BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 20, 2012

Burma's Parliament Watch, Part Two



  မြန်မာနိုင်ငံ ၏ ပြည်ထောင်စုလွှတ်တော်ကိုအနီးကြည့် အဝေးကြည့်

အောင်ဒင်

အပိုင်း (၂) အပြည့်အဝ ကိုယ်စားပြုခွင့်မရခြင်း ၊ အလွန်အကျွံကိုယ်စားပြုခြင်း


(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၂၅၊ ဒီဇင်ဘာ ၂၀၊ ၂၀၁၂၊ စာမျက်နှာ ၁၈၊ ၃၂)

ဥပဒေပြု လွှတ်တော် နှစ်ရပ်ရှိတဲ့ နိုင်ငံတွေမှာ လွှတ်တော် တစ်ခုက လူဦးရေ အချိုးအစားအလိုက် ကိုယ်စားပြု ရွေးချယ်တင်မြှောက်ကြပြီး နောက်လွှတ်တော် တစ်ခုကတော့ ဒေသအလိုက် ကိုယ်စားပြုရွေးချယ်တာ၊ ဒါမှမဟုတ် နိုင်ငံအကြီးအကဲက ခန့်အပ်တာဝန်ပေးတာ မျိုးရှိကြပါတယ်၊ မြန်မာနိုင်ငံမှာလဲ ၂၀၀၈ ခု ဖွဲ့စည်းပုံအရ ပြည်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်ရယ်လို့ ပေါ်ပေါက်လာပြီး နှစ်ခုပေါင်းကို ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်၊ အဲဒီမှာ ပြည်သူ့လွှတ်တော်ဟာ လူဦးရေ (သို့မဟုတ်) မြို့နယ်ကို အခြေခံ  ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတာဖြစ်ပြီး အမျိုးသားလွှတ်တော်က တိုင်းဒေသကြီးများ နဲ့ ပြည်နယ်များက ဦးရေ တူညီစွာ ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းတာဖြစ်ပါတယ်၊  တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်သားကိုယ်စားလှယ်များက ပြည်သူ့လွှတ်တော်မှာ ၁၁၀ ဦးနဲ့ အမျိုးသားလွှတ်တော်မှာ ၅၆ ဦး ပါဝင်ကြပါတယ်၊ အဲဒီလို ပြဌန်းဖွဲ့စည်းမှုကြောင့် တန်းတူညီမျှ ကိုယ်စားပြုခြင်း (Equal Represenattion) ဆိုတာ မရှိတော့ပါ၊ အပြည့်အဝ ကိုယ်စားပြုခွင့်မရခြင်း (Under Representation) နဲ့ အလွန်အကျွံကိုယ်စားပြုခြင်း (Over Representation) တွေနဲ့ ပြည်သူလူထု ကို တန်းတူညီမျှကိုယ်စားပြုတဲ့ ဥပဒေပြုအဖွဲ့အစည်း မဟုတ်နိုင်တော့ပါ၊


မဆလ အစိုးရ လက်ထက်က လွှတ်တော် တစ်ခုထဲ ရှိပြီး အဲဒီ လွှတ်တော်က လူဦးရေကို အခြေခံပြီး ရွေးချယ်ဖွဲ့စည်းပါတယ်၊ လူဦးရေ တစ်သိန်းအထိကို ကိုယ်စားလှယ် တစ်ယောက်၊ တစ်သိန်းအထက်ကနေ နှစ်သိန်းအထိကို ကိုယ်စားလှယ် နှစ်ယောက်၊ နှစ်သိန်းအထက်ကနေ သုံးသိန်းအထိကို ကိုယ်စားလှယ် သုံးယောက် စသဖြင့် မဲဆန္ခနယ်များ သတ်မှတ်ရွေးချယ်ပါတယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိုလဲ အဲဒီ ပုံစံအတိုင်း ကျင်းပခဲ့တာမို့ လူဦးရ သုံးသိန်း နီးပါးရှိတဲ့ ကရင်ပြည်နယ်က ဖားအံမြို့ မှာ မဲဆန္ဒနယ် သုံးခု၊ လွှတ်တော်ကိုယ်စားလှယ် သုံးယောက် ရှိခဲ့ပါတယ်၊ ဆိုတော့ လွှတ်တော်မဲဆန္ဒနယ် တစ်ခု၊ လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်ဟာ ပြည်သူ တစ်သိန်းအထိကို ကိုယ်စားပြု တဲ့ သဘောပါ၊ လူဦးရေ တစ်သိန်းရှိတိုင်း ကိုယ်စားလှယ် တစ်ယောက် ရှိတယ် ဆိုတဲ့ သဘောပါ၊


အမေရိကန် ပြည်ထောင်စုမှာလဲ လွှတ်တော်နှစ်ရပ် ရှိပြီး အောက်လွှတ်တော် (House of Representatives) က နိုင်ငံတဝှမ်းက ပြည်သူများကို လူဦးရေ အချိုးအစားအလိုက် တန်းတူညီမျှ ကိုယ်စားပြုရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၃၅၊ မြို့တော် ဝါရှင်တန်ဒီစီ နဲ့ အမေရိကန်ပြည်ထောင်စုရဲ့ အစောင့်အရှောက်ခံ ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းစု ဒေသ ၅ ခု (အမေရိကန် ဆာမိုဝါ၊ ဂူအမ်ကျွန်း၊ မြောက်ပိုင်းမရီနာ ကျွန်းစု၊ ဗာဂျင်ကျွန်းစုများ၊ ပူအာတိုရီကို) က သက်ဆိုင်ရာဒေသအလိုက် တစ်ယောက်ကျစီ ရွေးချယ်တင်မြှောက်တဲ့ မဲပေးခွင့်အပြည့်အဝမရှိတဲ့ကိုယ်စားလှယ် ၆ ယောက်၊ စုစုပေါင်း ၄၄၁ ယောက် နဲ့ ဖွဲ့စည်းပါတယ်၊ အမေရိကန် ပြည်မကြီးက အောက်လွှတ်တော် ကိုယ်စားလှယ်အရေအတွက်ကို အတိအကျ ၄၃၅ လို့သတ်မှတ်ထားတာမို့ မဲဆန္ဒနယ်ပေါင်း ၄၃၅ ကို နိုင်ငံတဝှမ်းမှာ လူဦးရေအချိုးအစားအလိုက် အညီအမျှ ခွဲဝေ သတ်မှတ်ပါတယ်၊ ဒါကြောင့် လွှတ်တော်မဲဆန္ဒနယ်များ (Congressional Districts) ဟာ ပြည်နယ်များ၊ ကောင်တီ (County) များ နယ်နမိတ်သတ်မှတ်ချက်နဲ့ အတိအကျ မတူညီပါ၊ မြို့ တခုထဲမှာတင် တစိတ်တပိုင်းက မဲဆန္ဒနယ် တစ်ခုမှာပါပြီး ကျန်တဲ့ အစိတ်အပိုင်းက အခြားမဲဆန္ဒနယ် မှာပါနေတတ်ပါတယ်၊ အမေရိကန်ပြည်ထောင်စုမှာ ၁၀ နှစ် တခါ သန်းခေါင်စာရင်းကောက်ယူပြီး တိုးပွါးလာတဲ့ လူဦးရေအလိုက်၊ ပြောင်းလဲသွားတဲ့ ဒေသအလိုက်စုစည်းနေထိုင်မှုအလိုက် အောက်လွှတ်တော်မဲဆန္ဒနယ်များကို ပြည်နယ်အလိုက် ပြန်လည် ပြင်ဆင်ဖွဲ့စည်းပါသေးတယ်၊ အဓိက ရည်ရွယ်ချက်က နိုင်ငံသားအားလုံးကို အချိုးကျကျ တန်းတူညီမျှ ကိုယ်စားပြုနိုင်ဖို့ပါ၊


မြန်မာနိုင်ငံ ရဲ့ ပြည်သူ့လွှတ်တော်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၀၉ (က) မှာ "မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကိုအခြေခံ၍လည်းကောင်း၊ မြို့နယ် ၃၃၀ ထက်ပိုမိုလာပါက အသစ်ဖွဲ့စည်းသည့် မြို့နယ်ကို တဆက်တစပ်တည်းဖြစ်သော သင့်လျော်သည့် မြို့နယ် တစ်ခုခုနှင့် ပူးပေါင်း၍လည်းကောင်း ဥပဒေနှင့်အညီ မဲဆန္ဒနယ် သတ်မှတ်၍ ရွေးကောက်တင်မြှောက်သည့် ၃၃၀ ဦးထက်မပိုသော ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊" ပုဒ်မ ၁၀၉ (ခ) မှာ "တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဥပဒေနှင့်အညီ အမည်စာရင်းတင်သွင်းသည့် ၁၁၀ ဦးထက်မပိုသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ"။ စုပေါင်း ကိုယ်စားလှယ် ၄၄၀ ဦးဖြင့် ဖွဲ့စည်းရမည်လို့ ပြဌန်းထားပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲ မှာ မြို့နယ်ကိုအခြေခံပြီး ရွေးကောက်တင်မြှောက်ခဲ့ပါတယ်၊ မြို့နယ် ၃၃၀ မပြည့်လို့ နေပြည်တော် တဝိုက်မှာ မြို့နယ်အသစ်တွေ တိုးချဲ့ဖွဲ့စည်းခဲ့ရပါတယ်၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ် ၃၃၀ ဟာမြို့နယ် တစ်ခုဆီကို ကိုယ်စားပြုပါတယ်၊ အဲဒီ မြို့နယ်တွေအားလုံးမှာ လူဦးရေ အညီအမျှရှိကြတာ မဟုတ်ပါဘူး၊ နေပြည်တော်တဝိုက်က အရေးပေါ်ဖွဲ့စည်းတဲ့ မြို့သစ်တွေမှာ လူဦးရေ သောင်း ဂဏန်းသာရှိပါတယ်၊ ဒါကြောင့်မို့ မြို့နယ်တစ်ခုမှာ လူဦးရေ သောင်းဂဏန်းပဲ ရှိရှိ၊ တစ်သိန်းကျော်ရှိရှိ၊ နှစ်သိန်းကျော် ရှိရှိ မြို့နယ် အားလုံးဟာ လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်စီ ရှိကြတာပါ၊ ဒါဟာ လူဦးရေအချိုးအစားအလိုက် အညီအမျှ ကိုယ်စားပြုတာ မဟုတ်ပါ၊ တချို့မြို့နယ်များမှာ ကိုယ်စားပြုခွင့်အပြည့်အဝ မရရှိကြပဲ တချို့မြို့နယ်များက အလွန်အကျွံ ကိုယ်စားပြုခွင့် ရနေပါတယ်၊


အမေရိကန်ပြည်ထောင်စု ရဲ့ အထက်လွှတ်တော် (Senate) ကို ပြည်နယ် ၅၀ က ကိုယ်စားလှယ် နှစ်ယောက် စီနဲ့ အထက်လွှတ်တော်အမတ် ၁၀၀ နဲ့ ဖွဲ့စည်းထားပါ၊ ပြည်နယ် ၅၀ ဟာ လူဦးရေ၊ အကျယ်အဝန်း တွေ တူညီကြတာ မဟုတ်ပါ၊ လူဦးရေ သိန်းဂဏန်းပဲ ရှိတဲ့ ပြည်နယ် သေးသေးလေးတွေ ရှိသလို လူဦးရေ သန်းပေါင်းများစွာရှိတဲ့ ပြည်နယ်အကြီးကြီးတွေလဲ ရှိကြပေမည့် ပြည်နယ်အားလုံးကို တန်းတူရည်တူ သတ်မှတ်ပါတယ်၊ ပြည်နယ် သေးသေး၊ ကြီးကြီး ကိုယ်စားလှယ် နှစ်ယောက် စီ အထက်လွှတ်တော်ကို ရွေးချယ်တင်မြှောက်ကြပါတယ်၊ အဲဒီမှာလဲ ဝါရှင်တန်ဒီစီ က အမေရိကန်ပြည်ထောင်စုရဲ့ မြို့တော်ဖြစ်ပေမည့် ပြည်နယ်အဆင့် သတ်မှတ်မခံရပါဘူး၊ ဒါကြောင့် အောက်လွှတ်တော်ကို ကိုယ်စားလှယ်တစ်ယောက် တင်မြှောက်ခွင့်ရှိပေမည့် အထက်လွှတ်တော်ကိုတော့ ကိုယ်စားလှယ် တင်မြှောက်ခွင့်မရပါဘူး၊ ဝါရှင်တန်ဒီစီ (District of Columbia) ပြည်သူများက သူတို့တွေလဲ အခြားပြည်နယ်များက ပြည်သူများလို ပြည်ထောင်စုအစိုးရကို အခွန်ပေးဆောင်နေကြရတာမို့ သူတို့ ဒေသကလဲ အထက်လွှတ်တော်ကို ကိုယ်စားလှယ်စေလွှတ်ခွင့်ရရှိရေး လှုပ်ရှားမှုတွေ (Taxation without Representation Campaign) ပြုလုပ်နေတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ၊ အောင်မြင်မှုတော့ မရသေးပါ၊


မြန်မာနိုင်ငံရဲ့ အထက်လွှတ်တော်လို့ ပြောရမည့် အမျိုးသားလွှတ်တော်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၁၄၁ (က) နဲ့ (ခ) အရ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၁၂ဦးကျစီ တူညီစွာဖြင့် ရွေးကောက်တင်မြှောက်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၆၈ ဦး" နဲ့ "တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုစီအတွက် ကိုယ်စားလှယ် ၄ ဦးကျစီဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး"၊ စုစုပေါင်း ကိုယ်စားလှယ် ၂၂၄ ဦးနဲ့ ဖွဲ့စည်းထားပါတယ်၊ အဲဒီမှာလဲ တိုင်းဒေသကြီး ၇ ခုဟာ ဗမာလူများစု စုဝေးနေထိုင်ရာ ပြည်မဒေသများဖြစ်တာကြောင့် မြန်မာနိုင်ငံရဲ့ ပင်မတိုင်းရင်းသားလူမျိုးစု ၈ စုမှာ ဗမာလူမျိုးစုက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၈၄ ဦး ကိုယ်စားပြုခွင့်ရပြီး ကျန်တဲ့ ရှမ်း၊ ကချင်၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ချင်း တိုင်းရင်းသားများက လူမျိုးစုတစ်စုကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၂ ဦးစီသာ ကိုယ်စားပြုခွင့်ရတာမို့ တန်းတူညီမျှ ကိုယ်စားပြုရမည့် အမျိုးသားလွှတ်တော်လက္ခဏာ ပျက်ပြယ်သွားပါတယ်၊


တခါ ပြည်သူ့လွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၁၁၀ ဦး နဲ့ အမျိုးသားလွှတ်တော်မှာ ပါဝင်တဲ့ တပ်မတော်သားကိုယ်စားလှယ် ၅၆ ဦး၊ စုစုပေါင်း ၁၆၆ ဦးဟာ ဘယ်သူ့ကို ကိုယ်စားပြုပါသလဲ၊ လက်ရှိ တပ်မတော်မှာ အင်အား သုံးသိန်းကျော်လောက် ရှိပြီး အိမ်ထောင်သည်မိသားစုများပါရင် တပ်မတော် မိသားစုမှာ လူ တစ်သန်းကျော်လောက် ရှိမယ်ထင်ပါတယ်၊ ဒါဆို ဒီ ၁၆၆ ဦးဟာ တပ်မတော်မိသားစု လူဦးရေ တစ်သန်းကျော်ကို ကိုယ်စားပြုသလားလို့ ဆန်းစစ်ကြည့်တော့လဲ မဟုတ်နိုင်တာ တွေ့ရပါတယ်၊ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရော၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာပါ တပ်မတော်သားတွေ နဲ့ သူတို့ရဲ့ မိသားစုတွေဟာ ရွေးကောက်ခံ ကိုယ်စားလှယ်တွေ အတွက် သက်ဆိုင်ရာ မဲဆန္ဒနယ်တွေမှာ မဲပေးကြရတာပါ၊ ဒါကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တပ်မတော်ကိုယ်စားလှယ် ၁၆၆ဦးဟာ အခြားဘယ်သူ့ကိုမှ ကိုယ်စားမပြုပဲ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒု-ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက်ထဲကိုပဲ ကိုယ်စားပြုတယ်ဆိုတာ အံ့ဩလောက်အောင် နားလည်လိုက်ရပါတယ်၊ ရှေ့မှာ တင်ပြခဲ့တဲ့ မြို့နယ်များအကြား မညီမျှတဲ့ ကိုယ်စားပြုမှု၊ ဗမာလူများစု နဲ့ တိုင်းရင်းသားလူနည်းစုများအကြား မညီမျှတဲ့ ကိုယ်စားပြုမှု တွေထက် အများကြီး၊ အများကြီး ဆိုးရွားပါတယ်၊ မြန်မာနိုင်ငံရဲ့ သန်း ၆၀ ကျော်သော ပြည်သူများက ပြည်ထောင်စုလွှတ်တော်ရဲ့ ၇၅ % ကိုသာ ကိုယ်စားပြုခွင့်ရပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်တည်းက ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၅% ကို ထိန်းချုပ်ဆုပ်ကိုင်ထားတာပါ၊


၂၀၁၄ မှာ မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ သန်းခေါင်စာရင်းကောက် မယ်လို့ သိရပါတယ်၊ အဲဒီကနေ မြန်မာနိုင်ငံရဲ့ လူဦးရေ၊ ဒေသအလိုက်၊ မြို့နယ်အလိုက် စုဝေးနေထိုင်သူဦးရေ၊ လူမျိုးစုတစုချင်းစီ ရဲ့အရေအတွက်၊ ဘာသာတရားတခုချင်းစီရဲ့ ကိုးကွယ်သူအရေအတွက်၊မဲဆန္ဒပေးခွင့်ရှိသူအရေအတွက် စတဲ့ ကိန်းဂဏန်းတွေ အတိအကျထွက်ပေါ်လာပါလိမ့်မယ်၊ ဒီကိန်းဂဏန်းတွေ၊ အတွေ့အကြုံတွေ ကိုအခြေခံပြီး ပြည်သူ့လွှတ်တော်ကိုလဲ လူဦးရေပေါ်အခြေခံပြီး အချိုးကျ ကိုယ်စားပြုနိုင်အောင်၊ အမျိုးသားလွှတ်တော်မှာရှိနေတဲ့ ဗမာလူများစု နဲ့ တိုင်းရင်းသားလူမျိုးစုများအကြား ကိုယ်စားပြုမှုပမာဏ မညီမမျှဖြစ်နေတာကို တန်းတူညီမျှသွားအောင်၊ ကာကွယ်ရေးဦးစီးချုပ် တစ်ယောက်ထဲက ပြည်ထောင်စုလွှတ်တော်ရဲ့ ၂၅% ရာခိုင်နှုံးကို ကိုယ်စားပြုထားတာကို ဖျက်သိမ်းနိုင်အောင် ကြိုးစားနိုင်မှ ၂၀၁၅ ရွေးကောက်ပွဲကနေ ဖြစ်ပေါ်လာမည့် ပြည်ထောင်စုလွှတ်တော်ဟာ အမှန်တကယ် ပြည်သူလူထု နဲ့ တိုင်းရင်းသားလူမျိုးစုများအားလုံးကို တန်းတူညီမျှ ကိုယ်စားပြုနိုင်မှာပါ၊


လေးစားစွာ



အောင်ဒင်
နိုဝင်ဘာ ၂၉၊ ၂၀၁၂

0 comments: