BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, January 3, 2010

Greeting 2010


နှစ်ထောင့်တစ်ဆယ် ကို ကြိုဆိုတဲ့ကဗျာ

အောင်ဒင်

ဇန်နဝါရီ ၃၊ ၂၀၁၀


မင်္ဂလာပါ နှစ်ထောင့်တစ်ဆယ်

မင်းကို ကြိုဆိုပါရဲ့…၊

မနေ့ကအထိတော့ မင်းဟာ

ပြက္ခဒိန် စာရွက်ပေါ်က

အဖြူသန့်သန့် လေးထောင့်ကွက်များသာ

ဒီကနေ့ ကစလို့၊ နေ့စဉ်နဲ့အမျှ

လောကလူသားတွေက

အဲဒီ လေးထောင့်ကွက်တွေကို ဆေးရောင်ချယ်သ

သူတို့ရဲ့ ဘဝတွေနဲ့၊မင်းကို အလှဆင်ကြလိမ့်မယ်…၊

ပျော်ရွှင်ကြည်နူးကြတဲ့အခါ

အဲဒီ နေ့ရက်တွေဟာ… အပြာ

ဝမ်းနည်းကြေကွဲကြတဲ့အခါ

အဲဒီ နေ့ရက်တွေဟာ…ဗလာ

တခါတရံမှာ မှောင်မှောင်မည်းမည်း

ဒေါသထွက်တဲ့အခါ အနီရဲရဲ

မျှော်လင့်ချက်များနဲ့ အကြိမ်ကြိမ်ကြို စောင့်ခဲ့ရတဲ့နေ့တွေ

အိပ်မက်တို့ ပျက်ပြယ်သွားတဲ့အခါ ကြက်ခြေခတ်

နောက်ထပ်ပြန်မကြည့်ချင်ကြတော့ပေ…၊


ဘဝမှာ

လမသာတဲ့ ညများ

မိုးမရွာ တဲ့၊ နှင်းမကျတဲ့ နေ့များ

လေဆန် ရေဆန်ကို ဖြတ်သန်းရတဲ့ ကာလများ

ရင်နှင့်အမျှ ခံစား

မင်း ခန္ဓာကိုယ်ပေါ်မှာပဲ မှတ်သားကြလိမ့်မယ်… ၊


အောင်မြင်သူတွေကတော့

ပြက္ခဒိန်ကိုရွှေချ

မော်ကွန်းလှလှ ရေးကြလိမ့်မယ်

သမိုင်းဆိုတာ အနိုင်ရသူတွေက ရေးတာ.. ဆိုလား

ကြေကွဲပြိုကျ၊ အရေးနိမ့်ရ သူတွေကတော့

ပြက္ခဒိန်ကို ဆုတ်ဖြဲချေမွ

အဲဒီနေ့တွေကို (အဲဒီ တစ်နှစ်လုံးကိုတောင်) မေ့ချင်ကြလိမ့်မယ်

မင်း အပြစ်မဟုတ်ပါဖူးကွယ့်…၊


ဒီလိုနဲ့

အစမှာ လာခြင်းကောင်းခဲ့တဲ့ မင်း

အဆုံးမှာ ပြန်ခြင်းလည်း ကောင်းလိမ့်မယ်လို့

အခိုင်အမာကြီး ယုံကြည်မထားနဲ့ပေါ့

လောကမာယာ ရဲ့ လှည့်ဖျားမှုအောက်

တို့လူသားတွေ လမ်းပျောက်ခဲ့ကြ၊ လမ်းပျောက်နေကြ

ငါတို့ဘဝတွေ မငြိမ်းချမ်းကြဖူးကွယ်…၊


သူများတွေ ကြိုသလို

ငါလည်း မင်းကို ကြိုပါတယ်

ကြိုတဲ့အကြောင်း ကဗျာလည်း ရေးမိပါတယ်

မင်း မကြိုက်ရင်ဖြင့် တောင်းပန်ပါရဲ့….။။။


Saturday, January 2, 2010

The Unspeakable


မပြောဖြစ်ခဲ့တဲ့ စကားများ

အောင်ဒင်

ဇန်နဝါရီ ၂၊၂၀၁၀


မိန်းကလေး ရဲ့

အဲဒီ… ကောင်းကင်ကြီးထဲမှာလေ

မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်

သိမ်ငယ်နက်ရှိုင်း၊ အလွမ်းရိုင်းတို့

ပိတ်ဆို့ကာဆီး၊ ဒီခရီးမှာ

နှင်းမှန်ပါ လျက်၊ အကြွေခက်ခဲ့။


မိန်းကလေး ရဲ့

အဲဒီ… တိမ်တိုက်တွေ ထဲမှာလေ

မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်

တိုးဝင်နှောင်ဖွဲ့၊ လွမ်းခဲ့သမျှ

အိပ်ပျက်ညတွေ

ကြေမွ မျှော်ကိုး၊ တိတ်တခိုးမို့

မိုး မှန်သော်လည်း၊ မရွာရဲခဲ့။


မိန်းကလေး ရဲ့

အဲဒီ… ဥယျဉ်ကြီးထဲမှာလေ

မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်

အဆင်းမဲ့၊ အလှမဲ့၊ အနံ့မဲ့၊ အရောင်မဲ့

သခင့် ရဲ့ဆံဖျား၊ ခစားပိုင်ခွင့်မရှိ

ပန်း အသိနဲ့

ပန်းမှန်သော်လည်း၊ မပွင့်ရဲ့ခဲ့။


မိန်းကလေး ရဲ့

ဒီလူ့ရဲ့ ရင်ထဲမှာလည်း

မကျဖြစ်ခဲ့တဲ့ နှင်းတွေရှိတယ်

မရွာဖြစ်ခဲ့တဲ့ မိုးတွေရှိတယ်

မပွင့်ဖြစ်ခဲ့တဲ့ ပန်းတွေရှိတယ်

ပြီးတော့…

မပြောဖြစ်ခဲ့တဲ့ စကားတွေရှိတယ်

မင်း သိစေချင်ရဲ့

၊။။။။။