BLOGGER TEMPLATES AND TWITTER BACKGROUNDS �

Sunday, June 27, 2010

Let's Make a New Game


ကစားပွဲ အသစ် ဖန်တီးကြဖို့


အောင်ဒင်
ဇွန် ၂၇၊ ၂၀၁၀


အခုတလော ကမ္ဘာ့ဖလားဘောလုံးပွဲစဉ်တချို့ ကြည့်ဖြစ်ပါတယ်။ အပြည့်အစုံတော့မဟုတ်၊ တဝက်တပျက်ပါ၊ ကြည့်ရင်းနဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို ဘောလုံးပွဲနဲ့ နှိုင်းယှဉ် ပြီး ဟောဒီလို တွေးမိပါတယ်။


(၁) ၁၉၉၀ ရွေးကောက်ပွဲ နဲ့ ၁၉၉၃ အမျိုးသားညီလာခံ ကစားပွဲ များ


ကျနော်တို့ မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မဟာမိတ်တိုင်းရင်းသားများ နဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူများက တဖက်၊ စစ်အုပ်စုနဲ့ အလိုတော်ရိများက တဖက် ရင်ဆိုင်ယှဉ်ပြိုင်ခဲ့ကြတာ ၁၉၈၈ ကစလို့ အနှစ် ၂၀ကျော်ခဲ့ပါပြီ်၊ မျှတတဲ့ ကစားပွဲတော့မဟုတ်ပါ၊ သေနတ်ကိုင်ထားတဲ့ အစိမ်းရောင်စစ်သားများက အကြမ်းဖက် သတ်ဖြတ်၊ ကြွေးကြော်သံတွေနဲ့ ခွပ်ဒေါင်းအလံတွေ ကိုင်ဆောင်ထားတဲ့ ကျောင်းသားပြည်သူ ရဟန်းရှင်လူများကငြိမ်းငြိမ်းချမ်းချမ်းတောင်းဆို၊ ပိုပြီးဆိုးတာက စစ်ဗိုလ်ချုပ်တွေက ဒိုင်လူကြီးနေရာတွေကိုပါယူထားပြီး သူတို့စိတ်ကြိုက် ကစားပွဲကို စီမံခန့်ခွဲနေတာပါ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအစိုးရများက ကစားကွင်းဘေးတဖက်တချက်က ပရိသတ်တွေပေါ့၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂ နိုင်ငံတွေ၊ ဩစတြေးလျ၊ ကနေဒါ နိုင်ငံတွေက ဒီမိုကရေစီ အင်အားစုကြီးကို အားပေး၊ စစ်အုပ်စုကို ခဲနဲ့ပေါက်၊ တရုတ်၊ ရုရှား၊ မြောက်ကိုရီးယား တို့က နအဖကို အားပေး၊ လက်နက်တွေ တိတ်တိတ်ပုန်းရော၊ ဗြောင်ရော ထောက်ပံ့၊ ကုလသမဂ္ဂ ကြီးကိုယ်တိုင်ကတော့ ဘယ်ဘက်ကိုမှ မလိုက်သလိုလို၊ ကြားနေသလိုလို၊ ဟိုလိုလို၊ ဒီလိုလို၊

၁၉၉၀ ရွေးကောက်ပွဲဟာ အာဏာရှင်ကြီး ဦးနေဝင်း နောက်ကွယ်ကနေ ကြိုးကိုင်ထားဆဲဖြစ်တဲ့ စစ်အုပ်စုက စိတ်ကြိုက်စီစဉ်ထားတဲ့ ကစားပွဲတခုပါ၊ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) တဖြစ်လဲ တဆည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကို ရှေ့တန်းတင်ကစားပြီး စစ်အုပ်စုက ဒိုင်လူကြီးနေရာမှာ နေခဲ့ပါတယ်၊ တစည အနိုင်ရရေးအတွက် စစ်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားပြီး ဦးတင်ဦး၊ ဦးဝင်းတင် နဲ့ အခြားထိပ်သီးခေါင်းဆောင်များကိုလဲ ထောင်သွင်းအကျဉ်းချထားလိုက်ပါတယ်၊ တစည က နိုင်ငံပိုင်အဆောက်အအုံတွေ၊ ယဉ်တွေ၊ ကားတွေ၊ ဘဏ္ဏာငွေတွေ ကို သုံးစွဲပြီး လွတ်လွတ်လပ်လပ်မဲဆွယ်နေချိန်မှာ အဖွဲ့ချုပ်နဲ့ မဟာမိတ်ပါတီတွေဟာ အကန့်အသတ်တွေ၊ အနှောက်အယှက်တွေကို ရင်ဆိုင်ခဲ့ရတာပါ၊ ရွေးကောက်ပွဲမှာ မဲကွဲဖို့နဲ့ လူထုကို စိတ်အနှောက်အယှက်ဖြစ်စေဖို့ အတွက် စစ်အုပ်စုက လက်အောက်ခံပါတီတွေအများကြီးကိုလဲ ဖွဲစည်းတည်ထောင်ပြီး ရွေးကောက်ပွဲကိုရှုပ်ထွေးစေခဲ့ တာပါ၊ အဲဒီလို မတရားမှုပေါင်းများစွာနဲ့ ကြံစည်ကြိုးစားခဲ့ပေမည့်လဲ လူထုက ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တခဲနက် မဲပေးရွေးချယ်လိုက်ကြပါတယ်။ ဒီမှာတင် ဒိုင်လူကြီးဖြစ်တဲ့ စစ်အုပ်စုက သူမျှော်လင့်သလိုဖြစ်မလာတဲ့ ကစားပွဲရဲ့ ရလာဒ်ကို ညင်းပယ်ပြီး ကစားပွဲအသစ်ကိုပြောင်းတော့တာပါပဲ၊

စစ်အုပ်စုက ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များနဲ့ လွှတ်တော်အစည်းအဝေးခေါ်ယူကျင်းပပေးဖို့ ငြင်းဆန်ရင်း ဒီရွေးကောက်ပွဲဟာ အာဏာလွှဲပြောင်းပေးမည့်ရွေးကောက်ပွဲမဟုတ်ပဲ လွှတ်တော်ကိုယ်စားလှယ်များရဲ့တာဝန်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ပဲ ဖြစ်တယ်လို့ ကြွေးကြော်ပြီး သူ့ရဲ့ ကစားပွဲအသစ် “အမျိုးသားညီလာခံ” ဆိုတာကို ၁၉၉၃ မှာ စလိုက်တာပါ၊ အဖွဲ့ချုပ်ဟာ အဲဒီကစားပွဲမှာ ဆက်ပြီး ပါဝင်ခဲ့ပါတယ်၊ သူတို့ယုံကြည်တဲ့ ပါလီမန်ဒီမိုကရေစီဖွဲ့စည်းပုံကို ရေးဆွဲနိုင်ဖို့ ကြိုးစားခဲ့ပါသေးတယ်၊ ဒါပေမည့် အဖွဲ့ချုပ် နဲ့ တိုင်းရင်းသားပါတီများရဲ့ စစ်မှန်တဲ့၊ တန်းတူညီမျှတဲ့ ပြည်ထောင်စုအသစ်တည်ဆောက်ရေးအကြံပြုချက်တွေကို ဗိုလ်ချုပ်ကြီးများက ယတိပြတ်ညင်းပယ်ပြီး သူတို့ ကြိုတင်ရေးဆွဲထားတဲ့ စစ်တပ်ဗဟိုပြုဖွဲ့စည်းပုံကို အတင်းအကြပ်ထောက်ခံခိုင်းတဲ့ အတွက် အဖွဲ့ချုပ်ကိုယ်စားလှယ်များ အမျိုးသားညီလာခံကို ကျောခိုင်းခဲ့ကြပါတယ်၊


အဖွဲ့ချုပ်က စစ်အုပ်စုရဲ့ အမျိုးသားညီလာခံကစားကွင်းထဲက ထွက်ခဲ့တာဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ၊ စစ်အုပ်စုကိုယ်တိုင်လဲ သူ့ကစားပွဲကို ဘယ်လိုဆက်စခန်းသွားရမယ်ဆိုတာ မသိတော့တာမို့ အမျိုးသားညီလာခံကို အကြာကြီး ရွှေ့ဆိုင်းထားခဲ့ရပါတယ်၊ အဲဒီနောက် ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံသတ်ဖြတ်မှုကြီးဖြစ်ပြီးတဲ့ နောက်ပိုင်းကျမှပဲ ဗိုလ်ချုပ်ခင်ညွန့်ရဲ့ အဆင့် ၇ဆင့်လမ်းပြမြေပုံရဲ့ အဆင့်တဆင့်အဖြစ် ပြန်လည် အသက်သွင်းတော့တာပါ၊

(၂) ပရိသတ် အပြောင်းအလဲ၊ ကွင်းထဲက ထွက်သွားကြသူများ၊ ကွင်းထဲ ဝင်ကန်ကြသူများ


၂၀၀၃ ခုနှစ်မှာ စစ်အုပ်စုက အမျိုးသားညီလာခံကို ပြန်စတော့ ကစားပွဲပုံသဏ္ဌာန်က အတော်ပြောင်းလဲခဲ့ပါပြီ၊ အဖွဲ့ချုပ်ရဲ့ နိုင်ငံတဝှမ်းက ရုံးခန်းတွေအားလုံး ပိတ်ထားခံရပြီး ရွှေဂုံတိုင်ရုံးချုပ်တခုပဲ ဖွင့်ခွင့်ရထားတာပါ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဦးတင်ဦးအပါအဝင် အဖွဲ့ချုပ်ရဲ့ ထိပ်တန်းခေါင်းဆောင်များဟာလဲ အဖမ်းခံထားရဆဲပါ၊ စစ်အုပ်စုရဲ့ဘက်မှာ ကြံ့ဖွံ့ဆိုတဲ့ အကြမ်းဖက်အင်အားစုတခုတိုးလာချိန်မှာ ကျနော်တို့ဘက်က ပြည်သူအတော်များများ လှုပ်ရှားမှုနဲ့ ကင်းကွာနေကြပြီး ပရိသတ် အဖြစ်ကိုပြောင်းလဲရောက်ရှိနေကြပါပြီ၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်သူတွေလဲ ပိုလို့များပြားခဲ့ပါပြီ၊ ပိုပြီးဆိုးတာကတော့ အရင်ကပွဲကြည့်ပရိသတ်ထဲမှာ ရှိခဲ့ပြီး ကျနော်တို့ကို ထောက်ခံအားပေးခဲ့ကြတဲ့ အနောက်နိုင်ငံက ပညာရှင်ဆိုသူတွေ၊ တချို့အစိုးရတွေက ကွင်းထဲရောက်လာပြီး စစ်အုပ်စုဘက်က ဝင်ကန်ကြတော့တာပါပဲ၊


ဒီပဲယင်း လုပ်ကြံမှုကြီးဟာ တကမ္ဘာလုံးကို တုန်လှုပ်ခြောက်ခြားသွားစေတဲ့ အကြမ်းဖက်မှုကြီးပါ၊ မြန်မာနိုင်ငံရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုရဲ့ အကြမ်းဖက်သမားတွေက လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးစားကြတာပါ၊ ဒေါ်အောင်ဆန်းစုကြည်ကို မသတ်နိုင်ခဲ့ပေမယ် အဖွဲ့ချုပ်အဖွဲ့ဝင်တွေ၊ ထောက်ခံသူတွေ အမြောက်အများ အသတ်ခံခဲ့ရတာပါ၊ အဲဒီဖြစ်ရပ်ကြီးအပြီးမှာ ဗိုလ်ချုပ်သန်းရွှေ နဲ့ အပေါင်းအပါများရဲ့ ကြမ်းကြုတ်ရက်စက်မှုကိုကမ္ဘာက ပိုပြီးရှင်းရှင်းလင်းလင်းသိရှိလာကြပါတယ်၊ ဒါပေမည့် ဒီဖြစ်ရပ်အပေါ် တုန့်ပြန်မှုက နှစ်မျိုးဖြစ်လာပါတယ်၊


အမေရိကန်၊ ကနေဒါ၊ ဩစတြေးလျှ စတဲ့ နိုင်ငံများကတော့ တင်းကြပ်တဲ့ စီးပွါးရေးပိတ်ဆို့မှုတွေနဲ့ စစ်အုပ်စုကို ဒဏ်ခတ်အရေးယူကြပါတယ်၊ ဒါပေမည့် အခြားနိုင်ငံများက တမျိုးတွေးကြပါတယ်၊ ဒီလောက်ဆိုးဝါးကြမ်းကြုတ်တဲ့ စစ်အုပ်စုကို၊ တရုတ်အစိုးရက အကာအကွယ်ပေးထားတဲ့ လူသတ်ကောင်တွေကို၊ ပြင်းထန်တဲ့ အရေးယူမှုတွေလုပ်တော့ရော တကယ်ထိရောက်မှုရှိပါ့မလားလို့ သံသယရှိလာကြပါတယ်၊ ဒီလောက်ဆိုးတဲ့ကောင်ကြီးကို ထိပ်တိုက်ရင်ဆိုင်တာထက်စာရင် ဝင်ချဉ်းကပ်၊ ပျော့ပျော့ပြောင်းပြောင်းဆက်ဆံပြီး ပေးသလောက်ယူတာပဲကောင်းလိမ့်မယ်လို့ မြင်လာကြပါတယ်၊ ထုံးစံအတိုင်း စီးပွါးရေးပိတ်ဆို့မှုဟာ စစ်အုပ်စုကို မထိခိုက်ပဲ လူထုကိုပဲ ထိခိုက်တယ်လို့ ဟစ်အော်ကြတဲ့ စီးပွါးရေးကော်ပိုရေးရှင်းများရဲ့ ကိုယ်စားပြုပုဂ္ဂိုလ်တွေ၊ စစ်အုပ်စုရဲ့ အခစားဝါဒဖြန့်သမားတွေကလဲ အသံပိုပြီးကျယ်လောင်လာတာပေါ့၊

အဲဒီအချိန်မှာ ဗိုလ်ခင်ညွန့် ရဲ့ လမ်းပြမြေပုံထွက်လာတော့ အဲဒီပညာရှင်တွေ၊ အစိုးရတွေက အရမ်းကိုစိတ်ဝင်စားကြပါတယ်၊ ခင်ညွန့် ကိုလဲ သန်းရွှေနဲ့ ခွဲခြားပြီး အပြောင်းအလဲကိုလိုလားတဲ့ ဗိုလ်ချုပ်လို့ ယုံကြည်လာကြပါတယ်၊ လမ်းပြမြေပုံမှာလဲ အာဏာလွှဲဖို့ အဆင့်အထိပါတော့ သူတို့လိုချင်တဲ့ အချိန်ဇယားတစ်ခုရပြီလို့ အားတက်လာကြပါတယ်၊ ဒီမှာတင် စစ်အုပ်စုအပေါ်ဖိအားပေးရေးကိစ္စတွေ လုံးဝစိတ်မဝင်စားတော့ပဲ အဖွဲ့ချုပ်ကို ၁၉၉၀ရွေးကောက်ပွဲရလာဒ်ကို အသိအမှတ်ပြုရေးတောင်းဆိုတာတွေ ရပ်ပြီး နအဖရဲ့ လမ်းပြမြေပုံ ၇ချက်ကို လက်ခံဖို့၊ အမျိုးသားညီလာခံပြန်တက်ဖို့ ဆိုတာတွေကို စေတနာကောင်းနဲ့ အကြံပေးသလို နဲ့ ဖိအားပေးကြပါတော့တယ်၊ ပြည်ပရောက် မြန်မာ အတိုက်အခံအဖွဲ့အစည်းအချို့တောင်မှ အဲဒီလမ်းကြောင်းထဲရောက်ပြီး အဖွဲ့ချုပ်ကို အမျိုးသားညီလာခံပြန်တက်ဖို့ တောင်းဆိုတာတွေရှိလာပါတယ်၊ ဒါဟာဖြင့် ပွဲကြည့်ပရိသတ်နေရာမှာ ရှိခဲ့တဲ့ နိုင်ငံခြားသားပညာရှင်တချို့၊ အစိုးရတချို့ က ကွင်းထဲဝင်ပြီး နအဖ ကိုအားဖြေ့ကြတာပါ၊ အဖွဲ့ချုပ်ကိုဝိုင်းပြီး နင်းခြေကြတာပါ၊


အဖွဲ့ချုပ်နဲ့ တိုင်းရင်းသားမဟာမိတ်များက ဒီပွဲမှာ ပြတ်သားခဲ့ကြပါတယ်၊ အမျိုးသားညီလာခံကို ပြန်မတက်နိုင်ဘူး လို့ပြတ်ပြတ်သားသားညင်းဆန်ခဲ့ကြပါတယ်၊ နအဖ ရဲ့ ကစားပွဲကို သပိတ်မှောက်ခဲ့ကြပါတယ်၊ ဒါပေမည့် ပြဿနာ က အဖွဲ့ချုပ်ဟာ နအဖရဲ့ ကစားပွဲက ထွက်ခဲ့ပေမည့် ကိုယ့်စိတ်ကြိုက်ကစားပွဲအသစ်ကို မဖန်တီးနိုင်ခဲ့ပါဘူး၊ ၂၀၀၇ ဩဂုတ် မှာဖြစ်တဲ့ ၈၈မျိုးဆက်ကျောင်းသားများဦးဆောင်တဲ့ ကုန်ဈေးနှုံးကျဆင်းရေး လှုပ်ရှားမှုတွေ၊၂၀၀၇ စက်တင်ဘာမှာ ဖြစ်တဲ့ သံဃာတော်များဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးတွေဟာ တကယ်တော့ အဖွဲ့ချုပ်အတွက် လူထုကိုအခြေခံတဲ့ ကိုယ်ပိုင်ကစားပွဲတည်ဆောက်ဖို့ အခြေအနေကောင်းတွေပါ၊ ဒါပေမည့် အဖွဲ့ချုပ်က အဲဒီလှုပ်ရှားမှုကြီးတွေကို ဝင်ရောက်ဦးဆောင်မှုမပေးတဲ့အပြင် ဝေးဝေးမှာကို နေခဲ့ပါတယ်၊


ဒီလိုနဲ့ အဖွဲ့ချုပ်မပါတဲ့ အမျိုးသားညီလာခံဟာ တချို့ပြောသလို “တမြို့လုံးမှာ တခုတည်းရှိတဲ့ကစားပွဲ” (The Only Game in Town) ဖြစ်ခဲ့ပြီး နိုင်ငံခြားသားတချို့ရဲ့ စိတ်ဝင်စားမှုလဲ ရရှိထားတာနဲ့ နအဖက သူ့စိတ်ကြိုက်အပြီးသတ်နိုင်ခဲ့၊ သူ့စိတ်ကြိုက် ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခဲ့ပါတယ်၊


(၃) နိုင်ငံခြားသားကြိုက် အခြား ဒီမိုကရက်များ


၂၀၀၈ မေ၊ ဆိုင်ကလုံးနာဂစ်ကြီး မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက်ပြီးတဲ့ အချိန်မှာတော့ မြန်မာနိုင်ငံရေးကစားကွင်းဟာ ပိုပြီးပြောင်းလဲလာပါတော့တယ်၊ မုန်တိုင်းဒါဏ်ကြောင့် လူတွေ သိန်းချီသေဆုံးပြီး သန်းပေါင်းများစွာ အတိဒုက္ခရောက်နေချိန်မှာ နအဖ က သူ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို အဓမ္မအတည်ပြုလိုက်ပါတယ်၊ ရာသက်ပန်စစ်အာဏာရှင်စနစ်ကို ဖန်တီးထားတဲ့ ဥပဒေလဲဖြစ်၊ မတရားတဲ့ နည်းလမ်းများနဲ့ အတည်ပြုထားတာ အထင်အရှားသိမြင်နေတာတောင်မှ "ဘာမှမရှိတာထက်စာရင် တခုခုရှိတာကကောင်းတယ်" ဆိုတဲ့ အယူအဆ၊ "ဖွဲ့စည်းပုံဥပဒေမရှိပဲအုပ်ချုပ်တဲ့ စစ်အစိုးရထက်စာရင် ဥပဒေနဲ့ ဖွဲ့စည်းတဲ့ အစိုးရကပိုကောင်းတယ်" ဆိုတဲ့ အယူအဆတွေ အားကောင်းလာပါတော့တယ်၊ နအဖ ရဲ့ လက်ပါးစေ စာရေးဆရာ၊ မဂ္ဂဇင်းအယ်ဒီတာအချို့၊ ဒေါ်လာစား နိုင်ငံရေးအကျဉ်းသားဟောင်းတချို့၊ဖောက်ပြန်ဘက်ပြောင်းသွားတဲ့ အဖွဲ့ချုပ်ခေါင်းဆောင်ဟောင်းတချို့ ကလဲ ဒီအယူအဆတွေကို ပြည်တွင်းမှာတင်မက ပြည်ပနိုင်ငံများကိုပါ ရောက်ရှိ၊ ဖြန့်ချိကြပါတယ်၊ နာဂစ်မုန်တိုင်းကြီးတိုက်အပြီး မြန်မာနိုင်ငံထဲမှာ ပြည်ပလူမှုအထောက်အကူပြုအဖွဲ့အစည်း တွေ (International Humanitarian Organizations) ပိုပြီးများများစားစားနေရာယူလာနိုင်ကြပြီး အဲဒီ နိုင်ငံခြားသား NGO အရာရှိတွေကလဲ "မြန်မာနိုင်ငံတွင်းက လူထုရဲ့ ဆင်းရဲနွမ်းပါးမှုနဲ့ ရောဂါဘယခံစားနေရမှုတွေကို ကူညီဖို့ နိုင်ငံရေးအပြောင်းအလဲဖြစ်တဲ့အထိ စောင့်လို့မရနိုင်ဘူး၊ ဒါကြောင့် စီးပွါးရေးပိတ်ဆို့မှုတွေရုတ်သိမ်းပေးပါ၊ အကူအညီတွေကို အကန့်အသတ်မထားပဲ ပေးပါ" လို့ ကြွေးကြော်လာကြပြန်ပါတယ်၊ ဒီလိုနဲ့ ကစားကွင်းထဲမှာ နအဖဘက်ကဝင်ကစားကြတဲ့ နိုင်ငံခြားသားတွေ၊ အလိုတော်ရိတွေ များသထက်များလာပါတော့တယ်၊


နအဖ က ရွေးကောက်ပွဲကို ၂၀၁၀ မှာလုပ်မယ်လို့လဲ ကြေညာလိုက်ရော အဲဒီ ပြည်တွင်း၊ ပြည်ပ အလိုတော်ရိတွေ၊ မြန်မာ့နိုင်ငံရေးကျွမ်းကျင်သူ ဆိုသူတွေက သတင်းဌာနတွေနဲ့ အင်တာဗျူးတွေလုပ်၊ အစီရင်ခံစာတွေထုတ်၊ တချို့သံတမာန်တွေ၊အစိုးရကိုယ်စားလှယ်တွေ ကလဲ အဖွဲ့ချုပ်ခေါင်းဆောင်များကို အခေါက်ခေါက်အခါခါ လာတွေ့ဆွေးနွေးပြီး တိုးတိုး တမျိုး၊ ကျယ်ကျယ်တဖုံ အဖွဲ့ချုပ်ရွေးကောက်ပွဲဝင်သင့်ကြောင်း ဖိအားတွေပေးကြပါတယ်၊ အဲဒီ ပုဂ္ဂိုလ်တွေကပဲ ဒီရွေးကောက်ပွဲဟာ အနှစ် ၂၀ အတွင်းမှာ အရေးအကြီးဆုံး ပြောင်းလဲမှုကြီးဖြစ်လို့ ဘယ်လောက်ပဲချို့ယွင်းချက်တွေရှိနေပစေ အသိအမှတ်ပြုအားပေးသင့်ကြောင်း ကမ္ဘာလှည့်ပြီး စည်းရုံးကြပြန်ပါတယ်၊


ဒီပွဲမှာ အဖွဲ့ချုပ် ဝင်ပြိုင်လို့ ဘယ်လိုမှ မနိုင်နိုင်ပါ၊ နအဖ က ၁၉၉၀ တုံးကလို ပြန်မဖြစ်ရအောင် စီစဉ်ထားပါတယ်၊ သူတို့ တဖက်သတ်ရေးဆွဲအတည်ပြုထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုယ်၌က စစ်တပ်ကို အာဏာကုန်ပေးထားပြီးသားပါ၊ ပြီးတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ရေးဥပဒေမှာလဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၁၀၀ ကျော်ကို ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့၊ မဲပေးဖို့ မပြောနဲ့ နိုင်ငံရေးပါတီတခုခုမှာတောင် အဖွဲ့ဝင်အဖြစ်ပါဝင်လို့မရအောင်တောင် ကန့်သတ်ထားပါတယ်၊ ရွေးကောက်ပွဲကော်မရှင်ကလဲ စစ်အုပ်စုရဲ့ အမိန့်တော်ခံများနဲ့ ဖွဲ့စည်းထား၊ နအဖ ရဲ့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေက စစ်ဝတ်စုံကိုချွတ်၊ အရပ်သားအရေခြုံပြီး ပါတီထောင်၊ နအဖ ရဲ့ ကြံ့ဖွံ့အဖွဲ့က ဝန်ကြီးချုပ် သိန်းစိန် ရဲ့ပါတီ အတွက် မဲဆွယ်နေတဲ့အပြင် မဲရုံများကိုလဲ ကြီးကြပ်ကွပ်ကဲဖို့ ပြင်ဆင်၊ နအဖ မကြိုက်တဲ့ လူတွေ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ရင်တောင်မှ ရွေးကောက်ပွဲကော်မရှင်က အကြောင်းအမျိုးမျိုးနဲ့ သူတို့ရဲ့ အောင်ပွဲရလာဒ်ကို ပယ်ဖျက်ဖို့ အဆင်သင့်ရှိနေ၊ စစ်အုပ်စုက ကစားမည့်နေရာမှာရော၊ ဒိုင်လူကြီးနေရာမှာရော ယူထားပြီး ပြည်တွင်းပြည်ပ အလိုတော်ရိတွေနဲ့ အားဖြေ့ထားတဲ့ ဒီကစားပွဲမှာ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်ခဲ့ရင် မရှူမလှ ရှုံးနိမ့်တာအပြင် နအဖရဲ့ စစ်အာဏာရှင်စနစ် တရားဝင်ပြုရေးစီမံကိန်းကြီးမှာ နောက်ဆုံးကျန်တဲ့ အုတ်တစ်ချပ်ကို ဖြေ့ဆည်းပေးသူ ဖြစ်သွားမှာပါ၊


အဖွဲ့ချုပ်က သတ္တိရှိရှိ၊ ရဲရဲရင့်ရင့်နဲ့ ရွေးကောက်ပွဲဝင်မှာမဟုတ်ကြောင်း ထုတ်ပြန်ကြေညာတဲ့ အခါမှာတော့ ဒီပုဂ္ဂိုလ်တွေပဲ စိတ်ပျက်လက်ပျက်နဲ့ အဖွဲ့ချုပ်ကို မှားသွားပြီလို့ပြော၊ လူထုမျက်နှာမကြည့်ဘူးလို့ စွပ်စွဲ၊ ခေါင်းမာလွန်းတယ်လို့ ပုတ်ခတ်၊ ပြီးတော့ အဖွဲ့ချုပ်ရဲ့ နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဏအဆုံးသတ်သွားပြီလို့ သူတို့ဖာသာ ဆုံးဖြတ်ချက်ချလိုက်ကြပါတော့တယ်၊။

အခုအချိန်မှာ သူတို့တဖွဖွပြောနေတာက တော့ "မြန်မာနိုင်ငံတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်အပြင် အခြားဒီမိုကရက်တွေ အများကြီးရှိသေးတယ်" (There are democrats in Burma other than Daw Aung San Suu Kyi and the NLD.) ဆိုတာပါပဲ၊


သူတို့က ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အခန်းကဏ္ဏဟာပြီးဆုံးသွားခဲ့ပြီ၊ အဖွဲ့ချုပ်ဟာ တရားဝင်နိုင်ငံရေးပါတီတခုမဟုတ်တော့ဘူး၊ ဒီတော့ နိုင်ငံရေးနယ်ထဲမှာ ကျန်ရှိနေသေးတဲ့ ဒီမိုကရက်တွေ၊ ဒီမိုကရေစီဘက်တော်သားတွေကို ဆက်ပြီးကူရမယ်၊ တကယ်လို့ သူတို့ရဲ့ ရွေးချယ်မှုက ရွေးကောက်ပွဲဝင်ရေးဖြစ်တယ်ဆိုရင် အဲဒီ ရွေးကောက်ပွဲကို ထောက်ခံအသိအမှတ်ပြုရမယ်၊ လို့ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြပါပြီ၊ ရွေးကောက်ပွဲဝင်ချင်လွန်းကြတဲ့ ပုဂ္ဂိုလ်တွေကလဲ "အဖွဲ့ချုပ်ကတော့ လမ်းမှားကိုရွေးချယ်သွားခဲ့ပြီ၊ ကျနော်တို့ပဲ ကျန်တော့တယ်၊ ကျနော်တို့ကိုအားပေးကြပါ" လို့ နိုင်ငံခြားသားများ အကြိုက် တစာစာအော်နေကြချိန်ပါ၊


(၄) ကစားပွဲအသစ် ဖန်တီးဖို့လိုတယ်


ကျနော်တို့ တိုင်းပြည်ရဲ့ ကံကြမ္မာကို ကျနော်တို့ မြန်မာနိုင်ငံသားတွေပဲ ဖန်တီးရမှာပါ၊ အခြားနိုင်ငံက အစိုးရတွေ၊ ကျွမ်းကျင်သူဆိုသူတွေက ဖန်တီးပေးလို့မရပါဘူး၊ သူတို့ရဲ့ စေတနာရှိလွန်းလို့ပါဆိုတဲ့ အကြံပြုချက်၊ တိုက်တွန်းချက်တွေကိုလဲ ကျနော်တို့ ပြည်သူတွေရဲ့ ဆန္ဒနဲ့ မကိုက်ညီရင် လက်ခံစရာမလိုပါဘူး၊ သူတို့ အကြံပြုချက်တွေက အမှားတခုကို ဖြစ်စေရင်လဲ ဒီနိုင်ငံခြားသား ပညာရှင်တွေက လာပြီး တောင်းပန်မှာ၊ တာဝန်ယူမှာ မဟုတ်ပါဘူး၊ ကျနော်တို့ပဲ ခါးစည်းခံစားကြရမှာပါ၊

နအဖ ရဲ့ ရွေးကောက်ပွဲကစားကွင်းထဲက ထွက်လာတာ အင်မတန် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ၊ ဒါပေမည့် ရွေးကောက်ပွဲမဟုတ်တဲ့ အခြားကစားပွဲတစ်ခုကို တည်ဆောက်ဖို့လိုပါတယ်၊ ရွေးကောက်ပွဲကို လူထု နဲ့ နိုင်ငံတကာက အသိအမှတ်မပြုဖို့ တောင်းဆိုနေချိန်မှာ ရွေးကောက်ပွဲမဟုတ်ရင် တခြားနည်းလမ်းကဘာလဲ ဆိုတာကို ရှင်းပြနိုင်ဖို့ နဲ့ အဲဒီလမ်းကြောင်းကို လူထုနဲ့ နိုင်ငံတကာအစိုးရတွေ လတ်ခံလာအောင် အဖွဲ့ချုပ်က ဦးဆောင်ချီတက်ဖို့လိုပါတယ်၊ အဲဒီလို မဟုတ်ရင်တော့ ဘေးထွက်သွားရတာပဲ အဖတ်တင်ပါလိမ့်မယ်၊


ကစားကွင်း ထဲမှာ အဖွဲ့ချုပ်ဘက်က ရှိခဲ့တဲ့လူထုအများစုကြီးက ပရိသတ်နေရာကို တဖြေးဖြေးနဲ့ ရောက်သွားကြပြီလို့ ရှေ့မှာ ပြောခဲ့ပါတယ်၊ အဲဒီလို ဖြစ်ရတာဟာ နအဖ ရဲ့ ဖိနှိပ်မှုတွေကြောင့်ကြီးပဲတော့မဟုတ်ပါ၊ ပြီးခဲ့တဲ့ နှစ်များမှာ ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို လွှမ်းမိုးထားတဲ့ ဥက္ကဌ ဦးအောင်ရွှေ နဲ့ သူ့လူယုံ တချို့ရဲ့ ဦးဆောင်မှုက အဖွဲ့ချုပ်ကို လူထုနဲ့ ကင်းကွာရုံမျှမက အောက်ခြေပါတီဝင်များနဲ့ပါ ဝေးကွာစေခဲ့ပါတယ်၊ ပါတီတွင်းက ထက်မြက်တက်ကြွတဲ့ လူငယ်တွေ၊ အမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေဟာ ရွှေဂုန်တိုင် ရုံးချုပ်က ခေါင်းဆောင်တွေရဲ့ ပိတ်ဆို့ဟန့်တားမှုကို ခံခဲ့ရပြီး ပါတီခေါင်းဆောင်မှုကို ဝေဘန်သူတွေဟာ ပါတီက ထုတ်ပယ်ခြင်းခံခဲ့ကြရပါတယ်၊ အခုတော့ အဖွဲ့ချုပ်ကိုမှန်မှန်ကန်ကန် ဦးမဆောင်နိုင်ခဲ့ကြသူတွေ အနားယူသွားကြ၊ လမ်းခွဲသွားကြပါပြီ၊ အဖွဲ့ချုပ်ဟာ နအဖ ရဲ့ မတရား၊ မမျှတတဲ့ ကစားကွင်းကို ကျောခိုင်းခဲ့ပြီး အန်ကယ် ဦးတင်ဦး၊ ဦးဝင်းတင်တို့ရဲ့ မှန်ကန်တဲ့ ဦးဆောင်မှုအောက်မှာ လူထုနဲ့ ပြန်လည်နီးစပ်လာပါပြီ၊ သို့သော်လဲ ဒီလောက်နဲ့တော့ မလုံလောက်သေးပါဘူး၊


အဖွဲ့ချုပ်ခေါင်းဆောင်တွေဟာ ရွှေဂုန်တိုင် ရုံးခမ်းထဲက ထွက်ပြီး လူထုကြားထဲပြန်လည်ဝင်ရောက်လာကြပါပြီ၊ အဖွဲ့ချုပ်ဝင်တွေဟာ လူထုရဲ့အကျိုးစီးပွါးအတွက် လူမှုရေးလုပ်ငန်းတွေကို အားကြိုးမာန်တက်ဆောင်ရွက်နေကြပါပြီ၊ ကောင်းသလိုရှိပေမည့် မကောင်းလှပါ၊ ရေငတ်နေတဲ့လူတွေကို သောက်သုံးရေဖြန့်ချိတာ၊ ရေတွင်းတွေတူးပေးတာ၊ သစ်ပင်တွေစိုက်တာ၊ ပါတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေလုပ်တာ ကောင်းပေမည့် အဲဒါတွေဟာ နိုင်ငံရေးလှုပ်ရှားမှုမဟုတ်ပါ၊ ဒီလုပ်ငန်းတွေကို အားကြိုးမာန်တက်လုပ်ကြတဲ့ အတွက် အဖွဲ့ချုပ်ဟာ ကိုကျော်သူ့လို "ပြည်သူ့ဂုဏ်ရည်" ဆုတွေရ ကောင်းရပါလိမ့်မယ်၊ ဒါပေမည့် လူထုမျှော်လင့်တဲ့ နိုင်ငံရေးအပြောင်းအလဲကို ဦးဆောင်လမ်းပြနိုင်တဲ့ အနေအထားမျိုးမရှိနိုင်တော့ပါဘူး၊ နိုင်ငံတကာ အစိုးရတွေကလဲ အဖွဲ့ချုပ်ကို လူမှုရေးအဖွဲ့အစည်းတစ်ခုအဖြစ်ပဲ သတ်မှတ်လိုက်ပါလိမ့်မယ်၊ အဲဒီလို အဖွဲ့ချုပ်က နအဖ ရဲ့ ရွေးကောက်ပွဲ ကစားကွင်းကနေ သပိတ်မှောက်ထွက်လာခဲ့ပြီး မိမိရဲ့ ကိုယ်ပိုင်ကစားပွဲတခုကို မဖန်တီးနိုင်ရင်၊ အဲဒီ ကစားပွဲအသစ်ကို လူထုနဲ့ နိုင်ငံတကာ အစိုးရတွေက အသိအမှတ်ပြုအောင် မစည်းရုံးနိုင်ရင် အဖွဲ့ချုပ်ဟာ နိုင်ငံရေးနယ်ရဲ့ ပြင်ပကို လုံးလုံးလျားလျား ရောက်ရှိသွားတော့မှာပါ၊


(၅) ဒေါ်အောင်ဆန်းစုကြည်မပါတဲ့ ဘယ်နိုင်ငံရေးဖြစ်စဉ်မှ မအောင်မြင်နိုင်ပါ


အဖွဲ့ချုပ်က ရွေးကောက်ပွဲကို သပိတ်မှောက်တာ မှန်ပေမည့် အဖွဲ့ချုပ်ဟာ နိုင်ငံရေးနယ်ပယ်ထဲမှာ ရှိနေတုံး၊ မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကြီးကို ဦးဆောင်နေတုံး၊ နအဖ ကအသိအမှတ်ပြုသည် ဖြစ်စေ မပြုသည်ဖြစ်စေ နိုင်ငံရေးအဖွဲ့အစည်းအဖြစ် ဆက်လက်ရှင်သန်နေကြောင်း ပြဖို့လိုပါတယ်၊ နအဖ ရဲ့ ရွေးကောက်ပွဲကို လူထုကရော နိုင်ငံတကာအစိုးရ တွေကပါ အသိအမှတ်မပြု၊ မထောက်ခံကြအောင် စည်းရုံးဖို့လိုပါတယ်၊ နအဖ ရဲ့ ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ပြဿနာများအတွက် စစ်မှန်တဲ့ အဖြေမဟုတ်ပဲ ပိုပြီးဆိုးဝါးမည့် ပေါက်ကွဲမှုများဆီ ဦးတည်နေတယ်ဆိုတာ ရှင်းလင်းပြဖို့လိုပါတယ်၊ တိုင်းပြည်ရဲ့ ပြဿနာများအားလုံးကို ငြိမ်းငြိမ်းချမ်းချမ်းခိုင်ခိုင်မာမာ ဖြေရှင်းနိုင်ဖို့ နအဖ၊အဖွဲ့ချုပ် နဲ့ တိုင်းရင်းသားကိုယ်စားလှယ်များပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲတွေ မရှိမဖြစ်လိုအပ်တာမို့ ဒီတွေ့ဆုံဆွေးနွေးပွဲတွေ ပေါ်ပေါက်လာရေးအတွက် လူထုအား၊ နိုင်ငံတကာ ထောက်ခံမှုအားနဲ့ နအဖကို ဖိအားပေးတာဟာ အဖွဲ့ချုပ်ရဲ့ ကစားပွဲအသစ်ဖြစ်ပါလိမ့်မယ်၊

သူတို့ ပြောကြသလို မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်အပြင် အခြားဒီမိုကရက်တွေ ရှိသေးတယ်ဆိုတာ မှန်သင့်သလောက် မှန်ပါတယ်၊ အဲဒီ ဒီမိုကရက်တွေက ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားနေတာလဲ အမှန်ပါပဲ၊ ဒါပေမည့် အဲဒီ ဒီမိုကရက်တွေဟာ လူထုကို ကိုယ်စားမပြုနိုင်ပါ၊ အဖွဲ့ဝင် ၁၀၀၀ ပြည့်ဖို့တောင် မနည်းစည်းရုံးနေရတဲ့ ဒီပုဂ္ဂိုလ်တွေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်လို ပြည်သူ သန်းပေါင်းများစွာကို ကိုယ်စားမပြုနိုင်တာ အထင်အရှားပါ၊ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရဲ့ ထောက်ခံမှုကို တခဲနက်ရထားသူပါ၊ နအဖ က သူ့ကို နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်ချပြီး လူထုကြီးနဲ့အဆက်ဖြတ်ထားပေမည့် လူထုကြီး က သူ့ကို မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အမျိုးသားညီညွတ်ရေးကို တည်ဆောက်စည်းရုံးပေးနိုင်မည့် တစ်ဦးတည်းသော အားကိုးရာ အဖြစ် မျှော်လင့်နေကြဆဲပါ၊


မြန်မာနိုင်ငံမှာ အခြား ဒီမိုကရက်တွေ ရှိသေးတယ်ဆိုပြီး မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကြီးထဲက ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ထုတ်ပြီးစဉ်းစားတာဟာ တကယ်တော့ အမေရိကန် လူမဲတွေရဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုကြီး ထဲကနေ ခေါင်းဆောင်ကြီး မာတင်လူသာကင်း ကို ခွဲထုတ်ပြီး စဉ်းစားသလို၊ တောင်အာဖရိက အသားအရောင်ခွဲခြားမှုတိုက်ဖျက်ရေးလှုပ်ရှားမှုကြီးထဲကနေ ခေါင်းဆောင်ကြီး နယ်လဆင်မန်ဒဲလားကို ဖယ်ထုတ်စဉ်းစားသလို ဖြစ်နေပါလိမ့်မယ်၊ ဒေါ်အောင်ဆန်းစုကြည် မပါဝင်တဲ့ ဘယ်လို နိုင်ငံရေးဖြစ်စဉ်မှ အောင်မြင်မှုမရနိုင်ပါ၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ် မပါဝင်တဲ့၊ စစ်မှန်တဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ မပါတဲ့ ဒီရွေးကောက်ပွဲကို ထောက်ခံဖို့ စဉ်းစားနေတဲ့ အစိုးရတွေ ကို ကျနော်တို့ ရှုတ်ချရပါလိမ့်မယ်၊ ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ လဲ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်မပါဝင်တဲ့ ရွေးကောက်ပွဲမှာ ဦးသုဝေကို မဲပေးရနိုးနိုး၊ ဖြိုးမင်းသိန်း ကို မဲပေးရနိုးနိုး စဉ်းစားနေစရာမလိုပါ၊ မိမိတို့ အားလုံးကို ရာသက်ပန် စစ်ကျွန်ဘဝကို ပို့မည့် ဒီရွေးကောက်ပွဲကို ပြတ်ပြတ်သားသား ငြင်းပယ်ကြရမှာပါ၊


အဖွဲ့ချုပ်အနေနဲ့လဲ လူထုကြားထဲဝင်ပြီး လူထုအကျိုးပြုလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ ရေလှူတာ၊ ရေတွင်းဆောက်တာ၊ ကျောင်းဆောက်တာတွေအပြင် လူထုခံစားနေရတဲ့ မတရားမှုတွေကို ဖြေရှင်းတဲ့ အလုပ်တွေပိုပြီးလုပ်သင့်ပါတယ်၊ ဦးအေးမြင့် နဲ့ လမ်းပြကြယ် အဖွဲ့ဆောင်ရွက်နေတဲ့ ကလေးစစ်သားစုဆောင်းမှု ပပျောက်ရေးလှုပ်ရှားမှုတွေကို အဖွဲ့ချုပ်က တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆောင်ရွက်မယ်ဆိုရင် ပိုပြီးထိရောက်မှုရှိမှာပါ၊ ဦးမြင့်အေး နဲ့ မိတ်ဆွေများ ဆောင်ရွက်ခဲ့ကြတဲ့ လူ့အခွင့်အရေး ပညာပေးရေး နဲ့ ကာကွယ်ရေးကိစ္စတွေ၊ ရှေ့နေကိုဖိုးဖြူ နဲ့ လယ်သမားကြီးများ ကြိုးစားနေတဲ့ အဓမ္မလယ်ယာ အသိမ်းခံရမှုများ၊ အဓမ္မလုပ်အားပေးခိုင်းစေခံရမှုများ တိုက်ဖျက်ရေးကိစ္စတွေ ကို အဖွဲ့ချုပ်ဝင်များက တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်ကြရင် သိပ်ကောင်းမှာပါ၊ အရင်က ၈၈မျိုးဆက်ကျောင်းသားများ ဆောင်ရွက်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုများအား အားပေးကူညီတဲ့ လှုပ်ရှားမှုတွေကို အဖွဲ့ချုပ်ဝင်တွေ တနိုင်ငံလုံးမှာ ဆောင်ရွက်ကြရင်သိပ်ထိရောက်မှုရှိမှာပါ၊


၈၈မျိုးဆက်ကျောင်းသားများရဲ့ ရင်ဖွင့်သံ လှုပ်ရှားမှု (Open Heart Campaign)၊ အဖြူရောင် တနင်္ဂနွေလှုပ်ရှားမှု (White Sunday Campaign) များဟာ နအဖကို အကြီးအကျယ်ချိမ်းခြောက်နိုင်ခဲ့သလို လူထုနဲ့ နိုင်ငံတကာအစိုးရတွေရဲ့ အသိအမှတ်ပြုခံရတဲ့ လူထုကို အခြေပြုတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေပါ၊ အဖွဲ့ချုပ်က ဗဟိုကနေ မူဝါဒ ချမှတ်ပြီး တနိုင်ငံလုံးအတိုင်းအတာ နဲ့ဆောင်ရွက်သင့်တဲ့ လှုပ်ရှားမှုတွေပါ၊ ပြီးတော့ တိုင်းရင်းသားလူမျိုးစုများနဲ့ ထိစပ်ဆက်သွယ်ပြီး သူတို့ရဲ့နှစ်ပေါင်းများစွာ နာကျင်ခံစားရမှုကို စာနာနားလည်တတ်ဖို့၊ ပူးပေါင်းအဖြေရှာရေး ဆွေးနွေးညီညွတ်ကြဖို့ လိုပါတယ်၊


ဒီလှုပ်ရှားမှုတွေကို လုပ်ရင်တော့ ရေတွင်းတူးတာထက်စာရင် ပိုပြီး နအဖက အနှောက်အယှက်ပေး၊ ရန်ပြုမှာလဲ အသေအချာပါပဲ၊ ဒါပေမည့် ဒီလှုပ်ရှားမှုတွေကပဲ အဖွဲ့ချုပ်ဟာ နိုင်ငံရေးအဖွဲ့အစည်းတခုအဖြစ် ရပ်တည်နေဆဲ၊ လူထုကို ဦးဆောင်နေဆဲ ဆိုတာ သက်သေပြနိုင်မှာပါ၊


(၆) ဖြေးဖြေးမှ လုပ်လို့ မရပါ


ဒီလိုလှုပ်ရှားမှုတွေကို တဖြေးဖြေးနဲ့ အချိန်ယူလုပ်သွားဖို့ အစီအစဉ်တွေ အဖွဲ့ချုပ်မှာ ရှိကောင်းရှိပါလိမ့်မယ်၊ ဒါပေမည့် အဖွဲ့ချုပ်မှာ အချိန်မရှိပါ၊ ဒီလို ပြတ်သားရဲရင့်တဲ့ လှုပ်ရှားမှုတွေကို နအဖ ရဲ့ ရွေးကောက်ပွဲမတိုင်ခင် ဆောင်ရွက်နိုင်မှ အဖွဲ့ချုပ်ဟာ နိုင်ငံရေးဦးဆောင်မှုနေရာမှာ ရှိနေဆဲ ဆိုတာ သက်သေပြရာရောက်ပြီး နအဖရဲ့ ရွေးကောက်ပွဲအပေါ်မှာ ရှိနေတဲ့ နိုင်ငံတကာအစိုးရတွေရဲ့ စိတ်ဝင်စားမှုကို အတိုင်းအတာတခုထိ ဖယ်ရှားနိုင်မှာပါ၊


ရွေးကောက်ပွဲကို သပိတ်မှောက်ရေးဟာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စလို့ သတ်မှတ်ပြီး သပိတ်မှောက်ရေးကြွေးကြော်သံအပေါ် ရယ်သွမ်းသွေးနေတဲ့ လူတွေလဲရှိပါတယ်၊ ရွေးကောက်ပွဲက နအဖ ကသာ တကယ်လုပ်မယ်ဆိုရင် တကယ်ဖြစ်မှာပါ၊ မဲပေးတဲ့လူတွေ ရှိကြမှာပါ၊ ဒါပေမည့် ရွေးကောက်ပွဲသပိတ်မှောက်ရေးရဲ့ အဓိက ရည်ရွယ်ချက်က ရွေးကောက်ပွဲမှာ လူထုရဲ့ပါဝင်မှု အနည်းဆုံးဖြစ်ဖို့ နဲ့ နိုင်ငံတကာအစိုးရတွေရဲ့ စိတ်ဝင်စားမှု၊ ထောက်ခံမှု အနည်းဆုံးဖြစ်ဖို့ပါ၊ ပြီးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲမှာ အဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ် ၈၂ ရာခိုင်နှုန်း အနိုင်ရခဲ့ပေမည့် စစ်အုပ်စုက အဖွဲ့ချုပ်ဟာ မဲပေးပိုင်ခွင့်ရှိသူ သန်း ၂၀ကျော်ထဲက ၃၀ ရာခိုင်နှုန်း ရဲ့ ထောက်ခံမှုကိုသာ ရရှိခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံပြည်သူ အများစုကို ကိုယ်စားမပြုဘူး လို့ အဖွဲ့ချုပ်ရဲ့ အောင်ပွဲကို နှိမ့်ချစော်ကားခဲ့ပါတယ်၊ ၂၀၁၀ ရွေးကောက်ပွဲမှာလဲ ကျနော်တို့က မဲပေးသူ အရေအတွက် အနည်းဆုံးဖြစ်အောင် စည်းရုံးပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များဟာ မြန်မာနိုင်ငံ ပြည်သူအများစုကို ကိုယ်စားမပြုဘူးဆိုတာ သက်သေပြကြဖို့ပါ၊ နိုင်ငံတကာ အစိုးရတွေအဖို့လဲ ဒီ ရွေးကောက်ပွဲဟာ မဆလ ကနေ နဝတ အမည်ပြောင်းသလို၊ နဝတ ကနေ နအဖ အမည်ပြောင်းသလို၊ စစ်အုပ်စုရဲ့ နံမည်ပြောင်းပွဲတစ်ခုထက်မပိုဘူးလို့ မြင်နိုင်ဖို့ပါ၊


(၇) ရွေးကောက်ပွဲနောက်ပိုင်း ပြဿနာများ


ရွေးကောက်ပွဲပြီးလို့ စစ်အုပ်စုက သူ့ရဲ့ ၂၀၀၈ဖွဲ့စည်းပုံကို အသက်သွင်းပြီဆိုတာနဲ့ ပြဿနာပေါင်းစုံကို ရင်ဆိုင်ရတော့မှာပါ၊ ဒီဖွဲ့စည်းပုံ ကို ဘယ်လောက်ပဲ စစ်တပ်ရဲ့ အာဏာပိုင်စိုးရေးကို ရည်ရွယ်ရေးဆွဲထားခဲ့ပေမည့် ဟာကွက်တွေ၊ အားနည်းချက်တွေလဲ အများကြီးရှိနေတာပါ၊ အဲဒီ အားနည်းချက်တွေကပဲ စစ်အုပ်စုတွင်း ပြိုကွဲရေးကို ဦးတည်နေတာပါ၊ ရှင်းပြပါရစေ၊


ဒီဖွဲ့စည်းပုံအရ နိုင်ငံတော်သမ္မတ နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် တို့ဟာ အမြင့်မားဆုံးရာထူးတွေပါ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကပိုပြီး အာဏာကြီးပေမည့် နိုင်ငံတော်သမ္မတက တရားဝင် နိုင်ငံတော်အကြီးအကဲ ဖြစ်ပါတယ်၊ ဒီတော့ ဗိုလ်ချုပ်သန်းရွှေ က ဘယ်ရာထူးကို ယူမလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်သလို တပ်တွင်းပြဿနာအားလုံးရဲ့ အရင်းအမြစ်လဲဖြစ်ပါတယ်၊ ဗိုလ်ချုပ်သန်းရွှေက သမ္မတ ရာထူးယူလိုက်ရင် သူဟာ စစ်တပ်က အနားယူရပါလိမ့်မယ်၊ သမ္မတကြီး ဦးသန်းရွှေ ဖြစ်လာရင်လဲ သူဟာ သူ့နေရာကို ဆက်ခံမည့် ကာကွယ်ရေးဦးစီးချုပ် အသစ်လောက် အာဏာရှိမှာမဟုတ်ပဲ ဗိုလ်သန်းရွှေ မရှိတော့တဲ့ စစ်တပ်တွင်းမှာလဲ အပြောင်းအလဲတွေအများကြီး ဖြစ်လာနိုင်ပါတယ်၊ တကယ်လို့ ဗိုလ်သန်းရွှေက ကာကွယ်ရေးဦးစီးချုပ်နေရာ ကိုဆက်ယူထားမယ်ဆိုရင်လဲ သူနဲ့တကွ ဗိုလ်မောင်အေး၊ ဗိုလ်ရွှေမန်း၊ ဗိုလ်တင်အောင်မြင်ဦး စတဲ့ သက်ကြီးရွယ်အို စစ်ဗိုလ်တွေက တပ်မတော်ရဲ့ ထိပ်ဆုံးရာထူးတွေမှာ ပင်စင်သက်ကို အလွန်အကျွံကျော်နေတာတောင်မှ ဆက်ပြီး နေရာယူထားကြမယ်ဆိုရင် အငယ်တန်းစစ်ခေါင်းဆောင်များရဲ့ ရာထူးတက်လမ်းကို ပိတ်ဆို့ထားတာဖြစ်တဲ့အတွက် မကျေနပ်မှုတွေ ကြီးမားလာမှာပါ၊ ဗိုလ်သန်းရွှေ က ရာထူးနှစ်ခုစလုံးကို မယူပဲ အနားယူလိမ့်မယ်လို့တော့ ကျနော်မထင်ပါ၊ သူ့ရှေ့ အာဏာရှင်ဟောင်းကြီးများ ဦးနေဝင်း၊ ဗိုလ်စောမောင် တို့ အာဏာမရှိတဲ့နောက်ပိုင်း ဘယ်လို ဘဝနိဂုန်းချုပ်ခဲ့ကြရတယ်ဆိုတာ သူကောင်းကောင်းသိတာမို့ အာဏာစွန့်ရဲလိမ့်မယ်လို့ မထင်ပါ၊


ဗိုလ်သိန်းစိန် အပါအဝင် စစ်တပ်က တချို့က အရပ်ဘက်ပြောင်းပြီး ဗဟို အစိုးရနဲ့ ပြည်နယ်၊ တိုင်းဒေသအစိုးရများကို ဦးဆောင်ကြမှာပါ၊ အဲဒီ အခါမှာလဲ အရပ်ဘက်ရာထူးကြီးကြီးတွေ ရထားတဲ့ စစ်ဗိုလ်ဟောင်းများနဲ့ စစ်တပ်တွင်း ကျန်ရှိနေသေးတဲ့ စစ်ဗိုလ်များအကြား ကွဲပြားမှုတွေ၊ မယုံကြည်မှုတွေ၊ မနာလိုမှုတွေ ရှိလာနိုင်ပါတယ်၊ စစ်တပ်အတွင်းမှာလဲ လွှတ်တော်အဆင့်ဆင့်ထဲမှာ တာဝန်ထမ်းဆောင်ဖို့နဲ့ ဗဟို နဲ့ ပြည်နယ်၊ ဒေသ အစိုးရတွေမှာ တာဝန်ထမ်းဆောင်ဖို့ ကာကွယ်ရေးဦးစီးချုပ်က ရွေးချယ်ခံရတဲ့ စစ်ဗိုလ်တွေ နဲ့ အရွေးချယ်မခံရပဲ တိုက်ခိုက်ရေးတပ်တွေမှာပဲ တာဝန်ယူရတဲ့စစ်ဗိုလ်တွေဆိုပြီး လူတန်းစား နှစ်ရပ်ပေါ်ပေါက်လာမှာ ဖြစ်သလို အဲဒီ လူတန်းစား နှစ်ရပ်ရဲ့ ပြိုင်ဆိုင်မှုက တပ်တွင်းပဋိပက္ခတွေကို ပိုပြီးကြီးထွားလာစေမှာပါ၊


စစ်အုပ်စုက တိုင်းရင်းသားအပစ်ရပ်အဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်းဖို့ ဖိအားပေးနေတာကို အခုတလောမှာ ခဏရပ်ထားပေမည့် ရွေးကောက်ပွဲပြီးရင်တော့ ဆက်ပြီးအချိန်ဆွဲထားလို့ မရနိုင်တော့ပါဘူး၊ အဲဒီအခါမှာ ငြိမ်းချမ်းစွာဖြေရှင်းနိုင်မည့်လမ်း သိပ်မမြင်ပါ၊ ဒီတိုင်းရင်းသား အပစ်ရပ်အဖွဲ့များက သူတို့တောင်းဆိုထားတဲ့ အခွင့်အရေးတွေ မရပဲ သူတို့တပ်တွေကို စစ်တပ်ရဲ့ လက်အောက်ခံအဖြစ်သွတ်သွင်းဖို့ဆိုတာ မဖြစ်နိုင်ပါ၊ သူတို့ တောင်းဆိုထားတဲ့ အခွင့်အရေးတွေပေးဖို့ဆိုတာကလဲ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ပေးမှ ဖြစ်မှာမို့ စစ်တပ်ကလဲ လိုက်လျောမှာဟုတ်ပါ၊ အဲဒီ အခါ စစ်ရေးနဲ့ ဖြေရှင်းကြမယ်ဆိုရင်လဲ ဒီစစ်ဟာ စစ်အုပ်စုအတွက် အလွယ်တကူ အနိုင်ရမည့် စစ်ပွဲ မဖြစ်နိုင်ပါ၊ ပြည်တွင်းစစ် အရှိန်အဟုန်မြင့်မားလာပါလိမ့်မယ်၊


(၈) အချိန်ကောင်းမှာ အဆင်သင့်ရှိကြဖို့


စစ်အုပ်စုကတော့ သူမွှေးတဲ့မီး သူ့ပြန်လောင်မည့်ကိန်း မကြာခင် ကြုံရတော့မှာပါ၊ အဲဒီ အချိန်ကောင်းမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီအင်အားစုများက အဆင်သင့်ရှိဖို့လိုပါတယ်၊ အဲဒီလို အဆင်သင့်ဖြစ်ဖို့ နဲ့ လူထုကိုအခြေပြုတဲ့ ကစားပွဲကို အားကောင်းမောင်းသန် အနိုင်ကစားနိုင်ဖို့ အခုကတည်းက အစွမ်းဆောင်နိုင်ဆုံး ပြင်ဆင်လှုပ်ရှားကြရမှာပါ၊ ဒီလို နအဖရဲ့ ကစားပွဲကို ကျောခိုင်းပြီး ကစားပွဲအသစ်တခုဆီကို ရွေ့လျားရာမှာ နအဖ ရဲ့ ရွေးကောက်ပွဲကို လူထုနဲ့ နိုင်ငံတကာက စိတ်ဝင်စားမှုအနည်းဆုံးဖြစ်အောင် စည်းရုံးဖို့လိုပါတယ်၊ အဖွဲ့ချုပ်ဟာ နိုင်ငံရေးအင်အားစုကြီးအဖြစ် ဆက်လက်တည်ရှိနေကြောင်းပြတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆောင်ရွက်နေ ဖို့လိုပါတယ်၊ လူထုနဲ့ ပိုပြီးနီးစပ်အောင်နေရင်း လူထုကို ကစားကွင်းထဲ ပြန်သွင်းဖို့လိုပါတယ်၊ နအဖ ကို အားဖြေ့နေကြတဲ့ နိုင်ငံခြားသားတွေကို ပရိသတ်နေရာ ပြန်ပို့ဖို့လိုပါတယ်၊ တိုင်းရင်းသားလူမျိုးစုများရဲ့ နာကျင်ခံစားရမှုကို နားလည်စာနာပြီး အဖြေအတူတူရှာကြဖို့ စည်းလုံးညီညွတ်ကြဖို့ လိုပါတယ်၊


ဒါ ကျနော် ညဏ်မီသမျှ တွေးကြည့်မိတာပါ၊ သဘောမတူရင် ဖြင့် တောင်းပန်ပါရဲ့၊


လေးစားစွာ


အောင်ဒင်

(ပန်းချီ ထိန်လင်း၊RECYCLED ၊ Mixed Media on Card ၊ 92 X 75 CM ၊ ၂၀၀၈)

Wednesday, June 23, 2010

Lwann Chin


လွမ်းချင်း

အောင်ဒင်
ဇွန် ၂၃၊ ၂၀၁၀


ဟိုး အဝေးမှာ

တိမ်ဆီကို ပျံတဲ့ ငှက်တွေ
ငါ့အလွမ်းတွေ သယ်ဆောင်သွားပါ့၊။


မျက်နှာမူရာ အရပ်တိုင်းမှာ
လေစိမ်းစိမ်း၊ လူစိမ်းစိမ်း နဲ့
အကြည့်စိမ်းတွေ၊ ဒီလူ့ကို အေးစက်ခဲ့ကြ
ကြေမွရပေါင်း များလှပါပြီ၊


မင်းရဲ့ကိုယ်ရနံ့မဲ့တဲ့လေ
မင်းရဲ့အသံမပါတဲ့ သီချင်း
မင်းအရိပ်မရှိတဲ့ ကောင်းကင်
မင်း အငွေ့အသက်မရှိတဲ့ ဝန်းကျင်
ဘဝဆိုတာ ကူးခပ်ရခက်တဲ့ ပင်လယ်ပြင်ကြီးပေါ့၊


ကြေကွဲမှုနဲ့ လေးလံနေတဲ့စိတ်
အိပ်မက်များတဲ့ ညများ
တံခါးခေါက်သံ၊ တံခါးဖွင့်သံ
တဖြေးဖြေး ဝေးဝေးသွားတဲ့ ခြေသံ
လောကရဲ့ ကျိန်စာ ပြင်းထန်လွန်းလှရဲ့၊


မင်းကိုသတိရတဲ့စိတ်နဲ့
ငါ့နေ့တစ်နေ့ကိုစ
မင်းကို တမ်းတခြင်းများနဲ့
တစ်နေ့တာကို ဖြတ်သန်း
မင်းကို လွမ်းတဲ့ အလွမ်းနဲ့
ငါ့နေ့တွေ၊ ညတွေကုန်ဆုံး
မိန်းကလေး ရဲ့
သောကတောင်ကုန်းမှာ မိုးစုန်းစုန်းချုပ်ခဲ့ ပြီ၊


ဟိုး အဝေးမှာ
တိမ်ဆီကို ပျံတဲ့ ငှက်တွေ
ငါ့ အလွမ်းတွေနဲ့ လေးလံနေကြ ၊၊၊

(ပန်းချီ ထိန်လင်း၊SPRING VERSE ၊ 15in X15in ၊ Acrylic on Cotton ၊ ၈ ဧပြီ ၂၀၀၀၊ မန္တလေးထောင်)

Saturday, June 19, 2010

Map of Burma


ကျနော်ချစ်တဲ့ ကခြေသည်ကလေး


အောင်ဒင်

ဇွန် ၁၉၊ ၂၀၁၀

(ဒေါ်အောင်ဆန်းစုကြည် အသက် ၆၅ နှစ်ပြည့်မွေးနေ့ အမှတ်တရ)


(၁)

မိတ်ဆွေ နိုင်ငံခြားသား တစ်ယောက်ကပြောတယ်

"မင်းတို့ မြန်မာနိုင်ငံ မြေပုံကလေ

ကခြေသည်မလေးတစ်ယောက်

လက်နှစ်ဖက်ဆန့်တန်း

ခြေတစ်ချောင်းကွေးပြီး မခို့တရို့ရပ်နေသလို" တဲ့၊


သူက ချစ်စနိုးနဲ့ပြောတာပါ

ကျနော့အဖို့မှာတော့

ဒီမြေပုံကလေးဟာ

ကမ္ဘာပေါ်မှာ အလှဆုံး၊ အခန့်ငြားဆုံး၊

အတောက်ပဆုံး နဲ့ အချစ်ရဆုံးပေါ့၊

(၂)

ကလေးဘဝ

ကျောက်သင်ပုန်း နဲ့ ကျောက်တံကိုင်ခွင့်ရတဲ့ အချိန်ကစလို့

ဒီမြေပုံကလေးကို အလွတ်ရေးဆွဲနိုင်ဖို့

အကြိမ်ကြိမ် အထပ်ထပ်ကြိုးစားခဲ့တာ

ဆရာမ ချီးကျူးခံရဖို့မဟုတ်ဘူး

စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ မဟုတ်ဘူး၊


မှတ်မိသေးတယ်

အလျားတို၊ အနံရှည် စတုဂံဘောင်ကွက်ထဲမှာ

လတ္တီကျု၊ လောင်ဂျီကျုမျဉ်းတွေချ

အတွန့်အကောက် အကွေးတွေနဲ့

မြောက်ဖက်မှာ တရုတ်ပြည်နဲ့ထိစပ်တဲ့နယ်နမိတ်

အရှေ့ဖက်မှာ မှာ လာအို၊ ထိုင်းနိုင်ငံနဲ့ဆက်စပ်တဲ့မျဉ်းများ

အနောက်ဖက်မှာ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှှ်နိုင်ငံများနဲ့ စည်းခြား

အနောက်တောင်တပိုင်းလုံးမှာတော့ အပြာရောင်ပါးပါး

ဘင်္ဂလားပင်လယ်အော် နဲ့ ကပ္ပလီပင်လယ်က ရေများ

ကျနော့မြေပုံကလေး ရုပ်လုံးပေါ်လာပါပြီ၊


ပြီးတော့

ရှည်လျားလျား မျဉ်းကောက်ကြောင်းနဲ့

ဧရာဝတီ ကိုရေးဖြည့်

သံလွင်ကိုရေးဖြည့်

စစ်တောင်းကို ရေးဖြည့်

ချင်းတွင်းကိုရေးဖြည့်

ဒီမြစ်ကြီးတွေနဲ့ မြန်မာပြည်သူတို့ဘဝတွေ တည်ဆောက်ခဲ့ကြတာပါ၊


ဟောဒီမှာ

လွမ်းမောဘွယ် ရှမ်းတောင်တန်းကြီးတွေ

ဒီမှာ ပဲခူးရိုးမ၊ ဒီမှာ အနောက်ရိုးမ

ဒီမှာ မူးမြစ်ဝှမ်းလွင်ပြင်

ဒီမှာ ချင်းတောင်တန်းများ

မြောက်ဖျား ကချင်ပြည်နယ်က ရေခဲဖုန်းနှင်းတောင်ကြီးတွေ

အမြဲစိမ်းသစ်တောကြီးတွေ

ရှေးဟောင်းမြို့တော်တွေ၊ သတ္တုတွင်းတွေ၊

ရတနာမြေတွေ၊စေတီ ပုထိုးတွေ၊

အရာအားလုံး လှပနေတဲ့မြေ၊


(၃)

အခုတော့လဲ

အမြဲစိမ်းသစ်တောကြီးတွေ မရှိကြတော့

သက်တမ်းရာကျော်ကျွန်းပင်ကြီးတွေ

တရုတ်တွေက ခုတ်လှဲသယ်ဆောင်သွားကြ

ကျောက်စိမ်းနဲ့ အဖိုးတန် သယံဇာတတွေလဲ

တရုတ် နဲ့ ထိုင်းနိုင်ငံထဲ မပြန်ခရီးထွက်ကြ၊


မြန်မာနိုင်ငံက ရောင်းချတဲ့ သဘာဝဓာတ်ငွေ့တွေက

ယူနန် နဲ့ ဘန်ကောက်ကို အလင်းရောင်ပေးနေပြီး

ဗိုလ်ချုပ်တွေက မြေအောက်မြို့တော်ထဲ ဇိမ်ခံနေချိန်

မြန်မာပြည်သူတွေကတော့

အမှောင်ထုထဲမှာ တက်ခေါက်နေကြ၊


အဖက်ဖက်က ဝိုင်းရံတည်ဆောက်ထားတဲ့

အရုပ်ဆိုးဆိုး ရေကာတာတွေက

ရွာတွေကိုရွှေ့ပြောင်းပစ်

သစ်တောတွေကို ဖျက်ဆီးပစ်

မြစ်တွေရဲ့ ရေစီးကို လည်ပင်းညှစ်ခဲ့

ရှေးဟောင်းမြို့တော်ကြီးကတော့

နှစ်ဆယ့်တစ်ရာစု ဒီဇိုင်းအသစ်နဲ့

အလိုမတူပဲ မိတ်ကပ်ချယ်သခံခဲ့ရ၊


ရိုးမကြီးတွေ တောင်ကတုံးဖြစ်

လွင်ပြင်ကြီးတွေက သဲကန္တာရ ဘဝကိုပြောင်း

အင်းလေးကန်ကြီးထဲမှာ ရေမရှိတော့

တောင်ဇလတ်ပန်းတွေ မပွင့်ကြတော့

ဘိန်းပင်တွေကတော့ ပေါသထက်ပေါ

အနာဂတ်ဖျက်ဆီးခံရသူများရဲ့ ဘဝအမော

အိပ်မက်ဆိုးတွေကို ပြန်မပြောချင်ကြတော့၊


(၄)

ဘယ်လိုပဲဖြစ်ဖြစ်

ကျနော့မြေပုံကလေးကို ကျနော်ချစ်နေတုံးပါပဲ၊

လက်နှစ်ဖက်ဆန့်တန်းပြီး ခြေတစ်ချောင်းကွေးရပ်နေတဲ့

ကခြေသည်မကလေးကို ကျနော်ချစ်နေတုံးပါပဲ။


အို၊ မေမေ

မြန်မာနိုင်ငံမြေပုံကလေးကို

နဂိုအလှမပျက် ပြန်လည်ရေးဆွဲနိုင်ဖို့

ကျနော့မှာ အင်အားရှိပါရစေ၊။။


(ပန်းချီ ထိန်လင်း၊ Cell 3 ၊ Acrylic on Cotton ၊ ၂၀၀၇၊ 30 CM X 57 CM )

Thursday, March 18, 2010

Please Stop Dreaming


စိတ်ကူး မယဉ်ကြဖို့

အောင်ဒင်
မတ် ၁၈၊ ၂၀၁၀


နအဖ စစ်အုပ်စုက ရွေးကောက်ပွဲ ဥပဒေတွေကို ထုတ်ပြန်၊ ရွေးကောက်ပွဲကော်မရှင် ကိုဖွဲ့စည်းပြီး၊ အဲဒီ ကော်မရှင်က ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေ ထုတ်ပြန်နေပါပြီ။

နအဖ က ရွေးကောက်ပွဲ ဥပဒေများ နဲ့၊ ဒေါ်အောင်ဆန်းစုကြည် နဲ့တကွ နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်လိုက်တဲ့ အပြင် သူတို့ အားလုံးကို ပါတီထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်တွေပါ ပိတ်ပင်လိုက်ပါတယ်၊ ၁၉၉၀ ရွေးကောက်ပွဲရလာဒ် ကိုလည်း ဖျက်သိမ်းလိုက်တဲ့ အပြင် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုပါ ရက် ၆၀ အတွင်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အကျဉ်းကျနေကြသူ တွေအားလုံးကို ပါတီက ထုတ်ပစ်ပြီး ပါတီကို ကော်မရှင်မှာ ပြန်လည်မှတ်ပုံတင်ဖို့ ဖိအားပေးနေပါတယ်၊ အဲဒီလို မလုပ်ခဲ့ရင်ပါတီဟာ အလိုအလျောက် ဖျက်သိမ်းပြီး ဖြစ်မယ်လို့ ခြိမ်းချောက်နေပါတယ်၊ ဒါကြောင့်မို့ အဖွဲ့ချုပ်ဟာ မကြာမီ အချိန်အတွင်းမှာ အင်မတန် အရေးကြီးတဲ့ ဆုံးဖြတ်ချက် တစ်ခုကို ချရတော့မှာ ဖြစ်ပါတယ်၊

ဒီလို အချိန်မျိုးမှာ မတရားမှုတွေကို သိသိကြီးနဲ့ ခေါင်းငုံ့ခံဖို့ တိုက်တွန်းနေကြတဲ့ အသံတွေကြားနေရပါတယ်၊ ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် နအဖ ချမှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ပါတီကို ပြန်လည်မှတ်ပုံတင်သင့်တယ်၊ လူထုကို ရွေးချယ်စရာ အခွင့်အရေးပေးနိုင်ဖို့ အတွက် ရွေးကောက်ပွဲဝင်သင့်တယ်လို့ အကြောင်းရှာနေကြတာလည်း ကြားရပါတယ်၊ အဲဒီ အတွေးအခေါ်တွေကို တုန့်ပြန်ဖို့ ဒီစာစုကို ရေးပါတယ်၊

၁၊

ပြည်တွင်းက ဝါရင့်နိုင်ငံရေးသမားကြီးဦးသုဝေ က ပြောပါတယ်၊ ဒီရွေးကောက်ပွဲဟာ စစ်တပ်က စနစ်တကျ နိုင်ငံရေးနယ်ပယ်က နောက်ဆုတ်တာဖြစ်တယ်၊ ဒါကြောင့်မို့ ဒီရွေးကောက်ပွဲကို ဝင်ရမယ်လို့ ဆိုပါတယ်၊ ဒီသဘောတရားကိုပဲ အခွင့်ထူးခံ စာနယ်ဇင်းသမားတစ်စု နဲ့ အလံနီဟောင်းတွေက တွင်တွင်ကြီး ဝါဒဖြန့်ချိနေတာ ကြာပါပြီ၊

လုံးဝမှားပါတယ်၊ တကယ်က စစ်တပ်က နိုင်ငံတော်အာဏာကို ထာဝရ ဆုတ်ကိုင်နိုင်ဖို့ စနစ်တကျ ရှေ့တိုးလိုက်တာပါ၊မြန်မာနိုင်ငံမှာ ထာဝရ စစ်အာဏာရှင်စနစ်ကို တည်ဆောက်ဖို့ ရှေ့တစ်လှမ်းတိုးလိုက်တာပါ၊

နအဖ ရဲ့ အကြံအစည် က သူတို့ရဲ့ ဘိုးတော်ကြီး ဦးနေဝင်း ရဲ့ အကြံအစည် နဲ့အတူတူပါပဲ၊ ကွဲပြားတာက လက်ရှိ စစ်အာဏာရှင်တွေက ဦးနေဝင်း ရဲ့ အားနည်းချက်လို့ သူတို့ယူဆတာတွေကို ပြင်ဆင်ထားတာပါပဲ၊ ဦးနေဝင်း က ၁၉၆၂ မှာ အာဏာသိမ်းပြီး ၁၉၆၄ မှာ မဆလ ပါတီထောင်တယ်၊ တစ်ပါတီ အာဏာရှင်စနစ် ဖွဲ့စည်းပုံဆွဲပြီး ၁၉၇၃ မှာ အတည်ပြုတယ်၊ ၁၉၇၄ က စပြီး ၄ နှစ် တစ်ကြိမ်ရွေးကောက်ပွဲတွေလုပ်တယ်၊ နအဖ က ၁၉၈၈ မှာ အာဏာကို မဆလ အစိုးရထံကနေ လွှဲပြောင်းယူတယ်၊ ၁၉၉၃ ကနေ ၂၀၀၇ အထိ ၁၃နှစ်ကျော်ကြာ ထာဝရ စစ်အာဏာရှင်စနစ် ဖွဲ့စည်းပုံကို ရေးဆွဲတယ်၊ ၂၀၀၈ မှာ အဓမ္ဓအတည်ပြုတယ်၊ အခု ၂၀၁၀ မှာ စစ်တပ်နှင့် လက်အောက်ခံပါတီများရဲ့ ပါတီစုံရွေးကောက်ပွဲကို လုပ်ဖို့ ပြင်ဆင်နေတာပါ၊

ဦးနေဝင်းက စစ်တပ်ကို ကျောထောက်နောက်ခံထားတဲ့ မဆလပါတီ ထောင်ပြီး နိုင်ငံတော်အာဏာကို ဆုတ်ကိုင်ခဲ့ပေမည့် အဲဒီ စစ်တပ်ပါတီထောင်ရေးကို အားနည်းချက်လို့ နအဖ ကမြင်ပုံရပါတယ်၊ ဦးနေဝင်းက စစ်တပ်ကို အခြေပြုပြီး နိုင်ငံရေးပါတီထောင်တဲ့ အခါ အရပ်သားတွေကိုလည်း ပါတီထဲဖိတ်ခေါ်ရတယ်၊ ဆိုရှယ်လစ်ဟောင်းတွေ၊ ကွန်မြူနစ်ဟောင်းတွေ၊ ပမညတ ဟောင်းတွေ က ဦးနေဝင်းရဲ့ မဆလ ပါတီထဲဝင်ပြီး ဦးနေဝင်းကို ပါတီခေါင်းဆောင်အဖြစ်က ဖယ်ရှားဖို့ကြိုးစားတာကို ကြုံခဲ့ရဖူးပါတယ်၊ တပ်တွင်းမှာလည်း ပါတီဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေနဲ့ ပါတီမဝင်တဲ့ စစ်ဗိုလ်၊ စစ်သားတွေအကြား အမိန့်ပေးစနစ် ဖရိုဖရဲ ဖြစ်တာလည်း ရှိခဲ့ပါတယ်၊ ၁၉၇၄ အစပိုင်းလုပ်တဲ့ ရွေးကောက်ပွဲတွေမှာလည်း လူထုထဲက ယှဉ်ပြိုင်ရွေးကောက်ခံသူတွေပေါ်လာပြီး ပါတီက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို အနိုင်ရသွားတာတွေလည်း ရှိခဲ့ပါတယ်၊

နအဖ က အဲဒီလို ပြန်အဖြစ်မခံတော့ပါဖူး၊ ဒီတခါတော့ စစ်တပ်ကိုယ်တိုင်က ပါတီမထောင်တော့ပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ စစ်တပ်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို အာဏာကုန်ပေးထားခြင်းဖြင့် စစ်တပ်ရဲ့ ရာသက်ပန်အာဏာပိုင်စိုးမှုကို စိတ်ချရအောင် ဖန်တီးထားလိုက်ပါတယ်၊ ဦးနေဝင်းရဲ့ တစ်ပါတီစနစ်ကို ပြန်မသွားတော့ပဲ စစ်တပ် လက်အောက်ခံပါတီများကို စစ်ဗိုလ်ဟောင်းများ၊ မဆလဟောင်းများ၊ ကြံ့ဖွံ့များ၊ လက်နက်ချပြီး ဖြစ်တဲ့ တိုင်းရင်းသားများ၊ အလိုတော်ရိစီးပွါးရေးသမား များနဲ့ ဖန်တီးပြီး စစ်တပ် နဲ့ စစ်တပ်လက်အောက်ခံပါတီများရဲ့ ပါတီစုံစနစ်ကို တီထွင်ဖော်ထုတ်လိုက်တာပါ၊ ဒါကိုပဲ စစ်တပ်က နိုင်ငံရေးနယ်ပယ်ကနေ စနစ်တကျ ဆုတ်ခွါနေတာဖြစ်တယ်လို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

၂၊

တချို့က လည်း နအဖရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ တိုင်းရင်းသားလူမျိုးစုများအတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ပေးထားတာမို့ ဒီ ဥပဒေ ကိုထောက်ခံသင့်တယ်၊ ဒီရွေးကောက်ပွဲကို ဝင်သင့်တယ်လို့ ပြောကြပါတယ်။

ဒါလည်း မှားပါတယ်၊ ဒီ ၂၀၀၈ ဖွဲ့စည်းပုံမှာ လူမျိုးစု ၆ စု (နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ဝ) အတွက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ၅ ခုနဲ့ တိုင်း တစ်ခု ဖန်တီးပေးထားပေမည့် အဲဒီ လူမျိုးစုတွေ တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရကြတာ မဟုတ်ပါ၊ သူတို့ရဲ့ ဒေသဦးစီး အဖွဲ့တွေ နဲ့ တိုင်းဦးစီး အဖွဲ့တွေကို ဖွဲ့စည်းတဲ့ အခါမှာ စစ်တပ်က ခန့်အပ်တဲ့ စစ်ဗိုလ်တွေက ဦးစီးအဖွဲ့ရဲ့ ၂၅% ကိုနေရာယူထားမှာပါ။ ဦးစီးအဖွဲ့ရဲ့ အမြင့်ဆုံး ဥက္ကဌရာထူးကိုလည်း နိုင်ငံတော်သမ္မတက တိုက်ရိုက်ခန့်အပ်တာဝန်ပေးမှာ ဖြစ်ပြီး သူတို့ဖာသာ ရွေးချယ်ခွင့် မရှိပါ၊ အဲဒီ ဦးစီးအဖွဲ့တွေမှာလည်း စစ်တပ်ကိုယ်စားလှယ်တွေကသာ လုံခြုံရေး နဲ့ နယ်စပ်အရေးကိစ္စတွေကို တာဝန်ယူကွပ်ကဲမှာပါ၊ ဦးစီးအဖွဲ့ ရှိနေပေမည့် တကယ်တမ်း အုပ်ချုပ်ရေး ကိစ္စတွေကို မြန်မာပြည်မက ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ယူဆောင်ရွက်မှာပါ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရဲ့ ဒေသတာဝန်ခံက ဦးစီးအဖွဲ့ရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး တကယ်အုပ်ချုပ်မှာပါ၊ တခါ ပြည်မက သမ္မတ က ခန့်အပ်တဲ့ တရားသူကြီးတွေက အဲဒီ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ ဒေသတွေ၊ တိုင်းတွေ ရဲ့ တရားစီရင်ရေးကို တာဝန်ယူမှာ ဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ရဲတပ်ဖွဲ့က ဒေသလုံခြုံရေးကို တာဝန်ယူမှာပါ၊ ဒီတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရ တယ်လို့ ဆိုထားပေမယ် တကယ်တမ်း ကိုယ်ပိုင်အုပ်ချုပ်စရာ ဘာမှ မကျန်တော့ပါ၊ စစ်တပ်ကပဲ အားလုံးကို အုပ်ချုပ်မှာပါ၊ ဒါကိုမှ ဒီဖွဲ့စည်းပုံမှာ တိုင်းရင်းသား အခွင့်အရေးတွေ အများကြီးပေးထားတယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

၃၊

တချို့က ပါတီ တရားဝင် ဆက်လက်ရပ်တည်နိုင်ရေး အတွက် အဖွဲ့ချုပ် ပြန်လည် မှတ်ပုံတင်သင့်တယ်၊ အဖွဲ့ချုပ် သာရွေးကောက်ပွဲဝင်ရင် သေချာပေါက်နိုင်မှာပါ လို့ ပြောနေကြတာလည်း ကြားရပါတယ်၊ ဒီတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အကျဉ်းကျပါတီဝင်တွေ ကို ပါတီက ခဏထုတ်ပယ်၊ ပြန်ပြီး အသစ်မှတ်ပုံတင်၊ ရွေးကောက်ပွဲမှာ အနိုင်ရအောင်လုပ်ပြီးမှ ထုတ်ထားတဲ့ ပါတီဝင်တွေ ကို ပြန်လက်ခံကြတာပေါ့လို့ စဉ်းစားနေကြသူတွေလည်း ရှိကြပါတယ်၊

လုံးဝ မှားပါတယ်၊ နအဖ က ရွေးကောက်ပွဲကို သန့်ရှင်းမျှတ စွာကျင်းပပေးမှာ မဟုတ်ပါ၊ တဖက်သတ်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ ဖွဲ့စည်းပုံ၊နိုင်ငံတကာအစိုးရတွေရဲ့ တောင်းဆိုချက်တွေကို ဂရုမစိုက်ပဲ ထုတ်ပြန်လိုက် တဲ့ ရွေးကောက်ပွဲ ဥပဒေတွေ၊ နအဖ ဝန်ကြီးတွေ၊ ကြံ့ဖွံ့ခေါင်းဆောင်တွေ ရဲ့ ပြည်သူ့ဘဏ္ဏာတွေသုံးပြီး လုပ်နေတဲ့ ကြိုတင်မဲဆွယ်မှုတွေ၊ အလိုတော်ရိ စီးပွါးရေးသမား တွေကို ရန်ကုန်မြို့ကြီးက အဆောက်အအုံတွေ၊ နိုင်ငံပိုင်လုပ်ငန်းတွေ ခွဲဝေပေးနေတာကို ကြည့်ရင် သိလောက်ပါရဲ့၊ နအဖ ရဲ့ ဖိအားပေး မှုကို ခံပြီး ပါတီ ကို ပြန်မှတ်ပုံတင်ရင်တောင်မှ နအဖ က အဖွဲ့ချုပ်ကို အကြောင်းပေါင်းစုံ နဲ့ လိုအပ်ရင် ဖျက်သိမ်းလို့ ရအောင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေမှာ ပြဋ္ဌန်းထားချက်တွေ ရှိပါတယ်၊ အဲဒီ ပြဋ္ဌန်းချက်တွေအရ နအဖရဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်ကို မတရားသင်း အဖွဲ့တွေ၊ သူပုန်တွေ၊ အကြမ်းဖက်အဖွဲ့တွေ၊ နဲ့ တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ဆက်သွယ်တယ်လို့စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဒါမှမဟုတ်လည်း နိုင်ငံခြား အစိုးရ များ၊ အဖွဲ့အစည်း များကနေ ထောက်ပံ့ငွေ၊ ပစ္စည်းတွေကို တိုက်ရိုက်သော်၎င်း၊ သွယ်ဝိုက်၍သော်၎င်း ယူတယ်လို့ စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်၊ ဒါမှမဟုတ်လည်း အဖွဲ့ချုပ်ဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပါ ပြဋ္ဌန်းထားချက်တွေကို မလိုက်နာဘူး၊ ဖောက်ဖျက်တယ် လို့ စွပ်စွဲပြီး ဖျက်သိမ်းနိုင်ပါတယ်၊ ဒါမှ မဟုတ်လည်း နအဖ က အဖွဲ့ချုပ်ကို မတရားသင်း အဖြစ် ကြေညာပြီး ဖျက်သိမ်းနိုင်ပါတယ်။ ဘယ်လိုမှ ပြေးမလွတ်ပါဘူး၊ ဒီတော့ ပါတီကို ပြန်လည်မှတ်ပုံတင်ပြီးရင် ဆက်လက်ရပ်တည်ခွင့်ရလိမ့်မယ်လို့ ယုံကြည်ထားရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

ပြီးတော့လည်း ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း များများစားစား တင်သွင်းခွင့် ရမှာ မဟုတ်ပါ၊ နအဖ က ခေါင်းခေါက်ရွေးချယ်ထားတဲ့ ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အဖွဲ့ချုပ်က တင်သွင်းမည့် ကိုယ်စားလှယ်လောင်း အများစုကို အကြောင်းအမျိုးမျိုးနဲ့ ယှဉ်ပြိုင်ခွင့် ငြင်းပယ်ပါလိမ့်မယ်၊ နအဖက အဖွဲ့ချုပ်ကို သူ့ရဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာက အသိအမှတ် ပြုရေးအတွက် လုံလောက်ရုံမျှ စတိလောက်သာ ဝင်ပြိုင်စေချင်တာ ဖြစ်တဲ့ အတွက် အဖွဲ့ချုပ်ဟာ အလွန်ဆုံး ကိုယ်စားလှယ် ၂၀ လောက်ပဲ ယှဉ်ပြိုင်ခွင့် ရပါလိမ့်မယ်၊ ယှဉ်ပြိုင်ခွင့် ရတဲ့ ကိုယ်စားလှယ်အနည်းငယ်တောင် နိုင်ချင်မှ နိုင်ပါလိမ့်မယ်၊ နိုင်ရင်တောင် ကော်မရှင်က အနိုင်ရလာဒ်ကို ပယ်ဖျက်နိုင်ပါသေးတယ်၊ ဒီတော့ ရွေးကောက်ပွဲမှာ အင်နဲ့အားနဲ့ ယှဉ်ပြိုင်ခွင့် ရလိမ့်မယ်လို့ ယုံကြည်နေရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

လူထုကို လည်းလျှော့ မတွက်သင့်ပါ၊ အနှစ် ၂၀ ကျော်အတွင်းမှာ အဖွဲ့ချုပ်ဟာ လူထုက ရွေးချယ်တင်မြှောက်ခံထားရပေမည့် ရွေးကောက်ပွဲရလာဒ်ကို အကောင်အထည် မဖော်နိုင်ခဲ့ပါ၊ လူထု အတွက် ဒီမိုကရေစီ ကို မတည်ဆောက်ပေး၊ မဆောင်ကျဉ်းပေး နိုင်ခဲ့တဲ့ အပြင် နအဖ ရဲ့ အထုအထောင်း၊ အတိုက်အခိုက် တွေကိုသာ ခါးစည်းခံခဲ့ရတာပါ၊ ဒါပေမည့်လည်း လူထုက သူတို့ကိုယ်စား တိုက်ပွဲဝင်နေတယ်လို့ ယုံကြည်လက်ခံထားကြပြီး လူထုရဲ့ ခေါင်းဆောင် အဖြစ် အသိအမှတ် ပြုထားတုံးပါ၊ အဲဒါကိုမှ ဒီလောက် အရေးကြီးလှတဲ့အချိန်၊ နအဖ က သူ့ရဲ့ ထာဝရ စစ်အာဏာရှင်စနစ် တည်ဆောက်ရေးလုပ်ငန်းကြီးကို အပြီးသတ်တော့မည့်အချိန် မှာ၊ အဖွဲ့ချုပ်က နအဖ ဖိနှိပ်သမျှ လိုက်လျောပြီး ဒေါ်အောင်ဆန်းဆုကြည်နဲ့ အကျဉ်းကျ ပါတီဝင်များကို ပါတီက ထုတ်ပယ်၊ သူတို့ကိုယ်တိုင် ကြေညာထားတဲ့ ရွှေဂုန်တိုင် ကြေညာစာတမ်းကြီးကို လွှင့်ပစ်၊ နအဖ ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာပါ့မယ်၊ ကာကွယ်စောင့်ရှောက်ပါ့မယ် လို့ ကတိကဝတ် တွေပြုပြီး ကော်မရှင်မှာ ပြန်မှတ်ပုံတင်၊ ရွေးကောက်ပွဲ ဝင်ရင်ဖြင့် ပြည်သူလူထုက ဒီပါတီကို သူတို့ကိုယ်စားပြု ခေါင်းဆောင်အဖြစ် အသိအမှတ်ပြု ထောက်ခံမှာ မဟုတ်တော့ပါ၊ လူထုကို သစ္စာဖောက်တဲ့ပါတီ၊ စစ်တပ်ရဲ့ လက်ဝေခံပါတီ၊ စစ်တပ်အလိုကျ ရပ်တည်ရတဲ့ ပါတီအဖြစ်ပဲ သတ်မှတ်ပါလိမ့်မယ်၊ စစ်တပ်အလိုကျ ရပ်တည်နေရတဲ့ နိုင်ငံရေးပါတီဟာ လူထုကို အကျိုးပြုနိုင်ဖို့ ဝေလာဝေး ဆိုတာ လူထုက ကောင်းကောင်းသိကြပါတယ်၊ ဒီတော့ ငါတို့ ရွေးကောက်ပွဲဝင်ရင် အသေအချာ နိုင်မှာပဲ၊ လူထုက ထောက်ခံနေမှာပဲလို့ ယုံကြည်နေမယ်ဆိုရင် စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်၊

“ငါတို့ ရွေးကောက်ပွဲ မဝင်ရင် လူထုမှာ ရွေးချယ်စရာ အခွင့်အလမ်းမရှိတော့ဖူး၊ ဒါဆို နအဖ လူတွေပဲ နိုင်သွားလိမ့်မယ်၊ ဒါကြောင့် လူထု ရွေးချယ်စရာရှိနိုင်ဖို့ ငါတို့ ရွေးကောက်ပွဲဝင်ရမယ်” လို့ ဆင်ခြေပေးနေသူတွေလည်းရှိပါတယ်၊ လုံးဝ မမှန်ပါ၊ လူထုကို လျှော့မတွက်သင့်သလို အထင်လည်းမသေးသင့်၊ အသုံးလည်းမချသင့်ပါ၊ လူထုက သူတို့ မယုံကြည်သူကို မဲပေးမှာမဟုတ်ပါ၊ သူတို့ စိတ်မဝင်စားတဲ့ ရွေးကောက်ပွဲကိုလည်း မဲပေးချင်ကြမှာ မဟုတ်ပါ၊ သူတို့ယုံကြည်ခဲ့သူက မှားတဲ့ဖက်ရောက်သွားရင်လည်း သည်းခံမှာ မဟုတ်ပါ၊ သူတို့အတွက် ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြသူတွေပါ၊

ကုလသမဂ္ဂ နဲ့ နိုင်ငံတကာ အစိုးရတွေက ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ခွင့်မရတဲ့ ရွေးကောက်ပွဲဟာ ဂုဏ်သိက္ခာရှိမှာ မဟုတ်ဖူး၊ အသိအမှတ် ပြုခံရမှာ မဟုတ်ဖူးလို့ ခဏခဏပြောနေတာပါ၊ အခု နအဖ က ရွေးကောက်ပွဲဥပဒေတွေ ထုတ်ပြန်အပြီးမှာ ဒီအသံတွေ က ပိုပြီး ကျယ်လောင်လာပါတယ်၊ ဘယ်အစိုးရကမှ နအဖ ရဲ့ ရွေးကောက်ပွဲဥပဒေတွေကို သဘောမတူပါ၊ ဒီပုံစံအတိုင်း နအဖ က ရွေးကောက်ပွဲ ဆက်လုပ်မယ်၊ အဖွဲ့ချုပ်ကလည်း မပါဝင်ဖူး ဆိုရင် ရွေးကောက်ပွဲက ထွက်လာတဲ့ ရလာဒ်ကို နိုင်ငံတကာအစိုးရတွေ က အသိအမှတ်ပြုဖို့၊ လက်ခံဖို့ အတော်ခက်ပါလိမ့်မယ်၊ အဲဒါဆို နအဖ က အသေအလဲ လိုချင်တောင့်တနေတဲ့ တရားဝင်အသိအမှတ်ပြုခံရမှု (Legitimacy) နဲ့ အလှမ်းဝေးနေဦးမှာပါ၊ အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်လိုက်ရင်ဖြင့် နိုင်ငံတကာအစိုးရတွေက ရွေးကောက်ပွဲရလာဒ်ကို မလွှဲမရှောင်သာ အသိအမှတ်ပြုရတော့မှာပါ၊ ဒီတော့ ဗိုလ်ချုပ် သန်းရွှေ ရဲ့ စစ်တပ်အုပ်စိုးမှု တရားဝင်ပြုရေး အထူးစီမံကိန်းကြီး ရဲ့နောက်ဆုံးအဆင့်မှာ အဖွဲ့ချုပ်က နောက်ဆုံး အုတ်တစ်ချပ် စီဖြည့်ပေးသူ မဖြစ်စေချင်ပါ၊

“နိုင်ငံတကာ အစိုးရတွေနဲ့ ကုလသမဂ္ဂ ကလည်း ဘာတွေပဲပြောပြော နောက်ဆုံးကျတော့ အဖျားရှူးသွားတာပါပဲ “ လို့ ထင်ရင်လည်း ထင်နိုင်ပါတယ်၊ ဒါပေမည့် နိုင်ငံတကာ အစိုးရတွေရဲ့ အားနည်းမှုက ပါတီ ပြန်မှတ်ပုံတင်ရေး၊ မတင်ရေး၊ ရွေးကောက်ပွဲ ဝင်ရေး၊ မဝင်ရေး ဆုံးဖြတ်ချက်အတွက် အကြောင်းပြစရာ မဖြစ်သင့်ပါ၊ အဖွဲ့ချုပ် တည်ထောင်တုန်းကလည်း နိုင်ငံတကာ တောင်းဆိုချက်ရ ထောင်တာမဟုတ်ခဲ့ပါဘူး၊ လူထုရဲ့ တောင်းဆိုမှုကြောင့်ပါ၊ အခုလည်း လူထု မျက်နှာကိုပဲ ကြည့်ပြီး ဆုံးဖြတ်သင့်ပါတယ်၊

၎၊

နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အပြောင်းအလဲ တစ်ခုကတော့ ကျနော်တို့ လိုချင်သည်ဖြစ်စေ၊ မလိုချင်သည်ဖြစ်စေ ပေါ်လာတော့မှာပါ၊ ပြီးခဲ့တဲ့ ၂၁ နှစ်လုံး ကျနော်တို့ ဒီမိုကရေစီ လှုပ်ရှားမှုကြီးဟာ ၁၉၉၀ ရွေးကောက်ပွဲရလာဒ်ကို အလံထောင်ပြီး တိုက်ပွဲဝင်ခဲ့တာပါ၊ မကြာခင်မှာ ကျနော်တို့ဟာ ထာဝရ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေး လှုပ်ရှားမှု အသွင် ကူးပြောင်းရပါတော့မယ်၊ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေ ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမှ ဖြစ်ပါလိမ့်မယ်၊ အဲဒီအခါမှာ ကျနော်တို့ အားလုံး ရည်ရွယ်ချက်တစ်ခုတည်း အတွက် ညီညီညွတ်ညွတ် ဆက်တိုက်ကြရမှာပါ၊

အဲဒီလို နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန် အသစ်ကို မပြောင်းခင် နောက်ဆုံးအချိန်ပိုင်းကလေးမှာ ကျနော်တို့ အားလုံး နအဖရဲ့ ရွေးကောက်ပွဲကို တခဲနက်ဆန့်ကျင်ကြဖို့ နဲ့၊ ရွေးကောက်ပွဲရလာဒ်ကို နိုင်ငံတကာ အစိုးရတွေက အသိအမှတ်မပြုအောင် တောင်းဆိုဖို့ ရှိသမျှအားတွေ အကုန်သုံးပြီး လှုပ်ရှားကြရမှာပါ၊ အဲဒီလို နအဖ ရဲ့ ရွေးကောက်ပွဲ ရလာဒ်ကို နိုင်ငံတကာက အသိအမှတ်မပြုအောင် စွမ်းဆောင်နိုင်မှ နိုင်ငံရေးတိုက်ပွဲ ပုံသဏ္ဌာန်အသစ်ကို ကျနော်တို့ အားကောင်းမောင်းသန် ဆက်ပြီး တိုက်ပွဲဝင်နိုင်မှာပါ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရရှိရေး၊ တိုင်းရင်းသားလူမျိုးစုများအားလုံး တန်းတူညီမျှ ရေး လှုပ်ရှားမှုတိုက်ပွဲကြီးဟာ မပြီးဆုံးသေးပါဖူး၊ ဆက်ပြီး ခရီးဆက်ရပါဦးမယ်၊ ရှေ့ဆက်ရမည့် ခရီးမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်များဟာ လူထုနဲ့ အတူ ဆက်ရှိနေမှာလား? လူထုကို ကျောခိုင်းသွားကြမှာလား? သေချာတာကတော့ စိတ်ကူးယဉ်နေဖို့ အချိန်မဟုတ်တော့ပါ၊


လေးစားစွာ

အောင်ဒင်


(ပန်းချီကား၊ ထိန်လင်း၊End of a Decade ၊Acrylic on Canvas ၊ 328 X 191)