BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, December 30, 2010

The New Year Present


အကြမ်းဖက်ဝါဒ လက်ဆောင်ပို့ခြင်း

အောင်ဒင်
ဒီဇင်ဘာ ၃၀၊ ၂၀၁၀

လမ်းမတွေက
မရှင်းလင်းရသေးတဲ့ နှင်းတွေနဲ့
အဖြူတဝက် အနက်တဝက်
ကားတွေက ခက်ခက်ခဲခဲရွေ့မျော
အမြဲတမ်း ခြောက်သွေ့မှုံမှိုင်းနေတဲ့ ကွန်ကရစ်တောအုပ်ကြီးထဲ
ဘုရားသခင်ဖန်ဆင်းခဲ့တဲ့ ပန်းသီးတွေ သန်းပေါင်းများစွာ။

ခရစ္စမတ် တဲ့
နှစ်သစ်ကူး တဲ့
တိုက်နံရံတွေ အလှဆင်ကြ
သစ်ပင်တွေမှာ မီးထွန်းကြ
နှစ်တနှစ်ကို ရီရီမောမောကုန်ဆုံးကြ
နှစ်အသစ်ကို မျှော်လင့်တကြီးကြိုလင့်ကြ
ရောင်စုံလက်ဆောင်ထုတ်တွေ မျှဝေကြ
ချစ်သူတွေက ချစ်တဲ့သူတွေဆီ
အချစ်ငတ်သူတွေက မချစ်တတ်သူတွေဆီ
ကျန်ရစ်ခဲ့ရသူက ချန်ထားခဲ့သူဆီ။

အဲဒီ လက်ဆောင်ထုတ်တွေထဲမှာ
ချစ်ခြင်းမေတ္တာတွေပါတယ်
အကြင်နာတရားတွေပါတယ်
နွေးထွေးယုံကြည်မှုတွေပါတယ်
ဈေးချတုံး ဝယ်ထားတဲ့ ပစ္စည်းတွေပါတယ်
ဆန်တာကလောစ်ဆီကလဲ ပါတယ်ဆိုပဲ။

ဪ၊ ငါ့သူငယ်ချင်းတွေ
ကျိုင်းတုံထောင်မှာ မင်းကိုနိုင်
မိုင်းဆတ်ထောင်မှာ ကိုကိုကြီး
မြစ်ကြီးနားထောင်မှာ ကိုသူရ
ဘူးသီးတောင်ထောင်မှာ ဌေးကြွယ်
လွိုင်ကော်ထောင်မှာ မြအေး
မြင်းခြံထောင်မှာ ဂျင်မီ နဲ့
သရက်ထောင်မှာ နီလာသိန်း
ထောင်ပေါင်း ၄၀ကျော်က နိုင်ငံရေးအကျဉ်းသားတွေ။

မင်းတို့တွေကတော့
၈ပေ ၁၂ပေ အခန်းကျဉ်းကလေးထဲမှာ
သွေးဝနေတဲ့ ကြမ်းပိုးတွေ၊ သန်းကြီးမတွေ၊ ခြင်တွေ
ရိုင်းစိုင်းလွန်းတဲ့ ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေဝိုင်းရံပြီး
နှစ်ဟောင်းတွေကို အကြိမ်ကြိမ်ကုန်ဆုံးခဲ့ရ
နှစ်သစ်တွေကို အကြိမ်ကြိမ်ကြိုခဲ့ရ
ဘယ်သူ့ဆီကမှ ဘာလက်ဆောင်မှ မရ။

သူငယ်ချင်း တို့ရေ
ငါလဲ အဲဒီ အခန်းကျဉ်းကလေးထဲ
ဒီလို နေ့တွေ ကြေကွဲဖြတ်သန်းခဲ့ဘူးတာပေါ့။

ငါလေ
ငါ့သွေးကို အဓမ္မစုတ်ယူနေတဲ့ ကြမ်းပိုးတွေ၊ သန်းတွေ၊ ခြင်တွေကို
မေတ္တာသုတ်ရွတ်ပြခဲ့ဘူးပါရဲ့
ဒင်းတို့ နားမထောင်ကြ
ငါ့ပုံစံထမင်းကို တဝက်ခွဲပြီး ယင်ကောင်တွေ၊ ပုရွက်ဆိတ်တွေကို ကြွေး
ကျန်တဲ့ ငါ့တဝက်ကို မနှောက်ရှက်ကြဖို့
ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ဘူးရဲ့
ဒင်းတို့ လက်မခံကြ။

ဒီလိုနဲ့
သံလှောင်အိမ်ကျဉ်းကျဉ်း ကလေးဟာ
ထောင်ပေါင်းများစွာသော သတ္တဝါတွေနဲ့
ငါ့ရဲ့ စစ်မြေပြင်ဖြစ်
ငါ့ကိုယ်မှာ ယားနာတွေ ဗလပွ
ငါ့လက်မှာ သွေးတွေစွန်းထင်း
ဒင်းတို့ကို ငါ အနိုင်ရခဲ့တယ်၊ တကယ်။

သူငယ်ချင်းတို့ရေ
ငါ့ရဲ့ အကြမ်းဖက်ဝါဒကို
မင်းတို့ဆီ လက်ဆောင်ပို့လိုက်ပါတယ်
မင်းတို့ရဲ့ အခန်းကျဉ်းကလေးထဲ
မင်းတို့ရဲ့အသွေးအသားကို ဝါးမြိုနေတဲ့
မင်းတို့ရဲ့မဝရေစာကို လုယူအနိုင်ကျင့်နေတဲ့
အရိုးမဲ့မဲ့အကောင်တွေကို တန်ပြန်တိုက်ခိုက်
ဘုရား မကြိုက်ရင်လဲ ရှိပါစေ ။။။



(ပန်းချီ ထိန်လင်း၊ Ponsan Tain Assume The Position ၊ ရန်ကုန် ဂျွန် ၂၀၀၅၊ Paintings approximately 70 in X 36 in in Rhodamine Power and Glue)

1 comments:

OKlin said...

တကယ့်ဘ၀ထဲက ထွက်ကျလာတဲ့အရာတွေမို့.. အနုပညာကို ....ကဗျာကို. ကောင်းတယ်လို့ ပြောရမှာတောင် အားနာတယ်ဗျာ.....အားလုံး...မတရားခံရမှုများ ကင်းဝေးပါစေ..လွတ်လပ်ပျော်ရွှင်မှုများကို ကိုယ်တိုင်က စလို့ အားလုံးကို မျှဝေ ဝေငနိုင်တဲ့ ဘ၀တွေ ဘ၀ဆက်တိုင်း ပိုင်ဆိုင်နိုင်ကြပါစေ...အနုပညာကို ချစ်မြတ်နိုးတဲ့..အနုပညာကို ကိုယ်တိုင်ဖန်တီးနိုင်တဲ့ ဘ၀မျိုးလည်း. .ဘ၀ဆက်တိုင်း ပိုင်ဆိုင်နိုင်ပါစေ..
ဆန္ဒပြုလျက်
ok.lin