BLOGGER TEMPLATES AND TWITTER BACKGROUNDS

Sunday, March 7, 2010

A Burmese Poet in America



ကိုလံဘတ် တိုင်းပြည်ရောက် မြန်မာကဗျာဆရာ

အောင်ဒင်

မတ် ၈၊ ၂၀၁၀


၁။

ကိုလံဘတ်က အမေရိကတိုက်ကို ရှာဖွေတွေ့ရှိပြီး

၅၀၉ နှစ်အကြာမှာ

ကျနော် အမေရိကားကို ရောက်ရှိခဲ့တယ်၊


ကိုလံဘတ် ကတော့

အင်အားသုံး၊ အကြမ်းဖက်

ဒေသခံ အင်ဒီးယန်းတွေကို ရက်စက်ပြီး

အမေရိကတိုက်ကို သိမ်းယူလိုက်တာပါပဲ၊

မြန်မာနိုင်ငံက ကဗျာဆရာ ကတော့

အဖြူ၊ အမည်း၊ အနီ၊ အဝါ၊ ရောင်စုံ အမေရိကန် တွေကြား

မြန်မာနိုင်ငံက ဆင်းရဲဒုက္ခတွေကို တစာစာတင်ပြ ပြီး

ကျနော်တို့ ပြည်သူတွေကို ကယ်တင်ကြပါဗျာ..လို့

အကူအညီတောင်းဖို့ပါ၊။

၂၊

မြန်မာပြည်အရှေ့ဖျားက

တောနက်နက်၊ တောင်မြင့်မား တွေကြားမှာ

စစ်အုပ်စုရဲ့ အနိုင်ကျင့်မှုတွေကို

ရှောင်တိမ်း၊ ပုန်းအောင်းနေရတဲ့

ရွှေ့ပြောင်းဒုက္ခသည်တွေ၊


နယ်စပ်ဒေသမှာလည်း

မလုံခြုံ၊ စိတ်မချရတဲ့

အကျဉ်းထောင်သာသာ စခန်းတွေထဲ

စစ်ဘေးကြောင့် ပြေးဝင်ခိုလှုံရတဲ့

တိုင်းရင်းသား ဒုက္ခသည်တွေ၊


မိတ်ဆွေတို့ရေ

ခင်ဗျားတို့ကိုတော့ အားနာပါရဲ့

ကျနော်လည်း ဒုက္ခသည်ပါ

စစ်အာဏာရှင်တွေရဲ့ ဘေးကနေ

ထွက်ပြေးခဲ့ရတာပါ

ပြေးမည့်ပြေးတော့လည်း

အဝေးဆုံးနဲ့ အလုံခြုံဆုံးမှာ

တကိုယ်ကောင်းဆန်တယ်ထင်ရင် တောင်းပန်ပါရဲ့၊


၃၊

တချို့ကျတော့

အမေရိကား ဆိုတာ

သူတို့ရဲ့ ဘဝအိပ်မက်

အမေရိကားကို ရောက်လာရခြင်းဟာ

အိပ်မက်တွေ တကယ်ဖြစ်လာခြင်းပေါ့

သူတို့ ရဲ့ ဘဝတွေဟာ

နေသာလိုက်၊ လသာလိုက်၊ လေညင်းကလေးတွေ တိုက်လိုက်၊၊


ကျနော့ အိပ်မက်ကတော့

မြန်မာပြည်က တောင်ပေါ်မြို့ကလေး တစ်မြို့မှာ

ခြံကလေး တစ်ခြံစိုက်

ခွေးကလေး၊ ကြောင်ကလေး တွေမွေး

စမ်းချောင်းကလေးထဲကရေ နဲ့

ကိုယ်သောက်ဖို့ အရက် ကိုယ့်ဖာသာချက်

ချစ်သူရဲ့ ပခုံးကလေးကို ဖက်ပြီး

တိတ်ဆိတ် ငြိမ်သက်နေချင်တာပါပဲ၊


ခုတော့လည်း

ကိုလံဘတ် ရှာဖွေတွေ့ရှိခဲ့တဲ့ တိုင်းပြည်မှာ

ကိုလံဘတ် ကိုပဲ

ကမ္ဘာ့ အစောဆုံး နယ်ချဲ့သမား တစ်ယောက်အဖြစ်

ကမ္ဘာ့ အစောဆုံး လူ့အခွင့်အရေး ချိုးဖောက်သူကြီး တစ်ယောက်အဖြစ်

နစ်နစ်နာနာ မုန်းတီးရင်း

ကိုးနှစ် ရှိခဲ့ပါပြီ

တောင်ပေါ်မြို့လေး နဲ့ကတော့ ဝေးနေဆဲ၊

၎၊

အမေရိကားရောက် မြန်မာကဗျာဆရာ

အိမ်မပိုင်၊ ကားမပိုင်၊

ဘာမှ မပိုင်ပါ၊


တစ်လကုန်လို့

အိမ်လခ၊ ရေ၊မီး၊ အင်တာနက်

အရက်၊ စားစရာ နဲ့ခရီးစားရိတ်

မေမေ့ ကိုကန်တော့ဖို့ ပိုက်ဆံအနည်းငယ် နဲ့ ကျောင်းကြွေး

အားလုံးပေးဆပ်ပြီးတဲ့ အခါ

ဘဏ်လက်ကျန်ငွေစာရင်းမှာ ဗလာ၊

ဒါတောင်မှ

ဒီကောင် ဒေါ်လာစား

စားလွန်းလို့ ဖားကြီးဖြစ်နေပြီ …တဲ့

ကဲ့ရဲ့ ရှုတ်ချတာလည်း ကြားဖူးရဲ့၊


နအဖ ကကျတော့

"အကြမ်းဖက်သမား၊ ပြည်ပအားကိုး ပုဆိန်ရိုး" လို့ စွပ်စွဲ

ပညာတတ် လူကြီးလူကောင်းဆိုသူ တချို့ကတော့

ဒီကောင်ဟာ၊ စီးပွါးရေးပိတ်ဆို့မှုကို ကိုင်ဆွဲ

လူထုကို ဆင်းရဲတွင်းထဲ နက်စေသတဲ့၊

တရုတ်ကို သစ္စာခံသူတွေက ကျတော့

အောင်ဒင်ဟာ စီအိုင်အေ တဲ့

အလွန့်အလွန် ပြေလည်လွန်းချင်လှတဲ့

နိုင်ငံရေးသမားတချို့ကတော့

အောင်ဒင်ဟာ အစွန်းရောက်လွန်း သတဲ့၊


အရည်မရ၊ အဖတ်မရ

ငြင်းခုန်မှုတွေကို ရှောင်ဖို့

ကိုယ့်ကိုကိုယ် ချောင်ကလေး တစ်ခုမှာ ဖွက်ထားမိတော့လည်း

ဒီကောင် ဟာ စိတ်ကြီးဝင်နေပြန်သတဲ့

အို၊ ဘုရားသခင်

လူတို့ ရဲ့ လက်ညှိုးမှာ အဆိပ်တွေရှိကြောင်း

ကျနော် ကောင်းကောင်း သိခဲ့ရပါပြီ၊


၅၊
နောက်သုံးနှစ် အကြာ

အသက် ၅၀ ပြည့်ပါတော့မယ်

ဘဝနိဂုန်းက၊ အမြန်ဆုံးနှုံးနဲ့ ချဉ်းကပ်လာချိန်

တောင်ပေါ်မြို့ ကလေး ကတော့ အလှမ်းဝေးနေဆဲ၊


အာဏာရှင်ကို ဆန့်ကျင်ကြတဲ့

ဒီမိုကရေစီ တော်လှန်ရေးဆိုတာ

ကြမ်းတမ်း နက်ရှိုင်း၊

ကောက်ကွေ့တဲ့ မြစ်အရိုင်းထဲ

လက်လုပ်လှေကလေး တစ်စီးနဲ့

မြစ်ဖျားကို ဆန်တက်ရခြင်း လို့ဆိုကြ၊

အဲဒီလို ဆိုရင်၊ ကျနော်လေ

မြစ်ကမ်းနဘေးက၊ ပိရိသတ် တစ်ယောက်မဖြစ်ချင်ပါ

မြစ်ကမ်းနဲ့ ဝေးဝေးက

ကိုယ့်အကြောင်းကို တွေးနေသူလည်း မဖြစ်ချင်ပါ

ကောင်းကင်အထက်ပျံ၊

ဝေဟင်ယံကနေ၊ ဝေဘန်ကြတဲ့

မြန်မာ့အရေး ကျွမ်းကျင်သူများလည်း မဖြစ်ချင်ပါ

ရေစီးထဲ၊ ရေစုံဖက်ပြောင်းစီးသူလည်း မဖြစ်ချင်ပါ၊


ရေစီးထဲမှာပဲ

မနစ်မြုတ်မချင်း

ရေဆန်လှေကလေးကို

ထောက်ပံ့တွန်းပို့မည့်

လက်နှစ်ချောင်းပဲ ဖြစ်ချင်ပါတယ်၊

၆၊
အမေရိကားရဲ့

နှင်းတွေ စုပြုံကျနေတဲ့ လမ်းမကြီးနဘေးမှာ

အပြိုပြို အလဲလဲ တွားသွားနေတာ ကျနော်ပါ

နှုတ်ဆက်ဖို့တော့ ကားမရပ်လိုက်ပါနဲ့ မိတ်ဆွေ

ခင်ဗျားရဲ့ ဧည့်ခံပွဲအစီအစဉ်တွေ နောက်ကျသွားပါလိမ့်မယ်

ကျေးဇူးပါ၊ ။ ။



(မိမိ၏ အသက် ၄၇နှစ်ပြည့် မွေးနေ့သို့ အမှတ်တရ၊)

သရုပ်ဖော်ပန်းချီ။ ပန်းချီထိန်လင်း ၏ "Saffron Revolution IV", Acrylic on Canvas, 61X61 cm, 2008

ကြိုက်သလို ယူသုံးပါလို့ ပြောထားလို့ ခွင့်ပြုချက်ထပ်မတောင်းခဲ့ပါ၊

12 comments:

MieMie said...

HAPPY BIRTHDAY KO AUNG DIN !

ဘယ်သူတွေ ဘာပြောပြော ကိုယ့်သမိုင်း ကိုယ်ရေး ရတာ မို့ DON 'T CARE

မွေးနေ့ ကဗျာ လေး ကောင်းတယ် လို့ ပြောပါရစေ ...

ရေစီးထဲ ရေစုံဖက် ပြောင်းစီးသူ ဖြစ်မနေသေးတဲ့ အတွက် လေးစားလျက် ....

Nyi Nyi said...

ဆက်လျှောက်ပါ
လေးစားလျှက်

tin min htet said...

အချစ်၊ မိသားစု၊ အလင်းရောင်
ဘဝတခုလုံး မြှုပ်နှံ
စစ်၊ ယုံကြည်ချက်၊ အကျဉ်းထောင်
အားလုံးအတွက် အနစ်နာခံ
ပြည်သူချစ်တဲ့ သူရဲကောင်းတွေ
မိခင်ရဲ့ နှောင်ကြိုးကို ဖြေနိုင်ကြစေ

kay said...

Happy Birthday. May your dreams come true!

Unknown said...

HAPPY Birthday!, Ko Aung Din.

ကိုအောင် said...

ကိုအောင်ဒင် အသက်ရာကျော် ရှည်ပါစေ။

kmh said...

အကိုရေ...ခံစားနားလည်စွာနဲ့ ဖတ်သွားပါတယ်.. ထုံးစံအတိုင်းဘဲ အသက်ရာကျော်ရှည်ပါစေလို့ ဆုတောင်းသွားတယ်...။

အေးခိုင် said...

ကိုအောင်ဒင်ကြီး..အစွန်းလည်းမရောက်ပါဘူး၊
ဒါပေမယ့်....စိတ်ဖြေစရာလို့ဆိုပေမယ့်..အရက်တွေအများကြီးမသောက်စေချင်ဘူး..
တိုင်းပြည်မှာလူကောင်းတွေရှားလွန်းလို့ပါ။

အိုးဝေအောင် said...

မွေးနေ့ ရှင်ကြီးကို တိုက်ခိုက်နေတဲ့ကဗျာတွေ ယာဟူးအုပ်စု မေးလ်တွေထဲမှာ ဖတ်ခဲ့ရတယ်
မနာလိုသူတွေ ဝန်းကျင်မှာ ရှိနေတာ သတိရှိပါ
နာမည်တချို့ ကို သိထားတယ် ဒီမှာတော့ မဖော်ထုတ်တော့ပါဘူး လိုအပ်ရင် ပြောပြမယ်
ကျနော်လည်း တတ်နိုင်သလောက် အကို့ ကိုတိုက်ခိုက်နေတဲ့ အကို့ နာမည်ကို ဆင်တူယိုးမှားယူသုံးနေတဲ့သူကို အုပ်စုမေးလ်ထဲမှာ တုံ့ ပြန်ပေးထားတယ် အသက်ဥာဏ်စောင့် အသက်ရှည်ကျန်းမာနေနိုင်ပါစေ ဆုတောင်းပါတယ်။

Anonymous said...

မွေးနေ့ မင်္ဂလာ ပါ။ ဘယ်သူ့ ဘာပြောပြော လေးစားတယ်။

Kaung Kin Ko said...

ကဗျာလေး ခံစား သွားတယ် အကို။ သံဝေဂလည်း ရမိပါရဲ့။

OKlin said...

တကယ်လို့များ.....ကိုချောနွယ်ဟာ....ဒီကဗျာကို...ဖတ်မိခဲ့ရင်.. သူ ...သဘောကျတယ်ကွာ လို့ ပြောသွားလိမ့်မယ်ထင်ပါတယ်.......