BLOGGER TEMPLATES AND TWITTER BACKGROUNDS
Showing posts with label People's Age. Show all posts
Showing posts with label People's Age. Show all posts

Thursday, August 6, 2015

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၄)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၈၊ ဩဂုတ်လ ၆ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၄) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (င)

#ပြည်သူ့ဝန်ထမ်း ???

ဥပဒေကြမ်း "အခန်း (၆) အထွေထွေ" ရဲ့ ပုဒ်မ (၆၁) မှာ "အကျဉ်းထောင်၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် အကျဉ်းထောင်ဝန်ထမ်းအား အကူအညီပေးရန် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီ၍ တာဝန်ပေးအပ်ခြင်းခံရသည့် အကျဉ်းသားများအား ဤဥပဒေအရ ပြည်သူ့ဝန်ထမ်းဟု မှတ်ယူရမည်" ဟု ဖော်ပြထားပါတယ်။ ပုဒ်မ (၆၂) မှာ "ဤဥပဒေနှင့် ဤဥပဒေအရပြုသော နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများပါ အပ်နှင်းထားသည့် တာဝန်နှင့်လုပ်ပိုင်ခွင့်များကို သဘောရိုးဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အကျဉ်းထောင်ဝန်ထမ်းများအပါအဝင် ပြည်သူ့ဝန်ထမ်းများအား ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ တရားစွဲဆိုခွင့်မရှိစေရ" လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ "ပြည်သူ့ဝန်ထမ်း" ဆိုတာကို ဆွေးနွေးချင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တွေ၊ စခန်းတွေမှာ အကျဉ်းထောင်ဝန်ထမ်းများရဲ့ လက်အောက်မှာ အကျဉ်းသားအချင်းချင်း ဆင့်ကဲဆင့်ကဲ အုပ်ချုပ်တဲ့ စနစ်ကို ကျင့်သုံးပါတယ်။ အကျဉ်းသားအချင်းချင်း အုပ်ချုပ်ဖို့ ခန့်အပ်တာဝန်ပေးခံရတဲ့ အကျဉ်းသားများကို အကျဉ်းသားအရာရှိများလို့ ခေါ်ကြပါတယ်။ အိပ်ဆောင်တွေမှာဆိုရင် အကျဉ်းသား ၁၀၀ ကျော်လောက် စုပြုံအိပ်ကြရတဲ့ အခန်းတွေရှိပြီး အခန်းတိုင်းမှာ အခန်းလူကြီး ၁ ယောက်၊ အခန်းစာရေး ၁ ယောက်စီက အုပ်ချုပ်ကြပါတယ်။ အိပ်ဆောင်တစ်ခုလုံးရဲ့ အကျဉ်းသားအရာရှိအကြီးအကဲကို "တန်းစီး" လို့ ခေါ်ပြီး အဆောင်မှူးရုံးစာရေးဆိုတာ ရှိပါတယ်။ ထောင်တစ်ထောင်လုံးရဲ့ အကျဉ်းသားအကြီးအကဲကို "တန်းစီးချုပ်" လို့ ခေါ်ပါတယ်။
အလုပ်ဋ္ဌာနများကို "ဘုတ်" လို့ခေါ်ပြီး အလုပ်ဋ္ဌာနအလိုက် ခေါင်းဆောင်ကို "ဘုတ်ကိုင်" လို့ခေါ်ပါတယ်။ တောင်ယာဘုတ်၊ မိလ္လာဘုတ်၊ ထမင်းဘုတ်၊ သန့်ရှင်းရေးဘုတ် စတဲ့ အိပ်ဆောင်တွင်းအလုပ်ဘုတ်တွေကို ဘုတ်ကိုင်အသီးသီးက အုပ်ချုပ်ကြပါတယ်။ လက်သမား၊ စက်ချုပ်၊ မွေးမြူရေး၊ ဖိနပ်ချုပ် စတဲ့ အိပ်ဆောင်အပြင်ဘက် ထွက်အလုပ်လုပ်ရတဲ့ အလုပ်ဘုတ်များမှာလည်း ဘုတ်ကိုင်များက အုပ်ချုပ်ပါတယ်။ အိပ်ဆောင်ထဲက ရေကန်မှာ အကျဉ်းသားများရေချိုးတာကို ကြီးကြပ်ကွပ်ကဲရတဲ့ အကျဉ်းသားကို " ရေကန်ဘာယာ" လို့ ခေါ်ပါတယ်။ ရာထူးအနိမ့်အမြင့် အစဉ်လိုက်ပြောရရင် အခန်းစာရေး၊ အခန်းလူကြီး၊ ဘုတ်ကိုင်၊ ဘာယာ၊ အဆောင်စာရေး၊ တန်းစီး၊ တန်းစီးချုပ် စတဲ့ ရာထူးများမှာ တာဝန်ပေးခံရတဲ့ အကျဉ်းသားများကို အကျဉ်းသားအရာရှိများလို့ ခေါ်ကြပါတယ်။ ပြည်ထဲရေးဝန်ကြီးဋ္ဌာနက တင်သွင်းတဲ့ အကျဉ်းထောင်များဥပဒေကြမ်းမှာတော့ ဒီအကျဉ်းသားအရာရှိများကို "ပြည်သူ့ဝန်ထမ်း" လို့ သတ်မှတ်ပြီး ဥပဒေအရ အပ်နှင်းထားသော တာဝန်များကို သဘောရိုးဖြင့် ထမ်းဆောင်ကြသည့် ၎င်းပြည်သူ့ဝန်ထမ်းများအား တရားစွဲဆိုခွင့်မရှိလို့ ပြဋ္ဌာန်းထားပါတယ်။ အကြီးအကျယ်မှားနေပြီ ထင်ပါတယ်။

ဥပဒေကြမ်းမှာ "သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသော" အကျဉ်းသားများအား အကျဉ်းထောင်၏ စည်းကမ်းထိန်းသိမ်းရေးဆိုင်ရာကိစ္စရပ်များတွင် အကူအညီပေးရန် "ပြည်သူ့ဝန်ထမ်းများ" အဖြစ် ခန့်အပ်တာဝန်ပေးသည်လို့ ဆိုထားပါတယ်။ "သတ်မှတ်အရည်အချင်းများ" ကိုတော့ ဖော်ပြမထားပါ။ ကျနော့်ရဲ့ ထောင်တွင်းအတွေ့အကြုံများအရ ထောင်အာဏာပိုင်များရဲ့ အကျိုးစီးပွါးကို အထောက်အကူပြုနိုင်တဲ့ အကျဉ်းသားများကိုသာ အကျဉ်းသားအရာရှိများအဖြစ် ခန့်အပ်တာဝန်ပေးတာပါ။ အချို့အကျဉ်းသားများက မိသားစုကြွယ်ဝချမ်းသာကြတော့ သူတို့ရဲ့ မိသားစုဝင်တစ်ယောက် ထောင်ထဲမှာ အနေအထိုင်အဆင်ပြေစေရေးအတွက် မိသားစုများက အာဏာပိုင်များထံ ချဉ်းကပ်ကြပါတယ်။ မိသားစုထံက တန်စိုးလက်ဆောင်ရထားတဲ့အတွက် ထောင်အာဏာပိုင်က အဲဒီအကျဉ်းသားကို အကျဉ်းသားအရာရှိ ရာထူးတစ်နေရာပေးပြီး ထောင်ထဲမှာ သက်တောင့်သက်သာနေရအောင် စောင့်ရှောက်ပါတယ်။ အဲဒါကို "ဘောက်ချာဖွင့်တယ်" လို့ ခေါ်ပါတယ်။ အချို့အကျဉ်းသားအရာရှိများကတော့ မိသားစုများက ထောင်အာဏာပိုင်ကို လာဘ်မထိုးနိုင်ပေမည့် သူတို့ကိုယ်တိုင်က ထောင်အာဏာပိုင်များအတွက် ဝင်ငွေရှာဖွေပေးနိုင်စွမ်းရှိပါတယ်။ ထောင်ကျခါစ အကျဉ်းသားအသစ်တစ်ယောက်ကို အဲဒီအကျဉ်းသားအရာရှိများက နည်းမျိုးစုံနဲ့ ခြိမ်းခြောက်အနိုင်ကျင့်ပြီး ငွေညှစ်တတ်ကြပါတယ်။ ပင်ပန်းဆင်းရဲမှုနဲ့ အနိုင်ကျင့်မှုတွေကို မခံစားနိုင်တော့တဲ့ အကျဉ်းသားအသစ်က ထောင်အာဏာပိုင်များကို မိသားစုကတဆင့် ပိုက်ဆံပေးဖို့ သဘောတူလိုက်ရပါတယ်။ ဒီလိုနဲ့ အကျဉ်းသားက သူ့မိသားစုထံ ငွေပေးဖို့ စာရေး၊ အဲဒီစာကို အကျဉ်းသားအရာရှိက ထောင်အာဏာပိုင်ကို ပေး၊ ထောင်အာဏာပိုင်က အကျဉ်းသားရဲ့ မိသားစုနဲ့ ဆက်သွယ်ပြီး လာဘ်ငွေရယူ၊ အဲဒီလို အလုပ်ဖြစ်ကြပါတယ်။

နောက်တစ်မျိုးကတော့ ဆိုးလွန်း၊ မိုက်လွန်းလို့ ထောင်အာဏာပိုင်များက အကျဉ်းသားအရာရှိအဖြစ် မြှောက်စားတာပါ။ ထောင်ဆိုတာ "မတစ်ထောင်သားတွေ" စုဝေးရောက်ရှိနေရာမို့ ထောင်ထဲမှာ "မေတ္တာသုတ်" ရွတ်နေလို့ မရဘူးလို့ ထောင်ဝန်ထမ်းများ ပြောဆိုလေ့ရှိပါတယ်။ လူဆိုး၊ လူမိုက်တွေကို အုပ်ချုပ်ဖို့ လူဆိုး၊ လူမိုက်တွေကိုပဲ တာဝန်ပေးကြတာပါ။ ဒါကြောင့် ထောင်အာဏာပိုင်များက လူသတ်မှု၊ မုဒိန်းမှု၊ အလောင်းဖျောက် စတဲ့ ပြစ်မှုကြီးများနဲ့ နှစ်ကြီးကြီးထောင်ဒဏ်ကျသူများ၊ ထောင်ထဲကို အကြိမ်ကြိမ်ဝင်ထွက်နေတဲ့ ရာဇဝင်လူဆိုးကြီးများကို တန်းစီးများအဖြစ် တာဝန်ပေးတတ်ကြပါတယ်။ 
ထောင်အာဏာပိုင်များကလည်း သူတို့ရဲ့ အကျိုးစီးပွါးကို အထောက်အကူပြုနေတဲ့ အကျဉ်းသားအရာရှိများကို ပြန်လည်စောင့်ရှောက်ကြည့်ရှုကြပါတယ်။ လျှော့ရက်တွေ အများကြီးပေးတဲ့အပြင် အဲဒီ အကျဉ်းသားအရာရှိတွေ ထောင်ထဲမှာ ဂိုဏ်းတွေဖွဲ့ပြီး အခြားအကျဉ်းသားတွေကို အနိုင်ကျင့်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာ၊ မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးတာ၊ အကျဉ်းသားငယ်လေးများကို ခြိမ်းခြောက်ပြီး လိင်တူဆက်ဆံတာ (ဂျိုမွေးတယ်လို့ ခေါ်ပါတယ်)၊ ထောင်အပြင်မှာကျန်ရစ်ခဲ့တဲ့ လူဆိုးဂိုဏ်းဝင်များကို ထောင်ထဲကနေ ရာဇဝတ်မှုတွေ ကျူးလွန်ဖို့ အမိန့်တွေပေးနေတာ စတဲ့ မကောင်းမှုတွေကို ထောင်အာဏာပိုင်တွေက မသိချင်ယောင်၊ မမြင်ချင်ယောင် ဆောင်နေတတ်ကြပါတယ်။ အကျဉ်းသားအရာရှိအချင်းချင်း ပြဿနာတက်၊ ခိုက်ရန်ဖြစ်ပွါးမှပဲ ထောင်အာဏာပိုင်များက အရေးယူပါတော့တယ်။

အဲဒီလို အကျဉ်းထောင်ထဲမှာ ထောင်အာဏာပိုင်များရဲ့ အကျိုးစီးပွါးကို အထောက်အကူပြုရင်း အကျဉ်းသားအချင်းချင်း နိုင့်ထက်စီးနင်း အနိုင်ကျင့်နေကြတဲ့ အကျဉ်းသားအရာရှိများကို "ပြည်သူ့ဝန်ထမ်း" လို့ သတ်မှတ်မယ်ဆိုတာကတော့ မဖြစ်သင့်ဘူးထင်ပါတယ်။ ပုဒ်မ (၆၁) တစ်ခုလုံးကို လုံးဝပယ်ဖျက်ပြီး ပုဒ်မ (၆၂) မှာလည်း "ပြည်သူ့ဝန်ထမ်းများ" ဆိုတဲ့ စကားလုံးကို ပယ်ဖျက်သင့်ပါတယ်။ 

#အကျဉ်းထောင်နှင့် ပညာရေး

ဘယ်နိုင်ငံမှာမဆို ရာဇဝတ်မှုကျူးလွန်ပြီး ပြစ်ဒဏ်ကျလာတဲ့ အကျဉ်းသားများကို လေ့လာကြည့်ရင် အများစုဟာ ပညာမတတ်သူများ၊ ပညာရေးအဆင့်နိမ့်ကျသူများ ဖြစ်နေတာ တွေ့ရပါတယ်။ ဘဝပေးအခြေအနေ အကြောင်းကြောင်းကြောင့် ကျောင်းတက်ခွင့်၊ စာပေသင်ကြားခွင့် မရှိကြသူတွေ၊ ကျောင်းစာကို နှစ်အနည်းငယ်သာ သင်ယူခွင့်ရခဲ့ကြသူတွေဖြစ်တာမို့ အသိဉာဏ်နဲ့ ဆင်ခြင်တုံတရားအားနည်းပြီး အမှားတွေကို မလွှဲမရှောင်သာ ကျူးလွန်မိခဲ့ကြသူတွေ များလှပါတယ်။ 

ပညာရေးအခြေခံအားနည်းတော့ ဥပဒေဆိုတာကို နားမလည်၊ ဥပဒေအရ ခံစားခွင့်ရှိတဲ့ အခွင့်အရေးတွေကို နားမလည်ပဲ ရဲတပ်ဖွဲ့ဝင်ရဲ့ ရိုက်နှက်ခြိမ်းခြောက်မှု၊ အစိုးရရှေ့နေရဲ့ လှည့်ဖျားဖိအားပေးမှုနဲ့ တရားသူကြီးရဲ့ မမျှတမှုများကြောင့် အပြစ်မရှိပဲ ထောင်ကျရသူများလည်း ရှိနိုင်ပါတယ်။ ဒါကြောင့် အကျဉ်းသားတွေကို အကျဉ်းထောင်ထဲမှာ နာကျင်မှုတွေနဲ့ ဘဝဆုံးမသွားစေပဲ ပြစ်ဒဏ်ကာလပြီးမြောက်ပြီးတဲ့နောက်မှာ လူ့အဖွဲ့အစည်းထဲကို တန်ဘိုးတစ်စုံတစ်ရာရှိတဲ့ လူသားများအဖြစ် ပြန်လည်ဝင်ရောက်နိုင်ဖို့ အကျဉ်းထောင်အတွင်းမှာ အကျဉ်းသားများအတွက် ပညာသင်ကြားရေးစနစ်များကို တီထွင်ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
အကျဉ်းသားများအတွက် ပညာသင်ကြားရေးမှာ (၁) လုံးဝစာမတတ်သူများကို စာတတ်မြောက်အောင် သင်ကြားခြင်း၊ (၂) အခြေခံပညာ တစ်ပိုင်းတစ်စသင်ကြားခဲ့ဘူးသူများကို အခြေခံပညာ အလယ်တန်းအဆင့်၊ အခြေခံပညာ အထက်တန်းအဆင့်များ ပြီးဆုံးအောင်မြင်အောင် သင်ကြားခြင်း၊ (၃) တက္ကသိုလ်ပညာ သင်ကြားနေဆဲ အကျဉ်းသားများကို အကျဉ်းထောင်တွင်း ကိုယ်ပိုင်လေ့လာခွင့်ဖြင့်ဖြစ်စေ၊ အဝေးသင်စနစ်ဖြင့် ဖြစ်စေ စာမေးပွဲများဖြေဆိုနိုင်အောင် စီစဉ်ပေးခြင်း၊ (၄) အသက်မွေးဝမ်းကြောင်းပညာများ တတ်မြောက်လိုသူ အကျဉ်းသားများအတွက် အကျဉ်းထောင်တွင်း အလုပ်ဋ္ဌာနများတွင် အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးခြင်း၊ စတာတွေ အနည်းဆုံး ပါဝင်ပါတယ်။

ဥပဒေကြမ်းရဲ့ အခန်း (၂)၊ ပုဒ်မ (၁၄) မှာ "အကျဉ်းဦးစီးဋ္ဌာနသည် ပညာတစ်ပိုင်းတစ်စဖြစ်နေသော အကျဉ်းသားများနှင့် စာပေမတတ်မြောက်သူ အကျဉ်းသားများအား စာပေပညာများ သင်ကြားနိုင်ရန် စီမံဆောင်ရွက် ပေးရမည်" လို့ ဖော်ပြထားပါတယ်။ အကျဉ်းသားများအတွက် ပညာသင်ကြားရေးဟာ အကျဉ်းသားများအား အသိပညာနဲ့ ဆင်ခြင်တုံတရားများ တိုးပွါးစေတဲ့အပြင် နောင်ဖြစ်ပေါ်လာမည့် ရာဇဝတ်မှုများကိုလည်း လျော့နည်းစေနိုင်တာမို့ တိုင်းပြည်အတွက် အင်မတန်အကျိုးရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါကြောင့် အကျဉ်းထောင်တွင်း ပညာသင်ကြားရေးအတွက် ဒီပုဒ်မ (၁၄) တစ်ခုတည်းနဲ့ မလုံလောက်ပါ။ အကျဉ်းဦးစီးဋ္ဌာနတစ်ခုတည်းကို တာဝန်ပေးမထားပဲ အကျဉ်းထောင် တာဝန်ခံအရာရှိများက ဒေသအတွင်းမှာရှိတဲ့ ပညာရေးဝန်ကြီးဋ္ဌာနလက်အောက်ခံ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်/ကောလိပ်များ၊ သက်မွေးပညာသင်ကျောင်းများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်သင့်ပါတယ်။ တက္ကသိုလ်ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ အရပ်ဖက်လူထုအဖွဲ့အစည်းများကလည်း မွန်မြတ်တဲ့ အများအကျိုးပြုလုပ်ငန်းတစ်ရပ်ကို ကူညီအားပေးကြမှာပါ။ ဒါကြောင့်မို့ ဥပဒေကြမ်း၊ ပုဒ်မ (၁၄) ရဲ့ အောက်မှာ အောက်ပါပြဋ္ဌာန်းချက်ကို ဖြည့်စွက်သင့်ပါတယ်။

"အကျဉ်းထောင် တာဝန်ခံအရာရှိသည် မိမိအုပ်ချုပ်သည့် အကျဉ်းထောင်အတွင်းမှ အကျဉ်းသားများအား ပညာသင်ကြားပေးနိုင်ရေးအတွက် ဒေသအတွင်းရှိ တက္ကသိုလ်/ကောလိပ်များ၊ အခြေခံပညာကျောင်းများ၊ သက်မွေးပညာကျောင်းများအား ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်နိုင်သည်။ အကျဉ်းသားများအား ပညာဒါနပြုရန် ကမ်းလှမ်းလာသည့် အရပ်ဖက်လူထုအဖွဲ့အစည်းများ၏ အကူအညီများကိုလည်း ရယူရမည်။"

#ပို၍ကောင်းမွန်သော အကျဉ်းထောင်စနစ်သို့

မြန်မာနိုင်ငံက အကျဉ်းထောင်ကြီးများကို ငရဲခန်းများလို့ ခေါ်ဆိုကြပါတယ်။ အမှန်တကယ်လည်း အကျဉ်းထောင်ကြီးများဟာ စာရိတ္တပြုပြင်ရေးစခန်းများမဟုတ်ပဲ အကျဉ်းသားများကို လူအဆင့်ကနေ တိရိစ္ဆာန်သာသာအဆင့်အထိ လျှော့ချပစ်လိုက်တဲ့ နေရာ၊ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ အနိုင့်အထက်ပြုမှုများ ကြီးစိုးရာနေရာ၊ တောရဲ့ ဥပဒေ (Law of Jungle) လို့ ဆိုကြတဲ့ အားကြီးသူနဲ့ ကောက်ကျစ်သူများက ရှင်သန်အောင်မြင်ပြီး အားနည်းသူများ၊ ရိုးဖြောင့်သူများ အတုန်းအရုံး ကျဆုံးကြရတဲ့နေရာ၊ အပြစ်မဲ့သူတစ်ယောက်ကို မိုက်မဲတတ်အောင်၊ အနည်းငယ်မိုက်မဲသူကို ပိုပြီးမိုက်မဲအောင် မကောင်းမှုမျိုးစုံလေ့ကျင့်သင်ကြားပေးရာ နေရာများဖြစ်နေတာကို ကိုယ်တွေ့ အတွေ့အကြုံများအရ သိခဲ့ရပါတယ်။ ဒီမိုကရေစီစနစ်ကို ဦးတည်လျှောက်လှမ်းနေတဲ့ ခေတ်မှာ အဲဒီ ငရဲခန်းကြီးတွေကို လူသားဘဝကို ဖေးမမြှင့်တင်တဲ့ ကယ်ဆယ်ပြုပြင်ရေးစခန်းကြီးများအဖြစ် ပြောင်းလဲနိုင်ဖို့ အထူးလိုအပ်ပါတယ်။ အဲဒီလိုအပ်ချက်ကို အကောင်အထည်ဖော်နိုင်မည့် လမ်းညွှန်ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းဖို့က ဥပဒေပြုလွှတ်တော်ရဲ့ တာဝန်ဖြစ်ပါတယ်။ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များက ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတင်သွင်းတဲ့ "အကျဉ်းထောင်များဥပဒေကြမ်း" ကို ဒီဆောင်းပါးမှာ ပါဝင်တဲ့ အကြံပြုချက်များ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနဲ့ အရပ်ဖက်လူထုအဖွဲ့အစည်းများရဲ့ အကြံပြုချက်များနဲ့ ပေါင်းစပ်၊ နှိုင်းယှဉ်စဉ်းစားပြီး ပိုပြီးကောင်းမွန်ပြည့်စုံတဲ့၊ အကျဉ်းသားများ၏ အခွင့်အရေးများကို အပြည့်အဝအာမခံတဲ့ "အကျဉ်းထောင်များဥပဒေ" ကို ပြဋ္ဌာန်းအတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အောင်ဒင်
(ဇူလိုင် ၁ ရက်၊ ၂၀၁၅)

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၃)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၇၊ ဇူလိုင်လ ၃၀ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၃) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (ဃ)

#အကျဉ်းထောင်တွင်း ပြစ်မှုများ

ဒီဥပဒေကြမ်းရဲ့ အခန်း (၄) မှာ အကျဉ်းထောင်ပြစ်မှုများနဲ့ ပြစ်ဒဏ်များကို ဖော်ပြထားပါတယ်။ ပုဒ်မ (၄၃) မှာ ပုဒ်မခွဲ (က) ကနေ (ဏ) အထိ အကျဉ်းထောင်တွင်းမှာ အကျဉ်းသားတို့ရှောင်ကျဉ်ရမည့် ပြစ်မှု (၁၅) မျိုးကို ဖော်ပြထားပြီး ပုဒ်မ (၄၄)၊ ပုဒ်မခွဲ (က)၊ ပုဒ်မငယ် (၁) ကနေ (၈) အထိ ပြစ်ဒဏ်အမျိုးအစား (၈) မျိုးကို ဖော်ပြထားပါတယ်။ ပုဒ်မ (၄၄)၊ ပုဒ်မခွဲ (ခ) မှာတော့ တာဝန်ခံအရာရှိက ပြစ်ဒဏ်ပေးခြင်းခံရတဲ့ အကျဉ်းသားဟာ ပြစ်ဒဏ်က မမျှတဘူးထင်ရင် ညွှန်ကြားရေးမှူးချုပ်ထံ အယူခံခွင့်ရှိပြီး ညွန်ကြားရေးမှူးရဲ့ အဆုံးအဖြတ်သည် အပြီးအပြတ်ဖြစ်သည်လို့ ဖော်ပြထားပါတယ်။ မလုံလောက်ပါ။

ထောင်ထဲမှာ ၄ နှစ်ကျော်နေခဲ့ရတဲ့ အတွေ့အကြုံအရ အကျဉ်းသားတစ်ယောက်အတွက် ထောင်တွင်းမှာ ဆုရဖို့မလွယ်ပေမည့် အပြစ်ရဖို့ အင်မတန်လွယ်ပါတယ်။ သက်ဆိုင်ရာ ထောင်မှူး၊ ထောင်ပိုင်၊ ထောင်ဝန်ထမ်းက အကျဉ်းသားတစ်ဦးတစ်ယောက်အပေါ် မကြည်မလင် မျက်မာန်ရှပြီဆိုရင် အပြစ်တွေ့တော့တာပါပဲ။ နိုင်ငံရေးအကျဉ်းသားတွေဘဝက ပိုဆိုးပါတယ်။ ထောင်အာဏာပိုင်တွေရဲ့ တာဝန်ပေးချက်အရ ရာဇဝတ်အကျဉ်းသားတွေက နိုင်ငံရေးအကျဉ်းသားများကို မသိမသာ စုံစမ်းထောက်လှမ်းနေကြပြီး ထောင်အာဏာပိုင်တွေဆီက ဆုလဒ်ရအောင် မဟုတ်မမှန်သတင်းတွေ လုပ်ကြံပေးတတ်ကြပါတယ်။ အဲဒီ သတင်းမှားတွေကို ထောင်အာဏာပိုင်တွေက အလွယ်တကူ ယုံကြည်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်ဒဏ်ပေးကြပါတယ်။ အပြစ်ရှိတယ်ဆိုပြီး ထောင်တွင်းရုံးမှာ စစ်ဆေးခံရတဲ့ အကျဉ်းသားမှာလည်း ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖြေရှင်းခွင့်မရှိပဲ ထောင်အာဏာပိုင်များ တချက်လွှတ်အမိန့်နဲ့ ချမှတ်တဲ့ ပြစ်ဒဏ်ကို ခါးစီးခံစားကြရပါတယ်။ ပြစ်ဒဏ်တွေကလည်း ရိုက်နှက်ကန်ကြောက်တာ၊ ခြေသလုံးကို ကြိမ်လုံးနဲ့ ရိုက်တာ၊ ခြေထောက်နှစ်ချောင်းကို သံခြေချင်းခတ်တာ၊ သံခြေချင်းကိုမှ နှစ်ပိသာအလေး၊ သုံးပိသာအလေး၊ ၅ ပိသာအလေး စတဲ့ အလေးချိန်အမျိုးမျိုးနဲ့ အညှိုးကြီးမှုအလိုက် ခြေချင်းခတ်တာ၊ သံခြေချင်းအပြင် ခြေနှစ်ချောင်းကြားမှာ သံထောက်ထည့်တာ၊ တိုက်ပိတ်တာ၊ ဆန်ကြမ်းထမင်းကို သဲရောပြီးကျွေးတာ၊ အမှောင်တိုက်ထဲထည့်တာ၊ ထောင်ဝင်စာပိတ်တာ၊ လျှော့ရက်ဖြတ်တာ၊ နောက်မှုနဲ့ တရားစွဲတာ စတဲ့ မတရားမှုမျိုးစုံဖြစ်ပါတယ်။  အဲဒီမတရားမှုတွေ ထပ်မံမဖြစ်ပွါးစေဖို့ ဒီအကျဉ်းထောင်များဥပဒေမှာ အကျဉ်းသားများရဲ့ ခုခံချေပခွင့်နဲ့ ပါတ်သက်ပြီး ရှင်းရှင်းလင်းလင်းထည့်သွင်းဖို့ လိုအပ်ပါတယ်။
ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်များကို ကိုးကားပြီး အကျဉ်းထောင်များဥပဒေကြမ်းမှာ အောက်ပါအချက်များ ထည့်သွင်းရေးဆွဲရန် အကြံပြုပါတယ်။

၁။ အကျဉ်းသားများကို ဥပဒေအရသတ်မှတ်ထားသော ထောင်တွင်းပြစ်မှုများမှ အပ အခြားပြစ်မှုများဖြင့် အရေးယူခြင်းမပြုရ။
၂။ အကျဉ်းထောင်ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော အကျဉ်းသားအား ၎င်းအား စွပ်စွဲထားသည့် ပြစ်မှုအကြောင်းကို သေသေချာချာ သိရှိနားလည်စေ၍ ၎င်းစွပ်စွဲချက်ကို ခုခံဖြေရှင်းရန် အခွင့်အရေးအလုံအလောက် ပေးရမည်။
၃။ အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိမှ တာဝန်ပေးသော စုံစမ်းစစ်ဆေးရေးအဖွဲ့က စွပ်စွဲချက်နှင့် ခုခံချေပချက်များကို ကြားနာပြီး အမှုဖြစ်စဉ်ကို သေချာစွာ စုံစမ်းစစ်ဆေးရမည်။
၎။ စစ်ဆေးရေးအဖွဲ့၏ အကြံပြုချက်အပေါ် အခြေခံ၍ အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိမှ အမှုနှင့်ပါတ်သက်သည့် ဆုံးဖြတ်ချက်ကို ချမှတ်ရမည်။
၅။ အပြစ်ပေးခံရသူက ကျေနပ်မှုမရှိလျင် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အယူခံတင်ပြခွင့်ရှိသည်။ ညွှန်ကြားရေးမှူးချုပ်မှ အခြားသော အကျဉ်းထောင်/စခန်းမှ အရာရှိများပါဝင်သည့် အဖွဲ့ဖြင့် အမှုကို ထပ်မံစစ်ဆေးရမည်။ ၎င်းအဖွဲ့၏ အကြံပြုချက်ဖြင့် ညွှန်ကြားရေးမှူးချုပ်က အယူခံအပေါ် အဆုံးအဖြတ်ပေးရမည်။ ညွှန်ကြားရေးမှူးချုပ်၏ ဆုံးဖြတ်ချက်သည် အပြီးအပြတ်ဖြစ်သည်။
၆။ အကျဉ်းသားများအား အပြစ်ပေးရာတွင် ရိုက်နှက်ညှင်းပန်းခြင်း၊ အမှောင်တိုက်ထဲတွင် တိုက်ပိတ်ခြင်း၊ လူ့ဂုဏ်သိက္ခာကို ထိခိုက်စော်ကားနိမ့်ကျစေခြင်း၊ လက်ထိပ်ခတ်ခြင်း၊ သံခြေချင်းခတ်ခြင်း၊ သံခြေချင်းနှင့် သံထောက်ခတ်ခြင်း၊ မိသားစုနှင့် အလွန်ဝေးလံသော ထောင်များသို့ ပြောင်းရွှေ့ခြင်း၊ စသည်များ လုံးဝမပြုလုပ်ရ။

#ပယ်ဖျက်သင့်သော ပြစ်ဒဏ်များ

ဒီဥပဒေကြမ်း အခန်း (၄)၊ ပုဒ်မ (၄၄)၊ ပုဒ်မခွဲ (က)၊ ပုဒ်မငယ် (၅) မှာ "ကာလအတိုင်းအတာတစ်ခုအထိ လက်ထိပ် သို့မဟုတ် သံခြေချင်းခတ်ခြင်း စသည်တို့ဖြင့် ပြစ်ဒဏ်ပေးခြင်း" ဆိုပြီး ဖော်ပြထားပါတယ်။ အခန်း (၂)၊ ပုဒ်မ (၆)၊ ပုဒ်မခွဲ (င) မှာလည်း "ညွှန်ကြားရေးမှူးချုပ်သည် လုပ်ထုံးလုပ်နည်းနှင့်အညီ သုံးလအထိ သံခြေချင်းခတ်ထားသော အကျဉ်းသားအား သုံးလထက်ကျော်လွန်၍ သံခြေချင်းခတ်သင့်ကြောင်း တာဝန်ခံအရာရှိ၏ တင်ပြချက်အပေါ် စီစစ်၍ ခွင့်ပြုနိုင်သည်" ဟု ဖော်ပြထားပါတယ်။ ပုဒ်မ (၇)၊ ပုဒ်မခွဲ (ဆ) မှာ "တာဝန်ခံအရာရှိသည် အကျဉ်းထောင်အခြေအနေအရဖြစ်စေ၊ အကျဉ်းသား၏ စရိုက်လက္ခဏာအရဖြစ်စေ၊ လုံခြုံစွာ ထိန်းသိမ်းထားရှိရန်လိုအပ်သည်ဟု ယူဆရသည့် မည်သည့်အကျဉ်းသားကို မဆို သံခြေချင်းခတ်ထားနိုင်သည်။ လိုအပ်ပါက သီးသန့်အခန်းတွင် သီးခြားခွဲထားနိုင်သည်" ဟု ဖော်ပြထားပါတယ်။

အထက်ပါဖော်ပြချက်များအရ ထောင်တာဝန်ခံအရာရှိဟာ မည်သည့်အကျဉ်းသားကို မဆို "အကျဉ်းထောင်အခြေအနေအရဖြစ်စေ၊ အကျဉ်းသား၏ စရိုက်လက္ခဏာအရဖြစ်စေ၊ လုံခြုံစွာ ထိန်းသိမ်းထားရှိရန်လိုအပ်သည်ဟု ယူဆရသည့်" ဆိုတဲ့ အင်မတန်ကျယ်ပြန့်တဲ့ အကြောင်းပြချက်နဲ့ သုံးလအထိ သံခြေချင်းခတ်နိုင်ပြီး လိုအပ်ရင် ညွှန်ကြားရေးမှူးချုပ်ရဲ့ ခွင့်ပြုချက်နဲ့ သုံးလထက်ပိုပြီး သံ ခြေချင်းခတ်နိုင်ပါတယ်။ အကျဉ်းထောင်ပြစ်ဒဏ်များမှာလည်း လက်ထိပ်၊ သံခြေချင်း၊ သံထောက်များနဲ့ ပြစ်ဒဏ်ပေးနိုင်တာ တွေ့ရပါတယ်။

ကုလသမဂ္ဂ၊ စီးပွါးရေးနှင့် လူမှုရေးကောင်စီက လက်ထိပ်၊ သံခြေချင်း၊ သံထောက် စတဲ့ လူ့လှုပ်ရှားမှုကို ကန့်သတ်ချုပ်နှောင်တဲ့ ပစ္စည်းများ (Instruments of Restraint) ကို အကျဉ်းသားများအား အပြစ်ပေးရန် လုံးဝအသုံးမပြုရလို့ တားမြစ်ထားပါတယ်။ အကျဉ်းသားများကို ထောင်ပြောင်းရွှေ့တဲ့အခါမှာလည်း လက်ထိပ်ကလွဲလို့ သံခြေချင်း၊ သံထောက်များကို လုံးဝအသုံးမပြုဖို့လည်း တားမြစ်ပါတယ်။ အကျဉ်းသားကို လက်ထိပ်ခတ်ပြီး ထောင်ပြောင်းရွှေ့တာတောင်မှ ပြောင်းရွှေ့ရမည့် နေရာကို ရောက်လို့ သက်ဆိုင်ရာအာဏာပိုင်များရဲ့ အုပ်ထိန်းမှုအောက် ရောက်ရောက်ခြင်း လက်ထိပ်ဖြုတ်ပေးရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အကျဉ်းသားတစ်ဦးရဲ့ စိတ်ဖောက်ပြန်မှုကြောင့် ၎င်းအကျဉ်းသားကိုယ်တိုင်သော်လည်းကောင်း၊ အခြားအကျဉ်းသားများကိုသော်လည်းကောင်း အန္တရာယ်ရှိနိုင်တဲ့ အခြေအနေမျိုးမှာ ကျန်းမာရေးဝန်ထမ်းရဲ့ ထောက်ခံအကြံပြုချက်ဖြင့်သာ တာဝန်ခံအရာရှိက လက်ထိပ်ကို အသုံးပြုရန် ညွှန်ကြားနိုင်တယ်လို့လည်း ပြဋ္ဌာန်းထားပါတယ်။
ဒါကြောင့်မို့ အထက်ပါ အခန်း (၄) ပုဒ်မ (၄၄) ပုဒ်မခွဲ (က) ပုဒ်မငယ် (၅) ၊ အခန်း (၂) ပုဒ်မ (၆) ပုဒ်မခွဲ (င) ၊ ပုဒ်မ (၇) ပုဒ်မခွဲ (ဆ) စတဲ့ ပုဒ်မများကို ဒီဥပဒေကြမ်းထဲက ဖယ်ရှားသင့်ပါတယ်။

#တရားစီရင်ရေးစနစ်၏ အစစ်ဆေးခံခြင်း (Judicial Review)

လက်ရှိ ပြည်ထောင်စုတရားစီရင်ရေးဥပဒေအရ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဟာ ပြည်ထောင်စုတစ်ဝန်းလုံးရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် စစ်ဆေးကြည့်ရှုနိုင်ပါတယ် (ပုဒ်မ ၆၇)။ တိုင်းဒေသကြီးနဲ့ ပြည်နယ်တရားသူကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနဲ့ ခရိုင်တရားသူကြီးများဟာလည်း ၎င်းတို့ စီရင်ပိုင်ခွင့်ရှိရာဒသအတွင်းရှိ အကျဉ်းစခန်းများ၊ ရဲဘက်စခန်းများ၊ ရဲတပ်ဖွဲ့အချုပ်စခန်းများကို အနည်းဆုံး ခြောက်လတစ်ကြိမ် စစ်ဆေးကြည့်ရှုနိုင်ပါတယ် (ပုဒ်မ ၆၈)။ ဒါဟာဖြင့် ပြည်ထောင်စုတရားစီရင်ရေးစနစ်က အကျဉ်းထောင်အုပ်ချုပ်ရေးကို စစ်ဆေးပိုင်ခွင့်အာဏာရှိကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။ တရားသူကြီးများက အကျဉ်းထောင်များကို စစ်ဆေးရာမှာလည်း ပြစ်ဒဏ်ကျခံနေရသူများ၊ အချုပ်ခံနေရသူများ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများ ခံစားနိုင်ရေးနှင့် အမှုများစစ်ဆေးရာတွင် ကြန့်ကြာမှုမရှိစေရေး ကို ဦးစားပေး စစ်ဆေးမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့ "အကျဉ်းထောင်များဥပဒေ" မှာ ဥပဒေအရ ရသင့်ရထိုက်သော အခွင့်အရေးများ အပြည့်အဝမရရှိသည့် (သို့မဟုတ်) ချိုးဖောက်ခံနေရသည့် အကျဉ်းသား/အချုပ်သားများက သက်ဆိုင်ရာ ခရိုင်တရားသူကြီးထံ တရားဝင်တိုင်တန်းခွင့်နှင့် ခရိုင်တရားသူကြီးမှ တိုင်တန်းချက်အား စစ်ဆေးဆုံးဖြတ်ခွင့်တွေကို အောက်ပါအတိုင်း ထည့်သွင်းရေးဆွဲသင့်ပါတယ်။

"အကျဉ်းသား သို့မဟုတ် အချုပ်သားများသည် ဥပဒေအရ အကျဉ်းထောင်တွင်း ခံစားခွင့်ရှိသော အခွင့်အရေးများ မရရှိခြင်း၊ အခွင့်အရေးများ ချိုးဖောက်ခံနေရခြင်း၊ အကျဉ်းထောင်အာဏာပိုင်များ၏ လူသားမဆန်သော ဖိနှိပ်ချိုးနှိမ်ခံရခြင်းများ တွေ့ကြုံခံစားရပါက တစ်ဦးချင်းဖြစ်စေ၊ အများဖြင့်ဖြစ်စေ မိသားစုများမှ တဆင့်၊ သို့မဟုတ် ၎င်းတို့၏ ရှေ့နေမှတဆင့် သက်ဆိုင်ရာအကျဉ်းထောင်တည်ရှိရာဒေသကို စီရင်ပိုင်ခွင့်ရှိသော ခရိုင်တရားသူကြီးထံ တိုင်တန်းနိုင်သည်။ ခရိုင်တရားသူကြီးမှ အကျဉ်းသား၏ တိုင်တန်းချက်ကို ရရှိပြီး ရက်တစ်ပါတ်အတွင်း အကျဉ်းထောင်သို့ သွားရောက်၍ တိုင်တန်းသူ အကျဉ်းသားများ၊ ထောင်အာဏာပိုင်များနှင့် အသိသက်သေများကို သီးခြားစီ စစ်ဆေးမေးမြန်းရမည်။ တိုင်တန်းချက်များမှန်ကန်ကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာအကျဉ်းထောင်အာဏာပိုင်များအား လိုအပ်သလို အရေးယူရန် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အကြောင်းကြားရမည်။ တိုင်တန်းသူအကျဉ်းသားများ၏ ဆုံးရှုံးနေသော အခွင့်အရေးများ မှန်မှန်ကန်ကန် ရရှိစေရန်၊ ညှင်းပန်းနှိပ်စက်မှုများကို ရပ်တန့်ရန် ထောင်တာဝန်ခံအရာရှိအား ညွှန်ကြားရမည်။
တိုင်တန်းသူအကျဉ်းသားများအား မည်သည်နည်းနှင့်မျှ ထောင်အာဏာပိုင်များက ဂလဲ့စားချေ၊ ဒါဏ်ခတ်ခြင်း မပြုလုပ်ရ။"

#အချုပ်အကျဉ်းသား

ဒီဥပဒေကြမ်း၊ ပုဒ်မ (၃၉) နဲ့ (၄၀) မှာ တရားမအကျဉ်းသားများနဲ့ အချုပ်အကျဉ်းသားများနဲ့ ပါတ်သက်ပြီး ဖော်ပြထားပါတယ်။ အချုပ်အကျဉ်းသားများနဲ့ ပါတ်သက်လို့ ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက အောက်ပါအတိုင်း ပြဋ္ဌာန်းထားတာကို အကျဉ်းထောင်များဥပဒေမှာ ထည့်သွင်းပြဋ္ဌာန်းသင့်ပါတယ်။

"ရဲစခန်းအချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားသည်ဖြစ်စေ၊ အကျဉ်းထောင်တွင်း၌ ထိန်းသိမ်းထားသည်ဖြစ်စေ တရားရုံးတွင် အမှုရင်ဆိုင်နေရဆဲ (သို့မဟုတ်) တရားရုံးတွင် အမှုရင်ဆိုင်ရန် စောင့်နေရဆဲ အချုပ်သားတစ်ယောက်ကို တရားရုံးမှ ပြစ်ဒဏ်မချမချင်း အပြစ်မဲ့သူဟု သတ်မှတ်ရမည်ဖြစ်၍ အပြစ်မဲ့သူအဖြစ် ဆက်ဆံရမည်။"

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၂)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၆၊ ဇူလိုင်လ ၂၃ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)


မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၂) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (ဂ)

#အကျဉ်းသားများအား ဆက်ဆံရာတွင် ထားရှိရမည့် အနည်းဆုံးအဆင့်လိုအပ်ချက်များ

ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီ (United Nations Economic and Social Council) က ၁၉၅၇ ခုနှစ်က စတင်အတည်ပြုခဲ့ပြီး ၁၉၇၇ ခုနှစ်မှာ ထပ်မံအတည်ပြုခဲ့တဲ့ "အကျဉ်းသားများအား ဆက်ဆံရာတွင် ထားရှိရမည့် အနည်းဆုံးအဆင့် လိုက်နာရမည့်စည်းမျဉ်းများ" (Standard Minimum Rules for the Treatment of Prisoners) မှာ အကျဉ်းသားများအား စီမံခန့်ခွဲခြင်းနဲ့ ပါတ်သက်ပြီး  "အိပ်စက်ရန် နေရာချထားခြင်း" (Accommodation)၊ သန့်ရှင်းရေး (Personal Hygiene)၊ အဝတ်အထည်နှင့် အိပ်ယာ (Clothing and Bedding)၊ အစားအသောက် (Food)၊ လေ့ကျင့်ခန်းနှင့် အားကစား (Exercise and Sport)၊ ကျန်းမာရေးစောင့်ရှောက်မှု (Medical Services)  စတဲ့ ခေါင်းစဉ်ခွဲတွေနဲ့ စုစုပေါင်း စည်းမျဉ်း (၁၈) ခု ပြဋ္ဌာန်းထားပေမည့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနက ရေးဆွဲတဲ့ ဒီဥပဒေကြမ်းမှာတော့ ပုဒ်မ (၂၅) တစ်ခုထဲ ဖော်ပြထားပါတယ်။ မလုံလောက်ပါ။ ကုလသမဂ္ဂစီးပွါးရေးနှင့် လူမှုရေးကောင်စီက ချမှတ်ထားတဲ့ ပြဋ္ဌာန်းချက်များကို ကိုးကားပြီး၊ ကျနော်တို့ အကျဉ်းထောင်ထဲမှာ နေခဲ့ရတဲ့ အတွေ့အကြုံများကို သတိရပြီး အကျဉ်းထောင်များဥပဒေကြမ်းမှာ အောက်ပါအချက်များ ထည့်သွင်းရေးဆွဲရန် အကြံပြုပါတယ်။

၁။ အကျဉ်းသားများ၏ အိပ်စက်ရာနေရာသည် တိုက်ခန်းများ ဖြစ်ပါက ၎င်းတိုက်ခန်းများတွင် ညအိပ်ချိန်၌ အကျဉ်းသားတစ်ဦးတည်းသာ အိပ်စက်စေရမည်။ တစ်ခါတစ်ရံ ထောင်တွင် အကျဉ်းသားဦးရေအလွန်များပြားသည့်အချိန်မျိုးတွင် ထောင်အာဏာပိုင်များက ဤသတ်မှတ်ချက်ကို ချိုးဖောက်နိုင်သော်လည်း အကျဉ်းသား နှစ်ဦးကို တိုက်ခန်းတစ်ခုအတွင်း အတူအိပ်စေခြင်းအား တတ်နိုင်သမျှ ရှောင်ကျဉ်ရမည်။
၂။ အကျဉ်းသားများ၏ အိပ်စက်ရာနေရာသည် အိပ်ဆောင်ဖြစ်ပါက တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်မည်ဟုယုံကြည်ရသော အကျဉ်းသားများအား အိပ်ဆောင်က လက်ခံနိုင်သမျှသာ ရွေးချယ်ထားရှိရမည်။ ၎င်းအိပ်ဆောင်များသည် ညဖက်တွင် ထောင်အာဏာပိုင်များ၏ အနီးကပ်စောင့်ကြပ်ကြည့်ရှူမှုအောက်တွင် ရှိရမည်။
၃။ အကျဉ်းသားများ၏ အိပ်စက်ရန်နေရာများသည် တိုက်ခန်းဖြစ်စေ၊ အိပ်ဆောင်ဖြစ်စေ လေဝင်လေထွက်ကောင်းမွန်ခြင်း၊ သန့်ရှင်းခြင်း၊ လူတစ်ကိုယ်အိပ်စက်ရန် လုံလောက်သောအကျယ်အဝန်း၊ မီးအလင်းရောင်၊ အပူဓာတ်၊ အအေးဓာတ် စသည့် ကျန်းမာရေးအတွက် လိုအပ်ချက်များအားလုံး ပြည့်စုံရမည်။
၎။ အကျဉ်းသားများ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကူးစက်ရောဂါများ မဖြစ်ပွါးစေရေးအတွက် နေ့စဉ် သန့်ရှင်းသော သောက်ရေအလုံအလောက်ရရှိရေး၊ ချိုးရေအလုံအလောက် ရရှိရေး၊ သန့်ရှင်းစင်ကြယ်သော အိမ်သာများ အသုံးပြုခွင့်ရှိရေးများကို အကျဉ်းထောင်တာဝန်ခံက တာဝန်ယူရမည်။ အိမ်သာသုံးပစ္စည်းများကို အကျဉ်းထောင်/စခန်းမှ အလုံအလောက် ထောက်ပံ့ရမည်။
၅။ မိမိတို့၏ ကိုယ်ပိုင်အဝတ်ကို ဝတ်ဆင်ခွင့်မရသော အကျဉ်းသားများအတွက် ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အထည်များကို အကျဉ်းထောင်/စခန်းမှ အလုံအလောက် ထောက်ပံ့ရမည်။ ၎င်းအဝတ်အထည်များ သန့်ရှင်းသပ်ရပ်နေအောင် ပုံမှန် လျှော်ဖွတ်ပေးရမည်။
၆။ မိမိတို့၏ ကိုယ်ပိုင်အဝတ်အထည်များကို ဝတ်ဆင်ခွင့်ရှိသော အချုပ်အကျဉ်းသားများအတွက် လုံလောက်သော အဝတ်အထည်များ ရရှိရေး ထောင်အာဏာဏာပိုင်များက ၎င်းတို့၏ မိသားစုများနှင့် ဆက်သွယ်စီစဉ်ပေးရမည်။ ၎င်းအဝတ်အထည်များ သန့်ရှင်းသပ်ရပ်နေအောင် ပုံမှန် လျှော်ဖွတ်ပေးရမည်။
၇။ အကျဉ်းသားအားလုံးအတွက် သန့်ရှင်းစင်ကြယ်သော သီးခြားမွေ့ယာ၊ စောင်၊ ခြင်ထောင်နှင့် ကုတင်/ကွပ်ပျစ်များကို အကျဉ်းထောင်/စခန်းမှ ထောက်ပံ့ပေးရမည်။ ယင်းပစ္စည်းများကို အချိန်ကာလသတ်မှတ်ချက်ဖြင့်သော်လည်းကောင်း၊ ပျက်စီးဆွေးမြေ့ခြင်းကြောင့်သော်လည်းကောင်း အစားထိုးလဲလှယ်ပေးရန် အကျဉ်းထောင်/စခန်းတွင် တာဝန်ရှိသည်။ 
၈။ အကျဉ်းသားများအတွက် သတ်မှတ်ထားသော အစားအသောက်များကို နေ့စဉ် ပုံမှန် အလုံအလောက်၊ အချိန်မှန်မှန်ရရှိရေးအတွက် အကျဉ်းထောင်/စခန်းတာဝန်ခံမှ တာဝန်ယူရမည်။ ၎င်းအစားအသောက်များသည် ကျန်းမာရေးလိုအပ်ချက်များနှင့် ပြည့်စုံ၍ အရည်အသွေးပြည့်ဝရန် အကျဉ်းထောင်/စခန်းမှ တာဝန်ယူရမည်။
၉။ အကျဉ်းသားများသည် သတ်မှတ်ချိန်အတွင်း အစာစားသောက်ရာတွင် စားပွဲရှည်၊ ထိုင်ခုံတန်းရှည်များပါဝင်သည့် အကျဉ်းထောင်တွင်း စားသောက်ဆောင်များ၌ စည်းကမ်းတကျစားသောက်ရမည်။ သန့်ရှင်းစင်ကြယ်သော၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ဆောင်များကို အကျဉ်းထောင်/စခန်းတာဝန်ခံက အကျဉ်းထောင်အတွင်း ဖွဲ့စည်း/ တည်ဆောက်ပေးရမည်။ 
၁၀။ အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အကျဉ်းထောင်/စခန်းထဲတွင် အားကစားလေ့ကျင့်ရန် နေရာများ အကျဉ်းထောင်မှ စီစဉ်ပေးရမည်။ တိုက်ခန်းများ၌ နေရသော အကျဉ်းသားများအား တစ်နေ့လျင် အနည်းဆုံး နှစ်နာရီ တိုက်ခန်းပြင်ပ၌ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ခွင့်ပေးရမည်။
၁၁။ အကျဉ်းသားများ၏ ကျန်းမာရေးအတွက် အကျဉ်းထောင်/စခန်းတိုင်းတွင် ကျန်းမာရေးဝန်ကြီးဋ္ဌာနမှ အသိအမှတ်ပြုသော ဆရာဝန် အနည်းဆုံးတစ်ယောက် ထားရှိရမည်။ ဆေးဝါးပစ္စည်းအပြည့်အစုံရှိသော ဆေးခန်း သို့မဟုတ် ဆေးရုံနှင့် ကျွမ်းကျင်သော သူနာပြုများ၊ ဆေးဝါးကျွမ်းကျင်သူများကိုလည်း ခန့်ထားပေးရမည်။ အကျဉ်းသားများအား ဆေးမှူးအဖြစ် ခန့်အပ်တာဝန်ပေးခြင်းကို လုံးဝမပြုလုပ်ရ။
၁၂။ အထူးကုဆရာဝန်ကြီးများ၏ ကုသမှုလိုအပ်သော အကျဉ်းသားလူနာများအား အထူးကုဆရာဝန်ကြီးများတာဝန်ကျသည့် ပြင်ပဆေးရုံများသို့ လွှဲပြောင်းကုသပေးရမည်။
၁၃။ သွား၊ ခံတွင်းနှင့်ပါတ်သက်သော ရောဂါခံစားနေရသည့် အကျဉ်းသားများအား ပြင်ပမှ သွားဖက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းများသို့ ရွှေ့ပြောင်းကုသပေးရမည်။
၁၄။ အကျဉ်းထောင်၏ ကျန်းမာရေးဝန်ထမ်း (ဆရာဝန်) သည်
(က) အကျဉ်းသားများအားကျွေးသော အစားအစာများ၏ ချက်ပြုတ် ပြင်ဆင်မှု၊ အရည်အသွေး၊ ပမာဏ
(ခ) အကျဉ်းသားများနှင့် အကျဉ်းထောင်၏ သန့်ရှင်းစင်ကြယ်မှု၊ အနံ့အသက်
(ဂ) အကျဉ်းထောင်၏ ရေဆိုးစွန့်စနစ်၊ အမှိုက်သိမ်းစနစ်၊ မိလ္လာစနစ်၊ အလင်းရောင်၊ အပူ၊ အအေး၊ လေဝင်လေထွက်
(ဃ) အကျဉ်းသားများ၏ အဝတ်အထည်နှင့် အိပ်ယာများ
(င) အကျဉ်းသားများ၏ ကျန်းမာရေးလေ့ကျင့်မှုများ
(စ) အကျဉ်းသားများ အလုပ်လုပ်ရသည့် လုပ်ငန်းခွင်များ
ကို ပုံမှန်စစ်ဆေးပြီး လိုအပ်သည်များကို အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိအား အကြံပေးရမည်။
၁၅။ အကျဉ်းထောင်/စခန်း တာဝန်ခံအရာရှိသည် ကျန်းမာရေးဝန်ထမ်း၏ အကြံပြုချက်များကို ၎င်း၏ လုပ်ပိုင်ခွင့်အတွင်းဖြစ်ပါက ချက်ချင်းအကောင်အထည်ဖော် ဆောင်ရွက်ရမည်။ ၎င်း၏ လုပ်ပိုင်ခွင့်အာဏာထက် ကျော်လွန်နေပါက ကျန်းမာရေးဝန်ထမ်း၏ ထောက်ခံချက်ဖြင့် အကျဉ်းဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ်ထံ အစီရင်ခံတင်ပြရမည်။  
၁၆။ အကျဉ်းထောင်/စခန်းများတွင် အကျဉ်းသားများအတွက် စာကြည့်တိုက်များ ထားရှိပေးရမည်။ ယင်းစာကြည့်တိုက်များတွင် နေ့စဉ်သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများနှင့် စာအုပ်များစုဆောင်းထားရှိပြီး အကျဉ်းသားများအား အချိန်သတ်မှတ်၍ ဖတ်ရှုခွင့်ပေးရမည်။
၁၇။ အကျဉ်းသားများအား မိသားစုနှင့် ပုံမှန် ထောင်ဝင်စာတွေ့ဆုံခွင့်နှင့် စာရေးဆက်သွယ်ခွင့် ပေးရမည်။
၁၈။ အကျဉ်းသားများအား သက်ဆိုင်ရာ ဘာသာတရားအလိုက် လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးရမည်။ အကျဉ်းထောင်/စခန်းတာဝန်ခံအရာရှိသည် လူများစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအတွက် တရားဟောပြောပွဲများ၊ တရားစခန်းများ၊ ဘာသာရေးအခန်းအနားများ အခါအားလျော်စွာ စီစဉ်ပေးသလို အခြားဘာသာကိုးကွယ်သူများအတွက်လည်း သင့်တင့်လျောက်ပတ်သည့် ဘာသာရေးအခန်းအနားများ၊ ဝတ်ပြုဆုတောင်းပွဲများ ဆောင်ရွက်ခွင့်ပြုရမည်။
၁၉။ အကျဉ်းသားများအား မြန်မာ့တပ်မတော်၏ စစ်ဆင်ရေးများအတွက် ရှေ့တန်းလုပ်အားပေးပေါ်တာများအဖြစ် အသုံးချခြင်း လုံးဝမပြုလုပ်ရ။

၁၉၈၉ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ အင်းစိန်ထောင်နဲ့ သရက်ထောင်များမှာ လေးနှစ်ကျော်အကျဉ်းကျခဲ့စဉ်က ကျနော်ဟာ အလျား ၈ ပေ၊ အနံ ၁၂ ပေလောက်ရှိတဲ့ တိုက်ခန်းထဲမှာ ငါးယောက်အထိ စုပြုံနေခဲ့ရပါတယ်။ သံမံတလင်းကြမ်းပြင်ပေါ်မှာ ဝါးဖျာကြမ်းတစ်ချပ်ခင်းပြီး အိပ်ကြရပါတယ်။ အိပ်ဆောင်ကို ရောက်တော့ အခန်းတစ်ခန်းမှာ အကျဉ်းသား ၁၅၀ လောက် သံမံတလင်းကြမ်းပြင်ပေါ်မှာ ကြပ်ကြပ်သိပ်သိပ် ပူးကပ်ပြီး အိပ်ကြရပါတယ်။ တိုက်မှာ ထမင်းစားတော့ အခန်းအပြင်ကနေ တံခါးကြားက ထိုးပေးတဲ့ ထမင်းပန်းကန်ကို ယူပြီး အခန်းတွင်းမှာပဲ စားရပါတယ်။ အိပ်ဆောင်မှာကျတော့ အကျဉ်းသား တစ်ထောင်ကျော်လောက်ဟာ အိပ်ဆောင်ရဲ့ ကော်ရစ်ဒါကြမ်းပြင်ပေါ်မှာပဲ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေ ထောင်ပေါင်းများစွာဝိုင်းရံပြီး အလုအယက် ထိုင်စားကြရပါတယ်။ ဒီလို လူသားမဆန် နှိမ့်ချခံရမှုတွေ အကျဉ်းထောင်များအတွင်းမှာ ပျောက်ကွယ်စေချင်ပါတယ်။ 

မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့် အပိုင်း (၁၀၁)

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၁၊ အမှတ် ၂၅၊ ဇူလိုင်လ ၁၆ ရက်၊ ၂၀၁၅၊ စာမျက်နှာ ၁၄)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁၀၁) လွှတ်တော်နှင့် အကျဉ်းထောင်များဥပဒေကြမ်း (ခ)

#နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း ဆုံးဖြတ်ခြင်း

ဒီဥပဒေမှာ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း ဘယ်လိုဆုံးဖြတ်မလဲဆိုတာကိုလည်း ထည့်သွင်းရေးဆွဲရမှာပါ။ မဆလပါတီအစိုးရလက်ထက် ၁၉၈၀ ခုနှစ်မှာ နိုင်ငံတော်ကောင်စီ အမိန့်အမှတ် ၂/၈၀ နှင့် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်ပေးစဉ်က နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ချွင်းချက်မရှိလွှတ်ပေးခဲ့ပါတယ်။ ထိုစဉ်က အကျဉ်းဦးစီးဋ္ဌာန၏ မေတ္တာရပ်ခံချက်အရ နိုင်ငံတော်ကောင်စီက အောက်ပါအတိုင်း  နိုင်ငံရေးအကျဉ်းသားများကို သတ်မှတ်ပေးခဲ့ပါတယ်။

(က) ၁၉၀၈ ခုနှစ် မတရားအသင်း အက်ဥပဒေအရ ပြစ်မှုများ
(ခ) ပြစ်မှုဥပဒေ ပုဒ်မ-၁၂၁ မှ ၁၃၀(ခ) အထိပါ အစိုးရကိုဆန့်ကျင်သော ပြစ်မှုများ
(ဂ) ပြစ်မှုဥပဒေ အခန်း (၈) ပါ နိုင်ငံတော်ငြိမ်ဝပ်ရေးကို ပျက်စေသော ပြစ်မှုများနှင့်ပတ်သတ်၍ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၇၊ ၁၄၈၊ ၁၅၁၊ ၁၅၂၊ ၁၅၃၊ ၁၅၃(က) အရ ပြစ်မှုများ
(ဃ) ၁၉၅၀-ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေအရ ပြစ်မှုများ ဥပမာ- ပုဒ်မ ၅(ည)
(င) နိုင်ငံတော်ကိုဦးဆောင်သော လမ်းစဉ်ပါတီအား ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ
(စ) နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရယ်မှ ကာကွယ်သည့် ဥပဒေအရ ပြစ်မှုများ ပုဒ်မ ၁၀(က)၊ ၁၀(ခ) နှင့်
(ဆ) ပြည်သူ့လွှတ်တော်နှင့် ပြည်သူ့ကောင်စီအဆင့်ဆင့် ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ ဥပဒေအရ ပြစ်မှုများ အားလုံးသည် “နိုင်ငံရေးပြစ်မှု” ဆိုသည့် စကားရပ်တွင် အကျုံးဝင်သည်။

ဒီဘက်ခေတ်မှာတော့ နိုင်ငံရေးအကျဉ်းသားဖြစ်ကြောင်း ဆုံးဖြတ်ခွင့်ကို ခရိုင်အဆင့်တရားသူကြီးတစ်ဦးကို တာဝန်ပေးသင့်ပါတယ်။ တရားရုံးများမှာ တရားသူကြီးများက အမိန့်ချမှတ်ရာမှာ ဥပဒေနဲ့ကိုက်ညီတဲ့ ပြစ်ဒဏ်ကိုသာ ချမှတ်မှာဖြစ်ပြီး ပြစ်ဒဏ်ကျအကျဉ်းသားသည် "နိုင်ငံရေးအကျဉ်းသားဖြစ်သည်" လို့ ဆုံးဖြတ်ပေးရန်တာဝန်မရှိပါ။ အကျဉ်းထောင်အာဏာပိုင်များကလည်း တရားရုံးက လွှဲပြောင်းပေးလိုက်တဲ့ ပြစ်ဒဏ်ကျသူကို သာမာန်အကျဉ်းသားအဖြစ်ပဲ သတ်မှတ်ဆက်ဆံမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ပြစ်ဒဏ်ကျခံရသူက ၎င်းသည် "နိုင်ငံရေးအကျဉ်းသားဖြစ်သည်" ဟု ယုံကြည်လျင် သက်ဆိုင်ရာ ခရိုင်တရားသူကြီးထံကို "နိုင်ငံရေးအကျဉ်းသား" အဖြစ် သတ်မှတ်ပေးရန် ဦးတိုက်လျှောက်ထားရမှာဖြစ်ပါတယ်။ ခရိုင်တရားသူကြီးက လျှောက်လွှာလက်ခံရရှိတဲ့နေ့မှ ရက် နှစ်ပါတ်အတွင်းမှာ အဆုံးအဖြတ်ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အောက်ပါပြဋ္ဌာန်းချက်ကို အခန်း (၁) မှာပဲ "နိုင်ငံရေးအကျဉ်းသား" အဓိပ္ပာယ်ဖော်ပြချက်နဲ့ ဆက်ပြီး ပြဋ္ဌာန်းသင့်ပါတယ်။

"တရားရုံးတွင် တရားရင်ဆိုင်နေရသော အချုပ်သား သို့မဟုတ် တရားရုံးမှ ပြစ်ဒဏ်ချမှတ်လိုက်သော အကျဉ်းသားသည် "နိုင်ငံရေးအကျဉ်းသား" ဖြစ်ကြောင်းကို ခရိုင်အဆင့်တရားသူကြီးတစ်ဦးဦးမှ ဆုံးဖြတ်နိုင်သည်။ သက်ဆိုင်ရာ တာဝန်ခံအရာရှိသည် သက်ဆိုင်ရာအချုပ်သား သို့မဟုတ် အကျဉ်းသားအား ၎င်း၏ ရှေ့နေမှတဆင့်ဖြစ်စေ၊ အကျဉ်းထောင်မှ တဆင့်ဖြစ်စေ အကျဉ်းထောင်တည်ရှိရာဒေသကို စီရင်ပိုင်ခွင့်ရှိသော ခရိုင်တရားရုံးသို့ နိုင်ငံရေးအကျဉ်းသားအဆင့်သတ်မှတ်ရေး လျှောက်ထားလွှာကို အမြန်ဆုံးတင်သွင်းနိုင်ရန် ကူညီစီစဉ်ပေးရမည်။ သက်ဆိုင်ရာ ခရိုင်တရားသူကြီးမှ အချုပ်သား/အကျဉ်းသား၏ လျှောက်ထားလွှာရရှိသည့်နေ့မှ ရက် နှစ်ပါတ်အတွင်း အဆုံးအဖြတ်ပေးရမည်။ တရားသူကြီး၏ အဆုံးအဖြတ်အတိုင်း အကျဉ်းထောင် တာဝန်ခံအရာရှိက ဆက်လက်အကောင်အထည်ဖော်ရမည်။"

#ကျန်းမာရေးဝန်ထမ်း

ဒီဥပဒေကြမ်း အခန်း (၁) အမည်နှင့် အဓိပ္ပာယ်ဖော်ပြချက်၊ ပုဒ်မ ၂၊ ပုဒ်မခွဲ (ရ) မှာ "ကျန်းမာရေးဝန်ထမ်း" ဆိုသည်မှာ အကျဉ်းဦးစီးဋ္ဌာနတွင် အချိန်ပြည့် သို့မဟုတ် အချိန်ပိုင်းတာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်း၍ဖြစ်စေ၊ ဝန်ကြီးဋ္ဌာနမှ တိုက်ရိုက်ဖြစ်စေ တရားဝင်အသိအမှတ်ပြုခန့်ထားသော ဝန်ထမ်းကို ဆိုလိုသည်" ဟု အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။ မလုံလောက်ပါ။ ဒီ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ပြင်ဆင်ရေးသားဖို့ လိုအပ်ပါတယ်။

"ကျန်းမာရေးဝန်ထမ်း" ဆိုတာ အကျဉ်းသားများအတွက် အင်မတန်အရေးကြီးပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအတွက်သာမကပါ။ ဒီဥပဒေကြမ်း ပုဒ်မ (၂၇)၊ ပုဒ်မခွဲ (က)၊ (ခ) နဲ့ (ဂ) များအရ အကျဉ်းသားများအား အခြားအကျဉ်းထောင်သို့ မပြောင်းရွှေ့မီ ကျန်းမာရေးဝန်ထမ်းက စစ်ဆေးကြည့်ရှူရမှာဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းရဲ့ ကျန်းမာရေးဆေးစစ်ချက်နှင့် ပြောင်းရွှေ့ရန်အခြေအနေသင့်ကြောင်း ထောက်ခံချက်ပါမှ အကျဉ်းသားကို အခြားထောင်သို့ ပြောင်းရွှေ့နိုင်မှာ ဖြစ်ပါတယ်။ ကျန်းမာရေးဝန်ထမ်းက ပြောင်းရွှေ့ရန်မသင့်လို့ မှတ်ချက်ပေးတဲ့ အကျဉ်းသားကို အခြားထောင်သို့ ပြောင်းလို့မရပါ။ အဲဒီလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်နိုင်တဲ့ "ကျန်းမာရေးဝန်ထမ်း" ဆိုတာကို ဥပဒေမှာ ခိုင်ခိုင်မာမာ လုံလုံလောက်လောက် အဓိပ္ပာယ်ဖွင့်ဆိုခြင်းမရှိရင် အဲဒီ "ကျန်းမာရေးဝန်ထမ်း" ဆိုတာ ထောင်ထဲမှာ "မည်သူမဆို" ဖြစ်နိုင်ပါတယ်။ ပြီးတော့ ကျန်းမာရေးဝန်ထမ်းဆိုတာ အကျဉ်းဦးစီးဋ္ဌာနရုံးမှာ တာဝန်ထမ်းဆောင်ဖို့ မဟုတ်ပဲ အကျဉ်းထောင်များ၊ စခန်းများမှာ အချိန်ပြည့်တာဝန်ထမ်းဆောင်ဖို့ ဖြစ်ပါတယ်။

ကျနော် ထောင်ကျခဲ့စဉ်က (၁၉၈၉-၁၉၉၃) အင်းစိန်ထောင်မှာ ထောင်ဆရာဝန် နှစ်ဦးပဲရှိပါတယ်။ ဒီဆရာဝန်နှစ်ဦးက ထောင်ပေါင်းများစွာသော အချုပ်သား၊ အကျဉ်းသားတွေအားလုံးကို တာဝန်မယူနိုင်ပါ။ ဒါကြောင့် အကျဉ်းဦးစီးဋ္ဌာန ဝန်ထမ်းအချို့ကို ဆေးသင်တန်းပေးပြီး ဆေးမှူးခန့်ပါတယ်။ အကျဉ်းဦးစီးဝန်ထမ်းဆေးမှူးတွေက သာမာန်တပ်သား သို့မဟုတ် ဒုတပ်ကြပ်အဆင့်တွေဖြစ်ပြီး တစ်ထောင်လုံးမှ ၃/၄ ယောက်ပဲ ရှိပါတယ်။ ဒီဝန်ထမ်းဆေးမှူးတွေဟာ တကယ်တော့ ကျန်းမာရေးဝန်ကြီးဋ္ဌာနက သင်တန်းဆင်း၊ လိုင်စင်ရ သူနာပြုများ၊ ကျန်းမာရေးမှူးများလို ဆေးပညာတကယ် တတ်ကျွမ်းသူများမဟုတ်ကြပဲ ဆေးအမျိုးအစားခွဲခြားတတ်ရုံလောက်၊ ဆေးထိုးအပ်ကိုင်တတ်ရုံလောက်သာ နားလည်ကြတာပါ။ ဒါပေမည့် သူတို့ကပဲ တစ်ထောင်လုံးကို လှည့်ပြီး ဆေးကုနေကြတာပါ။  နောက်တော့ အကျဉ်းသားဆေးမှူးတွေ ပေါ်လာပြန်ပါတယ်။ ဝန်ထမ်းဆေးမှူးတွေနဲ့တင် မလုံလောက်တဲ့အခါကျတော့ အကျဉ်းသားများထဲက ပညာအရည်အချင်းအတန်အသင့်ရှိသူ၊ ဆေးအမည်တွေ ရေးတတ်၊ ဖတ်တတ်သူ၊ ဒါမှမဟုတ် အာဏာပိုင်များက စောင့်ရှောက်ကြည့်ရှူရမည့်သူအချို့ကို အကျဉ်းသားဆေးမှူးအဖြစ် တာဝန်ပေးပြန်ပါတယ်။ ဆရာဝန်ဆိုတာကို အကျဉ်းသားတွေက ထောင်ပိုင်တန်းစီလှည့်တဲ့နေ့မှပဲ ထောင်ပိုင်နဲ့အတူ ပါလာတတ်တာကို တွေ့ဖူးကြတာပါ။ ဒါကြောင့်မို့ "ကျန်းမာရေးဝန်ထမ်း" ဆိုတာကို အတိအကျအဓိပ္ပာယ်မဖွင့်ဆိုရင် အကျဉ်းထောင်ထဲမှာ "ဆရာဝန်၊ ဝန်ထမ်းဆေးမှူး၊ အကျဉ်းသားဆေးမှူး" စသည်ဖြင့် မည်သူမဆို ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ အဆိုပါ ပုဒ်မ ၂၊ ပုဒ်မခွဲ (ရ) ကို အောက်ပါအတိုင်း ပြင်ဆင်သင့်ပါတယ်။

"ကျန်းမာရေးဝန်ထမ်း ဆိုသည်မှာ အကျဉ်းဦးစီးဋ္ဌာန လက်အောက်ခံ အကျဉ်းထောင်များ၊ စခန်းများတွင် အချိန်ပြည့်တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ကြီးဋ္ဌာနနှင့် ညှိနှိုင်း၍ဖြစ်စေ၊ ဝန်ကြီးဋ္ဌာနမှ တိုက်ရိုက်ဖြစ်စေ တရားဝင်အသိအမှတ်ပြုခန့်ထားသော အနည်းဆုံး လက်ထောက်ဆရာဝန်အဆင့်ရှိသူများကို ဆိုသည်။"

#အကျဉ်းသားများကို စီမံခန့်ခွဲခြင်း

ဒီဥပဒေကြမ်း၊ အခန်း (၃) က "အကျဉ်းသားများကို စီမံခန့်ခွဲခြင်း" နဲ့ ပါတ်သက်ပါတယ်။ "အကျဉ်းသားများကို ခွဲခြားထားရှိခြင်း" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပုဒ်မ ၂၄၊ ပုဒ်မခွဲ (က) ကနေ (စ) အထိ အကျဉ်းသားများကို အမျိုးသမီး၊ အမျိုးသား ခွဲခြားထားရှိရန်၊ အသက် (၁၆) နှစ်ပြည့်ပြီး (၁၈) နှစ် မပြည့်သေးတဲ့ လူငယ်အကျဉ်းသားများအား အခြားအကျဉ်းသားများနှင့် ခွဲခြားထားရှိရန်၊ အသက် (၁၆) နှစ် မပြည့်သေးတဲ့ ကလေးသူငယ်များကို အကျဉ်းထောင်များမှာ အကျဉ်းသားအဖြစ် လက်ခံခြင်းမပြုရန်၊ အချုပ်အကျဉ်းသားနှင့် ပြစ်ဒဏ်ကျအကျဉ်းသားများကို ခွဲခြားထားရှိရန်၊ ပြစ်ဒဏ်ကျအကျဉ်းသားများနှင့် တရားမအကျဉ်းသားများကို ခွဲခြားထားရှိရန်၊ သေဒဏ်ကျခံရသော အကျဉ်းသားများအား အခြားအကျဉ်းသားများနှင့် ခွဲခြားပြီး သီးသန့်အခန်းတွင် ထားရန်၊ စတာတွေကိုဖော်ပြထားပါတယ်။ ဒီပုဒ်မ ၂၄ မှာ နိုင်ငံရေးအကျဉ်းသားများအတွက် အောက်ပါအတိုင်း ထည့်သွင်းရေးဆွဲသင့်ပါတယ်။

"ခရိုင်အဆင့်တရားသူကြီးတစ်ဦးဦးမှ နိုင်ငံရေးအကျဉ်းသားဖြစ်သည်ဟု ဆုံးဖြတ်သော နိုင်ငံရေးအကျဉ်းသားများအား အခြားအကျဉ်းသားများနှင့် ခွဲခြားထားရှိရမည်။"

အကျဉ်းထောင်များထဲမှာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုက ယောက်ျားချင်း၊ မိန်းမချင်း ခိုးကြောင်ခိုးဝှက် လိင်တူဆက်ဆံကြတာပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ ပြစ်ဒဏ်နှစ်ကြီးကြီးကျတဲ့ ရာဇဝတ်အကျဉ်းသားများက ပြစ်ဒဏ်နည်းပြီး အင်အားချို့တဲ့တဲ့ အခြားအကျဉ်းသားများကို နိုင့်ထက်စီးနင်းဖိအားပေးပြီး လိင်တူဆက်ဆံကြတာတွေ ရှိပါတယ်။ ယောက်ျားစစ်စစ်ကိုတောင် ခြိမ်းခြောက်အနိုင်ကျင့်ပြီး လိင်စိတ်ပြောင်းအောင် လုပ်တတ်ကြတဲ့ အကျဉ်းထောင်ထဲမှာ မိန်းမစိတ်ပေါက်နေတဲ့ အမျိုးသားတွေကို အခြားအမျိုးသားများနဲ့ အတူထားရင်၊ ယောက်ျားစိတ်ပေါက်နေတဲ့ အမျိုးသမီးတွေကို  အခြားအမျိုးသမီးများနဲ့ အတူထားရင် ပြဿနာပိုပြီး ကြီးမားနိုင်ပါတယ်။ ဒါကြောင့် အောက်ပါအချက်ကိုလည်း ပုဒ်မ ၂၄ မှာ ထည့်သွင်းရေးဆွဲသင့်ပါတယ်။

"မိန်းမစိတ်ပေါက်နေသည့်အမျိုးသားများကို အခြားအမျိုးသားများနှင့် ခွဲခြား၍ သီးသန့်အခန်းတွင်ထားရှိရမည်။ ယောက်ျားစိတ်ပေါက်နေသော အမျိုးသမီးများကို အခြားအမျိုးသမီးများနှင့် ခွဲခြား၍ သီးသန့်အခန်းတွင်ထားရှိရမည်။"