BLOGGER TEMPLATES AND TWITTER BACKGROUNDS

Thursday, January 1, 2015

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၅)



[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၃)၊ ဒီဇင်ဘာလ (၃၁)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၅)

အောင်ဒင်

(၆) နိုင်ငံတကာဆက်ဆံရေးရှူထောင့်က ကြည့်မယ်ဆိုရင် ရခိုင်ပြည်မှာရှိတဲ့ ဒုက္ခသည်များအတွက် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများကို လက်ခံရမှာဖြစ်သလို အဲဒီအကူအညီတွေကို ဒုက္ခသည်များထံ တိုက်ရိုက်ပို့ဆောင်ပေးချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကိုလည်း ရခိုင်ပြည်နယ်အတွင်း လွတ်လပ်စွာ လှုပ်ရှားခွင့်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းများရဲ့ လုံခြုံမှုကိုလည်း တာဝန်ယူရမှာဖြစ်ပါတယ်။ လက်တွေ့မှာလည်း ဒုက္ခသည် တစ်သန်းကျော်ရဲ့ လိုအပ်ချက်များအတွက် မြန်မာနိုင်ငံအစိုးရနဲ့ ပြည်သူလူထုရဲ့ လှူဒါန်းကူညီမှုများက သမုဒ္ဒရာထဲကျတဲ့ ရေတစ်စက်မျှသာရှိပါတယ်။ ဒါကြောင့်မို့ နိုင်ငံတကာအကူအညီများကို ငြင်းပယ်ဖို့ မဖြစ်နိုင်ပါ။ အဲဒီလို နိုင်ငံတကာ အကူအညီများကို လက်ခံတဲ့ အခါမှာလည်း ရခိုင်အတွက် တစ်ဝက်၊ အစ္စလမ်ဘာသာဝင်များအတွက် တစ်ဝက်ဆိုပြီး သဘာဝမကျ သတ်မှတ်တောင်းဆိုတာမျိုး မဖြစ်သင့်ပါ။ ဒုက္ခသည်အရေအတွက်ကိုကြည့်ရင် ရခိုင်ဒုက္ခသည်က ၁၀ ရာခိုင်နှုန်းလောက်သာရှိပြီး အစ္စလမ်ဘာသာဝင်ဒုက္ခသည်က ၉၀ ရာခိုင်နှုန်းလောက် ရှိနေတာပါ။ ပျက်ဆီးဆုံးရှုံးမှုအတိုင်းအတာကို ကြည့်ရင်လည်း ရခိုင်များရဲ့ ဆုံးရှုံးမှုက အစ္စလမ်ဘာသာဝင်များရဲ့ ဆုံးရှုံးမှုထက် အများကြီးပိုနည်းပါတယ်။

နိုင်ငံတကာအကူအညီများကို လက်ခံဖို့ လိုအပ်သလို နိုင်ငံတကာရဲ့ စိတ်ပူပန်မှုများကိုလည်း နားလည်လက်ခံရမှာဖြစ်ပါတယ်။ အမှန်တကယ်ဖြစ်ပျက်နေတာကို ဖုံးကွယ်လို့လည်း မရနိုင်ပါ။ ဒါကြောင့် နိုင်ငံတကာနဲ့ ဆက်ဆံရာမှာ ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာရဲ့ စေတနာနဲ့ လှူဒါန်းကူညီမှုများကို ကျေးဇူးတင်ရမှာဖြစ်ပေမည့် မရိုးသားတဲ့၊ ဘက်လိုက်တဲ့ ထောက်ပံ့မှုများကို ငြင်းပယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတကာရဲ့ သဘာဝကျတဲ့ တောင်းဆိုမှုများကို သဘောတူရမှာဖြစ်ပေမည့် သဘာဝမကျတဲ့၊ တစ်ဘက်သတ်ဆန်တဲ့ တောင်းဆိုမှုများကို ပြတ်ပြတ်သားသားငြင်းပယ်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခဖြစ်ပွါးရာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးနဲ့ အရင်လို ပြန်လည်ပူးပေါင်းနေထိုင်ရေးဆိုတာ နှစ်ပေါင်းများစွာ စိတ်ရှည်လက်ရှည် အချိန်ယူကြိုးပမ်းစည်းရုံးရမည့်လုပ်ငန်းဖြစ်ကြောင်း နိုင်ငံတကာက ဖိအားပေးသူတွေကို ရဲရဲရင့်ရင့် တုံ့ပြန်သင့်ပါတယ်။

ဒါ့အပြင် ပြည်တွင်းက ဘာသာရေးအစွန်းရောက်များရဲ့ လှုံ့ဆော်မှုကြောင့်တင်မကပဲ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရအချို့ရဲ့ တစ်ဘက်သတ်တောင်းဆိုဖိအားပေးမှုတွေကလည်း ပဋိပက္ခများ ထပ်မံဖြစ်ပွါးအောင် လှုံ့ဆော်နေသလို ဖြစ်နေပါတယ်။ အခုဆိုရင် ရခိုင်ပြည်နယ်မှာတင်မကတော့ပဲ ရန်ကုန်၊ မိတ္ထီလာ၊ မန္တလေးစတဲ့ မြို့ကြီးများမှာ နေထိုင်တဲ့ မွတ်စလင်အချို့ကပါ သူတို့သည်လည်း ရိုဟင်ဂျာဖြစ်ပါတယ်လို့ ကြွေးကြော်နေကြပါပြီ။ နိုင်ငံတကာအသိအမှတ်ပြုမှုများက ရိုဟင်ဂျာအဖြစ် တောင်းဆိုမှုများကို အားပေးအားမြှောက်ပြုရာရောက်သလို မြန်မာနိုင်ငံသားများကိုလည်း မတရားဖိနှိပ်သလိုဖြစ်နေပါတယ်။ ဒါကို အစိုးရက နိုင်ငံတကာက သိရှိနားလည်အောင် ဆောင်ရွက်သင့်ပါတယ်။

#အစိုးရ၏ အားနည်းသော ဖြေရှင်းမှုများ

အခုအချိန်အထိတော့ အစိုးရရဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းမှုများဟာ ထိရောက်မှုသိပ်မရှိဘူးလို့ မြင်ရပါတယ်။ လူ့အခွင့်အရေးအခြေအနေမှာလည်း ဒုက္ခသည်စခန်းများရဲ့ အခြေအနေဟာ နိုင်ငံတကာလေ့လာသူများ ဝမ်းနည်းပက်လက်ညည်းတွားရလောက်အောင် ဆုတ်ယုတ်ကျဆင်းနေဆဲပါ။ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပြည့်စုံခြင်းမရှိသလို လူမှုရေး၊ ပညာရေးဆိုင်ရာ ဆောင်ရွက်ချက်များလည်း အားနည်းနေဆဲဖြစ်ပါတယ်။ ဒုက္ခသည်စခန်းထဲမှာကိုပဲ ကြီးနိုင်ငယ်ညှဉ်းဆက်ဆံမှုတွေရှိနေသလို ဒုက္ခသည်စခန်းရဲ့ ပြင်ပကိုလည်း အကြမ်းဖက်မှုတွေ ပျံ့နှံ့နေဆဲ ဖြစ်ပါတယ်။ လူမျိုးစုအရေးဘက်က ကြည့်ရင်လည်း အစိုးရရဲ့ ရိုဟင်ဂျာမရှိဘူးဆိုတဲ့ ထပ်ခါထပ်ခါ ငြင်းဆန်ချက်ကို ကျော်လွန်ပြီး ရိုဟင်ဂျာလူမျိုးစုများလို့ နိုင်ငံတကာအသိအမှတ်ပြုမှုတွေ များလာတာ၊ ပြည်တွင်းမှာလည်း ရခိုင်ပြည်နယ်ပြင်ပက မွတ်စလင်အချို့ကတောင် သူတို့လည်း ရိုဟင်ဂျာပါလို့ ကြွေးကြော်လာတာက အစိုးရရဲ့ ဖြေရှင်းချက်များ မအောင်မြင်ကြောင်း သက်သေပြနေပါတယ်။ နိုင်ငံသားဖြစ်ရေးနဲ့ ပတ်သက်ရင်လည်း အစိုးရလက်ရှိကျင့်သုံးနေတဲ့ ၁၉၈၂ ခုနှစ်၊ နိုင်ငံသားဥပဒေကို ခေတ်နဲ့အညီ ပြင်ဆင်နိုင်ခြင်းမရှိသေးတဲ့အပြင် လက်ရှိဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူများကို နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းဟာ နှေးကွေးကြန့်ကြာနေတုန်းပါ။ နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေးဘက်မှာလည်း နယ်စပ်ကို လုံခြုံအောင် မကာကွယ်နိုင်သေးတဲ့အပြင် ဒုက္ခသည်များ လှေနဲ့ ထွက်ပြေးအောင် လုံခြုံရေးတပ်ဖွဲ့များကိုယ်တိုင်က ဖိအားပေးမောင်းထုတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ ရခိုင်ပြည်နယ်ထဲကနေ မြန်မာနိုင်ငံပြည်မမြို့ကြီးများဆီကို တရားမဝင်နေထိုင်သူများကို အခကြေးငွေယူပြီး လျှို့ဝှက်သယ်ယူပို့ဆောင်ပေးနေတာတွေလည်း ကြားနေရပါတယ်။ အင်အားကြီးမားလှတဲ့ ဘာသာရေးအစွန်းရောက်များရဲ့ အမုန်းတရားဟောပြောလှုံ့ဆော်မှုတွေကိုလည်း တားမြစ်နိုင်စွမ်းမရှိသေးပါ။

နိုင်ငံမဲ့လူသားများအရေးမှာလည်း ဒီကနေ့အထိ သန်းနဲ့ချီတဲ့ နိုင်ငံမဲ့လူသားတွေ မြန်မာနိုင်ငံအတွင်း ရှိနေဆဲပါ။ နိုင်ငံမဲ့လူသားများထဲက ဘာသာရေးအစွန်းရောက်များရဲ့ အကြမ်းဖက်ဝါဒလှုံ့ဆော်မှုများနဲ့ ရခိုင်၊ မြန်မာမုန်းတီးရေးလှုံ့ဆော်မှုများ၊ နိုင်ငံပြင်ပကနေ စိမ့်ဝင်လာတဲ့ အကြမ်းဖက်သမားများကိုလည်း မတားဆီးနိုင်ပါ။ နိုင်ငံတကာဆက်ဆံရေးရှူထောင့်ကကြည့်ရင်တော့ အဆိုးဆုံးလို့ ပြောရမှာပါ။ ရှေ့က အရေး (၅) ခုမှာ မအောင်မြင်တဲ့အခါကျတော့ နိုင်ငံတကာဆက်ဆံရေးမှာလည်း နိမ့်ကျအားနည်းရပါတယ်။ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်က ရိုဟင်ဂျာလို့ သုံးတာကို ပြည်ထောင်စုလွှတ်တော်ကနေ ကန့်ကွက်ကြောင်းကြေညာပေမည့် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန်၊ ဥရောပသမဂ္ဂတို့က ဦးဆောင်တင်သွင်းတဲ့ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာလို့ ထပ်ခါထပ်ခါသုံးစွဲတာနဲ့ ရိုဟင်ဂျာကို လူမျိုးစုအဖြစ်၊ နိုင်ငံသားအဖြစ် အသိအမှတ်ပြုရေးဆုံးဖြတ်ချက်ကို ထိထိရောက်ရောက် မကန့်ကွက်နိုင်ပါ။ 

ရခိုင်ပြည်နယ်ဒေသခံများရဲ့ နိုင်ငံတကာအဖွဲ့အစည်းများအပေါ် ရန်လိုမှုကလည်း အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေးကို အားနည်းစေပြန်ပါတယ်။ အမေရိကန်သမ္မတ အိုဘားမားက နိုဝင်ဘာလအတွင်း မြန်မာနိုင်ငံခရီးစဉ်မှာ သမ္မတဦးသိန်းစိန်၊ လွှတ်တော်ဥက္ကဋ္ဌများဖြစ်ကြတဲ့ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်၊ လွှတ်တော်ကော်မတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံရာမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ထပ်ခါထပ်ခါသုံးစွဲပြီး ရိုဟင်ဂျာများအတွက် အရေးဆိုသွားခဲ့ပါတယ်။ ဘယ်သူကမှ မကန့်ကွက်ကြပါ။ အစိုးရက မကြာခင်အကောင်အထည်ဖော်မယ်လို့ ပြင်ဆင်နေတဲ့ ရခိုင်လှုပ်ရှားမှုစီမံကိန်း (Rakhine Action Plan) ဟာလည်း မစရသေးခင်မှာတင် အမေရိကန်အစိုးရက ဖိအားပေးလို့ ပြန်လည်ပြင်ဆင်ဖို့ စဉ်းစားနေရပါပြီ။

#မလိုလားအပ်သော နိုင်ငံတကာဖိအားပေးမှုများကို ပြည်သူ့အားနှင့် တုံ့ပြန်နိုင်ဖို့

အရင်တုန်းက မြန်မာအစိုးရအပေါ် နိုင်ငံတကာအစိုးရများရဲ့ ဖိအားပေးမှုတွေဟာ မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးအတွက်ဖြစ်လို့ မြန်မာပြည်သူများက ကြိုဆိုထောက်ခံခဲ့ကြပါတယ်။ အခုအချိန်အထိလည်း မြန်မာအစိုးရအပေါ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးများကို အာမခံရေး၊ ပြုပြင်ပြောင်းလဲရေးများကို ရှေ့တိုးဆောင်ရွက်ရေး နိုင်ငံတကာဖိအားပေးမှုများကို ကျနော်တို့ လိုအပ်နေဆဲဖြစ်ပါတယ်။ သို့သော်လည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအစိုးရရဲ့ ဖိအားပေးမှုတွေဟာ မြန်မာအစိုးရကိုတင် သက်ရောက်မှုရှိတာမဟုတ်ပဲ မြန်မာပြည်သူများအပေါ်မှာပါ သက်ရောက်မှုရှိနေပါတယ်။ အဲဒီဖိအားပေးမှုတွေက မြန်မာအစိုးရကို အကြပ်အတည်းတွေ့စေသလို မြန်မာပြည်သူများရဲ့ အကျိုးစီးပွါးကိုလည်း ထိခိုက်စေပါတယ်။ မြန်မာပြည်သူများရဲ့ နှလုံးသားကိုလည်း နာကျင်စေပါတယ်။ ဒီဖိအားပေးမှုဟာ မြန်မာနိုင်ငံအတွက် မလိုလားအပ်သောနိုင်ငံတကာ ဖိအားပေးမှု ဖြစ်ပါတယ်။ ဒီလို မလိုလားအပ်တဲ့ ဖိအားပေးမှုကို အစိုးရနဲ့ ပြည်သူ အတူတကွ ညီညီညွတ်ညွတ်တုံ့ပြန်နိုင်မှ နိုင်ငံတကာရဲ့ ဘက်လိုက်မှုကို ပြန်လည်တည့်မတ်နိုင်မှာဖြစ်ပြီး မြန်မာပြည်ရဲ့ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်နိုင်မှာ၊ တစ်နိုင်ငံလုံးအတွက် အင်မတန်အရေးကြီးတဲ့ ပြဿနာကြီးကို မှန်မှန်ကန်ကန်၊ မျှမျှတတ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

သို့သော်လည်း  အစိုးရက ပြည်သူလူထုအပေါ် စိတ်ရှည်သည်းခံခြင်းမရှိသ၍၊ ပြည်သူလူထုရဲ့ နစ်နာမှုတွေကို မျှမျှတတ ဖြေရှင်းပေးခြင်းမရှိသ၍၊ ပြည်သူလူထုရဲ့ အကျိုးစီးပွါးကို အပြည့်အဝဆောင်ကျဉ်းပေးနိုင်စွမ်း မရှိသ၍၊ အုပ်ချုပ်ရေးယန္တရားကြီးထဲမှာ ကိုယ်ကျိုးစီးပွါးနဲ့ ခရိုနီအကျိုးစီးပွါးဦးစားပေးသူတွေ နေရာရနေသ၍၊ လက်နက်ကိုင်အဖွဲ့အစည်းများက နိုင်ငံတော်အာဏာကို စိုးမိုးချုပ်ကိုင်ပြီး လူ့အသက်တွေကို အလိုရှိသလို သတ်ဖြတ်နိုင်နေသ၍၊ အစိုးရကိုယ်တိုင်က သတင်းမီဒီယာနဲ့ ကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်းများကို ရန်လိုနေသ၍၊ တိုင်းရင်းသားများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးများကို အာမခံချက်ပေးနိုင်ခြင်း မရှိသ၍ အစိုးရနဲ့ ပြည်သူ ကြည်ဖြူညီညွတ်ဖို့ဆိုတာ ဖြစ်လာနိုင်မှာ မဟုတ်ပါ။

ကျန်နေသေးတဲ့ ၁၅ လကြာသက်တမ်းအတွင်းမှာ သမ္မတဦးသိန်းစိန်အနေနဲ့ ပြည်သူလူထုရဲ့ ကြည်ဖြူမှုကို ရရှိအောင်ကြိုးစားနိုင်မယ်ဆိုရင် လက်ရှိရင်ဆိုင်နေရတဲ့ ပြဿနာအားလုံးကို အပြည့်အဝမဖြေရှင်းနိုင်ရင်တောင်မှ ပြုပြင်ပြောင်းလဲမှုများ အရှိန်အဟုန်နဲ့ ဆက်လက်ရွေ့လျားနိုင်ပြီး အတိုင်းအတာတစ်ခုအထိ  အောင်မြင်မှုရရှိနိုင်မှာ၊ နောက်တက်လာမည့်အစိုးရသစ်အတွက် ကောင်းမွန်သောအစဉ်အလာများကို ချန်ထားရစ်ခဲ့နိုင်မှာဖြစ်ပါတယ်။ ပြည်သူလူထုလက်ခံကြည်ဖြူတဲ့ အစိုးရဖြစ်လာမယ်ဆိုရင် နိုင်ငံတကာအစိုးရများရဲ့ မလိုလားအပ်သော ဖိအားပေးမှုများကို ယုံယုံကြည်ကြည်၊ ခိုင်ခိုင်မာမာ တုံ့ပြန်နိုင်မှာဖြစ်ပါတယ်။
တိုင်းပြည်ရဲ့ ပြဿနာများအားလုံးကို ပြည်တွင်းမှာပဲ အစိုးရနဲ့ ပြည်သူ ကြည်ကြည်ဖြူဖြူ ညီညီညွတ်ညွတ် ဖြေရှင်းနိုင်မယ်ဆိုရင် ပြည်ပဖိအားပေးမှုများအားလုံးကို စိုးရိမ်စရာရှိတော့မှာ မဟုတ်ပါ။ အစိုးရနဲ့ ပြည်သူ အပြန်အလှန်ကြည်ဖြူလို့ တိုင်းပြည်အကျိုးစီးပွါး ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတကာအစိုးရတွေရဲ့ ဖိအားပေးမှုတွေကို "ကျနော်တို့ကို နားလည်ပါဗျာ၊ ကျနော်တို့ကို အချိန်ပေးပါဗျာ" လို့ တောင်းပန်တိုးရှိုးနေရမှာ မဟုတ်ပါ။

လေးစားစွာ

အောင်ဒင်
နိုဝင်ဘာလ ၂၂၊ ၂၀၁၄


Friday, December 26, 2014

ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ





ဦးထုပ်တစ်လုံး၏ အထုပ္ပတ္တိ

အောင်ဒင်

တစ်ခါတစ်ရံမှာ
ခေါင်းပေါ်က ဖွာလန်ကျဲဆံပင်တွေကို ထိန်းကွပ်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
ဆံပင်မရှိတဲ့ခေါင်းကို အရိပ်မျှပေးဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

တစ်ခါတစ်ရံမှာ
မမြင်မတွေ့ချင်သူတွေကို
မမြင်ချင်ယောင်ဆောင်နိုင်ဖို့
ကျနော်တို့ ဦးထုပ်ဆောင်းကြတယ်…။

ဦးထုပ်တစ်လုံးဟာ
ကျနော့်အတွက်တော့
အင်မတန် အသုံးဝင်တာပေါ့
ရာသီဥတုကို အကာအကွယ်ပေးဖို့ လိုအပ်တယ်
စိတ်ကျန်းမာရေးကို အထောက်အကူပြုဖို့ လိုအပ်တယ်
ရန်သူစစ်စစ်မဟုတ်ကြသူတွေကို
ဥပေက္ခာပြုဖို့ လိုအပ်တယ်…။

ပြီးတော့
နောက်ကျောမှာ အကြိမ်ကြိမ်ထိုးစိုက်တဲ့ ဓားတွေကြောင့်
နာကျင်ဝမ်းနည်းပြီး မျက်ရည်ကျမိတဲ့အချိန်
ကိုယ့်မျက်နှာကို တစ်ပါးသူမတွေ့အောင်
ကွယ်ဝှက်နိုင်ဖို့လည်း လိုအပ်သေးတယ်…။

ကျေးဇူးပါ ဦးထုပ်ကလေးရယ်…။။။

(စက်တင်ဘာ ၂၀၊ ၂၀၁၄)

Wednesday, December 24, 2014

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၄)



[7 Days ဂျာနယ်၊ အတွဲ (၁၃)၊ အမှတ် (၂၂)၊ ဒီဇင်ဘာလ (၂၄)၊ ၂၀၁၄]

ဆက်၍ ရွေ့ခြင်း၊ မရွေ့ခြင်း၊ အပိုင်း (၄)

အောင်ဒင်

#မဖြေရှင်းနိုင်သေးသော ရခိုင်ပြည်နယ်အရေး

ရခိုင်ပြည်နယ် ပြဿနာနဲ့ ပတ်သက်ပြီး (၁) လူ့အခွင့်အရေး (၂) လူမျိုးစုအရေး (၃) နိုင်ငံသားဖြစ်ခွင့်အရေး (၄) နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေး (၅) နိုင်ငံမဲ့လူသားများအရေးနဲ့ (၆) နိုင်ငံတကာဆက်ဆံရေးဆိုပြီး အရေး (၆) ပါးဦးစားပေးဖြေရှင်းရမယ်လို့ ကျနော်ယူဆပါတယ်။

(၁) လူ့အခွင့်အရေးရှူထောင့်က ကြည့်မယ်ဆိုရင် ရခိုင်ပြည်နယ်အတွင်းက အစ္စလမ်ဘာသာဝင်တွေဟာ လူသားတွေပဲ ဖြစ်ကြလို့ လူ့အခွင့်အရေးတွေ ခံစားခွင့်ရှိကြရမှာပါ။ သူတို့ရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးလိုအပ်ချက်တွေကို နိုင်ငံတော်အစိုးရက တာဝန်ယူထောက်ပံ့ပေးရမှာပါ။ သူတို့ရဲ့ ဘဝလုံခြုံရေး၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်ခွင့်များကိုလည်း အစိုးရက အကာအကွယ်ပေးရမှာပါ။ သူတို့ကို အကြမ်းဖက်တိုက်ခိုက်သူများရှိလာရင်၊ ခွဲခြားဆက်ဆံနှိမ့်ချသူများရှိလာရင် အစိုးရက ကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူရမှာဖြစ်ပြီး ဒီ အစ္စလမ်ဘာသာဝင်များထဲက ဥပဒေချိုးဖောက်ရင်လည်း အစိုးရက ထိထိရောက်ရောက်အရေးယူရမှာပါ။ သူတို့တွေ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီများ အပြည့်အဝရနိုင်ရေးကိုလည်း အစိုးရက တာဝန်ခံရမှာပါ။ သူတို့ဆီ လာရောက်အကူအညီပေးချင်တဲ့ နိုင်ငံတကာအဖွဲ့အစည်းများကို အစိုးရက လွတ်လပ်စွာ သွားလာခွင့်ပြုရမှာပါ။

(၂) လူမျိုးစုအရေး ရှူထောင့်ကကြည့်မယ်ဆိုရင် ရိုဟင်ဂျာဆိုတဲ့ လူမျိုးစုတစ်စု မြန်မာနိုင်ငံမှာ အမှန်တကယ်ရှိ၊မရှိဆိုတာ သေသေချာချာဆွေးနွေးဖြေရှင်းရမည့် ပြဿနာပါ။ မြန်မာနိုင်ငံလို တိုင်းရင်းသားလူမျိုးစုပေါင်း ၁၀၀ ကျော်ရှိနေတဲ့ နိုင်ငံတစ်ခုမှာ လူမျိုးစုတစ်စုရှိခြင်း၊ မရှိခြင်းဆိုတာ အင်မတန်ကြီးမားတဲ့ ပြဿနာပါ။ အမေရိကန်အပါအဝင် အနောက်နိုင်ငံများက "လူတိုင်းလူတိုင်းဟာ သူတို့ ဘာလူမျိုးဆိုတာကို သူတို့ဘာသာ နှစ်သက်သလို အဓိပ္ပာယ်ဖွင့်ခွင့်ရှိတယ် (Self-identification)။ ဒါကြောင့်မို့ ရိုဟင်ဂျာများက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သတ်မှတ်တာကို အသိအမှတ်ပြုရမယ်" လို့ သဘောထားရှိကြပါတယ်။ 

ကုလသမဂ္ဂ၊ လူ့အခွင့်အရေးကောင်စီက ခန့်အပ်တာဝန်ပေးထားတဲ့ မြန်မာနိုင်ငံလူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူး ယန်ဟီလီ (UN Special Reppoeteur on the situation of Human Rights in Myanmar, Ms. Yanghee Lee) က ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့မှာ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို တင်သွင်းတဲ့ အစီရင်ခံစာ၊ အပိုဒ် (၅၁) မှာ အောက်ပါအတိုင်း ရေးသားတင်ပြပါတယ်။

"(၅၂)။ စကားလုံးအသုံးအနှုန်းနှင့် နိုင်ငံသားဖြစ်ခွင့်များသည် အထူးတလည် အထိအခိုက်မခံသော ကိစ္စများဖြစ်ပါသည်။ အထူးကိုယ်စားလှယ်အား အစိုးရက ရိုဟင်ဂျာ ဆိုသည်ကို အသိအမှတ်မပြုသဖြင့် ယင်းအသုံးအနှုန်းကို မသုံးစွဲရန် ထပ်ခါထပ်ခါ သတိပေးကြပါသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး  အထူးကိုယ်စားလှယ်မှ လူနည်းစုများ၏ ၎င်းတို့၏ လူမျိုး၊ နိုင်ငံသား၊ ကိုးကွယ်ရာဘာသာနှင့် ပြောဆိုရာဘာသာစကားများအပေါ် အခြေပြု၍ မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုခွင့်ကို ထောက်ပြချင်ပါသည်။ လူနည်းစုများ၏ မိမိကိုယ်ကို အဓိပ္ပာယ်ဖွင့်ဆိုခွင့်သည် နိုင်ငံအစိုးရများ လိုက်နာရန်တာဝန်ရှိသည့်၊ နိုင်ငံတကာလူ့အခွင့်အရေးဥပဒေ၏ အဓိက ပြဋ္ဌာန်းချက်လည်းဖြစ်သည့် လူတစ်ဦးချင်းစီ (သို့မဟုတ်) လူအသင်းအဖွဲ့များအပေါ် ခွဲခြားဆက်ဆံခြင်းကို တားဆီးကာကွယ်ရန်တာဝန်နှင့် ဆက်စပ်နေပါသည်။ ကုလသမဂ္ဂ၏ "ကလေးသူငယ်များ၏ အခွင့်အရေးဆိုင်ရာကော်မတီ"၊ "လူ့အခွင့်အရေးကောင်စီ" နှင့် "အထွေထွေညီလာခံ" အပါအဝင် လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းအများအပြားက ရိုဟင်ဂျာဆိုသည့် အသုံးအနှုန်းကို လက်ခံသုံးစွဲနေကြပါသည်။ အဘယ်ကြောင့်ဆိုသော ရိုဟင်ဂျာ ဆိုသည်မှာ သက်ဆိုင်သည့် လူ့အဖွဲ့အစည်းက ၎င်းတို့ကို အဓိပ္ပာယ်ဖွင့်ဆိုရန် ၎င်းတို့ကိုယ်တိုင်ရွေးချယ်ထားခြင်းဖြစ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်ရွေးချယ်မှုကို ကျမတို့က လက်ခံအသိအမှတ်ပြုရမည်ဖြစ်ပါသည်။"

ကျနော့်အမြင်မှာတော့ ကိုယ့်ကိုကိုယ်အဓိပ္ပာယ်ဖွင့်ဆိုခွင့်ဆိုတာ လူတစ်ဦးချင်းစီနဲ့ပဲ သက်ဆိုင်တယ်လို့ ယူဆပါတယ်။ ကျနော့်မှာ အောင်ဒင် ဆိုတဲ့ အမည်အပြင် အခြား အမည်သုံးမျိုးရှိပါသေးတယ်။ နောက်ထပ် အခြားအမည်တစ်ခုကို ရွေးချယ်ချင်ရင် ရွေးချယ်ခွင့်လည်းရှိပါတယ်။ ဒါတောင်မှ ကျနော်ရွေးချယ်သုံးစွဲတဲ့ အမည်တွေအပေါ် အသိအမှတ်ပြုသူတွေက မတူညီကြပါ။ ကျနော့် မေမေနဲ့ ဆွေမျိုးသားချင်းများ၊ ကျောင်းနေဘက်များအတွက်တော့ ကျနော်ဟာ "ချစ်ကိုကို" ပါ။ ကဗျာရေးဘော်ရေးဘက်များအတွက်တော့ ကျနော်ဟာ "ဒတ္ထ" ပါ။ နိုင်ငံရေးလုပ်ဖော်ကိုင်ဘက်များအတွက်တော့ ကျနော်ဟာ "အောင်ဒင်" ပါ။ ပြည်တွင်းက မိတ်ဆွေအချို့အတွက်တော့ ကျနော်ဟာ "ကိုသားကြီး" ဖြစ်နေပြန်ပါတယ်။ ကိုယ်တိုင် ရွေးချယ်တဲ့ နံမည်ကိုတောင်မှ အားလုံးက တညီတညွတ်တည်းအသိအမှတ်ပြုကြတာ မဟုတ်ပါ။ 

လူတစ်ဦးတစ်ယောက်အတွက် ကိုယ်ကြိုက်တဲ့အမည်ရွေးချယ်ခေါ်ဝေါ်ခွင့်ရှိပေမည့် လူမျိုးစုနံမည်ကိုတော့ ကြိုက်သလိုပေးခွင့်မရှိ။ လူမျိုးစုဆိုတာကို အသစ်ဖန်တီးခွင့်မရှိလို့ ယူဆပါတယ်။ ကျနော်တို့တိုင်းပြည်မှာ လက်ရှိ အသိအမှတ်ပြုထားတဲ့ လူမျိုးစုအားလုံးမှာ သမိုင်းအစဉ်အလာ၊ ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင်ဘာသာစကား၊ နှစ်ပေါင်း ရာပေါင်း ထောင်ပေါင်းများစွာ အခြေချနေထိုင်ရာ နယ်မြေ၊ သိသာထင်ရှားတဲ့ သမိုင်းအထောက်အထားတွေ ရှိကြပါတယ်။ သူတို့ရဲ့ လူမျိုးစုအမည်တွေကလည်း ဒီဘက်ခေတ်မှာမှ တစ်ဦးတစ်ယောက်က တီထွင်ဖန်တီးတာမဟုတ်ပဲ မြန်မာနိုင်ငံသမိုင်းအတူ ဖြစ်ပေါ်တည်ရှိခဲ့ကြတာပါ။
ကုလသမဂ္ဂက ပြောသလို ရိုဟင်ဂျာလူမျိုးစုဆိုတာကို အလွယ်တကူ လက်ခံဖို့ ဆိုတာ မဖြစ်နိုင်ပါ။ ဒါပေမဲ့ မြန်မာအစိုးရက ဖြေရှင်းသလို မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးလို့ ထပ်ခါထပ်ခါ ငြင်းဆိုနေတာလည်း မလုံလောက်ပါ။ အစိုးရက ဦးဆောင်ပြီး ရိုဟင်ဂျာရှိကြောင်း ထောက်ခံသူတွေ၊ ရိုဟင်ဂျာမရှိဘူးလို့ ကန့်ကွက်သူတွေ၊ မြန်မာ့သမိုင်းကျွမ်းကျင်သူတွေ၊ နိုင်ငံတကာလေ့လာသူတွေပါဝင်တဲ့ ညီလာခံတစ်ခုကျင်းပလို့ ဒီပြဿနာကို ဆွေးနွေးဖြေရှင်းသင့်ပါတယ်။

ကိုယ့်ကိုကိုယ် အသိအမှတ်ပြုခွင့်ရှိတယ်လို့ ကုလသမဂ္ဂက ပြောတာလွယ်ပါတယ်။ ဒါပေမဲ့ အဲဒီလို ရိုဟင်ဂျာ ဆိုတာကို လူမျိုးစုတစ်ခုအနေနဲ့ အသိအမှတ်ပြုရုံနဲ့ရော ကျေနပ်ကြမှာလား။ ရိုဟင်ဂျာဆိုတာကို မြန်မာနိုင်ငံအတွင်းမှာ ရောက်ရှိနေထိုင်နေကြတဲ့ တရုတ်၊ အိန္ဒိယ၊ မလေး၊ ထိုင်း လူမျိုးများနည်းတူ နိုင်ငံခြားကရောက်လာတဲ့ လူမျိုးစု (Foreign Ethnic) တစ်ခုလို့ အသိအမှတ်ပြုရင်တောင်မှ အဲဒီပုဂ္ဂိုလ်များက ကျေနပ်ကြမယ်မထင်ပါ။ သူတို့တောင်းဆိုနေတာက တိုင်းရင်းသားလူမျိုးစု (Indegenous Ethnic) တစ်စုအဖြစ် အသိအမှတ်ပြုခံရဖို့ တောင်းဆိုနေတာပါ။ တိုင်းရင်းသားလူမျိုးစုဖြစ်လာပြီဆိုရင် လူမျိုးစုဆိုင်ရာ အခွင့်အရေးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ၊ နိုင်ငံတော်အုပ်ချုပ်ရေးယန္တရားနဲ့ ဥပဒေပြုလွှတ်တော်မှာ လူမျိုးစုကိုယ်စားပြုပါဝင်ခွင့်တွေ၊ လူမျိုးစုထုံးစံ (သို့မဟုတ်) ဘာသာရေးအယူအဆအရ ကိုယ်ပိုင်တရားစီရင်ခွင့်တွေ ဆက်တိုက် တောင်းဆိုလာမည့် အလားအလာရှိပါတယ်။ ကျနော်တို့ မြန်မာပြည်သူတွေ အဲဒီလောက်အထိတော့ သဘောမကောင်းနိုင်ပါ။

(၃) နိုင်ငံသားဖြစ်ခွင့်ပေးရေးနဲ့ ပတ်သက်ရင်လည်း လက်ရှိအခြေအနေမှာ အစိုးရက ၁၉၈၂ ခု နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်နေတာရှိပါတယ်။ အဲဒီ တည်ဆဲ နိုင်ငံသားဥပဒေကိုယ်တိုင်ကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းများက လူ့အခွင့်အရေးချိုးဖောက်တဲ့ ဥပဒေတစ်ရပ်အဖြစ် ကန့်ကွက်နေကြတာပါ။ ဥပဒေအရ နိုင်ငံသားအဆင့်အတန်းကို (က) နိုင်ငံသား၊ (ခ) ဧည့်နိုင်ငံသား နဲ့ (ဂ) နိုင်ငံသားဖြစ်ခွင့်ရသူဆိုပြီး အဆင့်အတန်း သုံးမျိုးခွဲခြားထားတာကို ကျနော်ကိုယ်တိုင်လည်း လက်မခံနိုင်ပါ။ အထူးသဖြင့် ဒုတိယတန်းစားနဲ့ တတိယတန်းစားနိုင်ငံသားများဖြစ်ကြတဲ့ ဧည့်နိုင်ငံသား နဲ့  နိုင်ငံသားဖြစ်ခွင့်ရသူတွေကို သူတို့ရဲ့ ဘဝသက်တမ်းအတွင်း အချိန်ကာလနဲ့ စည်းကမ်းချက်တွေသတ်မှတ်ပြီး နိုင်ငံသားအပြည့်အဝဖြစ်ခွင့်မပေးထားတဲ့ အတွက် ရက်စက်လွန်း၊ ခွဲခြားလွန်းတယ်လို့ ယူဆပါတယ်။ တစ်ဘက်မှာလည်း နိုင်ငံတကာတောင်းဆိုချက်တွေက ရိုဟင်ဂျာလို့ သူတို့အသိအမှတ်ပြုသူများကို နိုင်ငံသားအဖြစ် အပြည့်အဝအသိအမှတ်ပြုဖို့ပါ။ 

အမေရိကန်ပြည်ထောင်စုမှာတောင် အမြဲတမ်းနေထိုင်ခွင့် (Permanent Resident) ငါးနှစ်ပြည့်လို့ နိုင်ငံသား ဖြစ်ခွင့်လျှောက်ကြတဲ့အခါ စာမေးပွဲဖြေဆိုကြရပါတယ်။ စာမေးပွဲမှာ အမေရိကန်နိုင်ငံရဲ့ သမိုင်းနဲ့ လက်ရှိနိုင်ငံအုပ်ချုပ်ရေးစနစ်၊ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို နားလည်ခြင်းအတိုင်းအတာကို စစ်ဆေးပါတယ်။ အင်္ဂလိပ်စာ ရေးသားနိုင်စွမ်း၊ ပြောဆိုနိုင်စွမ်း၊ နားလည်နိုင်စွမ်း၊ ဖတ်ရှူနိုင်စွမ်းတွေကို စစ်ဆေးပါတယ်။ စာမေးပွဲကျလို့ နိုင်ငံသားဖြစ်ခွင့်မရသူတွေ အများကြီးရှိပါတယ်။ အဲဒီ စာမေးပွဲအောင်မှ နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ အခမ်းအနားကို တက်ရောက်ခွင့်ရပါတယ်။ အဲဒီအခမ်းအနားမှာအမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ နိုင်ငံတော်ကို သစ္စာရှိပါမည်။ လိုအပ်လျင် အမေရိကန်ပြည်ထောင်စုကို ကာကွယ်ဖို့ စစ်မှုထမ်းပါမည်လို့ ကျမ်းကျိန်ကတိကဝတ်ပြုရပါတယ်။ 

ကျနော်တို့နိုင်ငံမှာလည်း နိုင်ငံသားဖြစ်ခွင့်ပေးဖို့အတွက် မြန်မာနိုင်ငံသမိုင်း၊ မြန်မာ့ယဉ်ကျေးမှု၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေတွေအပေါ် နားလည်နိုင်စွမ်းတွေကို စာမေးပွဲစစ်ဖို့ လိုပါလိမ့်မယ်။ မြန်မာဘာသာစကား ကျွမ်းကျင်မှုကို စစ်ဆေးဖို့လိုအပ်ပါလိမ့်မယ်။ မြန်မာနိုင်ငံသားဖြစ်ချင်သူဟာ မြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ ပြည်ပအစိုးရများကို သစ္စာမခံဖို့၊ ပြည်ပရန်ကိုကာကွယ်ဖို့ လိုအပ်တဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် စစ်မှုထမ်းနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။ ကုလသမဂ္ဂက ချွင်းချက်မရှိ နိုင်ငံသားဖြစ်ခွင့်ပေးဖို့ တောင်းဆိုနေတာ သိပ်လွန်လွန်းနေပါတယ်။ သို့သော်လည်း ကျနော်တို့မြန်မာနိုင်ငံဘက်မှာလည်း အင်မတန်တင်းကြပ်လွန်းတဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာကျင့်ထုံးများနဲ့ အညီ ပြန်လည်ပြင်ဆင်ဖို့နဲ့ နိုင်ငံသားဖြစ်သင့်ဖြစ်ထိုက်သူများကို နိုင်ငံသားအဖြစ် မြန်မြန်ဆန်ဆန်အသိအမှတ်ပြုပြီး နိုင်ငံတွင်း ဘယ်နေရာမှာမဆို လွတ်လပ်စွာအခြေချနေထိုင်ခွင့်တွေပေးဖို့ တာဝန်ရှိပါတယ်။

(၄) နိုင်ငံတော်နဲ့ နယ်နမိတ်လုံခြုံရေးရှူထောင့်ကတော့ ရှင်းပါတယ်။ အစိုးရက ဒေသအတွင်း ပဋိပက္ခများထပ်မံမဖြစ်ပွါးအောင် လုံခြုံရေးအင်အားနဲ့ အရေးယူဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့ လိုအပ်သလို နယ်နမိတ်လုံခြုံရေးအတွက် နယ်ခြားစောင့်တပ်တွေ အင်အားတိုးမြှင့်ချထားရမှာပါ။ ပဋိပက္ခများကို မဖြစ်ပွါးခင် ကြိုတင်တားဆီးနိုင်ဖို့ စုံစမ်းထောက်လှမ်းမှုတွေ နိုးနိုးကြားကြားဆောင်ရွက်ရမှာ ဖြစ်သလို ဒေသတွင်း လူ့အဖွဲအစည်းတစ်ခုက အခြားလူ့အဖွဲ့အစည်းတစ်ခုအပေါ်မှာ ရန်လိုမှု၊ ခွဲခြားဆက်ဆံမှုများကိုလည်း ထိထိရောက်ရောက်တားဆီးနိုင်ရမှာပါ။ အမုန်းတရားလှုံ့ဆော်တဲ့ ဟောပြောမှုတွေကို ဥပဒေပြဋ္ဌာန်းတားမြစ်ရမှာဖြစ်ပြီး ပြည်တွင်းနဲ့ နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများရဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လိုအပ်သူများထံ ထိထိရောက်ရောက်ရောက်ရှိနိုင်စေဖို့လည်း တာဝန်ယူရမှာဖြစ်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအစွန်းရောက်အင်အားစုများကို ပူးပေါင်းကူညီနေတဲ့ ဒေသအဆင့် အာဏာပိုင်အဖွဲ့အစည်းများကိုလည်း ထိထိရောက်ရောက်အရေးယူရမှာ ဖြစ်ပါတယ်။ အခုဆိုရင် ဒုက္ခသည်စခန်းများကနေ လှေနဲ့ ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရင်း ပင်လယ်ထဲမှာ လှေမှောက်သေဆုံးကြရတာတွေ၊ အိမ်နီးချင်းနိုင်ငံမှာ လူကုန်ကူးသူများရဲ့ သားကောင်များဖြစ်ကြရသူတွေ ရှိတယ်လို့ ကြားသိရပါတယ်။ အစိုးရအနေနဲ့ အဲဒီ စွပ်စွဲချက်တွေကို အလေးအနက်ထား စုံစမ်းစစ်ဆေးအရေးယူသင့်ပါတယ်။

(၅) နိုင်ငံမဲ့လူသားများအရေးရှူထောင့်က ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံမဲ့ဖြစ်နေတဲ့ လူသား တစ်သန်းကျော်ရှိနေပါပြီ။ အဲဒီလူတွေကို ဘယ်နိုင်ငံကမှ ခေါ်ယူနေထိုင်ခွင့်ပေးမှာ မဟုတ်ပါ။ မြန်မာနိုင်ငံအနေနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတစ်ခုအနေနဲ့ရော၊ လူသားချင်းစာနာထောက်ထားတတ်တဲ့ နိုင်ငံတစ်ခုအနေနဲ့ပါ ကိုယ့်နိုင်ငံတွင်းက နိုင်ငံမဲ့များကို တရားဝင်နေထိုင်ခွင့်ပြုဖို့ တာဝန်ရှိပါတယ်။ ကမ္ဘာကြီးရဲ့ ဘယ်နေရာ၊ ဘယ်ဒေသမှာမှ နိုင်ငံမဲ့လူသားဆိုတာ မရှိသင့်ပါ။ ရခိုင်ပြည်နယ်အတွင်းမှ အစ္စလမ်ဘာသာဝင်များက မြန်မာနိုင်ငံကို သူတို့ရဲ့ နိုင်ငံလို့ ခံယူချင်တယ်ဆိုရင် မြန်မာနိုင်ငံကလည်း သူတို့ကို တရားဝင်နေထိုင်ခွင်ပေးဖို့၊ နိုင်ငံသားဖြစ်ထိုက်သူကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသားဖြစ်ခွင့် ချက်ချင်းမရှိသေးရင်တောင်မှ တိကျတဲ့ အချိန်ကာလတစ်ခုပြည့်လို့ သတ်မှတ်ထားတဲ့ စည်းကမ်းသတ်မှတ်ချက်များနဲ့ ကိုက်ညီရင် နိုင်ငံသားဖြစ်လာနိုင်တဲ့ အခွင့်အရေးတွေပေးဖို့၊ နိုင်ငံသားဖြစ်သည်ဖြစ်စေ၊ မဖြစ်သေးသည်ဖြစ်စေ ဒီလူသားတွေ ခံစားခွင့်ရှိတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ခံစားခွင့်ရှိစေဖို့ ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံသား ဖြစ်ချင်သူများဘက်ကလည်း မြန်မာနိုင်ငံအပေါ် သစ္စာရှိဖို့၊ တည်ဆဲဥပဒေများကို လိုက်နာဖို့၊ နိုင်ငံသားအချင်းချင်းချစ်ခင်ရင်းနှီးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံသားဖြစ်ချင်တယ်လို့ ပြောပြီး မြန်မာနိုင်ငံရဲ့ ဒေသအစိတ်အပိုင်းတစ်ခုကို သီးခြားခွဲထုတ်ချင်တာ၊ မြန်မာများနဲ့ ရခိုင်များအပေါ် မုန်းတီးရေးလှုံ့ဆော်နေတာ၊ အစ္စလမ်နိုင်ငံတည်ထောင်ရေး လျှို့ဝှက်ကြိုးပမ်းနေတာမျိုးကိုတော့ လက်ခံဖို့ မဖြစ်နိုင်ပါ။