ဝေါမြို့က ခွပ်ဒေါင်း…. သို့ အမှတ်တရ
ကင်ဆာ ကျဆုံးပါစေ၊”
ဧပြီလ (၃)၊ ၂၀၁၄
Posted by Aung Din at 5:59 PM 0 comments
Labels: Note of Sorrow
Posted by Aung Din at 8:16 AM 0 comments
Labels: Note of Sorrow
ဖေ ဖေ့ အ ကြောင်း
တစ်။
မြန်မာ နိုင်ငံ ကို နာ ဂစ် မုန်တိုင်း ကြီး ဝင်ရောက် တိုက် ခိုက်ဖျက်ဆီး ခဲ့တာ တစ် နှစ် ပြည့်တဲ့ နေ့၊ ၂၀၀၉ ခုနှစ် မေလ နှစ် ရက် နေ့၊ နေ့လည် တစ်နာရီ ငါး မိနစ် မှာ ကျနော့ ဖေဖေ ဦး ကျော်ရှိန် ကွယ်လွန် သွားခဲ့ ပါတယ်။
အသက် ရှစ်ဆယ့်လေး နှစ် ရှိ ပြီ ဖြစ် တဲ့ ဖခင်ကြီး ကွယ် လွန်ချိန် မှာ သူ့ဘေး မှာ ရှိနေတာက တော့ အနှစ် ငါးဆယ် နီးပါး လက် တွဲ ခဲ့တဲ့၊ ဘဝ ရဲ့ မုန်တိုင်း တွေ ကို အ တူ ရင် ဆိုင် ခဲ့ တဲ့၊ ကျနော့ မေမေ တစ် ယောက် ထဲ ပါ။ သားကြီး ဖြစ်တဲ့ ကျနော် က အမေရီကား မှာ၊ သားလတ် ရွှေ ဖုန်းလူ က သူ့အရင် နှစ်ထောင့်ခုနှစ် ခုနှစ် ဩဂုတ် လ မှာ ကွယ်လွန် သွားခဲ့ပြီ။ သမီး အငယ်ဆုံး မိုးမိုး နဲ့ သမက် ဘောက်လွန် တို့ က မလေးရှား မှာ၊ သမီး မနော်ဟရီ နဲ့ တစ်ဦး တည်း သော မြေးကလေး ကိုကို ခေတ်နေ တို့က ဩစတြေးလျ မှာ၊ မေမေ တစ်ယောက် တည်း ကိုသာ ဘဝ တ လျှောက် လုံး အဖော်ပြု ခဲ့ ရ တဲ့ ဖေဖေ၊ ခုတော့ လဲ မေမေ့ ကို တစ် ယောက်ထဲ ခွဲထား ခဲ့ ပါ ပြီ၊
နှစ် ။
ကြေကွဲ ရတာတွေ များလွန်း လို့ နှလုံးသားက ထုံကျင် နေသလားမသိ၊ ဖေဖေ ဆုံးကြောင်း နေရိန်ကျော် က မနက် အစောကြီး ဖုံး ခေါ်ပြီး သတင်းပေး တော့ အံ့ဩ တုန်လှုတ်မိ တာ က လွဲလို့ အနေ ထိုင် မပျက်ခဲ့၊ အိပ်ရာက ထပြီး မေမေ့ ဆီ ဖုန်းဆက်ဖို့ ကြိုးစား၊ အ ကြိမ် ကြိမ် ကြိုးစား ပေမဲ့ မအောင်မြင်၊ ဒါနဲ့ ပဲ အသိပေး ရမဲ့ လူတွေ ကို သတင်း ပို့၊ ဖုန်း နဲ့ မိတ်ဆွေ တချို့ က မေးတာ ကို ဖြေကြား၊ ငိုဖို့ သတိမရခဲ့ ပါဘူး၊
ဒါပေမဲ့ နောက်တစ်နေ့မနက် သူငယ်ချင်းတွေ ပေးပို့တဲ့ ဖေဖေ့ ရဲ့နောက်ဆုံး ဓတ်ပုံ တွေ ကို မြင်ရတဲ့ အခါမှာတော့ မျက်ရည် တွေ မ ထိမ်းနိုင် မသိမ်း နိုင် ပြိုကျလာပါတော့ တယ်၊ ကျနော့ ရဲ့ ဖခင်ကြီး၊ ကျနော့ ရဲ့ လက်ဦး ဆရာ၊ ကျနော့ ရဲ့ သူရဲကောင်း၊ ဘဝ တပါး ကို ကူး ပြောင်း သွားခဲ့ပြီ ….။
သုံး ။
ဖေဖေ နဲ့ ပတ်သက် ပြီး ကျနော်မသိ ရ တာတွေ အများ ကြီး ပါ၊ မန္တလေး သား တစ်ယောက် ဖြစ်တယ် ဆိုတာက လွဲ လို့ သူ့ရဲ့ မိဘ ဆွေမျိုး တွေ ဘယ်သူ ဘယ်ဝါ ဆိုတာ ကျနော် မသိပါ၊ ဖေဖေ ကလဲ တခါ မှ မပြော ဖူးပါ၊ ကျနော့ တသက် ဖေဖေ့ ဘက် က ဆွေမျိုး တစ်ယောက် မှ မတွေ့ ဖူး မ သိဖူး ခဲ့ပါ။
ဖေဖေ့ ကိုယ်မှာ ဒဏ်ရာ တွေ အများကြီး ပါ၊ ရင်ဘတ် မှာ၊ ပခုံးမှာ၊ ကျောမှာ၊ ဗိုက် က ဒဏ်ရာ ကြီး က တော့ နောက်ကျော ထိ ပေါက်သွားတဲ့ လှံ စွပ် ဒဏ်ရာ ပါ၊ ဂျပန် တော်လှန်ရေးကာလ က ရခဲ့တာ လို့ ပြော ဖူးပါ တယ်၊ ပခုံး ဒဏ်ရာ က အင်္ဂလိပ် ကို တော်လှန် တုံး က ရခဲ့ တဲ့ သေနတ် ဒဏ်ရာ ဖြစ် ပြီး ရင်ဘတ် က ဒဏ်ရာ ကတော့ ပဲခူး ရိုးမ တနေရာ မှာ ဖေဖေ ပါဝင် တဲ့ ဗမာပြည် ကွန်မြူနစ် ပါတီ တပ်ဖွဲ့ နဲ့ ဖဆပလ အစိုးရ တပ် ရင်ဆိုင်တိုက်ပွဲ မှာ ရခဲ့တာ လို့ ဆိုပါတယ်၊ နယ်ချဲ့ဆန့်ကျင်ရေး နဲ့ ဖက်ဆစ် တော်လှန် ရေး မှာ ပါဝင်ခဲ့ ပေမဲ့ ဖေဖေ့ မှာ လွတ်လပ်ရေး မော်ကွန်းဝင် လက်မှတ် မရှိပါ၊
ကျနော် ငယ်ငယ်က ဖေဖေ့ ကို အိမ်မှာ အချိန် ကြာကြာ မြင် ရခဲ ပါတယ်၊ "မေးစရာ နဲနဲ ရှိ လို့ ခဏ လောက် လိုက် ခဲ့ ပါ" ဆိုပြီး လာခေါ်တဲ့ ရိုင်းရိုင်း ကြမ်းကြမ်း လူကြီး တွေ နောက် ဖေဖေ လိုက် ပါသွား ပြီး တခါတခါ လနဲ့ ချီ ပြီးကြာ၊ တခါတခါ နှစ် နဲ့ချီ ပြီး ကြာ ပျောက်ဆုံးနေ ခဲ့ ပါတယ်၊ ရေကြည် အိုင် တို့ ၊ အင်းစိန်ထောင် တို့ ၊ စစ်ထောက်လှမ်းရေး တို့ ၊ ဆိုတာ ကျနော် ငယ်ငယ် ကတဲက ယဉ်ပါးနေရ တဲ့ စကားလုံး တွေပါ၊
အိမ် ကို ဖေဖေ ပြန် ရောက် လာ တော့ လဲ ဒဏ်ရာ ဒဏ်ချက် တွေ ရောဂါ တွေ နဲ့ပါ၊ အချိန် အတော် ကြာကြာ ဆေးကု ရ ပါတယ်၊ အဲဒီ အချိန် တွေ က တော့ ကျနော် တို့ မောင်နှမ တွေ ဖေဖေ နဲ့ အတူ ကြာကြာ နေခွင့်ရတဲ့ ကာလ တွေပေါ့၊ ဖေဖေ မရှိ တဲ့ အချိန် တွေမှာ လဲ ကျနော် တို့ မိသားစု အားမငယ် ရ၊ အထီး ကျန် မ ဖြစ် ရပါ၊ ဖေဖေ့ မိတ်ဆွေ တွေ အိမ် ကို ပုံမှန် လာပြီး အားပေးကြ၊ ငွေကြေး ထောက်ပံ့ ကြပါတယ်၊ ဖေဖေ့ မိတ်ဆွေ တွေ ကလဲ လူစုံပါပဲ၊ ကျွန်းပြန်ကြီး တွေ၊ ရှေ့နေတွေ၊ စာရေးဆရာ တွေ၊ ဆရာဝန် တွေ၊ သတင်းထောက် တွေ၊ ဆိုက်ကား ဆရာ တေ၊ွ ဈေးသယ်တွေ၊ အငှါးကား မောင်းသူ တွေ၊ ကျောင်းဆရာ တွေ၊ အစုံပါပဲ၊
ဖေဖေ က ကျနော့ကို ဘယ်လောက်ပဲ ချစ်ချစ် အလိုမလိုက် ခဲ့တာ တွေလဲ အများကြီးပါပဲ၊ သူ့ရဲ့ ကန့်သတ်ချက် တွေ ကြောင့် ကျနော့ ငယ်ဘဝ မှာ လမ်းပေါ် ထွက် ပြီး ကစားခွင့် မရခဲ့ပါဖူး၊
ကျနော် တို့ အိမ်ကလေး မှာ အင်မတန် ဧည့်သည် များ လှပါတယ်၊ အထူးသဖြင့် ရုံးပိတ်ရက် တွေမှာ ပါ၊
အားလုံး လိုလို က နိုင်ငံ ရေး သမား ဟောင်း ကြီး တွေ ပါ၊ ကျနော် မှတ်မိ နေ တဲ့ သူ တချို့ က ဆရာ ဗန်းမော် တင်အောင်၊ လေထီး လို့ခေါ်ကြတဲ့ အဘ လေထီး ဦးအုန်းမောင်၊ မီးရထားကြီး လို့ ခေါ်ကြတဲ့ အဘ ဦးလှမောင်၊ ကျူရှင် ပြနေ တဲ့ ဆရာ ကေတီ ဦးကျော်တင့်၊ ရှေ့နေကြီး အဘ တီပီ ဝမ်း၊ ရုပ်ရှင် ဒါ ရိုက်တာ ရှူမဝ ဦးချစ်စိန်၊ ဓတ်ပုံဆရာ ဥက္က လာ ဦးဝင်းမောင်၊ စာရေးစရာ ညိုဝင်း၊ စ သူတွေပါပဲ၊ မောင်မောင်ကျော် ရဲ့ အဖေ ကျောင်းဆရာ ကိုနေဝင်း လဲ လာပါတယ်၊ သူတို့တွေ အားလုံး လိုလို ဖေဖေ့ အရင် ဆုံးပါး သွာခဲ့းကြပါပြီ။ ကျနော် ကအဲဒီ စကား ဝိုင်း တွေ မှာ ရေနွေးကြမ်း အိုး တွေ တ အိုး ပြီး တ အိုး ချ ပေး ပြီး သူတို့ ရဲ့ ဘဝ အတွေ့ အကြုံ တွေ၊ နာကျင်မှု တွေ၊ စွန့် စားခန်း တွေ ကို တမေ့တမော နားထောင်ခဲ့ရတာပါ၊
ကျနော့ ရဲ့ ငယ်ဘဝမှာ ရွှေယုံ နဲ့ ရွှေကျား သက်ကယ်ရိပ် သွား တဲ့ ပုံပြင် တွေ တစ်ခါမှ မကြား ခဲ့ရပါဖူး၊ ဖေဖေ နဲ့သူ့ မိတ်ဆွေ တွေ ရဲ့ တော်လှန်ရေး ကာလ အတွေ့အကြုံ တွေ၊ ကိုကိုး ကျွန်း အကျဉ်းစခန်း က တိုက်ပွဲ တွေ၊ စစ်အာဏာ ရှင် စနစ် ကို ဆန့်ကျင် ကြတာ တွေ၊ ဒါတွေသာ ကျနော့ ငယ်ဘဝ ရဲ့ အိပ်ရာဝင် ပုံပြင် တွေ ဖြစ် ခဲ့ပါတယ်၊
လေး ။
ဖေဖေ နဲ့ ကျနော် အမြင်မတူ ကြတာတွေ လဲ အများကြီးပါ ပဲ၊ ကျနော် တစ်ဆယ့်ရှစ် နှစ် သား အရွယ် စက်မှုတက္ကသိုလ် စတက် ချိန် မှာ ကဗျာ လေး တွေ စ ရေးပါတယ်၊ ကျနော့ ညီ ရွှေ ဖုန်းလူ က လဲ စာမေးပွဲ တဖုံးဖုံး ကျ ပြီး ကဗျာ ရေး နေပါပြီ၊ ဖေဖေ က ကျနော တို့ ကဗျာ ရေး တာ လုံးဝ မ ကြိုက် ပါဖူး၊ စိတ် လေလွင့် တယ် လို့ ယူဆပါတယ်၊ ကျနော် က ကဗျာဆရာ ကြီး ဒဂုန် တာရာ ကို ကြိုက် တယ် ဆိုတော့ ဖေဖေ က ပြောဖူးပါတယ်၊ "ကို ဌေးမြိုင် က စိတ်ကူးယဉ် သမား ကွ၊ သူ့ ကို ကြိုက် ရင် မင်း တို့မှားးလိမ့် မယ်" တဲ့၊
ဒါပေမဲ့ ကျနော် တို့ ရဲ့ ကဗျာ အပေါ် ရူး သွပ်မှု ကို သူ တားလို့ မရနိုင်တော့ မှန်း သိတဲ့ အခါကျ တော့ လဲ ကျနော် မထင်မှတ် တဲ့ အကူအညီ ပေးပြန်ပါတယ်၊ အဲဒီခတ် ကာလ တစ်ထောင့်ကိုးရာ့ရှစ်ဆယ် ဝန်းကျင်မှာ ကျနော် တို့ လူငယ် ကဗျာ သမား တွေအ တွက် မိုးဝေ နဲ့ ရှူမဝ မဂ္ဂဇင်း ကြီး နှစ်စောင် ဟာ မီးရှူးတန်ဆောင် ပါ၊ မိုးဝေ နဲ့ ရှူမဝ ကိုပဲ ကဗျာ တွေ ပို့ပြီး မိုးဝေ နဲ့ ရှူမဝ မှာ ကဗျာ ပါမှ အောင်မြင်တယ် လို့ ယုံကြည် ကြတာပါ၊ အဲ ဒီ မဂ္ဂဇင်း ကြီး နှစ်စောငီ မှာ ကဗျာ ပါ ဖို့က လဲ အင်မတန် မလွယ်ကူတဲ့ အနေအထား ပါ၊ ဖေဖေ က တစ်နေ့ တော့ ကျနော့ ကို စာ တစ် စောင် ပေးပါတယ်၊ "မင်း မိုးဝေ သွား ရင် ယူ သွား" တဲ့၊ စာ က မိတ် ဆက်စာ တိုတို လေးပါ၊ အယ်ဒီတာချုပ် ဆရာ နတ်နွယ် ကို အမည်ရင်း ဦး လှမြင့် နဲ့ လိပ်စာ တပ်ပြီး ရေးထားပါတယ်၊ "ကိုလှမြင့် ရေ၊ အခု စာနဲ့ လာ သူ ဟာ ကျနော့ သား အကြီးကောင် ပါ၊ တတ်နိုင်သလောက် ဖေးမ စေချင်ပါတယ်" တဲ့၊
ကျနော် က လဲ အဲဒီ စာ ကလေး ယူ ပြီး ကျောက်မြောင်း က မိုးဝေ တိုက် ကို သွား ပါ တယ်၊ ဆရာ နတ်နွယ် ကိုတွေ့ ပြီး ဖေဖေ့ စာ ကိုပေးပါတယ်၊ ဆရာနတ်နွယ် က စာကို ဖတ်ကြည့် ပြီး ဖေဖေ့ ရဲ့ ကျမ်းမာရေး အခြေအနေကို မေးပါတယ်၊ ကျနော့ ကို လဲ လူရင်း တစ် ယောက် လို ပုံမှန် တိုက် ကို ဝင်ထွက် ဖို့မှာပါတယ်၊ အဲဒီ နောက်ပိုင်း ကျနော့ ကဗျာ လေး တွေ မိုးဝေ မှာ ဖော်ပြ ခြင်း ခံရပါတယ်၊ ဖေဖေ နဲ့ ဆရာ နတ်နွယ် တို့က ဆရာ ဦးညိုမြ ရဲ့ အိုးဝေ သတင်းစာ မှာ လက်ထောက် အယ်ဒီတာ လေး တွေ အဖြစ် အမှုထမ်း ခဲ့ ကြ တယ် လို့ သိရပါတယ်၊
မတတ်သာ လို့ သီးခံ နေရပေမဲ့ ကျနော့ ဆီ လာလည်ကြတဲ့ သူငယ်ချင်း ကဗျာသမား တွေ ကို တော့ ဖေဖေ သိပ် ကြည့် လို့ မရခဲ့ ပါဖူး၊ မကြာ ခဏ လာ ပြီး ကျနော့ ကို လဘက်ရေ ဆိုင် သွား ဖို့ ခေါ်တတ်တဲ့ "နွေလယ်နေ" ကို သူ တော်တော် မျက်မုန်းကျိုး ပါတယ်၊ တခါတရံ မှ လာတတ်တဲ့ အကိုကြီး ကိုအောင်ချိမ့် နဲ့ ကို ချောနွယ် တို့ ကို လဲ လူကြီး လမ်းသူရဲ တွေ ဆိုပြီး မဆက်ဆံ ပါ၊ ကျနော့ ကဗျာ သူငယ်ချင်း များ ထဲ မှာ သူ ခင်ခင် မင်မင် ဆက်ဆံ တာ ဇေယျဝတီ မင်းလွင်စိုး လို့ ခေါ် တဲ့ ကိုအောင် မြင့် နဲ့ အခု နော်ဝေ နိုင်ငံ ကို ရောက်နေ တဲ့ နှင်းခါးမိုး ခေါ် ကိုဝေလင်း တို့ နှစ်ယောက် ပဲရှိ ပါတယ်၊
ငါး ။
တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ခုနှစ်၊ စက်တင်ဘာ ငွေစက္ကူအရေးအခင်း၊ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် မတ်လ အရေးအခင်း၊နဲ့ ဂျွန် လ အရေးအခင်း၊ တွေထဲ ပါဝင်ခဲ့တဲ့ အချိန် တွေကစပြီး ကျနော် အိမ် မှာ မနေရဲ တော့ပါ၊
ဒါပေမဲ့လဲ မတူညီ မှု တွေ က တော့ ရှိနေတာပါပဲ၊ တစ်ထောင့်ကိုးရာ့ရှစ်ဆယ့်ရှစ် အရေးတော်ပုံ ကြီး ရဲ့ အမြင့်မားဆုံး ကာလ မှာ နိုင်ငံတော် ဝန် ကြီးချုပ် ဟောင်း ဦးနု က စင်ပြိုင်အစိုးရ တည်ထောင်ပါတယ်၊ ကျနော် က အဲဒီ စင်ပြိုင်အစိုးရ ကို လက်တွေ့ အခြေအနေ အရ လိုအပ် တယ် လို့ ယုံကြည် ပြီး ပထမ ဆုံး ထောက်ခံ ခဲ့ပါတယ်၊ ဒါတင်မက စင်ပြိုင်အစိုးရ ကို အများက ထောက်ခံ ကြ အောင် လဲ စည်းရုံး ခဲ့ပါတယ်၊ ဒါကြောင့် လဲ ဘဘ ဦးနု က ကျနော့ ကို အစိုးရ အဖွဲ့ အတွင်းဝန် အဖြစ် တာဝန်ပေး ခန့်အပ်ပါတယ်၊ ဒါ ကို ဖေဖေ နဲ့ သူ့မိတ်ဆွေ ကြီးများ က သ ဘောမကျ ကြပါဖူး၊ အတိတ်ကာလ က အဖြစ်အပျက် တွေ အတွက် ဦးနု ဟာ သူ တို့ ထောက်ခံရ လက်တွဲရမဲ့ လူ မဟုက်ပါဖူး၊ ဒီ တော့ သူ တို့ထဲ က တစ် ယောက် လို့ သတ်မှတ် ထား တဲ့ ကျနော် က ဦးနု အနား မှာ ထောက်ခံနေတာ သူတို့ လက်မခံ နိုင်ပါဖူး၊
ဒီလိုနဲ့ သူ့မိတ်ဆွေ ကြီးများ ရဲ့ တာဝန်ပေးချက် အရ ကျနော် ပုန်းအောင်း ရာ နေရာ ကို ဖေဖေ တစ်ယောက် နေ ပူ ကြီးထဲ မှာ ထီးအနက်ကြီး ဆောင်း ပြီး မောကြီးပန်းကြီး ရောက်လာခဲ့ ပါတယ်၊ ကျနော့ ကို တွေ့တွေ့ ချင်း ဒေါသတကြီး နဲ့ ဦးနု ကို မထောက်ခံ ဖို့၊ ဦးနု ရဲ့ စင်ပြိုင်အစိုးရ က နှုပ်ထွက် ဖို့ ပြောပါတယ်၊ ကျနော် ကလဲ ကျနော့ ယုံကြည် မှု ကို ပြန်ပြီးရှင်းပြပါတယ်၊ နောက်ဆုံး ကျနော့ ကို ပြော မရတော့တဲ့ အဆုံး နေပူကြီး ထဲ မှာ ပဲ ဖေဖေ တစ်ယောက် ဒေါသတကြီး နဲ့ ထီးအနက်ကြီး ဆောင်းပြီး ထွက်ခွါ သွား တာ ကို ငေး ကြည့် ရင်း ကျနော် ကျန်ရစ် ခဲ့ရပါတယ် ၊
ခြောက် ။
အခု လဲ ကျနော် ကျန်ရစ်ခဲ့ ရပြန် ပါပြီ၊
ပြောမရ တဲ့ သား တစ်ယောက် ကို အပြစ် တွေ နဲ့ ချန် ထားခဲ့တာလား…..။။။။။။။။။.
အောင်ဒင်
မေလ ငါး ရက်၊ နှစ်ထောင့်ကိုး
Posted by Aung Din at 7:19 PM 6 comments
Labels: Note of Sorrow
Passing of My Father, U Kyaw Shein
May 2, 2009
On the day of the one year anniversary of the Cyclone Nargis,
He was not only my father, but also my mentor and my hero, who had fought for independence from the British and
Therefore,
he spent more times in Insein prison and Ye Kyi Aing interrogation center of the Military Intelligence than with family.
He taught me to stand for the truth and fight for the truth. He was the major driving force of me when I started to join in anti-government activities in 1980s. When I was in prison, he was detained twice, 14 days each, by military intelligence and interrogated for the letters that I smuggled out from the prison to my colleagues.
Now, he left us without seeing the freedom of his beloved country from the military dictatorship, which he lad longed and fought for.
I lost two of my family members in less than two years. My younger brother Taryar Min Wai passed away on
I appreciate my friends who are now around my mother, consoling her on my behalf, and helping her to make the funeral. All I can do is making good things more and more and sharing merits to my father and other unsung heroes, who sacrificed their lives for the people of Burma during the long and difficult journey to democracy. I believe my father will rest in peace.
I wish no one suffers such a tragedy anymore.
Aung Din
Posted by Aung Din at 7:16 PM 11 comments
Labels: Note of Sorrow