BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label Articles. Show all posts
Showing posts with label Articles. Show all posts

Monday, November 23, 2015

၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း (ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)


၂၀၁၅ ရွေးကောက်ပွဲရလဒ်ကို ကြိုတင်ခန့်မှန်းကြည့်ခြင်း

အောင်ဒင်
(ခေတ်ရနံ့မဂ္ဂဇင်း၊ နိုဝင်ဘာလ၊ ၂၀၁၅)

#ပါတီအင်အားနှိုင်းယှဉ်ချက်

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီးမှာ နိုင်ငံရေးပါတီ ၉၃ ခုမှ ကိုယ်စားလှယ်လောင်းများနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ စုစုပေါင်း ကိုယ်စားလှယ်ပေါင်း ၆၀၀၀ ကျော်တို့ဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၃၀ နေရာ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ နေရာနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၆၇၃ နေရာ၊ စုစုပေါင်း ၁၁၇၁ နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီအရေအတွက်က များလွန်းတယ်လို့ ထင်ရပေမယ့် ပါတီအသီးသီးက ယှဉ်ပြိုင်မယ့်ကိုယ်စားလှယ်လောင်းများရဲ့ အရေအတွက်နဲ့ မဲဆန္ဒနယ်အရေအတွက်ကို လေ့လာကြည့်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ယှဉ်ပြိုင်ကြမယ့် အဓိကပါတီကြီးနှစ်ခုပဲ ရှိတာတွေ့ရပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ပြည်ခိုင်ဖြိုး) က ကိုယ်စားလှယ်လောင်း ၁၁၃၄ ယောက်နဲ့ ထိပ်ဆုံးမှာရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒီချုပ်) က ကိုယ်စားလှယ်လောင်း ၁၁၃၀ နဲ့ ဒုတိယလိုက်ပါတယ်။ ဒီပါတီကြီး နှစ်ခုရဲ့နောက်မှာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) က ကိုယ်စားလှယ်လောင်း ၇၆၃ ဦးနဲ့ တတိယလိုက်ပြီး အမျိုးသားတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၃၅၄ဦး၊ အမျိုးသားဒီမိုကရေစီအင်အားစုက ကိုယ်စားလှယ်လောင်း ၂၇၄ ဦး၊ မြန်မာလယ်သမားများဖွံ့ဖြိုးတိုးတက်ရေးပါတီက ကိုယ်စားလှယ်လောင်း ၂၆၈ ဦးနဲ့ ခပ်လှမ်းလှမ်းက စတုတ္ထ၊ ပဉ္စမ၊ ဆဋ္ဌမ နေရာများမှာ ရှိနေကြပါတယ်။ တိုင်းရင်းသားပါတီများထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က  ကိုယ်စားလှယ်လောင်း ၂၁၁ ဦး၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က  ကိုယ်စားလှယ်လောင်း ၁၅၆ ဦး၊ ကရင်ပြည်သူ့ပါတီ (KPP) က  ကိုယ်စားလှယ်လောင်း ၁၂၂ ဦးရှိပြီး သတ္တမ၊ အဋ္ဌမ၊ နဝမ နေရာများမှာ ရှိပါတယ်။ ဒီပါတီကြီး ကိုးခုက လွဲရင် ကျန်တဲ့ပါတီများက  ကိုယ်စားလှယ်လောင်း အရေအတွက် ၁၀၀ အောက်မှာသာ ယှဉ်ပြိုင်နိုင်ကြပါတယ်။

နိုင်ငံလုံးဆိုင်ရာ အထွေထွေရွေးကောက်ပွဲဆိုတာ တစ်နိုင်ငံလုံးအနှံ့မှာ အင်တိုက်အားတိုက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီကြီးများရဲ့ နိုင်ငံရေးတိုက်ပွဲကြီးဖြစ်တာမို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အဓိကပါတီကြီးနှစ်ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ရဲ့ ပြိုင်ပွဲကြီးဖြစ်ပါတယ်။ ဒီပါတီကြီးနှစ်ခုကပဲ နိုင်ငံလုံးဆိုင်ရာ အာဏာများဖြစ်ကြတဲ့ နိုင်ငံတော်သမ္မတရာထူးနဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်များရဲ့ ဥက္ကဋ္ဌရာထူးများ ရရှိရေး အကြိတ်အနယ်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ 

ပါတီကြီးများက ပြည်ထောင်စုအစိုးရနဲ့ ပြည်ထောင်စုလွှတ်တော်အာဏာများ ရရှိရေးအတွက် ယှဉ်ပြိုင်ကြမှာဖြစ်သလို တိုင်းရင်းသားပါတီအများစုကလည်း သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်လွှတ်တော်ကို အင်အားအများစုနဲ့ ဦးဆောင်နိုင်ရေးအတွက် ရည်ရွယ်ယှဉ်ပြိုင်ကြမှာပါ။ ဒါပေမယ့်လည်း တိုင်းရင်းသားပါတီများရဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်နဲ့ မဲဆန္ဒနယ်မြေများကို လေ့လာကြည့်တဲ့အခါ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော်နေရာများအားလုံးကို ဝင်ရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီက စုစုပေါင်း ၉ ပါတီပဲရှိတာ တွေ့ရပါတယ်။

ချင်းပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနဲ့ ပြည်နယ်လွှတ်တော် ၁၈ နေရာ၊ စုစုပေါင်း ၃၉ နေရာရှိပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ (CNDP) က ချင်းပြည်နယ် တစ်ခုလုံးအပြင် အခြားဒေသအချို့အပါအဝင် စုစုပေါင်း ၅၇ နေရာ ယှဉ်ပြိုင်မှာဖြစ်ပြီး ချင်းဒီမိုကရေစီအဖွဲ့ချုပ် (CLD) က ချင်းပြည်နယ်အတွင်း ၂၉ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကရင်ပြည်နယ်မှာဆိုရင် ပြည်သူ့လွှတ်တော် ၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၇ နေရာ၊ စုစုပေါင်း ၃၆ နေရာရှိပါတယ်။ ကရင်ပြည်သူ့ပါတီက ကရင်ပြည်နယ် နေရာအားလုံးအပြင် အခြားဒေသများမှာပါ စုစုပေါင်း ၁၂၂ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီကလည်း ကရင်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၄၆ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ မွန်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၀ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၂၃ နေရာ၊ စုစုပေါင်း ၄၅ နေရာရှိပြီး မွန်အမျိုးသားပါတီ (MNP) က မွန်ပြည်နယ်အပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၃၅ နေရာ၊ စုစုပေါင်း ၆၄ နေရာရှိပြီး ရခိုင်အမျိုးသားပါတီ (ANP) က ၎င်းနေရာအားလုံးအပြင် အခြားဒေသအချို့မှာပါ စုစုပေါင်း ၇၈ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၅၅ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၁၁၇ နေရာ၊ စုစုပေါင်း ၁၈၄ နေရာရှိပြီး ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) က ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာပါ စုစုပေါင်း ၂၁၁ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။  ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကလည်း ရှမ်းပြည်နယ်နဲ့ အခြားဒေသအချို့မှာ စုစုပေါင်း ၁၅၆ နေရာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာဆိုရင်  ပြည်သူ့လွှတ်တော် ၁၈ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်နယ်လွှတ်တော် ၄၀ နေရာ၊ စုစုပေါင်း ၇၀ နေရာရှိပြီး ကချင်ပြည်နယ်ဒီမိုကရေစီပါတီ (KSDP) က ကချင်ပြည်နယ်အတွင်း စုစုပေါင်း ၅၅ နေရာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီ တိုင်းရင်းသားပါတီ ၉ ခုကလွဲရင် ကျန်တဲ့ တိုင်းရင်းသားပါတီများဟာ နေရာအနည်းငယ်မှာသာ ယှဉ်ပြိုင်နိုင်ကြမှာ ဖြစ်ပါတယ်။

အထက်ပါ ပါတီအင်အားနှိုင်းယှဉ်လေ့လာချက်များအရ ရွေးကောက်ပွဲဝင်မယ့် ပါတီပေါင်း ၉၀ ကျော်ထဲမှာ နိုင်ငံတစ်ဝှမ်းအတိုင်းအတာနဲ့ ယှဉ်ပြိုင်မယ့် ပြည်ထောင်စုအဆင့်ပါတီကြီး နှစ်ခုနဲ့ ပြည်နယ်အဆင့် အားကောင်းမောင်းသန်ယှဉ်ပြိုင်နိုင်မယ့် တိုင်းရင်းသားပါတီကြီး ၉ ခုသာ ရှိပြီး ရွေးကောက်ပွဲရဲ့ အနိုင်အရှုံးရလဒ်များဟာ ၎င်းပါတီ ၁၁ ခုရဲ့ စည်းရုံးလှုံ့ဆော်နိုင်စွမ်းများရဲ့ သက်ရောက်မှုပဲ ဖြစ်ပါလိမ့်မယ်။ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ် ပါတီကြီးနှစ်ခုရဲ့ ပြည်ထောင်စုအဆင့်အာဏာရရှိရေး ယှဉ်ပြိုင်ပွဲကြီးမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်အသီးသီးရဲ့ ကိုယ်စားလှယ်နေရာ ၂၅ ရာခိုင်နှုံးကို ပိုင်ဆိုင်ထားတဲ့ တပ်မတော်သားကိုယ်စားလှယ်များနဲ့ ရွေးကောက်ပွဲမှာ (အနည်းဆုံး ပြည်နယ်များမှာ) အရွေးခံရနိုင်တဲ့ တိုင်းရင်းသားပါတီများက အရေးပါတဲ့အခန်းကဏ္ဏမှာ တည်ရှိနေပါတယ်။ ဒီပါတီကြီး ၁၁ ခုရဲ့ စည်းရုံးလှုပ်ရှားပုံတွေကို ဒေသအလိုက် လေ့လာသုံးသပ်ပြီး ရွေးကောက်ပွဲရလဒ်ကို အောက်ပါအတိုင်း ပုံစံ (၄) မျိုး ခန့်မှန်းကြည့်မိပါတယ်။   

#ခန့်မှန်းချက် (၁)

ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာတော့ ဒီချုပ်က အခြားပါတီများထက်စာရင် နေရာအများစုရပေမယ့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိ၊ ဒုသမ္မတလောင်းတစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်မြှောက်နိုင်တဲ့ အထိတော့ အများစုနေရာမရပါ။ ဒါကြောင့်မို့ ဒီချုပ်က ပြည်သူ့လွှတ်တော်ကပဲ ဒုသမ္မတလောင်းတစ်ယောက်တည်း ရွေးချယ်တင်သွင်းနိင်ပါတယ်။

ပြည်ခိုင်ဖြိုးက အနိုင်ကြီးမနိုင်သလို အရှုံးကြီးလည်း မရှုံးပါ။ ဒါပေမည့် ဒုသမ္မတလောင်း တစ်ယောက်ကို လွတ်လွတ်ကျွတ်ကျွတ် ရွေးချယ်တင်မြှောက်နိုင်စွမ်းမရှိပဲ တပ်မတော်နဲ့ ညှိနှိုင်းပြီး တပ်မတော်အစုအဖွဲ့ကနေပဲ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ကို ပူးတွဲကိုယ်စားပြုမယ့် ဒုသမ္မတလောင်းတစ်ယောက်ကို ရွေးချယ်တင်သွင်းနိုင်ပါတယ်။ တပ်မတော်ကိုယ်စားလှယ်များအပြင် တိုင်းရင်းသားပါတီအချို့နဲ့ မဟာမိတ်ဖွဲ့ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရာထူးကို ရရှိပါတယ်။ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများက တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ကြပါတယ်။

သမ္မတရွေးကောက်ပွဲမှာတော့ တပ်မတော်အစုအဖွဲ့က တင်သွင်းတဲ့ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးကို ကိုယ်စားပြုသူ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က မဲအများဆုံးရလို့ သမ္မတအဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်က တင်သွင်းတဲ့ ဒီချုပ်ကိုယ်စားလှယ်နဲ့ အမျိုးသားလွှတ်တော်က တင်သွင်းတဲ့ တိုင်းရင်းသားခေါင်းဆောင်က ဒုသမ္မတများ ဖြစ်လာကြပါတယ်။ ပြည်ခိုင်ဖြိုးသမ္မတက ရွေးချယ်ခန့်အပ်လို့ တိုင်းဒေသကြီးနဲ့ ပြည်နယ်များရဲ့ ဝန်ကြီးချုပ်အများစုဟာ ပြည်ခိုင်ဖြိုးပါတီကပဲ ဖြစ်ပြီး ပြည်နယ်အချို့မှာတော့ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီခေါင်းဆောင်အချို့က ပြည်နယ်ဝန်ကြီးချုပ်များ ဖြစ်လာပါတယ်။
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များမှာတော့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းလွှတ်တော်များမှာ ဒီချုပ်က အင်အားအများစုနဲ့ ဦးဆောင်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက တပ်မတော်၊ တိုင်းရင်းသားမဟာမိတ်များရဲ့ ပူးပေါင်းမှုနဲ့ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်များ၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်လွှတ်တော်များကို ဦးဆောင်နိုင်ပါတယ်။ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်လွှတ်တော်များကိုတော့ သက်ဆိုင်ရာ တိုင်းရင်းသားပါတီများက ပါတီပေါင်းစုဖွဲ့ပြီး ဦးဆောင်နိုင်ကြပါတယ်။

#ခန့်မှန်းချက် (၂)

ဒီချုပ်က လွှတ်တော် နှစ်ရပ်စလုံးမှာ အင်အားအကြီးမားဆုံးပါတီ ဖြစ်လာပါတယ်။ ဒါပေမယ့် လွှတ်တော်ဥက္ကဋ္ဌများ၊ ဒုသမ္မတလောင်းများကို လွတ်လွတ်ကျွတ်ကျွတ်ရွေးချယ်တင်သွင်းနိုင်တဲ့ အထိတော့ အများစုနေရာမရပဲ လွှတ်တော်တွင်း အဓိက အတိုက်အခံပါတီသာ ဖြစ်လာပါတယ်။

ပြည်ခိုင်ဖြိုးက တပ်မတော်ကိုယ်စားလှယ်များ၊ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီများရဲ့ အထောက်အကူပြုမှုနဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ လူများစုပါတီဖြစ်လာပါတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို ပြည်ခိုင်ဖြိုးပါတီက ရွေးချယ်တင်မြှောက်နိုင်ပြီး ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ တိုင်းရင်းသားပါတီတစ်ခုရဲ့ ခေါင်းဆောင်က အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်တိုင်းရင်းသားပါတီများစုပေါင်းပြီး ပြည်သူ့လွှတ်တော်ကနေ ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို၊ အမျိုးသားလွှတ်တော်ကနေ ပြည်ခိုင်ဖြိုးရဲ့ မဟာမိတ်တိုင်းရင်းသားခေါင်းဆောင်တစ်ယောက်ကို၊  ဒုသမ္မတလောင်းများအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ သမ္မတရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်က သမ္မတဖြစ်လာပြီး အမျိုးသားလွှတ်တော်က တင်သွင်းသူ တိုင်းရင်းသားခေါင်းဆောင်နဲ့ တပ်မတော်မှ အမည်တင်သွင်းသူက ဒုသမ္မတများ ဖြစ်လာပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်များရွေးချယ်တင်မြှောက်မှုက အထက်ပါ ခန့်မှန်းချက် (၁) အတိုင်းဖြစ်ပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကလည်း ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။    

#ခန့်မှန်းချက် (၃)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က ပြည်သူ့လွှတ်တော်မှာ နေရာအများစုရပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီခေါင်းဆောင်တစ်ဦးကိုလည်း ဒုသမ္မတလောင်းအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ အမျိုးသားလွှတ်တော်မှာလည်း ဒီချုပ်က နေရာအများစုအနိုင်ရပေမယ့် ပြည်ခိုင်ဖြိုး၊ တပ်မတော်နဲ့ တိုင်းရင်းသားပါတီအချို့ပေါင်းစုပြီး တိုင်းရင်းသားပါတီခေါင်းဆောင်တစ်ယောက်ကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ပြည်ခိုင်ဖြိုးနဲ့ တိုင်းရင်းသားပါတီအချို့ ပူးပေါင်းပြီး ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ယောက်ကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီက လွှတ်တော်နှစ်ရပ်စလုံးမှာ အဓိကအတိုက်အခံပါတီ ဖြစ်လာပါတယ်။

သမ္မတရွေးကောက်ပွဲမှာ ဒီချုပ်ကိုယ်စားလှယ်က မဲအများဆုံးရပြီး သမ္မတဖြစ်လာပါတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်နဲ့ တပ်မတော်ကိုယ်စားလှယ်က ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများရဲ့ ဝန်ကြီးချုပ်များဟာလည်း ဒီချုပ်ပါတီကပဲ ဖြစ်ပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ခန့်မှန်းချက် (၄)

ဒီခန့်မှန်းချက်မှာတော့ ဒီချုပ်က လွှတ်တော်နှစ်ရပ်စလုံးမှာ နေရာအများစုနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ်၊ ဒီချုပ်ပါတီဝင် တိုင်းရင်းသားတစ်ဦးကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်နိုင်ပါတယ်။ ဒီချုပ်ပါတီဝင်နှစ်ယောက်ကို ဒုသမ္မတလောင်းများအဖြစ် ပြည်သူ့လွှတ်တော်အစုအဖွဲ့နဲ့ အမျိုးသားလွှတ်တော်အစုအဖွဲ့ကနေ ရွေးချယ်တင်သွင်းနိုင်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီကတော့ အဓိကအတိုက်အခံပါတီ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲအတွက် ဒီချုပ်ကိုယ်စားလှယ်နှစ်ဦးနဲ့ တပ်မတော်မှ အမည်တင်သွင်းသူတစ်ဦးတို့ ယှဉ်ပြိုင်ရာမှာ ဒီချုပ်ကိုယ်စားလှယ်တစ်ဦးက သမ္မတအဖြစ် ရွေးချယ်ခံရပြီး ကျန်နှစ်ဦးက ဒုသမ္မတများ ဖြစ်လာပါတယ်။ ဒီချုပ်သမ္မတက ရွေးချယ်ခန့်အပ်တဲ့ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်များကလည်း ဒီချုပ်ပါတီဝင်များပဲ ဖြစ်ကြပါတယ်။ တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်များရဲ့ ဦးဆောင်မှုကတော့ ခန့်မှန်းချက် (၁) အတိုင်းပဲ ဖြစ်ပါတယ်။

#ဖြစ်နိုင်ချေ အနိမ့်အမြင့် နှင့် အဆုံးအဖြတ်မဲများ

အထက်ပါ ခန့်မှန်းချက် (၄) ခုဟာ စာရေးသူရဲ့ ကိုယ်ပိုင်ခန့်မှန်းချက်များသာ ဖြစ်ပါတယ်။ ဒီခန့်မှန်းချက်တွေကို ထပ်မံခွဲခြားရရင် ခန့်မှန်းချက် (၁) ကို ဖြစ်နိုင်ချေ အများဆုံးနဲ့ နံပါတ်စဉ်အတိုင်း ခန့်မှန်းချက် (၄) ကို ဖြစ်နိုင်ချေအနည်းဆုံးလို့ သတ်မှတ်ပါတယ်။ လွဲမှားခဲ့ရင်လည်း စာရေးသူရဲ့ တာဝန်သာဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီမိုကရက်တစ်ပါတီနဲ့ ရီပတ်ဘလီကင်ပါတီ ဆိုပြီး နိုင်ငံရေးပါတီကြီး နှစ်ခုသာရှိပြီး အဲဒီ ပါတီနှစ်ခုရဲ့ ပါတီဝင်အင်အားက အတူတူလောက်စီ ရှိကြပါတယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲတွေမှာ အနိုင်အရှုံးကို မဲဆန္ဒရှင်အားလုံးရဲ့ ၅ ရာခိုင်နှုံးလောက်သာရှိတဲ့၊ ဘယ်ပါတီဝင်မှ မဟုတ်တဲ့ မဲဆန္ဒရှင်များက အဆုံးအဖြတ်ပေးကြတာပါ။ အဲဒီ ဘယ်ပါတီမှ မဝင်တဲ့၊ ဘယ်ပါတီအတွက်မှ စည်းရုံးလှုပ်ရှားတာမလုပ်တဲ့ မဲဆန္ဒရှင်များကို ခန့်မှန်းရခက်သည့် အဆုံးအဖြတ်မဲများ (Swing Votes) လို့ ခေါ်ကြပါတယ်။ မြန်မာနိုင်ငံမှာလည်း အဲဒီလို ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေပြီး အခြေအနေကို စောင့်ကြည့်သုံးသပ်နေတဲ့ မဲဆန္ဒရှင်တွေ အများကြီးရှိကြပါတယ်။ ကျနော်နားလည်မိသလောက် မြန်မာနိုင်ငံက ဘယ်ပါတီဘက်ကမှ မရပ်တည်ပဲ လွတ်လပ်စွာရပ်တည်တဲ့၊ ခန့်မှန်းရခက်တဲ့ မဲဆန္ဒရှင်များ (Swing Votes) က နိုင်ငံတဝှမ်း မဲပေးနိုင်သူအားလုံးရဲ့ ၃၀ ရာခိုင်နှုံးလောက်ရှိမယ်ထင်ပါတယ်။ အမေရိကန်ပြည်ထောင်စုက Swing Votes များထက် အများကြီး ပိုများပါတယ်။ သူတို့တွေကို ပါတီအလံများ၊ ပါတီနဖူးစည်းများ၊ ပါတီဝတ်စုံများနဲ့ ပါတီတစ်ခုခုအတွက် မဲဆွယ်စည်းရုံးနေတဲ့အထဲမှာ တွေ့ရမှာ မဟုတ်ပါ။ သူတို့ရဲ့ ဆန္ဒကို ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာမှပဲ သူတို့နှစ်သက်တဲ့ ကိုယ်စားလှယ်လောင်းကို၊ သူတို့နှစ်သက်တဲ့ ပါတီကို လွတ်လပ်စွာ ဆန္ဒမဲပေးခြင်းဖြင့် ဖြစ်စေ၊ ဒါမှမဟုတ် ဆန္ဒမဲ လုံးဝမပေးခြင်းဖြင့် ဖြစ်စေ ဖော်ထုတ်ပြသပါလိမ့်မယ်။ သူတို့ကပဲ မြန်မာနိုင်ငံရဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ဆုံးဖြတ်ပေးလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။

(အောက်တိုဘာလ ၂၀ ရက်၊ ၂၀၁၅)

Sunday, August 4, 2013

Maung Maung Gyi (or) The One Who Passed away Untimely


(ဒီဓာတ်ပုံကို http://www.mgntoday.com/ ကယူပါတယ်၊ ခွင့်ပြုချက်မတောင်းနိုင်ခဲ့ပါ၊ မောင်မောင်ကြီးငယ်စဉ် ကျောင်းသားတပ်မတော်ထဲရှိစဉ် ၁၉၉၀ ခုနှစ်များကပုံ ဖြစ်ပါလိမ့်မယ်၊)

မောင်မောင်ကြီး သို့မဟုတ် အကြွေစောတဲ့ သူငယ်ချင်းတစ်ဦး

အောင်ဒင်


(၂၀၁၃ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင်ကျရောက်သည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး ၂၅ နှစ်ပြည့်သို့ ဦးညွတ်ဂုဏ်ပြုခြင်း၊)
 
မောင်မောင်ကြီး ကွယ်လွန်ခြင်း


၂၀၁၃ ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာ မောင်မောင်ကြီးလို့အမည်ရတဲ့ လူတစ်ဦး ကွယ်လွန်သွားခဲ့ပါတယ်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့ ဆေးရုံကြီးမှာ အသည်းရောဂါနဲ့ ကွယ်လွန်သွားပါတယ်၊ ကွယ်လွန်ချိန်မှာ အသက် ၅၁နှစ်ပဲရှိပါသေးတယ်၊ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပေမည့် မြန်မာနိုင်ငံပြင်ပမှာ ကွယ်လွန်ရတာပါ၊ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးမှာ တစ်တပ်တစ်အားပါဝင်ခဲ့သူတစ်ယောက်ဖြစ်ပေမည့် ဒီကနေ့မြင်တွေ့နေရတဲ့ အပြောင်းအလဲတွေကို ကိုယ်တိုင်ကိုယ်ကျ ခံစားနိုင်ခွင့်မရှိတော့ပါဘူး၊ နံမည်ကျော် ထင်ရှားသူတစ်ယောက်မဟုတ်တဲ့အတွက် "ဝမ်းနည်းကြေကွဲကြောင်း" မှတ်တမ်းလွှာတွေ သတင်းစာတွေမှာ မြင်တွေ့ရမှာမဟုတ်ပါ၊ သာမာန်လူတစ်ယောက်အဖြစ် ရိုးရိုးရှင်းရှင်းရပ်တည်ခဲ့ပြီး သူ့ဘဝတစ်ခုလုံးကို တိုင်းပြည်နဲ့လူမျိုးအတွက်ပေးဆပ်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်အကြောင်းကို ဒီစာစုနဲ့ မှတ်တမ်းတင်ချင်ပါတယ်၊

မောင်မောင်ကြီးက ကျနော့်ထက် အသက် တစ်လခွဲပဲ ပိုကြီးပါတယ်၊ ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်၊ ကံဘဲ့မှာနေခဲ့ပါတယ်၊ ရန်ကင်း အလက (၃) မှာ ရှစ်တန်းအထိကျောင်းတက်ခဲ့ပြီး ရန်ကင်း အထက (၂) မှာ ၁၉၇၈၊ ၁၉၇၉ ခုနှစ်တွေမှာ ကိုးတန်း၊ ဆယ်တန်း တက်ခဲ့ပါတယ်၊ ရန်ကင်း အထက (၂) မှာ ကျနော်တို့ သူငယ်ချင်းဖြစ်ခဲ့ကြတာပါ၊ မောင်မောင်ကြီးက ဆယ်တန်းကို အကြိမ်ကြိမ်ဖြေခဲ့ရလို့ တက္ကသိုလ်ရောက်တာနောက်ကျပါတယ်၊ မြန်မာ့ရေနံကော်ပိုရေးရှင်းမှာ လုပ်ငန်းခွင်ဝင်နေရပြီမို့ တက္ကသိုလ်တက်တော့လဲ နေ့ကျောင်းမတက်နိုင်ပဲ လုပ်သားကောလိပ်မှာ သမိုင်းဘာသာ အဓိကနဲ့ ညပိုင်းကျောင်းတက်ခဲ့ရပါတယ်၊ ၁၉၈၈ခုနှစ် ဒီမိုကရေစီရေး လူထုအရေးတော်ပုံကြီးမှာလဲ တက်တက်ကြွကြွပါဝင်ခဲ့ပြီး လုပ်သားများကောလိပ်ကျောင်းသားသမဂ္ဂရဲ့ အမှုဆောင်တစ်ယောက်ဖြစ်ခဲ့ပါတယ်၊

၁၉၈၈ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကျောင်းသား၊ လူငယ်အများအပြား နယ်စပ်ဒေသသို့ ထွက်ခွါခဲ့ကြရာမှာ မောင်မောင်ကြီးလဲ ပါဝင်ခဲ့ပါတယ်၊ ကျောင်းသားတပ်မတော်လို့ လူသိများတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) တည်ထောင်ဖွဲ့စည်းရာမှာ ပါဝင်ခဲ့ပြီး တာဝန်အဆင့်ဆင့်ထမ်းဆောင်ခဲ့ပါတယ်၊ မွန်ပြည်နယ် ဘုရားသုံးဆူဒေသအခြေစိုက် မကဒတတပ်ရင်း ၁၀၂ မှာ တပ်ရင်းစည်းရုံးရေးကော်မီတီဝင်၊ စခန်းကော်မီတီ အတွင်းရေးမှူး (၂)၊ တပ်ရင်းမှူး၊ စခန်းကော်မီတီ ဒုတိယ ဥက္ကဋ္ဌ၊ နယ်မြေကော်မီတီအတွင်းရေးမှူး စတဲ့တာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်၊ မကဒတ ဒုတိယအကြိမ် ညီလာခံကနေ ဗဟိုကော်မီတီဝင်အဖြစ် ရွေးကောက်တင်မြှောက်ခံပြီး ဗဟိုလုပ်ငန်းစစ်ဆေးရေးဋ္ဌာန အတွင်းရေးမှူးတာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၉၁ ခုနှစ်မှာကျင်းပတဲ့ မကဒတ တတိယအကြိမ်ညီလာခံအပြီးမှာ မကဒတ နှစ်ဖွဲ့ကွဲသွားပြီး ဒေါက်တာနိုင်အောင် ခေါင်းဆောင်တဲ့ မကဒတမှာ မောင်မောင်ကြီးဟာ စစ်ရုံးချုပ်၊ ရုံးအုပ်ကြီး တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ၁၉၉၁ ကနေ ၁၉၉၆ခုနှစ်အထိ ကျောင်းသားတပ်မတော် နှစ်ခြမ်းကွဲကာလ တစ်လျှောက်လုံး မောင်မောင်ကြီးဟာ ဒေါက်တာနိုင်အောင်အုပ်စုမှာ ပါဝင်ခဲ့ပါတယ်၊ ၁၉၉၆ခုနှစ် စက်တင်ဘာလမှာ မကဒတ နှစ်ဖွဲ့ပြန်လည်ပေါင်းစည်းပြီးတဲ့ နောက် ဗဟိုကော်မီတီဝင်၊ ဋ္ဌာနချုပ်ရုံးတာဝန်ခံအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊ ၂၀၀၀ ခုနှစ်မှာ မကဒတခေါင်းဆောင်အချို့ လက်နက်ကိုင်တော်လှန်ရေးမှ အနားယူပြီး သီးခြားနိုင်ငံရေးအဖွဲ့အစည်းများတည်ထောင်ကြတဲ့အခါ မောင်မောင်ကြီးဟာ ဒေါက်တာနိုင်အောင်နဲ့အတူ ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု (Network for Democracy and Development/NDD) ကို တည်ထောင်သူတစ်ဦးဖြစ်ခဲ့ပြီး ဗဟိုဦးဆောင်ကော်မီတီဝင်အဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်၊

စိန့်မိုက်ကယ်စာသင်နှစ်များ                                                                                                                                                                                                                                                                               
ကျနော်နဲ့ မောင်မောင်ကြီး စတင်ရင်းနှီးခဲ့ရတာက မိုးကောင်းဘုရားကြီးအနီးက ရန်ကင်းအထက (၂) မှာပါ၊ ရန်ကင်း အထက (၂) ကို ပြည်သူပိုင်မသိမ်းခင်က ခရစ်ယန်ကျောင်းနံမည်အတိုင်း စိန့်မိုက်ကယ်လို့လဲခေါ်ပါတယ်၊ ကျနော်က စိန့်မိုက်ကယ်ကို ၁၉၇၅ခုနှစ်မှာ ဆဋ္ဌမတန်းကနေ ၁၉၇၉ခုနှစ် ဆယ်တန်းအထိ ကျောင်းတက်ခဲ့ပါတယ်၊ မောင်မောင်ကြီးက ကျနော်တို့ကျောင်းကို ၁၉၇၈ခုနှစ်မှာ ကိုးတန်းကစပြီး ရောက်ရှိလာတာပါ၊ ကိုးတန်းမှာ ကျနော်က တန်းခွဲ (က) မှာ၊ သူက တန်းခွဲ (ခ) မှာပါ၊ ဆယ်တန်းစာသင်နှစ်မှာလည်း သူကတန်းခွဲ (ခ) မှာပဲ ဆက်ရှိခဲ့ပါတယ်၊ ဒါပေမည့် အခန်းနှစ်ခုက ကပ်လျက်တည်ရှိတာမို့ နေ့တိုင်းတွေ့မြင်နေကြတာပါ၊

ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်အနေနဲ့ ကံဘဲ့ ဈေးအနီးက သူ့အိမ်ကိုလဲ ကျနော်ရောက်ဖူးပါတယ်၊ ဆင်းရဲနွမ်းပါးတဲ့ မိသားစုပါ၊ ချို့ချို့တဲ့တဲ့ ရပ်တည်နေကြရတဲ့အထဲ မောင်မောင်ကြီးက သားသမီး ရှစ်ယောက်မှာ အကြီးဆုံးဖြစ်နေပါသေးတယ်၊ ဆင်းရဲတဲ့ မိသားစုက အကြီးဆုံး သားတစ်ယောက်ရဲ့ လူပျိုပေါက်အရွယ်ကာလဟာ အင်မတန်ကြမ်းတမ်းမယ်ဆိုတာ အားလုံးပဲ နားလည်နိုင်ကြမှာပါ၊ ရွယ်တူတန်းတူတွေကြားမှာ သပ်သပ်ရပ်ရပ်မဝတ်နိုင်၊ မုန့်ဖိုးမရှိလို့ ကျောင်းဈေးဆိုင်တန်းမှာ မုန့်ဝယ်မစားနိုင်၊ မုန့်စားဆင်းချိန်မှာ သူများတွေ ကျောင်းဈေးတန်းမှာ မုန့်ဝယ်စားနေချိန်မှာ ဈေးဆိုင်တန်းနဲ့ ခပ်လှမ်းလှမ်းမှာ တစ်ယောက်တည်းကြေကွဲနေရတာမျိုးပါ၊ ဆရာမက စာအုပ်ဖိုးတောင်းရင်၊ သန့်ရှင်းရေးကြေးတောင်းရင်၊ ကျောင်းလခတောင်းရင်လဲ နောက်ဆုံးအချိန်မှပဲ ပေးနိုင်ခဲ့သူပါ၊ ဒါပေမည့် ကျနော်အံ့ဩရတာက မောင်မောင်ကြီးဟာ ဒီလို ဘဝအခြေအနေမျိုးအတွက် စိတ်ဓာတ်ကျဝမ်းနည်းနေတတ်သူ မဟုတ်ပါ၊

မောင်မောင်ကြီး နဲ့အတူ ကျနော်သတိရမိတာက အောင်မြင့်လို့ခေါ်တဲ့ သူငယ်ချင်းတစ်ယောက်ပါ၊ မောင်မောင်ကြီးနဲ့လဲ ရင်းနှီးပါတယ်၊ အောင်မြင့်ကို အဘိုးကြီးလို့လည်း ခေါ်ကြပြီး ကျောက်ကုန်း အောင်ဇေယျလမ်းမှာနေပါတယ်၊ အောင်မြင့်နဲ့ ကျနော်က စိန့်မိုက်ကယ်ကျောင်းမှာ ၁၉၇၅ခုနှစ် ဆဋ္ဌမတန်းကနေ ၁၉၇၉ ခုနှစ် ဒဿမတန်းအထိ အတန်းတူ၊ တန်းခွဲတူ ကျောင်းတက်ခဲ့ကြတာပါ၊ မောင်မောင်ကြီး၊ အောင်မြင့် နဲ့ ကျနော်တို့ မှာတူညီတာက ဆင်းရဲနွမ်းပါးတဲ့ မိသားစုများကနေ မွေးဖွားလာခဲ့ပြီး ချို့ချို့ငဲ့ငဲ့နဲ့ ကျောင်းတက်နေကြရတာပါ၊ 

မတူတာကတော့ ကျနော်က သိမ်ငယ်စိတ်နဲ့ တိတ်တိတ်ဆိတ်ဆိတ်နေတတ်သလောက် မောင်မောင်ကြီးနဲ့ အောင်မြင့် နှစ်ယောက်စလုံးက အင်မတန် တက်ကြွ၊ ဖျတ်လတ်၊ ရဲရင့်ကြတာပါ၊ သူတို့မိသားစုတွေရဲ့ ဆင်းရဲနွမ်းပါးမှုက သူတို့ရဲ့ စိတ်ဓာတ်တွေကို မညှိုးနွမ်းစေခဲ့ပါ၊ ကျနော်က အတန်းထဲမှာ လူတောမတိုး၊ လူရာမဝင်ပဲ တိတ်တိတ်ဆိတ်ဆိတ်နေလွန်းလို့ ဆရာမတွေက "သီလဝ" လို့ နောက်ပြောင်အခေါ်ခံရပါတယ်၊ မောင်မောင်ကြီးနဲ့ အောင်မြင့်ကတော့ ဆရာ၊ဆရာမများရဲ့ လက်စွဲတော်၊ အတန်းခေါင်းဆောင်၊ အသင်းခေါင်းဆောင် စသဖြင့် ကျောင်းရဲ့အရေးအရာကိစ္စတွေမှာ ရှေ့ဆုံးကပါဝင်ကြတာပါ၊ နှစ်ယောက်စလုံးက အများအကျိုးဆောင်ရွက်ရာမှာလဲ ရှေ့ဆုံးကဖြစ်ကြပြီး မောင်မောင်ကြီးက ကျောင်းရဲ့ ကြက်ခြေနီခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်၊ လမ်းစဉ်လူငယ်ဖွဲ့စည်းတော့လည်း ရှေ့ဆုံးကပါဝင်ပြီး သင်တန်းတွေ အဆင့်ဆင့်တက်ခဲ့ကြသူတွေပါ၊

၁၉၇၉ခုနှစ် ဆယ်တန်းပြီးတဲ့နောက် ကျနော်တို့ အသီးသီးလမ်းခွဲခဲ့ကြပါတယ်၊ မောင်မောင်ကြီးက ဆယ်တန်းကျပြီး ကျောင်းမှာပဲ ကျန်ခဲ့ပါတယ်၊ အောင်မြင့်နဲ့ ကျနော်က ဆယ်တန်းကို နှစ်ချင်းပေါက်အောင်ခဲ့ကြပေမည့် အောင်မြင့်က တက္ကသိုလ်ဆက်မတက်ပဲ အလုပ်သင်ဗိုလ်ဝင်ခွင့် စာမေးပွဲ ဝင်ရောက် ဖြေဆိုအောင်မြင်ပြီး စစ်တပ်ထဲရောက်သွားပါတယ်၊ မောင်မောင်ကြီးကတော့ ဇွဲရှိရှိနဲ့ ဆယ်တန်းကို အကြိမ်ကြိမ်ဖြေဆိုရင်း မိသားစုကိုကူညီနိုင်ဖို့ လုပ်ငန်းခွင်ထဲလည်း ဝင်ရောက်ခဲ့ရပါတယ်၊ ၁၉၇၉ခုနှစ်ကနေ ၃၄နှစ်အကြာ ၂၀၁၃ခုနှစ်မှာ နိုင်ငံရဲ့ပြင်ပမှာကျောင်းသားတပ်မတော်ခေါင်းဆောင်ဟောင်းတစ်ယောက်၊ဒီမိုကရေစီရေးလှုပ်ရှားသူတစ်ယောက်
အနေနဲ့ မောင်မောင်ကြီးကွယ်လွန်တဲ့အချိန်မှာ အောင်မြင့်က မြန်မာ့တပ်မတော်မှာ ဗိုလ်မှူးကြီးတစ်ယောက် ဖြစ်နေပါပြီ၊

ပြန်လည်ဆုံတွေ့ကြတဲ့အခါ

မောင်မောင်ကြီးကို ကျနော်ပြန်ဆုံတွေ့ရတာက ၂၀၀၅ခုနှစ်မှာပါ၊ ကျနော်ဟာ မကဒတ ခေါင်းဆောင်အများစုနဲ့အတော်ရင်းနှီးသူပါ၊ ဒါပေမည့် မောင်မောင်ကြီး မကဒတမှာရှိမှန်း မသိခဲ့ပါ၊ ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကာလမှာလည်း ဗကသများအဖွဲ့ချုပ် ခေါင်းဆောင်တစ်ယောက်အနေနဲ့ လုပ်သားများကောလိပ်ကျောင်းသားသမဂ္ဂက ခေါင်းဆောင်တွေနဲ့ ရင်းနှီးဆက်ဆံခဲ့ပေမည့် အဲဒီသမဂ္ဂမှာ မောင်မောင်ကြီးပါဝင်တယ် ဆိုတာမသိခဲ့ပါ၊ ၂၀၀၀ခုနှစ်မှာ မကဒတ ခေါင်းဆောင်အချို့ လက်နက်ကိုင်တော်လှန်ရေးက အနားယူပြီး ကိုမိုးသီးဇွန်၊ ကိုအောင်သူငြိမ်း၊ ကိုဝင်းနိုင်ဦး စတဲ့ ခေါင်းဆောင်တွေက လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကူးပြောင်းရောက်ရှိ၊ ဒေါက်တာနိုင်အောင်၊ ကိုကျော်ကျော်နဲ့ ခေါင်းဆောင်အချို့က ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစုကို တည်ထောင်ကြတဲ့အခါ ဒေါက်တာနိုင်အောင်ရဲ့ အုပ်စုထဲမှာ မောင်မောင်ကြီး အမည်ပါဝင်တာ သတိထားမိပေမည့် ကျနော့်သူငယ်ချင်းမောင်မောင်ကြီးလို့ မသိခဲ့ပါ၊ ၁၉၉၉ နှစ်ကုန်နဲ့ ၂၀၀၀ ခုနှစ်အတွင်း မဲဆောက်မှာ ၆လကျော်နေခဲ့ဘူးပါတယ်၊ အဲဒီတုံးကလည်း မဲဆောက်မှာ မောင်မောင်ကြီးရှိမှန်း မသိခဲ့ပါ၊၂၀၀၅ ခုနှစ်မှာ မဲဆောက်မြို့ကလေးကို ထပ်မံရောက်ရှိတော့မှပဲ မောင်မောင်ကြီးကို ပြန်လည်ဆုံတွေ့ရပါတော့တယ်၊

၂၀၀၅ခုနှစ် ဇန်နဝါရီလဆန်းမှာ မဲဆောက်မြို့ကိုရောက်ပါတယ်၊ ကျနော်ရောက်တဲ့နေ့မှာပဲ ဆရာမစင်သီယာမောင် တည်ထောင်ထားတဲ့ စာသင်ကျောင်းမှာ အခန်းအနားတစ်ခုကျင်းပတာမို့ သွားပြီးတက်ရောက်ခဲ့ပါတယ်၊ ကျနော်ရောက်တော့အခန်းအနားစလုနီးပြီမို့ နောက်ပိုင်းက ထိုင်ခုံတစ်ခုမှာ နေရာယူပါတယ်၊ ရှေ့က စင်မြင့်ကိုကြည့်ရင်း အခန်းအနားမှူးလုပ်နေတဲ့ အသက်ကြီးကြီး၊အသားမည်းမည်း၊ အရပ်မြင့်မြင့်၊ ဝဝဖိုင့်ဖိုင့် လူကို မြင်ဘူးသလိုရှိလို့ ဂရုစိုက်ကြည့်မိပါတယ်၊ ဘေးမှာပါလာတဲ့ ကိုဘိုကြည်က အဲဒါ ဦးမောင်မောင်ကြီးလို့ ပြောပါတယ်၊ ကျနော် ဇဝေဇဝါဖြစ်ပြီး အသေအချာကြည့်ပါတယ်၊ အဲဒီမှာပဲ အခန်းအနားမှူးက မဆလအခန်းအနားပုံစံအတိုင်း "အစည်းအဝေးစတင်တော့မှာမို့ သဘာပတိကြီးများ စင်မြင့်ပေါ်မှာနေရာယူဖို့နဲ့ ပရိသတ်များက စင်မြင့်ပေါ်မှာ သဘာပတိကြီးများ နေရာယူချိန်မှာ မတ်တပ်ရပ်ပြီး အရိုအသေပေးကြဖို့" ပြောလိုက်တာနဲ့ ဒါ ငါ့သူငယ်ချင်း မောင်မောင်ကြီးပဲလို့ မှတ်မိလိုက်ပါတယ်၊ တော်လှန်ရေးသမားပါ၊ ဒါပေမည့် အကျင့်တွေက သိပ်မပျောက်သေးတော့ ကျနော်တို့မှာ လွတ်မြောက်နယ်မြေဆိုတဲ့နေရာမှာ အခန်းအနားမှူး မောင်မောင်ကြီးရဲ့အမိန့်အတိုင်း သဘာပတိကြီးများစင်ပေါ်တက်ရင် မတ်တပ်ရပ်ပေးရ၊ စင်ပေါ်ကဆင်းရင်လည်းမတ်တပ်ရပ်ပေးရနဲ့ အတော်အလုပ်ရှုပ်ခဲ့ရပါတယ်၊

အခန်းအနားပြီးလို့ ကျနော်သူ့ကို သွားနှုတ်ဆက်တဲ့အခါ သူကလည်း ချက်ချင်းပဲ ကျနော့်ကို မှတ်မိပြီး ဝမ်းသာကြည်နူးကြရပါတယ်၊ ရီစရာကောင်းတာက သူကလည်း ၁၉၈၈ခုနှစ် လူထုအရေးတော်ပုံကာလမှာ ဗကသများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (၂) တာဝန်ယူခဲ့ပြီး အဲဒီအချိန်မှာ ဝါရှင်တန်ဒီစီအခြေစိုက် အမေရိကန်ပြည်ထောင်စု မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ (U.S. Campaign for Burma/USCB) ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူးတာဝန်ထမ်းဆောင်နေတဲ့ အောင်ဒင် ကို သိဖူး၊ ကြားဖူးပေမည့် အောင်ဒင်ဟာ သူ့ရဲ့ စိန့်မိုက်ကယ်က ကျောင်းနေဘက်ငယ်သူငယ်ချင်းဆိုတာကို မသိခဲ့ပါဘူး၊ ကျနော် မဲဆောက်မှာ နေတဲ့ရက်တွေအတွင်း ကျနော်တို့မကြာခဏတွေ့ကြပါတယ်၊ စကားတွေအများကြီးပြောဖြစ်ကြပါတယ်၊ သူ့ဇနီး နော်လေးဒီ နဲ့လည်း ကျနော့်ကို မိတ်ဆက်ပေးပါတယ်၊ နော်လေးဒီ ကိုကျနော်က အရင်ကတည်းက သိပါတယ်၊ ၂၀၀၄ ခုနှစ်အတွင်းမှာ ထိုင်း-မြန်မာနယ်စပ်က အမျိုးသမီးခေါင်းဆောင်တွေ အမေရိကန်ပြည်ထောင်စုကို လာကြတော့ ကျနော်တို့အဖွဲ့က သူတို့အတွက် ကွန်ဂရက်လွှတ်တော်နဲ့ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ အစည်းအဝေးတွေကို စီစဉ်ပေးရတာပါ၊ အဲဒီတုံးကလည်း နော်လေးဒီနဲ့ မောင်မောင်ကြီးကို ဆက်စပ်ပြီး မသိခဲ့ပါ၊

၂၀၀၅ခုနှစ်မှာ ကျနော်တို့ ပြန်ဆုံကြတော့ နှစ်ယောက်စလုံး အသက် ၄၂ နှစ်ပါ၊ ဒါပေမည့် မောင်မောင်ကြီးက အသက် ၅၀ကျော်လို့ ထင်ရလောက်အောင် အိုစာနေပါပြီ၊ မဲဆောက်မြို့မှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းက သူ့ကို ဦးမောင်မောင်ကြီးလို့ လေးလေးစားစားခေါ်ဝေါ်ကြပါတယ်၊ မောင်မောင်ကြီးက မဲဆောက်နိုင်ငံရေးအသိုင်းအဝိုင်းမှာ အင်မတန်ထင်ရှားသူပါ၊ ကရင့်အမျိုးသားအစည်းအရုံး ခေါင်းဆောင်များအပါအဝင် တိုင်းရင်းသားခေါင်းဆောင်များ၊ ဒေါက်တာစင်သီယာမောင်အပါအဝင် မယ်တော်ဆေးခန်းမှ ကျန်းမာရေးလုပ်သားများ၊ မဲဆောက်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းများ အားလုံးက သူ့ကို လေးစားခင်မင်ကြပါတယ်၊ မဲဆောက်မြို့မှာအခြေစိုက်ပြီး ပြုလုပ်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးသင်တန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးသင်တန်းတွေမှာ သူက မပါမဖြစ်တဲ့ သင်တန်းဆရာပါ၊ မြန်မာအလုပ်သမားများရဲ့ သားသမီးများအတွက် စာသင်ကျောင်းတွေ ထူထောင်ရာမှာလည်း သူရှေ့ဆုံးက ဦးဆောင်ခဲ့ပါတယ်၊ ကလေးများအတွက်ဖွဲ့စည်းတဲ့ ကလေးသူငယ်များ ဖွံ့ဖြိုးတိုးတက်မှုဗဟိုဋ္ဌာနမှာ သူက ဒုတိယ ဥက္ကဋ္ဌပါ၊ ကလေးအခွင့်အရေးကာကွယ်စောင့်ရှောက်မှုကော်မီတီမှာလည်း သူက တွဲဘက်အတွင်းရေးမှူးပါ၊ ကျနော်က သူ့ကို နံမယ်ရင်းခေါ်ပြီး "မင်း၊ ငါ" နဲ့ပြောတော့ အခြားလူတွေ အံ့ဩကြပါတယ်၊



စကားတွေပြောရင်းနဲ့ သူ့ရဲ့ ဖြတ်သန်းမှုတွေကို ကြားသိရတော့ အခုလို အိုမင်းတဲ့ ရုပ်ပေါက်နေတာ အံ့ဩစရာမရှိတော့ပါ၊ ကျောင်းသားတပ်မတော်ထဲမှာ ၁၂နှစ်ကျော် ပါဝင်လှုပ်ရှားခဲ့ရတယ်ဆိုတာ တစ်ကယ့်ခရီးကြမ်းကြီးပါ၊ တောထဲ၊ တောင်ထဲမှာ လက်နက် ရိက္ခာမလုံမလောက်နဲ့ သူတင်ကိုယ်တင် စစ်ပွဲတွေ ဆင်နွှဲခဲ့ရတာ၊ ရန်သူ့ကျည်ဆံနဲ့ မြေမြုတ်မိုင်းတွေကို ကြောက်ရသလို ငှက်ဖျားပိုးကလည်း ကြမ်းတမ်းရက်စက်တာ၊ အဖွဲ့အတွင်းက အုပ်စုဖွဲ့ပဋိပက္ခတွေ၊ ရန်လိုယှဉ်ပြိုင်မှုတွေ၊ မဟာဗမာဝါဒမုန်းတီးဆန့်ကျင်ရေးကို ရှေ့တန်းတင်ထားဆဲဖြစ်တဲ့ ရှေးရိုးစွဲတိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ အကြောက်တရားနဲ့ စည်းရုံးတည်ဆောက်ရတာတွေ၊ ဒီ ဆယ့်နှစ်နှစ်တာ ခရီးကြမ်းကြီးက သူ့ရုပ်ရည်ကို အသက်ထက်ပိုပြီးကြီးရင့်စေခဲ့တာပါ၊ စကားတွေပြောရင်း စိန့်မိုက်ကယ်က သူငယ်ချင်းတွေအကြောင်း ပြောဖြစ်ကြတဲ့အခါ အောင်မြင့်အကြောင်းလဲ ပြောဖြစ်ကြပါတယ်၊ ကျနော်က စပ်စပ်စုစုမေးမိပါတယ်၊ "မင်းတို့ တိုက်ပွဲတွေဖြစ်တော့ အောင်မြင့်ပါတဲ့တပ်နဲ့ရော တွေ့သေး၊ တိုက်သေးသလား" လို့ မေးမိတော့ သူက များသောအားဖြင့် ရင်ဆိုင်တိုက်ပွဲတွေ၊ နယ်မြေစိုးမိုးရေးတိုက်ပွဲတွေမှာ တစ်ဘက်စစ်တပ်က တပ်ရင်းနံပါတ်၊ တပ်ခွဲနံပါတ်၊ စစ်ဗျူဟာနံပါတ်တွေနဲ့ အရာရှိတွေရဲ့အမည်ကို ကြိုတင် သတင်းရကြောင်းနဲ့ သူမှတ်မိသလောက် အဲဒီအရာရှိတွေစာရင်းထဲမှာ အောင်မြင့်နံမည်မပါကြောင်းပြောပါတယ်၊ ကျနော်က ဆက်မေးပါသေးတယ်၊ “တကယ်လို့ကွာ မင်းတို့နဲ့ တိုက်ရမည့် တစ်ဘက်စစ်တပ်မှာ အောင်မြင့်ပါတယ်ဆိုရင်ကော” ဆိုတော့ “ငါ့သူငယ်ချင်း ငါမတိုက်ချင်ပါဘူးကွာ၊ ဒါကြောင့် မကဒတက အနားယူတာပေါ့” လို့ ပြောပါတယ်၊

ကြယ်တစ်ပွင့်ကြွေလွင့်ခြင်း

အဲဒီနောက် နှစ်စဉ်မဲဆောက်ကို ရောက်တိုင်း ကျနော်တို့ သူငယ်ချင်းနှစ်ယောက်တွေ့ဆုံကြပါတယ်၊ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်၊ ၂၀၁၁ခုနှစ်မှာတော့ အရင်တွေ့နေ့ကျပုံစံမျိုးရဲ့ တစ်ဝက်လောက်သာရှိတော့တဲ့ အသည်းရောဂါဖိစီးနေတဲ့ မောင်မောင်ကြီးကို တွေ့ရပါတယ်၊ မဲဆောက်ဆေးရုံကြီးကနေ လွှဲပြောင်းပေးလို့ ချင်းမိုင်ဆေးရုံမှာ လအတော်ကြာ တက်ရောက်ပြီး ဆေးဝါးကုသမှုခံရပါတယ်၊ သူ့ရဲ့ နိုင်ငံရေးမိတ်ဆွေများက ဆေးဝါးကုသမှုကုန်ကျစားရိတ်များကို ထောက်ပံ့ကြလို့သာ
 ဆေးရုံတက်နိုင်တာပါ၊ 



၂၀၁၂ခုနှစ် ဒီဇင်ဘာလမှာ ကျနော် မဲဆောက်ရောက်ပြန်တော့ တွေ့ကြပါသေးတယ်၊ အင်မတန်ပိန်ချုံးနေပေမည့် သွားလာလှုပ်ရှားနိုင်ပါတယ်၊ ကိုကျော်ကျော်နဲ့ မမီးမီးတို့ရဲ့ မင်္ဂလာဆောင်မှာ သူ့ကို ကျနော်နောက်ဆုံးတွေ့ခဲ့ရတာပါ၊ ထိုင်းက ပြန်လာပြီးတဲ့နောက် ၂၀၁၃ခုနှစ် မတ်လအတွင်းမှာ မဲဆောက်ဆေးရုံကြီးမှာ ပြန်တင်ထားရတယ်လို့ ကြားသိရပါတယ်၊ ၂၀၁၃ခုနှစ် ဧပြီလ ၂၅ရက်နေ့မှာတော့ နိုင်ငံရေးအကျဉ်းသားများစောင့်ရှောက်ရေးအသင်းက ကိုတိတ်နိုင်က ကျနော့်ကို ဖုန်းဆက်အကြောင်းကြားပါတယ်၊ "ကိုအောင်ဒင်၊ ဦးမောင်မောင်ကြီးတစ်ယောက်တော့ ဒီမနက်မှာပဲ ကွယ်လွန်သွားရှာပြီ" တဲ့၊

ကြယ်တစ်ပွင့် ကြွေလွင့်သွားပြန်ပါပြီ၊ ကောင်းကင်ကြီးမှာက ကြယ်တွေ သန်းပေါင်း ထောင်နဲ့ချီပြီး ရှိနေတော့ ကြယ်တစ်ပွင့်လျော့တာ ဘာမှမထူးခြားသလိုပါ၊ ဒါပေမည့် မောင်မောင်ကြီးရဲ့ ဇနီး နော်လေးဒီ၊ သားကြီး စောရန်နိုင် (ခေါ်) ဖိုးခွါးကြီး၊ သားငယ် စောဇင်မင်း (ခေါ်) ဖိုးခွါးလေးတို့အတွက်တော့ မောင်မောင်ကြီးကွယ်လွန်ခြင်းဟာ အစားထိုးမရတဲ့ ဆုံးရှုံးမှုပါ၊ ဒီစာကို ဖိုးခွါးကြီးနဲ့ ဖိုးခွါးလေးတို့ သူတို့အဖေအတွက် ဂုဏ်ယူတတ်စေဖို့ ရေးပါတယ်၊ မောင်မောင်ကြီးကို ချစ်ခင်လေးစားကြသူတွေအားလုံးလဲ ခံစားနိုင်ဖို့ရေးပါတယ်၊ ဒီစာကို ဖတ်လို့ မောင်မောင်ကြီး ကွယ်လွန်တာကို သိရင် ဗိုလ်မှူးကြီးအောင်မြင့်လည်း မတူညီတဲ့ဘက်နှစ်ခုမှာ ရှိနေကြစေဦးတော့၊ အချိန်မတန်ခင် ခွဲသွားတဲ့ သူငယ်ချင်းတစ်ယောက်အတွက် ဝမ်းနည်းကြေကွဲလိမ့်မယ် ထင်ပါတယ်၊

လေးစားစွာ၊

အောင်ဒင်
မေလ ၆၊ ၂၀၁၃