BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, March 30, 2013

Burma's Parliament Watch Part 15

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၉၊ မတ်လ ၂၈ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၅) လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာခြင်း

လူထု၏ အခွင့်အရေး၊
ပြည်သူလူထုဟာ မိမိတို့ရဲ့ မဲဆန္ဒနယ်မြေကနေ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အများဆန္ဒနဲ့ ရွေးချယ်တင်မြှောက်ခွင့်ရှိသလို လူထုရဲ့ ဆန္ဒနဲ့ မကိုက်ညီတဲ့အခါမှာလဲ အဲဒီလွှတ်တော်ကိုယ်စားလှယ်ကို အများဆန္ဒနဲ့ ပြန်လည်ဖြုတ်ချခွင့် ရှိသင့်ပါတယ်၊ ပုံမှန်သက်တမ်းတစ်ခုပြီးတဲ့အထိစောင့်နေဖို့မလိုသင့်ပါ၊ ဒါပေမည့် အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို ပြည်သူလူထုက ပြန်လည်ခေါ်ယူခွင့် (Recall) ပေးမထားပါ၊ အမေရိကန် ကွန်ဂရက်လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို သက်ဆိုင်ရာ လွှတ်တော်ရဲ့ သုံးပုံ နှစ်ပုံထောက်ခံမဲနဲ့ပဲ လွှတ်တော်ကသာ ဖယ်ရှားနိုင် (Expulsion) ပါတယ်၊ ဒါကြောင့်အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်အမတ်တစ်ယောက်ဟာ သူကိုယ်တိုင် ရာထူးမှနှုတ်ထွက်တာ၊ သေဆုံးတာ၊ လွှတ်တော်မှ အရေးယူပြီး ဖယ်ရှားခံရတာမဟုတ်ရင် သတ်မှတ်ထားတဲ့ လွှတ်တော်သက်တမ်းအပြည့် တာဝန်ထမ်းဆောင်နိုင်ပါတယ်၊ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်သက်တမ်းက နှစ်နှစ်ဖြစ်ပြီး အထက်လွှတ်တော်သက်တမ်းက ၆ နှစ်ပါ၊

မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ ပုဒ်မ ၃၉၆ အရ လွှတ်တော်ကိုယ်စားလှယ်အား တာဝန်မှ ပြန်လည်ရုတ်သိမ်းခွင့်အာဏာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ အပ်နှင်းထားပြီး ပြည်သူလူထုကိုတော့ ရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းခွင့်ပေးထားပါတယ်၊ ဒီပြဋ္ဌန်းချက်အရ သက်ဆိုင်ရာမဲဆန္ဒနယ်ရဲ့ မူလမဲဆန္ဒရှင်များအနက်မှ အနည်းဆုံး တစ်ရာခိုင်နှုံးက သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်ကို ပြန်လည်ခေါ်ယူဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းရင် ကော်မရှင်က စုံစမ်းစစ်ဆေးပြီး စွပ်စွဲချက်တွေဟာ မှန်ကန်လို့ စွပ်စွဲခံရသူဟာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ရန် မသင့်ကြောင်း သဘောရရှိလျင် ဥပဒေနဲ့အညီ အရေးယူနိုင်တယ်လို့ ဆိုထားပါတယ်၊ တခါ ပုဒ်မ ၄၀၂ အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အဆုံးအဖြတ်ဟာ နောက်ထပ်အယူခံတက်ခွင့်မရှိတော့ပဲ အပြီးအပြတ်အတည်ဖြစ်စေရမည်လို့လဲ အာဏာကုန်ပေးထားပါသေးတယ်၊ ၂၀၁၂ ခုနှစ် မတ်လ ၁၉ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ "ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေ" မှာလဲ မဲဆန္ဒရှင် တစ်ရာခိုင်နှုံးရဲ့ တိုင်တန်းချက်ကို ကော်မရှင်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၉၆ (ဂ) (ဃ) (င) များအရ စုံစမ်းစစ်ဆေးအရေးယူရမယ် ဆိုတာကို ပုဒ်မ ၁၀ (ည) မှာ ပြဋ္ဌန်းထားပါတယ်၊ အဲဒီမှာ ကော်မရှင်က ဥပဒေနဲ့အညီ ဆောင်ရွက်ရမှာဖြစ်ပေမည့် လိုအပ်တဲ့ "တာဝန်မှပြန်လည်ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေ" ကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းပေးရမှာပါ၊ ဒီကနေ့အထိတော့ အဲဒီ ဥပဒေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းတာ မတွေ့ရသေးပါ၊

ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံက ပြည်သူတွေမှာ လူထုရဲ့ ဆန္ဒသဘောထားနဲ့ မကိုက်ညီတဲ့ လွှတ်တော်ကိုယ်စားလှယ်ကို ဖယ်ရှားနိုင်ဖို့ အခွင့်အရေးတစ်ခုရှိနေတာဟာ ကောင်းမွန်တဲ့အချက်တစ်ခုပါ၊ ဒီအခွင့်အရေးကို မှန်မှန်ကန်ကန်အသုံးချနိုင်ဖို့ပဲလိုပါတယ်၊

လွှတ်တော်ကိုယ်စားလှယ်များကို စောင့်ကြည့်လေ့လာခြင်း၊

ဘယ်လောက်ပဲ ဖြောင့်မတ်မှန်ကန်တဲ့ လူတစ်ယောက်ဖြစ်ပါစေ၊ အာဏာရသွားပြီးတဲ့အခါ ဖောက်ပြန်တတ်တာအစဉ်အလာပါ၊ လူထုအကျိုးစီးပွါးကို အစွမ်းကုန်ဆောင်ရွက်မယ်လို့ ရွေးကောက်ပွဲမဲဆွယ်စဉ်ကာလမှာ ကတိတွေအလွန်အကျွံပေးခဲ့ပြီး ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ကတိကဝတ်တွေကို အကောင်အထည်ဖော်ဖို့ပျက်ကွက်တဲ့၊ လူထုနဲ့အလှမ်းဝေးပြီး စီးပွါးရေးသမားတွေရဲ့ အိပ်ထဲရောက်သွားတဲ့ နိုင်ငံရေးသမားတွေအများကြီးရှိခဲ့ဘူးပါတယ်၊ ရှိလဲရှိနေပါတယ်၊ ဒီလို လူထုရဲ့ အကျိုးစီးပွါးကို မဆောင်ရွက်နိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို တာဝန်မှ ဖယ်ရှားနိုင်ဖို့ ဆိုတာ လူထုကိုယ်တိုင်က လွှတ်တော်ကိုယ်စားလှယ်များကို မျက်ခြေမပြတ်စောင့်ကြပ်လေ့လာနေမှဖြစ်မှာပါ၊ 

အဲဒီလို လေ့လာရင်းနဲ့ ကောင်းတာ၊ မှန်တာလုပ်ရင် ထောက်ခံဖို့၊ မှားတာ၊ မဟုတ်တာလုပ်ရင် ဝေဘန်ဖို့၊ အမှားတွေများသထက်များလာရင်၊ ကိုယ်ကျင့်တရားပျက်တာတွေအခိုင်အမာတွေ့ရှိလာရင် မဲဆန္ဒရှင် တစ်ရာခိုင်နှုံးကို ရအောင်စည်းရုံးပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်တန်းသင့်ပါတယ်၊
အဲဒီလို လွှတ်တော်ကိုယ်စားလှယ်တွေကိုလေ့လာစောင့်ကြည့်တာကို မြို့နယ်တိုင်းမှာ လူလေး၊ငါးယောက်လောက်နဲ့ လက်ဘက်ရည်ဆိုင်တစ်ခုကို အခြေပြုပြီး စတင်နိုင်ပါတယ်၊ ရန်ပုံငွေမလိုပါ၊ ဘယ်နိုင်ငံရေးပါတီကမှ ဦးဆောင်ဖို့မလိုပါ၊ ရုံးခန်းမလိုပါ၊ မဲဆန္ဒရှင်ပြည်သူများရဲ့ မိမိတို့ မြို့နယ်က လွှတ်တော်ကိုယ်စားလှယ်နဲ့ပါတ်သက်ပြီး၊ မိမိတို့မြို့နယ်ရဲ့လိုအပ်ချက်တွေနဲ့ပါတ်သက်ပြီး လွတ်လပ်စွာ စုဝေးဆွေးနွေးကြခြင်းပါ၊ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှုနဲ့ လွှတ်တော်စံနစ်ပေါ်မျှော်လင့်ချက် ထားတတ်ဖို့တော့လိုပါလိမ့်မယ်၊ အဲဒီလို အစုအဖွဲ့လေးတွေက သက်ဆိုင်ရာမြို့နယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် သုံးယောက်ကို စောင့်ကြည့်လေ့လာရမှာပါ၊ သုံးယောက်ဆိုတာက မြို့နယ်တိုင်းမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ယောက် နဲ့ ပြည်နယ်/တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်စီ ရှိတာမို့ပါ၊

ဘာတွေကို လေ့လာကြမှာလဲ

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို လေ့လာသုံးသပ်တဲ့အခါ အောက်ပါအချက်များကို အခြေခံ လေ့လာသုံးသပ်သင့်ပါတယ်၊

(၁) ပစ္စည်းဥစ္စာပိုင်ဆိုင်မှုဟာ အရေးကြီးပါတယ်၊ ချမ်းသာတာအပြစ်မဟုတ်ပါ၊ ဒါပေမည့် တရားမျှတသောနည်းနဲ့ ချမ်းသာဖို့လိုပါတယ်၊ အာဏာပိုင်တွေနဲ့ပေါင်းသင်းလို့ အထူးအခွင့်အရေးတွေရပြီး ပြိုင်သူကင်းစီးပွါးရှာနိုင်သူတွေ၊ ပြည်သူလူထုကို ဆင်းရဲတွင်းထဲနက်အောင် တွန်းပို့ခဲ့ကြသူတွေ ဟာ လွှတ်တော်ကိုယ်စားလှယ်မဖြစ်သင့်ပါ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လစာဟာ ကျပ် သုံးသိန်း သတ်မှတ်ထားတာမို့ တစ်နှစ်ကို ကျပ် ၃၆သိန်း ရပါလိမ့်မယ်၊ ခရီးစားရိတ်နဲ့ အစည်းအဝေးစားရိတ်တွေပေါင်းရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ တစ်နှစ်ကို ကျပ် ၄၅သိန်းလောက်ရပါလိမ့်မယ်၊ ဒီတော့ သူတို့နေတဲ့ အိမ်၊ သူတို့စီးတဲ့ကား၊ သူတို့ပိုင်တဲ့ပစ္စည်းတွေကို ကြည့်ရင် သူ့တို့ဝင်ငွေနဲ့ လိုက်လျောညီထွေမှု ရှိမရှိ သိနိုင်ပါတယ်၊ အခြားကိုယ်ပိုင်ရင်းနှီးမြှုတ်နှံမှုများ၊ စီးပွါးရေးလုပ်ငန်းများက ဝင်ငွေတွေရတယ် ဆိုရင်လဲ အဲဒီလုပ်ငန်းများဟာ သန့်ရှင်းစင်ကြယ်တဲ့လုပ်ငန်းများဟုတ်မဟုတ်၊ လူထုဘဝကိုနစ်နာစေတဲ့ လုပ်ငန်းများဟုတ်မဟုတ် လေ့လာကြည့်သင့်ပါတယ်၊

(၂) မိသားစုဟာလဲ အရေးကြီးပါတယ်၊ တကယ်တော့ လာဘ်ငွေ ဆိုတာ တာဝန်ရှိသူဆီ တိုက်ရိုက်လာတာမဟုတ်ပဲ နောက်ဖေးပေါက်ကဝင်တာပါ၊ တာဝန်ရှိသူတွေရဲ့ အိမ်ထောင်ဘက်တွေ၊ သားသမီး၊ သားမက်၊ ချွေးမတွေဟာ လာဘ်ငွေလက်ခံရာ တံခါးပေါက်ကြီးများ ဖြစ်တတ်ကြပါတယ်၊ ဒီတော့ လွှတ်တော်ကိုယ်စားလှယ်များရဲ့ မိသားစုဝင်များကိုလဲ လေ့လာသင့်ပါတယ်၊ လာဘ်ယူခြင်းတင်မက  လွှတ်တော်ကိုယ်စားလှယ်ရဲ့ အရှိန်အဝါကိုသုံးပြီး ဒီမိသားစုဝင်တွေက လူထုအပေါ်မောက်မာရိုင်းပျတာ၊ အထူးအခွင့်အရေးတွေ ရယူနေတာ ရှိမရှိကိုလဲ လေ့လာရမှာပါ၊

(၃) ကိုယ်စားပြုပါတီ ကလဲ အရေးကြီးပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲကာလမှာတုံးက လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ချို့ဟာ သက်ဆိုင်ရာပါတီက ရွေးချယ်တာဝန်ပေးလို့မဟုတ်ပဲ မှတ်ပုံတင်ကြေး ကျပ် ၅သိန်းဆောင်နိုင်လို့၊ ရွေးကောက်ပွဲကုန်ကျစားရိတ်တွေတတ်နိုင်လို့ ပါတီတွေနဲ့ နားလည်မှုရပြီး ရွေးကောက်ပွဲဝင်ခဲ့ကြတာရှိပါတယ်၊ ရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် မိမိပါတီ အခြေအနေမကောင်းတော့တဲ့အချိန်မှာ ပါတီက နှုတ်ထွက်ပြီး အခြားပါတီတစ်ခုကို ကူးပြောင်းသွားသူများလဲ ရှိကြပါတယ်၊ ကိုယ်တိုင် ရွေးချယ်ပါဝင်တဲ့ ပါတီကိုတောင် သစ္စာမရှိသူဟာ မဲဆန္ဒရှင်များအပေါ်မှာလဲ သစ္စာရှိလိမ့်မယ်မထင်ပါ၊ ၂၀၁၅ ရွေးကောက်ပွဲမှာလဲ ပိုက်ဆံချမ်းသာသူတွေက နံမည်ကြီးပါတီကြီးတွေကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ကြဦးမှာပါ၊

(၄) ကိုယ်ကျင့်တရားဟာလအင်မတန်အရေးကြီးပါတယ်၊ သာမာန်လူတစ်ယောက်မဟုတ်ပဲ ပြည်သူကို ကိုယ်စားပြုမည့် လွှတ်တော်ကိုယ်စားလှယ်ဟာ ကိုယ်ကျင့်သိက္ခာမှာ ပြည်သူက စံထားရလောက်အောင် စင်ကြယ်သင့်ပါတယ်၊ လူဆိုတာ အမှားနဲ့မကင်းတတ်တာမို့ အနည်းဆုံးတော့ အမှားနည်းသူဖြစ်ဖို့လိုပါတယ်၊ လူငယ်ဘဝမှာ ကိုယ်ရေးကိုယ်တာ အမှားအယွင်းတွေရှိခဲ့ရင်တောင်မှ နိုင်ငံရေးနယ်ပယ်ထဲဝင်ရောက်ချိန်မှာ အတတ်နိုင်ဆုံးစင်ကြယ်သင့်ပါတယ်၊ အများအကျိုးပြုခဲ့တဲ့ စံနမူနာတွေရှိသင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ အားနည်းသူတွေအပေါ် အင်အားသုံးအနိုင်ကျင့်တတ်တဲ့သူ၊ အိမ်ထောင်ဘက်တွေ တပြိုင်ထဲမှာ အများကြီးရှိတဲ့သူ၊ မကောင်းတဲ့လုပ်ငန်းတွေကို ကိုယ်တိုင်လုပ်ကိုင်နေသူ၊ မဖြစ်ဖို့လိုပါတယ်၊

(၅) ရွေးကောက်ပွဲကတိကဝတ်များနဲ့ အကောင်အထည်ဖော်မှုများကိုလဲ လေ့လာသင့်ပါတယ်၊ ရွေးကောက်ပွဲကာလမှာတုံးက သက်ဆိုင်ရာမဲဆန္ဒနယ်မှာ ၂၄ နာရီမီးလင်းစေရမယ်လို့ ကတိပေးခဲ့ပြီး လက်တွေ့အကောင်အထည်မဖော်ပေးနိုင်တာ၊ ရေတွင်းရေကန်တွေ တူးဖော်ပေးမယ်၊ စာသင်ကျောင်းမှာ ဆရာတွေခန့်ထားပေးမယ်၊ ဆေးရုံမှာ ဆရာဝန်နဲ့ ဆေးဝါးအလုံအလောက်ရှိစေရမယ်လို့ ကတိပေးပြီး အရွေးခံရပြီးတဲ့နောက် မသိချင်ယောင်ဆောင်နေတာ၊ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အစွမ်းကုန်ညှိနှိုင်းဆောင်ရွက်မယ်လို့ ကတိပေးခဲ့ပြီး လွှတ်တော်ထဲရောက်တော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ရွှေလက်နဲ့ ခေါ်လို့မရရင် ကျည်ဆံနဲ့ခေါ်ရမယ်လို့ ကြိမ်းဝါးတာ၊ စသဖြင့် ကတိကဝတ်များဆိုင်ရာ လေ့လာသုံးသပ်ဖို့လဲလိုပါတယ်၊

(၆) ရွေးကောက်ပွဲကို ဘယ်လိုနိုင်ခဲ့သလဲ ဆိုတာလဲ လေ့လာသင့်ပါတယ်၊ ရိုးရိုးသားသား ပြိုင်ဆိုင်ပြီး ရိုးရိုးသားသား အနိုင်ရခဲ့သူတွေ ရှိသလို မဲရုံမှူးနဲ့ ရွေးကောက်ပွဲကော်မရှင်၊ ဒေသအာဏာပိုင်တွေနဲ့ပေါင်းပြီး မဲခိုးလို့၊ မတော်မရားလုပ်ပြီး အနိုင်ရသူလဲ ရှိတတ်ပါတယ်၊ တစ်ဦးတည်းသောပြိုင်ဘက်ကို အောက်လမ်းနည်းတွေနဲ့ ရွေးကောက်ပွဲက ထွက်သွားရအောင် ဖန်တီးပြီး အနိုင်ရသူတွေလဲ ရှိတတ်ပါတယ်၊ ကိုယ်တိုင်ဦးဆောင်တဲ့ ဒေသဆိုင်ရာ ပြည်သူ့စစ်လို လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူတွေကို ခြိမ်းခြောက်အကြပ်ကိုင်ပြီး မဲရခဲ့သူတွေလဲ ရှိနိုင်ပါတယ်၊ မတရားရရှိထားတဲ့ ပိုက်ဆံတွေနဲ့ မဲဝယ်ပြီး အနိုင်ရခဲ့သူတွေလဲ ရှိနိုင်ပါတယ်၊

(၇) လွှတ်တော်ထဲမှာ ဘယ်လို ရပ်တည်သလဲ၊ ဘယ်လို ဥပဒေတွေကို တင်သွင်းခဲ့၊ ထောက်ခံခဲ့၊ ကန့်ကွက်ခဲ့သလဲ ဆိုတာကိုလဲ လေ့လာရမှာပါ၊ စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီလှုပ်ရှားသူတွေကို ချိုးနှိမ်ဖို့ရည်ရွယ်ပြဋ္ဌန်းခဲ့တဲ့ ဥပဒေတွေ၊ အမိန့်တွေကို ဖျက်သိမ်းဖို့ ဦးဆောင်အဆိုပြူရင်၊ အဆိုကို ထောက်ခံရင် ဒါလေးစားရမည့် လူထုကိုယ်စားလှယ်ပါ၊ မတရားတဲ့ဥပဒေတွေ ဆက်လက်ရှင်သန်ရေးဘက်ကရပ်တည်ရင်၊ ဘာမှဝင်မပြောရဲလို့ ကြားနေရင်တော့ လေးစားလောက်သူမဟုတ်နိုင်ပါ၊ လူထုရဲ့ အခြေခံအခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ကန့်သတ်တဲ့၊ ပိတ်ပင်ဟန့်တားတဲ့ ဥပဒေတွေကို ပြည်ထောင်စုလွှတ်တော်က ပြဋ္ဌန်းပြီ ဆိုရင် မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘယ်ဘက်ကရပ်တည်သလဲဆိုတာ လေ့လာသုံးသပ်ဖို့အရေးကြီးပါတယ်၊

(၈) လွှတ်တော်ထဲမှာ မိမိတို့ဒေသအကျိုးစီးပွါးအတွက် မိမိတို့ရဲ့ လွှတ်တော်ကိုယ်စားလှယ်က ဘာတွေဆောင်ရွက်ပေးခဲ့သလဲ ဆိုတာလဲ လေ့လာရမှာပါ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ စွမ်းဆောင်မှုကြောင့် မဲဆန္ဒနယ်အတွင်းမှာ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ ဘယ်လို၊ ဘယ်လောက် ဖြစ်ထွန်းခဲ့သလဲ၊ မီးရရှိမှု၊ ရေရရှိမှု၊ စာသင်ကျောင်းတွေမှာ ဆရာ နဲ့ အထောက်အကူပစ္စည်းအလုံအလောက်ရှိမှု၊ ဆေးရုံမှာ ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုတွေ အလုံအလောက်ရှိမှု၊ လမ်းတွေကောင်းလာသလား၊ တံတားတွေခိုင်ခန့်လာသလား၊ စီးပွါးရေးတိုးတက်မှု၊ အလုပ်လက်မဲ့အခြေအနေ စသဖြင့် ဒေသဆိုင်ရာစံနှုံးများနဲ့ တိုင်းတာလေ့လာသင့်ပါတယ်၊

(၉) လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆက်ဆံရေးကိုလဲ လေ့လာရမှာပါ၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ မိမိရဲ့ မဲဆန္ဒနယ်အတွင်းက ပြည်သူများကို အဆင့်အတန်းမခွဲခြားပဲ ဆက်ဆံဖို့၊ ကူညီဖို့တာဝန်ရှိပါတယ်၊ မိမိကို မဲပေးသူ၊ ရန်ပုံငွေထည့်သူနဲ့ မဲမပေးသူဆိုပြီး ခွဲခြားဆက်ဆံလို့မရပါ၊ မဲဆန္ဒရှင်များက မိမိထံလာရောက်နိုင်ဖို့ မိမိရဲ့ ရုံးတံခါးကို (ရုံးချိန်အတွင်း) အမြဲဖွင့်ထားဖို့လိုအပ်သလို မိမိထံမလာရောက်နိုင်တဲ့ မဲဆန္ဒရှင်များထံကိုလဲ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံပြီး သူတို့အသံကို နားထောင်ဖို့၊ သူတို့ပြဿနာကို ကူညီဖြေရှင်းပေးဖို့လိုပါတယ်၊ ဝေဘန်မှုများကိုလဲ လေးလေးစားစားလက်ခံဖို့လိုပါတယ်၊ သဘောထားကွဲလွဲမှုတွေကိုလဲ လေးလေးစားစားဖြေရှင်းပြနိုင်ရပါမယ်၊

အပြုသဘောဆောင်၍ချဉ်းကပ်ပါ၊ အမှားများရင် တိုင်တန်းပါ၊

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို မဲဆန္ဒရှင်များက စောင့်ကြည့်လေ့လာရာမှာ အထက်မှာဖော်ပြခဲ့တဲ့ အချက် ၉ ချက်ကို အနည်းဆုံးအခြေခံလေ့လာသင့်ပါတယ်၊ အဲဒီလို စောင့်ကြည့်လေ့လာရာမှာ အပြုသဘောဆောင်ဖို့လိုပါတယ်၊ ရန်သဘောမဆောင်သင့်ပါ၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ဆောင်ရွက်ချက်တွေအပေါ်မှာ မျှမျှတတဝေဘန်ဖို့လိုပါတယ်၊ အမှားအယွင်းအနည်းငယ်တွေ့ရင် (ဒါမှမဟုတ်) မှားတယ်လို့ထင်ရင်  လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုက်ရိုက်တွေ့ဆုံခွင့်ရဖို့ ကြိုးစားပြီး မိမိတို့ရဲ့စိုးရိမ်မှုကို ဖော်ထုတ်သင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ကိုလဲ ဖြေရှင်းခွင့်ပေးသင့်ပါတယ်၊ မှန်တာတွေလုပ်ရင်လဲ အများသိအောင် ထောက်ခံအားပေးသင့်ပါတယ်၊ 

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ ရွေးကောက်ပွဲကာလမှာရော၊ ရွေးကောက်ပွဲအနိုင်ရလို့ လွှတ်တော်တာဝန်တွေကို ထမ်းဆောင်နေချိန်မှာရော မိမိရဲ့ မဲဆန္ဒရှင်ပြည်သူများနဲ့ တိုင်းပြည်အပေါ်မှာ တာဝန်ရှိပါတယ်၊ မဲဆန္ဒရှင်ပြည်သူများအနေနဲ့လဲ ရွေးကောက်ပွဲမှာ မဲပေးရုံနဲ့တင်မပြီးပဲ လွှတ်တော်ကိုယ်စားလှယ်က မဲဆန္ဒရှင်များကို လွှတ်တော်ထဲမှာ အမှန်တကယ်ကိုယ်စားပြုမပြု အစဉ်မပြတ် စောင့်ကြည့်လေ့လာဖို့လိုပါတယ်၊ အမှားအယွင်းတွေတွေ့ပြီး အပြုသဘောထောက်ပြဝေဘန်လို့မှ လွှတ်တော်ကိုယ်စားလှယ်က ပြင်ဆင်ခြင်းမရှိရင်ဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေကပေးထားတဲ့ မဲဆန္ဒရှင်များရဲ့ အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချပြီး၊ မဲဆန္ဒရှင် အနည်းဆုံး တစ်ရာခိုင်နှုံးကို စည်းရုံးလို့ ရွေးကောက်ပွဲကော်မရှင်ကို တိုင်တန်းကြဖို့ ဖြစ်ပါတယ်၊ ရွေးကောက်ပွဲကော်မရှင်က ဒီကိုယ်စားလှယ်ကို မဖယ်ရှားနိုင်ရင်တောင်မှ နောက်လာမည့် ရွေးကောက်ပွဲမှာ မဲမပေးခြင်းဖြင့် ပြည်သူ့ကိုယ်စားလှယ်အဖြစ်မထိုက်တန်သူကို ပြည်သူများကိုယ်တိုင်က ဖယ်ရှားနိုင်မှာပါ၊

ဒီလိုနဲ့  မြို့နယ်အသီးသီးမှာ  လွှတ်တော်ကိုယ်စားလှယ်စောင့်ကြပ်လေ့လာရေးအစုအဖွဲ့ကလေးတွေ ပေါ်ပေါက်လာပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ မဲဆန္ဒရှင်ပြည်သူများအကြား အပေါင်းလက္ခဏာဆောင်တဲ့ ဆက်ဆံရေးကို ဖန်တီးတည်ဆောက်နိုင်မယ်ဆိုရင် မဲဆန္ဒနယ်များအတွက်ရော၊ တိုင်းပြည်အတွက်ပါ အကျိုးရှိမှာဖြစ်တဲ့အပြင် ပိုပြီးသန့်စင်ပြီး ပိုပြီးအားကိုးရတဲ့ ပြည်သူတွေရဲ့ လွှတ်တော်ကြီးဖြစ်လာမှာပါ၊

လေးစားစွာ

အောင်ဒင်
ဖေဖော်ဝါရီ ၂၆၊ ၂၀၁၃
 


Monday, March 25, 2013

Burma's Parliament Watch Part 14

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၈၊ မတ်လ ၂၁ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈/၃၂)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၄) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (င) 

လွှတ်တော်ကိုယ်စားလှယ် နှင့် စောင့်ထိန်းသင့်သော ကိုယ်ကျင့်တရား

(၃) ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ထုတ်ပြန်ကြေညာခြင်း (Financial Disclosure) 

 အမေရိကန်လွှတ်တော်ကိုယ်စားလှယ်များ လိုက်နာရတဲ့ ကျင့်ဝတ်တွေထဲမှာ ပိုင်ဆိုင်မှုနဲ့ ဝင်ငွေတွေကို နှစ်စဉ်ကြေညာရတာလဲ အရေးကြီးတဲ့ ကျင့်ဝတ်ဖြစ်ပါတယ်၊ နှစ်စဉ်နှစ်တိုင်း မေလ (၁၅) ရက်ကို နောက်ဆုံးထားပြီး လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော်ကိုယ်စားလှယ်များက ခန့်အပ်ထားတဲ့ အကြီးတန်းလက်ထောက်များ၊ လွှတ်တော်ဆိုင်ရာအကြီးတန်းအရာရှိများဟာ ပြီးခဲ့တဲ့ တစ်နှစ်တာကလအတွင်း သူတို့ရဲ့ ပိုင်ဆိုင်မှု၊ ဝင်ငွေ နဲ့ အခွန်ပေးဆောင်မှုတွေကို လွှတ်တော်ကျင့်ဝတ်ကော်မီတီကို မပျက်မကွက်တင်သွင်းရပါတယ်၊ အကြောင်းကြောင်းကြောင့် အချိန်မီ မတင်သွင်းနိုင်လို့ သက်ဆိုင်ရာပုဂ္ဂိုလ်က စာရေးပြီး မေတ္တာရပ်ခံရင် ကော်မီတီက ရက်အနည်းငယ် တိုးမြှင့်ပေးနိုင်ပါတယ်၊
ဒီနေရာမှာ အကြီးတန်းအရာရှိများဆိုတာက နှစ်စဉ်ဝင်ငွေ ဒေါ်လာ တစ်သိန်းအထက်ရသူတွေကို ဆိုလိုတာပါ၊ ဒေါ်လာ တစ်သိန်းအောက်ရတဲ့ ဝန်ထမ်းတွေတင်စရာမလိုပါ၊ မြန်မာနိုင်ငံအနေနဲ့ကြည့်မည်ဆိုရင် လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်တို့၊ ညွှန်ကြားရေးမှူးတို့ကို အကြီးတန်းအရာရှိများလို့ ခေါ်ဆိုနိုင်မယ် ထင်ပါတယ်၊
မေလ ၁၅ ရက်ကို နောက်ဆုံးသတ်မှတ်ရတာက အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံသားများအားလုံးရဲ့ ဝင်ငွေခွန်ကို ဧပြီလ ၁၅ရက်နောက်ဆုံးထားပေးဆောင်ရတာမို့ အခွန်ဆောင်ပြီး တစ်လအကြာရက်ကို သတ်မှတ်ထားတာပါ၊ သူတို့မလွဲမသွေကြေညာရတဲ့ ဝင်ငွေစာရင်းမှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ခံစားရရှိတဲ့ လစာငွေတင် မကပါ၊ လက်ရှိပိုင်ဆိုင်မှုများနဲ့ ပိုင်ဆိုင်မှုပေါ်ကရတဲ့ ဝင်ငွေ (ဥပမာ အိမ်တွေ၊ ခြံတွေပိုင်ပြီး အဲဒီ အိမ်၊ ခြံတွေကို အငှါးချထားတယ်ဆိုရင် ရတဲ့ ဝင်ငွေ၊ ကိုယ်ပိုင်စီးပွါးရေးလုပ်ငန်းတွေရှိရင် အဲဒီလုပ်ငန်းရဲ့ တန်ဘိုးနဲ့ အဲဒီလုပ်ငန်းကဝင်ငွေ)၊ ကိုယ်ကချေးငှါးထားတာရှိရင် ရရန်ရှိငွေ၊ မိမိပိုင် အိမ်၊ ခြံ၊ လုပ်ငန်းတွေကို ရောင်းချခဲ့တယ်ဆိုရင် အဲဒီရောင်းချမှုကရတဲ့ အမြတ်အစွန်း၊ ပြင်ပကုမ္ပဏီတွေမှာ အစုရှယ်ယာ ဝင်ထားတယ်၊ ရင်းနှီးမြှုတ်နှံထားတယ်ဆိုရင် အဲဒီ အစုရှယ်ယာနဲ့ ရင်းနှီးမြှုတ်နှံမှုရဲ့ တန်ဘိုးနဲ့ တစ်နှစ်အတွင်းတိုးပွါးလာမှု၊ တန်ဘိုးကြီးမားတဲ့ လက်ဆောင်ပစ္စည်းတွေ၊ ခရီးသွားတဲ့ ကုန်ကျစားရိတ်တွေ၊ လွှတ်တော်ပြင်ပ အဖွဲ့အစည်းတွေမှာ ဆောင်ရွက်နေတဲ့ ရာထူးတာဝန်တွေနဲ့ သဘောတူညီချက်တွေ၊ အားလုံးကို တင်ပြရတာပါ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ အကြီးတန်းအရာရှိတွေတင် မကပါဘူး၊ သူတို့ရဲ့ အိမ်ထောင်ဘက်တွေ၊ သူတို့နဲ့ အတူနေဆဲ သား၊ သမီးတွေရဲ့ ငွေရေးကြေးရေး အချက်အလက်များ အားလုံးကို တင်ပြရတာပါ၊
သတ်မှတ်ထားတဲ့ ရက်အမီ မတင်ပြနိုင်ရင် ကော်မီတီက ဒဏ်ငွေ ဒေါ်လာ ၂၀၀ နောက်ကျကြေးတပ်ပါတယ်၊ မှားယွင်းတင်ပြမှု၊ မပြည့်စုံတဲ့ တင်ပြမှုတွေကို ကော်မီတီက စစ်ဆေးတွေ့ရှိရင် အခြားအရေးယူမှုများကိုလဲ ပြုလုပ်နိုင်ပါတယ်၊ ပိုပြီးကြီးမားတဲ့အမှားအယွင်းတွေ စစ်ဆေးတွေ့ရှိရင် ကော်မီတီက တရားရေးဋ္ဌာနကို ရာဇဝတ်မှုနဲ့ အရေးယူဖို့ လွှဲပြောင်းပေးနိုင်ပါတယ်၊
လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူလူထုရဲ့ ကိုယ်စားလှယ်ဖြစ်တာမို့ ပြည်သူ့ကိုယ်စားလှယ်ပီသအောင် သန့်ရှင်းစင်ကြယ်ဖို့ အထူးလိုအပ်လှပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်ရဲ့ သန့်ရှင်းစင်ကြယ်မှုကို တိုင်းတာနိုင်တဲ့ အချက်တစ်ချက်ကတော့ ဝင်ငွေ နဲ့ ပိုင်ဆိုင်မှုများကို အများသိအောင် ထုတ်ပြန်ကြေညာတာပါ၊
 
လွှတ်တော်ကိုယ်စားလှယ်ရဲ့ ငွေရေးကြေးရေးအခြေအနေဟာ ဖွင့်ထားတဲ့ စာအုပ်တစ်အုပ်လို ပွင့်လင်းမြင်သာမှုရှိရမှာပါ၊ အင်မတန်ချမ်းသာတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အမေရိကန်ပြည်ထောင်စုမှာ အများကြီးရှိပါတယ်၊ ချမ်းသာတာ အပြစ်မဟုတ်ပါ၊ ဒါပေမည့် ဒီပုဂ္ဂိုလ်ရေးကြွယ်ဝမှုတွေ၊ မိသားစုပိုင်ဆိုင်မှုတွေဟာ တရားနည်းလမ်းကျ ရရှိခဲ့တာဖြစ်ဖို့လိုပါတယ်၊ အများပြည်သူရဲ့ မျက်ရည်တွေကို နင်းချေပြီးမှ ချမ်းသာကြွယ်ဝတာမဖြစ်သင့်ပါ၊ ဆင်းရဲနွမ်းပါးသူတွေရဲ့ ဘဝတွေကို ဖျက်ဆီးပြီးမှ ကြွယ်ဝချမ်းသာတာ မဖြစ်သင့်ပါ၊ အဲဒီလို ပုဂ္ဂိုလ်မျိုးဟာလဲ ပြည်သူ့ကိုယ်စားလှယ်မဖြစ်သင့်ပါ၊ 

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ရတဲ့ ဝင်ငွေကသိပ်မများလှပေမည့် နန်းတော်လို စံအိမ်ကြီးတွေမှာ ဇိမ်ခံကားတွေကို အလဲလဲအလှယ်လှယ် စီးနိုင်သူတွေ၊ အခြွေအရံတွေ အများကြီးခန့်ထားနိုင်သူတွေ၊ ကိုယ်ပိုင်လေယဉ်တောင် စီးနိုင်သူတွေ၊ လူမှုရေးကိစ္စတွေမှာ သိန်းပေါင်း ရာပေါင်းများစွာ လှူဒါန်းနိုင်သူတွေကို သူတို့ ဒီကြွယ်ဝမှုတွေ ဘယ်လိုရရှိပိုင်ဆိုင်ခဲ့သလဲဆိုတာ စုံစမ်းစစ်ဆေးသင့်ပါတယ်၊

(၄) ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု (Campaign Activities) 

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ဟာ အရွေးခံရပြီးတဲ့နောက် လွှတ်တော်တာဝန်တွေ ထမ်းဆောင်နေတဲ့ အချိန်မှာ နောက်ရွေးကောက်ပွဲအတွက် လူထုစည်းရုံးရေးလှုပ်ရှားမှုတွေကိုလဲ ဆောင်ရွက်နိုင်ပါတယ်၊ ဒါပေမည့်လဲ နိုင်ငံတော်က ပေးအပ်ထားတဲ့ လွှတ်တော်ရုံးခန်းနဲ့ ဝန်ထမ်းတွေ၊ လွှတ်တော်အလုပ်ချိန်တွေနဲ့ မဲဆွယ်စည်းရုံးမည့် အချိန်တွေ သီးခြားစီဖြစ်နိုင်ဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်က အောက်ပါကျင့်ဝတ်တွေ ပြဋ္ဌန်းထားပါတယ်၊

(က) လွှတ်တော်အမတ်ဟာ သူရဲ့ ရာထူးတာဝန်အရ လွှတ်တော်က ပေးအပ်ထားတဲ့ ရုံးခန်းတွေ၊ အဆောက်အအုံတွေကို သုံးပြီး မဲဆွယ်ခွင့်မရှိပါ၊
(ခ) လွှတ်တော်အမတ်ရဲ့ ရုံးဋ္ဌာနက ရုံးသုံးပစ္စည်းကြိယာတွေ (လွှတ်တော်အမတ်ရဲ့ အမည်နဲ့ရုံးသုံးစာရေးစက္ကူကစလို့ ကွန်ပြူတာတွေ၊ ပုံနှိပ်စက်တွေ၊ ဖိုင်တွေ၊ တယ်လီဖုန်းစတဲ့ ဆက်သွယ်ရေးကြိယာတွေ စသဖြင့်) ကို ရွေးကောက်ပွဲမဲဆွယ်ရာမှာ လုံးဝသုံးခွင့်မရှိပါ၊
(ဂ) လွှတ်တော်အမတ်က ခန့်အပ်ထားတဲ့ လွှတ်တော်ရုံးဝန်ထမ်းတွေဟာ သက်ဆိုင်ရာ ကိုယ်စားလှယ်အတွက် မဲဆွယ်ရေးလုပ်ငန်းတွေကို သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေမှာ ဆောင်ရွက်ပါတယ်၊ ရုံးချိန်အတွင်းမှာ လုပ်ခွင့်မရှိပါ၊ ဒါပေမည့် ဘယ်သူမှ သူတို့ရဲ့ ကိုယ်ပိုင်ဆန္ဒမပါပဲ မဲဆွယ်ဖို့ ဖိအားပေးခိုင်းစေလို့မရပါ၊
(ဃ) လွှတ်တော်အဆောက်အအုံကြီးများအတွင်းမှာ ဘယ်လွှတ်တော်အမတ်မှ ရွေးကောက်ပွဲဆိုင်ရာ အလှူငွေတွေတောင်းခံခြင်း၊ လက်ခံခြင်း လုံးဝမပြုလုပ်ရပါ၊
(င) ရွေးကောက်ပွဲဆိုင်ရာ ရန်ပုံငွေတွေကို ရွေးကောက်ပွဲ သို့မဟုတ် သက်ဆိုင်ရာ နိုင်ငံရေးကိစ္စများမှာပဲ သုံးခွင့်ရှိပါတယ်၊ ကိုယ်ရေးကိုယ်တာအတွက် သုံးစွဲခွင့်မရှိပါ၊ နောက်ကျပြန်ပေးမယ်ဆိုပြီး ချေးငှါးခွင့်မရှိပါ၊
(စ) လွှတ်တော်အမတ်က သူ့ရဲ့ လွှတ်တော်ဆိုင်ရာလုပ်ငန်းများမှာ အထောက်အကူပြုဖို့ ခန့်အပ်တာဝန်ပေးထားတဲ့ ဝန်ထမ်းများဟာ သူတို့ကို အလုပ်ခန့်ထားတဲ့ လွှတ်တော်အမတ်အတွက် ရွေးကောက်ပွဲရန်ပုံငွေ ထည့်ခွင့်မရှိပါ၊

(၅) အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခဖြစ်မှု (Conflict of Interest)

တစ်ခါတစ်ရံမှာ တာဝန်နဲ့ ကိုယ်ရေးကိုယ်တာအကျိုးစီးပွါးတွေ ရောထွေးတတ်ပါတယ်၊ အဲဒီလို
အကျိုးစီးပွါးဆိုင်ရာပဋိပက္ခဖြစ်မှုတွေကို ကာကွယ်ဖို့ အမေရိကန်ပြည်ထောင်စုကွန်ဂရက်လွှတ်တော်က အောက်ပါကျင့်ဝတ်များကို ပြဋ္ဌန်းထားပါတယ်။

(က) မိမိရဲ့ ရာထူးနဲ့ ရာထူးတာဝန်ကြောင့်သိခွင့်ရတဲ့ အတွင်းသတင်းတွေကို မိမိရဲ့ ကိုယ်ရေးအကျိုးစီးပွါးအတွက် သုံးစွဲခွင့်မရှိပါ၊
(ခ) လွှတ်တော်အမတ်တစ်ယောက်ဟာ မိမိရဲ့အကျိုးစီးပွါးနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ကိစ္စတွေကို ဆုံးဖြတ်ရာမှာ ပါဝင်မဲပေးခွင့်မရှိပါ၊
(ဂ) လွှတ်တော်အမတ်တစ်ယောက်ဟာ မိမိရဲ့မဲဆန္ဒနယ်မြေအတွက် နိုင်ငံတော်ရသုံးခန့်မှန်းခြေငွေစာရင်းထဲကနေ ရန်ပုံငွေတစ်စုံတစ်ရာတောင်းခံမယ်ဆိုရင် သူကိုယ်တိုင်ရော သူ့ရဲ့ အိမ်ထောင်ဘက်ပါ ဒီ ရန်ပုံငွေအပေါ်မှာ ဘယ်လိုအကျိုးခံစားမှုမှ ရှိမှာမဟုတ်ကြောင်း ကတိပြုစာကို သက်ဆိုင်ရာလွှတ်တော်ရေးရာကော်မီတီထံ ပေးပို့တင်ပြဖို့လိုပါတယ်၊
(ဃ) လွှတ်တော်အမတ်တစ်ယောက်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းများနဲ့ အိမ်၊ ခြံ၊ အဆောက်အအုံ ငှါးရမ်းတာ၊ ရောင်းချတာ လုပ်ခွင့်မရှိပါ၊
(င) လွှတ်တော်အမတ်တစ်ယောက်ဟာ သူ့ရဲ့ အိမ်ထောင်ဘက်အပါအဝင် မိသားစုဝင်တွေကို သူ့ရဲ့ လွှတ်တော်ရုံးခန်းမှာ တာဝန်ထမ်းဆောင်ဖို့ ငှါးရမ်းခွင့်ရှိပါတယ်၊ သို့သော်လဲ မသင့်တော်ကြောင်း အကြံပြုထားပါတယ်၊ တစ်ကယ်လို့ ဆွေမျိုးသားချင်းကို အလုပ်ခန့်တယ်ဆိုရင်လဲ လွှတ်တော်ကျင့်ဝတ်ကော်မီတီကို ဆက်သွယ်ပြီး အကျိုးစီးပွါးပဋိပက္ခမဖြစ်အောင် ရှောင်နိုင်ဖို့ အကြံဉဏ်တောင်းခံသင့်ပါတယ်၊ ရုံးမှာလဲ ဆွေမျိုးသားချင်းဝန်ထမ်းကို လွှတ်တော်အမတ်ကိုယ်တိုင်ကရော အခြားဝန်ထမ်းများကပါ အထူးအခွင့်အရေးမပေးရပါ၊
(စ) လွှတ်တော်အမတ်နဲ့ အဆင့်မြင့်အရာရှိတွေ၊ အကြီးတန်းဝန်ထမ်းတွေဟာ လွှတ်တော်တာဝန်တွေကို စွန့်ခွါပြီး ပြင်ပအလုပ်တစ်ခုကို ပြောင်းရွှေ့လုပ်ကိုင်တော့မယ်ဆိုရင် အဲဒီလို ပြောင်းရွှေ့ဖို့ ပြင်ပကုမ္ပဏီ၊ အဖွဲ့အစည်းနဲ့ စတင်ညှိနှိုင်းတဲ့ရက်ကစလို့ သုံးရက်အတွင်း ကျင့်ဝတ်ကော်မီတီကို စာနဲ့ မပျက်မကွက် ရေးသားတင်ပြရပါမယ်၊

အခြားကျင့်ဝတ်များ

လွှတ်တော်အမတ်တစ်ယောက်ဟာ မဲဆန္ဒနယ်က ပြည်သူတွေနဲ့ ဆက်ဆံရာမှာ မိမိကို မဲပေးသူ၊ ရွေးကောက်ပွဲရန်ပုံငွေထည့်ဝင်လှူဒါန်းသူကိုသာ ဦးစားပေးဆက်ဆံပြီး ကျန်သူများကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ရပါ၊ ပုဂ္ဂလိက အဖွဲ့အစည်းများ၊ ကုမ္ပဏီများနဲ့ ပူးတွဲပြီး အခန်းအနားတွေကို ကမကထပြုခွင့်မရှိပါ၊ လွှတ်တော်အမတ် ဦးဆောင်ကျင်းပတဲ့ လွှတ်တော်ဆိုင်ရာ အခန်းအနားတွေမှာ ပြင်ပအဖွဲ့အစည်းများက ငွေကြေးသော်၎င်း၊ ပစ္စည်းသော်၎င်းထည့်ဝင်ခြင်းကို လုံးဝလက်မခံရပါ၊ မိန့်ခွန်းပြောလို့၊ ဆောင်းပါးရေးလို့၊ အမှာစာရေးလို့၊ အခန်းအနားတက်ရောက်လို့ ဆိုပြီး ချီးမြှင့်တဲ့ ငွေ (Honoraria) ကို လက်ခံခွင့်မရှိပါ၊ အဲဒီ ဂုဏ်ပြုငွေက ဒေါ်လာ ၂၀၀၀ ထက်မများဘူးဆိုရင် ဂုဏ်ပြုမည့်အဖွဲ့အစည်းက လွှတ်တော်အမတ် ဆန္ဒပြုတဲ့ လူမှုရေးအဖွဲ့အစည်းတစ်ခုကို တိုက်ရိုက်လှူဒါန်းနိုင်ပါတယ်၊ စသဖြင့် အခြားကျင့်ဝတ်တွေအများကြီးရှိသေးတာကို ဆောင်းပါးသိပ်ရှည်နေပြီမို့ မဖော်ပြတော့ပါ၊

အရေးယူခြင်း

အမေရိကန်ကွန်ဂရက်လွှတ်တော်က ကျင့်ဝတ်တွေပြဋ္ဌန်းထားတာ၊ ကျင့်ဝတ်ကော်မီတီတွေ ခန့်အပ်တာဝန်ပေးထားတာကတော့ ဟုတ်ပါပြီ၊ ကျင့်ဝတ်တွေကို ချိုးဖောက်တော့ရော အမှန်တကယ်အရေးယူရဲ့လားလို့ မေးခွန်းထုတ်စရာရှိပါတယ်၊ ကျင့်ဝတ်ကော်မီတီတွေက လွှတ်တော်အမတ်တွေ အမှန်တကယ်ကျင့်ဝတ်ချိုးဖောက်ပြီဆိုရင် လွှတ်တော်ဆိုင်ရာ စည်းကမ်းများအရရော၊ ရာဇဝတ်မှုနဲ့ပါ အရေးယူပါတယ်၊ လတ်တလော ပြနိုင်တဲ့ ဥပမာတစ်ခုက အောက်လွှတ်တော်အမတ် ဂျက်စီဂျက်ဆင် (အငယ်) (Congressman Jesse Jackson Junior) ပါ၊

အသက် ၄၇ နှစ်ပဲရှိသေးတဲ့ ဂျက်စီဂျက်ဆင် (အငယ်) ဟာ ဒီမိုကရက်တစ်ပါတီရဲ့ ထင်ရှားလာတဲ့ ခေါင်းဆောင်ငယ်တစ်ယောက်ပါ၊ ထင်ရှားတဲ့ အမေရိကန်လူမဲခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဘုန်းတော်ကြီး  ဂျက်စီဂျက်ဆင် (အကြီး) ရဲ့ သားတစ်ယောက်ဖြစ်ပြီး ပညာတတ်၊ ထက်မြက်သူတစ်ယောက်ဖြစ်လို့ အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော်ကို အီလီနွိုင်ပြည်နယ်၊ လွှတ်တော် မဲဆန္ဒနယ်အမှတ် (၂) ကနေ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲမှာ အရွေးချယ်ခံပြီး ရောက်ရှိခဲ့တာပါ၊ ၁၉၉၇-၁၉၉၈၊ ၁၉၉၉-၂၀၀၀၊ ၂၀၀၁-၂၀၀၂၊ ၂၀၀၃-၂၀၀၄၊ ၂၀၀၅-၂၀၀၆၊ ၂၀၀၇-၂၀၀၈၊ ၂၀၀၉-၂၀၁၀၊ ၂၀၁၁-၂၀၁၂၊ စသဖြင့် နှစ်နှစ်သက်တမ်း ၈ ကြိမ်ဆက်တိုက်အရွေးခံရပြီး ဒီမိုကရက်တစ်ပါတီတွင်းမှာ မျှော်လင့်ချက်ရှိတဲ့၊ အလားအလာကောင်းတဲ့ ခေါင်းဆောင်တစ်ယောက်ဖြစ်လာသူပါ၊ ပြီးခဲ့တဲ့ ၂၀၁၂ နိုဝင်ဘာလရွေးကောက်ပွဲ မှာလဲ ၂၀၁၃-၂၀၁၄ နှစ်နှစ်သက်တမ်းအတွက် ထပ်မံအရွေးချယ်ခံရပါတယ်၊ 

ဒါပေမည့် ရွေးကောက်ပွဲနိုင်ပြီး ၁၆ ရက်အကြာမှာ သူ လွှတ်တော်ကိုယ်စားလှယ်ဘဝက နှုတ်ထွက်ကြောင်းကြေညာပါတယ်၊ အကြောင်းပြချက်ကတော့ သူ့ကျန်းမာရေးမကောင်းတာရယ်၊ အောက်လွှတ်တော်ကျင့်ဝတ်ကော်မီတီက သူ့ရဲ့ ကျင့်ဝတ်ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးနေပြီး မကြာခင်အရေးယူတော့မှာရယ်မို့ပါ၊
အောက်လွှတ်တော် ကျင့်ဝတ်ကော်မီတီက ၂၀၁၂ ခုနှစ် ဇွန်လဆန်းကစလို့ ဂျက်စီဂျက်ဆင် နဲ့ သူ့ဇနီး စန္ဒီဂျက်ဆင် (Sandi Jackson) တို့ကို ရွေးကောက်ပွဲရန်ပုံငွေတွေအလွဲသုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေတာပါ၊ အချက်အလက်တွေ ခိုင်လုံလို့ ကော်မီတီ ရဲ့ တိုက်တွန်းချက်နဲ့ ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့ (Federal Bureau of Investigation/FBI) ကလဲ တစ်ချိန်ထဲမှာ စုံစမ်းနေတာပါ၊ ၂၀၁၃ ဖေဖော်ဝါရီလဆန်းမှာတော့ သူတို့ လင်မယားနှစ်ယောက်စလုံးက ရွေးကောက်ပွဲရန်ပုံငွေ ဒေါ်လာ ၇သိန်း ၅သောင်းကို ကိုယ်ရေးကိုယ်တာသုံးစွဲခဲ့ကြောင်း ဝန်ခံချက်ပေးပါတယ်၊ လွှတ်တော်ကျင့်ဝတ်ကော်မီတီက ဆုံးဖြတ်ချက်မချခင် လွှတ်တော်အမတ်အဖြစ်က နှုတ်ထွက်သွားလို့ လွှတ်တော်ဆိုင်ရာအရေးယူမှုကို ရင်မဆိုင်ရပေမည့် ရာဇဝတ်ကြောင်းအရ  ပြည်ထောင်စုထောက်လှမ်းရေးအဖွဲ့က တရားစွဲတာကိုတော့ ရှောင်လို့မရပါ၊ လာမည့် ဇွန်လ ၂၈ ရက်နေ့မှာ ချီကာဂိုမြို့မှာရှိတဲ့ ပြည်ထောင်စုအစိုးရရဲ့ ခရိုင်တရားရုံးက လင်မယားနှစ်ယောက်စလုံးကို ပြစ်ဒါဏ်စီရင်ပါလိမ့်မယ်၊ ဂျက်စီဂျက်ဆင်အနေနဲ့ ထောင်ဒါဏ် ၄၆လကနေ ၅၅လအထိကျနိုင်ပြီး သူ့ဇနီးကတော့ ထောင်ဒါဏ် တစ်နှစ်ကနေ နှစ်နှစ်အထိကျနိုင်တယ်လို့ ဆိုပါတယ်၊ ဒါ့အပြင် သူတို့ အလွဲသုံးထားတဲ့ ဒေါ်လာ ခုနှစ်သိန်းငါးသောင်း ကိုလဲ ပြန်လည်ပေးဆပ်ဖို့အတွက် ရှိသမျှပစ္စည်းတွေကို တရားရုံးက သိမ်းမှာပါ၊

ကျင့်ဝတ်ရှိသော လွှတ်တော်ဖြစ်ဖို့

ကျနော်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုလွှတ်တော်ကို သန့်ရှင်းစင်ကြယ်သော၊ ယုံကြည်အားကိုးရသော ပြည်သူ့ကိုယ်စားလှယ်များရဲ့ ဥပဒေပြုအဆောက်အအုံကြီးဖြစ်စေချင်တာပါ၊ ပြည်သူတွေလိုက်နာရမည့် ဥပဒေတွေကို ပြဋ္ဌန်းနေတဲ့ လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာရမည့် ကျင့်ဝတ်တွေလဲ ပြဋ္ဌန်းသင့်ပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်များကို ကျင့်ဝတ်နဲ့ တိုင်းတာပြီး စုံစမ်းစစ်ဆေးအရေးယူမည့် လွှတ်တော်ကျင့်ဝတ်ကော်မီတီများလဲ အမြန်ပေါ်ပေါက်လာစေချင်ပါတယ်၊ ဥပဒေရဲ့ အထက်မှာ မည်သူမျှမရှိရပါ၊

လေးစားစွာ

အောင်ဒင်
ဖေဖော်ဝါရီ ၂၅၊ ၂၀၁၃
 


Sunday, March 17, 2013

Burma's Parliament Watch Part 13

(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၃၇၊ မတ်လ ၁၄ရက်၊ ၂၀၁၃၊ စာမျက်နှာ ၁၈)



မြန်မာနိုင်ငံ၏ ပြည်ထောင်စု လွှတ်တော်ကို အနီးကြည့် အဝေးကြည့်
အောင်ဒင်
အပိုင်း (၁၃) ၂၀၁၂ ခုနှစ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဆိုင်ရာ ဥပဒေများကို လေ့လာသုံးသပ်ခြင်း (ဃ) 

လွှတ်တော်ကိုယ်စားလှယ် နှင့် စောင့်ထိန်းသင့်သော ကိုယ်ကျင့်တရား
အမေရိကန် ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အောက်လွှတ်တော်ကရော၊ အထက်လွှတ်တော်ကရော လွှတ်တော်အမတ်များ၊ ၎င်းတို့က ခန့်အပ်ထားတဲ့ ဝန်ထမ်းများ၊ လွှတ်တော်ဆိုင်ရာအရာရှိများ အားလုံးလိုက်နာရမည့် ကျင့်ဝတ်တွေကို တရားဝင်ထုတ်ပြန်ထားရာမှာ စာမျက်နှာပေါင်း ၄၀၀ ကျော် ရှိပါတယ်၊ အဲဒီထဲက မြန်မာနိုင်ငံရဲ့ အခြေအနေနဲ့ ကိုက်ညီမည့်ကျင့်ဝတ်အကျဉ်းချုပ်ကို ကျနော်တို့ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်များနဲ့ပြည်သူများ သိရှိနိုင်ဖို့ တင်ပြချင်ပါတယ်၊ အဲဒီကျင့်ဝတ်ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်အချို့ကတော့ (၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts) (၂) ခရီးသွားလာခြင်း (Travel) (၃) ပိုင်ဆိုင်မှုနှင့် ဝင်ငွေကို ထုတ်ပြန်ကြေညာခြင်း (Financial Disclosure) (၄) ရွေးကောက်ပွဲဆိုင်ရာလှုပ်ရှားမှု (Campaign Activities) နဲ့ (၅) အကျိုးစီးပွါးဆိုင်ရာ ပဋိပက္ခဖြစ်မှု (Conflict of Interest) တို့ဖြစ်ကြပါတယ်၊

(၁) လက်ဆောင်ပေးခြင်း/လက်ခံခြင်း (Gifts)
ငွေကြေးတန်ဘိုး တစ်စုံတစ်ရာရှိတဲ့ မည်သည့်လက်ဆောင်များကို မဆို လက်မခံဖို့ တားမြစ်ထားပါတယ်၊ ခြွင်းချက်အနေနဲ့ အောက်ပါလက်ဆောင်များကိုတော့ လက်ခံနိုင်ပါတယ်၊
(က) လက်ဆောင်ရဲ့တန်ဘိုးဟာ ဒေါ်လာ ၅၀ ထက်နည်းပြီး လက်ဆောင်ပေးသူဟာလဲ မှတ်ပုံတင်ထားတဲ့ အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Registered Lobbyist)၊ ပြည်ပနိုင်ငံအစိုးရ၊ အဖွဲ့အစည်းတစ်ခုရဲ့ ကိုယ်စားလှယ်မဟုတ်သူ (Foreign Agent)၊ ပြည်ပအစိုးရ၊ အဖွဲ့အစည်းများရဲ့ ဝန်ထမ်းမဟုတ်သူဆိုရင် လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ အဲဒီလက်ဆောင်မျိုးကို တစ်နှစ်ကို ဒေါ်လာ ၁၀၀ ထက်ကျော်ပြီး လက်ခံခွင့်မရှိပါ၊
(ခ) ဒေါ်လာ ၁၀ ထက်နည်းတဲ့ တီရှပ်လို၊ ဦးထုတ်လို သာမာန်အမှတ်တရပစ္စည်းမျိုးကို လက်ခံနိုင်ပါတယ်၊
(ဂ) ဆွေမျိုးသားချင်းအရင်းအချာများကပေးတဲ့ လက်ဆောင်ကို လက်ခံနိုင်ပါတယ်၊ အဲဒီထဲမှာ ယောက္ခမ၊ ယောက္ဖ စတဲ့ မိမိရဲ့ အရင်းအချာနဲ့စပ်ပြီးတော်သူများလဲပါဝင်ပါတယ်၊
(ဃ) အဆင့်တူပုဂ္ဂိုလ်ချင်း (လွှတ်တော်အမတ်တစ်ယောက်က လွှတ်တော်အမတ်တစ်ယောက်ကို၊ လွှတ်တော်အရာရှိတစ်ယောက်က မိမိနဲ့ အဆင့်တူအခြားအရာရှိတစ်ယောက်ကို) ပေးတဲ့ လက်ဆောင်ကိုလက်ခံနိုင်ပါတယ်၊ အဆင့်နိမ့်သူထံက လက်ဆောင်ကို မွေးနေ့လို အထူးအခန်းအနားမျိုးမှလွဲ၍ လက်ခံခွင့်မရှိပါ၊
(င) ပြည်ထောင်စုအစိုးရ၊ ပြည်နယ်အစိုးရများ၊ ဒေသဆိုင်ရာအစိုးရများ၊ နိုင်ငံပိုင် တက္ကသိုလ်များက ဂုဏ်ပြုပြီး ပေးတဲ့ လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊
(စ) အကျိုးစီးပွါးမပါပဲ ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ ပေးတဲ့လက်ဆောင်များကို လက်ခံနိုင်ပါတယ်၊ ဒါတောင်မှ လက်ဆောင်ရဲ့ တန်ဘိုးက ဒေါ်လာ ၂၅၀ ကျော်ရင် လွှတ်တော်ကျင့်ဝတ်ကော်မီတီထံက ကြိုတင်ခွင့်ပြုချက်စာကို ရယူဖို့လိုပါတယ်၊
(ဆ) လွှတ်တော်အမတ်ရဲ့ ရုံးကို ပေးပို့လာတဲ့ သတင်းအချက်အလက်ဆိုင်ရာ အထောက်အထားတွေ (စာအုပ်စာတမ်း၊ မဂ္ဂဇင်း၊ ဒီဗီဒီ၊ ဂျာနယ်များ) ကို လက်ခံနိုင်ပါတယ်၊
(ဇ) မိမိရဲ့ မဲဆန္ဒနယ်မြေက ထုတ်လုပ်ပြီး အများပြည်သူအတွက် နမူနာသဘော ဖြန့်ချိတဲ့ တန်ဘိုးအနည်းငယ်ပဲရှိတဲ့ ပစ္စည်းတွေကို လက်ခံနိုင်ပါတယ်၊
(ဈ) အခန်းအနားတစ်ခုခုမှာ ဂုဏ်ပြုပေးအပ်ပြီး မိမိအမည်ကို ထွင်းထုထားတဲ့ ဆုဖလားလို လက်ဆောင်မျိုးကို လက်ခံနိုင်ပါတယ်၊

လက်ဆောင်ဆိုတာ လူတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ အရေးကြီးတဲ့ ဆက်သွယ်ရေးကြိယာတစ်ခုပါ၊ လူသာမာန်တွေအဖို့တော့ တစ်ယောက်နဲ့ တစ်ယောက်သတိရနေဖို့၊ တစ်ယောက်ရဲ့ အချစ်ကို တစ်ယောက်က နားလည်ဖို့၊ ကျေးဇူးရှိသူကို တုံ့ပြန်ခြင်း၊ စသဖြင့် အဓိပ္ပယ် ရှင်းလင်း၊ အပြစ်ကင်းရိုးသားကြပေမည့် အကျိုးစီးပွါးနဲ့ပါတ်သက်တဲ့ လက်ဆောင်ပေးမှု၊ လက်ဆောင်ရယူမှု၊ လက်ဆောင်ပေးဖို့တောင်းခံမှုတွေကတော့ တာဝန်ရှိသူတွေမှာ လာဘ်စားမှု၊ ကိုယ်ကျင့်တရားပျက်ပြားမှုတွေ ဖြစ်ပေါ်စေပါတယ်၊ သာမာန်လူအချင်းချင်း လုံချည်တစ်ထည်၊ ထဘီတစ်ထည်၊ ခြုံပုဝါတစ်ထည် လက်ဆောင်ပေးတာ ပြဿနာမဟုတ်ပေမည့် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို အပြင်လူတစ်ယောက် သို့မဟုတ် အများက အဲဒီလို လက်ဆောင်ပေးရင်၊ တစ်ခါ ပေးတာကလဲ တစ်ထည်မက အထည်ပေါင်းများစွာ၊ အကြိမ်ပေါင်းများစွာ ပေးတယ်ဆိုရင်၊ နေဖို့အိမ်၊ စီးဖို့ကားတွေ၊ လှူတန်းဖို့ ပိုက်ဆံတွေ၊ ခိုင်းဖို့အစေအပါးတွေ ထောက်ပံ့တယ်ဆိုရင် ဒါ အတော်ကြီးတဲ့ ပြဿနာဖြစ်လာပါပြီ၊ ပေးသူက ပေးရဲတာတောင်မှ ဒီလိုလက်ဆောင်တွေကို လက်ခံရဲတဲ့ လွှတ်တော်ကိုယ်စားလှယ်ရဲ့ ကိုယ်ကျင့်သီလကို မေးခွန်းထုတ်စရာဖြစ်လာပါလိမ့်မယ်၊

(၂) ခရီးသွားလာခြင်း (Travel)
အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနဲ့ သူတို့ရဲ့ ဝန်ထမ်းများ ခရီးသွားလာခြင်းနဲ့ပါတ်သက်ပြီး အောက်ပါကျင့်ဝတ်များကို လိုက်နာရပါတယ်၊

(က) ပြင်ပအဖွဲ့အစည်းများက အကုန်အကျခံတဲ့ ခရီးစဉ်များအတွက် လွှတ်တော်ကျင့်ဝတ်ကော်မီတီရဲ့ ခွင့်ပြုချက်ကို ကြိုတင်ရယူရပါမယ်၊ လွှတ်တော်အမတ်ဟာ ခရီးစဉ်နဲ့ပါတ်သက်ပြီး ကော်မီတီကို လိုအပ်တဲ့အထောက်အထားများ၊ ခရီးစဉ်အသေးစိတ် နဲ့ စားရိတ်ကျခံမည့် အဖွဲ့အစည်းဆိုင်ရာအချက်အလက်တွေ အနည်းဆုံး ၁၄ရက်ကြိုပြီး တင်ပြလျှောက်ထားရမှာဖြစ်ပါတယ်၊
(ခ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက အမေရိကန် တက္ကသိုလ်၊ ကောလိပ်များ နဲ့ ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ ခန့်အပ်မထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို အမေရိကန်ပြည်ထောင်စုအတွင်းမှာဆိုရင် ၄ ရက်၊ ပြည်ပခရီးဆိုရင် ၇ ရက် တာဝန်ယူခွင့်ရှိပါတယ်၊ ဒီ့ထက်ပိုခွင့်မရှိပါ၊
(ဂ) ကုန်ကျစားရိတ်တာဝန်ယူမည့်အဖွဲ့အစည်းက ပြည်ပကိုယ်စားလှယ် (Foreign Agent) (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူ (Lobbyist) တွေခန့်အပ်ထားတဲ့ အဖွဲအစည်းများဖြစ်တယ်ဆိုရင် လွှတ်တော်အမတ်ရဲ့ ခရီးစဉ်ကို တစ်နေ့ (သို့မဟုတ်) တစ်ညပဲ တာဝန်ယူခွင့်ရှိပါတယ်၊ ဒါပေမည့်  ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ လွှတ်တော်အမတ်နဲ့ ခရီးစဉ်မှာ လိုက်ပါခွင့်မရှိပါ၊ ထူးခြားတဲ့ အခြေအနေမျိုးမှာ ကော်မီတီက ဒီခရီးစဉ်ကို တစ်နေ့၊ တစ်ည တိုးပြီးခွင့်ပြုနိုင်ပါတယ်၊
(ဃ) ခရီးစဉ်ကို တာဝန်ခံစီစဉ်တဲ့ အဖွဲ့အစည်းဟာ သွားရောက်တဲ့ ဒေသ၊အခန်းအနားနဲ့ တိုက်ရိုက်ပါတ်သက်ရမှာဖြစ်ပြီး ခရီးစဉ်ရဲ့ အဓိကရည်ရွယ်ချက်ဟာလဲ လွှတ်တော်အမတ်ရဲ့ တရားဝင်တာဝန်များနဲ့ သက်ဆိုင်ရမှာဖြစ်ပါတယ်၊
(င) ခရီးစဉ်အတွင်းမှာ လိုအပ်တဲ့ သယ်ယူပို့ဆောင်ရေး၊ အစားအစာ၊ တည်းခိုခန်း၊ ညီလာခံဝင်ကြေး၊ နဲ့ စာရွက်စာတမ်းများကို လက်ခံခွင့်ရှိပါတယ်၊
(စ) ခရီးစဉ်အပြီး ၁၅ ရက်အတွင်းမှာ လွှတ်တော်အမတ်ဟာ ဒီခရီးစဉ်ပါတ်သက်တဲ့ အထောက်အထားတွေကို ကော်မီတီကို တင်ပြရမှာဖြစ်ပါတယ်၊
(ဆ) ဒီကျင့်ဝတ်တွေဟာ ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ ဒေသဆိုင်ရာအစိုးရများ၊ ပြည်ပအစိုးရများက စီစဉ်တာဝန်ခံတဲ့ ခရီးစဉ်များနဲ့ မပါတ်သက်ပါ၊ လွှတ်တော်အမတ်ရဲ့ ပြန်လည်အရွေးခံရရေးလှုပ်ရှားမှု (Re-election Campaign) နဲ့လဲမပါတ်သက်ပါ၊ ပြန်လည်အရွေးခံရရေးနဲ့ ပါတ်သက်တဲ့ နိုင်ငံရေး ခရီးစဉ်တွေမှာတော့ ကုန်ကျစားရိတ်ကို သက်ဆိုင်ရာပါတီရန်ပုံငွေကဖြစ်စေ၊ လွှတ်တော်အမတ်ရဲ့ ရွေးကောက်ပွဲဆိုင်ရာရန်ပုံငွေကဖြစ်စေ သုံးစွဲရပြီး ကုန်ကျစားရိတ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကို ရွေးကောက်ပွဲကုန်ကျစားရိတ်အဖြစ် တင်ပြရပါမယ်၊

အထက်ပါ ကျင့်ဝတ်တွေမှာ ကျနော်တို့အတွက် မျက်စိရှုပ်မှာကတော့ "ပြည်ပကိုယ်စားလှယ် (သို့မဟုတ်) အစိုးရနဲ့ ကွန်ဂရက်ကို လော်ဘီလုပ်သူတွေ" ဆိုတဲ့ စကားလုံးတွေဖြစ်ပါလိမ့်မယ်၊ အဲဒါတွေက ကျနော်တို့နိုင်ငံမှာ အခုထိတော့ မရှိသေးပါ၊ ဒီလို မျက်စိရှုပ်မှုအနည်းငယ်ကလွဲရင် ကျင့်ဝတ်တွေအားလုံးဟာ မြန်မာနိုင်ငံက လွှတ်တော်ကိုယ်စားလှယ်တွေ လိုက်နာသင့်တဲ့ ကျင့်ဝတ်တွေပါ၊ မြန်မာလွှတ်တော်ကိုယ်စားလှယ်တွေဟာလဲ တာဝန်အရ ပြည်တွင်း၊ ပြည်ပခရီးတွေ ထွက်နေကြ၊ ထွက်ကြမှာပါ၊ အဲဒီခရီးစဉ်တွေမှာ အစိုးရအစီအစဉ်နဲ့ သွားတာရှိသလို ပုဂ္ဂလိကအဖွဲ့အစည်းများ၊ ကုမ္ပဏီများစီစဉ်တာလဲ ရှိမှာပါ၊ ဒီခရီးစဉ်တွေဟာ လွှတ်တော်ကိုယ်စားလှယ်များရဲ့ တာဝန်ဆိုတဲ့ ဘောင်ထဲမှာရှိနေဖို့ရယ်၊ ပုဂ္ဂလိကအဖွဲ့အစည်းများရဲ့ လွှတ်တော်ကိုယ်စားလှယ်အပေါ်လွှမ်းမိုးမှုကို ကန့်သတ်တားဆီးနိုင်ဖို့ရယ်အတွက် ကျင့်ဝတ်တွေသတ်မှတ်ဖို့လိုပါတယ်၊ ဒီကျင့်ဝတ်တွေမရှိရင် တာဝန်လို့အကြောင်းပြပြီး ပုဂ္ဂလိကကုမ္ပဏီများရဲ့ ကျေးဇူးနဲ့ ငပလီတို့၊ ငွေဆောင်တို့မှာ ကမ်းခြေက သဲများအရည်အသွေးကောင်းမကောင်း သွားရောက်စစ်ဆေးမည့် လွှတ်တော်ကိုယ်စားလှယ်တွေ၊ နေပြည်တော်နဲ့ မိမိရဲ့ အိမ်ရှိရာကို လေယဉ်အခမဲ့စီးပြီး အပါတ်တိုင်းအမြဲပြန်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါ်လာမှာစိုးမိပါတယ်၊

မြန်မာနိုင်ငံဟာ အကျင့်ပျက်ဆုံး၊ လာဘ်အစားဆုံးနိုင်ငံတစ်ခုအဖြစ် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကစလို့ အခုအထိ ဆက်လက်တည်ရှိနေတာပါ၊ နိုင်ငံတော် သမ္မတကိုယ်တိုင်က အဂတိလိုက်စားမှုတွေကို တိုက်ဖျက်မယ်လို့ ကြွေးကြော်ပြီး ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ခေါင်းဆောင်တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မီတီတစ်ခုဖွဲ့ထားပါသေးတယ်၊ တိုင်းပြည်ရဲ့ ဥပဒေပြုအာဏာကို ကိုင်တွယ်ထားတဲ့၊ လူထုက ရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်များကလဲ အဂတိတိုက်စားမှုတိုက်ဖျက်ရေး မှာ တစ်တပ်တစ်အားပါဝင်ပြီး မိမိတို့ကိုယ်တိုင် မှန်ကန်ဖြောင့်မတ်တဲ့ ကျင့်ဝတ်တွေချမှတ်ပြီး ခိုင်ခိုင်မာမာ စောင့်သိကြဖို့လိုပါတယ်၊ ခေါင်ကလုံမှ မိုးမယိုမှာပါ၊

ဆက်ရေးပါ့မယ်၊

လေးစားစွာ

အောင်ဒင်
ဖေဖော်ဝါရီ ၂၄၊ ၂၀၁၃
 


Burma Preview 2013, Part IV, The Challenge to Peace





Burma Preview 2013: United Wa State Army – The Challenge to Peace (CSIS Asia Policy Blog)

 
By Aung Din

Editor’s Note: Key players will shape Burma in 2013, for better or worse. As a guest contributor to cogitASIA, Aung Din will examine their current role in Burma, and their potential impact in the coming year, in a short blog series, “The People to Watch in 2013.” Part IV examines the role the United Wa State Army and Party, and its impact on government relations with ethnic minorities, as well as its relations with other ethnic groups. See Part I, Part II, and Part III. The author has requested the use of Burma to refer to the country. 

The United Wa State Army (UWSA) launched no significant military actions in 2012. However, the strongest ethnic army in Burma has been working quietly on the ground to expand its authority and areas of control. The UWSA, which emerged from the collapse of the Burma Communist Party (BCP) in 1989 and is notorious for its drug production and trafficking, is of concern to both the Burmese government and other ethnic groups.

The UWSA was a major ally of the Burmese military regime. It was the first ethnic armed group to establish a ceasefire agreement with the regime following the BCP collapse. Since then it has controlled territory in Shan State, known as Shan State (North) Special Region (2), and conducted business freely, with special privileges including in the drug trade. The UWSA’s business group, named Hong Pang Group, is one of the largest conglomerates in Burma and controls business in several  sectors, including construction, gems and minerals, hotels, logging, petroleum, electronics and telecommunications, department stores, factories, banks, and a private airline.

The UWSA helped the Burmese military fight the Shan State Army in Southern Shan State in 1996-1997, which led to the surrender of the drug lord Khun San and his Mong Tai Army. It also participated in the regime’s national convention, the 14-year on-again-off-again process between 1993 and 2007 which produced the draft of the 2008 constitution, and in exchange for its loyalty the Burmese military regime created a “Wa Self-Administered Division,” with six townships in Northern Shan State in the 2008 constitution.

However, tension between the regime and the UWSA has increased since 2009. The UWSA refused to accept the regime’s plan to reduce its troops and transform them into Border Guard Forces under the command of the Burmese army.


The UWSA does not accept the status of the “Wa Self-Administered Division” and wants the status of “state” as well as more land area, including in Northern Shan State and three townships in Southern Shan State on the Thai-Burmese border, currently under the UWSA’s control. The UWSA declared its territory in Northern and Southern Shan State as the “Wa State Government Special Administrative Region” in 2009, making the Burmese government and Shan people nervous and concerned.

Burma’s Election Commission was unable to hold elections in these townships in the 2010 parliament elections and the 2012 by-elections, because the UWSA refused to contest in or allow the holding of elections in its controlled area.

It seems that the UWSA will not change its demands and abandon its areas of control. Its army has 30,000 permanent soldiers and 10,000 militias that are well equipped, experienced and disciplined, and have modern weapons, including armored vehicles and ground-to-surface missiles. Although it does not have good relations with the Burmese government at this time, UWSA did not join with other ethnic armed groups in forming the United Nationalities Federal Council (UNFC) either.

Shan State is the largest state in Burma with more than 60,000 square miles and nearly five million people. Although the Shan are a major ethnic group, there are many other ethnic groups living in Shan State as well, and all of them want a piece of the state as their own territory with state-level status.

Except for the UWSA and its major ally, the Mong La Group , other ethnic armies in Shan State are members of UNFC, and find unacceptable the UWSA’s unilateral declaration of a “Wa State” over areas in Southern and Northern Shan State.

Meanwhile, one of the ethnic political parties in Burma, the Shan Nationalities League for Democracy (SNLD), led by prominent Shan leader and former political prisoner Hkun Htun Oo, is organizing an “All Shan State Conference,” scheduled for April 2013, with participation of all Shan state-based political parties, civil society organizations, and armed resistance groups. This planned conference is a follow up to a previous Shan conference held in Yangon on November 26-28, 2012, that reiterated the call for a genuinely federal union. The UWSA surely will be invited to the conference, but its participation is not yet certain.

Mr. Aung Din is a democracy and human rights activist and former political prisoner.