BLOGGER TEMPLATES AND TWITTER BACKGROUNDS

Friday, December 31, 2010

2011


၂၀၁၁

အောင်ဒင်
ဒီဇင်ဘာ ၃၁၊ ၂၀၁၀


အဆင်မပြေလှတဲ့ အဖြစ်အပျက်တွေကို
ပြက္ခဒိန်အဟောင်းနဲ့ထုတ်ပိုးပြီး
အမှိုက်ပုံးထဲ လွှတ်ပစ်လိုက်တယ်
ဘယ်တော့မှ ပြန်မရချင်တော့တဲ့ နေ့ရက်များ၊

ပြက္ခဒိန်အသစ်ကို နံရံမှာချိတ်
ကျနော် စိတ်ကူးယဉ်မိရဲ့၊

၂၀၁၁ မှာ
မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ မြအေး
စုစုနွေး၊ နီလာသိန်း၊ မာမာဦး၊ စန္ဒာမင်း
အကျဉ်းထောင်ထဲက သူရဲကောင်းသူငယ်ချင်းတွေ
ချစ်သူများထံ ပြန်လာကြလိမ့်မယ်။

၂၀၁၁ မှာ
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့အပေါင်းအပါများ
ဂျီနီဗာက နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ
တရားစီရင်ခံရလိမ့်မယ်။

၂၀၁၁ မှာ
ကလေးစစ်သားတွေ
အမေ့အိမ်ပြန်ရောက်ကြလိမ့်မယ်
လယ်သမားတွေ သိမ်းပိုက်ခံလယ်မြေပြန်ရမယ်
ဒုက္ခသည်စခန်းတွေ ပြတိုက်ဖြစ်မယ်
ရွှေ့ပြောင်းပုန်းအောင်းနေရတဲ့ တိုင်းရင်းသားတွေ
သားကောင်ဘဝက လွတ်မြောက်မယ်
စစ်ပွဲတွေ ပြီးဆုံးမယ်
အများကရွေးချယ်တင်မြှောက်တဲ့
လူထုအစိုးရတက်မယ်။

၂၀၁၁ မှာ
ရန်ကုန်စက်မှုတက္ကသိုလ်ကြီးရဲ့
ကျယ်ပြန့်ရှင်းလင်းတဲ့ မဟာနဖူးပြင်မှာ
မူလနံမည်ပြန်ရေးထိုးမယ်၊
သမဂ္ဂအဆောက်အအုံသစ်ကို
၆၂၊ ၇၄၊ ၈၈၊ ၂၀၀၇
မျိုးဆက်အားလုံးက ကျောင်းသူ ကျောင်းသားတွေ
စုပေါင်းအုတ်မြစ်ချမယ်၊
သစ်ပုတ်ပင်အိုကြီးမှာ
ရွက်နုသစ်တွေ ဝေလိမ့်မယ်။

၂၀၁၁ မှာ
ကျနော့အထုပ္ပတ္တိ စရေးဖြစ်လိမ့်မယ်
ကိုယ်အလေးချိန် ပေါင်၂၀ ကျမယ်
ပြီးတော့
ကျနော့ကို ချစ်တဲ့သူ တယောက်လဲ
ရှိကောင်းရှိလာလိမ့်မယ်။

အဲဒီလို
ရဲရဲရင့်ရင့် မျှော်လင့်မိပါကြောင်း၊။။။

(ပန်းချီ ထိန်လင်း ရဲ့ Forest AD 2500 ၊ Acrylic on Canvas 35 X 98, 1997)

4 comments:

tin min htet said...

ကဗျာတွေ ဆက်တိုက်ရေးဖြစ်နေတာ ဝမ်းသာပါတယ်။ စောင့်လဲ ဖတ်နေပါတယ်။

ကျွန်တော် အရင်တုန်းက လက်ရေးနဲ့ ကူးထားတဲ့ ဗလာစာအုပ်လေးတွေ ရန်ကုန်ကနေ ပြန်ယူလာတယ်။ ဘလော့ဂ်မှာ မတင်ရသေးတဲ့ အကို့ ကဗျာတွေ တွေ့ရင် ပို့ပေးပါ့မယ်။

rosary said...

ကိုယ်အလေးချိန် ပေါင်၂၀ ကျမယ်

ပြီးတော့

ကျနော့ကို ချစ်တဲ့သူ တယောက်လဲ

ရှိကောင်းရှိလာလိမ့်မယ်။
.......?????? :))

rosary said...

ကိုယ်အလေးချိန် ပေါင်၂၀ ကျမယ်

ပြီးတော့

ကျနော့ကို ချစ်တဲ့သူ တယောက်လဲ

ရှိကောင်းရှိလာလိမ့်မယ်။
.......?????? :))

MoeMaKa said...

အောက်ဆုံးတပိုဒ်က အရင်ဖြစ်မလား
အပေါ်က အပိုဒ်တွေ အရင်ဖြစ်မလား
အားလုံး အတူတူ ဖြစ်မလား
အကုန်လုံး ဖြစ်ရင် ပြီးတာပဲ။
ဖြစ်ဖို့  ဖြစ်ဖို့ 