BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 27, 2012

Burma's Parliament Watch Part Three



(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၆၊ စာမျက်နှာ ၁၈၊ ဒီဇင်ဘာ ၂၇၊ ၂၀၁၂)
မြန်မာနိုင်ငံ ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့်အဝေးကြည့်

အောင်ဒင်

အပိုင်း (၃) ဗဟိုချုပ်ကိုင်မှု ကြီးမားခြင်း

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၁ နဲ့ ၁၄၃ များအရ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ဥက္ကဌ နဲ့ ဒု- ဥက္ကဌ  များကို သက်ဆိုင်ရာ ကိုယ်စားလှယ်များထဲက ရွေးချယ် တင်မြှောက်ရပြီး အဆိုပါ  ဥက္ကဌ နဲ့ ဒု  ဥက္ကဌ များဟာ သက်ဆိုင်ရာ လွှတ်တော်များရဲ့ အကြီးအကဲများဖြစ်လာပါတယ်၊ လွှတ်တော်သက်တမ်း တလျှောက်လုံးမှာ လွှတ်တော်အကြီးအကဲများအတွက် ပေးအပ်ထားတဲ့ အာဏာများက ကြီးမား ကျယ်ပြန့်လှတာမို့ မြန်မာနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်ဟာ ပြည်သူ့ကိုယ်စားလှယ်များ စုပေါင်းတာဝန်ယူခြင်း၊ စုပေါင်း ခေါင်းဆောင်ခြင်း ဆိုတဲ့အသွင်မဆောင်ပဲ ဥက္ကဌများ ဦးဆောင်တဲ့ ဗဟိုဦးစီး စနစ်နဲ့ မောင်းနှင်နေတာကို တွေ့ရပါတယ်၊ 


လွှတ်တော် ဥက္ကဋ္ဌ များဟာ သူတို့ ကြိုက်နှစ်သက် တဲ့အချိန်မှာ လွှတ်တော်အစည်းအဝေးများ ခေါ်ယူနိုင်ပြီး သူတို့ကြိုက်နှစ်သက်တဲ့အချိန်မှာ အစည်းအဝေးများကို ရပ်ဆိုင်းနိုင်ပါတယ်၊ လွှတ်တော်အစည်းအဝေးများကျင်းပချိန်မှာလဲ အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲပါတယ်၊ လွှတ်တော် ရဲ့ အမြဲတမ်းကော်မီတီ လေးရပ် ဖြစ်တဲ့ ဥပဒေကြမ်းကော်မီတီ၊ ပြည်သူ့ငွေစာရင်းကော်မီတီ၊ လွှတ်တော်အခွင့်အရေးကော်မီတီ နဲ့ အစိုးရ၏ အာမခံချက်များ၊ ကတိများ နှင့် တာဝန်ခံချက်များ စီစစ်ရေးကော်မီတီ များကို သူတို့ စိတ်တိုင်းကျ ကိုယ်စားလှယ်များ နဲ့ စိတ်ကြိုက်ဖွဲ့စည်းတာဝန် ပေးခွင့်ရှိပါတယ်၊ လွှတ်တော် ရေးရာကော်မီတီများကိုလဲ သူတို့ စိတ်တိုင်းကျ ကိုယ်စားလှယ်များ နဲ့ ဖွဲ့စည်းပြီး သက်တမ်းသတ်မှတ် ပေးနိုင်၊ သက်တမ်းတိုးမြှင့်ပေးနိုင်ပါတယ်၊ အဲဒါအပြင် လွှတ်တော် ကော်မရှင်များ၊ အဖွဲ့များကိုလဲ ၎င်းတို့ စိတ်တိုင်းကျ ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်မဟုတ်သူများ နဲ့ ဖွဲ့စည်းပြီး သက်တမ်းသတ်မှတ်တာဝန်ပေးနိုင်၊ လိုအပ်သလို သက်တမ်းတိုးမြှင့်ပေးနိုင်ပါတယ်၊ တခါ အစိုးရအဖွဲ့က တာဝန်ရှိပုဂ္ဂိုလ်များကိုလဲ လွှတ်တော်အစည်းအဝေးကို တက်ရောက်ပြီး ဋ္ဌာနဆိုင်ရာ ဆောင်ရွက်မှုများ ကို ရှင်းလင်းတင်ပြဖို့ နဲ့ မေးခွန်းများကို ဖြေကြားဖို့ ဆင့်ခေါ်နိုင်ပါတယ်၊


လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး (ဦးရွှေမန်း နဲ့ ဦးခင်အောင်မြင့်) ဟာ ၂၀၀၈ ဖွဲ့စည်းပုံအရ နိုင်ငံတော်ရဲ့ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ "အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေးကောင်စီ" ရဲ့ အဖွဲ့ဝင် ၁၁ ဦးမှာ ပါဝင်တာမို့ ဥပဒေပြုရေးမှာ အမြင့်ဆုံးအာဏာတွေ ရထားတဲ့အပြင် အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာတွေကိုလဲ ပိုင်ဆိုင်ခွင့်ရှိတာ တွေ့ရပါတယ်၊ ဒါကြောင့်မို့ လွှတ်တော် ဥက္ကဋ္ဌများကို ၂၀၀၈ ဖွဲ့စည်းပုံက ပေးအပ်ထားတဲ့ အာဏာတွေဟာ ဥပဒေပြုရေးမှာရော၊အုပ်ချုပ်ရေးမှာပါ များပြားလွန်းလှတာ တွေ့ရပါတယ်၊


အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌတာဝန်များကို လူများစုအနိုင်ရပါတီ ရဲ့ ခေါင်းဆောင် (Majority Leader) က ရရှိပါတယ်၊ အောက်လွှတ်တော်ကို လူများစုပါတီခေါင်းဆောင်က Speaker of the House  ရာထူးနဲ့  ဦးဆောင်ပါတယ်၊ အထက်လွှတ်တော် ရဲ့ တရားဝင် ဥက္ကဋ္ဌက အမေရိကန်ပြည်ထောင်စု ရဲ့ ဒုတိယ သမ္မတ ဖြစ်ပါတယ်၊ ဒုတိယ သမ္မတ က အထက်လွှတ်တော် မှာ အရေးကြီးတဲ့ ဥပဒေမူကြမ်းတွေကို မဲခွဲရာမှာ ထောက်ခံ မဲ နဲ့ ကန့်ကွက်မဲ ညီမျှနေရင် အဆုံးအဖြတ်မဲ ပေးနိုင်ဖို့သာဖြစ်ပြီး ကျန်တဲ့အချိန်တွေမှာ လူများစုပါတီခေါင်းဆောင်က တာဝန်ပေးတဲ့ အထက်လွှတ်တော်အမတ် တစ်ယောက်က ဥက္ကဋ္ဌ (President Pro Tempore) အဖြစ်တာဝန်ထမ်းဆောင်ပါတယ်၊ ဒါကြောင့် အထက်လွှတ်တော်ရဲ့ အကြီးအကဲက လူများစုပါတီခေါင်းဆောင်ဖြစ်ပါတယ်၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စု ရဲ့ လွှတ်တော်အကြီးအကဲများဟာ မြန်မာနိုင်ငံက လွှတ်တော်ဥက္ကဋ္ဌများလို အကြွင်းမဲ့ အာဏာမရှိကြပါ၊ သူတို့ဟာ လွှတ်တော်အစည်းအဝေး အချိန်ဇယား ရေးဆွဲရာမှာ လူနည်းစုပါတီခေါင်းဆောင် (Minority Leader) များနဲ့ ညှိနှိုင်းရေးဆွဲရပါတယ်၊ လွှတ်တော်ယန္တရား ကြီးကို မောင်းနှင်ရာမှာလဲ လွှတ်တော်အကြီးအကဲများရဲ့ အောက်မှာ အဆင့်ဆင့်သော ခေါင်းဆောင်များကို သက်ဆိုင်ရာပါတီအလိုက် ရွေးချယ်ပြီး စုပေါင်းခေါင်းဆောင်မှုနဲ့ မောင်းနှင်ကြတာပါ၊


လူများစုခေါင်းဆောင်၊ လူနည်းစုခေါင်းဆောင်များရဲ့ အောက်မှာ Whip လို့ ခေါ်တဲ့ ဒုတိယခေါင်းဆောင်များ ရှိပြီး အဲဒီ    Majority Whip နဲ့ Minority Whip များက လွှတ်တော်အလုပ်လုပ်ချိန် ရက်များ (Congress in Session) အတွင်း ဥပဒေကြမ်းများကို မဲခွဲမည့် အချိန်ဇယား (Floor Voting Schedule) ကို တာဝန်ခံ ပြင်ဆင်ကြရတာပါ၊ သူတို့ရဲ့အောက်မှာ တတိယအဆင့် ခေါင်းဆောင်များဖြစ်ကြတဲ့ ပါတီမူဝါဒရေးရာကော်မီတီ ဥက္ကဋ္ဌများ (Policy Committee Chairs) နဲ့ စတုတ္ထအဆင့်ခေါင်းဆောင်များဖြစ်ကြတဲ့ ပါတီ စုံညီအစည်းအဝေး ဥက္ကဋ္ဌများ (Conference Chairs) ရှိကြပါတယ်၊ဒီတော့ လွှတ်တော်အကြီးအကဲ များက လွှတ်တော်ယန္တရား မှန်မှန်လည်ပါတ်နိုင်အောင် လိုအပ်တဲ့ လမ်းညွှန်မှု ကိုပဲ ပေးပြီး လွှတ်တော်ယန္တရားကြီး တစ်ခုလုံးရဲ့ နေ့စဉ်လုပ်ငန်းများကိုတော့ အဆင့်ဆင့်သော ခေါင်းဆောင်များက အသေးစိတ် အကောင်အထည်ဖော်ကြတာပါ၊ 


အောက်လွှတ်တော်မှာ ရေးရာကော်မီတီ (Committee ) ပေါင်း ၂၁ ခုရှိပြီး ဆပ်ကော်မီတီ (Sub Committee) ပေါင်း ၁၀၄ ခု ရှိပါတယ်၊ အထက်လွှတ်တော်မှာ ရေးရာကော်မီတီပေါင်း ၂၀ နဲ့ ဆပ်ကော်မီတီ ၇၃ ခု ရှိပါတယ်၊ အောက်လွှတ်တော် နဲ့အထက်လွှတ်တော် ပူးတွဲကော်မီတီ (Joint Committee) ၄ ခု ရှိပါတယ်၊အဲဒီ ကော်မီတီ တွေ၊ ဆပ်ကော်မီတီ တွေမှာ လူများစုပါတီ  နဲ့ လူနည်းစုပါတီများက လွှတ်တော်အမတ်များ အချိုးကျပါဝင်ကြပါတယ်၊ လူများစုပါတီ က ရွေးချယ်တာဝန်ပေးခံရသူက ကော်မီတီ၊ ဆပ်ကော်မီတီ ဥက္ကဋ္ဌများ (Chairperson) အဖြစ် တာဝန်ယူကြပြီး လူနည်းစုပါတီက လွှတ်တော်ကိုယ်စားလှယ်များရဲ့ ခေါင်းဆောင် (Ranking Member) နဲ့ တိုင်ပင်ပြီး ကော်မီတီ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ကြပါတယ်၊ နိုင်ငံတော်သမ္မတ သက်တမ်းမကုန်ဆုံးခင် နှုတ်ထွက်သွားရင်၊ သေဆုံးသွားရင် ရာထူးဆက်ခံရမည့် အစီအစဉ် (U.S. Presidential Line of Succession) မှာ အောက်လွှတ်တော် ဥက္ကဋ္ဌ က နံပါတ် ၂ နဲ့ အထက်လွှတ်တော် ဥက္ကဋ္ဌ က နံပါတ် ၃ မှာ ရှိတာကလွဲရင် အမေရိကန် ကွန်ဂရက်လွှတ်တော်အကြီးအကဲများမှာ အုပ်ချုပ်ရေးအာဏာ (Executive Power) မရှိပါ၊


အမေရိကန် ကွန်ဂရက်လွှတ်တော်မှာ လွှတ်တော် နှစ်ရပ်ပေါင်းအစည်းအဝေး (Joint Session of Congress ) ကို နိုင်ငံတော် သမ္မတရဲ့ ကျမ်းသစ္စာကျိမ်ဆိုပွဲ (Inauguration) နဲ့ တစ်နှစ် တစ်ခါ နိုင်ငံတော် သမ္မတ ရဲ့ နိုင်ငံတော်၏အခြေအနေ (State of the Union) အစီရင်ခံစာ တင်သွင်းရာမှာ၊ ပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်များကို ဖိတ်ကြားဂုဏ်ပြုရာမှာပဲ ကျင်းပလေ့ ရှိပါတယ်၊ မြန်မာနိုင်ငံမှာလို ပြည်ထောင်စုလွှတ်တော်အစည်းအဝေး ဆိုပြီး မကြာခဏကျင်းပတာမျိုး မရှိပါ၊ ဥပဒေကြမ်း တစ်ခုကို အတည်ပြုရာမှာ အောက်လွှတ်တော် နဲ့ အထက်လွှတ်တော်မှာ သီးခြားဆီ မဲခွဲဆုံးဖြတ်ကြပြီး မတူညီမှု၊ ကွဲပြားမှုတွေ ရှိရင် လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်အရေအတွက် အတူတူပါဝင်တဲ့ ပူးတွဲကော်မီတီ တစ်ရပ် (Conference Committee) ကို ဖွဲ့စည်းပြီး မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းကြပါတယ်၊ ပူးတွဲကော်မီတီ ရဲ့ ညှိနှိုင်းမှုနဲ့ အားလုံးသဘောတူတဲ့ အခြေအနေရောက်ပြီဆိုရင် လွှတ်တော်နှစ်ရပ်မှာ ပြင်ဆင်ထားတဲ့ ဥပဒေမူကြမ်း တစ်ခုထဲကို ပြန်လည် မဲခွဲပြီး အများစုထောက်ခံမဲ ရရင် သမ္မတစီ ပေးပို့ပါတယ်၊


လွှတ်တော် တခုချင်းရဲ့ အစည်းအဝေးတွေ (Floor Meeting) ကိုလဲ မြန်မာနိုင်ငံမှာလို နေ့တိုင်းခေါ်ယူကျင်းပနေတာ မဟုတ်ပါ၊ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အဓိက တာဝန်ဖြစ်တဲ့ ဥပဒေကြမ်းများ ရေး ဆွဲ ရေး၊ အစိုးရဋ္ဌာနများရဲ့ လုပ်ငန်းဆောင်ရွက်မှုများကို စောင့်ကြည့်ဝေဘန်ရေး နဲ့ နိုင်ငံတော် နှစ်စဉ်အသုံးစားရိတ် ခွဲဝေသတ်မှတ်ရေး လုပ်ငန်းတွေ ကို သက်ဆိုင်ရာ ရေးရာ ကော်မီတီ များမှာပဲ စတင်အခြေပြု ဆောင်ရွက်ကြရတာပါ၊ အစိုးရက တင်သွင်းတဲ့ ဥပဒေမူကြမ်းပဲဖြစ်ဖြစ်၊ လွှတ်တော်အမတ် များက တင်သွင်းတဲ့ ဥပဒေမူကြမ်းပဲ ဖြစ်ဖြစ် အားလုံးသော ဥပဒေမူကြမ်းများကို ကော်မီတီ အဆင့်မှာ စတင် ဆွေးနွေး၊ ငြင်းခုန် ကြတာပါ၊ ကော်မီတီ အဆင့်မှာ အကြေအလည် ဆွေးနွေးပြီး မဲခွဲလို့ အနိုင်ရတဲ့ ဥပဒေမူကြမ်းမှပဲ လွှတ်တော် တစ်ရပ်လုံးက ဝိုင်းဝန်းဆွေးနွေး၊ မဲခွဲ နိုင်တဲ့ အဆင့် (Floor Debate and Voting) ကို ရောက်တာပါ၊ ကော်မီတီအဆင့်မှာ အရေးနိမ့်သွားတဲ့ ဥပဒေမူကြမ်းများဟာ လွှတ်တော်တစ်ခုလုံး မဲခွဲရမည့်အဆင့်ကို ရောက်မလာတော့ပါ၊


မြန်မာနိုင်ငံမှာတော့ လွှတ်တော်ဥက္ကဋ္ဌများ က အစစအရာရာ ထိန်းချုပ်ထားတာမို့ လွှတ်တော်ကော်မီတီ များရဲ့ အခန်းကဏ္ဏဟာ အင်မတန်အားနည်းပါတယ်၊ အမြဲတမ်းကော်မီတီများကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လေးခုသာ ဖွဲ့ခွင့်ရှိပြီး ကျန်တဲ့ ကော်မီတီများ၊ ကော်မရှင်များ၊ အဖွဲ့များဟာ လွှတ်တော်ဥက္ကဋ္ဌများ က စိတ်တိုင်းကျ သက်တမ်းသတ်မှတ်ပြီး ဖွဲ့စည်းခွင့်၊ ကန့်သတ်ခွင့်၊ ဖျက်သိမ်းခွင့်၊ရှိတဲ့ ယာယီကော်မီတီ များသာ ဖြစ်ကြပါတယ်၊ ဒါကြောင့်လဲ နှုတ်ထွက်သွားတဲ့ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံး က အဲဒီ ယာယီ ကော်မီတီများ၊ ကော်မရှင်များ၊ အဖွဲ့များဟာ ပြည်ထောင်စုအဆင့် အဖွဲ့များမဟုတ်ကြဘူးလို့ ဆုံးဖြတ်ခဲ့တာပါ၊ ကော်မီတီများကို စနစ်တကျ တာဝန်ခွဲဝေ မပေးထားတာကြောင့် မလိုအပ်ပဲ စုံညီအစည်းအဝေးတွေကို နေ့စဉ်ခေါ်ယူနေရတာ တိုင်းပြည်အတွက် ကုန်ကျစားရိတ်တွေ ကြီးမားလှပါတယ်၊


ဒါပေမည့်လဲ ဒီလောက် လွှတ်တော် ဥက္ကဋ္ဌ  များကို ဩဇာအာဏာတွေ အများကြီးပေးထားပြီး မှ ကန့်သတ်ထားတွေလဲ ရှိပါတယ်၊ အဲဒါကတော့လွှတ်တော် ဥက္ကဋ္ဌများဟာ တပ်မတော်သားကိုယ်စားလှယ်တွေအပေါ်မှာ လုံးဝ ဩဇာ သက်ရောက်မှု မရှိတာပါပဲ၊လွှတ်တော် ဥက္ကဋ္ဌ များဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမြဲတမ်းကော်မီတီတွေ၊ အခြားကော်မီတီတွေ၊ ကော်မရှင်တွေကို သူတို့ စိတ်တိုင်းကျ ဖွဲ့စည်းတာဝန်ပေးခွင့်ရှိပေမည့်  ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁၅ (ခ) နဲ့ ၁၄၇ (ခ) အရ ကာကွယ်ရေး နဲ့ လုံခြုံရေးရာ ကိစ္စများ၊ တပ်မတော်ဆိုင်ရာ ကိစ္စများနဲ့ ပါတ်သက်ရင် ကာကွယ်ရေးနှင့် လုံခြုံရေးရာကော်မီတီ ကို တပ်မတော်သားကိုယ်စားလှယ်များဖြင့် သာ ဖွဲ့စည်းတာဝန်ပေးရမှာပါ၊ လုပ်ငန်းလိုအပ်ချက်များအရ တပ်မတော်သားမဟုတ်သော လွှတ်တော်ကိုယ်စားလှယ်များကိုလဲ ထည့်သွင်း ဖွဲ့စည်းနိုင်သည်လို့ ဆိုထားပေမည့် လက်တွေ့မှာ တပ်မတော်သားကိုယ်စားလှယ်များက လက်ခံလိမ့်မယ် မထင်ပါ၊ နှစ်နှစ်တာ သက်တမ်းအတွင်း လွှတ်တော် နှစ်ရပ်မှာ ဖွဲ့စည်းထားတဲ့ အမြဲတမ်းကော်မီ တီ တွေ၊ အခြားကော်မီတီတွေ၊ ကော်မရှင် တွေကို ကြည့်တော့လဲ တပ်မတော်သားကိုယ်စားလှယ် တစ်ယောက်မှ မပါဝင်ပါ၊ လွှတ်တော် ဥက္ကဋ္ဌများ ကတမင်တကာ မထည့်တာလဲ မဖြစ်နိုင်ပါ၊ ကာကွယ်ရေးဦးစီးချုပ်က သဘောမတူလို့ပဲ ဖြစ်ပါလိမ့်မယ်၊ ဒီတော့ လွှတ်တော်နှစ်ရပ်စလုံးမှာ တပ်မတော်သားကိုယ်စားလှယ်တွေဟာ ဘယ်ရေးရာကော်မီတီ မှာမှမပါပဲ လွှတ်တော် ဥက္ကဋ္ဌများ ထိတွေ့ခွင့်မရှိတဲ့ သီးခြားအင်အားစုများအဖြစ် ရပ်တည်နေတာ အထင်အရှားဖြစ်ပါတယ်၊


မြန်မာနိုင်ငံရဲ့ လွှတ်တော်ဖွဲ့စည်းပုံက လွှတ်တော်ဥက္ကဋ္ဌများကို အာဏာအလွန်အမင်းပေးထားပြီး အထက်ကအောက် ကို (Top-down) စီးဆင်းတဲ့ ဗဟိုဦးစီးစနစ် (Centralization) ဖြစ်နေပါတယ်၊ အဲဒီ စနစ်ကို ပယ်ဖျက်ပြီး လွှတ်တော်ဥက္ကဋ္ဌများရဲ့ အာဏာကို အတိုင်းအတာတစ်ခုထိ လျှော့ချ၊ ရေးရာကော်မီတီများကို လုပ်ပိုင်ခွင့်တွေပိုပေးပြီး အောက်က အထက် ကို (Bottom-up) ပြန်လည် စီးဆင်းစေမှပဲ လွှတ်တော်ဟာ အမှန်တကယ်ကို ကျန်းမာသန်စွမ်းတဲ့ လူထုအကျိုးပြု ဥပဒေပြုအဖွဲ့အစည်းဖြစ်လာပါလိမ့်မယ်၊


လေးစားစွာ၊


အောင်ဒင်
ဒီဇင်ဘာ ၁၊ ၂၀၁၂

Thursday, December 20, 2012

Burma's Parliament Watch, Part Two



  မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကိုအနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂) အပြည့်အဝ ကိုယ်စားပြုခွင့်မရခြင်း ၊ အလွန်အကျွံကိုယ်စားပြုခြင်း


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၅၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂၊ စာမျက်နှာ ၁၈၊ ၃၂)

ဥပဒေပြု လွှတ်တော် နှစ်ရပ်ရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော် တစ်ခုက လူဦးရေ အချိုးအစားအလိုက် ကိုယ်စားပြု ရွေးချယ်တင်မြှောက်ကြပြီး နောက်လွှတ်တော် တစ်ခုကတော့ ဒေသအလိုက် ကိုယ်စားပြုရွေးချယ်တာ၊ ဒါမှမဟုတ် နိုင်ငံအကြီးအကဲက ခန့်အပ်တာဝန်ပေးတာ မျိုးရှိကြပါတယ်၊ မြန်မာနိုင်ငံမှာလဲ ၂၀၀၈ ခု ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ရယ်လို့ ပေါ်ပေါက်လာပြီး နှစ်ခုပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်၊ အဲဒီမှာ ပြည်သူ့လွှတ်တော်ဟာ လူဦးရေ (သို့မဟုတ်) မြို့နယ်ကို အခြေခံ  ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတာဖြစ်ပြီး အမျိုးသားလွှတ်တော်က တိုင်းဒေသကြီးများ နဲ့ ပြည်နယ်များက ဦးရေ တူညီစွာ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ဦး ပါဝင်ကြပါတယ်၊ အဲဒီလို ပြဌန်းဖွဲ့စည်းမှုကြောင့် တန်းတူညီမျှ ကိုယ်စားပြုခြင်း (Equal Represenattion) ဆိုတာ မရှိတော့ပါ၊ အပြည့်အဝ ကိုယ်စားပြုခွင့်မရခြင်း (Under Representation) နဲ့ အလွန်အကျွံကိုယ်စားပြုခြင်း (Over Representation) တွေနဲ့ ပြည်သူလူထု ကို တန်းတူညီမျှကိုယ်စားပြုတဲ့ ဥပဒေပြုအဖွဲ့အစည်း မဟုတ်နိုင်တော့ပါ၊


မဆလ အစိုးရ လက်ထက်က လွှတ်တော် တစ်ခုထဲ ရှိပြီး အဲဒီ လွှတ်တော်က လူဦးရေကို အခြေခံပြီး ရွေးချယ်ဖွဲ့စည်းပါတယ်၊ လူဦးရေ တစ်သိန်းအထိကို ကိုယ်စားလှယ် တစ်ယောက်၊ တစ်သိန်းအထက်ကနေ နှစ်သိန်းအထိကို ကိုယ်စားလှယ် နှစ်ယောက်၊ နှစ်သိန်းအထက်ကနေ သုံးသိန်းအထိကို ကိုယ်စားလှယ် သုံးယောက် စသဖြင့် မဲဆန္ခနယ်များ သတ်မှတ်ရွေးချယ်ပါတယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလဲ အဲဒီ ပုံစံအတိုင်း ကျင်းပခဲ့တာမို့ လူဦးရ သုံးသိန်း နီးပါးရှိတဲ့ ကရင်ပြည်နယ်က ဖားအံမြို့ မှာ မဲဆန္ဒနယ် သုံးခု၊ လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ရှိခဲ့ပါတယ်၊ ဆိုတော့ လွှတ်တော်မဲဆန္ဒနယ် တစ်ခု၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဟာ ပြည်သူ တစ်သိန်းအထိကို ကိုယ်စားပြု တဲ့ သဘောပါ၊ လူဦးရေ တစ်သိန်းရှိတိုင်း ကိုယ်စားလှယ် တစ်ယောက် ရှိတယ် ဆိုတဲ့ သဘောပါ၊


အမေရိကန် ပြည်ထောင်စုမှာလဲ လွှတ်တော်နှစ်ရပ် ရှိပြီး အောက်လွှတ်တော် (House of Representatives) က နိုင်ငံတဝှမ်းက ပြည်သူများကို လူဦးရေ အချိုးအစားအလိုက် တန်းတူညီမျှ ကိုယ်စားပြုရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၃၅၊ မြို့တော် ဝါရှင်တန်ဒီစီ နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစောင့်အရှောက်ခံ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစု ဒေသ ၅ ခု (အမေရိကန် ဆာမိုဝါ၊ ဂူအမ်ကျွန်း၊ မြောက်ပိုင်းမရီနာ ကျွန်းစု၊ ဗာဂျင်ကျွန်းစုများ၊ ပူအာတိုရီကို) က သက်ဆိုင်ရာဒေသအလိုက် တစ်ယောက်ကျစီ ရွေးချယ်တင်မြှောက်တဲ့ မဲပေးခွင့်အပြည့်အဝမရှိတဲ့ကိုယ်စားလှယ် ၆ ယောက်၊ စုစုပေါင်း ၄၄၁ ယောက် နဲ့ ဖွဲ့စည်းပါတယ်၊ အမေရိကန် ပြည်မကြီးက အောက်လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ကို အတိအကျ ၄၃၅ လို့သတ်မှတ်ထားတာမို့ မဲဆန္ဒနယ်ပေါင်း ၄၃၅ ကို နိုင်ငံတဝှမ်းမှာ လူဦးရေအချိုးအစားအလိုက် အညီအမျှ ခွဲဝေ သတ်မှတ်ပါတယ်၊ ဒါကြောင့် လွှတ်တော်မဲဆန္ဒနယ်များ (Congressional Districts) ဟာ ပြည်နယ်များ၊ ကောင်တီ (County) များ နယ်နမိတ်သတ်မှတ်ချက်နဲ့ အတိအကျ မတူညီပါ၊ မြို့ တခုထဲမှာတင် တစိတ်တပိုင်းက မဲဆန္ဒနယ် တစ်ခုမှာပါပြီး ကျန်တဲ့ အစိတ်အပိုင်းက အခြားမဲဆန္ဒနယ် မှာပါနေတတ်ပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ် တခါ သန်းခေါင်စာရင်းကောက်ယူပြီး တိုးပွါးလာတဲ့ လူဦးရေအလိုက်၊ ပြောင်းလဲသွားတဲ့ ဒေသအလိုက်စုစည်းနေထိုင်မှုအလိုက် အောက်လွှတ်တော်မဲဆန္ဒနယ်များကို ပြည်နယ်အလိုက် ပြန်လည် ပြင်ဆင်ဖွဲ့စည်းပါသေးတယ်၊ အဓိက ရည်ရွယ်ချက်က နိုင်ငံသားအားလုံးကို အချိုးကျကျ တန်းတူညီမျှ ကိုယ်စားပြုနိုင်ဖို့ပါ၊


မြန်မာနိုင်ငံ ရဲ့ ပြည်သူ့လွှတ်တော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (က) မှာ "မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ မြို့နယ် ၃၃၀ ထက်ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တဆက်တစပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ် တစ်ခုခုနှင့် ပူးပေါင်း၍လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊" ပုဒ်မ ၁၀၉ (ခ) မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ"။ စုပေါင်း ကိုယ်စားလှယ် ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည်လို့ ပြဌန်းထားပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ မြို့နယ်ကိုအခြေခံပြီး ရွေးကောက်တင်မြှောက်ခဲ့ပါတယ်၊ မြို့နယ် ၃၃၀ မပြည့်လို့ နေပြည်တော် တဝိုက်မှာ မြို့နယ်အသစ်တွေ တိုးချဲ့ဖွဲ့စည်းခဲ့ရပါတယ်၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဟာမြို့နယ် တစ်ခုဆီကို ကိုယ်စားပြုပါတယ်၊ အဲဒီ မြို့နယ်တွေအားလုံးမှာ လူဦးရေ အညီအမျှရှိကြတာ မဟုတ်ပါဘူး၊ နေပြည်တော်တဝိုက်က အရေးပေါ်ဖွဲ့စည်းတဲ့ မြို့သစ်တွေမှာ လူဦးရေ သောင်း ဂဏန်းသာရှိပါတယ်၊ ဒါကြောင့်မို့ မြို့နယ်တစ်ခုမှာ လူဦးရေ သောင်းဂဏန်းပဲ ရှိရှိ၊ တစ်သိန်းကျော်ရှိရှိ၊ နှစ်သိန်းကျော် ရှိရှိ မြို့နယ် အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်စီ ရှိကြတာပါ၊ ဒါဟာ လူဦးရေအချိုးအစားအလိုက် အညီအမျှ ကိုယ်စားပြုတာ မဟုတ်ပါ၊ တချို့မြို့နယ်များမှာ ကိုယ်စားပြုခွင့်အပြည့်အဝ မရရှိကြပဲ တချို့မြို့နယ်များက အလွန်အကျွံ ကိုယ်စားပြုခွင့် ရနေပါတယ်၊


အမေရိကန်ပြည်ထောင်စု ရဲ့ အထက်လွှတ်တော် (Senate) ကို ပြည်နယ် ၅၀ က ကိုယ်စားလှယ် နှစ်ယောက် စီနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ နဲ့ ဖွဲ့စည်းထားပါ၊ ပြည်နယ် ၅၀ ဟာ လူဦးရေ၊ အကျယ်အဝန်း တွေ တူညီကြတာ မဟုတ်ပါ၊ လူဦးရေ သိန်းဂဏန်းပဲ ရှိတဲ့ ပြည်နယ် သေးသေးလေးတွေ ရှိသလို လူဦးရေ သန်းပေါင်းများစွာရှိတဲ့ ပြည်နယ်အကြီးကြီးတွေလဲ ရှိကြပေမည့် ပြည်နယ်အားလုံးကို တန်းတူရည်တူ သတ်မှတ်ပါတယ်၊ ပြည်နယ် သေးသေး၊ ကြီးကြီး ကိုယ်စားလှယ် နှစ်ယောက် စီ အထက်လွှတ်တော်ကို ရွေးချယ်တင်မြှောက်ကြပါတယ်၊ အဲဒီမှာလဲ ဝါရှင်တန်ဒီစီ က အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဖြစ်ပေမည့် ပြည်နယ်အဆင့် သတ်မှတ်မခံရပါဘူး၊ ဒါကြောင့် အောက်လွှတ်တော်ကို ကိုယ်စားလှယ်တစ်ယောက် တင်မြှောက်ခွင့်ရှိပေမည့် အထက်လွှတ်တော်ကိုတော့ ကိုယ်စားလှယ် တင်မြှောက်ခွင့်မရပါဘူး၊ ဝါရှင်တန်ဒီစီ (District of Columbia) ပြည်သူများက သူတို့တွေလဲ အခြားပြည်နယ်များက ပြည်သူများလို ပြည်ထောင်စုအစိုးရကို အခွန်ပေးဆောင်နေကြရတာမို့ သူတို့ ဒေသကလဲ အထက်လွှတ်တော်ကို ကိုယ်စားလှယ်စေလွှတ်ခွင့်ရရှိရေး လှုပ်ရှားမှုတွေ (Taxation without Representation Campaign) ပြုလုပ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ၊ အောင်မြင်မှုတော့ မရသေးပါ၊


မြန်မာနိုင်ငံရဲ့ အထက်လွှတ်တော်လို့ ပြောရမည့် အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၄၁ (က) နဲ့ (ခ) အရ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး" နဲ့ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၄ ဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး"၊ စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ဦးနဲ့ ဖွဲ့စည်းထားပါတယ်၊ အဲဒီမှာလဲ တိုင်းဒေသကြီး ၇ ခုဟာ ဗမာလူများစု စုဝေးနေထိုင်ရာ ပြည်မဒေသများဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ပင်မတိုင်းရင်းသားလူမျိုးစု ၈ စုမှာ ဗမာလူမျိုးစုက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦး ကိုယ်စားပြုခွင့်ရပြီး ကျန်တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း တိုင်းရင်းသားများက လူမျိုးစုတစ်စုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးစီသာ ကိုယ်စားပြုခွင့်ရတာမို့ တန်းတူညီမျှ ကိုယ်စားပြုရမည့် အမျိုးသားလွှတ်တော်လက္ခဏာ ပျက်ပြယ်သွားပါတယ်၊


တခါ ပြည်သူ့လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၁၆၆ ဦးဟာ ဘယ်သူ့ကို ကိုယ်စားပြုပါသလဲ၊ လက်ရှိ တပ်မတော်မှာ အင်အား သုံးသိန်းကျော်လောက် ရှိပြီး အိမ်ထောင်သည်မိသားစုများပါရင် တပ်မတော် မိသားစုမှာ လူ တစ်သန်းကျော်လောက် ရှိမယ်ထင်ပါတယ်၊ ဒါဆို ဒီ ၁၆၆ ဦးဟာ တပ်မတော်မိသားစု လူဦးရေ တစ်သန်းကျော်ကို ကိုယ်စားပြုသလားလို့ ဆန်းစစ်ကြည့်တော့လဲ မဟုတ်နိုင်တာ တွေ့ရပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရော၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပါ တပ်မတော်သားတွေ နဲ့ သူတို့ရဲ့ မိသားစုတွေဟာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးကြရတာပါ၊ ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်ကိုယ်စားလှယ် ၁၆၆ဦးဟာ အခြားဘယ်သူ့ကိုမှ ကိုယ်စားမပြုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက်ထဲကိုပဲ ကိုယ်စားပြုတယ်ဆိုတာ အံ့ဩလောက်အောင် နားလည်လိုက်ရပါတယ်၊ ရှေ့မှာ တင်ပြခဲ့တဲ့ မြို့နယ်များအကြား မညီမျှတဲ့ ကိုယ်စားပြုမှု၊ ဗမာလူများစု နဲ့ တိုင်းရင်းသားလူနည်းစုများအကြား မညီမျှတဲ့ ကိုယ်စားပြုမှု တွေထက် အများကြီး၊ အများကြီး ဆိုးရွားပါတယ်၊ မြန်မာနိုင်ငံရဲ့ သန်း ၆၀ ကျော်သော ပြည်သူများက ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ % ကိုသာ ကိုယ်စားပြုခွင့်ရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းက ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၅% ကို ထိန်းချုပ်ဆုပ်ကိုင်ထားတာပါ၊


၂၀၁၄ မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက် မယ်လို့ သိရပါတယ်၊ အဲဒီကနေ မြန်မာနိုင်ငံရဲ့ လူဦးရေ၊ ဒေသအလိုက်၊ မြို့နယ်အလိုက် စုဝေးနေထိုင်သူဦးရေ၊ လူမျိုးစုတစုချင်းစီ ရဲ့အရေအတွက်၊ ဘာသာတရားတခုချင်းစီရဲ့ ကိုးကွယ်သူအရေအတွက်၊မဲဆန္ဒပေးခွင့်ရှိသူအရေအတွက် စတဲ့ ကိန်းဂဏန်းတွေ အတိအကျထွက်ပေါ်လာပါလိမ့်မယ်၊ ဒီကိန်းဂဏန်းတွေ၊ အတွေ့အကြုံတွေ ကိုအခြေခံပြီး ပြည်သူ့လွှတ်တော်ကိုလဲ လူဦးရေပေါ်အခြေခံပြီး အချိုးကျ ကိုယ်စားပြုနိုင်အောင်၊ အမျိုးသားလွှတ်တော်မှာရှိနေတဲ့ ဗမာလူများစု နဲ့ တိုင်းရင်းသားလူမျိုးစုများအကြား ကိုယ်စားပြုမှုပမာဏ မညီမမျှဖြစ်နေတာကို တန်းတူညီမျှသွားအောင်၊ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ထဲက ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၅% ရာခိုင်နှုံးကို ကိုယ်စားပြုထားတာကို ဖျက်သိမ်းနိုင်အောင် ကြိုးစားနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော်ဟာ အမှန်တကယ် ပြည်သူလူထု နဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံးကို တန်းတူညီမျှ ကိုယ်စားပြုနိုင်မှာပါ၊


လေးစားစွာ



အောင်ဒင်
နိုဝင်ဘာ ၂၉၊ ၂၀၁၂

Thursday, December 13, 2012

Burma's Parliament Watch, Part One



(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၄၊ ၁၃ ဒီဇင်ဘာ ၂၀၁၂)
မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကို အနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၁)

နိဒါန်း၊

ကျနော်တို့ ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ က မြန်မာနိုင်ငံမှာ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် အသက်ဝင် ရှင်သန်နေပြီ ဖြစ်ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့ နောက် ဖွဲ့စည်းပုံအသစ်အရ တည်ထောင်ဖွဲ့စည်းကြတဲ့ အာဏာ ယန္တရားကြီး များလဲ ရွေ့လျားမောင်းနှင်နေကြပြီ ဖြစ်ပါတယ်၊ အစိုးရအဖွဲ့၊ ပြည်ထောင်စု လွှတ်တော်၊ တရားလွှတ်တော်ချုပ် စသဖြင့်၊ အဲဒီ အာဏာပိုင်အဖွဲ့အစည်းများ ထဲမှာ လွှတ်တော် ရဲ့ လှုပ်ရှားဆောင်ရွက်မှုများက ဒီ တစ်နှစ်၊ နှစ်နှစ် အတွင်းမှာ အများပြည်သူ စိတ်ဝင်စားစရာ၊ နိုင်ငံတကာက လေ့လာစောင့်ကြည့်သူများ အထူးအာရုံစိုက်စရာ ဖြစ်နေပါတယ်၊ အထူးသဖြင့် အာဏာပိုင်အဖွဲ့အစည်းများအကြား အပြန်အလှန်ထိန်းကျောင်းပဲ့ပြင်ရေး (Check and Balance) ဆိုတာကို တွင်တွင်ပြောပြီး လွှတ်တော်ကနေ အစိုးရ အာဏာကိုရော၊ တရားစီရင်ရေးအာဏာကိုရော ဝင်ရောက်စွက်ဖက်ဖို့ကြိုးစားတာ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးရဲ့ ဆုံးဖြတ်ချက်ကို မလိုက်နာတဲ့ အပြင် ခုံရုံးရဲ့ တရားသူကြီးများကိုပါ စွပ်စွဲပြစ်တင်တာ၊ အခုနောက်ဆုံး ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေ ကို ပြင်ဆင်ရေးဆွဲပြီး  နိုင်ငံတော်သမ္မတ ရဲ့ လက်အောက်ခံဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ ပြည်ထောင်စု စာရင်းစစ်ချုပ်အပေါ်မှာ လွှတ်တော်ရဲ့ အာဏာ သက်ရောက်ဖို့ ကြိုးစားနေတာတွေက ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာပါတယ်၊ 


တကယ်ကိုပဲ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အသံတွေကို ကိုယ်စားပြုတဲ့ လွှတ်တော်ဖြစ်အောင် တည်ဆောက်နေတာလား၊ တချိန်က တဖွဲ့တစည်းထဲမှာ ယူနီဖောင်းအတူတူ ရှိခဲ့ရာကနေ အခုမှအစိုးရ ဖြစ်သွားသူတွေကို အာဃာတနဲ့ အားပြိုင်နေတာလား၊ ၂၀၁၅ မှာ သမ္မတ ဖြစ်စရာ ငါမှတပါး အခြားမရှိလို့ ကိုယ့်ကိုကိုယ် ပွဲထုတ်နေတာလား၊ မေးခွန်းထုတ်စရာတွေ ရှိလာပါတယ်၊
တချိန်တည်းမှာပဲ လွှတ်တော်ကနေ အခြားအာဏာယန္တရား နှစ်ခုကို ပဲ့ပြင်ထိန်းကြောင်းဖို့ အပြင်းအထန်ကြိုးစားနေချိန်မှာ လွှတ်တော်တွင်းမှာတော့ လွှတ်တော်ခေါင်းဆောင်များ နဲ့ လူများစုပါတီ (အာဏာရပါတီ) ကို ထိန်းကြောင်းပဲ့ပြင်တဲ့ အတိုက်အခံ မရှိအောင် ဖန်တီးထားတာကလဲ စိတ်ဝင်စားစရာကောင်းလှပါတယ်၊ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ ပြည်ထောင်စုလွှတ်တော် ရဲ့ ဖွဲ့စည်းလှုပ်ရှားပုံတွေကို စောင့်ကြည့်လေ့လာ ဝေဘန်သုံးသပ်ဖို့ လိုအပ်လာပါတယ်၊ အဲဒီလို လေ့လာသုံးသပ်ရာမှာ ဒီမိုကရေစီစနစ် အခြေခိုင်ပြီးသား အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ရဲ့ ဖွဲ့စည်းတည်ဆောက် လှုပ်ရှားပုံများနဲ့ နှိုင်းယှဉ် သုံးသပ်ပါ့မယ်။ အမေရိကန် ရဲ့ စနစ်က ပိုကောင်းတယ်လို့ ပြောတာမျိုးမဟုတ်ပါ၊ အပျံသင်စ ငှက်တကောင် အဖို့ ကောင်းကင်မှာ မနားတမ်း ပျံသန်းနိုင်တဲ့ အခြားငှက်ကြီးများဆီက သင်ယူစရာတွေ အများကြီးရှိနေတယ်ဆိုတာ သိစေချင်လို့ပါ၊

လွှတ်တော်အချိန်ဇယား နဲ့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ အလုပ်ချိန်

အစဆုံးပြောချင်တာကတော့ လွှတ်တော်အစည်းအဝေးများရဲ့ အချိန်ဇယား သတ်မှတ်မှုပါပဲ၊ ၂၀၁၁ ခုနှစ်မှာကျင်းပတဲ့ ပထမအကြိမ် လွှတ်တော် ပထမ အစည်းအဝေးက ဇန်နဝါရီ ၃၁ ရက်နေ့ကနေ မတ်လ ၂၃ ရက်နေ့အထိ (ပိတ်ရက်များမပါ) ၁၄ ရက် ကြာခဲ့ပြီး ဒုတိယအစည်းအဝေးက ဩဂုတ်လ ၂၂ ရက်နေ့ကနေ နိုဝင်ဘာလ ၄ ရက်နေ့အထိ ၄၆ ရက် ကျင်းပခဲ့တာမို့ ၂၀၁၁ ခုနှစ်မှာ လွှတ်တော်အစည်းအဝေးများ ၅၇ ရက် ကျင်းပခဲ့ပါတယ်၊ ၂၀၁၂ ခုနှစ်မှာတော့ တတိယအကြိမ်အစည်းအဝေး ကို ဇန်နဝါရီ ၉ရက်နေ့ကနေ ဇန်နဝါရီ ၁၂ ရက်နေ့အထိ ၄ ရက်၊ စတုတ္ထအကြိမ်အစည်းအဝေးကို ဇူလိုင် ၄ ရက်နေ့ကနေ စက်တင်ဘာ ၆ရက်နေ့အထိ ရက်ပေါင်း ၄၀၊ ပဉ္စမအစည်းအဝေးကို အောက်တိုဘာ ၁၈ ရက်ကနေ နိုဝင်ဘာ ၁၅ ရက်နေ့အထိ ၁၃ရက်၊ စုစုပေါင်း ၂၀၁၂ ခုနှစ်မှာ လွှတ်တော်အစည်းအဝေး ၅၇ ရက် ကျင်းပခဲ့ပါတယ်၊ ဆိုတော့ တစ်နှစ်ကို ပျမ်းမျှ ရက် ၆၀၊ နှစ်လ လောက် လွှတ်တော် ရုံးထိုင်တယ်လို့ ယူဆရမှာပါ၊ ရုံးပိတ်ရက်များ နဲ့ ပေါင်းရင် တစ်နှစ်ကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်ဟာ နေပြည်တော်မှာ ၃လလောက် နေပြီး လွှတ်တော်တက်ရပါတယ်၊ ဒါကို တချို့ လွှတ်တော်ကိုယ်စားလှယ်များက လွှတ်တော်အစည်းအဝေး ထိုင်ရတဲ့ ရက်တွေ များလွန်းတယ်လို့ ပြောတော့ အံ့ဩမိပါတယ်၊

အမေရိကန် ကွန်ဂရက်လွှတ်တော် ရဲ့ ၂၀၁၁ ခုနှစ်မှာ ရုံးထိုင်အလုပ်လုပ်တဲ့ နေ့ပေါင်းက ရက် ၂၀၀ ရှိပြီး ၂၀၁၀ ခုနှစ်မှာ ရက်ပေါင်း ၁၆၆ ရက် ရှိခဲ့ပါတယ်၊ ပျမ်းမျှခြင်းအားဖြင့် အမေရိကန် ကွန်ဂရက်လွှတ်တော်ဟာ တစ်နှစ်ကို ရက်ပေါင်း ၁၈၀ (၆လ) လောက် ဝါရှင်တန်ဒီစီမှာ ရုံးထိုင်အလုပ်လုပ်ပါတယ်၊ ကျန်တဲ့ရက်တွေမှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ သက်ဆိုင်ရာ မဲဆန္ဒနယ်များကို ပြန်ပြီး မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံကြပါတယ်၊ လိုအပ်ရင်၊ သက်ဆိုင်ရာ ကွန်ဂရက် ကော်မီတီ များက တာဝန်ပေးရင် ပြည်ပနိုင်ငံများကို လေ့လာရေးခရီးတွေ ထွက်ကြပါတယ်၊
အဓိက နားလည်ဖို့က လွှတ်တော်ကိုယ်စားလှယ်များဟာ နိုင်ငံတော်ရဲ့ လစာ နဲ့ အထောက်အပံ့တွေ ကိုခံစားနေကြတာမို့ အခြားအခြားသော နိုင်ငံ့ဝန်ထမ်းများလိုပဲ စနေ၊ တနင်္ဂနွေ နဲ့ နိုင်ငံတော်ရုံးပိတ်ရက်များက လွဲရင် ကျန်တဲ့ ရက်တွေအားလုံးမှာ အလုပ်တာဝန်တွေ ရှိတယ်ဆိုတာပါပဲ၊
 
သူတို့ရဲ့ အလုပ်တာဝန်တွေကို လေး ပိုင်း ပိုင်းခြားနိုင်ပါတယ်၊ လွှတ်တော်အစည်းအဝေးတွေမှာ တက်ရောက်ပြီး ပြည်သူလူထုကိုယ်စားဆွေးနွေးပြီး ဥပဒေတွေ ပြဌန်းတာ၊ သက်ဆိုင်ရာ လွှတ်တော်ရေးရာကော်မီတီ များရဲ့ တာဝန်ကို ထမ်းဆောင်တာ၊ မဲဆန္ဒရှင်ပြည်သူများနဲ့ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးတာ၊ နဲ့ လိုအပ်တဲ့ ဥပဒေတွေ ပြဌန်းနိုင်ရေး ဥပဒေကြမ်းများပြင်ဆင်ရေးဆွဲတာတွေပါ၊ ဒီအရေးကြီးတဲ့ တာဝန်တွေကို တနှစ်ပါတ်လုံးမှာ စနစ်တကျ ထမ်းဆောင်နိုင်ဖို့အတွက် အမေရိကန်ကွန်ဂရက်လွှတ်တော်က နှစ်တစ်နှစ်ရဲ့ အစမှာပဲ တစ်နှစ်စာ အချိန်ဇယားကို လူများစုပါတီ၊ လူနည်းစုပါတီ ခေါင်းဆောင်များ ညှိနှိုင်းဆွေးနွေးပြီး ထုတ်ပြန်ပါတယ်၊ အဲဒီအချိန်ဇယားမှာ ဝါရှင်တန်ဒီစီ မှာ နေထိုင်အလုပ်လုပ်ရမည့် ရက်များ၊ သက်ဆိုင်ရာ မဲဆန္ဒနယ် မှာ အလုပ်လုပ်ရမည့် ရက်များ နဲ့အနားယူခွင့်ရတဲ့ ရက်များ ကို မျှမျှတတ ခွဲဝေသတ်မှတ်ပါတယ်၊ ဒါကြောင့်လဲ ကြိုတင်ထုတ်ပြန်ထားတဲ့ တစ်နှစ်စာအချိန်ဇယားအတိုင်း အမေရိကန်လွှတ်တော်အမတ်များဟာ သူတို့ ရဲ့ အလုပ်လုပ်ချိန်ကို တိုင်းပြည်အတွက်အကျိုးရှိအောင် စီမံခန့်ခွဲနိုင်ကြပါတယ်၊

မြန်မာနိုင်ငံမှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၂၆ နဲ့ ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၃၅၊ ၃၆၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေ ပုဒ်မ ၃၄၊ ၃၅ ၃၆ များအရ လွှတ်တော်အစည်းအဝေးကို ဥက္ကဌ က တစ်နှစ်ကို အနည်းဆုံး တစ်ကြိမ် ခေါ်ယူဖို့နဲ့ တကြိမ် နဲ့ တကြိမ်အကြား ၁၂လ ထက် မကွာစေရ ဆိုတာပဲ ပြဌန်းထားတာမို့ လွှတ်တော်အစည်းအဝေးခေါ်ယူရေးဟာ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ဥက္ကဌများရဲ့ စိတ်သဘောထားအပေါ်မှာပဲ တည်မှီနေပါတော့တယ်၊ အစည်းအဝေးရက်မတိုင်ခင် ၂၁ ရက်ကြိုပြီး အကြောင်းကြားရင်လုံလောက်ပါတယ်၊
ဒီတော့ မြန်မာနိုင်ငံလွှတ်တော်ရဲ့ အလုပ်လုပ်ချိန်ဟာ တနှစ်မှာ ရက် ၆၀ လောက်ပဲရှိတာမို့ အမေရိကန် ကွန်ဂရက်အမတ်များရဲ့တနှစ်တာအလုပ်လုပ်ချိန် (ရက်ပေါင်း ၁၈၀) နဲ့ နှိုင်းယှဉ်ရင် အများကြီး နည်းနေပါသေးတယ်၊ ပြီးတော့ နှစ်ပေါင်း များစွာ ဥပဒေကင်းမဲ့ခဲ့တဲ့၊ သို့မဟုတ် တရားဥပဒေက အာဏာရှင်ရဲ့ လက်နက်ဖြစ်ခဲ့တဲ့ နိုင်ငံကို ဒီမိုကရေစီနိုင်ငံတခုဖြစ်လာအောင် တည်ဆောက်ဖို့အတွက် ဖျက်သိမ်းရမည့် ဥပဒေဟောင်းတွေ အများကြီး၊ ပြဌန်းရမည့်၊ ပြင်ဆင်ရမည့် ဥပဒေတွေ အများကြီး ရှိနေတာမို့ ဒီထက်ပိုပြီး အလုပ်လုပ်ကြရမှာပါ၊ အဓိက လိုအပ်တာက မြန်မာလွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ နှစ်တစ်နှစ်အတွင်းမှာ ဥပဒေပြုလုပ်ငန်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့၊ လွှတ်တော်ရေးရာကော်မီတီများရဲ့ အထူးပြုတာဝန်တွေကို မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်ဖို့၊ မဲဆန္ဒရှင်ပြည်သူများရဲ့ အသံကို စိတ်ရှည်လက်ရှည် နားထောင်နိုင်ဖို့ နဲ့ လိုအပ်တဲ့ ဥပဒေကြမ်းတွေ လုံလုံလောက်လောက် ပြင်ဆင်ရေးဆွဲနိုင်ဖို့ လွှတ်တော်ရဲ့ တနှစ်စာအချိန်ဇယားကို လွှတ်တော် ဥက္ကဌများက နှစ်တနှစ်ရဲ့ အစမှာ စနစ်တကျ ရေးဆွဲပြဌန်းဖို့ပါပဲ၊

လေးစားစွာ၊ အောင်ဒင်
နိုဝင်ဘာ ၂၆၊ ၂၀၁၂