BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, December 31, 2010

2011


၂၀၁၁

အောင်ဒင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀


အဆင်မပြေလှတဲ့ အဖြစ်အပျက်တွေကို
ပြက္ခဒိန်အဟောင်းနဲ့ထုတ်ပိုးပြီး
အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်
ဘယ်တော့မှ ပြန်မရချင်တော့တဲ့ နေ့ရက်များ၊

ပြက္ခဒိန်အသစ်ကို နံရံမှာချိတ်
ကျနော် စိတ်ကူးယဉ်မိရဲ့၊

၂၀၁၁ မှာ
မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး
စုစုနွေး၊ နီလာသိန်း၊ မာမာဦး၊ စန္ဒာမင်း
အကျဉ်းထောင်ထဲက သူရဲကောင်းသူငယ်ချင်းတွေ
ချစ်သူများထံ ပြန်လာကြလိမ့်မယ်။

၂၀၁၁ မှာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့အပေါင်းအပါများ
ဂျီနီဗာက နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ
တရားစီရင်ခံရလိမ့်မယ်။

၂၀၁၁ မှာ
ကလေးစစ်သားတွေ
အမေ့အိမ်ပြန်ရောက်ကြလိမ့်မယ်
လယ်သမားတွေ သိမ်းပိုက်ခံလယ်မြေပြန်ရမယ်
ဒုက္ခသည်စခန်းတွေ ပြတိုက်ဖြစ်မယ်
ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ တိုင်းရင်းသားတွေ
သားကောင်ဘဝက လွတ်မြောက်မယ်
စစ်ပွဲတွေ ပြီးဆုံးမယ်
အများကရွေးချယ်တင်မြှောက်တဲ့
လူထုအစိုးရတက်မယ်။

၂၀၁၁ မှာ
ရန်ကုန်စက်မှုတက္ကသိုလ်ကြီးရဲ့
ကျယ်ပြန့်ရှင်းလင်းတဲ့ မဟာနဖူးပြင်မှာ
မူလနံမည်ပြန်ရေးထိုးမယ်၊
သမဂ္ဂအဆောက်အအုံသစ်ကို
၆၂၊ ၇၄၊ ၈၈၊ ၂၀၀၇
မျိုးဆက်အားလုံးက ကျောင်းသူ ကျောင်းသားတွေ
စုပေါင်းအုတ်မြစ်ချမယ်၊
သစ်ပုတ်ပင်အိုကြီးမှာ
ရွက်နုသစ်တွေ ဝေလိမ့်မယ်။

၂၀၁၁ မှာ
ကျနော့အထုပ္ပတ္တိ စရေးဖြစ်လိမ့်မယ်
ကိုယ်အလေးချိန် ပေါင်၂၀ ကျမယ်
ပြီးတော့
ကျနော့ကို ချစ်တဲ့သူ တယောက်လဲ
ရှိကောင်းရှိလာလိမ့်မယ်။

အဲဒီလို
ရဲရဲရင့်ရင့် မျှော်လင့်မိပါကြောင်း၊။။။

(ပန်းချီ ထိန်လင်း ရဲ့ Forest AD 2500 ၊ Acrylic on Canvas 35 X 98, 1997)

Thursday, December 30, 2010

The New Year Present


အကြမ်းဖက်ဝါဒ လက်ဆောင်ပို့ခြင်း

အောင်ဒင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၀

လမ်းမတွေက
မရှင်းလင်းရသေးတဲ့ နှင်းတွေနဲ့
အဖြူတဝက် အနက်တဝက်
ကားတွေက ခက်ခက်ခဲခဲရွေ့မျော
အမြဲတမ်း ခြောက်သွေ့မှုံမှိုင်းနေတဲ့ ကွန်ကရစ်တောအုပ်ကြီးထဲ
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ပန်းသီးတွေ သန်းပေါင်းများစွာ။

ခရစ္စမတ် တဲ့
နှစ်သစ်ကူး တဲ့
တိုက်နံရံတွေ အလှဆင်ကြ
သစ်ပင်တွေမှာ မီးထွန်းကြ
နှစ်တနှစ်ကို ရီရီမောမောကုန်ဆုံးကြ
နှစ်အသစ်ကို မျှော်လင့်တကြီးကြိုလင့်ကြ
ရောင်စုံလက်ဆောင်ထုတ်တွေ မျှဝေကြ
ချစ်သူတွေက ချစ်တဲ့သူတွေဆီ
အချစ်ငတ်သူတွေက မချစ်တတ်သူတွေဆီ
ကျန်ရစ်ခဲ့ရသူက ချန်ထားခဲ့သူဆီ။

အဲဒီ လက်ဆောင်ထုတ်တွေထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
အကြင်နာတရားတွေပါတယ်
နွေးထွေးယုံကြည်မှုတွေပါတယ်
ဈေးချတုံး ဝယ်ထားတဲ့ ပစ္စည်းတွေပါတယ်
ဆန်တာကလောစ်ဆီကလဲ ပါတယ်ဆိုပဲ။

ဪ၊ ငါ့သူငယ်ချင်းတွေ
ကျိုင်းတုံထောင်မှာ မင်းကိုနိုင်
မိုင်းဆတ်ထောင်မှာ ကိုကိုကြီး
မြစ်ကြီးနားထောင်မှာ ကိုသူရ
ဘူးသီးတောင်ထောင်မှာ ဌေးကြွယ်
လွိုင်ကော်ထောင်မှာ မြအေး
မြင်းခြံထောင်မှာ ဂျင်မီ နဲ့
သရက်ထောင်မှာ နီလာသိန်း
ထောင်ပေါင်း ၄၀ကျော်က နိုင်ငံရေးအကျဉ်းသားတွေ။

မင်းတို့တွေကတော့
၈ပေ ၁၂ပေ အခန်းကျဉ်းကလေးထဲမှာ
သွေးဝနေတဲ့ ကြမ်းပိုးတွေ၊ သန်းကြီးမတွေ၊ ခြင်တွေ
ရိုင်းစိုင်းလွန်းတဲ့ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေဝိုင်းရံပြီး
နှစ်ဟောင်းတွေကို အကြိမ်ကြိမ်ကုန်ဆုံးခဲ့ရ
နှစ်သစ်တွေကို အကြိမ်ကြိမ်ကြိုခဲ့ရ
ဘယ်သူ့ဆီကမှ ဘာလက်ဆောင်မှ မရ။

သူငယ်ချင်း တို့ရေ
ငါလဲ အဲဒီ အခန်းကျဉ်းကလေးထဲ
ဒီလို နေ့တွေ ကြေကွဲဖြတ်သန်းခဲ့ဘူးတာပေါ့။

ငါလေ
ငါ့သွေးကို အဓမ္မစုတ်ယူနေတဲ့ ကြမ်းပိုးတွေ၊ သန်းတွေ၊ ခြင်တွေကို
မေတ္တာသုတ်ရွတ်ပြခဲ့ဘူးပါရဲ့
ဒင်းတို့ နားမထောင်ကြ
ငါ့ပုံစံထမင်းကို တဝက်ခွဲပြီး ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေကို ကြွေး
ကျန်တဲ့ ငါ့တဝက်ကို မနှောက်ရှက်ကြဖို့
ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ဘူးရဲ့
ဒင်းတို့ လက်မခံကြ။

ဒီလိုနဲ့
သံလှောင်အိမ်ကျဉ်းကျဉ်း ကလေးဟာ
ထောင်ပေါင်းများစွာသော သတ္တဝါတွေနဲ့
ငါ့ရဲ့ စစ်မြေပြင်ဖြစ်
ငါ့ကိုယ်မှာ ယားနာတွေ ဗလပွ
ငါ့လက်မှာ သွေးတွေစွန်းထင်း
ဒင်းတို့ကို ငါ အနိုင်ရခဲ့တယ်၊ တကယ်။

သူငယ်ချင်းတို့ရေ
ငါ့ရဲ့ အကြမ်းဖက်ဝါဒကို
မင်းတို့ဆီ လက်ဆောင်ပို့လိုက်ပါတယ်
မင်းတို့ရဲ့ အခန်းကျဉ်းကလေးထဲ
မင်းတို့ရဲ့အသွေးအသားကို ဝါးမြိုနေတဲ့
မင်းတို့ရဲ့မဝရေစာကို လုယူအနိုင်ကျင့်နေတဲ့
အရိုးမဲ့မဲ့အကောင်တွေကို တန်ပြန်တိုက်ခိုက်
ဘုရား မကြိုက်ရင်လဲ ရှိပါစေ ။။။



(ပန်းချီ ထိန်လင်း၊ Ponsan Tain Assume The Position ၊ ရန်ကုန် ဂျွန် ၂၀၀၅၊ Paintings approximately 70 in X 36 in in Rhodamine Power and Glue)