BLOGGER TEMPLATES AND TWITTER BACKGROUNDS

Saturday, November 8, 2014

အောင်ဒင်နှင့်တွေ့ဆုံခြင်း (7 Days သတင်းဂျာနယ်)

‘‘ရှိပြီးသားလွတ်လပ်ခွင့်ကို ကျွန်တော်တို့က တန်ဖိုးရှိအောင် အသုံးချဖို့လိုတာပေါ့။ တန်ဖိုးရှိအောင် အသုံးချပြီးတော့မှ တဖြည်းဖြည်းချဲ့ထွင်ဖို့ လိုတာပေါ့’’

အောင်ဒင်နှင့်တွေ့ဆုံခြင်း
By   
Wed, 2014-10-15 18:00
Issue No. အတွဲ (၁၃)၊ အမှတ် (၃၂)
http://www.7daydaily.com/story/22831#.VF45csnYouI

ရှစ်လေးလုံးအရေးတော်ပုံသည် မြန်မာ့သမိုင်းတွင် အကြီးကျယ်ဆုံး နိုင်ငံရေးလှုပ်ရှားမှုအရေးတော်ပုံများထဲမှ တစ်ခုအပါအ၀င်ဖြစ်သည်။ မဆလတစ်ပါတီအာဏာရှင်အစိုးရ၏ ပြည်သူများအပေါ် အမျိုးမျိုး ဖိနှိပ်အုပ်ချုပ်နေခြင်းအား ပြည်သူများက ထကြွကာ တစ်ပါစနစ်ဖျက်သိမ်း၍ ပါတီစုံဒီမိုကရေစီစနစ်ဖြင့် အုပ်ချုပ်ရန် အစိုးရကို တောင်းဆိုလာကြခြင်းဖြစ်သည်။ ဖိနှိပ်ခံပြည်သူများ ခံနိုင်ရည်အားနည်းနေချိန်တွင် စက်မှုတက္ကသိုလ်ကျောင်းသားများက စတင်ခဲ့သည့် ထိုအရေးတော်ပုံတွင် ကျောင်းသားများကိုယ်တိုင် တာဝန်ကျေကျေဖြင့် ရှေ့တန်းမှပါဝင်ခဲ့ကြသည်။
ရှစ်လေးလုံးအရေးတော်ပုံမှအစပြု၍ ကျောင်းသားခေါင်းဆောင်များလည်း အများအပြား ထွက်ပေါ်လာခဲ့ကြသည်။ အချို့လည်း ပြည်ပသို့ ထွက်ခွာသွားကြကာ မဆလအာဏာရှင်နောက်ပိုင်းတက်လာသည့် စစ်အာဏာရှင်စနစ်ကို ဆက်လက်တော်လှန်ခဲ့ကြသည်။ အချို့သော ကျောင်းသားခေါင်းဆောင်များက ပြည်တွင်း၌ပင် ဆက်လက်နေထိုင်ကာ စစ်အာဏာရှင်စနစ်၏ ဖိနှိပ်မှုများကို ကြံ့ကြံ့ခံကာ ဆက်လက်ဆန့်ကျင်ခဲ့ကြသည်။
ပြည်ပသို့ ထွက်ခွာသွားကြသည့် ကျောင်းသားခေါင်းဆောင်များထဲတွင် ကိုအောင်ဒင်ဆိုသူသည်လည်း ထင်ရှားသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။ US Campaing for Burma အဖွဲ့ကို ဖွဲ့စည်းကာ ပြည်တွင်းရှိ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြသူများအား လိုအပ်သည့် အကူအညီများပေးခဲ့သူ ဖြစ်သည်။ ထို့ကြောင့် ကိုအောင်ဒင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိခိုက် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

မး - ၈၈ အရေးတော်ပုံနဲ့ ပတ်သက်ပြီး ပြန်ပြောင်းသတိရစရာတွေရှိရင် ပြောပြပေးပါ။


ဖြေ- ကျွန်တော်က ၁၉၈၀-၈၁ မှာ ဆယ်တန်းအောင်တယ်။ အမှတ် ၂ ဒေသကောလိပ်မှာ ၂ နှစ်တက်ခဲ့တယ်။ RIT ကိုရောက်တော့ တတိယနှစ်စက်မှုတက္ကသိုလ်ကျောင်းသားဘ၀နဲ့ ရောက်တယ်။ ပုံမှန်တစ်နှစ်တစ်တန်း အောင်မယ်ဆိုရင် ၁၉၈၅ မှာ ကျောင်းပြီးရမယ်။ အဲဒီတုန်းကတော့ စိတ်ကူးမျှော်လင့်ချက်က သင်္ဘောအင်ဂျင်နီယာပေါ့။ ဒါပေမဲ့ ကျွန်တော်က ကြားထဲမှာ စာမေးပွဲတွေကျတယ်။ စတုတ္ထနှစ်မှာ တစ်ကြိမ်ကျတယ်။ ပဉ္စမနှစ်မှာ နှစ်ကြိမ်ကျတယ်။ ၈၈ ကျတော့ နောက်ဆုံးနှစ် အင်ဂျင်နီယာကျောင်းသားဘ၀ကို ရောက်တယ်။ အဲဒီမတိုင်ခင်ကတော့ စာမေးပွဲတွေကျတဲ့အတွက် ကိုယ့်ဘာသာကိုယ် ၀မ်းနည်းတာပေါ့။ စာမေးပွဲကျလို့ ရှေ့ဆက်ရမယ့်အလုပ်တွေ ပျက်သွားတယ်။ နှောင့်နှေးသွားတယ်ပေါ့။ အဲဒီလိုမျိုး ၀မ်းနည်းခဲ့ရတာတွေရှိတယ်။ နောက် မတ်လ ၁၃ ရက်နေ့ အရေးအခင်းဖြစ်တော့ အဲဒီအရေးအခင်းမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့ရတယ်။ ပြီးတော့ သူငယ်ချင်းတွေ ကျွန်တော့်မျက်စိရှေ့မှာတင် ထိခိုက်ဒဏ်ရာရခဲ့ကြတယ်။ သေနတ်ဒဏ်ရာရပြီး သေတာတွေရှိတယ်။ အဲဒီတော့ အဲဒီအချိန်မှာပဲ သူငယ်ချင်းတွေအတွက် မကျေနပ်တဲ့စိတ်ကကြီးပြီး မဆလအစိုးရ ဆန့်ကျင်ရေးတွေ ဆက်လုပ်ဖြစ်ခဲ့တယ်။ အဲဒီအခါမှာ ရှေ့မှာ စာမေးပွဲတွေကျခဲ့တာကို ကျွန်တော် ၀မ်းမနည်းတော့ဘူး။ ပျော်လာတယ်။ ငါ စာမေးပွဲတွေ ကျရကျိုးနပ်တယ်ပေါ့။ ဘာလို့လဲဆိုတော့ ဒါတစ်သက်မှာ တစ်ခါပဲကြုံရမယ့် ဖြတ်သန်းမှုလေ။ ဒီကျောင်းသားလှုပ်ရှားမှုဆိုတာ။ ဒီကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ဖြတ်သန်းခွင့်ရတာ ကိုယ့်ကိုယ်ကိုယ် တော်တော်ကံကောင်းပါလားဆိုပြီး ကျေနပ်ပျော်ရွှင်မိတယ်ပေါ့ဗျာ။


မး- ၈၈ ကာလအတွင်းမှာ အစ်ကို ဖြတ်သန်းလှုပ်ရှားခဲ့တာတွေတော့ အများကြီးပါပဲ။ အဲဒီအထဲမှာမှ အစ်ကို မှတ်တိုင်စိုက်ထူနိုင်တယ်လို့ထင်တဲ့ လှုပ်ရှားမှုရှိခဲ့ရင် ပြောပြပေးပါ။ အောင်ဒင် လုပ်ခဲ့တယ် ဆိုတာပေါ့ဗျာ။


ဖြေ- အဲဒါဆိုနှစ်ခုပေါ့ဗျာ။ မှတ်တိုင်လို့ပြောမယ်ဆိုရင်တော့ သိပ်ကြီးကျယ်ပါတယ်။ တစ်ခုကတော့ ဘဘဦးနုနဲ့ စင်ပြိုင်အစိုးရထောင်လိုက်တယ်။ ကျွန်တော်တို့က စင်ပြိုင်အစိုးရကို ပထမဆုံးထောက်ခံတဲ့ အဖွဲ့အစည်းပေါ့။ အဲဒီလို မထောက်ခံခင်မှာလည်း ဘဘဦးနုကို ကျွန်တော်တွေ့ပြီးတော့ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ကျွန်တော်ရှင်းပြခဲ့တယ်။ သူတို့နားမှာ ၀န်းရံနေတဲ့သူတွေကို ဖြတ်ကျော်ပြီးတော့ ဆန္ဒပြနေတဲ့ အခြေအနေတွေကို ကျွန်တော် ရှင်းပြခဲ့တယ်။ လူထုက ညဆိုကင်းစောင့်၊ နေ့ဆို သပိတ်သမားတွေအတွက် ထမင်းချက်နေရတာ။ အဲဒီအတွက် ငြီးငွေ့နေကြပြီ။ အစိုးရ၀န်ထမ်းတွေလည်း လခမထုတ်နိုင်လို့ စိတ်ပျက်နေကြပြီ။ အဲဒီလိုပဲ သွားရလာရ နိစ္စဓူဝ ကျီးလန့်စာစားအခြေအနေဖြစ်နေပြီ။ အဲဒီတော့ ဒီအတိုင်းဆက်သွားလို့က အခြေအနေက ဘာမှထူးမှာမဟုတ်ဘူး။ ကျွန်တော်တို့ပဲ ရှုံးမှာပဲ။ လူထုအုံကြွမှုဆိုတာ အစိုးရဘက်က အချိန်အများကြီးရှိတယ်။ လူထုဘက်က အချိန်သိပ်မရှိဘူး။ အချိန်ကြာလာတာနဲ့အမျှ လူထုက တဖြည်းဖြည်းနဲ့ လျော့လျော့သွားတာ။ အခုဆို အဲဒီပြဿနာက ကြုံနေရပြီဆိုပြီး ကျွန်တော်ရှင်းပြတယ်။ ဒီဟာလည်း အကြောင်းပြချက်တစ်ချက်အဖြစ် ပါရင်ပါမှာပေါ့။ ဘဘဦးနုမှာလည်း နဂိုကတည်းက စင်ပြိုင်အစိုးရသည် နောက်ဆုံးလမ်းလို့ ယုံကြည်မှုလည်းရှိပါလိမ့်မယ်။ ဘာပဲပြောပြော စင်ပြိုင်အစိုးရထောင်တဲ့အခါကျတော့ ငါ့ပယောဂလည်း အနည်းအကျဉ်းတော့ ပါမယ်လို့ယူဆတယ်။ နောက်တော့ စင်ပြိုင်အစိုးရဖြစ်လာတယ်။ ကျွန်တော်တို့ ၀မ်းသာအားရထောက်ခံကြတယ်။ တစ်ချိန်တည်းမှာပဲ မကျေမနပ်လည်းဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပါသင့်ပါထိုက်တဲ့သူတွေ အကုန်မပါကြဘူး။ ဒေါ်အောင်ဆန်းစုကြည်လို၊ ဦးအောင်ကြီးလို လူထုလေးစားရတဲ့သူတွေမပါဘူး။ မပါတဲ့အပြင် နောက်ရက်ပိုင်းအတွင်းမှာပဲ အန်ကယ်ဦးတင်ဦးက ထွက်တယ်။ နောက် အန်ကယ်ဦးအောင်ရွှေတို့ ထွက်တယ် စသဖြင့် ထောင်ပြီး နှစ်ရက်အတွင်းမှာပဲ အရေးကြီးတဲ့သူတွေ ထွက်သွားကြတယ်။ အဲဒီတော့ ကျွန်တော့်စိတ်ထဲမှာ ဒီစင်ပြိုင်အစိုးရသည် ခိုင်မာပါ့မလားလို့ သံသယတွေ အများကြီးဖြစ်တယ်။ ဖြစ်တဲ့အတွက်ကြောင့်ပဲ ကျွန်တော်တို့ တတ်နိုင်သလောက် ကျောင်းသားအသိုင်းအ၀ိုင်းကြားမှာ စင်ပြိုင်အစိုးရကို ထောက်ခံဖို့ လိုက်စည်းရုံးတယ်။ တစ်ချိန်တည်းမှာပဲ နိုင်ငံခြား၊ နိုင်ငံရေးခေါင်းဆောင်တွေကိုလည်း ညှိနှိုင်းဆွေးနွေးပြီးတော့ စင်ပြိုင်အစိုးရဘက်က ရပ်တည်ဖို့ ဆွေးနွေးခဲ့ကြတယ်။ ဒါပေမဲ့ မအောင်မြင်ပါဘူးဗျာ။ ခေါင်းဆောင်ကြီးတွေကြားထဲမှာကိုပဲ စိတ်ဝမ်းကွဲပြားမှုတွေက ကြီးကြီးမားမားရှိနေတော့ မအောင်မြင်ဘူး။ မအောင်မြင်တော့လည်း ကျွန်တော်တို့ဘက် မထောက်ခံရင်နေ၊ မကန့်ကွက်ပါနဲ့ အဲဒီလိုဆွေးနွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီလိုမဟုတ်ခဲ့ဘူး။ မထောက်ခံတဲ့အပြင် ကျန်တဲ့မပါဝင်တဲ့ ပုဂ္ဂိုလ်တွေရဲ့ မှတ်ချက်က စင်ပြိုင်အစိုးရကို ဝေဖန်တာ၊ ကန့်ကွက်တာ၊ ရှုတ်ချတာဖြစ်နေတယ်။ အဲဒီအခါကျတာ့ နဂိုကတည်းကမှ ခေါင်းဆောင်အားလုံးကို တူညီအောင်မစည်းရုံးနိုင်တဲ့အထဲမှာ မပါတဲ့ခေါင်းဆောင်တွေက ဝေဖန်ရှုတ်ချတဲ့အခါကျတော့ ဦးနုရဲ့ စင်ပြိုင်အစိုးရက ပိုပြီးတော့ အားနည်းတာပေါ့ဗျာ။ အားနည်းတဲ့အခါကျတော့ ကျွန်တော်တို့က နောက်တစ်မျိုးစဉ်းစားတာ။ လူထုကသာ ၀ိုင်းပြီးတော့ စင်ပြိုင်အစိုးရကို ထောက်ခံမယ်ဆိုရင် တစ်ဖက်က ခေါင်းဆောင်တွေ ပါပါ၊ မပါပါ ကိစ္စမရှိဘူး။ အဲဒီတော့ လူထုလူတန်းစား အဖွဲ့အစည်းအသီးသီးက စင်ပြိုင်အစိုးရကို ထောက်ခံဖို့ဆိုပြီး လုပ်ကြတယ်။ စက်တင်ဘာ ၁၉ ရက် ၀င်္ကဘာလမ်းက ရုပ်ရှင်ကောင်စီမှာ စင်ပြိုင်အစိုးရကို ထောက်ခံဖို့ဆိုပြီး ကျွန်တော်တို့လုပ်ကြတယ်။ ဒါပေမဲ့ ကံမကောင်းအကြောင်းမလှစွာနဲ့  စက်တင်ဘာ ၁၈ ရက်မှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အခါကျတော့ စက်တင်ဘာ ၁၉ ရက်မှာ လူတွေလာကြပြီး စင်ပြိုင်အစိုးရကို ထောက်ခံကြပေမယ့် အချည်းနှီးဖြစ်သွားတာပေါ့။ ဘာပဲပြောပြော အဲဒီလိုတော့ ကျွန်တော်တို့ လုပ်ခဲ့တယ်။ ဒီစင်ပြိုင်အစိုးရကို ဖြစ်ပေါ်လာအောင်လည်း လုပ်နိုင်ခဲ့တယ်။ အများထောက်ခံမှုရအောင်လည်း တတ်နိုင်သလောက် ကြိုးစားစည်းရုံးခဲ့တယ်။


မေး- အဲဒီအချိန်မှာ ကျကျနနဖွဲ့စည်းထားတဲ့ ဦးနေ၀င်းရဲ့ မဆလအစိုးရလက်ထက်မှာ ဦးနုတို့နဲ့ဖွဲ့ခဲ့တဲ့ စင်ပြိုင်အစိုးရက အောင်မြင်နိုင်မယ်လို့ ယုံကြည်ခဲ့လို့လား။


ဖြေ- ကျွန်တော်တို့ ယုံကြည်ထားတယ်လေဗျာ။ အဲဒီကာလမှာ အဓိကကဗျာ၊ နိုင်ငံတော်အာဏာရဲ့ဗဟိုက ရန်ကုန်လေ။ ရန်ကုန်ကို ကျွန်တော်တို့က တစ်စုံတစ်ရာစီးနိုင်ရင် ဒါအောင်မြင်တယ်လို့ပြောလို့ရပြီ။ ဆိုတော့ ရန်ကုန်တစ်ဝိုက်က တပ်တွေက အတော်ပြောင်းလဲနေပြီ။ ကျွန်တော်တို့ဆို သန်လျက်စွန်းက ရေတပ်ထဲကိုသွားတယ်။ မှော်ဘီက လေထီးတပ်ကိုသွားတယ်။ ရန်ကုန်ဝန်းကျင်မှာရှိတဲ့ တပ်တွေတော်တော်များများက စိတ်အပြောင်းအလဲ အများကြီးဖြစ်နေပြီ။ ကျွန်တော်တို့ သွားတွေ့တဲ့အထဲမှာဆို ဗိုလ်မှူးအဆင့်ပါတယ်။ ကျွန်တော်တို့ပြောတာ ရိုးရိုးလေးပဲ။ မင်းတို့က ငါတို့ ပြည်သူ့ဘက်လာပါ။ ပြည်သူ့ဘက်လာပါ ပြောတယ်။ ပြည်သူ့ဘက်က ဘယ်မှာလဲကွတဲ့။ အရှေ့လား၊ အနောက်လား၊ တောင်လား၊ မြောက်လားတဲ့။ ငါတို့ကို အဲဒီလိုပြောလို့မရဘူး။ ငါတို့က လက်နက်ကိုင်ထားတဲ့အဖွဲ့အစည်း။ အမိန့်နာခံတယ်။ ငါတို့ကိုအမိန့်ပေးနိုင်တဲ့အဖွဲ့ကြီး မင်းတို့မှာရှိပြီလားတဲ့။ အဲဒီလိုမျိုးရှိရင် ငါတို့က အဲဒီအဖွဲ့ အစည်းရဲ့အမိန့်ကိုနာခံပြီး မင်းတို့ဘက်ကိုပြောင်းလာမယ် စိတ်ချတဲ့။ မင်းတို့ကသာ အဲဒီအဖွဲ့မျိုးရှိအောင်လုပ်တဲ့။ အဲဒီတုန်းက ရန်ကုန်အခြေစိုက် အုပ်ချုပ်ရေးယန္တရားတွေပျက်ကုန်ပြီဗျာ။ မဆလအစိုးရလက်ထဲမှာ ကိုင်တွယ်ထားနိုင်တာက အသံလွှင့်ရုံပဲရှိတယ်။ သတင်းစာတွေက ကျွန်တော်တို့လက်ထဲမှာ။ အစိုးရလက်ထဲမှာ ရေဒီယိုနဲ့ ရုပ်မြင်သံကြား၊ ဒါပဲရှိတယ်။ မြန်မာ့အသံဝင်းတစ်ဝင်းလုံးကို တပ်မ ၃၃က အကြမ်းဖက်အုပ်ချုပ်ထားတာ။ ၀န်ထမ်းတွေက ပြောင်းချင်စိတ်ရှိတယ်။ သို့သော် သေနတ်ပြောင်းက သူတို့ကို နောက်မှာတေ့ထားတာကို။ တပ်အခြေအနေက ပြောင်းနေပေမယ့် ကျွန်တော်တို့မှာ ခိုင်မာတဲ့ဦးဆောင်မှုမရှိဘူး ဖြစ်နေတယ်။ ခေါင်းဆောင်မှုက ပြန့်ကျဲနေတယ်။ အဲဒီတုန်းက ကျွန်တော်တို့ လိုအပ်တာ တညီတညွတ်တည်းရှိတဲ့ ခေါင်းဆောင်မှုပေါ့။ အဲဒီတုန်းကသာရခဲ့မယ်ဆိုရင် စင်ပြိုင်အစိုးရကနိုင်ပြီပဲ။


မေး- ပြည်ပကနေပြီးတော့ လုပ်ဆောင်ခဲ့တဲ့ နိုင်ငံရေးအခန်းကဏ္ဍကိုကော အစ်ကို့အနေနဲ့ ကျေနပ်မှုရှိလား။


ဖြေ- ၁၉၉၅မှာ ကျွန်တော် စင်ကာပူရောက်တယ်။ ၂၀၀၀ပြည့်နှစ်အထိ ကျွန်တော်နေခဲ့တယ်။ အဲဒီကြားထဲမှာ ၉၇-၉၈လောက်မှာ ကျွန်တော် ထိုင်းကို သွားတယ်။ မဲဆောက်ကိုရောက်တယ်။ မဲဆောက်မှာရောက်နေတဲ့ နိုင်ငံရေးအင်အားစုနဲ့တွေ့တယ်။ တတ်နိုင်သလောက် ငွေရေး၊ ကြေးရေးပေါ့။ ကျွန်တော်ကူညီတယ်။ အဲဒီတုန်းက ကျွန်တော်ကိုယ့်ဘာသာကိုယ် အပြစ်ရှိသလို ခံစားရတယ်။ အဲဒီတုန်းက ကိုဘိုကြည်တို့၊ ကိုတိတ်နိုင်တို့က နယ်စပ်ကိုရောက်နေကြပြီ။ အေအေပီပီထောင်ဖို့ လုပ်နေကြပြီ။ အဲဒီတော့ သူတို့ကတော်လှန်ရေးတာဝန်ကို ဆက်လုပ်နေတယ်။ ကျွန်တော်က ကိုယ့်စီးပွားကိုယ်ဆက်လုပ်နေတယ်။ အပြစ်ရှိသလိုခံစားရတယ်။ ၂၀၀၀ပြည့်နှစ်ကျတော့ စိတ်က တော်တော်ကြီးကို ညှိုးနွမ်းပြီး အလုပ်ကထွက်ပြီး ထိုင်းနယ်စပ်ကိုသွားတယ်။ မဲဆောက်က အေအေပီပီမှာ ကျွန်တော် တတ်နိုင်သလောက်ဝင်ကူတယ်။ အဲဒီမှာပဲ အမေရိကန်ကိုသွားဖို့ ကိစ္စပေါ်လာတယ်။ အမေရိကန်ရောက်တော့ တစ်ပတ်အတွင်းမှာပဲ အထက်လွှတ်တော်မှာ သွားစကားပြောတယ်။ အောက်လွှတ်တော်မှာ သွားစကားပြောတယ်။ အဲဒီမှာ ကျွန်တော့်ထောင်တွင်းဖြတ်သန်းမှုကို ရှင်းပြတဲ့အခါကျတော့ သူတို့ တစ်ခါမှမကြားဖူးဘူးဗျ။ တအံ့တသြဖြစ်နေကြတယ်။ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို သေချာမသိဘူးဗျ။  

မြန်မာပြည်ရဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ခံစားမှု၊ မြန်မာပြည်က နိုင်ငံရေးသမားတွေ ဘယ်လောက်အထိ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်ဆိုတာ ကျွန်တော်ပြောမှပဲ သူတို့က အသစ်အဆန်းတစ်ခုလို ကြားနေရတော့ အဲဒီမှာ ကျွန်တော် တော်တော်အံ့အားသင့်သွားတယ်။

ဖြေ- အမေရိကမှာ မြန်မာပြည်အကြောင်းကို မသိကြတဲ့သူတွေ အများကြီးပါလားလို့ သိလိုက်ရတယ်။ နောက်ပြီးတော့ ကျွန်တော်က ၈၈ အရေးတော်ပုံမှာ တစ်စုံတစ်ရာသော အခန်းကဏ္ဍအထိ ပါဝင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ကျွန်တော်က နိုင်ငံရေးလှုပ်ရှားမှု ဗဟိုချက်မနဲ့ ကင်းကွာခဲ့ရတယ်။ အခုအချိန်မှာ ကျွန်တော်က ခေါင်းဆောင်မဟုတ်တော့ဘူး။ ခေါင်းဆောင်က ပြည်တွင်းမှာ ဆက်ပြီးလှုပ်ရှားနေတဲ့သူတွေ ဖြစ်တယ်။ ကျွန်တော့်အလုပ်က သူတို့ကို ပံ့ပိုးကူညီရမယ့်အဆင့်မှာပဲ ရှိတော့တယ်။ ကျွန်တော်ကိုယ့်ကိုယ်ကိုယ် တာဝန်ပေးလိုက်တာက ပြည်တွင်းလှုပ်ရှားမှုကို ကျွန်တော် နောက်လိုက်ငယ်သားတစ်ယောက်အနေနဲ့ ပံ့ပိုးပေးမယ်။ အဲဒါပဲ။ အဲဒီအတိုင်း ကျွန်တော် လုပ်တယ်။ အဲဒီမှာ ကျွန်တော်ဘာ သွားတွေ့လဲဆိုတော့ အမေရိကမှာလည်း မြန်မာနိုင်ငံအရေး လှုပ်ရှားနေကြတဲ့ နိုင်ငံခြားသားတွေက ဦးစီးနေကြတယ်။ သူတို့က တစ်စုံတစ်ရာပေါ့။ သူတို့က မြန်မာပြည်အကြောင်း ကောင်းကောင်းသိတယ်လို့ ထင်တယ်။ သူတို့ကပဲ မြန်မာ့အရေးကိစ္စကို ဆွေးနွေးနေကြတာ။ ဒါပေမဲ့ သူတို့ တကယ်မသိဘူး။ သူတို့သိတာတွေက အကန့်အသတ်ရှိတယ်။ နောက်တစ်ခုက ပြည်တွင်းကို သူတို့ ဆက်သွယ်လို့မရဘူး။ သူတို့လှုပ်ရှားမှု သူတို့ဆွေးနွေးမှုတွေက ကျွန်တော်တို့ ပြည်သူတွေရဲ့ တကယ်လိုအပ်ချက်နဲ့ တော်တော်ကင်းကွာနေတာရှိတယ်။ အဲဒီမှာ ကျွန်တော်က သူတို့ကို ဖြတ်သန်းနိုင်အောင် ကြိုးစားရတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ကြားကအဆင့်တွေကျော်ပြီး တိုက်ရိုက်ပြောနိုင်ဖို့ ကြိုးစားရတယ်။ အဲဒါတစ်နှစ်လောက် ကြိုးစားရတယ်။ နောက်တော့ တဖြည်းဖြည်းနဲ့ ကျွန်တော်အသိအမှတ်ပြုခံရတယ်။ ကျွန်တော်ရောက်ခါစကာလမှာ အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေ မြန်မာပြည်အရေးအတွက် သတ်မှတ်တဲ့ ဘတ်ဂျက်က ဒေါ်လာတစ်သန်းလောက်ပဲရှိတယ်။ ၂ နှစ်အတွင်းမှာ အဲဒီပိုက်ဆံက ခြောက်သန်းလောက်တက်သွားတယ်။ နောက်တဖြည်းဖြည်းနဲ့ ရှစ်သန်း၊ အခုဆို သန်း ၈၀ ကျော်သွားပြီ။ အလားတူပဲ နယ်စပ်က ဒုက္ခသည်တွေကို အမေရိကန်ပြည်ထောင်စုမှာ အလုံးအရင်းနဲ့ လက်ခံအောင် ကျွန်တော်တို့ ဆွေးနွေးနိုင်ခဲ့တယ်။ အဓိက အကျေနပ်ဆုံးကတော့ မြန်မာနိုင်ငံအရေးကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီရောက်အောင် ကျွန်တော် တော်တော်ကြီးကို ထိထိရောက်ရောက်လုပ်ခဲ့တယ်။ အဲဒီအတွက် ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူတယ်။ နောက်တစ်ခု မြန်မာပြည်အပေါ်မှာ စီးပွားရေးပိတ်ဆို့ဖို့ ဒီဟာက တချို့ကတော့ ကြိုက်ချင်မှကြိုက်မယ်။ ဒါပေမဲ့ မြန်မာပြည်အပေါ် စီးပွားရေးပိတ်ဆို့မှု အမြင့်ဆုံးအဆင့်ရောက်အောင် လုပ်တဲ့နေရာမှာလည်း တစ်စုံတစ်ရာ အခန်းကဏ္ဍက ပါဝင်ခဲ့ပါတယ်။ ကျွန်တော့်ကိုယ့်ကျွန်တော်ကတော့ ကျေနပ်ပါတယ်။


မေး- လက်ရှိ မြန်မာနိုင်ငံရေးအခြေအနေကိုကော ဘယ်လိုသုံးသပ်ချင်ပါသလဲ။


ဖြေ- အကောင်းလည်းရှိတယ်။ အဆိုးလည်းရှိတယ်။ အကောင်းကတော့ ဘာပဲဖြစ်ဖြစ် လူတွေ ပွင့်ပွင့်လင်းလင်းနေနိုင်လာတယ်။ ကိုယ့်အခွင့်အရေးကို သိလာတယ်။ တောင်းရဲလာတယ်။ နောက်အထူးသဖြင့် ဒီသတင်းလွတ်လပ်ခွင့်။ မီဒီယာလွတ်လပ်ခွင့်က အရမ်းအရေးကြီးပါတယ်။ မီဒီယာလွတ်လပ်ခွင့်အတိုင်းအတာ တစ်စုံတစ်ရာအထိ ရလာခဲ့တယ်။ ဒါအားရကျေနပ်စရာကောင်းတယ်။ နောက်လူတွေက ခံစားချက်တွေကို ရင်ဖွင့်ရဲလာကြတယ်။ မကျေနပ်မှုတွေကို ဖော်ထုတ်ရဲလာကြတယ်။ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ရထားတဲ့ လွတ်လပ်ခွင့်က အပြည့်အ၀မဟုတ်သေးဘူး။ နောက်ပြီးတော့ ရာသက်ပန်လည်း ဖြစ်ချင်မှဖြစ်မယ်။ အတိုင်းအတာ အကန့်အသတ်တွေရှိနေသေးတယ်။ ရှိပြီးသား လွတ်လပ်ခွင့်ကို ကျွန်တော်တို့က တန်ဖိုးရှိအောင် အသုံးချဖို့လိုတာပေါ့။ တန်ဖိုးရှိအောင် အသုံးချပြီးတော့မှ တဖြည်းဖြည်းချဲ့ထွင်ဖို့ လိုတာပေါ့။ ရှိပြီးသားလွတ်လပ်ခွင့်ကို တန်ဖိုးရှိအောင် အသုံးမချဘူးဆိုရင်တော့ လွတ်လပ်ခွင့်နဲ့ မထိုက်တန်ဘူးဆိုတဲ့အခြေအနေ ရောက်သွားမှာပေါ့။ အခုဒီမှာ အဲဒီလို အနေအထားလေး ကျွန်တော်တွေ့ရတယ်။ အဲဒီတော့ စိုးရိမ်စရာရှိတာပေါ့။ တစ်ဖက်မှာ လွတ်လပ်ခွင့်ရနေတယ်။ ဒါ အပြီးသတ်မဟုတ်ဘူး။ ဒါကို ဆက်ချဲ့ထွင်ဖို့ဆိုရင် ခင်ဗျားတို့ရှိတာကို တန်ဖိုးထားဖို့ လိုတယ်။ တန်ဖိုးမထားဘဲ အတင်းအကျပ်ကို အလွန်အကျွံသုံးပစ်လိုက်မယ်ဆိုရင်တော့ ဘာမှကျန်မှာမဟုတ်ဘူး။ လူတွေရဲ့ ဆင်းရဲနွမ်းပါးမှုကတော့ အင်မတန်မှ ၀မ်းနည်းစရာကောင်းတယ်။ ကားတွေများလာတယ်။ အဆောက်အအုံအသစ်ကြီးတွေ များလာတယ်။ ဒါပေမဲ့ လူချမ်းသာနဲ့ လူဆင်းရဲက သိပ်ကွာတယ်။ လူလတ်တန်းစားဆိုတာ ကျွန်တော် သတိမထားမိတော့ဘူး။ လူလတ်တန်းစားပျောက်တာနဲ့အမျှ ဆင်းရဲချမ်းသာကွာဟမှုက ပိုပြီးကြီးလာမယ်။ အဲဒါက ကြောက်စရာကောင်းတယ်။ နောက်ပညာရေးပေါ့။ ကျွန်တော် ဒီနေ့ရန်ကုန်တက္ကသိုလ်ဝင်းထဲရောက်တယ်။ စက်မှုတက္ကသိုလ်ဝင်းထဲ ရောက်တယ်။ ပြီးတော့ လှိုင်နယ်မြေတို့ ဘာတို့ ကားနဲ့ တစ်ပတ်ပတ်ကြည့်တယ်။ အဲဒီမှာ ကျွန်တော်တို့ ကျောင်းတက်ခဲ့တဲ့ အဆောက်အအုံတွေ ကျောင်းဆောင်တွေ လူနေဆောင်တွေ ချုံတောထဲမှာ ပစ်ပယ်ခံထားရတယ်။ တစ်ချိန်တည်းမှာပဲ ဒီတက္ကသိုလ်တွေထဲမှာ ကျောင်းသားနည်းနည်းပါးပါးပဲရှိပြီး တချို့ကျောင်းသားအများစုက မြို့စွန်ရောက်နေကြတယ်။ ဒါလည်း အင်မတန်ဝမ်းနည်းဖို့ ကောင်းတယ်။ ကျွန်တော်တို့ခေတ်မှာတင်ပဲ ပညာရေးစနစ်က မတိုးတက်ပါဘူး။ အခုကြည့်ရတာ ပိုပြီးဆုတ်ယုတ်သွားတယ်။ နောက်ပိုဆိုးတာ ကျောင်းသားလေးတွေက ယူနီဖောင်းနဲ့ ကျောင်းတက်နေရတယ်။ တက္ကသိုလ်ကျောင်းသားက ယူနီဖောင်းနဲ့ ကျောင်းတက်ရတာ ဘယ်လိုမှ လက်ခံလို့မရဘူး။ ကျောင်းသားသမဂ္ဂတွေက အဲဒီလိုကိစ္စမျိုးတွေ ဦးစားပေးလုပ်စေချင်တယ်။ ဘာကိစ္စ ငါတို့တက္ကသိုလ်ကျောင်းသားတွေကို လူကြီးဖြစ်နေပြီ၊ အစိုးရ၀န်ထမ်းလို စစ်တက္ကသိုလ်က ကျောင်းသားတစ်ယောက်လို ယူနီဖောင်းဝတ်ရမှာတုံး။ ငါတို့ကြိုက်သလို ငါတို့ဝတ်ခွင့်ရှိရမှာပေါ့။ ဒါ ကျောင်းသားအခွင့်အရေးပဲ။ ဒီလိုမျိုးတွေ ကျောင်းနဲ့ပတ်သက်တဲ့ အခွင့်အရေးတွေ လုပ်စေချင်တယ်။ အဆောင်တစ်ဆောင်နဲ့ တစ်ဆောင်ကြားမှာ မြက်တောကြီးက ဟည်းနေတယ်။ တကယ်တမ်းကျတော့ ဒါဟာ ပိုက်ဆံဘယ်လောက်မှ ကုန်မယ့်ကိစ္စမဟုတ်ဘူး။ ဒါကို ဘာလို့ ကျောင်းသက်ဆိုင်ရာတာဝန်ရှိသူတွေက မလုပ်နိုင်ကြရတာလဲ။ အဲဒါကို ကျောင်းသားတွေက ဆရာတွေကို၊ ကျောင်းအုပ်ချုပ်တဲ့သူတွေကို မေးခွန်းထုတ်ဖို့လိုတယ်။ ကျောင်းဝင်းထဲမှာပဲ ကျောင်းသားတွေရဲ့ ဘ၀အတွက် လိုအပ်ချက်တွေ အများကြီးရှိတယ်။ တစ်ဖက်မှာ အများပြည်သူနဲ့ ပတ်သက်တဲ့ကိစ္စတွေ လုပ်တာကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ  ကျောင်းသားတွေရဲ့ နိစ္စဓူဝကိစ္စတွေအတွက် အဆောင်ကိစ္စရှိမယ်။ ကျောင်းသားကိစ္စရှိမယ်။ အစားအသောက်ကိစ္စရှိမယ်။ ကျောင်းဝင်းထဲမှာ အရက်ပုန်းရောင်းတာတို့၊ မူးယစ်ဆေးဝါးရောင်းတာတို့ ဒီမကောင်းတဲ့ကိစ္စတွေမှာ ကျောင်းသားနဲ့ ဆရာကြားက ကိစ္စတွေရှိမယ်။ အဲဒါတွေကို လက်ရှိကျောင်းသားသမဂ္ဂတွေက လှုပ်ရှားစေချင်တယ်။


မေး- ရထားတဲ့အခွင့်အရေးတွေကို အကုန်အသုံးချနေတယ်လို့ အစ်ကိုပြောခဲ့တာ ရှိပါတယ်။ အဲဒါမျိုးက ဘယ်လိုအဖွဲ့အစည်းတွေက အသုံးချနေတယ်လို့ အစ်ကို သုံးသပ်မလဲ။


ဖြေ- မီဒီယာတွေ ဆိုရှယ်မီဒီယာတွေမှာ သုံးနေတာတွေရှိတယ်။ အထူးသဖြင့် ကျွန်တော်ကြောက်တာက ဘာသာရေးပဋိပက္ခတွေ လှုံ့ဆော်တဲ့ အသုံးအနှုန်းတွေ။ နောက်ပြီး မကောင်းမှုတစ်ခုကို ဖော်ထုတ်တယ်ဆိုပါတော့ Investigative Journalism ဆိုတာ အရေးကြီးပါတယ်။ ဒါပေမဲ့ တာဝန်ယူရဲဖို့ လိုတယ်။ ဖော်ထုတ်တဲ့သူကလည်း သတ္တိရှိပြီးတော့ သူ့မှာ အထောက်အထားခိုင်လုံမှ ဖော်ထုတ်ပါ။ အခြေအမြစ်ခိုင်မာဖို့ လိုတာပေါ့။ နောက်တစ်ခုက ခရိုနီတစ်ယောက်နဲ့တစ်ယောက် တိုက်တာတွေရှိတယ်။ ခရိုနီတစ်ယောက်က ဂျာနယ်တစ်အုပ်ကိုပိုင်တယ်။ နောက်တစ်ယောက်က နောက်တစ်အုပ်ပိုင်တယ်။ သူတို့ အချင်းချင်းတိုက်ကြတယ်။ အဲဒီမှာ ဂျာနယ်လစ်တွေက အသုံးချခံရတယ်။ အဲဒါမျိုးတွေ တွေ့တယ်။


မေး- အမေရိကန်နဲ့ မြန်မာရဲ့လက်ရှိဆက်ဆံရေးအခြေအနေကိုကော အစ်ကိုဘယ်လိုသုံးသပ်လဲဗျ။ အစ်ကို့အင်တာဗျူးတစ်ခုမှာ ဖတ်လိုက်ရတာ အမေရိကန်က မြန်မာကို လက်ရှိအခြေအနေမှာ စစ်ရေးအကူအညီတော့ မပေးစေချင်ဘူးလို့ ပြောထားတာရှိတယ်။

ြေ
ဖ- အမေရိကန်မှာလည်း မြန်မာ့အရေး ပြောကြဆိုကြတဲ့အခါမှာ အုပ်စုနှစ်စုရှိတယ်။ တစ်ုက စီးပွားရေးသမားတွေ၊ တစ်စုက လူ့ အခွင့်အရေးသမားတွေ။ လူ့အခွင့်အရေးသမားတွေက အမြဲတမ်း မြန်မာပြည်အစိုးမကောင်းဘူး ဖိအားပေးရမယ်။ စီးပွားရေးသမားတွေကျတော့ အဲဒီလိုမဟုတ်ဘူး။ မကောင်းကောင်း ဆက်ဆံသင့်တယ်။ အဲဒီနှစ်ခုက အမြဲတမ်းအပြိုင်အဆိုင်ဖြစ်နေကြတယ်။ အခု ဒီဘက်ခေတ်ကျတော့ စီးပွားရေးသမားတွေက ဝင်လာနေပြီ။ နောက်ပြီး သူတို့က အမေရိကန်အစိုးရကို ကျန်နေတဲ့ စီးပွားရေးပိတ်ဆို့မှုတွေရုပ်ပေးဖို့ ပိုပြီးဖိအားပေးလာကြပြီ။ အမေရိကန်အစိုးရကိုယ်တိုင်ကလည်း အဲဒီလမ်းကြောင်းကိုရွေးပါတယ်။ သူတို့စိတ်ထဲမှာ သမ္မတဦးသိန်းစိန်အစိုးရက သူတို့တောင်းဆိုချက်တစ်စုံတစ်ရာကို တုံ့ပြန်တယ်။ နောက်ပြီး အပြောင်းအလဲကို လက်ခံတယ်ဆိုတဲ့ ဆန္ဒလည်းရှိပုံရတယ်။ အဲဒါကြောင့် သူတို့က ပို၍ပို၍စေ့စပ်ညှိနှိုင်းရေး လမ်းကြောင်းကို ရွေးလာကြတယ်။ ရင်းနှီးမှုနဲ့ အပြောင်းအလဲတွေ ပိုများလာအောင် ပူးပေါင်းဆောင်ရွက်သွားမယ့်စိတ်ရှိတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ လူ့အခွင့်အရေးအုပ်စုကကျတော့ ရိုဟင်ဂျာ issue ကိုသုံးပြီး ကွန်ဂရက်လွှတ်တော်ကိုပြန်ပြီးတော့ ချဉ်းကပ်တယ်။ အောက်လွှတ်တော်ကွန်ဂရက်မှာလည်း ရီပက်ဘလေကန်တွေက ကြီးစိုးထားတာကိုး။ အဲဒီတော့ ရီပက်ဘလေကန်တွေရဲ့ ထုံးစံအတိုင်း ဒီမိုကရက်တစ်သမ္မတကို အမြဲတမ်းဆန့်ကျင်ဘက်လုပ်ရမယ်ဆိုတော့ သူတို့အတွက် ပွိုင့်တစ်ခုကရသွားပြန်တာပေါ့။ အိုဘားမားဘက်ကျတော့လည်း အဲဒါကို သိပ်ဂရုမစိုက်တော့ဘူး။ ဘာလို့လဲဆိုတော့ သူကနောက်ဆုံးနှစ်ရောက်လာပြီ။ နောက်တစ်ကြိမ်ရွေးကောက်ပွဲအတွက်လည်း ပူစရာမလိုတော့ဘူး။ ဒီ၂ နှစ်ကို သူက လုပ်ချင်ရာလုပ်တော့မှာ။ တစ်ချိန်တည်းမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး အောင်ပွဲတစ်ခုလို့မြင်ထားတယ်။ ဒါကိုလည်း သူကဆက်ပြီးထိန်းထားချင်တယ်။ စစ်တပ်နဲ့ပတ်သက်ပြီး ပြောရရင်တော့ မြန်မာစစ်တပ်နဲ့ကတော့ ဆန်ရှင်က အခုထိရှိတုန်းပဲ။ အမေရိကန်အစိုးရကလည်း မြန်မာအစိုးရနဲ့ အခုအချိန်အထိ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ မရှိသေးပါဘူး။ သို့သော်လဲ မြန်မာစစ်ခေါင်းဆောင်တွေ စစ်ဗိုလ်တွေကို လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ သင်တန်း၊ ဂျီနီဗာကွန်ဗင်းရှင်းနဲ့ ပတ်သက်တဲ့သင်တန်း။ နောက်တစ်ခါ သဘာဝဘေးအန္တရာယ်တွေ ကြုံလာတဲ့အခါ စစ်တပ်ကလူ လူထုကို ဘယ်လိုဘေးအန္တရာယ်စောင့်ရှောက်ရေးတွေလုပ်မယ်ဆိုတာ အဲဒါတွေ သင်ပေးဖို့တော့ ဆန္ဒရှိတယ်။ လုပ်လည်းလုပ်နေပြီ။  အဲဒါတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် လုံးဝမကန့်ကွက်ဘူး။  လုပ်သင့်ပါတယ်။ လောလောဆယ်တော့ လက်နက်မရောင်းပါနဲ့ဦး။ စစ်ရေးပူးပေါင်းဆောင်ရွက်မှုမလုပ်ပါနဲ့ဦး။ စောင့်ကြည့်ပါဦး။ အပစ်ရပ်စာချုပ် တကယ်လက်မှတ်ထိုးပြီလား။ အဲဒီစာချုပ်ကိုလည်း ကြီးကြပ်စောင့်ကြည့်တဲ့ အဖွဲ့တွေနဲ့ တကယ်ကို သေနတ်တစ်ချက်ပြန်မဖောက်တဲ့ အဆင့်ကို ရောက်ပြီလား စောင့်ကြည်ပါဦး။ နိုင်ငံရေးဆွေးနွေးပွဲ တကယ်ဖြစ်လာပြီးတော့ အားလုံးပါဝင်သင့်ပါဝင်ထိုက်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကြီးစတဲ့အထိ စောင့်ဖို့လိုတယ်။ နောက်ပြီး မိုင်းတွေရှင်းရမယ်။ ဒုက္ခသည်တွေပြန်ပို့ရမယ်။ အဲဒါတွေမရသေးဘဲနဲ့တော့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ကန့်ကွက်ပါတယ်။


မေး- အခုလက်ရှိ စစ်တပ်ရဲ့အခြေအနေက ပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခုအဖြစ် သွားမယ်ဆိုရင် သူတို့ရဲ့လုပ်ပိုင်ခွင့်တွေ ကန့်သတ်ခံရဖို့ရှိနေတယ်လေ။ နိုင်ငံရေးနဲ့ရောနေခြင်းအားဖြင့် စစ်တပ်အတွက် လုပ်ပိုင်ခွင့်တွေပိုရနိုင်နေတာကို စစ်တပ်က သိနေတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်တို့၊ အစ်ကိုတို့ပြောနေသလို မြန်မာနိုင်ငံရဲ့စစ်တပ်က ပရော်ဖက်ရှင်နယ်စစ်တပ်တစ်ခု ဖြစ်လာနိုင်ပါ့မလား။


ဖြေ- အဲဒါကတော့ မျှော်လင့်ချက် ဘယ်လောက်ထားလဲဆိုတဲ့အပေါ်မှာ မူတည်တယ်။ အမေရိကန်မှာလိုတော့ စစ်တပ်က အရပ်သားအုပ်ချုပ်မှုအောက်မှာ လုံးလုံးလျားလျားရှိနေတဲ့ ပရော်ဖက်ရှင်နယ်အာမီလိုမျိုးတော့ ကျွန်တော်တို့နိုင်ငံမှာ မဖြစ်နိုင်ဘူး။ အထူးသဖြင့် အာရှတိုက်နိုင်ငံတွေမှာပေါ့။ ကိုရီးယားကြည့်လိုက်၊ စစ်တပ်အခန်းကဏ္ဍ တစ်စုံတစ်ရာရှိတုန်းပဲ။ ဂျပန်မှာလည်း ရှိတာပဲ။ အင်ဒိုနီးရှားမှာလည်း လွှတ်တော်ထဲက စစ်တပ်ရဲ့ အခန်းကဏ္ဍရုပ်သိမ်းသွားတာတောင်မှ စစ်တပ်ရဲ့အခန်းကဏ္ဍက ကြီးကြီးမားမားရှိနေတုန်းပဲ။ ထိုင်းမှာလည်းရှိတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာ စစ်တပ်ရဲ့အခန်းကဏ္ဍကို လုံးလုံးလျားလျားပယ်ပစ်ဖို့ဆိုတာတော့ မဖြစ်နိုင်ဘူးထင်တယ်။ အထူးသဖြင့် စစ်တပ်ကို အရပ်ဘက်အုပ်ချုပ်ရေးအောက်ရောက်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။ အပြန်အလှန်နားလည်မှုတည်ဆောက်ဖို့ပဲလိုတယ်။ အဲဒီလိုနားလည်ဖို့ကလည်း အရပ်သားနိုင်ငံရေးသမားက မျှော်လင့်ချက်ကြီးကြီးမားမားထားပြီး အလုပ်လုပ်ဖို့လိုတယ်။ တစ်ဖက်က စစ်ခေါင်းဆောင်တွေကလည်း သူတို့ချည်းပဲ အရာရာကိုချုပ်ကိုင်ထားချင်တယ် ဆိုတာကိုလည်း လျှော့ရမယ်။ သူတို့က ဒါကိုလွှတ်လိုက်ရင် ဘာတွေဖြစ်လာမလဲဆိုတဲ့ ကြောက်စိတ်ရှိတယ်။ အဲဒီကြောက်စိတ်ကို ဒီဘက်လူတွေက ဘယ်လိုဖြေပေးမလဲ။ ကျွန်တော်တို့ဘက်ကပဲ အဖြေရှာပေးဖို့လိုတယ်။ နိုင်ငံတကာစံချိန်ကိုကြည့်ပြီးတော့ စစ်တပ်သည် အရပ်သားလက်အောက်ကို လုံးလုံးရောက်ရတော့မယ်ဆိုပြီးတော့ ပြောင်းလို့ဖြစ်နိုင်မယ်မထင်ဘူး။ စစ်တပ်က အာဏာကိုစွန့်လိုက်ရင် ဒီအရပ်သားတွေအပေါ်မှာ ငါတို့ဘယ်လောက်စိတ်ချရမလဲဆိုတာကို အာမခံချက်ပေးနိုင်ဖို့လိုတယ်။ နှစ်ဖက်အပြန်အလှန်ခြိမ်းခြောက်မှုတွေမရှိတော့ဘဲ နှစ်ဖက်ပေါင်းခြင်းအားဖြင့် တိုင်းပြည်အကျိုးရှိမယ်ဆိုတာကို နားလည်မှုရမယ်ဆိုရင် ကောင်းတာပေါ့။

ကျွန်တော်ကတော့ အမေရိကန်စံချိန်လိုမျိုး မျှော်လင့်ချက်မထားဘူး။

မေး- အစ်ကိုအနေနဲ့ မြန်မာနိုင်ငံမှာပဲနေပြီး နိုင်ငံရေးမှာ ပြန်လည်ပါဝင်ဖို့ အစီအစဉ်ရှိလား။


ဖြေ- မရှိပါဘူး။ ကျွန်တော် အခု အမေရိကန်နိုင်ငံသားတောင် ဖြစ်နေပါပြီ။ မြန်မာနိုင်ငံသားမဟုတ်တော့ပါဘူး။ အခု ကျွန်တော်ပြန်လာတယ်ဆိုတာလည်း ကျွန်တော့်မွေးရပ်မြေကို အလွမ်းပြေလာကြည့်တာပါပဲ။ မိသားစုနဲ့ တွေ့တယ်။ မိတ်ဆွေသူငယ်ချင်းတွေနဲ့တွေ့တယ်။ ကျွန်တော်လွမ်းတဲ့နေရာတွေ လျှောက်သွားမယ်။ လည်ပတ်မယ် ဒါပါပဲ။ ကျွန်တော့်သူငယ်ချင်းတွေ လှုပ်ရှားရင်တော့ ကျွန်တော်တတ်နိုင်သလောက်ကူသွားမှာပါ။


မေး- နိုင်ငံတကာအသိုင်းအဝိုင်းကတော့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတယ်လို့ သုံးသပ်ကြတယ်။ အစ်ကို့အနေနဲ့ ဘယ်လိုသုံးသပ်လဲ။


ဖြေ- ဒီဖြစ်စဉ်ကြီးတစ်ခုလုံးက သူတို့စီမံထားတဲ့ဖြစ်စဉ်ပဲ။ အစကတည်းက အဆင့်ခုနစ်ဆင့်လမ်းပြမြေပုံနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဆွဲတယ်။ ရွေးကောက်ပွဲကျင်းပတာတို့ အာဏာယန္တရားတွေ ပေါ်ပေါက်လာတာတို့က လမ်းပြမြေပုံခုနစ်ဆင့် အတိုင်းသွားတာပဲလေ။ အဲဒီထဲကမှ ဖြေလျှော့မှုတွေပေါ့။ စိတ်ချရတဲ့ ဖွဲ့စည်းပုံကိုရပြီးတဲ့နောက်မှာ ဖြေလျှော့မှုတွေ လုပ်လာတယ်ပေါ့။ တကယ်တမ်း ဒီမိုကရေစီလမ်းကြောင်းကိုရောက်ဖို့၊ မရောက်ဖို့ကတော့ အခုပြောနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်အထိပြင်နိုင်မလဲပေါ့။ အဲဒီအပေါ်မှာ ကြည့်တာပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်တဲ့အခါမှာလည်း နှစ်ပိုင်းရှိတယ်။ အခုလောလောဆယ် လွှတ်တော်ထဲက လှုပ်ရှားမှုနဲ့ပြင်ဖို့ လုပ်နေတာပေါ့။ အဲဒါက တစ်ပိုင်းရှိတယ်။ အဲဒါက အတိုင်းအတာတစ်ခုအထိတော့ ပြင်နိုင်လိမ့်မယ်ထင်ပါတယ်။  ဒီလွှတ်တော်ထဲမှာပြောတာ၊ ဆွေးနွေးတာတွေ ကြည့်ခြင်းအားဖြင့် တိုင်းရင်းသားတွေ ကျေနပ်မှုရအောင် ပြည်နယ်တွေကို ပိုပြီးအာဏာခွဲဝေပေးဖို့ ပြင်လာနိုင်မယ့်အပိုင်းတွေရှိတယ်။ ဒါ ပထမအဆင့်ပေါ့။ ဒုတိယအဆင့်ကတော့ နိုင်ငံရေးဆွေးနွေးပွဲပေါ့။ နိုင်ငံရေးဆွေးနွေးပွဲရဲ့ရလဒ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်တဲ့နေရာမှာ သက်ရောက်မှုရှိမယ်။ ဒါဒုတိယအဆင့်ပေါ့။ အဲဒီပြင်ဆင်မှုနှစ်ခုကနေပြီးတော့ ကြည့်ရမယ်။ အခု ပထမအဆင့်မှာကိုပဲ လွှတ်တော်ထဲက နေပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်တဲ့အခါမှာ ပြည်နယ်တွေ အာဏာပိုရသလား။ ပြည်နယ်လွှတ်တော်တွေမှာ ပိုပြီးတော့ ဥပဒေပြုနိုင်တဲ့အခန်းကဏ္ဍရှိသလား။ ပြည်နယ်လွှတ်တော်တွေက ပြည်နယ်အစိုးရတွေကို ကိုယ်တိုင်ခန့်နိုင်တဲ့အဆင့်ရောက်ပြီလား။ အဲဒါဆိုရင် မဆိုးဘူးလို့ ပြောလို့ရတယ်။ ရပ်ကွက်၊ မြို့နယ်၊ တိုင်းအုပ်ချုပ်ရေးမှူးတွေကို လူထုက ကိုယ်တိုင်ရွေးချယ်နိုင်ပြီလား။ အဲဒီလိုအနေအထားမျိုးကို ရောက်ပြီဆိုရင်တော့ ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို ရောက်နေပြီလို့ပြောလို့ရတယ်။ အဲဒီလိုမဟုတ်သေးရင်တော့ ကျွန်တော်တို့ဆက်သွားရဦးမယ်။


မေး- ၈၈ မျိုးဆက်က အရေးတော်ပုံကာလက အမာခံပြတ်ပြတ်သားသားလှုပ်ရှားခဲ့ကြတယ်။ ဒါပေမဲ့ အခုခေတ်ပြောင်းလာတဲ့အခြေအနေမှာ ၈၈ မျိုးဆက်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုက လူထုမျှော်လင့်သလောက် ထိထိရောက်ရောက် ဖြစ်မနေဘူး။ ခိုင်မာတဲ့ နိုင်ငံရေးဦးတည်လမ်းကြောင်းမရှိသေးဘူးလို့ ဝေဖန်နေကြတဲ့အပေါ် အစ်ကို ဘာများပြောချင်ပါသလဲ။


ဖြေ- ကျွန်တော်က သူတို့ကို အနီးကပ်ဆုံး ဝေဖန်ပါတယ်။ ကျွန်တော်လည်း သူတို့ကို ဖြစ်စေချင်တာတွေ အများကြီးပေါ့။ ကျွန်တော်ဖြစ်စေချင်သလိုပဲ သူတို့မှာလည်း သူတို့အခက်အခဲ၊ အကျပ်အတည်းရှိမှာပဲ။ ကိုယ်ကိုယ်တိုင်တောင်မှ နိုင်ငံရေးလှုပ်ရှားမှုတွေကို ထိထိရောက်ရောက်မပါဝင်တော့ဘဲ နောက်ဆုတ်လိုက်တဲ့အခါမှာ သူတို့လည်း အဲဒီလိုပဲ နားချင်တဲ့သူရှိမှာပဲ။ ၈၈ သူငယ်ချင်းတွေထဲမှာ တချို့လည်း နားချင်တဲ့သူရှိမယ်။ တချို့လည်း နိုင်ငံရေးဆက်လုပ်ချင်တဲ့သူရှိမယ်။ နားပြီးတော့ သာမန်လူတစ်ယောက်လို၊ အနုပညာသည်တစ်ယောက်လို နေမယ့်သူလည်းရှိမယ်။ ဒါမှမဟုတ် အရပ်ဘက်လူ့အဖွဲ့အစည်းမှာ လှုပ်ရှားချင်တဲ့သူလည်းရှိမယ်။ သူတို့ဟာ သူတို့ယုံကြည်ရာလမ်းကြောင်းတွေတော့ ရွေးချယ်ထားပြီးသားပေါ့။ သူတို့ရွေးချယ်တဲ့လမ်းကို ကျွန်တော်တို့က နိုင်သလောက်ကူမယ်။ အထူးသဖြင့် နိုင်ငံရေးလုပ်မယ့်သူဆိုရင်တော့ ပိုကူနိုင်ပါတယ်။ နိုင်ငံရေးလုပ်မယ့်သူကို အောက်ခြေသိမ်းကူဖို့ အဆင်သင့်ရှိနေပါတယ်။


မေး- စာရေးဆရာတာရာမင်းဝေရဲ့ အစ်ကိုတစ်ယောက်အနေနဲ့ သူ့အတွက်၊ သူ့ပရိသတ်အတွက် အမှတ်တရစကားလေးပြောပေးပါဦး။


ဖြေ- သူ့ကို ကျွန်တော်က အရမ်းနှမြောတာပေါ့ဗျာ။ သူက အနုပညာနဲ့ လူငယ်တွေပေါ်မှာ တော်တော်လွှမ်းမိုးနိုင်ခဲ့တာကိုး။ အခုထိ သူ့ကဗျာတွေကို တခုတ်တရရွတ်ဆိုနေကြတာ အများကြီးရှိနေသေးတာပဲ။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ၂၀၀၅ မှာ ပြန်လွတ်လာပြီးတဲ့နောက် ၈၈ မျိုးဆက်အုပ်စုဖြစ်လာတဲ့အချိန်မှာ ညီလေး သူတို့နဲ့ ပေါင်းလုပ်ပါလို့ ကျွန်တော် သူ့ကိုလှမ်းပြောပါတယ်။ သူတို့လည်း သွားခေါ်ပါတယ်။ မင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ဂျင်မီတို့ သွားခေါ်ကြပါတယ်။ သူကလည်း သူ့ပြဿနာလေးနဲ့သူဆိုတော့ ချက်ချင်းမသွားနိုင်သေးဘူး။ အချိန်တစ်ခုပေးပါဦး၊ လာပါ့မယ်၊ လာပါ့မယ်ဆိုပြီး လုပ်နေတဲ့အချိန်မှာပဲ သူဆုံးသွားတာ။ တကယ်တမ်း အဲဒီအချိန်မှာ သူသွားခဲ့မယ်ဆိုရင် သူသေခါမှသေရောဗျာ။ သူ့သမိုင်းမှာ ဒီထက်ပိုပြီး ကြီးကျယ်လိမ့်မယ်။ အခုပြန်ရောက်လာတဲ့အချိန်မှာ သူ့ကို ပိုပြီးနှမြောပါတယ်။ အခုအချိန်မှာ သူရှိနေဦးမယ်ဆိုရင် လူထုအတွက် အလုပ်အကျွေးပြုနိုင်မှာ သေချာပါတယ်။


မေး- နောက်ထပ် အစ်ကို့အနေနဲ့ ဖြည့်စွက်ပြောချင်တာများရှိရင် ပြောပေးပါဦးခင်ဗျ။


ဖြေ- အဓိက ကျွန်တော်ပြန်လာတာက ကျွန်တော်ချစ်တဲ့မြေ၊ ကျွန်တော်ချစ်တဲ့လူတွေကို အလွမ်းပြေလာကြည့်တာပါ။ ကျွန်တော် မြန်မာပြည်နိုင်ငံရေးမှာ ဝင်ပြီးတော့ နှောင့်ယှက်ဖို့တို့၊ ဩဇာပေးဖို့တို့ မဟုတ်ပါဘူး။ တတ်နိုင်သလောက်တော့ ကူပါ့မယ်။ ကူဖို့လည်း အဆင်သင့်ရှိပါတယ်။ အရင်ကလည်း ကူခဲ့ပါတယ်။ အခုလည်း ကူပါမယ်။ နောက်လည်းကူမှာပါ။

အင်တာဗျူး “နောက်ကြောင်း ပြန်လှည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်” (ဧရာဝတီ)

http://burma.irrawaddy.org/interview/2014/10/24/66257.html
အင်တာဗျူး

“နောက်ကြောင်း ပြန်လှည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်”


သမ္မတဦးသိန်းစိန်အစိုးရလက်ထက်၌ ပြည်ပတွင် ရောက်ရှိနေသော မြန်မာနိုင်ငံသား ပြည်တော်ပြန်များ မြန်မာနိုင်ငံသို့ အကြောင်း ကိစ္စ အမျိုးမျိုးဖြင့် ပြန်လည် ၀င်ရောက်လာရာတွင် အမေရိကန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှု အဖွဲ့ (U.S Campaign for Burma) ၏ အမှုဆောင် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူခဲ့သူ ဦးအောင်ဒင်လည်း အပါအ၀င် ဖြစ်သည်။
ဦးအောင်ဒင်သည် အမေရိကန် အခြေစိုက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာ အဖွဲ့ National Endowment for Democracy (NED) မှ ပေးအပ်သော ၂၀၁၂ ဒီမိုကရေစီဆုကို ဦးကျော်သူ၊ ဦးခွန်ထွန်းဦး ၊ ဦးမင်းကိုနိုင် ၊ ဒေါက်တာ စင်သီယာမောင်တို့နှင့် အတူ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ကိုယ်စားပြု ရရှိခဲ့သူ ဖြစ်သည်။
မြန်မာနိုင်ငံမှ ထွက်ခွာသွားပြီး ၁၆ နှစ် ကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံသို့ ခေတ္တ ပြန်လည် ရောက်ရှိလာသူ ဦးအောင်ဒင်အား သူ၏ အတွေ့အကြုံများနှင့် လက်ရှိ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဧရာဝတီ သတင်းထောက် ထက်နိုင်ဇော်က တွေ့ဆုံ မေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။     ။ ဦးအောင်ဒင် ဒီတခေါက် မြန်မာနိုင်ငံကို ပြန်လာတာ ဘယ်လို အကြောင်းကိစ္စနဲ့ ပါလဲ။
ဖြေ။      ။ လွမ်းလို့ပါ။ မြန်မာနိုင်ငံကို ပြန်မရောက်တာ ၁၆ နှစ် ရှိပါပြီ။ ၁၆ နှစ် အတွင်း ပထမဆုံး အကြိမ်ပါ။ အခုလာတာကလည်း တသီးပုဂ္ဂလ အနေနဲ့ပါ။ အခု ကျနော် ဘာနိုင်ငံရေး အဖွဲ့အစည်းမှာမှ ပါဝင်ပတ်သက်ခြင်း မရှိဘူး။ အခုလို ၁၆ နှစ် ကြာခဲ့ပြီးတဲ့ နောက် ကျနော် ချစ်တဲ့ နိုင်ငံကို လွမ်းတဲ့စိတ် ၊ ချစ်တဲ့စိတ်နဲ့ ပြန်လာခဲ့တာပါ။ ခဏတဖြုတ် ပြန်လာတာပေါ့။
မေး။     ။ ပြန်ရောက်လာတဲ့ အချိန် ဘယ်လို နေရာတွေ သွားပြီးပါပြီလဲ။ အပြင်မှာ မြန်မာပြည်အကြောင်း ကြားခဲ့တာနဲ့ ၁၆ နှစ်တာ ကာလအတွင်း အခု ပြန်ရောက်လာရတဲ့ အချိန် ဘယ်လို အပြောင်းအလဲတွေကို တွေ့ရပါလဲ။
ဖြေ။      ။ အရင်ဆုံး သွားတာကတော့ ကျနော့် မိခင်ကြီးရှိတဲ့ ဒဂုံမြို့သစ် မြောက်ပိုင်းပေါ့ဗျာ။ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျနော် နေပြည်တော် သွားတယ်။ နေပြည်တော်ကနေ တဆင့် ပျဉ်းမနား ရောက်တယ်။ ရောက်နိုင်သလောက် နေရာတွေ ကျနော် ရောက်ခဲ့ပြီးပြီ။ ဘာမြင်သလဲဆိုတော့ ကျနော်တို့ကျတော့ နှိုင်းယှဉ်တာပေါ့နော်။ ၈၈ ကာလ မြန်မာနိုင်ငံနဲ့ အခုလက်ရှိ တွေ့နေရတဲ့ အနေ အထား က ကွာခြားမှုတွေက အများကြီးပဲ။ ၈၈ တုန်းက လူဦးရေကလည်း ဒီလောက် မများသေးဘူး။ လူတန်းစားကလည်း နှစ်ရပ် ပဲ ရှိတယ်။ မဆလ အာဏာပိုင် လူတန်းစားနဲ့ ဆင်းရဲနွမ်းပါးတဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုပြီး ဒီလူတန်းစား နှစ်ရပ်ပဲ ရှိတယ်။
ဆိုရှယ်လစ် စီးပွားရေးဆိုတဲ့ အခါကျတော့ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေကလည်း ရှင်သန်မှု မရှိဘူး။ စီးပွားရေး လုပ်ငန်းရှင် ရှိတာတောင်မှ အဲဒီ စီးပွားရေး လုပ်ငန်းရှင်တွေက ဆေးလိပ်ခုံ ထောင်တာတို့ ရုပ်ရှင် ထူထောင်ရေး လုပ်ငန်း လုပ်တာတို့နဲ့ ချမ်းသာကြွယ်ဝသူ တချို့လောက်ပဲ ရှိတယ်။ သာမန်အားဖြင့် အုပ်ချုပ်သူ လူတန်းစားနဲ့ အုပ်ချုပ်ခံ လူတန်းစားဆိုပြီး ၂ မျိုးပဲ ရှိတယ်။
ဒီဘက်ပိုင်း ကျနော်တို့ ပြန်ရောက်တဲ့ အခါမှာကျတော့ လူတန်းစားက အများကြီး ဖြစ်လာတယ်။ ဟိုး အထက်ပိုင်း အုပ်ချုပ်သူ လူ တန်းစားမှာလည်း အာဏာရ ကြံ့ခိုင်ရေးပါတီ ၊ နောက်တခါ တပ်မတော်၊ နောက်ပြီး သူတို့နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ခေတ်ပျက် သူဌေး ခေါ်မှာပေါ့။ ပြီးခဲ့တဲ့ စစ်အစိုးရခေတ်မှာ မွေးထုတ်ပေးခဲ့တဲ့ ခေတ်ပျက်သူဌေး လူတန်းစားပေါ့ ၊ ဒါတွေက အကြီးကြီး ဖြစ် လာတယ်။
ဒါပေမယ့် သာမန် အုပ်ချုပ်ခံ လူတန်းစား ဘ၀ကတော့ ဒီအတိုင်းပဲ။ အဲဒီမှာ နှိုင်းယှဉ်ချက်အရ ပြောမယ်ဆိုရင် မဆလ ခေတ်က အာဏာပိုင် အုပ်ချုပ်သူတွေရဲ့ ကြွယ်ဝချမ်းသာမှုက လက်ရှိ တွေ့နေရတဲ့ ကြံ့ခိုင်ရေးက အာဏာရ လူတန်းစားရဲ့ ကြွယ်ဝချမ်းသာမှုအောက် အများကြီး နည်းတာပေါ့။
ဒီဘက် အာဏာရ လူတန်းစားနဲ့ ခေတ်ပျက် သူဌေးတွေရဲ့ ကြွယ်ဝချမ်းသာမှုက အင်မတန် ကြောက်စရာ ကောင်းလောက်အောင် မြင့်မားနေတယ်။ အဲဒီအခါမှာ ဆင်းရဲချမ်းသာ ကွာဟမှုက အရမ်းအရမ်းကို ကြီးတာ။ ကျနော် လျှောက်သွားတဲ့အခါ နန်းတော်ကြီး လို ကြီးနေတဲ့ အဆောက်အအုံကြီးတွေ တွေ့ပါတယ်။ မေးလိုက်လို့ ရှိရင် ဘယ်ခရိုနီ သူဌေးက ပိုင်တာပေါ့နော်။ ဘယ်ခရိုနီ သူဌေး က လုပ်နေတာပေါ့နော်။ စသဖြင့် ကြီးမားတဲ့ နန်းတော်ကြီးတွေ ရှိသလို တနေ့လုပ်မှ တနေ့ ရှာဖွေစားသောက်နေရတဲ့ လူတန်း စား တွေလည်း အများကြီး ရှိနေတယ်။
လမ်းကြီးတွေကကောင်း ၊ အဆောက်အအုံတွေကလည်း ကြီးမား ကျယ်ပြန့်ပြီးတော့ ပြုပြင်ထိန်းသိမ်းမှု မရှိတဲ့ အခါမှာ ယိုယွင်း ပျက်စီးနေတာတွေပေါ့။ အဲဒီလို ဖြစ်ရတာက ဆင်းရဲချမ်းသာ ကွာဟမှုကြောင့်ပဲ။ ဒီရောက်ပြီး တပတ် ၊ နှစ်ပတ် အတွင်းမှာ ကျနော့် ခံစားချက်ကတော့ အဲဒီလိုပဲ။
မေး။     ။ အခုလိုမျိုး တွေ့ကြုံခံစားရတဲ့ အခါ ဘယ်လို သင်ခန်းစာမျိုးတွေရလဲ။ ကျနော်တို့ တိုင်းပြည်မှာ ဘယ်လို ပြဿနာတွေကြောင့် ဒီလို အခြေအနေမျိုး ဖြစ်သွားရတာလို့ ထင်ပါလဲ။
ဖြေ။      ။ ဒါက ရိုးရိုးလေးပါ။ ကျနော်က နှိုင်းယှဉ်ပြောလို့ မဆလခေတ်က ကောင်းတယ်လို့ ပြောတာ မဟုတ်ဘူး။ မဆလခေတ်မှာလည်း ကျနော်တို့က အဖိနှိပ်ခံဘ၀ ရောက်ခဲ့ကြတယ်။ အုပ်ချုပ်သူ ယန္တရားရဲ့ မွန်းကြပ်မှုအောက်မှာ နေခဲ့ရတာပဲ။ အခုလည်း အုပ်ချုပ်သူ လူတန်းစားအောက်မှာ မွန်းကြပ်နေဆဲပဲ။ ကျနော်တို့က မဆလကို ၈၈ အရေးတော်ပုံကြီးနဲ့ ဆန့်ကျင်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတော်လှန်းရေးကြီးက မအောင်မြင်ခဲ့ဘူး။
မအောင်မြင်တဲ့ အတွက်မိုလို့ ပြည်သူလူထုမှာ ဒုက္ခတွေနဲ့ အခုလို ဖြစ်နေရတာပေါ့။ တော်လှန်ရေး မအောင်မြင်ခဲ့လို့ နောက်ဆက် တွဲ အကျိုးဆက်တွေ ခံစားနေရတယ်။ တော်လှန်ရေး အောင်မြင်ဖို့ ဆက်ပြီးလုပ်ရမှာတွေ အများကြီး ရှိတယ်။ ကျနော်ပြောချင်တဲ့ သဘောက တိုက်ကြခိုက်ကြလို့ ပြောချင်တာ မဟုတ်ဘူး။ ခုနက ပြောတဲ့ အဆင်မပြေမှုတွေ ရှိတာတောင်မှ လူတိုင်းက ပြောရဲဆိုရဲ ရှိလာကြတယ်။ ခင်ဗျားတို့ မီဒီယာဆိုရင်လည်း တော်တော်လေးကို ပွင့်ပွင့်လင်းလင်း ရေးသားနိုင်လာတယ်။
အနည်းဆုံးတော့ ကျနော်တို့ အသက်ရှုခွင့် ရလာတယ်။ ပြီးခဲ့တဲ့ ကာလကြီး တခုလုံးမှာ ကျနော်တို့က အသက်တောင် ရှုခွင့်မရဘဲနဲ့ မွန်းကြပ်ခဲ့ကြတာ။ အသက်ရှုခွင့်ဆိုတဲ့ နေရာမှာ သာမန်ပြည်သူတွေ ဒီမိုကရေစီ အင်အားစုတွေတင် မဟုတ်ဘူး။ အစိုးရ အာဏာ ရှိတဲ့ ပုဂ္ဂိုလ်တွေမှာလည်း အတူတူပဲ။ အရင်တုန်းက သူတို့ဟာ သူတို့ရဲ့ မတရားတဲ့ အုပ်ချုပ်ရေး စနစ်ကြောင့် နိုင်ငံတကာရဲ့ ဖိအားပေး ပိတ်ဆို့မှုတွေ ခံခဲ့ကြရတယ်။
အခု သူတို့ကိုယ်တိုင် အရင်တုန်းက ခြေချခွင့် မရှိတဲ့ နိုင်ငံတွေဆီကို ခြေချနိုင်ခဲ့တယ်။ ဘယ်တုန်းကမှ မရခဲ့တဲ့ အသိအမှတ်ပြုမှုတွေ ရနေကြပြီ။ သူတို့လည်း ဒီအသက်ရှုခွင့်က အခုမှ ပြန်ရတာ။ ကျနော်တို့ဘက်ကလည်း အသက်ရှုခွင့် တခုရလာတယ်။ သူတို့ဘက် ကလည်း အသက်ရှုခွင့် တခုရလာတယ်။ ဒါပေမယ့် တခုရှိတာက လေထုက ညစ်ညမ်းနေဆဲပဲ။ လေထုထဲမှာ အမှိုက်သရိုက်တွေ ပါတုန်းပဲ။ ဒီအမှိုက်သရိုက်တွေ ရှင်းလိုက်မယ်ဆိုရင် အားရပါးရ လေရှုခွင့် ရလာမယ်။ အဲဒီလို အမှိုက်သရိုက်တွေ ရှင်းပြီးရင် ရရှိပြီး သား အသက်ရှုခွင့်လေးကို နှစ်ဖက်စလုံးက တန်ဖိုးထားတတ်ဖို့ လိုတယ်။ နှစ်ဘက်စလုံးဆိုတာ ပြည်သူတွေ ဒီမိုကရေစီ အင်အားစု တွေဘက်ကရော အာဏာကိုင် ထားတဲ့သူတွေ ဘက်ကရောပေါ့။
မေး။     ။ ၈၈ ခုနှစ်နောက်ပိုင်း အပြင်ရောက်သွားတော့ ဘယ်လိုလှုပ်ရှားမှုတွေ လုပ်ခဲ့လဲ။ လုပ်ဆောင်ခဲ့တဲ့ အထဲမှာ ဘယ်လိုကိစ္စမျိုးတွေက မှတ်မှတ်ရရ ရှိနေခဲ့လဲ။
ဖြေ။      ။ ၈၈ ပြီးတော့ ၈၉ မှာ ကျနော် အဖမ်းခံရတယ်။ ၈၉ ဧပြီလမှာ ကျနော် အဖမ်းခံရပြီးတော့ ထောင်ထဲမှာ ၄ နှစ်နဲ့ ၃ လ ကြာခဲ့တယ်။ ၁၉၉၃ ဇူလိုင်မှာ အကျဉ်းထောင်က ကျနော် ပြန်လွတ်တယ်။ လွတ်ပြီးတဲ့နောက်မှာ ပါမောက္ခချုပ်က ခွင့်ပြုလို့ ကျနော် ကျောင်းတက်ခွင့် ပြန်ရတယ်။ ၁၉၉၄ ခုနှစ်မှာ ရန်ကုန် စက်မှုတက္ကသိုလ်ကနေ စက်မှုအင်ဂျင်နီယာဘွဲ့ရတယ်။ ၁၉၉၅ ခုနှစ်မှာ စင်ကာပူနိုင်ငံကို ထွက်ပြီး အလုပ်လုပ်တယ်။ ၁၉၉၅ ခုနှစ်ကနေပြီး ၂၀၀၀ ပြည့်နှစ် အထိ စင်ကာပူမှာ ကျနော် အလုပ်လုပ်ပါတယ်။ အဲဒီကာလမှာတော့ ကိုယ့်စီးပွားကို ရှာတာပါပဲ။
အဲဒီကာလမှာပဲ ထိုင်း-မြန်မာ နယ်စပ်ကို ရောက်တယ်။ ရောက်တဲ့အခါ ကိုဘိုကြည်တို့၊ ကိုတိတ်နိုင်တို့ ကိုမင်းဇင်တို့ စသဖြင့် ကိုအောင်မိုးဇော်တို့နဲ့ တွေ့တယ်။ သူတို့တွေက မပြီးဆုံးသေးဘဲ ဆက်ပြီးလုပ်ဆောင်နေတာ တွေ့ရတဲ့အတွက် ကျနော့်စိတ်ထဲမှာ အပြစ်ရှိသလို ခံစားရတယ်။ အဲဒါနဲ့ ၂၀၀၀ ပြည့်နှစ်မှာ အလုပ်ကနေ ထွက်တယ်။ ထိုင်း-မြန်မာ နယ်စပ်ကို သွားပြီးတော့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) နဲ့ အတူတူ လှုပ်ရှားမှုတွေ လုပ်တယ်။ AAPP ကို ၀ိုင်းကူညီတာပေါ့ဗျာ။ အဲဒီနောက်ပိုင်းမှာ အမေရိကန် ပြည်ထောင်စုကို ရောက် တယ်။
အမေရိကန် ပြည်ထောင်စုမှာ မြန်မာပြည် လွတ်မြောက်ရေး ညွန့်ပေါင်း အဖွဲ့(Free Burma Coalition) ဆိုတာ ရှိတယ်။ မြန်မာပြည် လွတ်မြောက်ရေး ညွှန့်ပေါင်းအဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအဖွဲ့မှာ မူဝါဒရေးရာ ညွှန်ကြားရေးမှူးအဖြစ် ၂ နှစ်လောက် လုပ်တယ်။ ၂၀၀၃ ခုနှစ်မှာ အမေရိကန် ပြည်ထောင်စု မြန်မာ့ ရေးရာ လှုပ်ရှားမှုအဖွဲ့ U.S Camping For Burma ကို ထောင်တယ်။ အဲဒီအဖွဲ့ရဲ့ အမှုဆောင် ညွှန်ကြားရေး မှူး အဖြစ် ကျနော် တာဝန်ယူခဲ့တယ်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အထိ တာဝန်ယူခဲ့တယ်။
အဲဒီကာလတွေမှာ အဓိက အလုပ်လုပ်နိုင်ခဲ့တဲ့ ပထမဆုံး ကိစ္စက အမေရိကန် ပြည်ထောင်စု ကွန်ဂရက် လွှတ်တော်ကနေ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ မြန်မာနိုင်ငံက ဒုက္ခသည်တွေအတွက် ထောက်ပံ့ဖို့ သတ်မှတ်တဲ့ ထောက်ပံ့ငွေတွေ ပိုများသထက်များအောင် မြှင့်တင်နိုင်ခဲ့တယ်။ အမေရိကန် လွှတ်တော်က ပထမ ချထားပေးတဲ့ ဘတ်ဂျက်က ဒေါ်လာ တသန်း ၀န်းကျင်ပဲရှိတယ်။ ကျနော်တို့ ရောက်ပြီး နောက်ပိုင်း လှုပ်ရှားမှုတွေ ဆောင်ရွက်တဲ့ အခါမှာ ဒေါ်လာ ၈ သန်း ၊ ၉ သန်း၊ ၁၀ သန်း အထိ မြင့်လာတယ်။
နောက်တခု မြန်မာ ဒုက္ခသည်တွေက ထိုင်း-မြန်မာ နယ်စပ်မှာ ရှိတယ်။ အိန္ဒိယ- မြန်မာ နယ်စပ်မှာ ရှိတယ်။ မလေးရှား ရှိတယ်။ အဲဒီလို ဆင်းရဲဒုက္ခတွေကို အမေရိကန် အာဏာပိုင်တွေသိအောင် ရှင်းပြနိုင်ခဲ့တယ်။ ကိုယ့်အတွက် အထောက်အပံ့တွေ ပိုပြီးရ အောင် စည်းရုံးနိုင်ခဲ့တယ်။ အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည် သောင်းနဲ့ ချီပြီးတော့ လာရောက် အခြေချ နေထိုင်ခွင့်ပြုဖို့ အမေရိကန် အစိုးရကို စည်းရုံးလှုံ့ဆော် နိုင်ခဲ့တယ်။
နောက်တခုက စစ်အစိုးရ အပေါ်မှာ အင်မတန် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့မှုဖြစ်အောင် ၂၀၀၃ ခုနှစ်မှာ ချမှတ်ဖို့ ဆောင်ရွက်နိုင် ခဲ့တယ်။ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကို နှစ်စဉ် ကုလသမဂ္ဂ အထွေထွေ ညီလာခံနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီက တလျှောက်လုံး ဆွေးနွေးပြီးတော့ ဆုံးဖြတ်ချက်တွေချတာပဲ။ ဒါပေမယ့် အထွေထွေညီလာခံရော လူ့အခွင့်အရေးကောင်စီကရော အာဏာ ရှိတဲ့ အဖွဲ့အစည်းတွေ မဟုတ်ဘူး။ သူတို့ချတဲ့ ဆုံးဖြတ်ချက်တွေကလည်း မဖြစ်မနေ လိုက်နာရမယ့် ကိစ္စမျိုးတွေ မဟုတ်ဘူး။
ကျနော်တို့က မြန်မာနိုင်ငံ အရေးကိစ္စကို ကမ္ဘာပေါ်မှာ အာဏာအရှိဆုံးအဖွဲ့ဖြစ်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကိုင်တွယ် ဖြေ ရှင်းပေးဖို့ဆိုတာကို ကျနော်တို့က အမေရိကန်အစိုးရကို တိုက်တွန်းတယ်။ အဲဒီ ၂၀၀၅ ခုနှစ်မှာ မြန်မာ့အရေးကိစ္စဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက တာဝန်ခံ ဖြေရှင်းရမယ့် ပြဿနာ တရပ်အဖြစ် တရားဝင် တင်သွင်းလာခဲ့တယ်။ ဒါတွေက ကျနော်တို့ လုပ်ဆောင်ခဲ့တဲ့ အထဲမှာ အောင်မြင်တယ်ဆိုတဲ့ အတိုင်းအတာ တချို့ပါ။
မေး။     ။ ရှေ့ပိုင်းက ပြောခဲ့သလို ၈၈ တော်လှန်ရေး မပြီးသေးဘဲ အသွင်ကူးပြောင်းတာ မအောင်မြင်ခဲ့တဲ့ အကြောင်းက ၈၈ မှာ လူထု တာဝန်ကျေပေမယ့် ခေါင်းဆောင်တွေ တာဝန် မကျေခဲ့လို့ပါလား။
ဖြေ။      ။ ကျနော်တို့ ပြန်သုံးသပ်ကြည့်တဲ့ အခါကျတော့ အားလုံးမှာ ချွတ်ယွင်းချက်တွေ ကိုယ်စီရှိခဲ့တာပဲ။ တက္ကသိုလ် ကျောင်း သားတွေက တက္ကသိုလ်မြေကနေ ဒီလှုပ်ရှားမှုကို စခဲ့ကြတယ်။ ပထမဆုံးက စက်မှုတက္ကသိုလ်၊ နောက် ရန်ကုန်တက္ကသိုလ် ၊ ဆေး တက္ကသိုလ် ၁ ၊ ၂ စသဖြင့်ပေါ့။ ဒါပေမယ့် နောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်တဲ့ အခါကျတော့ ဒီတော်လှန်ရေးကို လူထုကြား ထဲကို ကျနော်တို့ သယ်သွားခဲ့တယ်။
လူထုကြားထဲကို ၀င်ပြီးတော့ ၈ ရက် ၈ လ ၈၈ မှာ နိုင်ငံရေး အုံကြွမှုကြီး ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့တယ်။ စလှုပ်ရှားခဲ့တုန်း ကတော့ တနိုင်ငံလုံး အတိုင်းအတာ ပါလာလိမ့်မယ်လို့ မျှော်လင့်ချက် အကြီးကြီး မထားခဲ့ပါဘူး။ နောက်တော့ ဖြစ်လည်း ဖြစ်ရော တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာတယ်။ အဲဒီတုန်းက ကျနော်တို့က သာမန် ကျောင်းသားလေးတွေပါ။ ဒါပေမယ့် ကျောင်းသားကြီးထဲမှာတော့ ပါတယ်။ ကျနော်တို့ ၊ မင်းကိုနိုင်တို့ ၊ မိုးသီဇွန်တို့ပေါ့ ။ ၂၅ ၊ ၂၆ နှစ် ၀န်းကျင်တွေပေါ့ ။ ကိုကိုကြီး ဆိုရင်တော့ ၂၈ လောက် ရှိမယ်။ ကျန်တဲ့ ကလေးတွေက ကျနော့်တို့ထက် ပိုငယ်သေးတယ်။
ကျနော်တို့တွေမှာ ဒီတော်လှန်ရေးကြီးကို အမျိုးသားရေး အရ လူထုကို ဦးဆောင်နိုင်တဲ့ အရည်အချင်း မရှိပါဘူး။ မရှိတဲ့အခါကျတော့ နိုင်ငံရေး ခေါင်းဆောင်တွေကို သွားပြီးတော့ ကမ်းလှမ်းရတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ဗိုလ်ချုပ်အောင်ဆန်းရဲ့ အရှိန်အ၀ါကို ဆက်ခံမယ့် ခေါင်းဆောင်တွေ ၊ အဲဒီခေတ်တုန်းက ရှိသေးတဲ့ ၀န်ကြီးချုပ်ဟောင်း ဦးနု ၊ ဖဆပလ အစိုးရလက်ထက်က ၀န်ကြီး ဟောင်းတွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် လုပ်ခဲ့ကြတဲ့ ၇၄ ၊ ၇၅ ၊ ၇၆ ခေါင်းဆောင်ဟောင်းတွေကို ဆွဲခေါ်ထုတ်ပြီးတော့ တော်လှန်ရေး ကို ဦးဆောင်ဖို့ မေတ္တာ ရပ်ခံခဲ့ကြတယ်။
ကျနော်တို့ မျှော်လင့်တာက အဲဒီအချိန်မှာ မဆလ ယန္တရားကြီးက ပျက်စီးနေပြီ။ အစိုးရ ယန္တရားက လုံးဝ ရပ်နေပြီ။ သူ့ရဲ့ အဓိက ဒေါက်တိုင်က စစ်တပ်ပဲ ကျန်တော့တယ်။ စစ်တပ်ကလည်း ရန်ကုန်မြို့ပြင် တော်တော် များများက တပ်တွေအားလုံးက လူထုဘက် ကို နီးစပ်လာနေကြပြီ။ ရန်ကုန်ဝန်းကျင်မှာလည်း လူထုဘက်ကိုရပ်တဲ့ တပ်တွေ ပေါ်လာပြီ။ အဲဒီအချိန်မှာ မဆလ အစိုးရ ကိုင်တွယ် ထားနိုင်တာက အသံလွှင့်ရုံ တခုပဲ ကျန်တယ်။ အဲဒီဒေါက်တိုင်ကို ဖြုတ်ချနိုင်မယ် ဆိုရင် ကျနော့်တို့ဘက်က အများကြီး အားသာ နိုင်တာပေါ့။
ဒါပေမယ့် အဲဒီအချိန်မှာ ဖြစ်ခဲ့တာက ခေါင်းဆောင်များရဲ့ မညီညွှတ်မှုပေါ့။ ပထမဆုံး စတာကတော့ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့ စင်ပြိုင်အစိုးရ ဖွဲ့စည်းခြင်းကနေ စတယ်။ စင်ပြိုင်အစိုးရ ဖွဲ့စည်းမှုက ယေဘုယျ ပြောမယ်ဆိုရင် ဦးနုရဲ့ တဦးတည်းသော ဆုံးဖြတ်ချက်နဲ့ ဖွဲ့စည်းတာ ဖြစ်ပြီးတော့ တာဝန်ရှိတဲ့ ပါသင့် ပါထိုက်သူ အားလုံးပါအောင် မစည်းရုံးနိုင်ခဲ့တာ ပါတယ်။ ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တချို့ကလည်း ကိုယ်မပါရလို့ ရှောင်တိမ်းနေတာမျိုး မရှိဘဲ ကန့်ကွက်တာပေါ့။ ဝေဖန်ရှုတ်ချတာတွေ ဖြစ်လာတော့ ခေါင်းဆောင်များရဲ့ ညီညွှတ်ရေးက ပြိုကွဲတာပေါ့။ အဲဒီလို တခုတည်းသော နိုင်ငံရေး ဦးဆောင်မှု မလုပ်နိုင်တဲ့ အချိန်မှာပဲ စစ်တပ်က လက်ဦးပြီးတော့ အာဏာသိမ်းလိုက်တာပါပဲ။
ယေဘုယျ ပြောရရင်တော့ ခေါင်းဆောင်များ ညီညွှတ်မှု မရှိတာက ကျနော်တို့ကို အရှုံး သယ်ဆောင် ပေးခဲ့တာပဲ။ နောက်တခုက ဒေါက်တာမောင်မောင်က ၃ လ အတွင်း ရွေးကောက်ပွဲ လုပ်ပေးမယ်။ ဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတဲ့ အချိန်မှာ ၀န်ကြီးချုပ် ဦးနုက လက်ခံတယ်။ တချို့တွေက လက်မခံကြဘူး။ အဲဒီတုန်းကသာ ရွေးကောက်ပွဲကို လက်ခံလိုက်မယ် ဆိုရင်လည်း သွေးချောင်းစီး ရတဲ့ အဖြစ်တွေ အများကြီး ရှောင်လွဲနိုင်လိမ့်မယ်လို့ ယုံကြည်တယ်ဗျ။
နောက်ဆုံးချုပ်ရရင်တော့ ခေါင်းဆောင်များရဲ့ မညီညွှတ်မှုနဲ့ ဖြစ်လာတဲ့ နိုင်ငံရေး အခြေအနေပေါ်မှာ မှန်မှန်ကန်ကန် မသုံးသပ်နိုင်တာပဲ။ အဲဒါတွေကြောင့်ပဲ ကျနော်တို့ အရေးနိမ့်ခဲ့တာ။
မေး။     ။ ၈၈ အသွင် ကူးပြောင်းမှုက မအောင်မြင်ခဲ့ဘူး။ အခုလက်ရှိ အချိန်မှာလည်း ပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ လုပ်နေကြပြီ။ ဒီ အသွင်ကူးပြောင်းမှုကရော အောင်မြင်ပါ့မလား။ စိတ်ချရတဲ့ အခြေအနေကို ရောက်ပြီလား။
ဖြေ။      ။ စိတ်ချရတဲ့ အခြေအနေကို မရောက်သေးပါဘူး။ ခုနက ပြောသလိုပဲ ရတဲ့အသက်ရှုခွင့်ကို နှစ်ဖက်စလုံးက ဘယ်လောက် တန်ဖိုးထားသလဲ ဆိုတာပဲ။ အဲဒါက သီအိုရီဗျ။ အသက်ရှုပေါက် ရတယ်။ လေထုက ညစ်ညမ်းနေဆဲပဲ။ လေထုသာ စင်ကြယ်လာ ရင် အသက်ရှုရတာ ပိုလတ်ဆတ် သန်စွမ်း လာလိမ့်မယ်။ အဲဒါကို နှစ်ဖက်စလုံးက တန်ဖိုးထားပြီး လေထုကို ပူးပေါင်းသန့်စင်ဖို့ လို တယ်။
ဒါပေမယ့် လက်တွေ့မှာတော့ မရိုးသားမှုတွေ ၊ အပြန်အလှန် မယုံကြည်မှုတွေ ၊ ကိုယ်ကျိုး စီးပွားတွေက အများကြီး ရှိနေဆဲပဲ။ ထုနဲ့ထည်နဲ့ ရှိနေဆဲပဲ။ အထူးသဖြင့် အုပ်ချုပ်သူ အသိုင်းအ၀ိုင်းမှာကိုက အပြောင်းအလဲကို ဆက်သွားချင်တဲ့သူနဲ့ လက်မခံချင်တဲ့သူ ၊ ပြီးခဲ့တဲ့ခေတ်ကိုပဲ အသားကျပြီး ပြီးခဲ့တဲ့ခေတ်ကိုပဲ ပြန်သွားချင်တဲ့သူတွေ ရှိတယ်။ အပြောင်းအလဲ လုပ်တာတောင်မှ ရိုးရိုးသားသား မဟုတ်ဘဲနဲ့ နိုင်ငံရေး ရည်ရွယ်ချက် တခုခုနဲ့ လုပ်တာမျိုး ၊ အုပ်ချုပ်သူ အာဏာရ အသိုင်းအ၀ိုင်းမှာကိုက ဒီလို တင်းမာမှုတွေ ရှိနေဆဲပဲ။ စစ်တပ် အသိုင်းအ၀ိုင်းမှာလည်း ရှိတုန်းပဲ။
ဟိုတုန်းက ရှင်းတယ်ဗျ။ စစ်တပ်သည် မဆလ ပါတီရဲ့ အဖွဲ့အစည်းပဲ။ ဒီဘက်မှာကျတော့ စစ်တပ်သည် သီးခြား အဖွဲ့အစည်း ဖြစ် သွားတယ်။ စစ်တပ်နဲ့ ကြံ့ခိုင်ရေး ပါတီမှာ စစ်တပ်က ပိုပြီးတော့ အားကောင်း ခိုင်မာပြီးတော့ ကြံ့ခိုင်ရေး ပါတီက စစ်တပ်ရဲ့ မဟာမိတ် အဖွဲ့အစည်းပုံစံ ဖြစ်သွားတယ်။ လက်အောက်ခံလို့ ပြောတာ မဟုတ်ဘူးနော်။
ဟိုတုန်းက ဖြစ်ခဲ့တာက မဆလ ပါတီကို တိုက်ခြင်းအားဖြင့် အကုန်ပါသွားပြီ။ မဆလပါတီ အလံအောက်မှာ စစ်တပ်က ပါသွားပြီ။ အခုက စစ်တပ်သည် သီးခြား အာဏာရှိတဲ့ အဖွဲ့ဖြစ်တဲ့ အခါကျတော့ အစိုးရဘက်က ဘာပဲလုပ်ချင်လုပ်ချင် စစ်တပ်က မလိုက်ပါလို့ရှိရင် အပြောင်းအလဲက မဖြစ်နိုင်ဘူး။
သီအိုရီကတော့ ဒီလိုရှိတယ်။ လက်တွေ့မှာတော့ အပြန်အလှန် မယုံကြည်မှုတွေက ရှိနေဆဲပဲ။ မရိုးသားမှုတွေက ရှိနေဆဲပဲ။ အထူးသဖြင့် အုပ်ချုပ်သူ လူတန်းစားဘက်မှာ မရိုးသားမှုတွေ၊ စိတ်မချရမှုတွေ ရှိနေဆဲပဲ။ အဲဒီတော့ လက်ရှိ အခြေအနေက စိတ်ချရပြီလား ဆိုရင် စိတ်မချရသေးပါဘူး။ ဒါပေမယ့် နောက်ကြောင်း ပြန်လှည့်မယ်လို့လည်း မထင်ဘူး။ အခြေအနေတွေကို အုပ်ချုပ်သူ လူတန်းစားနဲ့ စစ်တပ်ဘက်က အသာစီးရအောင် ဖန်တီးထားပြီးသား။ ဒါကြီးကို ဖျက်ပြီးတော့ နောက်ကြောင်း ပြန်လှည့်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ထင်တယ်။
မေး။     ။ ရှေ့ဆက်မယ့် မြန်မာ့နိုင်ငံရေး ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့အခန်းကဏ္ဍကို ဘယ်လို သုံးသပ်ချင်ပါလဲ။
ဖြေ။      ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍက တကယ့်ကို ကြီးကြီးမားမား ရှိနေဆဲပဲ။ အဲဒီမှာ တခုရှိတာက သူက သူ့ရဲ့ပါတီကို ဘယ်လောက် ခိုင်မာအောင် တည်ဆောက်မလဲပေါ့။ ၂၀၁၅ ရွေးကောက်ပွဲကလည်း နီးလာပြီ။ တကယ်လို့ ရွေးကောက်ပွဲက ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲလိုပဲ သန့်ရှင်းမယ်ဆိုရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က အစိုးရ ဖွဲ့နိုင်တဲ့ အနေအထားတောင် ရနိုင်တယ်။ တခုကလည်း တဖက်က PR စနစ် သုံးမသုံးလည်း ရှိသေးတာကိုး။
နောက်တခု ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်တွေမှာ အမတ်နေရာ အများစုရပြီး အစိုးရ ဖွဲ့လာနိုင်တယ်။ အဲဒီအချိန်မှာ တိုင်းပြည်ကို ဘယ်သူ ဦးဆောင်မှာလဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကတော့ သမ္မတ ဖြစ်ချင်မှ ဖြစ်မယ်။ ဒါပေမယ့် အစိုးရ တဖွဲ့စာ ပြင်ဆင်ဖို့ အတွက် အချိန်တနှစ်ပဲ ရတော့မယ်။ သူယုံကြည်ပြီး ရွေးချယ်တဲ့ သူတယောက်က နိုင်ငံတော် သမ္မတတောင် ဖြစ်လာနိုင်သေးတယ်။
အခုလက်ရှိ အစိုးရအဖွဲ့ဆိုရင် ၀န်ကြီးဌာန ၃၀ ရှိတယ်။ အဲဒီတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ပါတီကို ဘယ်လောက် ခိုင်မာအောင် ပြင်ဆင်ထားသလဲ။ နိုင်ငံတော် အာဏာကို ချက်ခြင်းရယူပြီး တန်းအုပ်ချုပ်နိုင်တဲ့ အခြေအနေမျိုး ရှိနေပြီလား။ အဲဒါတွေက မေးခွန်းတွေပေါ့။
အဲဒီလိုသာ စနစ်တကျ ပြင်ဆင်ထားမယ်ဆိုရင် ၂၀၁၅ ရဲ့ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍသည် ပို၍ပို၍ ကြီးမားသွားမှာပဲ။ ၂၀၁၅ ကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ဘယ်လိုရင်ဆိုင် ဖြတ်သန်းမလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်။
မေး။     ။ ၈၈ အရေးတော်ပုံကနေ ပေါက်ဖွားလာတဲ့ နိုင်ငံရေး မျိုးဆက်ဖြစ်တဲ့ ၈၈ မျိုးဆက်တွေရဲ့ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်းကိုရော ဘယ်လိုမြင်လဲ။ သူတို့ကို နိုင်ငံရေးလုပ်ဖို့ အကြံပြုချင်ပါလား။
ဖြေ။      ။ သူတို့ကတော့ ကျနော်တို့ တိုင်းပြည်ရဲ့ အပြောင်းအလဲမှာ အရေးကြီးတဲ့ အင်အားစုအဖြစ် ရှိနေမှာပဲ။ သူတို့ထဲမှာလည်း နိုင်ငံရေး လုပ်ချင်တဲ့သူ ၊ လွှတ်တော်ထဲကို သွားမယ့်သူတွေ ရှိတယ်။ အရပ်ဘက် လူ့အဖွဲ့အစည်း အနေနဲ့ ဆောင်ရွက်ချင်တဲ့ သူတွေ ရှိတယ်။ အခုချိန်ထိလည်း သူတို့ကြားမှာ အကြိတ်အနယ် ဆွေးနွေးနေဆဲပါပဲ။
၂၀၁၅ ရွေးကောက်ပွဲ နီးလာလေလေ ဘယ်သူက ဘယ်လမ်းသွားမယ်ဆိုတဲ့ ခွဲခြားမှု ၊ ခွဲဝေမှုတွေက ပိုထင်ရှားလာမှာပဲ။ အခုအချိန်မှာတော့ သူတို့ ရပ်တည်မှုကို စိတ်တိုင်းမကျတာမျိုးတွေ ရှိကောင်း ရှိနိုင်ပါတယ်။ သူတို့ လုပ်ချင်တာတွေလည်းလုပ်ပြီး လမ်းကြောင်းတခု ရွေးချယ်ဖို့ကတော့ အချိန်က ရောက်လာပါလိမ့်မယ်။ အချိန်ကျလာရင်တော့ သက်ဆိုင်တဲ့ တာဝန်တွေ ဆက်ထမ်းကြမှာပေါ့။
မေး။     ။ ၂၀၁၅ ရွေးကောက်ပွဲက ဖြစ်နိုင်မယ် ထင်ပါလား။
ဖြေ။      ။ ဖြစ်မှာပါ။ ၂၀၁၅ နှစ်ကုန်မှာ မဖြစ်တောင်မှ ၂၀၁၆ နှစ်ဆန်းပိုင်းမှာ ဖြစ်နိုင်တယ်။ လွှတ်တော် သက်တမ်း မကုန်ခင်တော့ ဖြစ်မယ်လို့ ကျနော် ထင်တယ်။
မေး။     ။ ဦးအောင်ဒင် အနေနဲ့ မြန်မာနိုင်ငံကို ဘယ်တော့ အပြီးပြန်လာဖို့ရှိပါလဲ။
ဖြေ။      ။ ပြီးခဲ့တဲ့ရက်က ကျနော် နေပြည်တော်ရောက်တော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ စုပြီး စားကြသောက်ကြ စကားပြောကြတာပေါ့။ သူတို့ကလည်း ကျနော့်ကို အဲဒီလို မေးတယ်။ ကျနော်တို့လို နိုင်ငံသား ဘ၀ကို ဆုံးရုံးသွားပြီဖြစ်တဲ့ နိုင်ငံသားဟောင်းတွေက မြန်မာနိုင်ငံသား ပြန်ဖြစ်ဖို့ဆိုတာက သမ္မတတယောက်ပဲ နိုင်ငံသားအဖြစ် ပြန်ပေးခွင့်ရှိတာ။
ကျနော်ကလည်း သမ္မတဆီကို အသနားခံစာတင်မှာ မဟုတ်သလို သမ္မတ ကျေနပ်လောက်အောင်လည်း ကျနော်က နေမှာမဟုတ် ပါဘူး။ အဲဒီအခါကျတော့ ကျနော် နိုင်ငံသား ပြန်ဖြစ်ဖို့ ဆိုတာဟာ ခင်ဗျားတို့ သမ္မတဖြစ်မှ ကျနော် နိုင်ငံသား ပြန်လျှောက်မယ်ဗျာလို့ ပြောခဲ့သေးတယ်။ အဲဒီအတိုင်းပါပဲ။     ။

Friday, November 7, 2014

အိမ်အပြန်




အိမ်အပြန်
အောင်ဒင

ကျနော်က
အဝေးကြီးမှပြန်လာခဲ့တယ်
သူငယ်ချင်းများက
ဘယ်ကိုမှမသွား၊ ဒီနံရံများအတွင်းမှာပဲရှိနေကြတယ်
ကျနော်တို့ကြား ခြားခဲ့တာက
မိုင်တစ်သောင်းနဲ့နှစ်ပေါင်း နှစ်ဆယ်
အခုတော့၊ ကျနော်တို့ ပြန်ဆုံတွေ့ကြတယ်…။

အပြာရောင်ကောင်းကင်ကြီးထဲကနေ
ခုန်ချလာတဲ့ နှင်းစက်တွေဟာ
ကျနော်တို့ရဲ့၊ နွေးထွေးတဲ့အသက်ရှုသံတွေကို
အေးစက်သွားအောင် မဖျားယောင်းနိုင်ကြ
မြက်ခင်းဟောင်းကြီးပေါ်မှာပဲ
သူတို့ရဲ့ ခြေရာတွေပျောက်ဆုံး
သိပ်မဝေးသေးတဲ့ အတိတ်ကာလတစ်ခုမှာ
ရှုံးနိမ့်နာကျင်စွာကျန်ရစ်ခဲ့တဲ့
ခြောက်အိပ်မက်၊ မက်တဲ့ညတွေကို
ကျနော်တို့ ..မုန်းရက်နိုင်စွမ်းမရှိကြ…။

နွေတစ်ညမှ၊ အစပြု၍
နောက်ထပ် နွေညပေါင်းများစွာ
အဆုံးမသတ်နိုင်သေးတဲ့ ခရီးရှည်ကြီးထဲ
လွင့်မျောခဲ့ကြရသူတွေပါ
နောက်ထပ်နှစ်ပေါင်းများစွာလည်း
နွေညတွေထဲ
၊ ကြေကွဲနာကျင်နေကြဦးမှာ…။

ဘဝထဲက
နှစ်ပေါင်းနှစ်ဆယ်ကျော်ခိုးယူခံလိုက်ရလို့
အလိုမတူပဲ အိုမင်းခဲ့ရတဲ့ မျက်နှာတွေဟာ
အရေးအကြောင်းတွေနဲ့ ခန့်ငြား…
မုန်တိုင်းရိုင်းရိုင်း၊ ကြမ်းတမ်းသောလှိုင်းနဲ့
ရမ်းကားသူတွေကို အနိုင်ပိုင်းခဲ့တဲ့
သူရဲကောင်းတို့ရဲ့ ကိုယ်ခန္ဓာတွေမှာ
ဒဏ်ရာဒဏ်ချက်တွေက ထင်ရှား…
သူငယ်ချင်းတို့ရယ်
၊ မင်းတို့ဟာ
မီးတောက်မီးလျှံတွေထဲက
ပြန်လည်နိုးထလာတဲ့ ဖီးနစ်စ်ငှက်တွေပါ
တောင်ပံခတ်သံ မြင့်မြင့်မားမား…။

မြေပေါ်မှာ
အရှိန်အဝါမဲ့မဲ့ ပွင့်တဲ့ပန်းတွေ
အယဉ်ကျေးဆုံးအလှဖြာဝေဖို့အတွက်
မင်းတို့ အိပ်မက်မက်ခဲ့ကြတယ်…။

အနက်ရှိုင်းဆုံး သမုဒ္ဒရာထဲ
မျှော်လင့်ခြင်းတွေ၊ နာကျင်ခြင်းတွေ
မင်းတို့ ကြဲဖြန့်ခဲ့ကြတယ်…။

ရိုးသားမှုနဲ့ အမှန်တရား
ချစ်သောပြည်သူတို့ရဲ့  အဖိနှိပ်ခံနှလုံးသား
မွန်းကြပ်ကြေကွဲနေတဲ့ မလှမပဘဝများ
မင်းတို့ ခံစားခဲ့ကြတယ်…။

နက်ဖြန်ခါနဲ့ လမင်းကြီးကိုတောင်မှ
မြင်ခွင့်မရတဲ့ အမှောင်ထုကြီးထဲ
မင်းတို့ရဲ့ ဘဝတွေ၊ မင်းတို့ရဲ့  မာနတွေကို
ဖယောင်းတိုင်လေးတွေလို ထွန်းညှိလို့
တတ်နိုင်သလောက် လင်းချင်းစေခဲ့တယ်
မင်းတို့ချစ်တဲ့ တိုင်းပြည်ကို
မင်းတို့ အစွမ်းကုန်ချစ်ခဲ့ကြတယ်…။

အမှောင်ထုက ကြီးစိုးနေတုန်းမို့
ဖယောင်းတိုင်လေးတွေ ဆက်ပြီးထွန်းညှိကြရဦးမယ်
မင်းတို့ ဘဝတွေ ဆက်ပြီးနာကျင်ကြရဦးမယ်
ဒါပေမည့်ကွယ်
အဆုံးစွန်တောက်ပခဲ့ရလို့
မီးဇာကုန် အရည်ပျော်ကျသွားတဲ့ ဖယောင်းတိုင်လေးအချို့ဟာ
အချိန်အတော်နောက်ကျပြီးမှ 
အိမ်ပြန်ရောက်လာတဲ့ သူငယ်ချင်းကို
ခွင့်မလွှတ်၊ မကြိုဆိုနိုင်ကြတော့…။ ။ ။

(စက်တင်ဘာ ၂၇၊ ၂၀၁၄)

DVB -24-10-2014 အောင်ဒင် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)



Published on Oct 23, 2014
DVB TV -24-10-2014 အောင်ဒင် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၂)
တင်ဆက် - ခင်သန်း
ရိုက်ကူး - ဇေယျာထွန်း

DVB -23-10-2014 အောင်ဒင် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)


http://youtu.be/7PaEU5vveTc



Published on Oct 23, 2014
DVB TV -23-10-2014 အောင်ဒင် နှင့် တွေ့ဆုံမေးမြန်းခန်း အပိုင်း(၁)
တင်ဆက် - ခင်သန်း
ရိုက်ကူး - ဇေယျာထွန်း

အောင်ဒင် ပြန်လာပြီ … စာအုပ် ၂အုပ် ထုတ်ဝေ (ကမာရွတ်မီဒီယာ)


  


အောင်ဒင် ပြန်လာပြီ … စာအုပ် ၂အုပ် ထုတ်ဝေ
Posted by: Video-Editer on October 23, 2014 at 15:37 PM
၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ကာလမှာကတည်းက ကဗျာတွေ၊ စာတွေရေးတဲ့ အောင်ဒင်တစ်ယောက် ၂ဝ၁၂မှာ U.S. Campaign for Burma ကနေ နှုတ်ထွက်ပြီး မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆောင်းပါးတွေ ရေးဖြစ်ခဲ့ပါတယ်။ အခုတော့ သူကိုယ်တိုင် မြန်မာပြည်ကို ပထမဆုံး ပြန်လာတဲ့အချိန်မှာ သူငယ်ချင်းဖြစ်သူ ကိုကိုကြီးရဲ့ စာအုပ်တိုက်ကနေ ကဗျာစာအုပ်နဲ့ဆောင်းပါးပေါင်းချုပ် ၂အုပ်ကို အောက်တိုဘာ ၂၂မှာ မိတ်ဆက်ထုတ်ဝေခဲ့ပါတယ်။
လူငယ်တွေဟာ တိုင်းပြည်ရဲ့အနာဂတ်၊ အနာဂတ်ရဲ့ခေါင်းဆောင်လို့ ပြောကြပေမယ့် ရှေ့မှာရှိပြီးသားမျိုးဆက်က ပိတ်ဆို့ထားတာမျိုး ကြုံရလေ့ရှိတာကြောင့် ပိတ်ဆို့ထားတဲ့ တံခါးတွေကို ဖွင့်ပြီး ကြံ့ခိုင်အောင်လုပ်ပါလို့ စာအုပ်မိတ်ဆက်ပွဲနေ့မှာ စာရေးဆရာ အောင်ဒင်က ပြောပါတယ်။ ဘယ်ခေတ်မှာမဆို လူငယ်တွေကို တစ်ဖက်ကမြှောက်ပင့်တာနဲ့ တစ်ဖက်က ပိတ်ဆို့ထားတာ အမြဲရှိတယ်လို့ ဆိုပါတယ်။
KQ စာအုပ်တိုက်ကနေ အောင်ဒင်ရဲ့ဒီမိုကရေစီ၊ ခွဲခြားဆက်ဆံခြင်းနှင့် မြေအောက်လှုပ်ရှားမှု စာတမ်းများ စာအုပ်နဲ့အတူ ခေတ်ပြတိုက်စာပေက ထုတ်ဝေတဲ့ သူရဲ့ အနှစ်နှစ်ကဗျာစာစုကိုပါ တပါတည်း မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
မြန်မာပြည် အသွင်ပြောင်းရေး စတင်တဲ့အချိန်ကစပြီး အခုထိ ဖြစ်ပျက်ခဲ့တဲ့ လူမျိုးရေးဘာသာရေး အကျပ်အတည်း၊ စီးပွားရေး၊ ပညာရေး၊ ကာကွယ်ရေးနဲ့ ကျန်းမာရေးဆိုင်ရာ မူဝါဒချမှတ်မှုတွေ၊ အမျိုးသမီးအခွင့်အရေးနဲ့ ခွဲခြားဆက်ဆံမှု၊ မြေအောက်လှုပ်ရှားမှုစာတမ်းများကို စုပေါင်းပြီး ထုတ်ဝေခဲ့ပါတယ်။
၁၉၈၈ အရေးတော်ပုံမှာ အောင်ဒင်နဲ့ တွဲဖက်လုပ်ကိုင်ခဲ့တဲ့ ၈၈မျိုးဆက်က ဦးကိုကိုကြီးက ပြည်တွင်းဂျာနယ်တွေမှာ ရေးသားနေတဲ့ အောင်ဒင်ရဲ့ ဆောင်းပါးတွေကို စုစည်းပြီး ဒီစာအုပ်ထုတ်ဝေဖြစ်တာလို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအပါအဝင် ပြည်ပနိုင်ငံတွေမှာ ၁၆နှစ်ကျော်ကြာ နေထိုင်ခဲ့တဲ့ အောင်ဒင်ရဲ့ မြန်မာပြည်လှုပ်ရှားမှုအပေါ် အမြင်တွေဟာ ပြည်တွင်းက ကိုယ်တိုင်လုပ်ကိုင်နေသူတွေနဲ့ ရှုထောင့်မတူတာကြောင့် စဉ်းစားသုံးသပ်စရာတွေ ပါဝင်တာကြောင့် အကျိုးရှိပါမယ်လို့ ဆိုပါတယ်။
KQ စာအုပ်တိုက်ကနေလည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့ စာအုပ်တွေကို ဆက်ပြီးထုတ်သွားမှာဖြစ်သလို ငွေကြေးအရမဟုတ်ဘဲ နိုင်ငံအပြောင်းအလဲမှာ အရေးပါတဲ့ အထောက်အပံ့တွေ ဖြစ်စေမယ်လို့ သူက ယုံကြည်တယ်လို့ ဆိုပါတယ်။