BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Poems. Show all posts
Showing posts with label Poems. Show all posts

Friday, January 15, 2016

ဘုရင်မ



ဘုရင်မ

အောင်ဒင်

ငါ့လက်ကို ဆုတ်ကိုင်၍
ငါ့ထီးနန်းကို ပိုင်ဆိုင်တော်မူပါ…။


ငါစိုက်ပျိုးသော ပန်းကို ပန်ဆင်၍
ငါ့ရင်ခွင်ကို ပလ္လင်အဖြစ် ခင်းကျင်းတော်မူပါ…။


လည်လွန်တတ်တဲ့ ငါ့အတွက်
ညမထွက်ရအမိန့် ထုတ်ပြန်ပြီး
ချစ်အုပ်ချုပ်ရေးနဲ့ ထိန်းချုပ်တော်မူပါ…။

ငါတစ်ဦးတည်းရဲ့ နိုင်ငံတော်မှာ
မင်းရဲ့ နှုတ်ထွက်စကားမှန်သမျှ
ဥပဒေကဲ့သို့ အာဏာတည်စေရမှာပါ…။

ငါ့နိုင်ငံတော်ရဲ့
တစ်ခုတည်းသောစည်းမျဉ်းကိုတော့ မင်းလိုက်နာပါ
အဲ့ဒါက
ငါ့ကို….ဘယ်တော့မှ….မမုန်းရ…။။။

(ဇန်နဝါရီလ ၁၅ ရက်၊ ၂၀၁၆)

Tuesday, January 12, 2016

မျှော်ကြ



မျှော်ကြ

အောင်ဒင်

အမှောင်ထုက
ကျနော်တို့နေတဲ့ မြို့ကလေးပေါ်ကို
ရုတ်တရက် ပြိုဆင်းကျလာခဲ့…။

ငှက်ကလေးတွေတောင်မှ
အိပ်တန်းတက်ဖို့ နေရာမရှာရသေး
ဟိုးအဝေးက ကားတစ်စီးရဲ့ မီးရောင်
အမှောင်ထုကို အံတုတောက်ပ
အရှိန်အဟုန်နဲ့ အနီးကိုရောက်လာပြီး
အရှိန်အဟုန်နဲ့ ကျနော့်ကို ဖြတ်ကျော်သွား
လူတစ်ယောက်ရဲ့ ည
အဆင်သင့်မဖြစ်သေးခင် ရောက်ရှိလာတယ်…။

လက်ကိုင်ဖုန်းကို ထုတ်ပြီး
မေမေ့ကို ဆက်သွယ်ကြည့်တယ်
ကမ္ဘာရဲ့ တစ်ဖက်ခြမ်းမှာ
အသံလှိုင်းများစွာ ရှည်လျားရှုပ်ထွေး
မေမေနဲ့  ကျနော်ဟာ
ဆက်သွယ်မှုဧရိယာရဲ့ အဝေးဆုံးမှာ ရှိနေကြသတဲ့
ကျနော်မသိတဲ့ အမျိုးသမီးတစ်ယောက်က အကြောင်းပြန်တယ်…။

ဒါနဲ့ပဲ
တာရာမင်းဝေဆီ အီးမေးပို့တယ်
ညီလေး၊ မင်းနဲ့ ဖေဖေနဲ့ အတူရှိနေကြလား
ဖေဖေ့ကို စိတ်ချမ်းသာအောင် ထားနော်
မင်းကဗျာတွေ ရေးရင် တိတ်တိတ်ကလေးရေး
"ခေတ်နေ" အတွက် စာတွေဆက်ရေးပြီး
မင်း ဖေဖေ့ကို ဖတ်ပြရင်
သူ့စိတ်တွေ ခံစားနာကျင်လိမ့်မယ်
အဲဒီလို စာတွေ တစ်ကြောင်းပြီးတစ်ကြောင်း ရေးပြီး ပို့နေတာ
ဘယ်သူမှ အကြောင်းမပြန်ကြ
လိပ်စာများ မှားနေလို့လား?
ကျနော့်ဖုန်းက ဘက်ထရီကုန်နေလို့လား?
ကျနော့် ပါတ်ဝန်းကျင်က မှောင်မည်းနေလို့လား?
တာရာမင်းဝေနေတဲ့မြို့မှာ အင်တာနက်မရှိလို့လား?…။

အမှောင်ထဲ၊ ဖရိုဖရဲ လမ်းလျှောက်နေတာ
ပျောက်ဆုံးသွားတဲ့ အိပ်မက်တွေပေါ့
ချစ်ခဲ့ဖူးသူတွေ
မြတ်နိုးကြေကွဲ၊ ခွဲခဲ့ရသူတွေ
ဘဝတစ်ခုလုံးစာ၊ နာကျည်းခဲ့ရသူတွေ
ရုပ်ရှင်ပိတ်ကားပေါ်က အနှေးပြကွက်တွေလို
ထင်ထင်ရှားရှား၊ လေးလေးနက်နက်၊ ပီပီပြင်ပြင်
ဒီညကို မြန်မြန်ကုန်ဆုံးစေချင်ရဲ့…။

မျက်လှည့်ဆရာက
လက်ပံတောင်းတောင်ကြီးကို ဖျောက်ဖျက်ပစ်ခဲ့တယ်
ဖားကန့်မြို့ကို လူဆင်းရဲတွေရဲ့ သင်္ချိုင်းဖြစ်စေခဲ့တယ်
ဂျိန်းဖောတို့ရဲ့ မြေမှာ ယမ်းနံ့တွေ ဝေစေခဲ့တယ်
ဘဲတစ်ရာတောင်တန်းကြီးပေါ်မှာ အမုန်းပန်းတွေ ပွင့်စေခဲ့တယ်
ရခိုင်ပြည်နယ်မှာ စစ်ဘေးဒုက္ခသည်အသစ်တွေကို ဖန်တီးခဲ့တယ်
နေပြည်တော် ငြိမ်းချမ်းရေးညီလာခံမှာ
ဇနပုဒ်က ငြိမ်းချမ်းချင်သူတွေကို ချန်ထားရစ်ခဲ့တယ်
"မစုဝေ" လေးပေါင်းများစွာကို
ခန်းနားလှပတဲ့ နန်းတော်ကြီးတွေထဲမှာ
မသမာသူတွေရဲ့ ကျေးကျွန်များအဖြစ်
အကျဉ်းချ ချုပ်နှောင်ထားခဲ့တယ်
မတူညီကြတဲ့ ဘဝများ
မလိုချင်ပဲ ရရှိခဲ့တဲ့ နှစ်ကာလများ…။

၂၀၁၆ မှာ
အားလုံးကောင်း သွားမှာပါ
"ပြောင်းလဲချိန် တန်ပြီ" လို့ ဆိုခဲ့ကြတယ်မဟုတ်လား
မြေကြီးထဲ ကျွင်းကျန်နေသေးတဲ့ သယံဇာတတွေကလည်း ပြောင်းလဲချိန်ကိုမျှော်ကြ
ခုတ်လှဲခံရတော့မယ့် ကျွန်းပင်ကြီးတွေကလည်း ပြောင်းလဲချိန်ကို မျှော်ကြ
ဖျက်ဆီးခံရတော့မယ့် ဧရာဝတီမြစ်ကြီးကလည်း ပြောင်းလဲချိန်ကို မျှော်ကြ
လူသားအချင်းချင်း ခွဲခြားဆက်ဆံခံနေရသူတွေကလည်း ပြောင်းလဲချိန်ကို မျှော်ကြ
ကျူးကျော်ရပ်ကွက်က နှင်ထုတ်ခံရသူတွေကလည်း ပြောင်းလဲချိန်ကို မျှော်ကြ
ခရိုနီသူဋ္ဌေးကြီးများနဲ့ မိုးဦးကျ စားဖားတွေကလည်း ပြောင်းလဲချိန်ကို မျှော်ကြ…။

လမ်းဘေးဓာတ်တိုင်ပေါ်က
မီးတစ်ပွင့် ဖျတ်ကနဲ လင်းလာတယ်
ကောင်းကင်မှာလည်း
ကြယ်ကလေးတွေ ဟိုတစ်စု၊ ဒီတစ်စု
အမှောင်ထုကို၊ အံတုဖြိုခွဲကြမှာလား?
အမှောင်ထုထဲမှာ၊ တစ်ကိုယ်စာတောက်ပကြရုံလား?
မောပန်းနွမ်းနယ်နေတဲ့ အသက်ရှူသံများက မျှော်ကြ…။

မရဲတရဲနဲ့ ရင်တွေခုန်၊ မလုံမခြုံနဲ့ စိတ်ပင်ပန်း
မကြာခင် ရောက်ရှိလာတော့မယ့်
နိုင်ငံတော်သစ်ရဲ့ သည်းထိပ်ရင်ဖို ဇာတ်ဝင်ခန်းတစ်ခုမှာ
ကျနော်တို့အားလုံးဟာ၊ အရေးမပါတော့တဲ့ ဇာတ်ဖြည့်၊ ဇာတ်ရံတွေပ
မျှော်ကြ…။။။။။

(ဇန်နဝါရီလ ၁၂ ရက်၊ ၂၀၁၆)

Tuesday, January 5, 2016

အကွာအဝေး




အကွာအဝေး

အောင်ဒင်

နှစ်တစ်နှစ် ကုန်ဆုံးပြီတဲ့
ပြက္ခဒိန်အဟောင်းကို ဖြုတ်ချပြီး
ပြက္ခဒိန်အသစ်နဲ့ အစားထိုးလိုက်တယ်…။

အသက်တစ်နှစ် ပိုကြီးလာတယ်
ခန္ဓာကိုယ်မှာ တွယ်ကပ်နေတဲ့
ရောဂါဘယတွေ ပိုများလာတယ်
ကိုယ်အလေးချိန် ပိုများလာတယ်
ဆံပင်ဖြူတွေ ပိုများလာတယ်
တစ်ချိန်တည်းမှာပဲ
ရှင်သန်နေရဦးမယ့် နေ့ရက်တွေ ပိုနည်းလာတယ်
မျှော်လင့်ချက်တွေ ပိုနည်းလာတယ်
မိတ်ဆွေသူငယ်ချင်းတွေလည်း ပိုပြီး လျော့နည်းလာတော့တယ်…။

တစ်ချို့ သူငယ်ချင်းတွေ
မိုးကောင်ကင်ပေါ်က ကြယ်တွေကြွေသလို
ဖြုတ်ခနဲ ကြွေလွင့်သွားကြ
မိုင် ထောင်ပေါင်းများစွာရဲ့ အဝေးမှာ
နှုတ်ဆက်ဖို့ အခွင့်အရေးတောင် မရခဲ့
ဒီလိုနဲ့ပဲ
၊ ဘဝထဲက
ထာဝရ ပျောက်ဆုံးသွားကြ…။

တစ်ချို့မိတ်ဆွေတွေက
ဘဝ ဆိုတဲ့ ရထားရှည်ကြီးရဲ့
အထက်တန်းတွဲစီး ခရီးသည်တွေ
ရိုးရိုးတန်းက မိတ်ဆွေကို
ဆင်းတွေ့ဖို့ သတိမရနိုင်ကြ
ရိုးရိုးတန်းခရီးသည် ကျနော်ကလည်း
ခန့်ငြားထည်ဝါလှတဲ့ အထက်တန်းတွဲကို
အလည်သွားဖို့ မဝံ့ရဲ
ကျနော်တို့ရဲ့ ကိုယ်ပိုင်ဘဝတွေမှာ
ကိုယ်ပိုင်အရေးကိစ္စတွေနဲ့
ကိုယ်တိုင်စိုက်ပျိုးခဲ့ကြတဲ့ သစ်ပင်တွေနဲ့
ကိုယ့်ဖာသာ အလုပ်များနေကြတာလည်း ပါတာပေါ့
ဒီလိုနဲ့ပဲ
တစ်ယောက်ဘဝထဲက တစ်ယောက် မသိမသာ ဆုတ်ခွာသွားကြ…။

ကျနော်ကရော
ရထားပေါ်က မောင်းချခံရမှာစိုးလို့
ရိုးရိုးတန်းလက်မှတ်လေးကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားပြီး
ရထားသံလမ်းဘေးက
လမ်းလျှောက်နေရဆဲ မိတ်ဆွေတချို့ကို
အားတုံ့အားနာ လက်ပြနှုတ်ဆက်ရင်း
သူတို့ရဲ့ ဘဝတွေနဲ့ ဝေးကွာခဲ့ရ…။

ဒီလိုနဲ့
ဆုတ်ဖြဲခဲ့ရတဲ့ ပြက္ခဒိန်တွေ များလှပေါ့…။။။

(ဇန်နဝါရီလ ၅ ရက်၊ ၂၀၁၆)

Friday, December 25, 2015

ကမ္ဘာနှစ်ခု

(https://stolenchildhood.wordpress.com/2013/05/13/two-different-worlds/)


ကမ္ဘာနှစ်ခု

အောင်ဒင

ခရစ္စမတ်နေ့ဆိုတာ
မနေ့က ပြီးဆုံးသွားခဲ့တယ်
ပျော်ရွှင်စွာ ဆင်နွှဲခဲ့ကြတဲ့ အထိန်းအမှတ်တွေကို
နောက် ရက်အနည်းငယ်မှာ ကျရောက်မယ့်
နှစ်သစ်ကူးအတွက် ချန်ထားရစ်ကြတယ်
အဲဒီလို
ခန်းနားမှုတွေကို လက်ဆင့်ကမ်း
နှင်းဆီတွေ ယုံယုံကြည်ကြည်ပွင့်တဲ့ ပန်းခင်းထဲမှာ
ချစ်သူတို့ရဲ့ လတ်ဆတ်တဲ့အနမ်းတွေနဲ့
ကမ္ဘာတစ်ခုဟာ ဝင်းလက်လို့၊ တောက်ပလို့…။

အမြောက်သံ၊ ဗုံးသံတွေကြားက
ဒုက္ခသည်စခန်းတစ်ခုမှာတော့
ခရစ္စမတ်နေ့ကို
ကျင်းပဖို့ အခွင့်အရေးမရှိ
လှလှပပတွေ ဆင်ယင်ဖို့ဝေးလို့
တရားပေးမယ့် ဓမ္မဆရာတောင်မရှိ
မလိုချင်ပဲ ရခဲ့တဲ့ဒုက္ခတွေကိုပဲ
မခိုင်မာတော့တဲ့ ပုခုံးများပေါ်မှာ ဆက်ထမ်း
ငြိမ်းချမ်းရေးနဲ့ ဝေးနေရဦးမယ့်
နောက်တစ်နှစ်ကို အလိုလိုရောက်
လူသားတစ်စုရဲ့ မျှော်လင့်ချက်တွေဟာ
ကမ္ဘာတစ်ခုမှာ နာကျင်စွာ ပျောက်ဆုံးလို့…။

(ဒီဇင်ဘာလ ၂၅ ရက်၊ ၂၀၁၅)