စေချင်တဲ့ သာမာန်လူတစ်ယောက်ရဲ့ မချင့်မရဲ ကြေကွဲသံတွေပါ၊ ကုမုဒြာသတင်းဂျာနယ်မှာ အပိုင်း (၁) ကို အတွဲ ၃၊ အမှတ် (၂၆)၊ အောက်တိုဘာလ ၁ ရက်နေ့က စလို့ အပါတ်စဉ်ဖော်ပြခဲ့တာ အပိုင်း (၇) ကို အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ အဆုံးသတ်ဖော်ပြပါတယ်၊ ဆောင်းပါး ရေးသားချိန်နဲ့ ပုံနှိပ်ဖော်ပြချိန်ကြားမှာ အချိန်ကာလ တစ်လကျော်လောက် ကွာခြားတာမို့ ဒီဆောင်းပါး အပိုင်း (၇) ပိုင်းမှာ စက်တင်ဘာလ နောက်ဆုံးပါတ်၊ အောက်တိုဘာလ တစ်လလုံးနဲ့ နိုဝင်ဘာလ ပထမပါတ်အတွင်း ဖြစ်ပေါ်တိုးတက်မှုတွေကို မဆွေးနွေးနိုင်ခဲ့ပါ၊ အဲဒီ တစ်လကျော်အချိန်အတွင်းမှာလည်း ငြိမ်းချမ်းရေးဖော်ဆောင်မှုအတွက် အရေးကြီးတဲ့ ဖြစ်ပေါ်မှုတွေ ရှိခဲ့တာမို့ ဒီဖြစ်ပေါ်တိုးတက်မှုတွေအပေါ် ကျနော့်ရဲ့ သုံးသပ်မှုတွေကို တင်ပြဖို့ ဒီဆောင်းပါးကို ဆက်ရေးဖြစ်ပါတယ်၊ 

# ဆွေးနွေးပွဲများ ၊ ကြေညာချက်များ

အောက်တိုဘာလတစ်လလုံးနဲ့ နိုဝင်ဘာလဆန်းအထိ တစ်လခွဲကြာကာလအတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို အောက်ပါအတိုင်း အစဉ်လိုက်တင်ပြချင်ပါတယ်၊

(၁) သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကြေညာချက်
  
၂၀၁၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှာ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (Restoration Council for the Shan State /RCSS)  ဗဟိုအလုပ်အမှုဆောင်ကော်မီတီ အစည်းအဝေးကို လွယ်တိုင်းလျဲန်းဗဟိုဋ္ဌာနချုပ်မှာ ကျင်းပပြီး "သဘောထားထုတ်ပြန်ကြေညာချက်" ကို ထုတ်ပြန်ပါတယ်၊ 

အဲဒီ ထုတ်ပြန်ချက်မှာ "၂၀၁၃ ခုနှစ် ဇွန်လ ၉ ရက်မှ ၂၃ ရက်အထိ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွတ်စစ်ရဲ့ ငြိမ်းချမ်းရေးတည်ဆောက်ရေး ပြည်တွင်းခရီးစဉ်အတွင်း သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စုဝန်ကြီးများ၊ နိုင်ငံရေးပါတီများ၊ ပြည်သူလူထုများနှင့် တွေ့ဆုံဆွေးနွေးမှုများကို အကျိုးရှိတဲ့ ခရီးစဉ်၊ အကျိုးရှိတဲ့ ဆွေးနွေးပွဲများအဖြစ်" သုံးသပ်ပါတယ်၊ ဒီကြေညာချက်မှာပဲ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့၊ မြန်မာအစိုးရနဲ့ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးချိန်မှ စ၍ ၂၀၁၃ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ နှစ်နှစ်နီးပါး အပစ်အခတ်ရပ်စဲရေးကာလအတွင်း သျှမ်းပြည်တပ်မတော် (SSA-North) နှင့် မြန်မာ့တပ်မတော်စစ်ကြောင်းများ တိုက်ပွဲပေါင်း (၁၃၃) ကြိမ်ဖြစ်ပွါးခဲ့ပြီး (၁၂၂) ကြိမ်ဟာ မြန်မာ့တပ်မတော်က အပစ်အခတ်ရပ်စဲရေးစည်းကမ်းများကို တစ်ဘက်သတ်ချိုးဖောက်ပြီး သျှမ်းပြည်တပ်မတော်တပ်ဖွဲ့များကို စစ်ဆင်ရေးဆင်နွှဲခြင်း ဖြစ်ပြီး (၁၁) ကြိမ်ဟာ မြန်မာ့တပ်မတော်စစ်ကြောင်းများ သျှမ်းပြည်တပ်မတော်ထိန်းချုပ်နယ်မြေထဲ ကျူးကျော်ဝင်ရောက်လာလို့ ပြန်လည်တုန့်ပြန်တိုက်ခိုက်ရတဲ့ တိုက်ပွဲများဖြစ်တယ်လို့ ဖော်ပြပါတယ်၊ ပြီးတော့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကော်မီတီကို သျှမ်းပြည်စည်းလုံးညီညွတ်မှုတည်ဆောက်ရေးနှင့် နိုင်ငံတော်အစိုးရနှင့် နိုင်ငံရေးဆွေးနွေးရေး ရည်ရွယ်ချက်များဖြင့် ပြန်လည်ဖွဲ့စည်းကြောင်းကြေညာပြီး အစိုးရက ကျင်းပပြုလုပ်မည့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် လက်မှတ်ရေးထိုးပွဲဖြစ်မြောက်ရေးအတွက် ထောက်ခံကြောင်း အတည်ပြုပါတယ်၊ မြန်မာအစိုးရအနေနဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/သျှမ်းပြည်တပ်မတော် နဲ့ လက်မှတ်ရေးထိုးထားတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (၃၁) ချက်အတိုင်း လိုက်နာဆောင်ရွက်ပေးရန်ကိုလည်း ဒီထုတ်ပြန်ချက်မှာ တောင်းဆိုထားပါတယ်၊

(၂) အစိုးရနှင့် ကေအိုင်အို ဆွေးနွေးပွဲ

မြန်မာအစိုးရရဲ့ ဝန်ကြီးဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ (Union Peace Work Committee/UPWC) နဲ့ ဦးဆွမ်လွတ်ဂမ်ဦးဆောင်တဲ့ ကေအိုင်အို ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့တို့ဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမမှာ ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်မှ (၁၀) ရက်အထိ ဒုတိယအကြိမ်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်၊ ဒီဆွေးနွေးကို လေ့လာသူများအဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီယာ (Mr. Vijay Nambiar)၊ တရုတ်အစိုးရရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ ဝမ်ရင်ဖန်း (Mr. Wang Ying Fan)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့မှ ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ကချင်ပြည်နယ်အတွင်းမှ တရားဝင်နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ၊ ကချင်လူမျိုးများ ရိုးရာယဉ်ကျေးမှုဗဟိုကော်မီတီနှင့် ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုများစာပေနှင့် ယဉ်ကျေးမှုကော်မီတီတို့မှ ကိုယ်စားလှယ်များ၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (Peace Talk Creation Group) မှအဖွဲ့ဝင်များနဲ့ မြစ်ကြီးနားမြို့ခံလူကြီး ၁၀ ဦးတို့ တက်ရောက်ခဲ့ကြပါတယ်၊

ဆွေးနွေးပွဲက အပစ်အခတ်ရပ်စဲရေးသဘောတူတဲ့အဆင့်ကို မရောက်ပေမည့် တိုးတက်မှုရှိတယ်လို့ ပြောရမှာပါ၊ စစ်ရှိန်လျော့ချရေးနှင့် တိုက်ပွဲများထပ်မံမဖြစ်ပွါးစေရေးအတွက် ပူးတွဲစောင့်ကြည့် ကြီးကြပ်ရေးကော်မီတီ (Joint Monitoring Committee) ဖွဲ့စည်းဖို့နဲ့ ပူးတွဲစောင့်ကြည့်ရေးတွင် နှစ်ဘက်စလုံးမှ လိုက်နာရမည့် ရှောင်ရန်အခြေခံမူ (၅) ချက်၊ စည်းကမ်းချက် (၁၈) ချက်ကိုအခြေခံပြီး အသေးစိတ်စီမံချက် (Operation Plan) ချမှတ်နိုင်ရေးအတွက် နှစ်ဘက်နည်းပညာအထောက်အကူပြုအဖွဲ့များ ဆက်လက်ဆွေးနွေးကြဖို့ သဘောတူကြပါတယ်၊ မြန်မာအစိုးရဘက်က ကေအိုင်အိုကို ကြိုတင်ညှိနှိုင်းမှုဖြင့် ကချင်ပြည်နယ်အတွင်း ပြည်သူများနဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးတိုင်ပင်ခွင့်ပြုပါတယ်၊ 

အရေးအကြီးဆုံးကတော့ အစိုးရက ကျင်းပဖို့ ကြိုးစားနေတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲအတွက် ညှိနှိုင်းပြင်ဆင်ဖို့ ကေအိုင်အို ဋ္ဌာနချုပ် လိုင်ဇာမြို့မှာ လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်များညီလာခံ (Ethnic Armed Groups Conference) တစ်ရပ်ကို အောက်တိုဘာလကုန်ပိုင်းမှာ ကျင်းပခွင့်ပြုပြီး အဲဒီ တိုင်းရင်းသားညီလာခံမတိုင်ခင် အစိုးရရဲ့ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ဆိုင်ရာ စီမံချက်များကို ကေအိုင်အိုထံ ပေးပို့ဖို့ကို သဘောတူပါတယ်၊ နောက်ဆွေးနွေးပွဲများကို နှစ်ဘက်ညှိနှိုင်းပြီး အမြန်ဆုံးကျင်းပကြဖို့ကိုလည်း သဘောတူကြပါတယ်၊

(၃) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အရေးပေါ်အစည်းအဝေး

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်မှ (၁၀) ရက်အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ပါတယ်၊ ကောင်စီဝင် အဖွဲ့ (၁၁) ဖွဲ့နဲ့ ကောင်စီဝင်ခွင့်ရဖို့ လျှောက်ထားတဲ့ အဖွဲ့ နှစ်ဖွဲ့က ကိုယ်စားလှယ်များ စုစုပေါင်း (၃၁) ဦး တက်ရောက်တယ်လို့ သိရပါတယ်၊ အဲဒီအစည်းအဝေးမှာ ကိုးကန့်အုပ်စုလို့အမည်ရတဲ့ "မြန်မာ့အမျိုးသားများဒီမိုကရေစီမဟာမိတ်တပ်မတော် (MNDAA)" ကို အဖွဲ့ဝင်သစ်အဖြစ်လက်ခံခဲ့ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်/ABSDF) ကို နိုင်ငံရေး၊ စစ်ရေးမဟာမိတ်အဖွဲ့ဝင်အဖြစ် လက်ခံခဲ့ပါတယ်၊ ဒါကြောင့် ဖက်ဒရယ်ကောင်စီမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (၁၂) ဖွဲ့နဲ့ မြန်မာကျောင်းသားတပ်မတော်တို့ပါဝင်တယ်လို့ ပြောရမှာပါ၊ ဒီအစည်းအဝေးကနေ အရင်ချမှတ်ထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များမှ အဓိကအချက်များ (အစိုးရနဲ့ ဆွေးနွေးရာမှာ ခိုင်ခိုင်မာမာကိုင်ဆွဲထားရမည့်အချက်များ) ကို ထပ်မံအတည်ပြုပါတယ်၊ ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကေအိုင်အိုက အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များညီလာခံကို တက်ရောက်ဖို့လည်း ဆုံးဖြတ်ကြပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်မထိုးခင် ကြိုတင် ဆောင်ရွက်ထားပြီးဖြစ်ရမည့် အချက်များ၊ သဘောတူစာချုပ်တွင် အဓိကပါဝင်ရမည့်အချက်များနှင့် ပါဝင်လက်မှတ်ရေးထိုးတာဝန်ခံရမည့် ပုဂ္ဂိုလ်များ စတဲ့အချက်များကို သဘောတူချမှတ်ကြပါတယ်၊

(၄) ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နှင့်သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ တို့၏ ပူးတွဲကြေညာချက်

၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်နေ့မှာ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့က ပူးတွဲကြေညာချက်တစ်ရပ် ထုတ်ပြန်ပါတယ်၊ အဲဒီ ကြေညာချက်မှာ ကေအန်ယူ ဥက္ကဋ္ဌ စောမူတူးစေးဖိုး နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ဥက္ကဋ္ဌ စပ်ယွတ်စစ် တို့က ကချင်ပြည်နယ် လိုင်ဇာမြို့မှာ ကျင်းပမည့် လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များညီလာခံကို သူတို့အဖွဲ့ခေါင်းဆောင်များ တက်ရောက်မည့်အကြောင်းနဲ့ အဲဒီညီလာခံမှာ တင်ပြမည့် သူတို့ရဲ့ ရပ်တည်ချက်ကို ဖော်ပြပါတယ်၊ ဒီခေါင်းဆောင်နှစ်ဦးဟာ ၂၀၁၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှာ ရန်ကုန်နဲ့ နေပြည်တော်ကို လာရောက်ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မီတီကို လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များပူးပေါင်းရေးဆွဲထားတဲ့ "နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဆိုင်ရာ မူဘောင်များ" ကိုရှင်းလင်းတင်ပြခဲ့ပါတယ်၊ အဲဒီမူဘောင်များနဲ့ အစိုးရဘက်က တုန့်ပြန်ဆွေးနွေးမှုများကို ကျန်တိုင်းရင်းသားခေါင်းဆောင်များကို ပြန်လည်ရှင်းပြပြီး နားလည်မှုနဲ့ ညီညွတ်မှုတည်ဆောက်နိုင်ဖို့ ဒီညီလာခံကို သူတို့တက်ရောက်မယ်လို့ ဆိုပါတယ်၊

အဲဒီ ပူးတွဲကြေညာချက်မှာ ဖော်ပြထားချက်များအရ လက်နက်ကိုင်တိုင်းရင်းသားများပူးပေါင်းရေးဆွဲတဲ့ မူဘောင်များမှာ (၁) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ထိုးဖို့အတွက် (က) လက်မှတ်ထိုးပြီးသော အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်များကို ထပ်မံအတည်ပြုရန်၊ (ခ) ပူးတွဲစစ်ဘက်ဆိုင်ရာကျင့်ဝတ်များ ချမှတ်ရန်၊ (ဂ) ပူးတွဲအပစ်အခတ်ရပ်စဲမှုစောင့်ကြည့်ရေးအဖွဲ့ ဖွဲ့စည်းရန်၊ (ဃ) ဖြစ်ပေါ်လာသော ပြဿနာများကို ဖြေရှင်းရန်အတွက် ပူးတွဲငြိမ်းချမ်းရေးကော်မီတီဖွဲ့စည်းရန်ဖြစ်ပါတယ်၊ (၂) နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရေးအတွက် (က) နိုင်ငံရေးဆွေးနွေးပွဲတွင် လက်နက်ကိုင်အဖွဲ့အစည်းအားလုံး၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်၊ အစိုးရတို့ ပါဝင်ရန်၊ (ခ) နိုင်ငံရေးဆွေးနွေးပွဲများကို အစိုးရနှင့် လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များ ပူးတွဲစီမံခန့်ခွဲရန်၊ (ဂ) ၂၀၁၅ ခုနှစ်နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် အာမခံချက်ရှိရန်၊ (ဃ) နိုင်ငံရေးဆွေးနွေးရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အာဏာခွဲဝေမှု၊ လုံခြုံရေး၊ မြေယာ၊ ဝင်ငွေခွဲဝေမှု၊ သယံဇာတခွဲဝေမှု စသည့် အရေးကြီးသည့်အချက်များပါဝင်ရန်ဖြစ်ပါတယ်၊ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးပြီး နှစ်လအတွင်း နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာမူဘောင်များကို နှစ်ဘက်စတင်ဆွေးနွေးဆုံးဖြတ်ရန်နှင့် (၄) လအတွင်း နိုင်ငံရေးဆွေးနွေးပွဲများစတင်ရန် တောင်းဆိုထားပါတယ်၊

ဒီခေါင်းဆောင်နှစ်ဦးဟာ ဖက်ဒရယ်ကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို တက်ရောက်ခဲ့ကြသူတွေ မဟုတ်ပါ၊ ကေအန်ယူက ဖက်ဒရယ်ကောင်စီရဲ့အဖွဲ့ဝင်ဖြစ်ပေမဲ့ ဗဟိုကော်မီတီဝင် ဖဒိုဒေးဗစ်တာကဘောက ဖက်ဒရယ်ကောင်စီမှာ ကေအန်ယူကို ကိုယ်စားပြုပါဝင်ပါတယ်၊ ကေအန်ယူဥက္ကဋ္ဌ စောမူတူးစေးဖိုးက ဖက်ဒရယ်ကောင်စီအစည်းအဝေးတွေကို မတက်ရောက်ပါ၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီက ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်မဟုတ်ပါ၊ ဒါကြောင့် ဖက်ဒရယ်ကောင်စီအရေးပေါ်အစည်းအဝေးကို မတက်ရောက်ကြတဲ့ ကရင်နဲ့ ရှမ်းခေါင်းဆောင်နှစ်ယောက်ရဲ့ ဖက်ဒရယ်ကောင်စီအရေးပေါ်အစည်းအဝေးပြီးစမှာ သီးခြားထုတ်ပြန်တဲ့ပူးတွဲကြေညာချက်က ထူးခြားသလို ဖြစ်နေပါတယ်၊

(၅) တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များညီလာခံ

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပေါင်း (၁၇) ဖွဲ့မှ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များပါဝင် တက်ရောက်တဲ့ ညီလာခံကို ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ ကေအိုင်အို ဗဟိုဋ္ဌာနချုပ်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပပါတယ်၊ မူလက နိုဝင်ဘာ (၁) ရက်နေ့မှာ အပြီးသတ်ဖို့ဖြစ်ပေမည့် ဆုံးဖြတ်ချက်မကျနိုင်လို့ တစ်ရက်တိုးပြီး နိုဝင်ဘာ (၂) ရက်နေ့အထိ ကျင်းပရတာပါ၊ မြန်မာအစိုးရက ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကိုယ်စားလှယ်များကို မြစ်ကြီးနားကတဆင့် လိုင်ဇာကို သွားရောက်ဖို့ ခွင့်ပြုသလို ပြည်တွင်း၊ ပြည်ပ သတင်းစာဆရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ လေ့လာသူများကိုလည်း လိုင်ဇာကို သွားရောက်ခွင့်ပြုပါတယ်၊ ကေအိုင်အိုကလည်း သူ့နယ်ထဲလာရောက်ကြတဲ့ ဧည့်သည်များကို တာဝန်ကျေကျေ ဧည့်ခံပြုစုပါတယ်၊ သတင်းသမားတွေကိုလည်း ခေါင်းဆောင်များရဲ့တံခါးပိတ်အစည်းအဝေးကလွဲလို့ ညီလာခံဖွင့်ပွဲ၊ ပိတ်ပွဲ၊ သတင်းစာရှင်းလင်းပွဲများနဲ့ လိုင်ဇာမြို့အတွင်း အခြေအနေများကို လွတ်လပ်စွာ သတင်းယူခွင့်ပေးပါတယ်၊ လေးရက်ကြာ ကျင်းပခဲ့တဲ့ ညီလာခံကနေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ဘုံသဘောထားရပ်တည်ချက် (၁၁) ချက် (11 Points of Common Position) ကို ချမှတ်ခဲ့ပြီး ယင်းရပ်တည်ချက်များကို အစိုးရနှင့် ဆက်လက်ညှိနှိုင်းဆောင်ရွက်ရန် "တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့" (Nationwide Ceasefire Coordinating Committee/NCCC) ကိုလည်း အဖွဲ့ဝင် (၁၃) ဦးဖြင့် ဖွဲ့စည်းခဲ့ကြပါတယ်၊

ဘုံသဘောထားရပ်တည်ချက် (၁၁) ချက်ကို လက်မှတ်ရေးထိုးကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ခိုင်သုခ၊ ရခိုင်အမျိုးသားကောင်စီ အထွေထွေအတွင်းရေးမှူး ဦးတွမ်ဇော်၊ ရခိုင်တပ်မတော် စစ်ဦးစီးချုပ် ဦးထွန်းမရတ်နိုင်၊ ချင်းအမျိုးသားတပ်ဦး အတွင်းရေးမှူးချုပ် ပူဇင်ကျင်း ၊ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောမိုရှေး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ခွန်အေဘယ်တွိ၊ ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ စောမူတူးစေးဖိုး၊ ကရင်ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး ဗိုလ်မှူးကြီးစောကျော်ဒါး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး ဥက္ကဋ္ဌ ကြာခွန်ဆာ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် စစ်ဦးစီးချုပ် ဖုန်ဒါးရွှင်၊ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နိုင်ဟံသာ၊ပအို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ခွန်မြင့်ထွန်း၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အိုက်ဖုန်း၊ ရှမ်းပြည်နယ်တိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး စောခွန်ဆိုင်း၊ ဝ အမျိုးသားအဖွဲ့ ဒုတိယဥက္ကဋ္ဌ တမဟာ၊ ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဇောင်းခရာ၊ နဲ့ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အန်ဘန်လ တို့ဖြစ်ကြပါတယ်၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ကိုယ်စားတက်ရောက်တဲ့ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီး စိုင်းလှက သူ့အဖွဲ့အစည်းရဲ့ သဘောထားအရ လက်မှတ်မထိုးပါ၊

မြန်မာနိုင်ငံမြောက်ပိုင်းအခြေစိုက် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ ဝ-ပြည် စည်းလုံးညီညွတ်ရေးပါတီ (UWSP/A) နဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (မိုင်းလားအုပ်စု) (NDAA) တို့က ဒီ လိုင်ဇာညီလာခံကို မတက်ရောက်ကြပါ၊

ဆက်ပါဦးမယ်၊

လေးစားစွာ၊

အောင်ဒင်
နိုဝင်ဘာ ၁၁၊ ၂၀၁၃


Thursday, November 14, 2013

Peace...Still...Far Away; Part (7)


ငြိမ်းချမ်းရေး…. ဟိုး… အဝေးမှာ (၇)

အောင်ဒင်

(ကုမုဒြာသတင်းဂျာနယ်၊ အတွဲ ၃၊ အမှတ် ၃၂၊ နိုဝင်ဘာလ ၁၂ ရက်၊ ၂၀၁၃)
==================

ဒုတိယပင်လုံညီလာခံ

တိုင်းရင်းသားအင်အားစုတွေ ဘယ်လိုပဲ အုပ်စုတွေကွဲကွဲ၊ ဘယ်လောက်ပဲ မူဝါဒတွေခြားနားပါစေ အားလုံးမှာ တူညီတဲ့ မျှော်လင့်ချက်ကတော့ ပင်လုံညီလာခံကဲ့သို့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံလုံးဆိုင်ရာညီလာခံကြီးတစ်ခုကို ကျင်းပပြီး တိုင်းပြည်ရဲ့ ပြဿနာများကို စုပေါင်းဆွေးနွေး ဖြေရှင်းဖို့ဖြစ်ပါတယ်၊ မြန်မာအစိုးရဘက်ကလည်း အဲဒီလို ညီလာခံကြီးကျင်းပပြီး နိုင်ငံရေးပြဿနာများဆွေးနွေးရေးကို မူအားဖြင့် သဘောတူပုံရပါတယ်၊

ဒီလို ညီလာခံကြီးကျင်းပပြီဆိုရင် ဘယ်သူတွေပါဝင်သင့်သလဲ ဆိုတဲ့အပေါ်မှာလည်း ယေဘူယျအားဖြင့် တူညီကြပါတယ်၊ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်ကော်မီတီ (WGEC) က ရေးဆွဲအဆိုပြုထားတဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များမှာ “ပင်လုံပြည်ထောင်စုညီလာခံကြီးကို မြန်မာအစိုးရနှင့် မြန်မာ့တပ်မတော်မှ ကိုယ်စားလှယ် ၃၀၀ ဦး၊ တိုင်းရင်းသားလူမျိုးစုများနှင့် လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၃၀၀ ဦး၊ ဒီမိုကရေစီနှင့် အတိုက်အခံအင်အားစုများမှ ကိုယ်စားလှယ် ၃၀၀ ဦး၊ စုစုပေါင်း ကိုယ်စားလှယ် ၉၀၀ ဦးနှင့် ကျင်းပပြီး ဆုံးဖြတ်ချက်များကို ဆန္ဒမဲဖြင့် ဆုံးဖြတ်မည်”လို့ ဆိုပါတယ်၊ ၂၀၁၃ ခုနှစ် ဇွန်လ ၁၁ ရက်၊ ၁၂ ရက်များမှာ ရှမ်းပြည်နယ် တောင်ကြီးမြို့မှာ ကျင်းပတဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်း (NBF) ရဲ့ ၁၅ ကြိမ်မြောက်အစည်းအဝေးက ထုတ်ပြန်ချက်မှာ "၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လက်ရှိနိုင်ငံရေးပါတီများ၊ နိုင်ငံတော်အစိုးရကိုယ်စားလှယ်များ၊ တပ်မတော်သားကိုယ်စားလှယ်များ၊ လက်နက်ကိုင် တိုင်းရင်းသားအင်အားစုများ၊ ဒီမိုကရေစီအင်အားစုများ အားလုံးပါဝင်သော ပြည်ထောင်စုညီလာခံ တစ်ရပ်ခေါ်ယူကျင်းပရန်" ဆိုပြီး နိုင်ငံတော်အစိုးရနှင့် ပြည်ထောင်စုလွှတ်တော်အား တိုက်တွန်းထားပါတယ်၊

အခုအချိန်အထိတော့ နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စုအဆင့်လမ်းပြမြေပုံ (၈) ချက်ထဲက တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များလက်မခံနိုင်တဲ့ အချက် (၅) ကနေ (၈)အထိ (တပ်တွေစွန့်၊ ပါတီထောင်၊ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံပြင်ဖို့ကြိုးစား) နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက တန်ပြန်တင်ပြတဲ့ တိုင်းရင်းသားများရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ (၆) ချက် (နိုင်ငံရေးမူဘောင်ကို ရေးဆွဲ၊ အစိုးရရဲ့ မူဘောင်နဲ့ ညှိ၊ ပြည်နယ်အလိုက်ညီလာခံကျင်းပ၊ တိုင်းရင်းသားပြည်နယ်အားလုံးစုပေါင်းပါဝင်တဲ့ ညီလာခံကျင်းပ၊ တစ်ပြည်လုံးအတိုင်းအတာရှိတဲ့ ပြည်ထောင်စုညီလာခံကြီး၊ တိုင်းရင်းသားလူမျိုးများဆိုင်ရာ ပြည်ထောင်စုသဘောတူညီချက် (Union Accord) ကို အချိန်အတိအကျ သတ်မှတ်ပြီးအကောင်အထည်ဖော် ဆောင်ရွက်သွားရန်။) ကို ဘယ်လို ဆွေးနွေးညှိနှိုင်းသဘောတူ ဖြေရှင်းခဲ့ကြတယ်ဆိုတာ မသိရပါ၊

အစိုးရရဲ့ အစီအစဉ်ကတော့ အောက်တိုဘာလမှာ တစ်နိုင်ငံလုံးအတိုင်းအတာရှိတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးပွဲကို တစ်နိုင်ငံလုံးက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားလုံးတက်ရောက်သည်ဖြစ်စေ၊ မတက်ရောက်သည်ဖြစ်စေ ကျင်းပဖို့ ဆုံးဖြတ်ထားဟန် ရှိပြီး အဲဒီနောက်ပိုင်း နိုဝင်ဘာ၊ ဒီဇင်ဘာလများမှာမှ နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ မူဘောင်များကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ ဆက်လက်ဆွေးနွေးမည့် အစီအစဉ်ရှိပုံရပါတယ်၊ အစိုးရဘက်ကလည်း နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များကို ရေးဆွဲပြီး ဒါမှမဟုတ် ရေးဆွဲနေဟန်ရှိပြီး တိုင်းရင်းသားများရဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်များနဲ့ အပြန်အလှန်တိုက်ဆိုင်ဆွေးနွေးပြီး နှစ်ဘက်စလုံးလက်ခံနိုင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တစ်ရပ်ကို ချမှတ်ရမှာ ဖြစ်ပါတယ်၊ အစိုးရရေးဆွဲတဲ့ မူဘောင်တွေမှာ ဘာတွေပါတယ်ဆိုတာ ကျနော်တို့ မသိရပါ၊ 

စက်တင်ဘာလ ၁၁ ရက်နေ့မှာ ရှမ်းသံတော်ဆင့်သတင်းဋ္ဌာနရဲ့ သတင်းပို့ချက်အရ နိုင်ငံရေးဆွေးနွေးပွဲမူဘောင်တွေကို ဆွေးနွေးညှိနှိုင်းရာမှာ "လူအယောက် ၁၀၀ ကနေ ၁၅၀ အထိပါဝင်မယ်၊ အပစ်ရပ်တပ်ဖွဲ့အားလုံးက တစ်ဖွဲ့ကို ကိုယ်စားလှယ် ၂ ယောက်ပါဝင်မယ်၊ လက်နက်ကိုင်တပ်ဖွဲ့ကနေ ပြည်သူ့စစ် (နဲ့ နယ်ခြားစောင့်တပ်) ဖြစ်သွားတဲ့ အဖွဲ့တွေလည်း ဖိတ်ခေါ်မယ်" လို့ မြန်မာအစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးဆိုင်ရာ နည်းပညာအဖွဲ့ (Myanmar Peace Center/ MPC) မှ ဦးလှမောင်ရွှေက ပြောကြောင်းသိရပါတယ်၊ ဒီ ဆွေးနွေးပွဲမှာ တိုင်းရင်းသားနဲ့ ဒီမိုကရေစီအရပ်ဘက်အဖွဲ့အစည်းများကို ပါဝင်ဖို့ ဖိတ်ကြားလိမ့်မယ် မထင်ပါ၊
အရေးအကြီးဆုံးဖြစ်တဲ့ အဆိုပြုထားတဲ့ ပင်လုံပြည်ထောင်စုညီလာခံကြီးကျင်းပဖြစ်ခဲ့ရင် အဲဒီ ညီလာခံကြီးက ချမှတ်တဲ့ ဆုံးဖြတ်ချက်တွေကို ပြည်ထောင်စုသဘောတူစာချုပ် (Union Accord) အဖြစ် ချုပ်ဆိုရာမှာ ဘယ်လိုပုံစံနဲ့ ဆောင်ရွက်မှာလဲ၊ အဲဒီ ပြည်ထောင်စုသဘောတူညီချက်တွေ ဘယ်လိုဘယ်ပုံနဲ့ အာဏာတည်စေမှာလဲဆိုတာ ဘယ်သူမှ မသိကြပါ၊

ပထမပင်လုံမှ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေသို့ ခရီး

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပင်လုံညီလာခံကြီးပြီးမြောက်အောင်မြင်လို့ ပင်လုံစာချုပ်ကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရှမ်း၊ ကချင်၊ ချင်း တိုင်းရင်းသားခေါင်းဆောင်များလက်မှတ်ရေးထိုးကြပါတယ်၊ အဲဒီနောက် ပင်လုံစာချုပ်နဲ့ တောင်တန်းဒေသစုံစမ်းရေးအဖွဲ့ရဲ့အစီရင်ခံစာများကို အခြေခံပြီး ဖဆပလအဖွဲ့ချုပ်ကရေးဆွဲတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ၁၉၄၇ ခုနှစ် မေလမှာ ကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်တဲ့ အာဏာရ ဖဆပလအဖွဲ့ကြီးရဲ့ ပဏာမပြင်ဆင်မှုညီလာခံက စီစစ်ပြီး အတည်ပြုခဲ့ပါတယ်၊

၁၉၄၇ ခုနှစ် ဇွန်လ ၁၀ရက်မှ ၁၈ရက်အထိကျင်းပတဲ့ တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရာတွင် ပါဝင်ရမည့် အခြေခံအချက်အလက်များကို ချမှတ်ပေးသည့် လမ်းညွှန်မူ (၇) ချက်ကို ဇွန်လ ၁၆ ရက်နေ့မှာ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းပြီး ဇွန်လ ၁၇ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့ပါတယ်၊ ဇွန်လ ၁၈ ရက်နေ့မှာ မန်းဘခိုင်က အခြေခံဥပဒေရေးဆွဲရေးကော်မီတီဝင် ၅၅ဦးရဲ့ အမည်စာရင်းကို တင်သွင်းပြီး လွှတ်တော်က အများသဘောတူအတည်ပြု ဖွဲ့စည်းပေးခဲ့ပါတယ်၊ အဲဒီ ၅၅ ဦးကော်မီတီမှာ လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်၊ ကော်မီတီရဲ့ နာယကလည်းဖြစ်တဲ့ သခင်နုက သူ့ရဲ့ အခွင့်အာဏာကိုသုံးပြီး အဖွဲ့ဝင် ၁၆ ဦးထပ်မံဖြည့်စွက်လို့ ၇၁ ဦးကော်မီတီဖြစ်လာပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်ကအတည်ပြုထားတဲ့ လမ်းညွှန်မူ(၇) ချက်ကို အခြေခံ၍ ဖဆပလပဏာမညီလာခံက အတည်ပြုထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို မှီငြမ်းပြီး ရေးဆွဲကြပါတယ်၊
ဒီကော်မီတီဟာ အချိန်မလုံလောက်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို တိုင်းပြည်ပြုလွှတ်တော် ဒုတိယညီလာခံစတင်ကျင်းပတဲ့ ဇူလိုင်လ ၂၉ ရက်နေ့အထိ အပြီးသတ်မရေးဆွဲနိုင်ပဲ ကျင်းပနေပြီဖြစ်တဲ့ လွှတ်တော်အစည်းအဝေးကို အပိုင်းလိုက်၊ အခန်းလိုက်သာ တင်သွင်းနိုင်ခဲ့ပါတယ်၊ အဲဒီနောက် ဖဆပလအဖွဲ့ချုပ်က အမတ်နေရာအများစုကို လွှမ်းမိုးထားတဲ့ လွှတ်တော်က ဒုတိယညီလာခံကာလအတွင်း ဒီပထမမူကြမ်းကို အပြင်းအထန်ဝေဘန်၊ ဆွေးနွေး၊ ညှိနှိုင်း ပြင်ဆင်ပြီး ဩဂုတ်လ ၁၆ ရက်နေ့မှာအတည်ပြုပေးလိုက်ပါတယ်၊ လွှတ်တော်ကပဲ အခြေခံဥပဒေအချောကိုင်ကော်မီတီတစ်ရပ်ကို ဖွဲ့စည်းပေးပြီး လွှတ်တော်ရဲ့ တတိယညီလာခံမှာ အချောသတ်မူကြမ်းကို တင်သွင်းဖို့တာဝန်ပေးပါတယ်၊ လွှတ်တော်ရဲ့ တတိယညီလာခံကို ၁၉၄၇ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာစတင်ကျင်းပပြီး စက်တင်ဘာ ၂၄ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှ တညီတညွတ်တည်း လက်ခံအတည်ပြုခဲ့ပါတယ်၊ ဒီလိုနဲ့ မြန်မာ့သမိုင်းမှာ “၁၉၄၇ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ” မွေးဖွားလာခဲ့ပြီး ၁၉၆၂ ခုနှစ်အထိ အသက်ရှည်ခဲ့ပါတယ်၊

ဒါက ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပင်လုံစာချုပ် ချုပ်ဆိုပြီးချိန်ကနေ "၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေ" မွေးဖွားလာတဲ့ အထိ ဖြတ်သန်းခဲ့ရတဲ့ ခရီးစဉ်ကို အကျဉ်းရုံးတင်ပြတာပါ၊ ဒီခရီးစဉ်တစ်လျှောက်လုံးမှာ အာဏာရပါတီ (ဖဆပလ) ရဲ့ အခန်းကဏ္ဏက အင်မတန်ကြီးမားခဲ့တာ အထင်အရှားပါ၊ ပင်လုံစာချုပ်လက်မှတ်ထိုးပြီးတဲ့နောက် အာဏာရ ဖဆပလအဖွဲ့ချုပ်ရဲ့ ညီလာခံ၊ ဖဆပလအဖွဲ့ချုပ်က နေရာအများစုလွှမ်းမိုးထားတဲ့ လွှတ်တော်အစည်းအဝေး သုံးကြိမ်နဲ့ အင်မတန်များပြားပြီး စိတ်လှုပ်ရှားစရာကောင်းလှတဲ့၊ တစ်ခါတစ်ရံ စိတ်ပျက်ဒေါသထွက်စရာ၊ တစ်ခါတရံ ဝမ်းနည်းနာကျည်းစရာကောင်းလှတဲ့ အစည်းအဝေးပေါင်းများစွာကို  ဖြတ်သန်းခဲ့ရတဲ့ ၁၉၄၇ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုင်းရင်းသားလူမျိုးစုများက အပြည့်အဝကျေနပ်မှု မရှိခဲ့ပါ၊
အခုတစ်ခါ ပင်လုံပြည်ထောင်စုညီလာခံကြီးကို ၂၀၁၅ ခုနှစ်မတိုင်ခင် ဒုတိယအကြိမ်ထပ်မံကျင်းပနိုင်လို့ အများသဘောတူတဲ့ ဆုံးဖြတ်ချက်တွေရလာရင်ရော ဘယ်လိုခရီးစဉ်နဲ့ အဲဒီ ဆုံးဖြတ်ချက်တွေအသက်ဝင်၊ အကောင်အထည်ပေါ်လာမလဲ၊ ကျနော်သိချင်လှပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၄၇ ခုနှစ်တုံးကလိုပဲ ပြည်ထောင်စုလွှတ်တော်မှာ အများစုနေရာရထားတဲ့ ကြံ့ခိုင်ရေးပါတီက ဒီဆုံးဖြတ်ချက်တွေကို အကောင်အထည်ဖော်ရေးမှာ အင်မတန်အရေးပါတဲ့ အခန်းကဏ္ဏမှာ ရှိနေမယ်ဆိုတာ သေချာပါတယ်၊ ပြီးတော့ ၁၉၄၇ဖွဲ့စည်းပုံရေးဆွဲရာမှာ မပါဝင်ခဲ့တဲ့ မြန်မာ့တပ်မတော်က အခု လွှတ်တော်ထဲမှာ နေရာ ၂၅% ကို စိုးမိုးလို့၊ သူမကြိုက်တာမှန်သမျှ တစ်ချက်လွှတ်ပယ်ချနိုင်တဲ့ ဗီတိုအာဏာကို ကိုင်ပြီး တည်ရှိနေပြန်ပါတယ်၊

ဒီတစ်ခါ ခရီးက ပိုပြီးကြမ်းတမ်းခက်ခဲမယ်ဆိုတာ အသေအချာပါ၊ ကျနော့်ရဲ့ သံသယကို ကြံ့ခိုင်ရေးပါတီရဲ့ ဒု-ဥက္ကဋ္ဌ ဦးဋ္ဌေးဦးက အတည်ပြုလိုက်ပါတယ်၊ ၂၀၁၃ခုနှစ် စက်တင်ဘာလ ၁၅ရက်နေ့မှာ သတင်းထောက်များနဲ့ တွေ့ဆုံရာမှာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကိစ္စနဲ့ ပါတ်သက်ပြီး ဦးဋ္ဌေးဦးက ''ဖွဲ့စည်းပုံ လေ့လာသုံးသပ်ရေး ကော်မတီ ဖွဲ့ထားတာပဲ ရှိပါသေးတယ်။ ပြင်ဆင်မယ်ဆိုပြီး ဖွဲ့ထားတာ မဟုတ်ပါဘူး။ ပြင်ဆင်ဖို့ လေ့လာရာမှာလည်း အချုပ်အခြာအာဏာ မထိခိုက်ဖို့ အရေးကြီးပါတယ်။……..ပြည်သူတွေ ပြင်ချင်တယ်ဆိုတာ ကျွန်တော်ကတော့ မယုံကြည်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံကို လေ့လာတဲ့ ပြည်သူတွေဆိုတာ ရှားပါတယ်။ ကျွန်တော်တောင် အခုမှ လေ့လာပြီး ပြန်ပြုစုနေရတာ။ ပြင်ချင်တဲ့သူတွေက ပြည်သူတွေဆီ သွားရှင်းပြပြီး ပြည်သူတွေက ပြင်ချင်တာ ဖြစ်နေတယ်လို့ ကျွန်တော်ကတော့ ထင်တယ်။ လူတွေက ရူးပြီးဖြစ်နေကြတာပါ'' လို့ပြောလိုက်တယ်ဆိုပြီး စက်တင်ဘာလ ၁၇ ရက်နေ့ထုတ် Daily Eleven သတင်းစာမှာ ဖော်ပြပါတယ်၊

ဤခရီး  မနီးလှပါ

ငြိမ်းချမ်းရေးဆီသို့ ခရီးရှည်ကြီးက မနီးလှပါ၊ ဒါပေမည့် ရောက်အောင်သွားမယ်ဆိုတဲ့ စိတ်ပိုင်းဖြတ်မှုနဲ့ ကြိုးစားအားထုတ်မှုရှိမယ်ဆိုရင် ရောက်ကိုရောက်မှာပါ၊ စိတ်ရှည်ဖို့လိုပါတယ်၊ စားပွဲဝိုင်းမှာ ညှိနှိုင်းဆွေးနွေးကြတဲ့အခါ ရသင့်တာရဖို့အတွက် ပေးသင့်တာပေးရသလို ရချင်သလောက်မရနိုင်တာလည်း ရှိပါတယ်၊ ဘယ်လောက်ပဲ အမြင့်ဆုံးတောင်းဆိုချက်တွေနဲ့ စတင်ပေမည့် အဆုံးမှာ ရသင့်သလောက်နဲ့ ကျေနပ်နိုင်ဖို့လည်းလိုအပ်ပါတယ်၊
မြန်မာအစိုးရဘက်ကရော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များဘက်ကပါ မြန်မာပြည်သူများကို ကိုယ်စားပြုတဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း (Civil Society Organizations) များကို ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ တန်းတူရည်တူဆွေးနွေးဘက်အဖြစ် အသိအမှတ်ပြုဖို့လိုပါတယ်၊ ပြည်တွင်းစစ်ဆိုတာ နှစ်ဘက်စစ်တပ်တွေ ရန်လိုတိုက်ခိုက်နေတာ ဖြစ်ပေမည့် ပြည်တွင်းစစ်ရဲ့ ဒဏ်ကို အများဆုံးခံစားရတာက သာမာန်ပြည်သူတွေပါ၊ စစ်တပ် နှစ်ဖွဲ့ တိုက်ခိုက်တာတွေရပ်စဲပြီး ရင်းနှီးခင်မင်သွားရုံနဲ့ ထာဝရ ငြိမ်းချမ်းရေးမရနိုင်ပါ၊

အခုထိတော့ အစိုးရရော၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များရော အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အခန်းကဏ္ဏကို သူတို့ပြီးမှ စဉ်းစားရမည့် ဒုတိယအဆင့် ဆွေးနွေးဘက်များအဖြစ် သတ်မှတ်ထားပုံရပါတယ်၊ ပိုဆိုးတာက ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်က ဗမာလူမျိုးများအားလုံးကို ကိုယ်စားပြုပြီး လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့များက သက်ဆိုင်ရာတိုင်းရင်းသားလူမျိုးစုများကို ကိုယ်စားပြုတယ်လို့ ယူဆထားခြင်းပါ၊ အဲဒီ အယူအဆကို ကျနော်တော့ လက်မခံနိုင်ပါ၊ ဦးသိန်းစိန်အစိုးရနဲ့ တပ်မတော်ဟာ ဗမာလူမျိုးများကို အပြည့်အဝကိုယ်စားပြုခြင်းမရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာလည်း သက်ဆိုင်ရာတိုင်းရင်းသားများကို အပြည့်အဝကိုယ်စားပြုတယ်လို့ ကျနော်မယုံကြည်ပါ၊ လက်နက်ကိုင်တပ်ဖွဲ့ရှိရုံနဲ့ လက်နက်မကိုင်တဲ့ သာမာန်ပြည်သူများအားလုံးကို ကိုယ်စားပြုခွင့်မရှိပါ၊ လက်နက်မဲ့ပြည်သူများဟာ သူတို့ဘဝကို သူတို့ဘာသာ ကိုယ်စားပြုခွင့်ရှိပါတယ်၊

ဒါကြောင့် ပြည်မနဲ့ပြည်နယ်များက အရပ်ဘက်လူ့အဖွဲ့အစည်းများအနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လက်နက်မဲ့ပြည်သူများကို ကိုယ်စားပြုပြီး ပါဝင်ခွင့်ရနိုင်ဖို့ ပိုပြီးကြိုးစားကြရမှာပါ၊ အစိုးရကိုယ်တိုင်က အရပ်ဘက်လူ့အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ အဆင့်တိုင်းမှာ ပါဝင်ဖို့ဖိတ်ခေါ်သင့်ပါတယ်၊ ပင်လုံပြည်ထောင်စုညီလာခံကြီးမှာ ပါဝင်ဆွေးနွေးဖို့အတွက် လိုအပ်တဲ့ မူဝါဒတွေ၊ ရပ်တည်ချက်တွေကို စုပေါင်း ဆွေးနွေးချမှတ်ကြဖို့ အားပေးသင့်ပါတယ်၊ 

အပစ်အခတ်ရပ်စဲရေးခိုင်မာဖို့၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ အဓိပ္ပာယ်ရှိရှိဖြစ်ပေါ်ဖို့နဲ့ သဘာဝကျတဲ့ သဘောတူညီချက်တွေရဖို့၊ ပြီးတော့ အဲဒီသဘောတူညီချက်တွေကို အာဏာရပါတီနဲ့ တပ်မတော်က လေးစားအတည်ပြုအောင် တောင်းဆိုဖို့၊ အင်အားသုံးအကြမ်းဘက်ဖြေရှင်းတာတွေရပ်တန့်ပြီး ဆွေးနွေးညှိနှိုင်းဖြေရှင်းတဲ့ ယဉ်ကျေးမှု ဆက်လက်တည်တန့်နေစေဖို့ ဆိုတာ အရပ်ဘက်လူ့အဖွဲ့အစည်းများရဲ့ အားကောင်းခိုင်မာမှုနဲ့၊ ငြိမ်းချမ်းရေး၊ နိုင်ငံရေးဆွေးနွေးပွဲဖြစ်စဉ်တလျှောက်လုံးမှာ အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များနဲ့ တန်းတူရည်တူ တက်တက်ကြွကြွပါဝင်နိုင်ဖို့အပေါ် အများကြီးမူတည်နေပြီလို့ ကျနော်ယုံကြည်ပါတယ်၊ ဒီလိုမဟုတ်ရင်ဖြင့် ကျနော်တို့ မျှော်လင့်တဲ့ ငြိမ်းချမ်းရေးဟာ ဟိုးအဝေးကြီးမှာပဲ ရှိနေဦးမှာပါ၊

လေးစားစွာ၊

အောင်ဒင်
စက်တင်ဘာ ၁၉၊ ၂၀၁၃



ဒီဆောင်းပါးရှည်အတွက် အောက်ပါထောက်အထားများကို ကိုးကားပါတယ်၊

(၁) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၂၀၁၂ ခုနှစ် နှစ်ပါတ်လည်အစည်းအဝေး၏ ထုတ်ပြန်ကြေညာချက် (၂၀၁၃ ခုနှစ် ဇန္နဝါရီလ ၁၁ ရက်)
(၂) Statement of the Ethnic Nationalities Conference (August 2, 2013)
(၃) United Nationalities Federal Council Annual Meeting Statement (January 10, 2013)
(၄) တိုင်းရင်းသားကွန်ဖရင့်သို့ UNFC မှ တင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမူဝါဒစာတမ်း
(၅) The United Nationalities Federal Council (UNFC) Press Statement 5/2013 (July 14, 2013)
(၆) Information Release on 2nd Preliminary Meeting for Political Dialogue between UNFC and UPWC Delegations 07/2013 (September 10, 2013)
(၇) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မီတီ (UPWC) နှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားလှယ်အဖွဲ့တို့ (၂၀-၂-၂၀၁၃) ရက်နေ့ ဆွေးနွေးပွဲတွင်ပြောကြားသော UNFC    နိုင်ငံရေးဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၏ကြိုဆိုနှုတ်ခွန်းဆက်စကား
(၈) အစိုးရချမှတ်ထားသည့် ငြိမ်းချမ်းရေး လမ်းပြမြေပုံ အဆင့် ၃ ဆင့်
(၉) "နိုင်ငံရေးပြဿနာများကို ဆွေးနွေးဖြေရှင်းနိုင်ရေးကိစ္စ ပန်ကြားခြင်း"၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး အင်ဗန်လ မှ သမ္မတဦးသိန်းစိန် သို့ ပေးစာ၊ (၂၀၁၂ ခုနှစ် စက်တင်ဘာ ၂၇)
(၁၀) ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ မှ တိုင်းရင်းသားလူမျိုးများကွန်ဖရင့်အပေါ် ရှင်းလင်းတင်ပြခြင်း၊ (၂၀၁၃ ခုနှစ် ဩဂုတ်လ)
(၁၁) တိုင်းရင်းသားကွန်ဖရင့်သို့ UNFC မှတင်သွင်းသော ဖက်ဒရယ်ပြည်ထောင်စုကာကွယ်ရေးတပ်မတော်စာတမ်း၊ (၂၀၁၃ ခုနှစ် ဇူလိုင်လ)
(၁၂) ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံရေးလုပ်ငန်းစဉ် (Road Map) နှင့် ပါတ်သက်၍ ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အမြင်သဘောထားတင်ပြချက်၊ (၂၀၁၃ ခုနှစ် ဩဂုတ်လ)
(၁၃) တစ်ပြည်လုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ထပ်မံလက်မှတ်ရေးထိုးရန်ကိစ္စနှင့် ပါတ်သက်၍ (ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ) (၂၀၁၃ခုနှစ် စက်တင်ဘာလ)
(၁၄) တိုင်းရင်းသားလူမျိုးများကွန်ဖရင့်သို့ တင်သွင်းသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်အခြေအနေသုံးသပ်ချက် (၂၀၁၃ခုနှစ် ဇူလိုင်)
(၁၅) ပူးတွဲကြေညာချက်၊ ကရင်အမျိုးသားအစည်းအရုံး နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၇ ရက်)
(၁၆) Analysis of The UNFC Position, EBO Briefing Paper (August 2013)
(၁၇) Riposte to Article in EBO Briefing Paper No. 8, dated August 2013 (August 15, 2013)
(၁၈) ညီနောင်တိုင်းရင်းသား ပါတီများဖက်ဒရေးရှင်း (NBF) ၏ (၁၅) ကြိမ်မြောက် သဘောထားထုတ်ပြန်ကြေညာချက်၊ (၂၀၁၃ ခုနှစ် ဇွန်လ ၁၂ ရက်)
(၁၉) ကျယ်ပြန့်သော ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် (၂၀၁၃ ခုနှစ် မတ်လ)
(၂၀) တိုင်းရင်းသားလူမျိုးများအရေးနှင့် ၁၉၄၇ အခြေခံဥပဒေ (ပထမတွဲ၊ ဒုတိယတွဲ) (၁၉၉၀ခုနှစ် ဧပြီလ)
(၂၁) နေ့စဉ်သတင်းများ (ဧရာဝတီ၊ ရှမ်းသံtတော်ဆင့်၊ လွတ်လပ်သော အာရှအသံ၊ ရွှေဟင်္သာ၊ Eleven Media၊ VOA၊ DVB)